Tuesday, 29 September 2026

အလွမ်းနယ်မြေ.....


 


ပိုပိုရဲ့  One Lady Show ကို You Tube မှာ အပိုင်းလေးတွေ တက်လာတော့ ဝင်ကြည့်မိရင်းက နားမထောင်ဖြစ်ခဲ့တဲ့ သူ့သီချင်းအဟောင်းတွေထဲက ဒီ "အလွမ်းနယ်မြေ" သီချင်းလေးကို နားထောင်ကြည့်တော့ကြိုက်ပြီး နေ့တိုင်းနားထောင်နေကျ playlist ထဲထည့်ထားတယ်...။

2013-14 ဝန်းကျင်က ပိုပို့သီချင်းတွေကို စသိခဲ့ပြီး သူ့အလွမ်းသီချင်းတွေကို ကြိုက်ခဲ့ နားထောင်ဖြစ်ခဲ့တာ...။ ခုချိန်ထိလည်း သူ့သီချင်းလေးတွေကို သူ့ပရိသတ်အဟောင်းတွေရော အသစ်လေးတွေရော အားပေးနေကြတုန်း....။


မိုးငွေ့

Friday, 25 September 2026

Butterfly Diary.....( The last day )


 



ရည်းစားဘဝတုန်းက ကျမတို့နှစ်ယောက်ဟာ မှတ်မှတ်ရရ ခနခနရန်ဖြစ် ခနခနပြတ်လိုက် ပြန်တွဲလိုက်လုပ်တာ အကြိမ်ပေါင်းမနည်းဘူး....။ နောက်တော့ ကျမတို့ကွဲကွာသွားခဲ့ကြတာ ဆယ်နှစ်တိတိမှာပြန်ဆုံဖို့လည်းချိန်းဆိုလိုက်ကြတယ် တကယ်တော့ အဲဒါက သူ Before Sunrise, Before Sunset, Before Midnight ဆိုတဲ့ ရုပ်ရှင် သုံးကားကိုကြည့်ပြီး အစွဲအလန်းနဲ့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ရှစ်နှစ်ကျော်ပြီးနောက် ပြန်တွေ့တဲ့အခါ သူပြန်ပြောလို့သိခဲ့ရတာဖြစ်တယ်...။ ဒီတစ်ခေါက် ပြန်လည်တွေ့ဆုံမှုဟာလည်း နောက်ဆုံးအကြိမ်နဲ့ နောက်ထပ်ဘယ်တော့မှမတွေ့ဆုံနိုင်တော့တဲ့ အခြေအနေဆိုတာလည်း ကျမတို့နားလည်ထားကြတယ်...။ ဒီကြားထဲ ဟိုအရင်လိုပဲ ရန်ဖြစ်ပြန်ချစ်နဲ့ လပေါင်းများစွာ သံယောဇဉ်လက်ကျန်တွေနဲ့ တွယ်တာနေကြတုန်း တစ်ယောက်ကိုတစ်ယောက်နာကျင်အောင် နာကျည်းအောင်လုပ်နိုင်မှပဲဖြစ်တော့မယ်ဆိုတာလည်း သိနေကြတယ်...။ ကျမဆိုရင် နှုတ်ကနေတောင် ဖွင့်ဟဝန်ခံခဲ့တာပါ သူ့ကိုလေ....။ 

"နင်ငါ့ကို ပြတ်အောင်လုပ်မှရမှာ ငါသိနေတယ် ငါအဲဒါကို မလုပ်နိုင်ဘူး...." ဆိုပြီးတော့လေ....။

ကျမက သူ့နဲ့ပတ်သက်လာရင် တချို့နေရာတွေမှာ ပြတ်သားမှုမရှိခဲ့ဘူး...။ 

ကျမတို့ဘာကြောင့် ဝေးခဲ့ရသလဲ ဘာကြောင့်ဝေးဖို့လမ်းကိုရွေးချယ်ကြသလဲဆိုတာ အဲဒီနောက်ဆုံးနေ့မှာကတည်းက သူရော ကျမရော သဘောပေါက်ကြပြီးသားပါ...။

ဒါတောင် နောက်ဆုံးအကြိမ်ဝေးခဲ့ကြပြီး တစ်နှစ်ကျော်လောက်မှာ အဆက်အသွယ်ထပ်လုပ်ကြသေးတယ်...။တကယ်တော့ ကျမ သူ့ဆီက သတိရတယ်ဆိုတဲ့ မက်ဆေ့တွေရောက်လာတိုင်း ဘယ်တော့မှ စာမပြန်ခဲ့ပါဘူး..။ ရှိရှိသမျှ ဖုန်းတွေ အီးမေးလ်တွေ ဗိုင်ဘာတွေ အကုန်ဘလော့လုပ်ထားတယ်...။ တခါတလေ သူ ကျမကို ပက်ပက်စက်စက်ဆဲထားတဲ့ မက်ဆေ့မျိုးလည်းရဖူးတာပဲ...။ အဲဒါလည်း အီးမေးလ်က spam မှာ ကျမသွားသွားချောင်းလို့ သိရတာ...။ 

