စာအုပ်တိုက်က သူမအတွက် ပေးတဲ့ စာအုပ် အုပ်နှစ်ဆယ်တစ်ထုပ်ကို နေ့လည် အချိန်လေးရတုန်း သွားယူထားလိုက်တယ်…။ အမြဲတစေ စလင်းဘက်တစ်လုံးနဲ့ဘယ်တော့မှမလုံလောက် အထုပ်တစ်ထုပ် လက်ဆွဲအပိုကပါမြဲပဲ…။ တစ်ခါတစ်လေလောက်များ အိတ်ကလေးတစ်လုံးနဲ့ ပဲလေးနဲ့ပြန်ရတယ်ကိုမရှိပါဘူး..။ အရင်ဘဝက ဘယ်လိုဆုတောင်းခဲ့လို့များပါလိမ့်လို့ သူမဘာသာ တွေးရင်း တစ်ယောက်တည်း သဘောကျစွာပြုံးမိတတ်သေး…။
အစကတော့ ဒီအထုပ်ရဲ့အလေးချိန်နဲ့ဆို အငှားကားလေးနဲ့ပြန်မှ အဆင်ပြေလိမ့်မယ်လို့တွေးထားခဲ့ပေမယ့် တက်စီဂိတ်မှာ သူမစီးနေကျကားကိုမတွေ့တာနဲ့ အထုပ်လေးကို ခပ်ဆဆမကြည့်ရင်း ဒီလောက်နဲ့တော့ ဘတ်စ်စီးပြန်လည်းဖြစ်ပါတယ်လေ…နေရာလေးဘာလေးရမှာပါလေလို့တွေးရင်း အချိန်တစ်ဆယ် နီးပါးလောက်ရှိတဲ့ သေချာချည်ထားတဲ့ ပိတ်လက်ဆွဲအိတ်လေးဆွဲရင်း အနည်းငယ်လှမ်းတဲ့ ကားဂိတ်လေးဆီကို သူမလျှောက်လာခဲ့လိုက်တယ်…။ ကားဂိတ်ရောက်တော့ ငါးမိနစ်လောက်ကားစောင့်ရသေးတယ်…။ ကားရောက်လာတော့ ကားချောင်ပါတယ်ဆိုပြီး တက်စီးလိုက်ပါတယ်…။ ကားပေါ်ရောက်တော့ ခုံနေရာတွေက နှစ်ယောက်ခွဲခုံမှာ ယောက်ျားနှစ်ယောက်ထိုင်နေတယ် သူမဝင်ထိုင်မယ်ဆို တခြမ်းတော့ ထိုင်ရမယ်…။ သူဘေးလွယ်အိတ်တစ်လုံးနဲ့ စာအုပ်ထုပ်အလေးချိန်နဲ့ ထိန်းပြီးတခြမ်းထိုင်ဖို့ကိစ္စကို လက်လျှော့လိုက်ပါတော့တယ်..။ မတ်တပ်ရပ်နေတာကမှဟုတ်ဦးမယ်လေ…။ အထုပ်ကိုအောက်ချလိုက်ရ ကောင်းမလားလို့ ကြမ်းပြင်ကိုကြည့်တော့ သူမ အထုပ်ကို အလေးခံပြီးဆက်ဆွဲထားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်…။ ကားက စီးရမှာ ငါးမှတ်တိုင်ထဲရယ်…။ မီးပွိုင့်တွေအကြာကြီးမိရင်တော့ သေပြီပဲ…။
သူမဆင်းရမယ့်မှတ်တိုင်မရောက်ခင်တစ်ခုမှာ နေရာရသွားတယ်…။ စောစောက တတိယမှတ်တိုင်ကနေတက်လာတဲ့ အသားခပ်ဖြူဖြူ ကောင်လေးက ဝင်ထိုင်ပါတယ်..။ သူက အထဲကိုတိုးထိုင်ရင်းသူမကိုလှမ်းကြည့်တယ်…။ ဒါကို သူမက မျက်လုံးဒေါင့်ကနေမြင်လိုက်တာပါ…။ ရှေ့မီးပွိုင့်ကျရင်တော့ တော်တော်ကြာဦးမှာပဲဆိုပြီး သူမဝင်ထိုင်လိုက်တယ်…။ သူမသေချာလှည့်မကြည့်မိပေမယ့် ရောင်စုံကန့်လန့်စင်းလေးတွေပါတဲ့ အဖြူရောင်အောက်ခံ စပို့ရှပ်လေးဝတ်ထားတဲ့ ကောင်လေးက ပေါင်ပေါ်တင်ထားတဲ့ သူ့လွယ်အိတ်လေးကို လက်တစ်ဖက်နဲ့ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ အရှေ့ထိုင်ခံလက်တန်းကို ခေါက်နေပါတယ်…။ စပယ်ယာက ဆင်းမယ့်သူတွေ အပေါက်ဝနားထွက်တော့ဆိုတော့ သူမအပေါက်ဝနားက လက်ကိုင်တန်းကို ကိုင်ပြီးရပ်နေလိုက်တယ်…။ သူမဘေးနားက ကောင်လေးကလည်းထလာပြီး သူမဘေးမှာပဲရပ်တယ်…။ စပယ်ယာပိုက်ဆံကောက်တုန်းက သူဆင်းရမယ့်မှတ်တိုင်နာမည်ပြောတော့ သူမနဲ့အတူတူပဲဆိုတာကို မှတ်မိလိုက်တယ်…။ မီးပွိုင့်မိပါတယ် ဘယ်လောက်ကြာလဲတော့မသိ စိတ်ထဲမတော့ တော်တော်ကြီး ကြာနေတာပါပဲ…။ လက်မောင်းတစ်ဖက်က တော်တော်ညောင်းကိုက်ပြီးနာနေပြီ…။ မှတ်တိုင်ရောက်လို့ ဆင်းပြီး ခြေလှမ်း လေးငါးလှမ်းပဲရှိသေးတယ်.. သူမလက်ထဲက အထုပ်ကို ဆတ်ခနဲဆွဲယူသွားတာခံလိုက်ရတယ်…။ သူမလန့်ဖျတ်ပြီးလှည့်ကြည့်တော့…စောစောက ကားပေါ်ကကောင်လေး…။
“ မ ကျွန်တော့်ကို တကယ်မမှတ်မိဘူးလား…”
လမ်းမီးတိုင်အရောင်ဝါဝါအောက်မှာ သူမသူ့ကိုသေချာကြည့်လိုက်မိတယ်…။ ပြီးတော့ သူက စပို့ရှပ်အကျီၤထဲက တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်တယ်…။ ဆွဲကြိုးလေးနဲ့ပါလာတဲ့ တစ်ခုခုကိုသူကလက်နဲ့ဆုတ်ကိုင်ထားလို့ ဘာလဲဆိုတာ သူမ မမြင်ရပါဘူး…။ လမ်းမီးရောင်အောက်မှာ လက်ခနဲဖြစ်သွားတဲ့ ဘော်ငွေရောင်ကြိုးလေးတွေနဲ့ ယှက်ထားတဲ့ အခေါင်းပွ ကြယ်ပုံစံ လော့ကက်လေးပါ…..။
“မောင်မောင်….”
“မှတ်မိပြီလား…. ခုအိမ်ပြန်မှာမဟုတ်လား…ကျွန်တော်လိုက်ပို့မယ်…မ”အထုပ်က လေးလိုက်တာ ဘာတွေလဲ ဒီလောက်လေးတဲ့အထုပ်နဲ့များ ကားငှားစီးလိုက်ပါတော့လားဗျာ…”
“အင်း အစကတော့ ကားငှားပြန်မလို့စိတ်ကူးရှိတာပါပဲ… ကဲထားပါတော့ မင်းက ဘယ်တုန်းကပြန်ရောက်နေတာလဲ… ဟို နိုင်ငံမှာ အလုပ်မလုပ်ဖြစ်တော့ဘူးလား..”
ကားဂိတ်နဲ့ သူမတိုက်ခန်းက အတော်လေးကိုလှမ်းပါသေးတယ်….။ လူပြတ်တဲ့ကားဂိတ်ခုံတန်းမှာ မှောင်ရိပ်ခိုတဲ့ စုံတွဲတွေလည်းရှိသေးတယ်…။ လမ်းမဟိုဖက်ကူးဖို့ လူကူးမျဉ်းရှိရာဆီကိုတောင်မှ အတော်လေးလျှောက်ရပါတယ်…။
“ဒီမနက်ပဲ ကိုနိုင်နဲ့ ဖုန်းစကားပြောဖြစ်သေးတာ… ရဲရဲပြန်ရောက်နေတယ်တဲ့… အဲဒါမောင်မောင်လဲလိုက်ပြန်လာတယ်လို့ သူကြားတယ်တဲ့ အစ်မနဲ့အဆက်သွယ်မလုပ်ဘူးလားလို့ သူမေးသေးတယ်… ကိုယ်လည်း မင်းတကယ်မှမဆက်သွယ်တာ မသိဘူးပဲပြောလိုက်တာပေါ့ အဆက်အသွယ်လည်း မလုပ်ပါဘူး… ဖုန်းနံပါတ်တွေဘာတွေများပျောက်သွားလားမပြောတတ်ဘူးကို ပြောတော့ ကိုနိုင်က… ဖုန်းနံပါတ်ပျောက်လည်း အစ်မရယ် ဖဘမှာ လာမေးလို့ရသားပဲတဲ့… အင်းအဲဒါလည်းဟုတ်တာပဲလို့တော့ ကိုယ်လည်းတွေးမိလိုက်သားပဲ… ဒါနဲ့ ကိုနိုင့်ကိုပြန်ပြောလိုက်သေးတယ်.. ပြေးတဲ့သူပြေးတာ ပြေးပါစေလေလို့….”
