Friday, 26 June 2009

ဗီယက်နမ်ကော်ပြန့်ကြော်.....

 ကော်ပြန့်မလိတ်ခင်သမထားသောအစာများ


ပြီးခဲ့တဲ့ပတ် ပိတ်ရက်က အိမ်မှာလုပ်စားဖြစ်ခဲ့တဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို ဘလောဂ်မောင်နှမတွေအတွက် ရေးချင်ပါတယ်...။ တခြားနိုင်ငံရပ်ခြားရောက်သူတွေလည်း အားလပ်ရက်တွေမှာ လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်...။ လိုအပ်တာတွေက နုတ်နုတ်စင်းထားတဲ့ ဝက်သား(သို့) ကြက်သား၊ ပဲပင်ပေါက်၊ ပဲကြာဇံ၊ ကြွက်နားရွက်မှို၊ ကြက်ဥ၊ ဆလပ်ရွက် ။ အဓိက အရသာအတွက်ကတော့ ငရုတ်ကောင်းပါပဲ...။ ဗီယက်နမ်စာတွေမှာ ငရုတ်ကောင်းနဲ့ ငါးငံပြာရည်တွေဟာ မပါမဖြစ်တဲ့ ဟင်းခတ်တွေပါ...။ ပြီးတော့ ကမ္ဘာမှာ ငရုတ်ကောင်းအများဆုံးထွက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်...။

ဒီကော်ပြန့်ကြော်ကို ကျမအဘိုးဆီကသင်ထားတာပါ...။ အစာတွေကိုဆလုံတစ်ခုမှာ အကုန်ရောနယ်ပြီး ကြက်ဥကို များများထည့်နိုင်ရင်ပိုကောင်းပါတယ်...။ အသား 1kg ဆိုရင် ကြက်ဥ ငါးလုံးထက်မနည်းထည့်ပါ..။ဒါမှ ကော်ပြန့်ကြော်ပြီးတဲ့အခါ အထဲကအသားတွေက ကျစ်ကျစ်ကလေးဖြစ်ပြီး စားရတာနူးညံ့ပြီး ပိုအရသာရှိပါတယ်...။ အစာတွေအကုန်ရောထားပြီးရင် ငရုတ်ကောင်း (အစေ့လိုက်လှော်ပြီး ထောင်းထည့်နိုင်ရင် ပိုကောင်းပါတယ်...။ မရှိရင်လည်း နီးစပ်ရာ စူပါမားကက်က ငရုတ်ကောင်းဗူး( black pepper )တွေကိုဝယ်နိုင်ပါတယ်...)၊ ဟင်းခတ်မှုန့်ထည့်ပြီး သမအောင်နယ်လိုက်ပြီးရင် ကော်ပြန့်ရွက်မှာ ထည့်ပြီးလိတ်နိုင်ပါပြီ...။ ကော်ပြန့်အရွက်တောင် ဗီယက်နမ်ကော်ပြန့်ရွက်အစစ်က ပလပ်စတစ်လိုပဲ ကြည်ကြည်နဲ့ လိတ်ခါနီးရေဆွတ်ပေးရပါတယ်...။ ဒီမှာတော့ ကျမက သံဈေးမှာပဲ တရုတ်ကော်ပြန့်ရွက်အပျော့ကိုဝယ်သုံးပါတယ်...။

ကြော်တဲ့အခါမှာ အသားတွေက အစိမ်းဖြစ်တဲ့အတွက် ဆီပူလာရင် မီးအေးအေးနဲ့ စိတ်ရှည်ရှည်ကြော်ရပါမယ်...။ ဒါမှ အထဲက အသားလည်းကျက် အပြင်ကကော်ပြန့်လည်းအတူးတော့ဘူးပေါ့။ ရွှေနီရောင်သန်းလာရင် ဇကာမှာဆယ်ပြီးစစ်ထားလိုက်ပါ...။ သူနဲ့စားရမယ့်အချဉ်ကတော့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီးစင်းထား၊ ငရုတ်သီးပါးပါးလှီးထားပြီးရင် ငါးငံပြာရည်၊သကြား၊သံပုရာသီးညှစ်ပြီး နံနံပင် နည်းနည်းထည့်ပါ..။






စားတဲ့အခါမှာ နည်းရှိပါတယ် ဆလပ်ရွက်တစ်ရွက်ကိုယူ ညှပ်ထားတဲ့ကော်ပြန့်ကိုထည့် အချဉ်ရည်ဆမ်းပြီး ဆလပ်ရွက်ကို ထုတ်လိုက်ပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ...။ ကိုးရီးယားကားမှာ ဆလပ်ရွက်နဲ့စားတဲ့ ဟင်းတွေကို တွေ့ဖူးကြမှာပါ..။ အဲဒီလိုပဲ စားရတာ...။ ပါးစပ်ကို ခပ်ကျယ်ကျယ်ဟပြီးစားရမှာမို့ ကိုယ့်ရည်းစားကို အိမ်မှာလက်စွမ်းပြပြီးကြွေးချင်သူများအတွက်တော့ အခက်တွေ့လိမ့်မယ်နော်...။ ဒါပေမယ့် လုပ်စားကြည့်ပါ...။ သိပ်ကိုအရသာကောင်းပါတယ်...။

ကဲ ...ညီမလေး ချောငယ် (ဝက်ကလေး) တောင်းဆိုထားတဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို အစ်မရေးပေးလိုက်ပြီနော်...။


မိုးငွေ့ရေးသားသည်

Monday, 22 June 2009

အမျှင်.....



“ တကယ်တမ်း လူနှစ်ယောက်ကြားမှာ ကြိုးတစ်ချောင်းဖြစ်လာဖို့အတွက် အချိန်အကန့်အသတ် မလိုအပ်ပါဘူး”

အဲဒီကြိုးဟာ...နှောင်နှစ်ပေါင်းများစွာအထိ ခိုင်ခိုက်မြဲမြဲ မပြတ်မတောက်ဘဲ....... ရှိနေလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်..။ အဲဒီချိန်...u ကတော့ u ဆုံစည်းရမယ့် မိသားစုအသစ်ကလေးနဲ့ ပျော်ချင် ပျော်နေ လိမ့်မယ်..။ ကိုယ်ရောပဲပေါ့...။ဒါမှမဟုတ်...ကိုယ် ခုလိုပဲ တစ်ယောက်တည်းရှိချင်ရှိနေလိမ့်မယ်...။ ဒါပေမယ့် အထီးကျန်ဆန်စွာတော့ မဟုတ်ဘူးနော်..။ မမြင်နိုင်တဲ့ ကြိုးလေးတစ်မျှင်နဲ့ ကိုယ်အသက်ဆက်ရှင်နေမှာပါ..။

သူငယ်ချင်းဆိုတဲ့ နှောင်ကြိုးလောက် ဘယ်အရာကမှ မခိုင်မြဲပါဘူး...။ သူကဖြူစင်တယ်... လွတ်လပ်တယ်... နွေးထွေးမှုလည်းအပြည့် ရှိတယ်...။ ပူလောက်မှုတွေနဲ့ ချုပ်နှောင်ထားခြင်းမျိုး မဟုတ်ဘူး...။ တစ်ယောက်က သောကရောက်ရင် တစ်ယောက်ကဖေးမတယ်..။ ဝမ်းနည်းမှုတွေနဲ့ ကြုံရင် အားပေးနှစ်သိမ့်တယ်..။ ဝမ်းသာကြည်နူးစရာရှိရင်.. မျှဝေခံစားတယ်..။ ဒုက္ခရောက်ရင် ကူညီမယ်..။ သူကအမြဲတမ်း ထာဝရအဖော်ပဲလေ...။ ကိုယ်မျှော်လင့်ပါတယ်... u နဲ့ ကိုယ်လဲ အဲလိုပဲထာဝရ သူငယ်ချင်းဖြစ်ရမယ်...။ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ စဉ်းစားကြည့်စမ်း..။ အနာဂတ်မှာ u ကတော့ u မျိုးဆက်အတွက u မေမေပေးစားမယ့် အမျိုးသမီး ဒါမှမဟုတ် u ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မလွဲမသွေ လက်ထပ်ရမှာမဟုတ်လား...။ ဒီတိုင်လည်း..u မိသားစု အသစ်ကလေးနဲ့ ကိုယ် အဆက်မဖြတ်ချင်ပါဘူး..။ u မိသားစုတွေ ဘယ်နှစ်ယောက်ပဲ တိုးလာပါစေ.. ကိုယ့်အတွက်တော့... u ဟာ ထာဝရသူငယ်ချင်းကောင်းတစ်ယောက်ပဲ ဖြစ်စေချင်တယ်..။ u အကူညီလိုရင် ကိုယ်အချိန်မရွေး ရောက်လာခဲ့မယ်..။ u မှမဟုတ်ဘူး... လူတွေအကုန်လုံးကို ကိုယ်တတ်နိုင်သလောက် ကူညီမယ်..။ ကိုယ့်အသက်သေဆုံးသည်အထိ လုပ်ရမယ့်အလုပ်ပဲလေ...။ ကိုယ်ပျော်တယ်...ဘာပဲဖြစ်ဖြစ် အဖြူရောင် နှောင်ကြိုးတွေအများကြီးနဲ့ ဆက်နွယ်နေမယ့် ကိုယ့်အနာဂတ်အတွက် ကိုယ်ကျေနပ်တယ်...။