တစ်နေ့မှာတော့ ဘယ်လိုကဘယ်လိုမှန်းမသိ ကျမတို့ စာအပြန်အလှန်စကားပြောကြရင် နောက်ဆုံး VC ခေါ်လိုက်ကြသေးတယ်...။ ကျမက အေးဆေးတည်ငြိမ်နေသလောက် (အမှန်တော့ ဟန်ဆောင်ကောင်းသလောက်) သူက ကျမကိုမြင်တာနဲ့ မရှက်နိုင်ဘဲ ငိုလိုက်သေးတယ်လေ... "မငိုနဲ့ နင်ငိုရင် တအားကြီး ရုပ်ဆိုးတယ်"လို့ ကျမ အရွှန်းဖောက်လိုက်တော့ အမှောင်ထဲမှာ သူမျက်ရည်သုတ်ရင်း ပြုံးလိုက်သေးတာ ကျမမှတ်မိတယ်...။ ဒီလိုနဲ့ ကျမတို့ တခနလေးပဲ အဆက်အသွယ်ရပြီး ရှေ့ဆက်မတွယ်အောင်လို့ပဲ ကျမကို သူပြဿနာရှာပြီး အဆက်သွယ်ပြန်ဖြတ်ပစ်ခဲ့လိုက်တာပဲ....။

ဟိုတနေ့က နေ့လည်ခင်းလမ်းလျှောက်နေရင်း 

အနက်ရောင်လိပ်ပြာတစ်ကောင် ......

ကျမနားလာဝဲတာတွေ့လိုက်သေးတယ်.... 

လိပ်ပြာလေးတွေ ကျမအနားရောက်မလာတာ ဘယ်လောက်ကြာခဲ့ပြီလဲ...

လိပ်ပြာလေးတွေကတောင် သတိရခြင်းတွေနဲ့ 

ကျမနားကို တခဏလေးဖြစ်ဖြစ် အရိပ်ရောင်လာပြတတ်သေးတယ်....

သူကတော့.......


မိုးငွေ့



Wednesday, 23 September 2026

Foodie.....(1)




ကျနော်တို့ရုံးရှေ့ ဟိုဖက်လမ်းကူးရင် Kudos ဆိုတဲ့ ကော်ဖီဆိုင်လေးရှိတယ် သူ့ကော်ဖီတွေက တကယ် fine တာ လုံးဝမခါးဘူး မွှေးနေရော သူ့ဆိုင်က ကော်ဖီတွေအပြင် မုန့်တွေလည်း အကုန်စားကောင်းတယ် ကျနော်အဲဆိုင်ရောက်ရင်သောက်တတ်တာက အပူမှာဆို ကော်ဖီလာတေး မဟုတ်ရင် မာချာလာတေး အအေးမှာဆို ကော်ဖီမင့်လီမွန် သောက်တယ် သူက ရေခဲအပြည့်ထည့်ထားတဲ့ ခွက်ထဲကို လီမွန်အဆီနဲ့ ပူစီနံရွက်ကိုကြိတ်ထားတာနဲ့ expresso ကော်ဖီလေးလောင်းထည့်လိုက်တာပဲ သကြားက မကြိုက်ရင်မထည့်လည်းရတယ်...။ အချဉ်ဓါတ်နဲ့ကော်ဖီနဲ့ဆိုတော့ သောက်ပြီးရင် so fresh ပဲ...။





တခါတလေ ထမင်းကိုဟင်းနဲ့မစားချင်တဲ့အခါ လက်ဖက်ထမင်းသုပ်လုပ်စားရတာ အရမ်းကောင်းတယ် ကြက်ဥကိုအဲလို ဟက်ဖရိုက်ကြော်တာလေး ခုနောက်ပိုင်းပိုကြိုက်လာတယ် ငယ်ငယ်ကတော့ ကြက်ဥမွှေကြော်ကို ကြွပ်ကြွပ်လေးကြော်တာကြိုက်တာ...။ ကြက်သွန်ဖြူနီကို ထမင်းစားတိုင်း အဲလိုနည်းနည်းဆီစားပေးတာကောင်းတယ် သံပုရာစိပ်လေးကတော့ အအီပြေ အချဉ်ဓါတ်လေးရအောင်လို့...။ အခါးရည်ပူပူလေးနဲ့လိုက်ဖက်တယ် or လဖက်စိမ်းရည်နဲ့လည်းလိုက်တယ်....။