“ဟား ဟား… မဟုတ်ပါဘူး မ”ရယ်… ပြန်ရောက်ကတည်းက ကိုယ့်ကိစ္စနဲ့ကိုယ်ရှုပ်နေတာ…အားလုံးပြတ်မှပဲ ကိုယ်တွေ့ချင်တဲ့သူတွေလိုက်တွေ့မယ်လို့ စဉ်းစားထားတာပဲ… မ”ကို ကျွန်တော်ကားပေါ်တက်လာ ကတည်းက တွေ့သားပဲ မ”များမှတ်မိမလားလို့ကြည့်နေသေးတယ်..။ ဘယ်သူ့မှမကြည့်ဘဲ မျက်နှာကြီးတည်ပြီး တင်းနေတော့ ကျွန်တော်မနှုတ်ဆက်ရဲတာ…ခုံနေရာဖယ်ပေးတော့လည်း မ”လှည့်ကြည့်လာရင် နှုတ်ဆက်မလို့ပဲ မ”ကနဲနဲကလေးတောင်လှည့်မကြည့်ဘ ူးလေ…”
“ကိုယ့်အကြောင်းကို မင်းသိလျက်သားနဲ့…”
“ဟုတ်တယ် မ”က အရင်ပုံစံအတိုင်းပဲ ဘာမှမပြောင်းလဲဘူး… မြန်မာဝတ်စုံလေးကို ချစ်မက်ခုံမင်စွာ ဝတ်နေတာကအစလေ….”
လူကူးမျဉ်းကျားနားရောက်တော့ ကားတစ်စီးမရောက်လာခင် သူက သူမလက်ကိုဆွဲပြီး ကူးလိုက်တယ်….။ နွေးထွေးကြမ်းရှတဲ့ သူ့လက်ဖဝါးတွေက ဟိုအရင်ကလိုပဲ သူမကို လှိုက်ခနဲနွေထွေးရင်ခုန်မှုကို ပေးတုန်းပဲ…။
“မင်းဘာစားပြီးပြီလဲ… ကိုယ်တော့ဗိုက်တော်တော်ဆာနေပြီ ကိုယ်တို့အိမ်နားက တောင်ကြီးဖက်ထုပ်ကြော် စားရအောင်လေ… အဲဒီမှာ ထောပတ်သီးဖျော်ရည်လည်းရတယ်…”
တကယ်တော့ သူတည်းတဲ့နေရာကို မပြန်ခင် သူမနဲ့သူ တစ်ခါတုန်းက အတူထိုင်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကလေးဆီကိုလမ်းလျှောက်သွားရင်း ကားမှတ်တိုင်နားကအဖြတ် သူမကို လှမ်းမြင်လိုက်လို့ ကားပေါ်တက်လိုက်တာပါ…။ သူမဆင်းရမယ့် မှတ်တိုင်ကို သူအလွတ်ရနေလို့တော်သေးတယ် ကားစပယ်ယာမေးတော့ သူရှောရှောရှူရှူပဲဖြေနိုင်လိုက်တယ်..။
“ မ” နေ့တိုင်းပဲ ဒီလမ်းမှောင်မှောင်ကြီးကိုဖြတ်ပြီး အိမ်ပြန်တာပဲလား… အန္တရာယ်များပါတယ်… ရုံးကဖယ်ရီမလုပ်ပေးဘူးလား…”
“မင်းက ကိုယ့်ကို စိတ်ပူလို့လား… ဒီလမ်းက ကိုယ်လျှောက်နေကျ ဘာမှမဖြစ်ဘူး မပူနဲ့…ဒီညက လူနဲနဲပြတ်လို့ ခါတိုင်းဆို လူသွားလာတွေအများကြီး..”
