Tuesday, 12 July 2011

မေမြို့ည.....



အမှောင်ထဲမှာ သူစီးကရက်သောက်နေတာ တစ်ဗူးနီးပါးဖြစ်နေပြီ…..။ စီးကရက်ကို ရှိုက်ဖွာရင်း လက်တစ်ဖက်က မီးခြစ်လေးကို ဖွင့်ချည်ပိတ်ချည်လုပ်နေမိသည်...။ သူ့စိတ်တွေ မငြိမ်မသက်ဖြစ်နေမှန်း သိသာထင်ရှားနေသည်။ ရင်ထဲက အပူတွေကို စီးကရက်မီးခိုးနှင့်အတူ မှုတ်ထုတ်ကြည့်မိသည်….။ မအောင်မြင်။ စီးကရက်တစ်ဗူးသာကုန်လို့သွားသည်…။ မွေးကတည်းက ငြင်းဆန်ခြင်းကို နားမလည်ခဲ့သည့် သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေမိသည်…။ ခုတော့… သူ့နှလုံးသားကို အရှင်လတ်လတ်သတ်ပစ်ရတော့မည်…။ မဟုတ်ဘူး….။ တစ်စုံတစ်ယောက်ဆီမှာ အပြီးအပိုင်ထားခဲ့မှန်း သူခုမှနားလည်သဘောပေါက်တာပါ….။ ဟုတ်တယ်….။ သူ… ဒီမြို့ကိုပြန်ရောက်ကတည်းက လူက ခံစားချက်မဲ့ ဟာလာဟင်းလင်းကြီး….။ လူကြီးတွေ စိတ်တိုင်းကျစီစဉ်တာကို စက်ရုပ်တစ်ရုပ်လို လိုက်နာခေါင်းညိတ်နေမိတာကလွဲလို့ သူစိတ်ပါလက်ပါ ဆောင်ရွက်သည့် ကိစ္စတစ်ခုမှမပါ….။

ခုချိန်မှာ သူ့ရင်ဘတ်အပြည့်နေရာယူထားသည့် မျက်ဝန်းနက်နက်နှင့် ဖော်ရွေသွက်လက်သော နှုတ်ခမ်းတစ်စုံပိုင်ရှင်ကိုသာ တမ်းတနေမိတော့သည်….။ ဘာကြောင့် သူ့ဘဝကို ကြာရှည်သည့် အချိန်ပိုင်းခြားတစ်ခုအထိ စိုးမိုးထားခဲ့ဖူးသော မိန်းကလေးကိုမရွေးချယ်ခဲ့မိသလဲ….။ တကယ်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်နှလုံးသားကိုယ်သေဒဏ်ပြန်ပေးသည်နှင့်တူပါသည်….။ ဒီလိုပဲ ရင်ထဲကအပူကို ငြှိမ်းဖို့ ညည သူခြံထဲ ညဉ့်နက်သည်အထိ ထွက်ထွက်ထိုင်ဖြစ်တာကြာပြီ….။ သူ့မှာ ရင်ဖွင့်ဖော်ဆို၍ စီးကရက်ရယ် လမိုက်ညရယ် တခါတလေ လပြည့်ညနဲ့ ကြယ်ကလေးတွေရယ်…. အေးစိမ့်တဲ့လေပြေတွေရယ်ပဲရှိတာပါ….။ သူ့ကျောပြင်ကို တင်းကျပ်စွာဖက်လို့ ရင်ခွင်မှာ ပါးအပ်ထားသည့် ကောင်မလေးကို သူလွမ်းလွမ်းဆွေးဆွေးရှိလာသည့်အခါ သူ့ပါးပြင်ပေါ် မျက်ရည်တွေအလိုလိုစီးကျလာတတ်သည်….။