မိုးငွေ့

Thursday, 4 June 2009

Emotional Shift






ဘ၀ ဆန်လာတဲ့ ငါ့စိတ်ကူးတွေကြောင့် 
ပန်းနုရောင်အိပ်မက်တို့ အရောင်ပြောင်းသွားခဲ့ပေါ့... 
လက်တွေ့ဆန်လွန်းတဲ့ ငါ့ဘဝထဲ 
မျှော်လင့်ခြင်းစည်းချက်တွေကို 
ရိုက်ချိုးပစ်ခဲ့တာ အေးစက်လာတဲ့ အချိန်ကာလတစ်ခုပေါ့.. 
ငါမရေမရာပိုင်ဆိုင်ခဲ့ဖူးသလိုရှိတဲ့ 
မင်းရဲ့ အကြင်နာတွေကို ဝေဝါးစေခဲ့တာ ... 
ခုတော့... ငါ့ရင်ခုန်သံတွေ 
အိပ်တန်းတက်သွားတဲ့ ဆည်းဆာတစ်ခုလို 
တိုးတိတ်ရပ်တန့်လို့.... 
ငါ့မှတ်ဉာဏ်ထဲမှာ အမြတ်တနိုးသိမ်းထားမိခဲ့တဲ့ 
မင်းဆီကအမှတ်တရတွေ ပျက်ပြယ်သွားခဲ့ရင်တောင်.. 
ငါ့ရင်ဘတ်ထဲမှာ မင်းရှိခဲ့ဖူးတာ... အသေချာပါ... 
တစ်ချိန်မှာ .... အရာအားလုံး.. ပြောင်းလဲသွားခဲ့ရင်လဲ... 
ငါလေ..မင်းကို ချစ်ခဲ့ဖူးတာ... အိပ်မက်မဟုတ်နိုင်ပါဘူး....။     ။ HNS (TG)

Saturday, 23 May 2009

တစ်ခါက အမှတ်တရညလေးများ.....


1. ကြယ်ကလေးခုန်ဆင်းလာခဲ့တဲ့ည

တကယ်တော့ gmail သာဖွင့်ထားတာ gtalk ဘယ်လိုပြောရမယ် ကိုယ်မသိဘူး...။ " Hi " ဆိုပြီး u ဝင်လာတယ်...။ u ကကိုယ့်ကို 109 110 လား? တဲ့...။ ကိုယ်အဲဒီဂဏန်းတွေကို ရုတ်တရက် ဘာမှန်းမသိခဲ့ဘူး..။
ကိုယ်နားမလည်လို့ အဲဒါ ဘာပြောတာလဲမေးတော့...“ထားလိုက်ပါ” တဲ့..။ ခက်တာက u တို့ ခုခေတ်သုံးနေကြတဲ့ မြန်မာအသံထွက်နဲ့အင်္ဂလိပ်စာကို ကိုယ်ဘယ်လိုမှမရေးတတ်ဘူး...။ ဖတ်ဖို့တောင် တစ်ကြောင်းတစ်ကြောင်းက လူကိုမောသွားတာပဲ...။ ကံကောင်းချင်တော့.. ကိုယ်ကလဲရုံးမှာ မြန်မာ font ရိုက်နေကျ..u လဲ မြန်မာလို ကောင်းကောင်းရိုက်တတ်နေတယ်..။ u ကမှ တကယ် ကျွမ်းကျင်တာ..ပါဠိစာလုံးတောင် တိတိကျကျ မမှားအောင် ရိုက်နိုင်တာ ချီးကျူးစရာပဲ...။ တကယ်ပဲ chatting ဝင်တဲ့သူတွေက အီစီကလီတွေများလား...။ ကိုယ်မှမသိဘဲကိုး..။ u လဲကိုယ့်ကို အဲဒီအမျိုးစားထဲက ထင်နေမှာပေါ့..။ ဟုတ်လား...။

အဲဒီနေ့က ရုံးနေ့တစ်ဝက်တက်ရတဲ့...စနေနေ့..။ ကိုယ်တို့ တတိယအကြိမ် စကားပြောဖြစ်ကြတာဖြစ်မယ်..။ သိပ်ကြာကြာမပြောဖြစ်ပါဘူး..။ signout ခါနီး u က “ သာယာတဲ့နေ့ဖြစ်ပါစေ” လို့နှုတ်ဆက်တဲ့အချိန် computer ကဖွင့်ထားတဲ့ Mariah Carrey ကလဲ "Bye Bye"တဲ့..။ ကိုယ်သိပ်နှစ်သက်တဲ့ သီချင်းပေါ့...။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ်...။ u နှုတ်ဆက်ပြီးထွက်သွားတော့ သီချင်းလေးကို ဆက်နားထောင်ရင်း.. တဖြေးဖြေးဝေးသွားတဲ့ ကြယ်ကလေးတစ်ပွင့်ကို နှမြောတသတဲ့ ခံစားမှုမျိုးကိုယ်ရလိုက်တယ်...။ ကြယ်ကလေးဝေးသွားပြီ...။ သို့သော်...သူဆီက အလင်းတန်းလေးတစ်ခု မသိမသာကျန်ခဲ့တယ်..။ u ကိုယ်တော့ ကိုယ်မမြင်ဖူးပါဘူး...။ ဒါပေမယ့် u ဆီမှာ မျက်စိကျိန်းစပ်လောက်အောင် စူးရှတဲ့ အလင်းတန်းတစ်ခုရှိနေတယ်..။


2. အဖြူရောင်ပန်းတွေပွင့်တဲ့ည

u ကပြောတယ်... နောက်ဆိုရင် တွေ့ရမှာမဟုတ်တော့ဘူးတဲ့..။ အထူးသဖြင့် “မ”နဲ့တွေ့ရမှာမဟုတ်ဘူးတဲ့..။ ဒီလကုန်ရင် ကျောင်းပြန်ဖွင့်တော့မှာမို့ ကျောင်းတက်ရင် စာတွေနဲ့ပဲနပန်းလုံးရတော့မယ်တဲ့..။ ဒါပေါ့ ကျောင်းပြန်ဖွင့်ရင် u စာကြိုးစားဖတ်ရမယ်နော်..။ ဒါကြောင့် ကျောင်းမဖွင့်ခင်ပဲ စကားပြောရမှာမို့ တွေ့တုန်း စကားကောင်းကောင်း ပြောရအောင်တဲ့..။ ကိုယ့် သူငယ်ချင်းလေးအတွက် ဒီလောက်တော့ ကိုယ်လုပ်ပေးနိုင်ပါတယ်...။ စကားတော်တော်ကောင်းသွားလို့ ည 9:30 သွားတာတောင်..မသိလိုက်ဘူး...။ u Voice Call ခေါ်လာလို့ u အသံကိုကြားလိုက်ရသေးတယ်..။ u အသံက ဂီတာ အပေါ်ဆုံးကြိုးနှစ်ချောင်းကို တစ်ပြိုင်နက်တည်းတီးလိုက်တဲ့ အသံမျိုးလိုပဲ ကိုယ့်အကြားအာရုံထဲကို လှိုင်းခတ်ဝင်ရောက်သွားတယ်...။ လိုင်းမကောင်းလို့ ကိုယ်ပြန်ထူးတဲ့ အသံကို u မကြားလိုက်ဘူး..။ မကျေမနပ်နဲ့ ကို်ယ့်ကိုလူလည်ကျသွားတယ်လို့ ပြန်စွာနေသေးတယ်...။ ကျောင်းပြန်ဖွင့်ရင် တစ်ပတ်လုံးမအားတော့မှာမို့ တနင်္ဂနွေ တစ်ရက်တော့ စကားလာပြောပေးပါလားတဲ့..။ u ကိုယ်နဲ့ တကယ်စကားပြောချင်တယ်ဆိုရင် ကိုယ်လာခဲ့မှာပေါ့...။

ဒီညတော့ အကြောင်းအရာတော်တော်များများပြောဖြစ်တဲ့ညပဲ..။ u ကိုနှုတ်ဆက်ပြီး အိမ်ပြန်လာတဲ့ချိန်မှာတော့ ခြေလှမ်းတွေက ပေါ့ပါးနေတယ်..။ ည 9:30 ဆိုတဲ့အချိန်ဟာ အေးစိမ့်တဲ့ မိုးရာသီမှာတော့ လူခြေ တိတ်စပြုတဲ့အချိန်ဖြစ်တယ်လေ..။ အဲဒီညက ကိုယ်တို့ တိုက်ခန်းမရောက်ခင် လမ်းတစ်ခုက ခြံဝင်းရှေ့မှာ အဖြူရောင်ပန်းတွေ ပွင့်တဲ့ခြုံပင်တစ်ခုက တစ်ပြိုင်တည်း ပင်လုံးကျွတ်ပွင့်ကြတယ်..။ မိုးငွေ့လွှမ်းနေတဲ့လေကလဲ အေးစက်ချမ်းမြနေတယ်..။ ကောင်းကင်မှာ ကြယ်မှုန်ကလေးတွေများရှိနေမလားလို့ မော့ကြည့်မိတော့..မိုးတွင်းမှာ တိမ်လိတ်တွေပဲ ရှိတော့မှာပေါ့...။

အုပ်မှိုင်းညိုမှောင်နေတဲ့ တိမ်တိုက်တွေကိုမော့ကြည့်ရင်း...signout ခါနီး u နှုတ်ဆက်သွားတဲ့ “ကောင်းသောညပါ ”ဆိုတာကို ပြန်တွေးမိချိန်မှာတော့.. လောကကြီးတစ်ခုလုံး တိတ်ဆိတ်အေးချမ်းနေပြီ...။ “ဆုံဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လဲ ဘလောက်လိုက်ပါ” ဆိုတဲ့ စာသားပြောင်းလိုက်ဦး တဲ့...။ ( ဟိုနေ့တွေက u နဲ့ ရန်ဖြစ်ထားလို့ နစ်မှာတင်ထားတဲ့စာသားလေးပါ )


