Thursday, 19 October 2017

ညှပ်လိုက်ပြန်ပြီ.... ဒီဆံပင်





ဆံပင်တွေအရမ်းကျွတ်တယ်...ဒါကြောင့် ညှပ်ရင်း ဒီလိုထပ်တိုသွားတယ်...။ အဓိကက အသား ငါး ဥ အသည်း စတာတွေကို မျှတအောင်မစားလို့ အိပ်ရေးပျက်လို့ ...။ အရင်က Hair Growth နည်းတွေလည်း စုံနေအောင်လိုက်ဖတ် လိုက်လုပ်တာပဲ တစ်ခါနှစ်ခါလုပ်ပြီး ဇွဲမရှိတာနဲ့ ဘာမှမထူးခြားလာဘူး..။ ဒါနဲ့အသစ်ပြန်ပေါက်တဲ့ ဆံပင်တွေနဲ့လိုက်ညှိရင်း တိုတိုသွားတယ်ဆိုပါတော့...။  ခုတော့ ကျွန်မအသက်လေးဆယ်ငါးရောက်ရင် ညှပ်ဖို့ဆိုပြီး စိတ်ကူးထားတဲ့ ဒီ Bob ပုံလေးကို ခုပဲ နှစ်နှစ်စောပြီးညှပ်လိုက်ရပြီ...။ ဒီဆံပင်ပုံလေးကို ကလေးဘဝနဲ့ ဆက်ကျော်သက်တုန်းကပဲ ညှပ်ဖူးခဲ့တယ်...။ ငယ်ငယ်တုန်းက ဆံပင်မကောက်ဘူး....။ ဆံသားတွေစင်းပြီး ထူလည်းထူတယ်...။ အသက် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ကတည်းက ဆိုင်မှာ ဆံပင်ကိုယ့်ဘာသာကို သွားညှပ်တတ်နေပြီ...။ အဲတုန်းက ရွာမှာ ဆံပင်ညှပ်ဆိုင် သီးသီးသန့်သန့်ဆိုလို့ ရွာကုက္ကိုပင်အောက်က ဦးမြသိန်းဆံသဆိုင်ပဲရှိတာ...။ အဲတော့ ကျောင်းဝင်းထဲက ကျောင်းဆရာမတစ်ယောက်ဆီမှာ သွားညှပ်ရတယ်...။ ဆရာမဒေါ်ကျင်မေတဲ့....။ သူက ဆံပင်ညှပ်ကောက်သင်ထားတော့ သူ့ဆီသွားသွားညှပ်ကြတယ်...။ သူ့ခြေတံရှည်အိမ် လှေခါးရင်းနားလေးက မြေတလင်းပြင်မှာ နောက်မှီမပါတဲ့ သစ်သားထိုင်ခုံတစ်လုံးချထိုင်စေပြီး အောက်ထဲကို ကုတ်ဝင်နေတဲ့ Bob ပုံလေးကို ညှပ်ပေးနေကျ...။ 

တကယ်တော့ ကျွန်မဆံပင်က နဂိုကောက်သားရှိပြီးသား ဆံသား နွယ်တဲ့အထဲပါတယ်...။ ဒီပုံလေးပြန်ညှပ်တော့ ညှပ်နေကျ ကိုင်းတန်းလမ်းက တိုနီထွန်းထွန်းမှာညှပ်တယ်..။ ဟိုးအရင်တုန်းကတည်းက သူ့ဆိုင်မှာညှပ်နေကျ..။ အဲတုန်းက တိုနီထွန်းထွန်းညီနဲ့ညှပ်တာ ဦးငယ်လေးတဲ့ အရမ်းစိတ်ရှည်တယ်...။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ကျွန်မကို ကိုးရီးယားဆံပင်ပုံညှပ်ပေးမယ်ဆိုပြီး ဘယ်သူမှ အဖြောင့်မခေတ်စားကတည်းက သူက ကျွန်မကို အလူမီနီယံစက္ကူလို ငွေရောင်အပြားနဲ့ ဆေးနဲ့ဖြောင့်ပြီး အကုတ်ပုံလေးညှပ်ပေးခဲ့ဖူးတယ်...။ ငယ်ငယ်က ဆံပင်စင်းပေမယ့် 2002 နှစ် သီလရှင်ဝတ် ကတုံးတုံးလိုက်ပြီး ပြန်ပေါက်လာကတည်းက ဆံပင်တွေကောက်သွားခဲ့တာ ခုချိန်ထိပဲ...။ ခု အဲဒီဦးငယ်လေးက မညှပ်တာကြာပြီ နောက်ပိုင်း မကြူဆိုတဲ့အစ်မနဲ့ ညှပ်ဖြစ်တာများတယ်...။ သူလည်းစိတ်ရှည်တယ်..။ ကျွန်မ ဖုန်းနဲ့ပြပြီး ဒီပုံလေးကိုညှပ်ချင်တယ်ပြောတော့...။ ဆံပင်ပါးနေတာကို ရအောင်ညှပ်ပေးတယ်...။ တစ်လွှာညှပ်လိုက် စက်ဆွဲလိုက်နဲ့ တဆင့်ချင်းညှပ်ပေးသွားတာ..။ အဲလိုစင်းပြီး ဖေါင်းဖေါင်းလေးအမြဲဖြစ်အောင် ဖယောင်းသွင်းပြီး စက်တစ်ကြိမ်ပဲဆွဲပေးတဲ့နည်းနဲ့ သူလုပ်ပေးမယ် နောက်တစ်ခါကျ အဲလိုလုပ်လို့ အကြံပေးသွားတယ်...။ ဆံပင်က ပါးတော့ ကပ်ကပ်ကြီးမဖြစ်အောင် လုပ်ပေးလို့ရပါတယ်တဲ့..။ ဆိုင်ကတွေကတော့ ဒီလိုပဲပြောတာပဲ ကိုယ်တိုင်လည်း လုပ်ချင်စိတ်ရှိတော့ တစ်ရက်သွားလုပ်ဦးမယ် တေးထားတယ်...။ ခုတော့ ညှပ်လာခါစ လှတပတလေးဖြစ်နေတာပေါ့ ခေါင်းပြန်လျှော်ပြီးသွားရင်တော့ လှိုင်းလေးတွေပြန်ထလာတော့ ပုံလေးပြောင်းချင်ပြောင်းသွားဦးမှာ...။  ဘန်ကောက်သွားတုန်းက ညှပ်လာတဲ့ပုံက ဒီပုံလေးလောက်တောင် အဆင်မပြေဘူး...။





