Tuesday, 28 February 2012

ရင်တွင်းစကား.....






စားရေးတဲ့သူဆိုတာ စာဖတ်သူတွေရဲ့စိတ်ကိုလှည့်စားတဲ့သူလား......?????

ကျမ မကြာခဏတွေးမိတဲ့ မေးခွန်းလေးတစ်ခုပါ....။
စာရေးသူဖက်ကကြည့်ရင် တနည်းအားဖြင့်လည်း မှန်ပါတယ်...ကိုယ်ရေးတဲ့စာတွေကို စာဖတ်သူတွေစိတ်ဝင်တစား ရှိစေချင်တာလည်းပါတယ်.... ကိုယ့်ရင်တွင်းကထွက်ကျလာတဲ့ ခံစားမှုပေါင်းစုံကိုလဲ ပြချင်တယ်... အဲဒီလိုလေး.....စာဖတ်သူကို အရေးအသားလေးနဲ့ လှည့်စားတာပဲပေါ့.....။

စာဖတ်သူအနေနဲ့ကြည့်ပြန်တော့လည်း အများစုက ဒီစာကိုဖတ်လိုက်တာနဲ့ ဒီအဖြစ်အပျက်ဟာ စာရေးသူရဲ့ ကိုယ်တွေ့ တကယ့်အဖြစ်အပျက်လို့ မုချမှတ်လိုက်တတ်ကြတယ်.....။ ကျမပြောချင်တာ အဲဒီနေရာလေးပါပဲ...။ စာရေးသူနဲ့သူ့စာကို မရောထွေးစေချင်ဘူးဆိုတာပဲ.....။ တချို့စာတွေမှာ မှတ်ချက် စာကြွင်းတွေအဖြင့် တွေ့ရတတ်ပါတယ် ဒီအဖြစ်အပျက်ဟာစိတ်ကူးနဲ့ရေးတာမို့ တိုက်ဆိုင်မှုရှိရင် နားလည်ပေးပါ ဘာညာတွေပေါ့။ကျမတော့အဲလို တခါမှ မှတ်ချက်မရေးဖူးဘူး....။ ဘာကြောင့်လဲဆိုတော့ ကျမရေးသမျှစာတွေအများစုက ကျမရဲ့ စိတ်ကူးယဉ်သက်သက်တွေပဲလေ.....။

တခါတလေစာဖတ်သူတွေက စိတ်ဝင်တစားရှိလာပြီဆို သူတို့ကိုပျော်ပါစေဆိုတဲ့စေတနာနဲ့ တကယ်ရှိသလိုဖန်တီးပေးဖူးပါတယ်.......။ ဥပမာ မနှစ်ကကျမတော်တော်များများရေးဖြစ်ခဲ့တဲ့ “အိန်ဂျယ်”လိုဇာတ်ကောင်မျိုးပေါ့....။ တကယ်တော့ “အိန်ဂျယ်”ဆိုတဲ့ ဇာတ်ကောင်က အပြင်မှာတကယ်ရှိတဲ့ လူငယ်လေးတစ်ယောက်ပါ...။ ဒါပေမယ့် ကျမရေးသမျှ အိန်ဂျယ်နဲ့ပတ်သက်တဲ့ အက်ဆေးအားလုံးဟာ ကျမစိတ်ကူးတွေနဲ့ပုံဖော်ထားခြင်းသက်သက်သာဖြစ်ပါတယ်...။ တချို့ကော်မန့်တွေကိုဖတ်မိရင် ကိုယ်ရေးခဲ့တဲ့စာအတွက် စာဖတ်သူကို တော်တော်လေးအားနာမိသွားတယ်....။
“အိန်ဂျယ့်” ကိုဆက်လက်ချစ်နေနိုင်ပါစေ...ဆိုတဲ့ ကော်မန့်လိုမျိုးပေ့ါ...။