3. အဖြူရောင် မျက်ရည်ည

u နဲ့ဖုန်းပြောတော့ u ကညနေလားခဲ့ဦးမလားတဲ့..။ u သေချာရှိနေမယ်ဆိုရင် ကိုယ်လာခဲ့မှာပေါ့..။ cyber ဆိုင်နဲ့ ကိုယ့်အိမ်ကနဲနဲ လှမ်းတယ်လေ...။ ညဘက်ကိုယ်တော်တော် လမ်းလျှောက်သွားရမှာ...။

ညနေရောက်တော့ သူငယ်ချင်းတစ်ယောက်ကိစ္စနဲ့ နောက်ကျနေလို့ ကိုုယ်အိမ်တောင်မပြန်တော့ဘဲ...Istream ကိုတန်းသွားလိုက်တာ...။ ည 7:30 နေပြီ..။ u စောင့်နေမှာပဲဆိုပြီး...ဗိုက်ဆာလွန်းတောင် ပေါင်မုန့်ကို လမ်းလျှောက်ရင်းစားသွားတာ..။ Istream ရောက်တော့ u ကအွန်လိုင်းပေါ်မှာရှိမနေဘူး..။ ခါတိုင်းကိုယ်ဝင်လာတာနဲ့ ခဏဆို u ရောက်လာတာပဲ..။ ဒီညတော့ဘယ်လိုဖြစ်လဲမသိဘူး...။ u နာမည်ဘေးနားက မီးစိမ်းလေးက လင်းမလာဘူး...။ ကိုုယ်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ သူများဘလော့ဂ်တွေကို ဖွင့်ဖတ်နေလိုက်တယ်..။. ဖတ်သာနေရတာ...စိတ်က u ဆီရောက်နေတယ်..။ ဒါနဲ့ ဘလော့ဂ်တွေကို ပြန်ပိတ်ပြီး u နဲ့ chat ထားပြီးသားအဟောင်းတွေကို ပြန်ဖတ်နေလိုက်တယ်..။ ဒီထိလဲ u ကရောက်မလာသေးဘူး..။ ရုတ်တရက် ဝမ်းနည်းမိလာတယ်...။ ဆာလွန်းလို့ ဗိုက်ကအောင့်နေပြီ...ဒေါသကလဲထွက်နဲ့ မျက်ရည်တွေက အလိုလိုနေရင်းဝဲလာတယ်...။ အိမ်ရောက်တော့ ထမင်းတွေအများကြီး စားပစ်လိုက်တယ်...။

တကယ်ဆို u ရောက်မလာနိုင်ဘူးဆိုရင်လဲ message လေးတော့ ထားခဲ့သင့်တာပေါ့...။ ဒါတောင် ဖုန်းထဲမှာ ကိုယ်သေချာမေးထားတာ..။ u တကယ်ရှိနေမလားဆိုတာ...။ ခုတော့..u ကပုံပြောသွားပြီပေါ့..။


4. အဲဒီညကကြယ်ကလေးတွေလင်းလက်သွားကြတယ်

u သိလား မထင်မှတ်ဘဲ u နဲ့တွေ့လိုက်ရလို့ ကိုယ်ဘယ်လောက်ဝမ်းသာသွားလိုက်သလဲ...။ ဟုတ်တယ်လေ..ခါတိုင်းဆို ဒီချိန် u မှပြန်မရောက်သေးတာ...။ “သထိရသေးရင်နှုတ်ဆက်ပါ”တဲ့ နေ့လည်ကစာသားလေးပါ...။ အစကတော့ u ဝင်လာပါစေလို့ စောင့်ဦးမလို့ပဲ...။ ဒါပေမယ့် u ကို ကိုယ်တကယ်သတိရနေတယ် ဆိုတာကို သက်သေပြချင်တာနဲ့ “ဒီနေ့ကျောင်းကပြန်ရောက်တာ စောလှချေလား” လို့ နှုတ်ဆက်လိုက်တယ်...။ u က ဒီနေ့ လေ့လာရေးထွက်ရတာတဲ့ ..။ ကစားကွင်းလဲ ရောက်ခဲ့တယ်ပြောတယ်...။ အာကာသယာဉ်သွားစီးတာ...တကယ့်အာကာသထဲကို ရောက်သွားတဲ့အတိုင်းပဲတဲ့...။ ဒါပေမယ့် ပျင်းစရာကြီးပါ..ကလေးကစားကွင်းကြီး.တဲ့လေ..။ ဘာဖြစ်လဲ ...u က ခုမှကလေးရှိသေးတာ စိတ်လွတ်ကိုယ်လွတ် ကစားပေါ့...။ ကိုယ်တို့ Voice call နဲ့ တစ်နာရီကျော်ကျော်လောက်ပြောဖြစ်ကြတယ်...။ u အသံက ဒီညကတော့ base guitar နဲ့ တယောပေါင်းစပ်ထားတဲ့ အသံမျိုး...။ u ကမေးသေးတယ်...u နဲ့မတွေ့တုန်း ဘယ်ကောင်လေးတွေနဲ့စကားပြောသေးလဲတဲ့...။ ကိုယ့်မှာ u ကိုပဲ ပြောစရာရှိတာ...။ u မယုံတဲ့အတွက်တော့ ဝမ်းနည်းမိတယ်...။ အင်းလေ... u နဲ့ ကိုယ်က အပြင်မှာ တစ်ခါမှမမြင်ဖူးကြသေးတာနော်...။ u ပြောသလိုပဲပေါ့...။ “ မ ပြောတာကိုပဲကျွန်တော်က သိရတာလေ ” တဲ့...။ တနင်္ဂနွေနေ့ကျရင် စောင့်နေမယ်..။ ဒီတစ်ခါတော့..u ချိန်းထားပြီး ပုံပြောမသွားနဲ့ဦးနော် ..ဆိုတော့...“ ကျွန်တော်ပုံပြောတာ နားထောင်လို့ကောင်းလား” တဲ့...။ မနောက်နဲ့နော်...။ ကိုယ့်ကိုစိတ်မတိုစေချင်ရင်ပေါ့...။ အဲဒီညက အိမ်ပြန်တော့...ကောင်းကင်မှာတိမ်ညိုတွေ အုပ်မှိုင်းနေတဲ့ကြားက ကြယ်ကလေးတွေ လင်းလက်သွားကြတယ်...။


5. အိပ်မက်ည

မနေ့ညက u ကိုယ်န့ဲ နှုတ်ဆက်ရင်း... “ မ အပ်မက်ထဲကိုလာခဲ့မယ်နော်..ကျွန်တော်...” လို့ ပြောသွားတယ်..။ တကယ်လဲ နောက်နေ့မိုးလင်းတော့ u နဲ့ကိုယ် အိပ်မက်မက်တာ နိုးနိုးချင်း သတိရလိုက်တယ်...။ ထူးဆန်းလိုက်တာ u ရယ်...။ u တကယ်ပဲ ကိုယ့်အိပ်မက်ထဲကို ရောက်အောင်လာခဲ့တယ်..။ အိပ်မက်ထဲမှာ u နဲ့ကိုယ် ပုဂံခေတ်က အုတ်ခွက်ဘုရားလို နံရံမှာ ထွင်းထားတဲ့ ဆင်းတုတော်သေးသေးလေးတွေ အများကြီးကို ဖူးနေကြရတာတဲ့...။ အဲဒီဘုရားက ဆုတောင်းလည်းပြည့်တယ်တဲ့...။ ကိုယ်တို့နှစ်ယောက်ဘုရားအတူဖူးရင်း... ကိုယ်စီဆုတောင်းကြတယ်လို့ အိပ်မက် မက်တယ်...။ အိပ်မက်ထဲ မှာ u ကို သဲသဲ ကွဲကွဲမမြင်ရပေမယ့်... u ဆိုတာကိုတော့ သေချာတယ်...။ အပ်မက်ဆိုတာ စွဲလန်းလို့မက်တတ်ကြတာလား...။အိပ်ယာဝင်ခါနီး...တွေးမိတဲ့ အကြောင်းအရာတွေကိုမက်တတ် ကြတယ်လို့တော့ ပြောကြတယ်...။ ဒီလိုဆိုဖြင့် ကိုယ်တော့ u ကိုယ် ညတိုင်းအိပ်မက် မက်နေတော့မှာပဲ...။ ဒါလဲ မမှန်သေးပါဘူးနော်..။


6. တယ်လီဖုန်းလေးမြည်တဲ့ည

ခေါင်းရင်းက ဖုနု်းမြည်သံကြားတော့...မနက်မိုးလင်း Alarm မြည်တယ်ပဲ မှတ်နေတာ...။ နောက်တော့ ဒီအသံက Alarm မဟုတ်ပါဘူးဆိုပြီးထ ကိုင်လိုက်တော့ Number is not available ဆိုတာ ပေါ်ကတည်းက u ဖုန်းဆိုတာ ကိုယ်ကသိပြီးသား...။ အိပ်ချင်မူးတူးနဲ့ ကိုယ်ပြန်ထူးတော့... u က“ခုပြောတာ ဘယ်သူလဲ သိလို့လား ”တဲ့...။ u အသံကို မကြားခင်ကတည်းက u ဆက်တယ်ဆိုတာ အလိုလို သိပြီးသားပါ..။ u အသံကို နှစ်ခါ သုံးခါလောက်ပဲကြားဖူးပေမယ့်... ကိုယ်တရေးနိုးတာတောင်မှတ်မိနေပါတယ်နော်...။ အချန်ကမနက် 2:06 u တို့ဆီမှာတော့ 11နာရီလောက်ပဲရှိဦးမယ်..။ ဘာရယ်မဟုတ်ပါဘူး...ညတုန်းက ကိုယ် ဘုရားရှိခိုးပြီးအိပ်ရဲ့လား ဆိုပြီး စစ်ချင်လို့ဆက်လာတာဖြစ်မှာပေါ့...။မနေ့ညက သီတင်းကျွတ်နောက်ဆုံးညလေ...။ ကိုယ်တို့ရဲ့ မြတ်ဆရာ အရှင်ဂေါတမ တာဝတိံသာမှာ ဓမ္မစင်္ကြာတရားဟောကြားပြီးပြန်ကြွတဲ့ အခါမို့လို့ တစ်အိမ်လုံး ဆီမီးထွန်းပြီးပူဇော်ကြတယ်လေ....။ u တို့ဆီမှာတော့ဒါမျိုးဘယ်ရှိပါ့မလဲ..။