 
 





ငယ်ငယ်တုန်းက တီဗီမှာ မဟေမာ (ဟေမာနေဝင်း) သီချင်းလာပြီဆိုရင် သူ့ဖက်ရှင်တွေ သူ့ဆံပင်ပုံတွေကို ငေးရတာအမော...။ အဲတုန်းက 1980's  ဟေမာနေဝင်းညှပ်တဲ့ ဆံပင်ပုံလေးပေါ့...။ ဘယ်ချိန်ညှပ်ညှပ် ရိုးမသွားတဲ့ ဆံပင်ပုံစံလေးလည်းဖြစ်တယ်...။


မိုးငွေ့


Monday, 16 October 2017

Japanese Cotton Cheese Cake





ကျွန်မက Japanese Cotton Cheese Cake ကို အမေရိကန် Cheese Cake ထက်ပိုကြိုက်တယ်..။ ပြီးခဲ့တဲ့နှစ် ဒီလိုချိန် ကျွန်မ မုန့်သင်တန်းတက်တုန်းက ဆရာက အမေရိကန်ချိစ်ကိတ်ပဲ သင်ပေးခဲ့ဖူးတာ...။ လုပ်ပုံလုပ်နည်းကွာပေမယ့် ဖုတ်တဲ့အခါတော့ အာဗင်ထဲမှာ ရေခံပြီးဖုတ်ရတာချင်းတော့ တူပါတယ်...။ ဒီနှစ်သီတင်းကျွတ် မေမေ့ကို ဒီမုန့်လေးနဲ့ ကန်တော့ဖြစ်ခဲ့တယ်..။ ကျွန်မက ခါတိုင်းနှစ်ဆို မေမေ့ကိုကန်တော့တိုင်း တခြားအဝတ်အထည် စားစရာနဲ့ ကိုယ်စုထားတဲ့ ငွေတချို့အပြင် တဘက်တစ်ထည် နို့တစ်ဗူး အမြဲထည့်တတ်တယ်...။ ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ပေါ့.....။ နို့ထည့်ကန်တော့တာကတော့ အမေ့နို့ဖိုးဆပ်တယ်ပေါ့...။ ဘယ်ကျေနိုင်ပါ့မလဲနော်...။

မုန့်သားက နာမည်လေးအတိုင်းပဲ ဂွမ်းဖတ်လေးလို နူးညံ့အိဖတ်နေတာ...။ ဒီမုန့်ဖုတ်နည်းလေးကို ကျွန်မ You Tube က Michael Lim ဆီကယူပါတယ်...။ Michael Lim ရဲ့ မုန့်လုပ်နည်း ဗီဒီယိုကိုကြိုက်တယ်..။ မုန့်လုပ်တာကိုပဲ အဓိကပြတယ် Receipe တွေကို စာတမ်းထိုးပြတယ်...။ စကားမပြောဘူး..။ သူ့မုန့်လုပ်နည်းတွေက ကျျန်းမာရေးနဲ့ညီညွှတ်တယ်...။ မုန့်ဖုတ်ဆိုဒါမသုံးတာများတယ်...။ 



 မီးဖိုထဲက ထုတ်ခါစ မုန့်ကအဲလိုဖေါင်းဖေါင်းကားကားလေး...


ဒီချိစ်ကိတ်လေးက အသားအရမ်းနူးညံ့တော့ မုန့်လှီးဓါး ဒါမှမဟုတ် မီးဖိုချောင်သုံးအပ်ချည်နဲ့ လှီးမှအဆင်ပြေပါတယ်...။ မုန့်လုပ်နည်းလေးကို ပိုအဆင်ပြေအောင် Michael Lim ရဲ့ ဗီဒီယိုလေးပါ တင်ပေးလိုက်ပါတယ်...။






Ingredient:

80g Milk
140 g Cream cheese
5 Egg Yolk
50 g Plain Flour
5 Egg White
140 g Fine Sugar
15 g Corn Flour


Method:

မုန့်ဖုတ်မီးဖိုကို 150 ဒီဂရီ ကြိုတင်အပူပေးထားပါ...။ အောက်ခြေဖြုတ်လို့ရတဲ့ မုန့်ဖုတ်ခွက်ကို အလူမီနီယံစက္ကူလုံအောင် ကပ်ထားပေးပါ...ရေခံဖုတ်မှာမို့လို့ ရေမဝင်အောင်လို့ပါ....။ အတွင်းပိုင်း အောက်ခြေနဲ့ ဘေးဖက်ကိုလည်း Parchment စက္ကူခံပေးပါ...။ လက်ကိုင်အိုး တစ်လုံးထဲမှာ နို့နဲ့ ခရမ်ချိစ်ကို မီးငွေ့ငွေ့နဲ့ ချိစ်ပျော်သွားတဲ့အထိ မွှေတံနဲ့မွှေပြီး ကျိုပေးပါ...။ ခပ်ပျစ်ပျစ်လေးဖြစ်လာပြီဆို မီးပိတ်လိုက်ပါ...။ ဇလုံတစ်ခုထဲကို ကြက်ဥနှစ်ငါးလုံးထည့်ပြီး မွှေတံနဲ့ရိုက်ပေးပါ...။ အဝါဖျော့သွားတဲ့အထိ တစ်မိနစ်လောက်ရိုက်ပေးပါ...။ ကြက်ဥနှစ်ထဲကို စောစောက ကျိုထားတဲ့ နို့နဲ့ခရင်မ်ချိစ်ထည့်မွှေထားပါ..။ ပြီးရင် ဂျုံနဲ့ ပြောင်းဂျုံကို သုံးခါလောက် ဇကာစစ်ထည့်ပြီး နံှ့အောင်မွှေပေးပါ..။ တခြားဇလုံသန့်သန့်တစ်လုံးမှာ ကြက်ဥအကာငါးလုံးကို ရှာလကာရည်သို့မဟုတ် ရှောက်ရည် လက်ဖက်ရည်တစ်ဇွန်ထည့်ပြီး ပွပြီးတောင့်လာတဲ့အထိ စက်နဲ့ရိုက်ပေးပါ...။ ရိုက်နေရင်း သကြားကို သုံးလေးခါလောက်ခွဲထည့်ပြီး ရိုက်ပါ...။ အကာရရင် အနှစ်ရည်ထဲကို သုံးပုံတစ်ပုံယူပြီးရောမွှေပါ..။ ဒီအတိုင်း အကာတွေကုန်သွားတဲ့အထိ အနှစ်ထဲကို Fold လုပ်ပြီးမွှေးပေးပါ...။ ပလပ်စတစ် သို့မဟုတ် စီလီကွန်ယောင်းမနဲ့ Fold လုပ်ပေးပါ...။  Fold လုပ်တယ်ဆိုတာကို Michael Lim ဗီဒီယိုမှာကြည့်လို့ရပါတယ်....။ မုန့်သားသမသွားပြီလို့ထင်ရင် မုန့်ဖုတ်ခွက်ထဲထည့်ပြီး အာဗင်ထဲ အပူခံထားတဲ့ ရေခံဗန်းပေါ်ကို တင်ပြီး မိနစ် 50 လောက်ဖုတ်ပေးပါ...။ မိမိအသုံးပြုမယ့် မီးဖိုပေါ်မူတည်ပြီး အပေါ်မီးအောက်မီးချိန်ဆပါ..။ မုန့်မျက်နှာ်ပြင် တူးမသွားအောင် သတိထားကြည့်ပေးပါ...။ မုန့်မျက်နှာပြင်အရောင်ရပြီး အချိန်မစေ့သေးရင် အပေါ်မီးပိတ်ထား ဒါမှမဟုတ် မီးအပူချိန်လျှော့တာမျိုး လုပ်ပေးလို့ရပါတယ်..။ မီးဖိုကတော့ ကိုယ်ကိုယ်တိုင်မုန့်ဖုတ်ကြည့်မှသာ အတိုးအလျှော့ ဘယ်လိုလုပ်ရတယ်ဆိုတာ သိမှာပါ...။ Michael Lim ကတော့ သူ့မုန့်ကို အပ်ချည်မျှင်လေးနဲ့ စိတ်ရှည်စွာ လှီးဖြတ်သွားတာကိုမြင်ရမှာပါ...။ ဒီဂွမ်းဖတ်ချိစ်ကိတ်လေးကို မနက်စာ Black coffee or Espresso နဲ့ဖြစ်ဖြစ် နေ့ခင်းနေ့လည် လက်ဖက်ရည်စိမ်းနဲ့ဖြစ်ဖြစ် ညနေခင်း Hot Latte နဲ့ဖြစ်ဖြစ် အလွန့်အလွန် အတွဲအစပ် လိုက်ဖက်လှပါကြောင်း...။



မိုးငွေ့


Thursday, 12 October 2017

ကင်မရာကိုင်ခဲ့ရသော ကျွန်မဘ၀.....