တကယ်တော့ စာရေးသူတွေဟာ အပြင်ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှကို ကြည့်မြင်ခံစားပြီး စိတ်ကူးနဲ့ပေါင်းစပ်ရေးသားတတ်သူတွေပါ...။ ကျမအက်ဆေးတွေအများစုဟာ ကျမရဲ့ စိတ်ကူးယဉ်ခြင်းက စီးဆင်းလာတဲ့ စမ်းချောင်းလေးတစ်ခုပါ..။ ကျမက စိတ်ကူးတော်တော်ယဉ်တတ်တဲ့ မိန်းမတစ်ယောက်ပါ....။ သူများတွေယဉ်တာထက်ပိုယဉ်တတ်သူလို့ ဝန်ခံပါရစေ....။ အနီးကပ်ပေါင်းတဲ့ သူငယ်ချင်းတွေတောင် မသိနိုင်ပါဘူး...ဘာကြောင့်လဲဆိုတော့ ကျမရဲ့အပြင်လက်တွေ့လုပ်ကိုင်နေထိုင်မှုနဲ့ ကျမရဲ့ဝါသနာနဲ့က ဘယ်လိုမှ မဆက်စပ်နိုင်လို့ပါပဲ...။ ဒါကြောင့် ကျမရဲ့စိတ်ကူးယဉ်မှုတွေက စာတွေထဲမှာရောက်ကုန်ရော ဒီတော့ စာလာဖတ်သူတွေကသာ ကျမရဲ့စိတ်ကူးယဉ်မှုကိုပိုပြီးဖမ်းမိလိမ့်မယ်ထင်တယ်...။ ဒီအသက်အရွယ်အထိ စိတ်ကူးယဉ်နယ်ထဲက မရုန်းထွက်နိုင်တော့တာဟာ မရင့်ကျက်မှုဆိုရင်တော့ အိုခေ ကျမငယ်ပါသေးတယ်လို့ ဝန်ခံလိုက်မယ်...။

တခါတလေ ကျမ ဂျီတော့နစ်မှာ ရေးထားတတ်တယ် “အိန်ဂျယ်ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်လောက် သောက်ချင်တယ်” ...။ အဲခါမျိုးမှာ ကျမသူငယ်ချင်းတချို့က “wake up from your dream world” ဆိုတာမျိုးလာပြောတတ်တယ်....။ ငါစိတ်ကူးယဉ်တော်တော်လွန်သွားပြီလားလို့ ကိုယ့်ကိုယ်ပြန်မေးကြည့်တယ်......။ ဘယ်ဟာက စိတ်ကူးယဉ် ဘယ်ဟာကလက်တွေ့ဆိုတာ ခွဲခြားထားပြီးသားမို့ ကျမစိတ်ကို ကျမအသိဆုံး...။ ဒါကြောင့် ကိုယ့်စိတ်ကို ပိုမသိနိုင်တဲ့သူတွေပြောတာကို ကျမလျစ်လျူရှူနိုင်ခဲ့ပါတယ်....။

ပျော်စရာတော့ကောင်းတယ်....ကျမဘလော့ကိုလာဖတ်သူတွေ ကော်မန့်လာပေးသူတွေက ကျမစာကိုဖတ်ပြီး ကျမစိတ်ကိုဖတ်နေကြသူတွေလေ.....။ ခုတလော ကျမ ပန်းနုရောင်လေးတွေကို အရမ်းဓါတ်ကျနေတာကို မှတ်ချက်ပေးကြတာမျိုးပေါ့....။ ကျမက အပြောင်းအလဲတော့ မြန်တယ်ရှင့်.... မှန်သောစကားကိုဆိုတာ....။ ခုဒီအရောင်ကြိုက်ပေမယ့် နောက်တခါကျ နောက်တရောင်ပြောင်းကြိုက်တတ်သူမျိုး....။ ဖက်ရှင်နယ်ပယ်မှာ သူ့ season နဲ့သူ ဘာအရောင်ခေတ်စားလဲ ဒီနွေဦးကတော့ အဖြူရောင် မိုးရာသီ ဆိုဘာအရောင်ဆိုတာမျိုးလေ...။ ကျမရဲ့ ရာသက်ပန်အရောင်က အညိုရောင်ပါ....။ ဒီနေ့ဒီချိန်ထိတော့ အညိုရောင်နဲ့တူသော ကျမမျှော်လင့်ထားတဲ့သူမျိုး မတွေ့ဖူးသေးဘူး....:)