7. u ရောက်မလာတော့တဲ့ နိုဝင်ဘာညတွေ

နိုဝင်ဘာတစ်လလုံး u မလာတော့ဘူးလို့.. off line message ပေးသွားခဲ့တယ်..။ u ကတော့ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်လို့ ကိုယ့်ကိုတောင် မေ့နေလောက်ပြီ..။ နှင်းတွေ ဝေနေမယ့် u တို့ကျောင်းအဆောက်အအုံနောက်ခံနဲ့ u ဓါတ်ပုံ တစ်ပုံလောက်တော့ ကြည့်ချင်စမ်းပါရဲ့...။ u နဲ့စကားမပြောရတာကြာလို့ လမြန်မြန်ကုန်ပါစေလို့ ဆုတောင်းနေမိတယ်...။ ဒီလကုန်မှ ကိုယ် gmail ပြန်ဖွင့်မယ်..။ အဲဒီအခါမှ u နဲ့ ပြန်တွေ့ရမှလေ...။ u ကကျောင်း တဖက်နဲ့ ကိုယ်အွန်လိုင်းကိုလာရင် အနှောက်အယှက် ဖြစ်မှာစိုးလို့ ဒီတစ်လလုံးမလာ တော့ဘူးလို့ပြောတာမဟုတ်လား..။ ရပါတယ်..။ ကိုယ်အလိုက်သိပါတယ်နော်...။ ကိုယ်တကယ် တစ်လလုံးလုံးဖွင့်မကြည့်ပါဘူး... gmail. ကို...။ မတော်တဆ u နဲ့တိုးရင် အားနာပါးနာနဲ့ u ကိုယ့်ကို နှုတ်ဆက်နေရမှာစိုးလို့ပါ...။


8. အသံလေးကိုမျှော်လင့်ခဲ့တဲ့ညက

အဲဒီညနေက ကိုယ်ရုံးဆင်းဆင်းချင်း cyber ဆိုင်တစ်ခုကို ဝင်လိုက်တယ်..။ u ဆီကို New Year Card လေး ပို့မလို့လေ...။ New Year Eve ကို သူငယ်ချင်းတစ်ယောက်အိမ်မှာ ကြာဇံကြော်နဲ့ အကင်တွေလုပ်စားကြတယ်...။ ည 12နာရီထိုးပြီး စက္ကန့်လေးကူးတာနဲ့ တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီး Wish လုပ်ကြတယ်...။ အိပ်ယာဝင်တော့လဲ u ဆီက ဖုန်းများလာမလားလို့ တိတ်တိတ်ကလေးမျှော်နေမိတယ်..။ ဖုန်းကို ခေါင်းရင်းမှာ ထားပြီးတော့လေ..။ ဘယ်သူ့ဆီက New Year Wish ဝင်လာမလဲလို့ ကိုယ်မမျှော်ပါဘူး...။ u အသံလေးကို ကြားချင်နေခဲ့မိတာပါ..။. ဒါပေမယ့် u ဆီကဖုန်းမပြောနဲ့ နောက်နေ့ မနက် မေးလ်ဖွင့်ကြည့်တော့ message လေးတောင် ပို့မထားပါဘူး...။ u တကယ်နေနိုင်တယ်နော်..။ အင်းလေ... စာမေးပွဲတွေနဲ့ ခေါင်းရှုပ်နေလို့ဖြစ်မှာပါလို့ ကိုယ်ဖြည့်တွေးပေးလိုက်ပါ့မယ်...။ u ဆီကို ဖုန်းဆက်ရင်ကောင်းမလားလို့ တွေးမိပါသေးတယ်..။ u ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ u အသံကြားချင်ရုံသက်သက်နဲ့တော့ u ကို ကိုယ်မနှောက်ယှက်တော့ပါဘူး..။


မှတ်ချက်။ ။ ချစ်သူအဝေးရောက်နေတဲ့ မိုးစက်ဖြူ ၊ ချောငယ် နဲ့ chatting အမြဲထိုင်တတ်တဲ့ ညီမလေး သဲသဲတို့ အတွက် အမှတ်တရရေးသားပါသည်..။

မိုးငွေ့

Thursday, 21 May 2009

ငယ်စဉ်တောင်ကျေး ကလေးဘဝကိုလွမ်းတမိသည်.....(၁)





ကျွန်မက တာချီလိတ်မြို့နားက တာလေဇာတိပါ...။အသက် ၁၂ နှစ်အရွယ်ကတည်းက ရန်ကုန်ကို ရောက်နေခဲ့တာ...။ အနှစ် ၂၀ အတွင်း ကျွန်မ တာလေကို သုံးခေါက်ပဲ ပြန်ရောက်ခဲ့တာပါ..။ နောက်ဆုံး ရောက်ခဲ့တာက ၁၉၉၉ ခုနှစ်တုန်းကပါ ။ ၁၀နှစ်တောင်ရှိသွားပြီ..။ ခုဆိုရင်တော့ ကျွန်မတို့ငယ်ငယ်က နေခဲ့တဲ့ ပုံစံမျိုးတွေ ဘယ်ရှိတော့မလဲ ပြောင်းလဲကုန်ရောပေါ့..။ မပြောင်းလဲသေးတာက ကျွန်မတို့နေခဲ့တဲ့ အိမ်ပဲရှိတော့မှာပါ...။ ကျွန်မ ခုနေပြန်သွားရင်တောင် ငယ်ငယ်က ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် သိပ်မရှိတော့လောက်ပါဘူး...။ တစ်မြို့တစ်နယ်ကိုပြောင်းသူကပြောင်း... ။ အိမ်ထောင်ကျပြီး နိုင်ငံခြားရောက်သူ ရောက်နေကြမှာပေါ့...။

ငယ်ငယ်က ကျွန်မအချစ်ဆုံး သူငယ်ချင်း နန်းဖေါင်းဆိုတဲ့ အသားဖြူဥပြီး ပန်းသွေးရောင်လေးသန်းနေတဲ့ ရှမ်းမလေးတစ်ယောက်ရှိတယ်..။ သူကိုရှမ်းမလေးလို့ ပြောလို့ ကျွန်မကရော ရှမ်းမဟုတ်ဘူးလား လို့မေးစရာရှိလာမယ်...။ တကယ်တမ်း ကျွန်မက ရှမ်းပြည်ရဲ့မြေမှာနေ ရှမ်းပြည်ကရေသောက်ပြီး ရှမ်းသွေး တစ်စက်ကလေးတောင်မပါတဲ့ ကပြားသွေးပါ..။ ဖေဖေက မြန်မာလူမျိုးစစ်စစ်..... ဖြူးကညွတ်ကွင်းသား.. မေမေက ဗီယက်နမ်လူမျိုးစစ်စစ်...။ အဖိုးနဲ့အဖွားက ဒုတိယ ကမ္ဘာစစ်ကြီးတုန်းက စစ်ပြေးကြရင် တရုတ်နယ်စပ်ကနေ ကျိုင်းတုံကို ရောက်လာကြရင်း...မေမေတို့ကိုမွေးလာခဲ့တာပါ..။ နောက်တော့ တာလေပြောင်းလာနေရင်းက ကချင်(၅) စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဖေဖေနဲ့ ဆုံကြတာလို့ပဲ အတိုချုံးလိုက်တော့မယ်...။

ကျွန်မနဲ့ နန်းဖေါင်းက အရမ်းကိုခင်ကြတာ ကစားလဲအတူတူ...ဘယ်သွားသွားအတူတူပဲ...။ ကျွန်မ ၁၀တန်းအောင်လို့ ပြန်သွားလည်တုန်းက( ၁၉၉၃ ) သူတာလေမှာရှိနေသေးတယ်...။ အဲဒီတုန်းကလည်း ကျွန်မတို့ တပူးတွဲတွဲရှိကြလွန်းလို့ မျက်စိနောက်သူတွေကတောင် ဒီနှစ်ယောက်အမွှာတွေလားလို့ စောင်းပြောကြသေး..။ ခုတော့ သူလဲ ပြီးခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဘန်ကောက်ကို ထွက်သွားလိုက်တာ... ခုချိန်ထိကျွန်မနဲ့ အဆက်အသွယ် မရှိကြတော့ဘူုးဆိုပါတော့..။