ဆူးပုတ်ကို ကြက်ဥအကျေကြော်စားတာ ထိုင်းတွေလို အချပ်လိုက်ကြော်တာမျိုးလည်း တခါတလေလုပ်စားပါတယ်...။ ဘယ်လိုဖြစ်ဖြစ် ဆူးပုပ်က စားပြီး နံတယ်ဆိုပေမယ့် သူ့ရဲ့ကောင်းကျိုးကအများကြီးလေ...။ သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဘဲဥ ကြက်ဥ နဲ့ ဆူးပုတ်ကြော်စားတဲ့ သူ့အတွက် ကောင်းတဲ့ ဓါတ်စာလေးပဲ..။ ပဲထာပတ် ပဲကြီးနှပ်ပြီး ဆူးပုပ်လေးခပ် ရေစပ်စပ်လေးနဲ့ဆိုလည်း စားကောင်းတယ်...။ ကျနော်တို့နားက ဈေးမှာဆို ဆူးပုပ်လေးဆိုတာရှိတယ် သူက အရွက်ပိုသေးပြီး အစည်းလိုက်မရောင်းဘူး အချိန်နဲ့ရောင်းတာ တစ်ဆယ်သား သုံးထောင်ပေးရတယ် သူ့ကို ကြက်သွန်နီလေးနဲ့ ငါးပိလေးနဲ့ဆီထည့်ပြီး ကြော်ချက်လေးလုပ်စားကြည့်သိပ်ကောင်းတာ နူးညံ့ပြီး သိပ်လည်းမနံဘူး...။





ပဲထောပတ်နှပ်က ကျနော် ဆီအများကြီးမထည့်ချင်လို့ နည်းနည်းခြောက်သွားတယ်....။ ဗမာဟင်းတော်တော်များများက ဆီများများနဲ့ချက်မှစားကောင်းတာတွေဆိုတာ့ ကျန်းမာရေးနဲ့တော့ သိပ်သင့်တော်ဘူး...။ ဆိုတော့ ကျနော်က ပဲထောပတ်ရလာရင် ဟင်းချိုချက်သောက်တာပဲလုပ်တာများတယ်...။ ဆူးပုပ်လေးရှိရင် နဲနဲထပ်ခတ်ပေါ့...။



Junction Square အပေါ်ထပ်က ရေခဲမုန့်လေးဝယ်စားဖြစ်တုန်းကပုံလေး





Junction Square က Rangoon Tea House မှာ တစ်လတစ်ခါတော့ သွားစားဖြစ်တယ်...။ သူ့ဆီမှာ အဓိက ကျနော်မှာစားဖြစ်တာက ချိစ်စမူဆာနဲ့ နို့ပေါင်းလက်ဖက်ရည် အခုပုံက ထမင်းကြော်နာမည်တောင်မမှတ်မိတော့ဘူး သူ့ဆီက မုန့်ဟင်းခါးကပိုစားကောင်းတယ် သူ့ဆိုင်ရင် ဆစ်နေချာပေါ့ ငါးသုံးမျိုးနဲ့ချက်ထားတာ ငါးခူ ငါးကြင်း ငါးရွှေ မုန့်ဟင်းရည်က တကယ်ချိုနေရောပဲ...။ ငါးနှစ်ကို ဆီနာနာလေးသတ်ထားတဲ့အထုပ်ကို သူတိ့ရောင်းပေးတယ် နိုင်ငံခြားသွားတဲ့သူတွေဝယ်ကြတာများတယ် 1ကီလိုတစ်ထုပ်ကို ငါးသောင်းခြောက်သောင်းလောက်ကျတယ်...။ ဆယ်ပွဲစာလောက်တော့စားလို့ရတယ်...။




Mai Su Pan ဆိုင်က ကွေ့သယို သူလည်း Junction Square ကပဲ တခါတလေ ကွေ့သယို အရမ်းစားချင်စိတ်ပေါက်ရင် စားဖြစ်တယ်...။ အသုပ်လည်းကောင်းတယ်...။





စဉ့်အိုးတန်းလမ်းအပေါ်လမ်းက ရေခဲမုန့်ဆိုင် တရုတ်တန်းမှာမုန့်သွားစားဖြစ်ရင် နောက်ဆုံးအချိုတည်းတာ ရေခဲမုန့်နဲ့...။





အိုအိရှီ... Oishi ဆိုင်က ဆူရှီနဲ့အခြား အသုပ်တွေ ဆာဘငါးကင်တွေ တန်ပူရာကြော်တွေ ဟင်းရည်တွေအကုန်ကြိုက်တယ်...။ ဘတ်ဂျတ်ထဲကမဟုတ်တော့ ခနခနမစားဖြစ်ဘူးပေါ့ ဒါပေမယ့် အရမ်းကြိုက်တယ်...။ ပုံထဲမှာ စားနေတာက တူနာဆူရှီ ရေညှိဆူရှီ ပုစွန်ဥဆူရှီ....။