ဒီနှစ်ဦးပိုင်းမှာ ကျမရဲ့ အဓိက ဇာတ်ကောင်ကတော့ “ကျွန်မရဲ့ကဗျာဆရာ”ပါပဲ...။ သူ့ကိုလဲ ရှင်တို့တွေ သိပ်စိတ်ဝင်စားနေကြတယ်မဟုတ်လား....။ အိုခေ.... သူလည်း အပြင်မှာတကယ် သက်ရှိဇာတ်ကောင်ပါပဲ...။ အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ “ကျွန်မ၏စာရေးဆရာ”နဲ့ပတ်သက်ပြီး ရေးသမျှစာတွေဟာလည်း ကျမရဲ့စိတ်ကူးယဉ်သက်သက်ပါ....။ ဒါပေမယ့် အချိန်ဘယ်လောက်ကြာတဲ့အထိ ကျမအတွက် သူကုန်ကြမ်းဖြစ်နိုင်မလဲ ဆိုတာမပြောတတ်သေးဘူး..။ လောလောဆယ် ကျမကတော့ သူ့ကဗျာတွေအတွက် ကုန်ကြမ်းပါ.....။

အဆိုးဆုံးကတော့ စိတ်ကူးယဉ်စာရေးသူတွေဟာ စာဖတ်သူတွေ သူ့ဇာတ်ကောင်တွေကို လှည့်စားရုံတင်မကဘဲ သူ့ကိုယ်သူလဲ လိုအပ်ရင် လှည့်စားရသေးတာကိုပဲ....။ကျမခုလိုဘာကြောင့် ရင်ဖွင့်စကားဆိုချင်ရသလဲ?? ကျမစာတွေရေးရင်း စာဖတ်သူတွေကိုလှည့်စားရပါများလာလို့ ရင်ထဲမွှန်းကြပ်လာလို့ပါ....။ အားနာတယ်...အမှန်တော့ ကိုယ်ရေးတဲ့ စာတွေက ဘာမှရေးကြီးခွင်ကျယ်တာလဲမဟုတ် ဘယ်သူ့အတွက်မှလဲ အရေးပါတာမဟုတ်ဘူးလေ...ဒါပေမယ့် ကျမစိတ်ကူးယဉ်ရေးချသမျှကို စိတ်ဝင်တစားနဲ့ ခံစားအားပေးသွားကြတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲ ။ စာဖတ်သူတွေကသာ ကျမအတွက် တကယ့်ခွန်အားပါ.... တကယ်ပါ ရှင်တို့တွေသာမရှိရင် ကျမစာတွေဟာ သေဆုံးသွားတာကြာပြီပေါ့...။


မိုးငွေ့

16 comments:

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မီးမီးထူးထူးဆန်းဆန်းလေးတွေစိတ်ကူးတတ်တာ FMA မှာကတည်းကမီးမီးရေးတဲ့ဝတ္ထုတိုလေးတွေဖတ်ပြီးသိပါ့ .. ဒါဟာ အပြစ်မှမဟုတ်တာကွယ်... ဖန်တီးနိုင်မှုပါ ...

ချစ်တဲ့
ဝသုန်

Candy said...

မမစိတ်ကူးယဉ်တတ်လို့ပဲ သိပ်ခံစားလို့ကောင်းတဲ့စာတွေ ထွက်ကျလာတာပေါ့ :D

ညိမ်းနိုင် said...