အန်တီဒေါ်ပတ္တမြားခင်ကို မဂ္ဂဇင်းတွေဖတ်တိုင်း သူ့ဆောင်းပါးတွေကို အမြဲတွေ့ရတတ်တယ်...။ နိုင်ငံခြားကနေ ခရီးသွားဆောင်းပါးတွေရေးလေ့ရှိတော့ အန်တီ့ကို စာရေးဆရာမ ဆောင်းပါးရေးတဲ့ ဆရာမလို့ပဲမှတ်ထင်ခဲ့တာ...။ တကယ်တမ်းတော့ အန်တီက ဓါတ်ပုံဆရာမတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်...။ ဒီစာအုပ်လေးကိုဖတ်မှ သိခဲ့ရတာပါ...။ ကျွန်မဆီမှာ 2000ခုနှစ်ကနေ 2005 ထိ အနုပညာမြင်ကွင်းမဂ္ဂဇင်းဟောင်းတွေ သိမ်းထားတာရှိတယ်...။ အဲဒီနှစ်တွေတုန်းက ကျွန်မ မဂ္ဂဇင်းတွေအမြဲငှားဖတ်ဖြစ်ခဲ့တယ်...။ အနုပညာမြင်ကွင်းက ကျွန်မရဲ့ ဖေးဘရိတ်စာအုပ်...။ အဲဒီမဂ္ဂဇင်းဟောင်းတွေထဲက ဆောင်းပါးတချို့ကို ကျွန်မပြန်ဖတ်ပြီးတင်ပေးစရာတွေ့ရင် လာတင်ပေးပါဦးမယ်...။ ကျွန်မအလုပ်နဲ့ အင်းဝစာအုပ်တိုက်နဲ့နီးတယ်လေ နေ့စဉ်နဲ့အမျှ ဘဏ်မှာစာရွက်စာတမ်းတွေတင်ပြီး အင်းဝကိုအရင်ပြေးတာပဲ စာအုပ်မဝယ်လဲ ထိုင်ဖတ်ချင်လည်းရ ကော်ဖီလည်းသောက်လို့ရတော့ အဆင်ပြေတယ်..။ ဒါကြောင့် ဒီဖက်နှစ်မှာ စာအုပ်တွေပိုဝယ်ဖြစ်နေတာ..။ တစ်လတစ်လရတဲ့ ပိုက်ပိုက်တွေက တခြားသုံးတာထက် စာအုပ်ဖိုးကပိုများနေသလားလို့...:)

ဒီစာအုပ်လေးဟာ...အန်တီဒေါ်ပတ္တမြားခင်ရဲ့ ဓါတ်ပုံအပေါ်ရူးသွပ်မှုနဲ့ သူ့ဘဝတစ်စိပ်တပိုင်းကို မြင်သာအောင် လှစ်ပြထားတဲ့ အန်တီရဲ့ ဘဝပုံရိပ်တချို့လည်းဟုတ်တယ်...။ ကျွန်မ ဒီစာအုပ်လေးကိုဖတ်ပြီး စစ်ကြိုခေတ်ကတည်းက မြန်မာလူမျိုးအများစုဟာ သမီးမိန်းကလေးတွေကို ပညာကအစ အခွင့်အရေးတော်တော်များများကို ပိတ်ပင်တားစီးထားတတ်ကြတယ်ဆိုတာကို ကြားဖူးခဲ့ပေမယ့် အန်တီကတော့ ရဲရင့်သတ္တိရှိတဲ့ ကိုယ်ဝါသနာပါတဲ့ ဓါတ်ပုံလုပ်ငန်းကို အသက်နှစ်ဆယ်တောင် မပြည့်သေးဘဲ တည်ထောင်ခဲ့ပါတယ်..။ အသက်တော်တော်ကွာခြားတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပေမယ့် သူဟာ ကံကောင်းထောက်မစွာ လူငယ်လူလွတ်တစ်ယောက်လို ဓါတ်ပုံလုပ်ငန်းတစ်ခုကို လွတ်လပ်စွာ လုပ်ကိုင်ခဲ့ရတယ်...။ ဒီလုပ်ငန်းဖြစ်ဖို့ သူကြိုးစားအားထုတ်ခဲ့ရတာတွေ... indoor outdoor အခက်အခဲတွေ... အဲဒီခေတ်က ဖလင်လိပ်တွေ  ပစ္စည်းခဏခဏ ပြတ်တတ်တာတွေ အမှောင်ခန်းထဲမှာ  ဓါတ်ပုံဆေးရင်း ပုံတွေပျက်ခဲ့ဖူးတာတွေကို ဖတ်ရတာ အန်တီ့ကိုယ်စား ပင်ပန်းလိုက်တာလို့ခံစားမိတယ်...ပြီးတော့ မိန်းမတစ်ယောက်ဖြစ်ပြီး ဇွဲလုံ့လကြီးစွာနဲ့ ကိုယ့်ဝါသနာကို ဝမ်းစာအတွက်မငဲ့ဘဲ ဇွတ်တိုးလုပ်ခဲ့တာတွေဟာ တကယ့်ချီးကျူးစရာပါပဲ...။ ဒီစာအုပ်မှာ ကျွန်မတို့ အမီလိုက်တဲ့ခေတ်က ဇွဲကြီးတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံရိပ် ၊ စီးပွားရေးလုပ်ကိုင်ပုံ၊ လုပ်ငန်းသဘာဝ၊ လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး၊ မိသားစု စသဖြင့် အစုံအလင်သိနိုင်တဲ့ Simple လေးတွေနဲ့ရေးထားတဲ့ အန်တီဒေါ်ပတ္တမြားခင်ရဲ့ အရေးအသားတွေကို မြင်နိုင်ပါတယ်...။ ကြုံကြိုက်ရင်ဖြစ်ဖြစ် တကူးတကန့်ပဲဖြစ်ဖြစ် ဒီစာအုပ်လေးကိုဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်...။ ကျွန်မကတော့ ဒီစာအုပ်လေးကိုဖတ်ပြီး စိတ်ကူးယဉ်ယဉ်နဲ့ မရှိတော့တဲ့ ဒါရိုက်တာဦးသာဓုရိုက်ပြီး ဆရာမင်းလူဇာတ်ညွှန်းလေးနဲ့ ရုပ်ရှင်ဇာတ်တစ်ထုပ်ဖန်တီးစေ့ချင်သေး...။


မိုးငွေ့

Monday, 9 October 2017

အိပ်မက်လေးလို.....