Oishi မှာ ရေညှိနဲ့သီးရွက်စုံဆလပ် သူ့ရဲ့ဆော့ကတကယ်ကောင်းတာ ဆော့ထဲမှာပါတဲ့ ရှာလကာရည် ဒိန်ချဉ် ဘာညာတွေက thousand island dressing နဲ့တူတယ်...။ ဆူရှီသွားစားတိုင်း အဲဆလတ်ကို အမြဲမှာစားဖြစ်တယ်...။





အိမ်မျာကြော်စားတဲ့ ခေါပုတ်ကြော် အတို့တွေကအစုံပဲ နို့ဆီ ပဲပြုတ်ကြက်သွန်နီကြော် ဆီတိုဖူး မြေပဲနှမ်း ကြိုက်တာနဲ့စားပဲ...။ ခေါပုတ်က အဲလိုအတုံးလှလှလေးထွက်ချဉ်ရင် ဆီများများနဲ့ကြော်ပေးရတယ်...။ 





ခေါပုတ်ကို ဆီများများနဲ့မစားချင် မကြော်ချင်ရင် အခုလို မကပ်ဒယ်မှာ အိုးကပ်ကင်စား အဲဒါလည်းကောင်းတယ်...။ ကျနော်တို့ငယ်ငယ်ကဆို ရှမ်းပြည်မှာ ဆောင်းတွင်းခေါပုတ်ထောင်းတဲ့အချိန်ဆို ဆုံမှာထောင်းနေရင်း ပူပူနွေးနွေးယူစားကြတာ...။




Junction Square က Bread Talk ဆိုင်မှာ တစ်ပတ်တစ်ခါ ပိတ်ရက်ဆို ထိုင်ဖြစ်တယ် အဲမှာက လေးတဟူးဟူးနဲ့မို့ ထိုင်လို့ကောင်းတယ်...။




အိမ်မှာ ညက ထမင်းကြမ်းပိုရင် မနက်ဆို ထမင်းကြော်စားဖြစ်တယ် ရိုးရိုးစင်းစင်း ကြက်ဥထမင်းကြော်ပေါ့
ရှမ်းမုန့်ညှင်းချဥ◌်နဲ့စားတယ် ကော်ဖီသောက်တယ် ....။


ရှမ်းမုန်ညှင်းချဉ်က အိမ်က ညီမလေးတည်တာ



သက်သတ်လွတ် ဟင်းထုပ်လည်း လုပ်စားတယ်





ကြက်ဥကို ကျန်းမာရေးအတွက် တစ်နေ့နှစ်လုံးသုံးလုံးပြုတ်စားနေကြတဲ့အချိန် ကျနော်က ကြက်ဥပြုတ်ကို ခုထိမစားနိုင်သေးဘူး...။ ပြုတ်စားရင်လည်း အကြက်ပြုတ်တာမစားနိုင်ဘူး လည်ပင်းနင်လို့ ခုလို ဟိုက်ဖရိုက်ကြော်တော့စားရတာကြိုက်တယ်...။





မနက်စာကို တခါတလေ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီ မဟုတ်ရင် လက်ဖက်ရည်နဲ့သောက်....။ ပေါင်မုန့်ကတော့ ဂျုံကြမ်းပေါင်မုန့်ရရင်ပိုကောင်းတာပေါ့...။ ကျနော်တို့ဆီမှာ သွင်းကုန်ပေးမဝင်တော့ ရှားပါး မှောင်ခိုခေတ် သမဝါယမခေတ်ပြန်ရောက်နေတာကြည့်...။ ပြည်သူတွေ ကောင်းကောင်းစား ကောင်းကောင်းနေရမှာကို မကြည့်ချင်ဘူးလေ အဲကောင်တွေက...။





အိမ်မှာ ဟင်းချက်မစားချင်တဲ့နေ့ဆို ကြက်သားဆန်ပြုတ်လုပ်သောက်တယ် အဲလိုအစာပလာတွေနဲ့ပေါ့...။ ဂျင်းကတော့ လေနိုင်အောင်လို့ ထည့်စားရတာ မကြိုက်တဲ့သူ့ ထည့်မစားနဲ့ပေါ့....။ တကယ်က ဆန်ပြုတ်ဆို ငရုတ်ကောင်းအဖြူနဲ့ ပိုလိုက်ဖက်တာ...။






ဒီအရွက်ကို ဘာခေါ်လည်းမသိတော့ဘူး ရုံးမှာသုပ်စားကြတာ အလည်ပိုင်းကထွက်တဲ့ အစားအသောက်ပဲ ရမည်းသင်း ပျော်ဘွယ်ဖက်က အရွက်လေးက သေးသေးနုပ်နုပ်လေး ရေနွေးဖျောပြီး မြေပဲနှမ်း ကြက်သွန်နီဆီချက်နဲ့သုပ်ရတာပဲ တော်တော်စားကောင်းတယ်...။





နောက်ဆုံး အစာပိတ် အချိုပွဲ ငပျောပေါင်း ထိုင်းစတိုင်ပေါင်းထားတာ ငယ်ငယ်တုန်းက ရွာမှာ ဆန်တိုဖူး ပဲတိုဖူးရောင်းတဲ့ဆိုင်မှာ အချိုပွဲဆို အဲငှက်ပျော်ပါင်းအမြဲရတယ်...။ 
 



မိုးငွေ့

Monday, 21 September 2026

Blogger Feed Update ပြဿနာ.....