မြို့ပြန်ရောက်လာကတည်းက ငယ်သူငယ်ချင်းတွေနှင့် ဆိုင်ကယ်အတူထွက်စီးဖြစ်သည့်ရက်…. လျှောက်လည်သည့်ရက်တွေကနည်းပါသည်…။ သူမဆီဖုန်းဆက်ဖို့ သူအကြိမ်ကြိမ်ကြိုးစားမိသေးသည်…။ ဖုန်းခွက်ကိုကိုင်ပြီး သူဘာပြောရမှန်းမသိ ပြန်ပြန်ချဖြစ်တာကများနေသည်…။ တစ်ဘက်က “ဟဲလို”လို့ ပြန်ထူးသည့် သူ့နတ်သမီးလေးအသံက ရင်ဘတ်ကို နှုံးခွေသွားစေတော့သည်….။ သူ ဒီကိုပြန်တော့ လေယာဉ်ကွင်းမှာ ငိုမဲ့မဲ့နှင့် ကျန်ရစ်ခဲ့သော သူမမျက်နှာလေး သူ့မျက်လုံးထဲကမထွက်….။ သူ့လုပ်ရပ်တွေ သူ့ဆုံးဖြတ်ချက်တွေက သူမအပေါ်ရက်စက်ရာကျသွားပြီလားဟု မချင့်မရဲတွေးမိသည့်အခါတိုင်း မိဘတွေ၏ ဆန္ဒကို မလွန်ဆန်ချင်သည့် စိတ်က စိုးမိုးသွားပြန်သည်….။

လက်ပတ်နာရီက မီးစုန်းကိုဖွင့်ကြည့်တော့ ည၁၂နာရီ သန်းခေါင်ကျော်နေပြီ…..။ သူဒီလို ညအမှောင်ထဲထိုင်ဖြစ်နေတာ ရက်ဆက်လာလို့ဖြစ်မည် အိပ်ရေးပျက်သည့် ဒဏ်နှင့် သူခေါင်းတွေအုံခဲပြီး ကိုက်နေတတ်သည်….။ သူ့ခြေထောက်ကို တစ်စုံတစ်ရာလာပွတ်သပ်နေသည်…။ အမှောင်ထဲမှာ သူစမ်းပြီး ပွေ့ယူလိုက်၏….။ သူ့အချစ်တော်ခွေးကလေး မရှိတော့သည့်နောက် အိမ်မှာ မွေးဖြစ်သည့် ကြောင်ကလေးတစ်ကောင်ပါ…။ အမှောင်ထဲမှာ ကြောင်ကလေး၏ မျက်လုံးများက လင်းနေသည်…။ ကြောင်ကလေးက “ညောင်”ဟုအော်ပြီး သူ့ရင်ခွင်ထဲ အတင်းတိုးခွေ့ဝင်သည်….။ သောက်လက်စ စီးကရက်ကို နှုတ်ခမ်းမှာတေ့ထားရင်း ကြောင်ကလေးကို သူပွေ့ဖက်လိုက်သည်…။ ဒီညတော့ သူ့အဖော်အဖြစ် ကြောင်ကလေးတစ်ကောင်တိုးလာပြီပေါ့…။