မင်းမော်ကွန်းရဲ့ အရုပ်ဆိုင်ဆိုတဲ့ အယ်လ်ဘမ်မှာ သီချင်း ၁၄ ပုဒ်ပါတယ်...။ စီးရီးတစ်ခွေ အယ်လ်ဘမ်တစ်ခုမှာ အများအားဖြင့် သီချင်းဆယ်ပုဒ် မဟုတ်ရင် ဆယ့်နှစ်ပုဒ်ပဲ ပါတတ်ကြတာမဟုတ်လား..။ ခုခေတ်တွေမှာဆို သီချင်းတစ်ပုဒ် နှစ်ပုဒ်နဲ့လည်း ထွက်ကြတာပဲ...။ ကျွန်မတို့ခေတ်တုန်းက ကိုလေး(လေးဖြူ)တစ်ခါထုတ်ဖူးတယ် မဉ္ဖူရီဆိုတဲ့စီးရီး နှစ်ပုဒ်တည်းပါတာ...။ အဲဒီခွေမှာ မဉ္ဖူရီရယ် နောက်တစ်ပုဒ်ကိုတော့ သီချင်းခေါင်းစဉ် မမှတ်မိတော့ဘူး...။ အဲတုန်းကလဲ မဉ္ဖူရီကို အပြောင်အပျက်ဖျက်ဆိုကြသေးတာ “မဉ္ဖူရီ ငါ့ဖိနပ်ကို နင်ယူစီး...” အဲလိုမျိုး...။ ခုလဲ ကိုလေးက သူကိုယ်တိုင်ရေးထားတဲ့ “ဒါအချစ်လား”ဆိုတဲ့ သီချင်းတစ်ပုဒ်တည်းနဲ့ အယ်လ်ဘမ်အသစ်တစ်ချပ် ထွက်ထားသေးတယ်...။ အရုပ်ဆိုင်မှာ ကျွန်မအကြိုက်ဆုံးသီချင်းက “အိပ်မက်လေးလို” ...။ သူလည်း ကျွန်မ iTune ထဲအမြဲရှိနေတဲ့ သီချင်းတစ်ပုဒ်..။ ဒါပေမယ့် နားမထောင်ဖြစ်တာ နှစ်ချီနေပြီ...။ ခုမှ မင်းမော်ကွန်းတို့ မြေပဲယိုအသစ်ပြန်ထွက်မယ်ဆိုလို့ သတိရသွားပြီး ပြန်နားထောင်ဖြစ်နေတာ...။ အမှန်တော့ အရုပ်ဆိုင်က သီချင်းတွေအားလုံးကောင်းတယ်..။ အဓိက ကျွန်မကြိုက်တာက ကိုယ်ပိုင်သံစဉ်ဖြစ်တာကိုပဲ...။ ဒီအရုပ်ဆိုင်က ထွက်တာ ခုနှစ်နှစ် ရှစ်နှစ်လောက်ရှိပြီထင်တယ်...။ ကျွန်မက သီချင်းအသစ်ထွက်တိုင်း သိနေသူတစ်ယောက်တော့ မဟုတ်ပါဘူး...။ အရင်တုန်းကတော့ သီချင်းအသစ်တွေထွက်ရင် ဘလော့ဂါ ကဗျာဆရာမ အနှိုင်းမဲ့က အစ်မရေ ဘာသီချင်းထွက်တယ် ဘယ်သီချင်းကောင်းတယ်ဆိုပြီး ချက်ဘောက်စ်မှာ ကျွန်မနဲ့စကားပြောဖြစ်ရင် လာပြောပြတတ်တယ်..။ သီချင်းတွေလိုချင်ရင် သူ့ပြောလိုက်တာနဲ့ ကိုယ်က စတစ်လေးနဲ့သွားယူရုံပဲ..။ သူနဲ့ကျွန်မက အဲတုန်းက အိမ်ချင်းနီးတယ်လေ...။ မဟုတ်ရင်လဲ ထွေးရေ အစ်မကို ဟိုသီချင်လေးပို့ပေးပါ ဒီသီချင်းလေးလဲလိုချင်တယ်ဆို တစ်ပုဒ် နှစ်ပုဒ်ဆို သူက မေးလ်ကနေ ပို့ပေးတတ်သေးတာ..။ ခုတော့ ခင်ဗျားလေးက ဘလော့ဂ်လောက ကနေ အပြီးပိုင်ထွက်သွားပြီး ဓါတ်ဖမ်းတဲ့ ဓါတ်ပုံဆရာမ လုပ်နေလေရဲ့...။ သူနဲ့တောင်မတွေ့တာကြာပေါ့...။ အနှိုင်းမဲ့က ကျွန်မစာတွေကိုအမြဲဖတ်တဲ့ ရာသက်ပန်စာဖတ်သူတစ်ယောက်..။ အဲလိုမြှောက်ပြောထားရတယ် အပြင်မှာဆုံရင် ကိုယ့်အစ်မကို ကာဖီလေး မုန့်လေးဝယ်ကျွေးအောင်လို့...။ သီချင်းလေးတင်ရင်း တခြားအကြောင်းတွေပဲ အာလူးဖုတ်နေမိ... :)_