 


ဒီတလော ကျနော် ပို့စ်တွေတင်တာကျဲနေတော့ ခုမှသတိထားမိတာ ကျနော့်ဘလော့ရဲ့ side bar မှာ ကျနော်ထည့်ထားတဲ့ blog list တွေက အသစ်ထပ်မတက်လာတာကိုပဲ ကျနော်ကြည့်နေကျ မလေးရှားက ဘလော့ဂါတစ်ယောက်ဆို တခါတလေ တစ်ရက်ကို နှစ်ပို့စ်လောက်တင်တယ် ...။ အဲမှာ သူ့ new feed ကတက်မလာဘဲ 1 week ago တွေပြနေတော့ မသင်္ကာတာနဲ့ သူ့ဘလော့ကိုဝင်ကြည့်တာ သူက နေ့တိုင်းပို့စ်တင်ထားတာဗျ ကျနော့်ဘလော့မှာက update ဖြစ်မနေခဲ့ဘူး...။ ဒါနဲ့ မချစ်တို့ဘလော့ကိုသွားကြည့်တော့ ကျနော့်ပို့စ်လဲ Aug 28 မှာတင်ထားတဲ့ (အဖြူရောင်အင်္ကျီ)ပို့စ်မှာပဲတန့်နေတယ်...။ ကျနော်အခုစာရေးရင်း သဘောပေါက်လိုက်တာက ဒီပြဿနာက စက်တက်ဘာလမှာစဖြစ်တာဖြစ်နိုင်တယ်...။ 

ဒါနဲ့ကျနော်လည်း chat GPT ကိုသွားမေးလိုက်တယ်...။ သူလည်း အကုန်လုံးပြောပြရှာပါတယ် သူလဲ အစပိုင်းမှာ ဘလော့ရဲ့ setting တစ်ခုခုမှားနေတယ်ထင်လို့ blog list Gadget ကို ဝင်စစ်ကြည့်ခိုင်းပါတယ်...။ မရတော့ နောက်ဆုံး Gadget ကို delete လုပ်ပြီး blog list အသစ်တစ်ခုပြန်လုပ်ကြည့်ခဲ့ပါတယ်...။

ဒါပေမယ့်....

အသစ်ပြန်လုပ်တာတောင် update မဖြစ်ပါဘူး...။ 

ဒါနဲ့ blog URL တွေကို တစ်ခုချင်းစီ ပြန်ထည့်တာ အပြင် blogger ရဲ့ feed URL ပုံစံနဲ့ပါ ထည့်ကြည့်ခဲ့ပါတယ်..။ ဒါပေမယ့် အခြေအနေက အတူတူပါပဲ...။ ကိုယ်ထည့်ထားတဲ့ blog list ကို ထပ်ခါထပ်ခါ  delete လုပ်ပြီး ပြန်ထည့်နေမယ့်အစား ဒီအတိုင်းထားပြီး blogspot ရဲ့ main website ဘက်က ပြဿနာ ပြန်ကောင်းလာမလားစောင့်ကြည့်နေပါတယ်...။

ဒီပို့စ်အသစ်မတက်တဲ့ပြဿနာက ကျနော်တစ်ယောက်ထဲမဟုတ်ဘဲ အခြား ဒီပြဿနာကို ရင်ဆိုင်နေရတဲ့အသုံးပြုသူ blogger တွေလည်း report လုပ်ထားကြတယ်လို့ Chat GPT ကပြောပြပါသေးတယ်...။ ကျနော် လင့်ချိတ်ထားတဲ့ မြန်မာဘလော့ဂါတွေရဲ့ ပို့စ်တွေလည်း အဲလိုပဲ update တက်မလာပါဘူး...။ စာရေးနေကျ USA က စန်းထွန်းတို့လည်း ဒီပြဿနာကို သတိထားမိမယ်ထင်ပါတယ်...။


မိုးငွေ့


Tuesday, 15 September 2026

Butterfly Diary.....(Dreamer)

 