သူ့အိတ်ကပ်ထဲက ဖုန်းကလေး တုန်ခါသွားတော့ ကြောင်ကလေးလန့်ပြီး ပြေးဆင်းသွားသည်…။ သူ...ဖုန်းကိုထုတ်ပြီး နံပါတ်ကြည့်လိုက်တော့…“ဘုရားရေ…” သူ့နတ်သမီးလေးဆီကဖုန်းပါလား…။ ဒီအချိန်ကြီး ဘာအရေးတကြီးနဲ့ ဆက်လာတာပါလိမ့် သူအံ့အားသင့်စွာ တုန်လှုပ်စွာနားထောင်လိုက်သည်…။ “ကိုကိုလား….. ကိုကိုလားဟင်…. ခုချိန်ထိမအိပ်သေးဘူးလား”တဲ့….။ သူမေးမည့် မေးခွန်းများကို သူမက ဦးအောင်မေးလိုက်ခြင်းပင်….။ “ညီမလေးအိပ်မပျော်လို့ ကိုကို့ကို သတိရတာနဲ့ ဆက်ကြည့်တာ … ဆက်သာဆက်ရတယ် ကိုကိုများအိပ်နေပြီလားလို့ အားလဲနာမိတယ်…” သူမအသံကိုကြားတော့ နှုံးခွေချိနဲ့နေသည့် ရင်ဘတ်ကြီးတစ်ခုလုံး အားအင်တွေပြည့်လာသလိုလို….။ သူမနှင့် သူတော်တော်ကြာသည်အထိ စကားပြောဖြစ်ကြသည်…။ သူတို့ပြောဖြစ်သောအကြောင်းအရာမှာ များသောအားဖြင့် ငယ်ငယ်တုန်းက အကြောင်းတွေဖြစ်ပြီး တကယ်တမ်း တစ်ယောက်ရင်မှာ တစ်ယောက်ခံစားနေရသည်ကိုတော့ ကြိတ်မှိတ်မြိုသိပ် ဖုံးလွှမ်းထားကြသည်…။ အရွယ်နှင့် ရင့်ကျက်မှုတွေက သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ့်စိတ်ကိုယ်အလိုလိုက်မှုတွေကို တံတိုင်းတစ်ခုလိုခြားလိုက်ပြီ…။ ဖုန်းချခါနီး သူမနှုတ်ဆက်သွားပါသည်….။ သူမအသံတွေက တည်ငြိမ်ရင့်ကျက်မှုတွေအပြည့်ပျော်ဝင်နေသည်…။ ဝမ်းနည်းဆို့နင့် တုန်ယင်မနေပါဘူး…။ ဒီအတွက်လဲ သူကျေးဇူးတင်ရမှာပါ….။ သူကတော့ ယောက်ကျားတန်မဲ့ သူမ ဖုန်းချသွားတာတောင် ဖုန်းကိုင်ထားဆဲ ပါးပြင်ပေါ်က စိုစွတ်နွေးထွေးသွားသည့် မျက်ရည်ကိုလဲ သုတ်ဖို့မေ့လျော့ ...။ လည်ချောင်းထဲက ခါးသီးမှုတစ်ခုနဲ့အတူ နာနာကျင်ကျင်သူ မြိုချလိုက်သည်….။

သူ....ခုံကျောမှီကို ခေါင်းလန်ပြီးမှီချလိုက်သည်….။ အမှောင်ထုထဲမှာ ကောင်းကင်က လင်းခနဲအရာတစ်ခု ကိုတွေ့လိုက်သည်…။ ကြယ်ကြွေသွားတာပါ….။ ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းပြည့်သည်ဟု သူကြားဖူးပေမယ့် သူ့ဘဝမှာတော့ ဒီတစ်ခါသာ ကြယ်ကြွေတာကို ပထမဦးဆုံးအကြိမ် ဆုတောင်းမိခြင်းဖြစ်သည်…။ သူမရော ကြယ်ကြွေတာကို မြင်ရင် ဘယ်လိုဆုမျိုးတောင်းမလဲသူ သိချင်နေမိသည်…။ မေမြို့ည… လမိုက်ညတစ်ညမှာ ကြယ်ကြွေနဲ့အတူ သူ့နှလုံးသားသည်လဲ ကြွေခသွားခဲ့ပါပြီ….။ 

ကြေကွဲစွာ…. နာကျင်စွာ…. သိုသိပ်စွာဖြင့်ပေါ့………


မိုးငွေ့

12 comments:

မဒမ္ကိုး said...