လေကြောရှည်သွားတဲ့အတွက် Bonus အနေနဲ့ သီချင်းနောက်တစ်ပုဒ်တင်ပေးလိုက်ပါတယ်...။ အရုပ်ဆိုင်မှာ “အိပ်မက်လေးလို” ပြီးရင် ကျွန်မအကြိုက်ဆုံးသီချင်းလေးက Jenny ဖြစ်ပါတယ်...။ ဒီသီချင်းလေးထဲက Jenny ဆိုတဲ့ ကောင်မလေးက ကျွန်မငယ်ငယ်ကနဲ့ တော်တော်တူတယ်... နားထောင်ကြည့်ပါဦး...:)


မိုးငွေ့

Tuesday, 3 October 2017

ဝေးနိုင်မှာလား.....



  အရင်ဆုံးကိုယ့်ရင်ထဲကို မင်းဝင်လာတဲ့နေ့ မျက်ဝန်းထဲမှာ အချစ်တွေရှာတွေ့တယ်.. ဒါမျှော်လင့်ခြင်းနေရောင်လေး...   
 အရာအားလုံးကိုမေ့နေနိုင်ခဲ့တယ်.. ငါ့နှလုံးသားကိုမင်းအသက်သွင်းပေး ကျန်တာဘာမှမလိုဘူး...

Chorus: အချစ်မနေနိုင်ဘူး မင်းမရှိတဲ့နေ့တို့ရူး မနေနိုင်ဘူး တို့တစ်ယောက်တည်းတော့ မျှဝေခံစား ဘဝတွေကိုဖြတ်သန်းသွားရင်းနဲ့ ရင်မှာလိုအပ်နေတဲ့ အချစ်တွေကမင်းပဲ အချိန်တွေအကြာကြီး တို့ဝေးနိုင်မှာလား....

 အချစ်ဆုံးမျက်နှာလေးကိုကြည့်ရင်း ကျေနပ်နေ ဘာပဲဖြစ်နေတို့ရှင်သန်ဖို့ မင်းဟာရင်မှာအသက်ရှုသံလေး 

 မျက်လုံးလေးကို မှိတ်ကာနေရင်းလေ ကိုယ်မင်းအကြောင်းကိုတွေးကာ ကျေနပ်နေ မင်းယုံမှာလားအချစ်လေး  

Chorus: အချစ်မနေနိုင်ဘူး မင်းမရှိတဲ့နေ့တို့ရူး မနေနိုင်ဘူး တို့တစ်ယောက်တည်းတော့ မျှဝေခံစား ဘဝတွေကိုဖြတ်သန်းသွားရင်းနဲ့ ရင်မှာလိုအပ်နေတဲ့ အချစ်တွေကမင်းပဲ အချိန်တွေအကြာကြီး တို့ဝေးနိုင်မှာလား....


ဒီသီချင်းလေးကို ကျွန်မ FM မှာ မကြာခဏနားထောင်ခဲ့ဖူးတယ်...။ ကျော်ကျော်(မင်းမော်ကွန်း)ဆိုတယ် ဆိုတာလည်းသိတယ်...။ ဒါပေမယ့် ဘယ်မှာဆိုတဲ့ သီချင်းရယ်လို့တော့ သတိမထားမိဘူး...။ ပြီးတော့ ဒီသီချင်းက သူတို့မြေပဲယိုအဖွဲ့ထုတ်တဲ့ အယ်လ်ဘမ်ထဲ မပါတဲ့သီချင်းဆိုတာ သေချာသိနေတယ်..။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်က Alternative ခေတ်စားနေတဲ့ခေတ်...။ အဲလက်စ်တောင် ပေါ့ပ်ကနေ လိုင်းကြောင်ပြီး Alter ဖက်ကူးရင်း ခုထိပြန်မပေါ်လာတော့တာ..။ ဆိုလိုတာက မြန်မာပြည်မှာ Alter ကို သိပ်မသိတာရယ် နားမယဉ်တာရယ်ကြောင့်လည်းပါမယ်ထင်တယ်...။ ဒါပေမယ့်လည်း ဒိုးလုံးနဲ့လှိုင်ဦးမော်တို့ ညီအစ်ကိုကျတော့ အော်တာနဲ့ပေါက်တာပဲ...။ ဒီဖက်ခေတ်မှာ နိုင်ငံခြားမှာတော့ Dragons အဖွဲ့ကဆိုတဲ့ Thunder ဆိုတဲ့ Alternative သီချင်းအမျိုးအစားကတော့ ပေါက်နေရောပဲ..။  မြေပဲယိုကလည်း အဲဒီလိုင်းပဲ...ဒါပေမယ့် သူတို့က R&B မကျ Pop မကျသီချင်းလေးတွေဆိုသေးတယ် ။ ကျွန်မ ကျော်ကျော်နောက်ဆုံးထွက်ထားတဲ့ အရုပ်ဆိုင်ဆိုတဲ့ အယ်လ်ဘမ်ထိ နားထောင်ဖူးခဲ့တယ်...။ အဲဒီ အယ်လ်ဘမ်တော့ မြေပဲယိုနဲ့ မဟုတ်ဘဲ မင်းမော်ကွန်းဆိုတဲ့ တကိုယ်တော် နာမည်နဲ့ပဲထွက်ခဲ့တာ..။ အဲထဲမှာ ကိုညီထွဋ်ရဲ့ လောကဟင်းလင်းပြင်ကို Version သိပ်မပြောင်းဘဲ ပြန်ဆိုထားတာလေးလည်း ကောင်းတယ်...။  ကျန်တာတွေက သီချင်းအသစ်တွေ...။ အရုပ်ဆိုင်မှာ ကျွန်မအကြိုက်ဆုံးသီချင်းက “အိပ်မက်လေးလို” ... နောက်တခါကျ အဲသီချင်းလေး တင်ပေးဦးမယ်....။ ကျွန်မက ကျော်ကျော်ရဲ့ အသံကိုကြိုက်တယ် ...။ ရင်ဘတ်ထဲကနေထွက်လာတဲ့ အသံလုံးကြီးကြီးတွေ...။ လူကဖြူဖြူသေးသေးပေမယ့် သူ့အသံက သူ့ရုပ်ရည်နဲ့တောင် မလိုက်ဖက်ဘူးလို့ဆိုရမယ်...။ ကျော်ကျော်ဆိုတာ တခြားလူတော့မဟုတ်ဘူး ကျွန်မတို့ ဘလော့ဂါအန်တီကြီး တီတင့်တူမရဲ့ အမျိုးသားပါ...။