ထားလိုက်ပါတော့... ကျွန်မခုပြောပြချင်တာက ကျွန်မ ၁၀တန်းဖြေပြီး အိမ်ပြန်တဲ့အခေါက်က အဖြစ်ပျက်ုလေးတစ်ခုပါ...။ ကျွန်မတို့ ကချင်(၅)စစ်တပ်ရှေ့ (ခုတော့ တပ်ရင်း နံပါတ်ဘယ်လောက်ဆိုလားမသိ ပြောင်းသွားပြီ ) ပွဲလုပ်တော့ သူငယ်ချင်းတွေ တစ်သိုက်အိမ်မှာ ထမင်းစားသောက် အိမ်အလုပ်လုပ်ပြီးတော့ ည ၈နာရီလောက် ပွဲသွားဖို့ချိန်းထားကြတယ်...။ လမ်းတစ်လျှောက်မှာ လျှပ်စစ်မီးမရှိတော့ သဘာ၀ လရောင်က ထိန်ထိန်သာလို့... ။ ကိုယ်စီလည်း ဓါတ်မီးတွေ ယူသွားကြပါရဲ့...။ ပွဲခင်းမှာ ထုံးစံအတိုင်း လောင်းကစားလေးတွေတော့ရှိတာပေါ့...။ လေးကောင်ဂျင် ဝိုင်း( ဒီမှာတော့ ဂျင်လို့ခေါ်ကြတယ်)၊ သုံးဆယ်ခြောက်ကောင်တို့၊ တခြား ကစားနည်းအစုံစုံအပြင်... မယ်ဆိုင်ဘက်က(ကျွန်မတို့အခေါ် ဟိုဘက်ကမ်း) ထိုင်းတွေကလည်း ရုပ်ရှင်ပိတ်ကားကြီးတွေလာပြတယ်...။ ပြီးတော့ ခြားရဟတ်တွေလည်း သူတို့ဆီကလာဆင်ပြီး လည်ပေးတယ်...။ ကျွန်မတို့သူငယ်ချင်းတွေ ၇)ယောက် ၈)ယောက်လောက်ရှိမယ်..။ ပွဲသွားလည်ပြီးအပြန် တာလေဘက်ကိုအဝင် တာလေချောင်းတံတားကိုဖြတ်ရတယ်...။ အဲဒီတံတားထိပ်မှာ စစ်သားတွေစောင့်တဲ့ ကင်းတဲလေးရှိတယ်..။ ကျွန်မတို့ထဲက တစ်ယောက်က ဓါတ်မီးနဲ့သွားပြီး ဟိုထိုးဒီထိုးတော့ ကင်းတဲထဲက အော်လိုက်တဲ့အသံကြားရတယ်...။

“ဟေ့ ကောင်တွေ ....ဘယ်သူ လက်ဆော့တာလဲကွ” ..။

စိုင်းမင်းမင်းနဲ့ စိုင်းဆီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဲဒီကင်းစောင့်စစ်သားကိုဆဲရေးပြီး...

“ ပြေးကြဟေ့.......” လို့အော်တော့..။

ဘာပြောကောင်းမလဲနော် နောက်ကျတဲ့ခြေထောက် သစ္စာဖောက်တဲ့..ပြေးလိုက်ကြတာဆို တံတားတစ်လျှောက် ရွာထဲလဲဝင်ရော လမ်းမရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကျွန်မတို့ အ.လ.က တာလေကျောင်းဝင်းထိပ်က( ခုတော့ အ.ထ.က ကျောင်းဖြစ်၊ တာလေကလဲ ကျေးရွာကနေ တာလေမြို့ဖြစ်နေပြီလေ ) အနီးဆုံးဖြစ်တဲ့ စိုင်းဆီတု့ိအိမ်ကို ဝင်ပြေးဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ နောက်က အစ်ကိုတော်က စစ်ဖိနပ်ကြီး တစ်ဘုတ်ဘုတ် မြည်နေအောင်ပြေးပြီး လိုက်လာနေပြီလေ....။ တံခါးဖွင့်နေရင်ကြာမှာစိုးလို့ အိမ်ဘေးလမ်းကြားကနေ ပြေးဝင်လိုက်ကြတာ ဗွက်ထဲနစ်ပြီး ဖိနပ်ကျန်ခဲ့သူက ကျန်ပေါ့...။ မောကလဲမော မှောင်မှောင်မဲမဲထဲမှာ နောက်ဖေးပေါက်ကနေ အိမ်ထဲပြေးဝင်ပြီး.... အသက်တောင် မရှုရဲကြတော့ဘူး...။ အားလုံးငြိမ်နေလိုက်ကြတာ...။ ခဏနေတော့ စောစောက အစ်ကိုတော်က ဘေးအိမ်နားက ပက်လက်ကုလားထိုင်မှာ ထိုင်နေတဲ့ ဘကြီးကို လှမ်းမေး လိုက်တဲ့အသံ ကြားလိုက်တယ်..။

“ ဘကြီး ဒီနားမှာ ကလေးတစ်အုပ်ပြေးလာတာ တွေ့လိုက်လား”

ဘကြီးကလဲ ဟော...ဟို ကျောင်းဝင်းဘက် ပြေးဝင်သွားကြတာပဲလို့ ဖြေလိုက်တော့...သူဆက်မလိုက်တော့ဘဲ...။ ပြန်လှည့်ထွက်သွားတာကို ကြားလိုက်ကြတယ်..။ ခုမှပဲ အားလုံးက သက်ပြင်း ချနိုင်ကြတာ..။ မဟုတ်ရင်တော့မလွယ်ဘူး...မိရင်နောက်နေ့ တပ်ထဲမှာ ကျွန်မတို့တတွေ ဒဏ်ပေးမခံရဘူးလို့ မပြောနိုင်ဘူးလေ..။

နောက်နေ့မနက် အားလုံးက ဘာဖြစ်မလဲဆိုပြီး အသံနားထောင်နေကြတာ...။ ဘာမှတော့မဖြစ်ပါဘူး....။ ဒါပေမယ့် ကျွန်မသူငယ်ချင်း စိုင်းမင်းမင်းက ကျောင်းဝင်းထိပ်က သူ့အဒေါ်ရဲ့ ကုန်စုံဆိုင်ကိုသွားတော့...ညက ကျွန်မတို့နောက်လိုက်တဲ့ အစ်ကိုတော်နဲ့ တည့်တည့်တိုး ပါလေရောလား...။ သူ့ကိုတော့ စိုင်းမင်းမင်းက မမှတ်မိပါဘူး...။ စိုင်းမင်းမင်းရဲ့ လက်မမှာပတ်ထားတဲ့ ပတ်တီးစကို သူကမှတ်မိလိုက်တာဗျာ....။ ကဲ...အကျပ်တော့တွေ့ပြီပေါ့...။

သူကမေးတယ်ဗျား....“ ဟေ့ ညီလေး...မင်းမနေ့က ထွက်ပြေးတဲ့ အဖွဲ့ထဲမှာပါတယ်မဟုတ်လား” ...တဲ့..။

တော်ပါသေးရဲ့ ကျွန်မသူငယ်ချင်းက အလျှောက်ကောင်းပေလို့...။

“ ဟာ...အစ်ကိုကလဲ...ပါတာပေါ့...ကျနော်က တစ်နေ့ကိုသုံးခါ ပုံမှန်ပဲ ”

ရူးသလို ပေါသလိုနဲ့ အကြောင်ရိုက်လိုက်တော့ အစ်ကိုတော်က ဆက် မမေးတော့ပဲ လျှော်ပေးလိုက်လို့... ကျွန်မတို့တွေ ခုမှ အပူလုံးကြီးကျသွားတော့တယ်...။ ညဘက် ပြန်ဆုံကြတော့ အဲဒီအကြောင်းတွေ ပြန်ပြောရင်း... ရယ်လိုက်ကြတာဆိုမပြောပါနဲ့တော့...။

ခုတော့ ကျွန်မသူငယ်ချင်း စိုင်းမင်းမင်းကလဲ ကျွန်မလိုပဲ RC 3 ကနေကျောင်းပြီးတယ်...သူက သင်္ချာမေဂျာနဲ့..။ လောလောဆယ် ရန်ကုန်မှာပဲ ဧည့်လမ်းညွန်လုပ်နေတယ်...။ ကျွန်မတို့ အဆက်အသွယ်မရှိကြပါဘူး...။ မတော်တဆ ကျွန်မဘလော့ဂ်ကို သူဖတ်မိရင်တော့ ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးမိပြီး...ပြုံးနေမိဦးမှာ သေချာတယ်...။


မိုးငွေ့

ရိုးရာဓလေ့ပွဲတော်များ.....