ဟုတ်ပါဘီဗျာ....ဟုတ်ပါဘီ.....ကျမ၏ကဗျာဆြာက မမိုး
ကို သူ့ကဗျာတွေအတွက် ကုန်ကြမ်းရှာလိုက်၊မမိုးက
လည်း အက်ဆေးလေးတွေအတွက် သူ့ကို ကုန်ကြမ်း
ရှာလိုက် နဲ့ ဟုတ်နေတာပေါ့လေ...၊ဒါပေမယ့် ဒီလိုဝန်ခံ
လိုက်တော့လည်း တစ်မျိုးကြီးပဲဗျ....၊မမိုးအက်ဆေးလေး
တွေဖတ်ပြီး အိန်ဂျယ်ဆိုတာဘယ်လိုပုံပါလိမ့်....၊နောက်
တစ်ပုဒ်ကျရင် မမိုးနဲ့ အိန်ဂျယ် ဘယ်လိုတွေဆုံမှာပါလိမ့်
နဲ့ စိတ်ကူးရတာက ဖီလင်ဗျ...၊ကျမရဲ့ကဗျာဆြာ ကို
တော့ (သိသလိုလိုမို့) အဲ့လိုမခံစားရပေါင်ဗျာ...:P
ကဲ ခုတော့ မမိုးက ဒီလိုကြီးရေးလိုက်တော့ ဖီလင်လေး
တွေကို ဘယ်လိုခံစားရမလဲလို့....ဟွင်း.......။

စံပယ်ချို said...

ဘယ်လိုပဲ ပြောပြော ကျေနပ်စွာခံယူရင်း
စာတွေဆက်ဖတ်နေမှာပါ
ရင်တွင်းစကားနဲ့ အတူ
ရင်ထဲကထွက်လာတဲ့စိတ်ကူးလေးတွေကိုလဲ
ချစ်တတ်ပါတယ်မိုးငွေ့ရေ
ချစ်တဲ့ jasmine

လွင်ပြင်လှိုင်းငယ် said...

ဆက်လက်အားပေးလျက်ပါ

မအိမ်သူ said...

စိတ်ကူးယဉ်တတ်တဲ့သူမှ စာရေးလို့ရတာလေကွယ်..း))
တကယ့်အဖြစ်အပျက်ကို စာနဲ့ချရေးမယ်ဆိုရင်တောင် အဲဒီအဖြစ်အပျက်ကို စိတ်ကူးထဲမှာ ပြန်စဉ်းစားပြီး ပုံဖေါ်ရတာပဲမဟုတ်လား.. အဲဒါလဲ စိတ်ကူးယဉ်နည်း တစ်မျိုးပဲလေ။ လောကမှာ ဘယ်အရာပဲဖြစ်ဖြစ် တစ်စုံတစ်ခုကို ဖန်တီးနိုင်ဖို့ဆိုရင် imagination မပါပဲ မဖြစ်နိုင်ပါဘူး..း)
(မိုးငွေ့ရေ စာကြွေးတွေလဲ ရှင်းသွားပါတယ်။ အခုတလော မရောက်ဖြစ်တာ ကြာပြီး ဖတ်စရာတွေက တပုံကြီးဖြစ်နေတာကိုးးး.. :D)

blackroze said...

မျက်စိနဲ့နား နဲနဲလည်သွားတယ်..
ဒါပေမဲ့ အားပေးတယ်..
ဆက်လက်ပြီးစိတ်ကူးတွေနဲ့
စာတွေကဗျာတွေဖန်တီးပါဦးလို့

မီးမီးငယျ said...

ဖန်တီးတတ်တာ စိတ်ကူးကနေစလာရတာဘဲနော်..။
ကောင်းသောစိတ်ကူးလေးတွေနဲ့ သိမ်မွေ့ တဲ့၊
အနုပညာလေးတွေဖန်တီးတတ်တာ မိုးငွေ့ ရဲ့ ပညာတွေလေ..။
အားပေးတယ်နော်။

သက်တန့်ချို said...

မိုးငွေ့ရေ -- တဂ်ထားတယ်နော် ပြန်ဖြေပေးပါဦးခင်ဗျး))

http://www.thettantcho.com/2012/02/blog-post_29.html

ခင်မင်စွာဖြင့်

သက်တန့်ချို

ပန်းချီ said...