မိုးငွေ့

Friday, 29 September 2017

အမုန်းများစွာအတွက်.....





 ငါဟာ ရက်စက်တတ်သူပါ မင်း ခုတော့စိတ်နာသွားပြီး ကောျခိုင်းထားခဲ့ မင်းလေးမလွမ်းနဲ့မေ့ပစ်လိုက်ပါ ငါလှည့်စားခဲ့သူကြီး ခွင့်မလွှတ်လိုက်ပါနဲ့ ငါဟာ စိမ်းကားခဲ့ပါတယ် မင်းလေးမုန်းတတ်ဖို့ပါပဲ... အသည်းကွဲသွားလည်းပဲ ဒီမှာ ဟန်ဆောင်နေမယ် မနာကျင်သလိုပါပဲ အမုန်းများအတွက်ပါကွယ်....

ဒီသီချင်းလေးလဲ ကျွန်မနေ့စဉ်ပုံမှန်နားထောင်နေကျ ကျွန်မ iTune ထဲကတစ်ပုဒ်ပဲ...။ အမုန်းများစွာအတွက်က တကယ်တော့ မြေပဲယိုအဖွဲ့ရဲ့ သီးသန့်အယ်လ်ဘမ်ထဲက သီချင်းမဟုတ်ဘူး...။ အဆိုတော်ပေါင်းစုံပါဝင်တဲ့ အမုန်းများစွာအတွက် အယ်လ်ဘမ်ထဲက မြေပဲယိုအဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်...။ အဲဒီတုန်းက အချစ်များစွာအတွက် အမုန်းများစွာအတွက် အနမ်းများစွာအတွက် ဆိုတဲ့ သီချင်းတွေက မိုင်ဖေးဘရိတ်သီချင်းတွေပါ...:) ဒီအမ်တီဗီထဲမှာ သရုပ်ဆောင်တဲ့ ကောင်မလေးက ကျွန်မနဲ့ ညီမတစ်ဝမ်းကွဲတော်ပါတယ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ညီမအငယ်ဆုံးလေးပါ...။ ခုတော့ အိမ်ထောင်ကျပြီး သားလေးနဲ့သမီးလေးနှစ်ယောက်အမေအဖြစ် နယူးယောက်မှာ နေထိုင်နေပါတယ်...။ ဒီအမ်တီဗီက နှစ်တော်တော်ကြာနေပြီ ဆယ်နှစ်တောင်တော်တော် ကျော်နေလောက်ပြီထင်တယ်..။

မိုးငွေ့

Monday, 25 September 2017

Earnings.....