ကျမတို့ရွာမှာ အလွမ်းတရဆုံးက သင်္ကြန်ရောက်ရင် ဘုန်းကြီးကျောင်းမှာ သဲပုံစေတီတွေလုပ်ဖို့ တာလေချောင်းမှာ သဲတွေကို ကော်ပုံးတွေနဲ့ သွားသွားခပ်ကြရတာကိုပဲ...။ သဲပုံစေတီကို တတ်နိုင်ရင် တစ်အိမ်ကို တစ်ဆူလုပ်ကြတယ်...။ ဘာရယ်မဟုတ်ဘူး ရေထဲဆင်းပြီး သဲအစိုတွေကို သွားခပ်ရတာ သိပ်ပျော်ဖို့ကောင်းပါတယ်...။ နွေရာသီဆိုတော့ ချောင်းမှာ သောင်ကထွန်းတယ်လေ...။ သဲသွားခပ်ရတာ ရေက တိမ်တိမ်ကလေးရယ်...။ ဘုန်းကြီးကျောင်းနဲ့ တာလေချောင်းက ခပ်လှမ်းလှမ်းဆိုပေမယ့် သဲစိုတွေကို သယ်ရတာ လေးတယ်လို့တောင် မထင်ပါဘူး... ။ ပျော်နေကြတာပါပဲ...။ ကျမတို့ ၈နှစ် ၉နှစ်အရွယ်ပဲ ရှိဦးမယ်...။ သဲပုံခပ်ကြီးကြီးပုံပြီးသွားရင်တော့ တခွန်တိုင်တို့၊ ကုက္ကားတို့ သာတနာ့အလံတို့ နောက်ပြီး သင်္ကြန်မှာ ရှမ်းလူမျိုးဓလေ့ လုပ်စားကြတဲ့ မုန့်ဖက်ထုပ်တို့ နောက် ရှမ်းလို “ခေါက်အက်ပ်” လို့ခေါ်တဲ့ ကြိတ်ထားတဲ့ ကောက်ညှင်းကို ကြံသကာနဲ့ရောနယ်ပြီး အုန်းသီး၊ မြေပဲထည့် ဖက်နဲ့ထုပ်ပြီးပေါင်းတဲ့မုန့်မျိုး ဝါးတိုင်မှာ ချိတ်ဆွဲထားကြတယ်...။ သူတို့ အယူကတော့ ဒါတစ်နှစ်ပတ်လုံး မိသားစုတွေ ဖူဖူလုံလုံနဲ့ စားနိုင် သောက်နိုင်အောင်လို့ ဆုတောင်းပွဲကြီးလုပ်ကြတာပါပဲ...။

ခုနောက်ပိုင်းတော့ သိပ်မလုပ်ကြတော့ဘူးလို့ထင်ပါတယ်..။ နှစ်သစ်သင်္ကြန်ဆိုရင် အိမ်တွေမှာဗုံမောင်းတွေနဲ့ သီချင်းသွားဆိုကြ ကကြတယ်...။ အဲဒါကိုရှမ်းလို “ သုတ်စူး ” လို့ခေါ်တယ်...။ အိမ်တိုင်းနှစ်ကူးမှာ ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းပေးတဲ့သဘောပါပဲ...။ ခုတော့ အဲဒီလိုသဲပုံစေတီတွေ သိပ်တောင် မလုပ်ကြတော့ဘူး ထင်တယ်...။ ရိုးရာဓလေ့ ကိုသိပ်မြတ်နိုးတဲ့ ကျမအတွက်တော့ နှမြောတသမိတာပါပဲ...။ ကျမလဲ ပြန်မရောက်ဖြစ်တာကြာနေပြီ....။ ဖြစ်နိုင်ရင် ကျမပုံတွေနဲ့ ပြချင်ပါတယ်...။

နောက်တစ်ခု နှစ်နှစ်တစ်ခါ ကျင်းပလေ့ရှိတဲ့ တိုးနယားပြိုင်ပွဲကြီးပါ...။ ကျမတို့ ဘုန်းကြီးကျောင်းမှာ တခြားကလာရွာတွေက သူတို့ ဖန်တီးထီထွင်ထားတဲ့ ကျားရုပ်တို့ ကိန္နရီ၊ ကိန္နရာတို့ တိုးနယားတို့ အခြားအကောင်တွေ စသဖြင့်ပေါ့ ပြိုင်ဖို့လာကြတယ်...။ ဘုန်းကြီးကျောင်းထဲမှာ ဝါးလုံးတွေနဲ့ လက်ဝှေ့ကြိုးဝိုင်းလို လေးထောင့်စပ်စပ် ခပ်လိုက်တယ်...။ ကျမတို့တွေ အဲဒီပြိုင်ပွဲကိုကြည့်ကြဖို့ ထမင်းတောင် မစားနိုင်ကြဘဲ ပွဲမစခင် နေရာသွားဦးကြရတယ်...။ ပွဲက ညနေမှစတာ...။ အရမ်းကြည့်လို့ကောင်းပါတယ်... ။ စိတ်ဝင်စားစရာပါပဲ...။ တောင်ကြီးတန်ဆောင်တိုင်မှာ မီးပုံးပျံကို အကောင်မျိုးစုံပုံစံလုပ်ကြသလိုပဲ...သူတို့လဲ အကောင်ပလောင်ပုံမျိုးစုံနဲ့ လာပြိုင်ကြတယ်..။ အဓိကအားဖြင့်တော့..တိုးနယားအကတို့၊ ဒေါင်းအကတို့ပေါ့...။ ရှမ်းရိုးရာ ဗုံတွေ မောင်းတွေ တီးပြီး..ကကြတယ်...။ အကဲဖြတ်တဲ့ဒိုင်သူကြီးတွေက အမှတ်ပေးကြရတာ..။ ပြီးရင် ဆုချီးမြှင့်တယ်...။ အဲဒီချိန်ဆို ဘုန်းကြီးကျောင်းမှာငါးရက် တစ်ပတ်လောက်ကတော့ ပွဲလုပ်ပြီးသားပဲ..။ ကျမတို့ ငယ်ငယ်က ပွဲတွေ ဆယ့်နှစ်ရာသီလုပ် နေသလိုပါပဲ..။ အဲဒီက လူတွေကလဲ ပွဲလမ်းသဘင် ခုံမင်ကြတယ်...။ ခုနောက်ပိုင်း ကျမပြန်သွားလည်ဖြစ်တဲ့နှစ်တွေမှာ ပွဲတွေသိပ်မလုပ်ဖြစ်ကြတော့ဘူး..။

နှစ်နှစ်တစ်ခါ လုပ်လေ့ရှိတဲ့ နောက်ထပ်ပွဲတစ်ခုရှိသေးတယ်..။ အဲဒါကတော့ ကျမတို့ရှာထိပ်မှာရှိတဲ့ နတ်စင်မှာ နတ်ပွဲကျင်းပကြတာပါ..။ ကျမ သေသေချာချာတော့သိပ်မသိဘူး..။ ကျမအထင်တော့ ရှမ်းကိုးမြို့ရှင် နတ်နန်းပဲဖြစ်မယ်...။ ၁၂နှစ်အရွယ်မှာပဲ ကျမကရန်ကုန်မှာကျောင်းလာတက်ရပြီဆိုတော့... ဒီပွဲတွေကို ကျမတော်တော် မှတ်မိနေတာကိုပဲ ကျေးဇူးတင်ရမှာ..။ အဲဒီနတ်နန်းရှိတဲ့ နေရာက မိုင်းဖြတ်မြို့တို့ ကျိုင်းတုံမြို့တို့ သွားတဲ့ကားလမ်းမပေါ်မှာပါ...။ နတ်နန်းရဲ့အရှေ့တည့်တည့်မှာ တာလေချောင်းရှိတယ်...။ အဲဒီချောင်းစပ်မှာပဲ ပွဲဈေးတန်းကြီးကိုဖြစ်လို့ပေါ့...။ နတ်ဝင်သည်တွေကလဲ နတ်တွေကိုပူဇော်ပသဖို့ နတ်က ကကြတယ်...။ ကျမ သူငယ်ချင်းတစ်ယောက်က နတ်စင်မှာကတော့ဖို့ သူတို့အိမ်ကပြုတ်ထားတဲ့ ဝက်ဆီဖတ်ကိုလာကျွေးတယ်...။ ကျမသိသလောက်တော့ နတ်အတော်များများဟာ ဝက်သားမပူဇော်ရပါဘူး...။ ဒါပေမယ့် ကျမကိုသူငယ်ချင်းက စားလိုက်ပါ..။ အဲဒါ နတ်စင်က စွန့်လာတဲ့အသား အန္တရာယ်ကင်းအောင်စားရတယ်ဆိုလို့ ကျမဘဝမှာ ပထမဦးဆုံး စားဖူးတဲ့ ဝက်ဆီဖတ်ပြုတ်ပါပဲ...။ စားလို့တော့ကောင်းတယ် ဆိမ့်ဆိမ့်ကလေး......။ ကျမကအဆီဆို သိပ်ကြောက်တာ...အသားတော့စားတာပေါ့...။

      ဝါတွင်းဆိုလဲ ဥပုသ်နေ့ဆို အဖိုးအဖွားတွေက ဝတ်ဖြူစင်ကြယ်နဲ့ ဘုန်းကြီးကျောင်းမှာ အိပ်ကြတယ်...။ ကျောင်းထဲမှာ ဘုန်းကြီးတရားနာကြတယ်...။ တရားထိုင်ကြတယ်..။ ကိုယ့်အိမ်မှာသွားအိပ်တဲ့ အဖိုးအဖွားများရှိရင်...ဥပုသ်သည် ဖိုးဖိုးဖွားဖွားတွေအတွက် ထမင်းဟင်းတွေကို သွားပို့ရတယ်...။ ကျမသူငယ်ချင်းက သူ့အဖိုးရော အဖွားရော ဥပုသ်သွားစောင့်ကြတာဆိုတော့...။ သူ့အမေက ထမင်းဟင်းချက်ပေးတယ်...။ ပြီးရင် ကျမနဲ့သူက ဗန်းထဲထည့်ပြီးသွားပို့ကြတယ်..။ ရှမ်းလူမျိုးတွေရဲ့ထမင်းဟာ ကောက်ညှင်းပဲပေါ့..။ ဟင်းတွေကလဲ အဆီမပါတာများတယ်..။ ရေလုံပြုတ်ဟင်းတွေဖြစ်တာများတယ်....။ ငရုတ်သီးထောင်း( နိုင်းနိုင်းစနေထဲက နမ့်ဖစ်ထောင်းဆိုတာပေါ့ ) နဲ့ မုန်ညှင်းပြုတ်ဟင်းက သူတို့အတွက် မပါမဖြစ်တဲ့ ဟင်းပါပဲ...။ ဒါဟာလဲ ကြည်နူးစရာကောင်းတဲ့ ဓလေ့တစ်ခုပေါ့..။ ဒါကတော့ ဝါတွင်းဓလေ့တစ်ခုပါ။