စာဖတ်သူတွေအပေါ် စာရေးသူရဲ့ ဇာတ်ကောင်တွေ လွှမ်းမိုးမှုခံရတယ်ဆိုတာ စာရေးသူတစ်ယောက်ရဲ့ အောင်မြင်မှုတစ်ခုပဲမဟုတ်လားမရေ။ ခုလိုချရေးလိုက်တော့လည်း ရင်ထဲမှာပေါ့သွားမှာပါ။ ချစ်စရာ၊ ရင်ခုန်စရာကောင်းတဲ့ မမိုးရဲ့ စာစုလေးတွေထဲ ဆက်လက်စီးမျော ခံစားပါရစေဦး။

မဒမ်ကိုး said...

အာ .မမိုးကလဲ .စာရေးသူဆိုတာ ဒီလိုဘဲရေးကြတာဘဲကို
ထပ်တူမြင်ကြတယ်ဆိုတာကတော့ထုံးစံဖြစ်နေပြီလေ
ဘာပဲဖြစ်ဖြစ် အားပေးတယ် ဖတ်နေမှာပါပဲ

ချစ်တဲ့

ဒိုးကန်

ညီရဲသစ် said...

တကယ်တော့ စာရေးသူဆိုတာက စိတ်ကူးတွေကို အသက်သွင်းနေကြ သူတွေလို့ ထင်ပါတယ်...

ဖြိုးဇာနည် said...

မမဝသုန် နဲ့ကပ်လိုက်လာတာပါ

ခံစားသွားပါတယ်

မောင်သီဟ said...

အမ်မလေး ဟုတ်ပါပီဗျာ
မောင်ဘကြိုင်တို့ကလည်း စာရေးသူအလှည့်စားခံဖို့
အမြီးနှံ အဲလေ... ဘလော့အနှံလည်စာဖတ်နေတာဗျားး)
း)
ဘာပြောပြောပါ မမိုးငွေ့ရယ်း) စိတ်ခံစားချက်နဲ့ စိတ်ကူး ၅၀း၅၀ ရောစပ်ပြီး ကဗျာဖြစ်ဖြစ် စာဖြစ်ဖြစ် ဖန်တီးရတာပဲမဟုတ်လားး)
ညာနဲ့နော်
တိလယ်


မောင်ဘချိုင် အဲ မောင်ဘကြိုင်း)း)

San San Htun said...

ဟုတ်တယ် မမိုးရေ..ဇာတ်ကောင်တွေနဲ့  ဖန်တီးသူကို တွဲမြင်နေတယ်..ဖန်တီးတာတွေ မရှိတော့ရင် အနုပညာတွေ ဘယ်ရှင်သန်တော့မလဲ...

Yin Sue said...

အစ်မရေးသွားတဲ့စာလေးတွေ ဖတ်ရတာ အရမ်းကောင်းပါတယ်......တကယ်ခံစားဘူးမှရေးရင် ပရိသတ်အတွက် အများကြီး ပေးနိုင်မလဲနော်....အစ်မ စိတ်ကူးများများယဉ်ပါစေလို့တောင် ဆုတောင်းချင်တယ်.....ဒါမှ အစ်မခံစားမှု့ စိတ်ကူးယဉ်အနုပညာတွေ ခံစားရမှာလေ...အပြစ်လို အစ်မ မတွေးပါနဲ့....အစ်မပရိသတ်အတွက် စာလေးတွေ ရေးနေတယ်ဆိုရင် အစ်မပျော်မှာပါ.....နားလည်လို့တော့မဟုတ်ပါဘူး...အစ်မခံစားချက်လေးကို ၀င်ခံစားကြည့်တာပါ....ခုန ဒီစာကိုမဖတ်ခင် အိန်ဂျယ်အကြောင်းဖတ်မိသေးတယ်..အဲတုန်းကတောင် တကယ်ခံစားရတာလို့တောင်ထင်သွားတယ်....အစ်မစာအရေးအသား တကယ်နုညံ့ပြီး လှပါတယ်....မြောက်ပြောတာမဟုတ်ဘူးနော်....တကယ် ကောင်းလို့ပါအစ်မရဲ့စာတွေကို အားပေးနေတယ်နော်....