လိပ်ပြာလေးတွေရဲ့ ဒိုင်ယာရီအကြောင်းကို သူပြောပြပြီးနောက် တစ်ရက်မှာ ကျမ နေ့လည်စာစားနေတဲ့ ကိုးရီးယားစားသောက်ဆိုင်ရဲ့ နံရံမှာ အနက်နဲ့လိမ္မော်ကျား လိပ်ပြာတစ်ကောက်ကို အရင်စတွေ့ခဲ့တယ်....။ လိပ်ပြာတွေဟာ သတိရခြင်းတွေကို တကယ်ယူဆောင်လာပေးတာပါလားလို့ ကျမတိတ်တိတ်ကလေးအံအားသင့်မိသလို ကြက်သီးလည်းထသွားခဲ့တယ်...။ နောက်ပိုင်းမှာ မကြာမကြာ လိပ်ပြာလေးတွေကိုယ့်နားလာဝဲခဲ့တာတွေကြုံရတယ်....။ အဲဒီအခါမှာ သူ့ရဲ့ လိပ်ပြာဒိုင်ယာရီလေးတွေကို ကျမပိုပြီး ယုံကြည်သက်ဝင်လာခဲ့တယ်...။

ခုတော့..... နှစ်နဲ့ချီနေပါပြီ.... လိပ်ပြာလေးတွေ ကျမအနားလာမဝဲကြတော့သလို ဘယ်နားမှာမှမတွေ့ရတော့ဘူး....။ စိမ်းပြတ်မှုဆိုတာ ကိုယ်တိုင်ကပဲ သူများကိုစလုပ်ခဲ့တာ ကိုယ်ကိုယ်တိုင်ခံရတော့မှ ခံစားမှုက ခါးသီးတာလဲမဟုတ် လွမ်းဆွတ်တသလို့မျက်ရည်တွေကျတာမျိုးလည်းမဟုတ်....စကားလုံးအဖြစ်နဲ့တောင်မပြောပြတတ်ဘူး.....။ တခါတခါ နင့်နင့်နဲနဲကြီး သတိရတဲ့အချိန်လေးရှိတာပေါ့...။ ဘယ်လိုပဲ နာစရာတွေနဲ့ဖြေပါစေ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ "အချစ်"တွေဟာ ပျက်ပြယ်မသွားခဲ့ဘူးပဲ....။

ညက သတိရလွမ်းဆွတ်ရင်း အိပ်ပျော်သွားခဲ့လို့ထင်ပါရဲ့ သူ ကျမအိပ်မက်ထဲကိုရောက်လာတယ်...။ ကျမတို့ဝေးသွားပြီးနောက် အိပ်မက်ထဲသူရောက်လာခဲ့ရင် သူ့မျက်နှာဘယ်တော့မှမကောင်းဘူး...။ ပျော်ရွှင်မှုတွေမတွေ့ရဘူး ပြီးတော့ အပြင်မှာ ကျမကို ပျော်ရွှင်အောင်မထားခဲ့ဖူးလို့ထင်တယ် အိပ်မက်ထဲမှာ သူကျမကို စိတ်တိုင်းကျ အလိုလိုက်ဦးစားပေးလေ့ရှိတယ်...။ ကျမ မျက်နှာတစ်ချက်မညှိုးအောင် သူလုပ်ပေးလေ့ရှိတယ်..။ လက်တွေ့မှာ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ကျမအိပ်မက်ထဲ ပုံလာဖော်သွားတာလို့ကျမယုံကြည်တယ်..။ အိပ်မက်ထဲမှာ အမြဲတမ်း သူနဲ့ပျော်ရွှင်တဲ့အချိန်တွေကိုအတူဖြတ်သန်းရတယ်...။

ပုဂံနဲပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ဖတ်နေတယ်... "ပြန်လာခဲ့ပါ ဟိုချီနာ" တဲ့ .....။ ဒီစာအုပ်လေးဖတ်ဖြစ်တော့ ကျမတို့နှစ်ယောက်ပထမဆုံးနဲ့နောက်ဆုံး အတူသွားဖူးခဲ့တဲ့ ပုံဂံခရီးလေးကို အမှတ်ရမိတယ်...။ ဖွားစောရွာက မိဖုရားဖွားစောတည်ခဲ့တဲ့ ဖွားစောအုတ်ကျောင်းဖက်ကို ကျမတို့အတူဆိုင်ကယ်နဲ့ရောက်သွားခဲ့တုန်းက ဓါတ်ပုံအတူရိုက်ခဲ့ကြတဲ့ အုတ်လှေခါးလေးကို မြင်ယောင်မိတယ်....။ အဲတုန်းက ဖွားစောအုတ်ကျောင်းထဲကို ကျမတို့မဝင်ခဲ့ဘူး တံခါးပိတ်ထားလို့မဝင်ခဲ့ကြတာလား မမှတ်မိတော့ဘူး...။ အဲနေ့လည်ခင်းက ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က  အနီရောင်အုတ်လှေကားလေးရယ် အရွက်တွေကြွေနေတဲ့ သစ်ကိုင်းခြောက်တွေနဲ့ ထနောင်းပင်တွေရယ် စကားဖြူပင်တွေရယ် ကြည်ပြာရောင်တောက်နေတဲ့ ကောင်းကင်ရယ် သိပ်ကိုလှပလွန်းခဲ့ပါတယ်...။ ကျမတို့နှစ်ယောက်ကတော့ ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါထပ်မကြုံနိုင်တော့ဘူးဆိုတာရယ် နောက်ဆုံးတွေ့ဆုံမှုဆိုတဲ့ အတွေးကိုယ်ဆီနဲ့ ပျော်ရွှင်မှုမရှိတဲ့ ခရီးလေးကိုအတူသွားခဲ့ဖူးတာပဲ...။ ဒါပေမယ့် ဒါတွေဟာ တစ်ချိန်ချိန်မှာ အမှတ်ရစရာအဖြစ် ပြန်တွေးနိုင်တဲ့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အချိန်လေးတွေအဖြစ် ကျမတစ်သက်လုံး သိမ်းဆည်းထားပါတယ်...။

