Friday, 26 June 2009

ငယ်စဉ်တောင်ကျေး ကလေးဘဝကိုလွမ်းတမိသည်.....(၂)






တစ်နေ့က ကျွန်မတို့အိမ်မျက်စောင်းထိုးက အ.မ.က ကျောင်းရှေ့နားကအဖြတ် အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို အစ်မကြီးတစ်ယောက်နဲ့ စကားရပ်ပြောနေတာကိုတွေ့လိုက်တော့ ကျွန်မငယ်ငယ် လေးငါးတန်းတုန်းက ကျွန်မတို့ရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်ဖြူဝေ ကိုသွားအမှတ်ရမိတယ်...။ အဲဒီဆရာမကြီးရဲ့ ကိုယ်လုံးကိုယ်ထည်က ကျွန်မတို့တီချယ်နဲ့ တော်တော်ကိုတူတယ်...။

အဖြူအစိမ်းဝတ်ထားပေမယ့် တခြားဆရာမတွေနဲ့မတူဘဲ ထူးထူးခြားခြားလေးဖြစ်နေတယ်လို့ ခံစားရတယ်...။ အဲဒါနဲ့ သေချာကြည့်မိတော့ ဆရာမက ဂျော်ဂျက်အပျော့သားကို အောက်ခံနဲ့ ချုပ်ထားတဲ့ ကျောင်းစိမ်းထမီပျော့ပျော့လေးကို ဝတ်ထားတာတွေ့လိုက်တယ်..။ ဒါလည်း ငယ်ငယ်က ကျွန်မဆရာမ ဝတ်စားတာနဲ့တော်တော်တူနေပြန်တယ်..။ လက်ကိုက်ပဝါကို ခါးကြားမှာညှပ်တာကအစတူတာ...။

ကျွန်မတို့ဆရာမက စည်းကမ်းကြီးတယ်...သူမေးတဲ့ meaning မရရင်ကြိမ်လုံးနဲ့ဆော်တာပဲ...။ သူနေတဲ့အခန်းမှာဆို အလုံးသေးသေးဖြူဖြူနဲ့ ကြက်ဥကြိမ်ဆိုတဲ့ ကြိမ်လုံးတွေအများကြီးပဲ...။ ဘာကြောင့် ကြက်ဥကြိမ်လို့ ခေါ်သလဲဆိုတော့ ခြေသလုံးမှာ တစ်ခါတစ်ခါ ရွှမ်းခနဲရိုက်လိုက်လို့ကတော့ ကြက်ဥလုံးလောက် ယောင်ကိုင်း လာတယ်လို့ပြောကြတာကြားဖူးတယ်..။ ဟီး..ဟီး ကျွန်မလည်းငယ်ငယ်က ဆရာမကြိမ်လုံးနဲ့ရိုက်တာ လက်ဖဝါးမှာပဲခံရလို့ ခြေသလုံးမှာ ကြက်ဥလုံးလောက်ယောင်မယောင်တော့ မသိဘူးဗျ...။ ဆရာမရဲ့ ဒဏ်ပေးစနစ် နောက်တစ်ခုကတော့ ထိုင်ထလုပ်ခြင်းပဲ..။ တစ်ခါက သူစာသင်တာကို နားမထောင်ဘဲ အတန်းနောက်ဘက်က ကျောင်းသားတချို့စကားများကြလို့ဆိုပြီး ...တစ်တန်းလုံးကို ထိုင်ထ အခါတစ်ရာ လုပ်ခိုင်းတာခံရတာ...အားပါးပါး..အီစလံကိုဝေသွားတာပဲ...။ ကျောင်းဆင်းတော့ ကျောင်းလှေကားကိုတောင် မဆင်းနိုင်ဘူး ပေါင်တွေနာတာလေ..မပြောပါနဲ့တော့...။

အတန်းထဲမှာ ဆရာမဒေါ်ခင်ဖြူဝေရဲ့ အင်္ဂစာအချိန်ရောက်ပြီဆိုရင် ဆရာမ မရောက်ခင် သူ့ရဲ့ ကြိမ်လုံးနဲ့ကြမ်းပြင်ထောက်တဲ့ တဒေါက်ဒေါက် အသံနဲ့ ရေမွှေးနံ့က အရင်ရောက်လာတာပဲ...။ ဆရာမကရခိုင်လူမျိုး...တောင်ကြီးဇာတိ...။ သူတက္ကသိုလ် ကျောင်းသူဘဝက Valley Ball လက်ရွေးစင် တစ်ယောက်..။ ဒါကြောင့်ဆရာမရဲ့အရပ်ဆို အမြင့်ကြီးပဲ...။ ကျွန်မအထင် ငါးပေရှစ်ကိုးလောက် ရှိမယ်ထင်တယ်..။ 