သီတင်းမကျွတ်ခင် အချိန်ဆိုရင် ကျမတို့အိမ်မှာ ယိုးဒယားကလာတဲ့ ရောင်စုံစက္ကူပါးတွေ သိပ်ရောင်း ကောင်းတယ်..(အိမ်မှာကကုန်စုံဆိုင်ဖွင့်ထားတယ်လေ).။ အနီးအနားက မိုင်းလင်းရွာ ဘက်မှာဆို အဲဒီစက္ကူရောင်စုံကို မီးပုံးလှလှလေးတွေ လုပ်ရောင်းဖို့ လာဝယ်ကြတယ်...။ ပြီးတော့ မှန်လိုရောင်စုံအကြည်နဲ့ စက္ကူတော့မဟုတ်ဘူး ..။ ပလပ်စတစ်အမျိုးစားပဲ အဲဒါလဲ မီးပုံးလုပ်ဖို့ဝယ်ကြတယ်...။ မီးပုံးလေးတွေက ဝါးနှီးအခွေနှစ်ခွေကို အပေါ်အောက်ခွေပြီး မှန်စက္ကူ အရောင်တွေကို ကော်နဲ့ကပ်ပြီးရင် ဘေးတစ်ဖက်ဆီမှာ ချည်ကြိုးလေးတပ်လိုက်တော့ မီးပုံးလေးတွေရပြီပေါ့...။ သီတင်းကျွတ်တော့မယ်ဆိုရင် ကျမနဲ့ ကျမ သူငယ်ချင်း နန်းဖေါင်းတို့ အဲဒီရွာမှာ စက်ဘီးစီးပြီး မီးပုံးသွားဝယ်ကြတယ်...။ သီတင်းကျွတ်ရောက်ရင် အိမ်ပေါ်ထပ် ဝရံတာမှာ မီးပုံးရောင်စုံလေးတွေအထဲမှာ မြေထည်ဆီမီးခွက်မှာ စိုက်ထားတဲ့ ဖယောင်းတိုင်ကို ထည့်ပြီး ထွန်းလိုက်ရုံပဲ...။ ရွာဆိုတော့ လျှပ်စစ်မီးမရှိဘူးလေ...။ အိမ်တိုင်းအိမ်တိုင်း မီးပုံးရောင်စုံတွေ ချိတ်ဆွဲထားတဲ့ ဒီဝါကျွတ်ကာလ သီတင်းကျွတ်ပွဲတော်မှာဆို တစ်ရွာလုံး ထိန်ထိန်လင်းလို့ သိပ်ကိုလှနေတာပေါ့.....။ ဒီလိုမြင်ကွင်းမျိုး ကျမတို့ ထပ်မြင်တွေ့ရဖို့က သိပ်ကိုခဲရင်းလှပါပြီ...။

ရိုးရာဓလေ့ကို ချစ်မြတ်နိုးသူတိုင်းအတွက် ကျမတို့ရွာဓလေ့ အကြောင်း ကျမမှတ်မိသလောက်လေး ရေးသားလိုက်ပါတယ်...။


မိုးငွေ့

Tuesday, 12 May 2009

ကျမရဲ့အနာဂတ်လေးများ.....

အနန္တမေတ္တာရိပ်မွန်မှ ချင်းလူမျိုးဆရာမ ဒေါ်ငိုက်ဇာကျင်းနှင့် မိဘမဲ့ကလေးများ


ကျမဒီမိဘမဲ့ဂေဟာလေးနဲ့ စသိခဲ့တာ လွန်ခဲ့တဲ့နှစ် မေလလောက်ကပါ...။ အပေါ်ပုံကတော့ ကျမ ပထမဦးဆုံး အကြိမ် ပစ္စည်းသွားလှူတုန်းက မှတ်တမ်းတင် ရိုက်ခဲ့တဲ့ ပုံပါ...။ အဲဒီတုန်းက ကလေးတွေ အယောက် ၂၀ ကျော်လောက်ပဲရှိဦးမယ်...။ ကျမကငယ်စဉ်ကတည်းက အဖေဆုံးခဲ့တာကြောင့် မိဆုံဖဆုံမရှိတဲ့ သူဆို သိပ်ပြီး သနားတယ်..။ ကိုယ်ချင်းလည်းစာတယ်...။ အဲဒီနေ့က ကျမတို့ ဆန်၊ ဆီ၊ အာလူး၊ ကုလားပဲ၊ စာအုပ်၊ ခဲတံနဲ့ တခြားစားစရာမုန့်တွေအပြင် နီးစပ်ရာသူငယ်ချင်းတွေဆီက အလှူခံလို့ရလာတဲ့ အ၀တ်အစားဟောင်းတွေကို ဆရာမဒေါ်ငိုက်ဇာကျင်းဆီအပ်တော့ ဆရာမနဲ့ ကလေးတွေက ချင်းလိုဆုတောင်းပေးကြပါတယ်...။ သူတို့ရဲ့ ဆုတောင်းသံကိုကြားတော့ အလိုလိုနေရင် မျက်ရည်ကကျလာတယ်..။ လိုအပ်နေတဲ့ ကလေးလေးတွေ အတွက်ပေးဝေရတဲ့ ပီတိနဲ့ သနားခြင်းတို့ကြောင့် ကျရတဲ့မျက်ရည်တွေပါ...။

ဆရာမဒေါ်ငိုက်ဇာကျင်းက မုဆိုးမတစ်ယောက်ပါ ...။သူ့အမျိုးသားက ဆုံးသွားတာ သိပ်တောင်မကြာသေး ပါဘူး...။ ဒီမိဘမဲ့ဂေဟာ စဖြစ်လာပုံကတော့ ဆရာမချင်းပြည်နယ်က ပြောင်းလာတော့ ဒီမြောက်ဒဂုံက ခြံဝိုင်းတစ်ခုကိုငှားနေပါတယ်...။ သူမှာသားတစ်ယောက်ရှိပါတယ်...။ ပထမဦးဆုံးကလေးလေးနှစ်ယောက် စရောက်လာတာပါ...။ ဆရာမဆီမှာလဲ စားစရာ ဆန်ကနှစ်ဗူးပဲ ရှိတာတဲ့....။ ချင်းပြည်ကပါပဲ...။ အပေါ်ပုံက ဆရာမပိုက်ထားတဲ့ အကျီင်္ပန်းရောင်နဲ့ကလေးမရယ်၊ အရှေ့ဘက်တန်းက တီရှပ်အဖြူရောင် သနားခါး ပါးကွက်ကျားနဲ့ ကောင်လေးပါ..။သူတို့နှစ်ယောက်က မောင်နှမအရင်းတွေ...။ အမေကအငယ်မလေးကို မွေးပြီးပြီးချင်းဆုံးသွားတာ...။ အဖေနဲ့ပဲကြီးပြင်းခဲ့ရတာ...။ အဖေက တောထဲ ထင်းခုတ်သွားရင် သူတို့မောင်နှမနှစ်ယောက်ကို တောစပ်က သစ်ပင်အောက်မှာထားခဲ့တယ်...။ တစ်နေကုန် အစာငတ်ခံပြီး အဖေပြန်လာမှ ထမင်းစားကြရတယ်...။ အဲဒီလောက်ထိ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတာ...။ အဲဒါနဲ့ဆရာမဆီရောက်လာတော့ အငယ်မလေးက နှစ်နှစ်သာသာ ရှိသေးတာ...။ ရောက်စက အကျင့်ပါနေလို့ထင်တယ်... အိမ်ထဲမှာမနေပဲ သစ်ပင်အောက်ပဲ သွားသွားထိုင်နေတယ်လို့ ဆရာမကပြောပြပါတယ်...။ အဲဒီနှစ်ယောက်ကနေ တခြားကလေးလေးတွေ ရောက်ရောက်လာကြရင်းက အနန္တရိပ်မွန်ဂေဟာလေးဟာ ခုဆိုရင် ကလေးတွေ အယောက်သုံးဆယ်ကျော်နဲ့ စည်ကားနေပါပြီ...။

ကျမတို့ကို ဒီဂေဟာလေးနဲ့ စပြီးမိတ်ဆက်ပေးခဲ့တာ MHR business သင်တန်းကျောင်းက ဆရာဦးအေးကျော်ပါ..။ ဆုံးသွားတဲ့ဆရာမရဲ့အမျိုးသားကလဲ ဆရာဆီမှာ သင်တန်းတက်ခဲ့ဖူးတဲ့သူပါ....။ ကျမလဲ ဆရာဆီမှာ short term သင်တန်းတက်ခဲ့ဖူးတော့ ဆရာက မြောက်ဒဂုံဘက်မှာ အရမ်းဆင်းရဲတဲ့ ချင်းမိဘမဲ့ကလေးတွေ ရှိတယ်တဲ့ သွားလှူချင်ရင် လှူကြပါဆိုပြီး လိပ်စာ ပေးလိုက်ပါတယ်။ အဲဒါနဲ့ ကျမတို့ရောက်သွားခဲ့တာပါ..။ အဲဒီနောက် နှစ်လတစ်ခါ သွားသွားလှူဖြစ်ပါတယ်...။ ကျမကဟိုးအရင် ကတည်းက တတ်နိုင်ရင် မိဘမဲ့ကလေးဂေဟာကိုဖွင့်ချင်ခဲ့တာပါ...။ စိတ်ကူးထားတာပေါ့ လူအိုရုံလဲဖွင့်ချင်တယ်..။ တစ်နေ့နေ့ပေါ့ ...။ ခုလောလောဆယ်တော့ တတ်နိုင်တလောက်လှူမယ် ..။ တခြားကိုလဲ လက်ဆင့်ကမ်းပေးမယ် ...။ အလှူခံပေးမယ်...။