ကျမကတော့..အဲဒီမြို့လေးမှာငယ်ဘ၀ရှင်သန်ခဲ့ဖူးတယ်
ကျမငယ်ဘ၀တွေပျော်ရွှင်ခဲ့ဖူးတယ်....
ဒါပေမယ့်..ခုကျမ.အဲဒီမြို့ကိုမုန်းသွားတယ်
အဲဒီမြို့ကမိန်းမတစ်ယောက်ကြောင့်ကျမအိမ်ထောင်ရေး
ဗြောင်းဆန်သွားတယ်....
ခုတမြေထဲနေရတယ်..
ကျမအဲမြို့လေးကိုပြန်မသွားချင်လောက်အောင်
ကြောက်ရွံ့နာကျင်နေမိတယ်...

ခင်မင်လေးစားလျှက်
မဒမ်ကိုး

Cameron said...

စိတ်မကောင်းစရာပဲ အမရယ်.... ညီမတို့က အဲလိုကြောက်လွန်းလို့ အဲဒီဒဏ်ကိုမခံစားနိုင်လို့ကို အိမ်ထောင်မပြုတာ အဟဲ...ကြော်ငြာဝင်တယ်မထင်ပါနဲ့..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဇာတ်လမ်းထဲက ယောက်ျားက သတ္တိရှိပုံမရဘူး
ဒါကြောင့်လည်း သူချစ်တဲ့သူနဲ့ ဝေးရတာဖြစ်မယ်

အဖြူရောင်နတ်သမီး said...

မကြေကွဲချင်ဘူးကွယ်...း(

ညိမ်းနိုင် said...

အား....ဇာတ်လမ်းလေးက ရင်ထဲ တနင့်နင့်ဖြစ်ကျန်ခဲ့စေ
ရဲ့....။ဘာကြောင့်များကိုယ့်နှလုံးသားကို စတေးခဲ့ပါလိမ့်
နော်.....။

blackroze said...

မကြီးမိုးငွေ့

ကြယ်ကြွေတာမြင်လို့ဆုတောင်းရင်ပြည့်တယ်..လို့
ငယ်ငယ်ကယုံခဲ့ဖူးတယ်..ကြယ်ကြွေတာကိုတွေ့ရင်
ဆုလည်းတောင်းခဲ့ဖူးတယ်..

ဒါပေမဲ့...ဝတ္ထုထဲကလိုဘဲ..ဆုတောင်းမပြည့်ဘူး..
အမရယ်...

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလဲ ဆုတောင်း မပြည့်ဘူးမမ ဘယ်လို လုပ်ရမလဲ...:):)

ပန်းချီ said...

လွမ်းစရာကြီးး(

mstint said...

ဇာတ်လမ်းလေး ခေါင်းစည်းလေးနဲ့ တင်ထားတဲ့ပုံလေး (ညဥ့်နက်သန်းခေါင်ယံ ထင်းရူးပင်လေးနဲ့ကြယ်ကြွေပုံ) အားလုံး ကွက်တိပဲ။
လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်သွားတာပေါ့ကွယ်။ အချိန်က ကုစားသွားမှာပါ။

မေတ္တာဖြင့်
အန်တီတင့်

လင်းခေတ်ဒီနို said...

မိုက်စ် ဖတ်ရတာ ရမ်းမိုက်စ် . . . ရွေးချယ်ပြီးမှာတော့ ဒီလမ်း ဆူးလမ်းဆိုလည်း သူသွားရလိမ့်မယ်း))))

မိုးခါး said...

ဟွန်း .. သတ္တိမရှိတဲ့ လူစားမျိုး .. အဲလိုမပွင့်လင်းလို့ ဝေးရတာ အကြောက်ဆုံးပဲ .. ဝေးရမယ်ဆိုရင်တောင် အကြောင်းအရာ ခိုင်ခိုင်လုံလုံသိရမှ

စိတ်တိုသွားဘီ :D

San San Htun said...

ချစ်ရက်နဲ့ ဖွင့်မပြောရဲတဲ့သူတွေကို အသည်းယားတယ်..