Wednesday, 13 December 2017

တောင်ငူမုန့်ဟင်းခါး....



ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ကြီးတော်ယောက်ျားက တောင်ငူသား သူငယ်ချင်းနဲ့ သူ့ကြီးတော်ဆီ လိုက်သွားလည်ရင် သူတို့တောင်ငူမုန့်ဟင်းခါးလုပ်စားတာနဲ့ ကြုံတာနှစ်ကြိမ်ရှိပြီ...။ ဒါနဲ့ လုပ်နည်းလေးနဲ့ကို မှတ်လာပြီး အိမ်မှာလုပ်စားကြည့်တာလေ...။ တောင်ငူမုန့်ဟင်းခါးရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ ဆန်လှော်မှုန့်ပါပဲ..။ ကျွန်မတို့ မြန်မာဆန်လှော်မှုန့်နဲ့မတူဘူး...။ သူက ကောက်ညှင်းဆန်လှော်မှုန့်လို့ပြောပါတယ်...။ ရန်ကုန်မှာတော့ နည်းနည်းရှာဝယ်ရမယ်..။ ဆန်လှော်မှုန့်လေးက မှုန့်ညက်ညက်လွင့်လွင့်ပါးပါးလေး.. အရောင်က မီးခိုးသန်းတယ်...။ ကျွန်မချက်စားတဲ့ ငါးယောက်စာ Recipe လေးရေးပေးပါ့မယ်...။




ပါဝင်ပစ္စည်းများ

1. လယ်ငါးခူအနေတော် နှစ်ကောင်
2. စပါးလင်တစ်ပင်
3. ကြက်သွန်ဖြူ 10 တက်(ဆီချက်ချက်ဖို့နဲ့ ငါးနှစ်ကြော်ဖို့)
4. ကြက်သွန်နီဥကြီးတစ်လုံး
5. နနွင်း
6. ငံပြာရည်
7. ဆီ
8. မုန့်ဟင်းခါးဖတ် ငါးဆယ်သား

Topping(ထည့်စားဖို့လိုအပ်တာ)

1. ပဲကြော် (သို့) မိမိနှစ်သက်ရာအကြော်စုံ
2. ပဲတောင့်ရှည် ပါးပါးလှီး
3. နံနံပင်
4. ပူစီနံ (မထည့်လည်းရ)
5. ခရမ်းချဉ်သီး
6. ကြက်သွန်ဖြူဆီချက်
7. ငရုတ်သီးလှော်မှုန့်
8. ငါးငံပြာရည်


ပထမဦးဆုံး ငါးခူနှစ်ကောင်ကို ရှာလကာရည်နဲ့ အချွဲတွေကုန်အောင်ဆေးပေးပါ..။ ကျွန်မက ငါးကိုင်တာမကျွမ်းဘူး။ ဒီတောင်ငူမုန့်ဟင်းခါးချက်မယ်လုပ်တော့ အွန်လိုင်းကနေ သူများချက်နည်းတွေကို သွားလေ့လာသေးတယ်...။ မီးမီးငယ်(မမီး)ရဲ့ ချက်နည်းလည်းသွားချောင်းခဲ့တယ်...။ ငါးကို အရင်က ဆားတို့ မကျည်းနှစ်တို့နဲ့ဆေးတာပဲကြားဖူးတာ ခုရှာလကာရည်နဲ့ဆေးကြည့်တော့ အချွဲတွေစင်တာ သိပ်မြန်တာပဲ...။ ဆေးပြီးသားငါးခူနှစ်ကောင်ကို ငံပြာရည် နနွင်းလူးပြီး ထုထားတဲ့ စပါးလင်တစ်ပင် ထည့်ပြီး ရေမြှုပ်ရုံထည့်ပြုတ်ပါ...။ ငါးခူအသားနူးပြီဆို ဆယ်ထားပြီး အအေးခံထားပါ...။ ငါးခူကိုအသားနွှင် အရိုးကိုဆုံနဲ့ပြန်ထောင်းပြီး ငါးပြုတ်အိုးထဲစစ်ထည့်ပါ...။ ဒယ်တစ်လုံးမှာ ဆီထည့်ပြီး ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို ဆီချက်ချက်ပါ...။ ကြက်သွန်လေးတွေ ဝါရောင်သန်းလာမှ ဆီချက်ဝါဝါလေးရအောင် နနွင်းလက်ဖက်ရည်ဇွန်းဝက် ထည့်ပေးပါ...။ ဆီချက်ရပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပြီး ငါးနွှင်ထားတာထည့်ကြော်ပါ...။ ငါးအရည်ခြောက်တာနဲ့ ငါးပြုတ်အိုးထဲထည့် ကြက်သွန်နီကို သေးသေးစိပ်ပြီး ရေနွေးတစ်လီတာထည့်ပြီး ဆူတဲ့အထိတည်ပါ...။ ဆူလာရင် အပေ့ါအငံမြည်းပြီး အိုးချပါ..။

မုန့်ပွဲပြင်တဲ့အခါ ပန်းကန်ထဲကို မုန့်ဖတ်နဲ့အစာပလာတွေအကုန်ထည့်ပြီးရင် ဟင်းခါးရည် ဟင်းခတ်ဇွန်ကြီးနဲ့ နှစ်ဇွန်းလောက်ပဲခတ်ထည့်ပြီး ဆန်လှော်မှုန့်များများနဲ့ ခပ်ပျစ်ပျစ်လေး အသုပ်လိုနယ်စားရပါတယ် ..။ အဲလိုမစားချင်ရင်လည်း မြန်မာမုန့်ဟင်းခါးလို အရည်များများနဲ့စားလည်း ရပါတယ်ရှင့်...။ အချဉ်ကြိုက်ရင် သံပုရာစိပ်လေးညှစ်ထည့်ပါ...။




Enjoy Cooking !!!!!!


မိုးငွေ့

1 comment:

မီးမီးငယ် said...

ဟေး..
တွေ့ပြီကွ..ကိုယ့်ဟင်းတွေလာချောင်းတား))))
ကောက်ညှင်းအမူန့်တွေကထိုင်းမှာတော့ဖောချင်းသောချင်းဘဲဈေးထဲမှာလှော်ပြီးသားတံဆိပ်မျိုးစုံတွဆိပ်မပါတာရောရနိုင်တယ်။ကိုယ်တို့ဆီကကုလားလေးမဆလာရောင်းသလိုပေါ့..တောင်ငူကိုလှမ်းမှာရင်လည်းရပါတယ်..။
ကိုယ်လည်းအဲ့လိုအသုပ်ကြိုက်လို့ခဏခဏလုပ်စားဖြစ်တယ်။ ထိုင်းကောက်ညှင်းလှော်ကလည်းတထုပ်မှ ၁ဒေါ်လှ ထဲရယ်...။ မိုးငွေ့ပုံကြည့်ပြီးထပ်လုပ်စားမှ...ရှာရည်လေးခဏသိမ်းလို့ပြန်အုံးမှ..း))))