ကျမနှင့်အနာဂတ်လေးများ


ဒီအပေါ်ပုံကတော့ အဝေးရောက်နေတဲ့ ကျမရဲ့သူငယ်ချင်းလေးတစ်ယောက်ရဲ့ ( ဒီဘလောက်ရဲ့ဖန်ဆင်းရှင်ပေါ့) ၂၃ နှစ်မြောက်မွေးနေ့အတွက်သွားလှူတုန်းက ပုံဖြစ်ပါတယ်...။ ၁၀လပိုင်း ၂၀၀၈ ကပါ...။ ကလေးဦးရေတောင် ထပ်တိုးလာပြီ..။ အယောက်၃၀ကျော်နေပြီ...။ မွေးနေ့ကိတ်နှစ်လုံးလုပ်ပေးလိုက်သေးတယ်...။ သူတို့လေးတွေက ကျမတို့လို အလှူရှင်ရှိမှ စားရမှာလေ...။ ဒါကြောင့်သူတို့တွေ မစားဖူးမယ် မုန့်မျိုးတွေကိုရွေးပြီးဝယ်လိုက်တာ..။


ဟန်နီလေးနှင့်သူငယ်ချင်းနန်းဟွမ် ကလေးတွေကိုမုန့်ဝေပေးနေပုံ


ကျမညီမ ဟန်နီလေး နိုင်ငံခြားမထွက်ခင် သူငယ်ချင်းတွေစုပြီး ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ မုန့် သွား လုပ်ကျွေး ချင်တယ် အဲဒါ မကြီးစီစဉ်ပေးပါဆိုလို့...။ ကျမကသူတို့ကို လွယ်ကူပြီး အလုပ်သိပ်မရှုပ်မယ့် ဟာမျိုးလဲဖြစ်တာကို စဥ်းစားပေးလိုက်တယ်...။ ခေါက်ဆွဲကြော်ကျွေးမယ်ပေါ့..။ ဒါနဲ့ သူတို့သူငယ်ချင်းတွေ ပိုက်ဆံကောက်ပြီးစုလိုက်တယ်...။ အချိုရည်ဗူးလှူချင်တဲ့သူကလဲ သူဘာသာသူဝယ်လာပေါ့...။ ကျမတို့ သွားလှူမယ့်မနက်စောစောမှာပဲ ကျမတို့ အိမ်နားက ကျွန်းတောဈေးမှာပဲ ခေါက်ဆွဲ နဲ့ တခြားလိုအပ်တာကိုဝယ်ကြပြီး လူကနည်းနည်းများတော့ ကားနှစ်စီးငှားပြီး သွားကြပါတယ်...။ ဟိုရောက်တော့ ကလေးတွေပျော်လိုက်ကြတာ...။ ဆရာမတို့လာကြတယ်လို့အော်ပြီးတော့လေ...။ ကျမတို့ကို သူတို့က ဆရာမလို့ခေါ်ကြတယ်လေ....။ ကျမတို့တွေ ခေါက်ဆွဲကြော်ဖို့ ဂေါ်ဖီလှီးသူကလှီး မီးမွေးသူကမွေးနဲ့ အလုပ်ရှုပ်တဲ့ အချိန်မှာ ကျမမောင်လေးက သူ့ဂီတာနဲ့ အရှေ့ခန်းမှာ ကလေးတွေကို သီချင်းနဲ့ဖျော်ဖြေပါတယ်....။ ခေါက်ဆွဲံ အချိန် တစ်ဆယ်ကို ၅အိုးလောက်ကြော်ခဲ့ရပါတယ်...။ ပျော်စရာလဲကောင်းပါတယ်...။ ဆရာမကတော့ သူဂေဟာမှာ ဒါမျိုးအလှူဘယ်သူမှ လာမလုပ်သေးဘူး တဲ့အကြောင်း၊ ကလေးတွေလည်း တော်တော်ပျော်ကြတယ် ဆိုတဲ့အကြောင်းပြောရှာပါတယ်...။
အဲဒီလိုကိုယ်တိုင်ကို်ယ်ကျ လာချက်ပြုတ်တော့မှ သူတို့တွေရဲ့ မီးဖိုချောင်လိုအပ်ချက်ကိုတွေ့လာတယ်...။ ဒါကြောင့် မီးဖိုချောင်အသုံးပစ္စည်းတွေထပ်လှူဖို့ ကျမစိတ်ကူးရလာတယ်...။ အဲဒီနေ့က ကျမတို့ရဲ့ ခေါက်ဆွဲကြော်ကို ကလေးတွေအားပေးလိုက်တာများ...နောက်ဆုံးအသားတွေမလောက်တော့လို့ ကြက်ဥပြေးဝယ်ပြီး ကျန်တဲ့နောက်ဆုံးခေါက်ဆွဲကို ကြက်ဥနဲ့ပဲ ကြော်ပေးလိုက်ရတယ်...။ အဲဒါလည်းကုန်တာပဲ..။ တကယ်အားရစရာပါ...။

အားလုံးစားပြီးကြတော့ အချိုတည်းဖို့မုန့်တွေဝေကြတယ်...။ ပြီးတော့ ကလေးတွေက ကျေှးဇူးတင်ကြောင်း သီချင်း၃ပုဒ်လောက်ဆိုပြတယ်...။ ဆေးကျောင်းကမောင်လေးတစ်ယောက်ပါ ပါလာတော့ ကလေးတွေရဲ့ ကျန်းမာရေးတွေပါမေးဖြစ်ကြတယ်...။ နားပြည်ယိုတဲ့ကလေးကို ဘယ်သူနဲ့ပြ ဘာဆေးစား စသဖြင့်ပေါ့...သူတို့တွေလဲ အရမ်းကိုကုသိုလ်ရပါတယ်...။ ဖြစ်ချင်တော့ ကလေးမွေးထားခါစအမျိုးသမီးကို သူ့ကလေးငယ်လေးပိုက်ထားတာတွေ့တော့ ဆရာမကိုမေးကြည့်တာ...။ ယောကျာင်္းက ထားပစ်သွားလို့ စားစရာ နေစရာမရှိတာနဲ့ သနားလို့ခေါ်ထားတာတဲ့..။ အဲဒီအမျိုးသမီးရဲ့အမေ အဒေါ်ကြီးတစ်ယောက်ပါပါသေးတယ်...။ ဒါနဲ့ ကလေးလေးကိုကြည့်တော့ မြတ်စွာဘုရား ကလေးတစ်ကိုယ်လုံးရ အဖုပိန့်တွေထွက်တာများ မြင်လို့တောင် မကောင်းပါဘူး...။ တကယ်အသည်းယားစရာပါ...။ သူတို့ကို ကလေးဘာဖြစ်တာလဲမေးကြည့်တော့ ယားနာပေါက်တာတဲ့...။ အဲဒါနဲ့ ဆရာဝန်မောင်လေးကို ကြည့်ခိုင်းတော့မှ ၀က်သက်ပေါက်တာတဲ့ဗျာ...။ ကဲ...ဒါဖြင့် ဆေးခန်းရောပြကြလားဆိုတော့...။ ပြစရာပိုက်ဆံမရှိဘူးတဲ့...။ ကျမတို့ ပိုက်ဆံစုပြီး တစ်သောင်းခွဲကို ကလေး ဆေးခန်းပြဖို့လှူလိုက်တော့ သူတို့အရမ်းဝမ်းသာသွားကြတယ်...။ သူတို့ကိုလဲ သေချာမှာခဲ့တယ် ဒီကလေးနဲ့ ပတ်သက်ပြီး တစ်ခုခုလိုအပ်လာတာရှိရင် ဆက်သွယ်ပါ ဆေးဖိုးဝါးခကို ကျမသူငယ်ချင်း တစ်ယောက်က သူတာဝန်ယူ ပါ့မယ်လို့ပြောပါတယ်...။ ၀မ်းသာစရာပေါ့...။ ဒီဘက်နှစ်စကစပြီး ကျမတိှု့ တစ်လကို ငါးသောင်းပုံမှန်လှူဖို့ ဆုံးဖြတ်လိုက်ပါတယ်...။ အလှူခံလို့ရတာနဲ့ လိုတာကိုဖြည့်ပြီး ငါးသောင်းကို တစ်လတစ်ခါ လာကောက်ခိုင်းထားပါတယ်...။ ကျမ သူငယ်ချင်း နှစ်ယောက် ကတော့ ပုံမှန် တစ်ယောက်တစ်သောင်းဆီ အလှူထည့်ပါတယ်....ကျန်တာတော့ ကျမစိုက်လှူပါတယ်...။ ဒီဘလောက်ကိုလာလည်တဲ့သူငယ်ချင်းတို့လည်း တတ်အားသမျှ လှူချင်ခဲ့ရင် အောက်မှာ လိပ်စာနဲ့ ဖုန်းနံပါတ်ကိုရေးပေးထားပါမယ်....။ တလောက အလှူငွေလာကောက်ရင်း အိမ်အသစ်ပြောင်းသွားပြီတဲ့..။ အိမ်ပိုင်ရသွားပြီတဲ့...။ ချင်းလူမျိုးအလှူရှင်တစ်ယောက်က အိမ်ဝယ်ပြီးလှူလိုက်တာ... အဲဒီအိမ်ကတော့ ခုအောက်မှာကျမရေးပေးထားတဲ့လိပ်စာနဲ့အိမ်ပဲဖြစ်ပါတယ်....။

အနန္တမေတ္တာရိပ်မွန် အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊ ၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။ ဖုန်းနံပါတ် ၅၈၄၀၂၆ 


  မိုးငွေ့