သူမတို့ စကားတပြောပြောနဲ့လျှောက်လာရင်း သူမပြောတဲ့ အအေးဆိုင်လေးနားကိုရောက်လာပါတယ်…။
အပြင်ဖက်က ခုံလေးမှာပဲ သူမတို့ထိုင်လိုက်ကြတယ်…။ တောင်ကြီးဖက်ထုပ်ကြော်တစ်ပွဲ သံပုရာရည်ချဉ်ချဉ်တစ်ခွက်နဲ့ သူ့အတွက်တော့ ထောပတ်သီးလက်ဖျော်တစ်ခွက်မှာလိုက်တယ်…။ သူမမှာနေတဲ့အချိန်မှာ သူက အိတ်ထဲက စာရွက်တစ်ရွက်နဲ့ ဘောလ်ပင်တစ်ချောင်းထုတ်ပြီး စားပွဲပေါ်မှာ သူမမမြင်အောင် တစ်ခုခုရေးနေတယ်…။ ပြီးတော့ စက္ကူရွက်လေးကိုခေါက်ပြီး သူမကို ကမ်းပေးလိုက်တယ်…။
“အိမ်ရောက်မှဖတ်ကြည့်…ရော့”
“ဘာလဲ အရင်တစ်ခါလိုပဲ magic ink နဲ့ရေးထားတာပဲလား…. ဒီတစ်ခါလည်း မီးမှိုင်းတိုက်ပြီးဖတ်ရမှာပဲလား..”
“နိုးး… ဒီတစ်ခါတော့ ဒီထဲကနေဖတ်ကြည့်မှမြင်ရမှာ” တဲ့…။ သူက သူ့ဘယ်ဖက်ရင်ဘတ်ကို လက်ညိုးထိုးပြတယ်…။ သူ့ပုံစံလေးကို သဘောကျလို့ သူမ သွားစွယ်လေးတွေပေါ်အောင် ပြုံးလိုက်မိတယ်…။
“မင်းက ဆံပင်ပုံပြောင်းသွားလို့ထင်တယ် ကိုယ်မင်းကို ကားပေါ်မှာ တကယ်မမှတ်မိဘူးသိလား…”
သူမက ဖုန်းထဲကပုံလေးတစ်ပုံကိုရှာပြီး သူ့ကိုပြလိုက်တယ်……။
သူပေးထားတဲ့ အရုပ်ကလေးပုံကိုကြည့်ပြီး “ကျေးဇူး” လို့ သူခပ်တိုးတိုးဆိုလိုက်တယ်..။
“ဘာအတွက်လဲ….”
စားပွဲထိုးကောင်လေးလာချပေးတဲ့ သူ့အတွက်ထောပတ်သီးဖျော်ရည်ကို သူမယူပြီးမွှေပေးရင်း မေးလိုက်တာ…။
“ကျွန်တော်ပေးတဲ့အရုပ်ကိုခုထိသိမ်းထားသေးလို့လေ…”
“ဒါဆို မင်းကိုလဲ ကိုယ်ကျေးဇူးတင်တယ်….”
“ဘာလို့လဲ..”
သူက သူမကို မျက်ခုံလေးပင့်ကြည့်ရင်းမေးလိုက်တယ်…။
“ကိုယ်ပေးတဲ့ ကြယ်ကလေးကို ဆွဲထားတုန်းမို့ပေါ့…”
မိုးညတွေ ကုန်ဆုံးခါနီး ဆောင်းလေအေးက မသိမသာခပ်သော့သော့လေး သူနဲ့ သူမကြားတိုးဝှေ့လိုက်တယ်…။
တခါဖူးမျှ… “ချစ်တယ်”ဆိုတဲ့ စကားလုံးကို အပြင်မှာတွေ့ဆုံတိုင်းမသုံးနှုန်း မဖော်ပြခဲ့ဖူးတဲ့ သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံပုံလေးက အင်မတန်ရိုးစင်းညှင်းသွဲ့လွန်းတယ်လို့ ထင်မှတ်စရာ မကောင်းဘူးလား…..:)
မိုးငွေ့
5 comments:
နှစ်တွေကြာသော်လည်း...
သံယောဇဉ်က ရစ်တွယ်ဆဲ...
သိင်္ဂါရ ရသအပြည့်နဲ့စာလေးကို ဖတ်ရှုပြီးသွားပါပြီ..
နှစ်တွေက ကြာသော်လည်း..
သံယောဇဉ်က ရစ်တွယ်ဆဲ....
အားပေးသွားပါတယ်မိုးငွေ့ ရေ။
အိုင်အိုရာ
အို..ခံစားမှုကမိုက်တယ်..
Heart ထိတယ်မမရေ...^_^
ဖတ်ရတာ တစ်မျိုးလေးနော် ။
ခပ်ပါးပါးလေး ဆိုပေမယ့်
်ကိုင်လှုပ်သွားနိုင်စွမ်းရှိတယ် ။
Post a Comment