စကားချပ် ။   ။ ဆရာမတို့အသင်း လေ့လာရေးခရီးထွက်တော့ ပုဂံညောင်ဦးမှာ.. ဇီးကွက်စိန်ဆိုတဲ့ ဟိုးတုန်းက မြန်မာပြည်မှာ အရပ်အရှည်ဆုံးအမျိုးသမီးနဲ့ ဓါတ်ပုံအတူရိုက်ထားတာကို ဆရာမပြလို့ကြည့်ဖူးတယ်...။ ဆရာမ ဒီလောက် အရပ်ရှည်တာတောင် အဲဒီဇီးကွက်စိန်နဲ့ယှဉ်လိုက်တော့ ပခုံးအောက်လောက်ပဲရှိတာ ... ။ ခုတော့ အဲဒီ ဇီးကွက်စိန်ဆိုတာလဲ မရှိတော့ပါဘူး..။ သူ့ကိုအစွဲပြုပြီး...သူနေခဲ့တဲ့ရွာကို ဇီးကွက်စိန်ရွာဆိုပြီး ခေါ်ကြတာခုထိပါပဲ...။ ပုဂံရဲ့ ဆုတောင်းပြည့် စေတီလေးဆူထဲက လောကနန္ဒာစေတီတည်ရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးက ရွာဟာ ဇီးကွက်စိန်ရွာပေါ့...။ အဲဒီဘုရားသွားဖူးရင် ထနောင်းပင်တွေသိပ်ပေါလို့ ဆူးတွေစူးမှာကို သတိတော့ထားရတယ်...။ ပြီးတော့ ထူးထူးခြားခြား ငါးကြော်နဲ့နွားနို့ကို တွဲရောင်းကြတယ်...။

ဒါနဲ့ ငယ်ငယ်က ဆရာမဆီ ညဘက်ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြတာကိုပြောပြချင်ပါတယ်..။ ညနေထမင်းစားပြီး 6း30 လောက်ဆို ကျွန်မတို့သူငယ်ချင်းတစ်စု ဆရာမနေတဲ့ ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြရပါတယ်...။ လျှပ်စစ်မီးမရှိတော့ ဖယောင်းတိုင်မီးနဲ့ပဲသင်ရပါတယ်...။ ဆရာမက စာသင်ရင်း သူ ရန်ကုန်တက္ကသိုလ်မှာ M.sc တက်တုန်းက အဲဒီကျောင်းမှာ ကျောပေါက်သရဲခြောက်တဲ့ အကြောင်းပြောပြတော့ ကြောက်လိုက်ကြတာ ကျွန်မဆို ခုံပေါ်ခြေထောက်တင်ထားရတဲ့အထိပဲ...။ ဘာရယ်မဟုတ်ဘူးပေါ့... ကလေးဆိုတော့ သရဲတစ္ဆေအကြောင်းပြောရင်ပဲ...အလိုလိုနေ ကြက်သီးမွှေးတွေထ ပြီးတော့ကို ကြောက်တာလေ...။

အဲဒီသရဲက ဘယ်လိုခြောက်လဲဆိုတော့ အဆောင်နေကျောင်းသူကျောင်းသားတွေ အပြောအရ သူကသာမန်လူအတိုင်းပဲ ဒါပေမယ့်လူတွေ့ရင် “ကျောပေါက်သရဲဆိုတာမြင်ဖူးကြလား” လို့မေးတတ်တယ်တဲ့... ။ ဟင့်အင်းလို့ဖြေတာနဲ့ သူက သူ့ကျောကုန်းအပေါက်ကြီးကို လှည့်ပြပြီးခြောက်တတ်တာတဲ့...။ တကယ် ဟုတ်မဟုတ်ဆိုတာတော့ မသိဘူးပေါ့..။ ဒါကတော့....ကျွန်မဆရာမ ကျောင်းသူဘဝတုန်းက ပေါ်ပြူလာဖြစ်ခဲ့တဲ့သတင်းလေးပေါ့...။ ကျွန်မတို့ ကျူရှင်ပြီးတဲ့အချိန်က ည 8း30လောက်ဖြစ်မယ်...ဆရာမက ကျွန်မတို့ကို ကျောင်းဝင်းထိပ်ထိလိုက်ပို့ပါတယ်...။ အဲဒီခါကျရင် ဆရာမကို တပြိုင်တည်း နှုတ်ဆက်တဲ့
( goodnight teacher, thank you teacher ) ဆိုတဲ့အသံကို ကြားယောင်နေမိတုန်းပဲ....။