သူ့အကြောင်းစာရေးတိုင်း ကျမအမြဲမှတ်မိနေတာက သူပြောခဲ့တာလေး ဒီလိုလေး...."တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ် မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ..."

ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ ကျမကို သတိရလွမ်းဆွတ်စွာနဲ့ ရှိနေ(စောင့်ကြည့်နေ)ဦးမယ့် လိပ်ပြာလေးအတွက် စိတ်အေးချမ်းစွာနေထိုင်ပါ ကျန်းမာစွာနေထိုင်ပါ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါလို့ မှာချင်ပါတယ်...။


မိုးငွေ့

Friday, 28 August 2026

လိပ်ပြာဒိုင်ယာရီ..... (အဖြူရောင်အင်္ကျီ)

 



ကျမတို့ဝေးကွာပြီး ရှစ်နှစ်ကြာပြီးနောက် သူနဲ့ ပထမဆုံးပြန်ဆုံတွေ့တဲ့နေ့တုန်းက ဝတ်ခဲ့တဲ့ အဖြူရောင်အင်္ကျီလေးကို ဒီနေ့ ပြန်ဝတ်ဖြစ်လို့ သတိရခြင်းများစွာနဲ့ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်....။

တကယ်တော့ ကျမတို့နှစ်ယောက်ရဲ့ ပထမဆုံးပြန်ဆုံတွေ့မှုဟာ တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာမဟုတ်ပါဘူး... ကုန်ပဒေသာတိုက်တစ်ခုရဲ့  စားသောက်တန်းတွေရှိတဲ့ တတိယထပ်က ကော်ဖီဆိုင်လေးတစ်ဆိုင်မှာဖြစ်တယ်....။ အဲနေ့တုန်းက ကျမတို့ ကော်ဖီဆိုင်ရှိရာကိုတက်မသွားခင်မှာ အောက်ထပ်မှာ သူ့ကိုရပ်စောင့်နေတုန်း သူဝင်လာတော့ ကျမကို ဘယ်နားမှာစောင့်နေလဲလို့ ဖုန်းအရင်ဆက်ခဲ့တယ်...။ ပြီးတော့.... အလှကုန်ကောင်တာရှေ့မှာစောင့်နေတဲ့ ကျမဆီကို သူတန်းတန်းမတ်မတ်လျှောက်လာခဲ့တယ်...။ ကျမရှေ့တည့်တည့်မှာလာရပ်တဲ့ ချည်သားဘောင်းဘီပွပွ ခပ်နွမ်းနွမ်းဖလန်နယ်အကွက်ရှပ်လက်ရှည်နဲ့ အသားတွေညိုမှောင်သွားပြီး ပိန်ပါးရှည်မျောနေတဲ့သူ့ကို ကျမမော့ကြည့်လိုက်တော့... အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံက အပြုံးတွေ အရင်လိုမလတ်ဆတ်တော့ပေမယ့်လည်း ကျမကို ပြန်တွေ့လို့ ဝမ်းသာကြည်နူးတဲ့ပုံရိပ်တွေက တောက်ပလို့နေတယ်...။ ကျမက လက်ရှည်အသားပျော့ပျော့ အဖြူရောင်အင်္ကျီနဲ့ အပြာရင့်ဂျင်းဘောင်းဘီဝတ်ထားခဲ့တယ်...။ အဖြူရောင်လို့ အကြမ်းမျဉ်းပြောပေမယ့် ကျမအင်္ကျီက အဖြူဆွတ်ဆွတ်တော့မဟုတ်ဘူး နို့နှစ်ရောင်သန်းတဲ့အဖြူရောင်....။ မျက်နှာချင်းဆိုင်စဆုံဆုံခြင်းမှာ ကျမတို့နှစ်ယောက်ဘာစကားစပြောခဲ့သလဲ ဘယ်လိုနှုတ်ဆက်ကြသလဲဆိုတာ ကျမတကယ်မမှတ်မိတော့ဘူး...။ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေလိမ့်မှာတော့ သေချာပါတယ်...။

ကျမတို့ စက်လှေခါးစီးပြီး တတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကိုတက်သွားကြတယ်...။ ကော်ဖီတစ်ယောက်တစ်ခွက်နဲ့ မြေပဲထောပတ်အနှစ်သုတ်ထားတဲ့ပေါင်မုန့်မီးကင်စားကြတယ်...။ စကားနဲနဲပါးပါးပြောပြီး သူက သူ့အိတ်ကပ်ထဲကနေ အသင်းဝင် ကဒ်လေးတစ်ကဒ်ထုတ်ပေးတယ်...။ ကျမကို ဒီအသင်းဝင်ကဒ်လေးသိလားလို့မေးတာမှတ်မိတယ်...။ ဟင့်အင်း ကျမ အဲဒါကိုမသိဘူးလို့ဖြေလိုက်တော့ သူက အသင်းဝင်ကဒ်လေးမသိရကောင်းလားဆိုတဲ့ စိတ်ကလေးနဲ့ မကျေမနပ်လေးတော့ဖြစ်သွားခဲ့မယ်ထင်တယ်...။ တကယ်လဲ ကျမ မသိခဲ့တာပါ...။ နောက်တော့ သူ့ဆီကနေ ကျမနှစ်သက်တဲ့နံပါတ်လေးနဲ့ အသင်းဝင်ကဒ်လေးတစ်ကဒ်ပိုင်ဆိုင်ခဲ့တယ်...။ ကဒ်နံပါတ်ရှစ်လုံးမှာ သူ့မွေးနေ့လဲပါသလို ကျမတို့နှစ်ယောက်စလုံးရဲ့ မွေးဂဏန်းလဲပါတယ်...။ အဲဒီကဒ်လေး ခုထိအသုံးဝင်နေသေးလား ကျမ မသိဘူး...။

အမှန်တကယ် တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာဆုံဖို့ Date လိုက်တာက (ပထမတစ်ခေါက်တွေ့ပြီး) ကျမတို့နှစ်ယောက်ရဲ့ မွေးဂဏန်းကျတဲ့ရက်စွဲလေးမှာ နောက်ထပ်ဆုံဖြစ်ကြတဲ့အချိန်ပဲဖြစ်တယ်...။ ဒုတိယအကြိမ်မို့ တစ်ယောက်ကိုတစ်ယောက်သိပ်ပြီး စိမ်းနေ ရှိန်မနေတော့ဘဲ ရင်ထဲတကယ်ဖြစ်ချင်တဲ့ဆန္ဒတွေအပြည့်နဲ့ ကျမတို့ပွေ့ဖက်နှုတ်ဆက်ဖြစ်ခဲ့ပါတယ်...။

ခုတော့......တစ်နေရာဆီဝေးကွာသွားပြီးဖြစ်တဲ့ ကျမတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်တွေကို ပေါင်းကူးဆက်သွယ်ပေးတဲ့ လိပ်ပြာလေးတွေလည်းပျောက်ခြင်းမလှပျောက်လို့ တကယ်ပဲ သတိရခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လိပ်ပြာလေးတွေဟာ သေဆုံးသွားကြပြီလားဆိုတာ ကျမ အရင်လို မတုန်လှုပ်မိတော့ပါဘူး....။


မိုးငွေ့

Monday, 24 August 2026

မင်းရဲ့နောက်က.....


 

တေးရေးအယ်ဒီရေးထားပြီး အဲလက်စ်ဆိုခဲ့တဲ့ "မင်းရဲ့နောက်က" သီချင်းကို  မိုးမိုးပြန်ဆိုပြီး ဖြိုးလေး rapping ပြန်လိုက်ထားတာလေး ဗားရှင်းအသစ်နဲ့ နားထောင်ကောင်းတယ်...။ အဲလက်စ်က You Tube မှာ Alex Official Music Channel ဆိုပြီး အရင်သီချင်းဟောင်းတွေကို ပြန်တင်ထားတာအများကြီးပဲ သွားနားထောင်လို့ရတယ်...။ သီချင်းအသစ်တွေ You Tube ထွက်တဲ့အထဲမှာ ဒီပြန်ဆိုတေးလေးကိုကြိုက်လို့ နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ 

ကျနော်တို့အရွယ်က အလုပ်လုပ်ရင်း Just relax နဲ့ happy hours တွေကိုပဲ ဦးစားပေးနေထိုင်နေရမယ့်အချိန်ဖြစ်သွားပြီ....။

ဒီနေ့တော့ ဒီလောက်ပဲ Happy Monday.....

Bye!!! 


မိုးငွေ့