ကျွန်မတို့ ငယ်ငယ်က ရွာမှာ သမန်းကျားအကြောင်းဆိုတာကို သိပ်ပြောကြတာ..။ လူတွေ ဆက်တိုက်နီးပါး သေကြပြီဆိုရင် ဒါ...သမန်းကျားကြောင့်ပေါ့...။ သမန်းကျားဆိုတာဘယ်လိုဖြစ်လာသလဲဆိုတော့ သေတဲ့သူက မပုပ်မသိုးဘဲ အမွှေးတွေရှည်လာတယ် လက်သည်းတွေရှည်လာတယ် သူ့ကိုမြှုပ်တဲ့ ဂူကိုသွားကြည့်ရင် အပေါက်တွေရှိတတ်တယ် ..။ ဒါဆို ဒီဂူထဲက သမန်းကျားဖြစ်နေတယ်ပေါ့...။ ညဘက် အဲဒီအပေါက်ကနေထွက်ပြီး လူစားတယ်ပေါ့...။ ဒါကြောင့်လူသေတယ်ပေါ့...။ ပုံပြင်တစ်ပုဒ်ပါပဲ...ဒါတွေဟာ တကယ့်အပြင်မှာမဖြစ်နိုင်ပါဘူး...။ အယူအဆတွေ အစွဲတွေဖြစ်မှာပါ...။ ငယ်ငယ်ကတော့မသိနားမလည်တော့ ကြောက်ကြတာပေါ့...။ ဒါကရွာမှာ ငယ်ငယ်က Hit ဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ပါ...။ ကျောပေါက်သရဲအကြောင်း ပြောရင်းနဲ့ ဆက်စပ်သွားတာပါ...။

ကဲ ....ကျွန်မရဲ့ဆရာမအကြောင်းကို ဆက်ပြောပြချင်ပါတယ်....။ ဆရာမက အရိုက်ကြမ်းလို့ မိဘတချို့က တိုင်လို့ ဆရာမ တာချီလိတ်ကိုပြောင်းရွှေ့သွားပါတယ်...။ ဆရာမက ကျွန်မတို့တာလေမှာ 3 နှစ်လောက်တော့ စာသင်ဖြစ်မယ်ထင်ပါတယ်...။ ဒါနဲ့ ကျွန်မလည်း (၇)တန်းမှာ ရန်ကုန်ပြောင်းလာတော့ ဆရာမသတင်းကို နောက်ဆုံးကြားမိတာကတော့ ယိုးဒယားဘက်ကို ထွက်သွားတာတဲ့ နိုင်ငံခြားသွားချင်တာနဲ့ သူသိပ်မြတ်နိုး ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာကိုစွန့်လွတ်ပြီး ခရစ်ယာန်ဘာသာထဲကို ဝင်သွားတယ်လို့ကြားတယ်....။ ပြီးတော့ BBC မှာ သတင်းကြော်ငြာနေတယ်လို့လည်း ကြားပါသေးတယ်...။
ဘာပဲဖြစ်ဖြစ် ဆရာမအသင်ပြကောင်းခဲ့လို့ အင်္ဂလိပ်စာအခြေခံကောင်းခဲ့တာပါ...။ ဆရာမ ကျေးဇူးတွေအများကြီးပါ...။ ဆရာမသာ ကျွန်မဘလော့ကို ဖတ်မိခဲ့ရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိပါသေးတယ်....။

“ဆရာမရယ်.....သမီး Blog ကိုဖတ်မိခဲ့ရင် သမီးကို ကွန်မန့်လေးပေးသွားခဲ့ပါနော်... ပြီးတော့ ငယ်ငယ်က သမီးကို သန္တာမလို့ခေါ်တတ်တဲ့ ဆရာမကိုလည်း သမီးသိပ်တွေ့ချင်နေပါတယ်...”


မိုးငွေ့

1 comment:

peachick said...

ကြက်ဥကြိမ်ကိုလဲကြောက်တယ်...
ကြောပေါက်ကြီးကိုလဲကြောက်တယ်..
အမက သူများကြောက်အောင်ရေးတတ်တယ်နော်..။
`ကြောက်ပေါက်ကြီးလို့´ ပြောလိုက်တော့
လူကိုကြက်သီးထသွားတာပဲ..။