Blogspot ရဲ့ Blogger.com စာမျက်နှာရဲ့ဘယ်ဖက် Roll မှာ Earnings ဆိုတာရှိတယ်...။ ကျွန်မက စက်ပိုင်းဆိုင်ရာကလိရတာ သိပ်မကျွမ်းကျင်ဘူး...။ သိပ်လည်းမစပ်စုဖြစ်ဘူး...။ စာရေးရင် စာမျက်နှာအသစ် ယူရတဲ့ Posts ဆိုတဲ့ခေါင်းစဉ်နဲ့ comment လောက်ပဲသွားကြည့်ဖြစ်တာများတယ်...။ Setting ထဲတောင် ကိုယ့် Page ရဲ့ Theme လေးတွေ အသစ်ပြောင်းချင်မှဝင်ကြည့်တတ်တာ...။ ဒါကလည်း တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက်ရယ်...။ သူများဘလော့ဂ်တွေ ဝင်လည်တော့ ဘေးနှစ်ဖက် ဒါမှမဟုတ် အောက်ခြေတွေမှာ ကြော်ငြာလေးတွေ တွေ့ရတယ်..။ ဟင်းချက် မုန့်လုပ်တဲ့ ဘလော့ဂ်တွေမှာဆို မီးဖိုချောင်သုံးပစ္စည်းလေးတွေ ကြော်ငြာတတ်တယ်..။ များသောအားဖြင့် တယ်လီဖုန်း Sim card ကုမ္ပဏီတွေများတယ်...။ Telenor ဆို စာမျက်နှာတိုင်းမှာ တွေ့ရတတ်တယ်..။ ဒါကလည်း မြန်မာနိုင်ငံမှအပ တခြားနိုင်ငံရပ်ခြားက ဘလော့ဂါတွေရဲ့ စာမျက်နှာမှာပဲ တွေ့ရတာပါ...။ အဲဒါတွေ့ရဖန်များတော့ တခါက ကျွန်မ ညီမလေးဝမ်းကွဲတစ်ယောက် ကျွန်မကိုမေးဖူးတယ် ဘလော့ဂ်ရေးနေတာ ကြော်ငြာမထည့်ဘူးလားတဲ့ အဲဒါဝင်ငွေရတယ်တဲ့...။ အဲဒါကို သွားသတိရတော့မှာ Blogger.com မှာ Comment အောက်မှာရှိတဲ့ Earnings ဆိုတဲ့အထဲ ဝင်ကြည့်ဖြစ်သွားခဲ့တယ်..။ တကယ်တမ်း မှတ်ပုံတင်မယ်လုပ်တော့ Country မှာ ကိုယ့်တိုင်းပြည်နာမည်က ပါမလာဘူး...။ တခြား...သူတို့တွေ စီစစ်စရာ ဘာညာသာရကာတွေ အများကြီးပေါ့  နောက် ဘဏ်အကောင့်တွေ ဘာတွေလည်း တောင်းဦးမယ်ထင်တယ်..။ အဲဒါထားပါတော့ ကိုယ့်နိုင်ငံနာမည်ရှာမရတော့ ကျွန်မ ဟိုး...ကမ္ဘာတစ်ဖက်ခြမ်းမှာနေနေတဲ့...ကျွန်မရဲ့ ကဗျာဆရာကို အကူညီတောင်းကြည့်ပါတယ်..။ သူလည်းကူညီပေးမယ်ဆိုပြီး သူ့ I phone နဲ့လုပ်ပေးရှာပါတယ်..။ ကျွန်မက ဒီဖက်မှာ Log out လုပ်မထားတော့ ဖုန်းထဲကို မက်ဆေ့ချ်တွေကဝင်လာပါရော ကျွန်မ မေးလ်ထဲလဲစာပို့လိုပို့ပေါ့..။ မင်းအကောင့်ကို တခြားတစ်ယောက်ခိုးဖွင့်နေတယ်ပေါ့...။ Google က အဲဒါတော့ စိတ်ချရတယ်...သူက တခြားအကောင့်ဖွင့်နေတဲ့သူရဲ့ နေရာကအစ Google Map နဲ့ အတိအကျပို့ပေးတာ...။ အဲဒါ သူတို့က စိတ်မချလို့ Log in ဝင်မရအောင်တားထားပေးပါတယ်တဲ့ ကဲ...။ အဲဒါနဲ့ နောက်နေ့ ကျွန်မ..ကဗျာဆရာနဲ့လိုင်းမှာတွေ့တော့ သူဖွင့်မရဘူးဆိုတာနဲ့ ဒီဖက်မှာ Log out လုပ်ပေးလိုက်တော့မှ သူ ဟိုဖက်ကနေ ပြန်ဝင်လို့ရသွားတယ်...။ လိုအပ်တာတွေအားလုံး Form ကိုသူဖြည့်ပေးပြီးတင်ထားတယ်...။ သူတို့စီစစ်ဦးမယ်ထင်တယ် ဘာမှတော့ မထူးခြားသေးဘူး စာတွေဘာတွေမပို့သေးဘူးလို့ စိတ်ထဲထင်တယ်လို့ရှိသေး ဒီစာရေးရင် မေးလ်စစ်ကြည့်လိုက်တော့ သူတို့ကပို့ထားနေပြီ..။ မင်း ဘလော့ဂ်ကိုလက်ခံလို့မရနိုင်သေးတာ စိတ်မကောင်းပါဘူးတဲ့ ဘာကြောင့်လည်းဆိုတော့ International language မဟုတ်လို့လို့ဖြေထားတာ တွေ့လိုက်တယ်...။ အေးလေ ဟုတ်သားပဲ... ကမ္ဘာမှာ မြန်မာစာဖတ်တတ်တဲ့သူက မြန်မာတစ်နိုင်ငံက လူတွေအားလုံးတောင်မှ မဖတ်တတ်တာလေ ဆိုပြီး သတိချပ်မိတော့တယ်..။ ဒါနဲ့ အော် ငါတော်တော်အရူးထတာပဲလို့ကိုယ့်ကိုယ်ကို မှတ်ချက်ချမိတယ်..။ ကျွန်မရဲ့ ကဗျာဆရာကိုတောင် ဆွယ်လိုက်မိသေးတယ် ...။ ဒီမှာရှင့် တစ်လတစ်ခါကြော်ငြာခရခဲ့ရင် ခင်ဗျားလေး ဘဏ်အကောင့်သုံးထားတဲ့ အတွက်ရော ဆောင်ရွက်ခအနေနဲ့ ရသမျှကြော်ငြာခကို တစ်ဝက်တိတိပေးမယ်လို့ ...း)

သူဘာပြန်ပြောတယ်မှတ်လဲ...

“ဟ..ဟ..တစ်လကို တစ်ဆယ်ရရင်ကံကောင်းတဲ့...”  ကျွန်မကို လှောင်ပြုံးလေသံလေးနဲ့...
“ဟင် ...ဟုတ်လား ကိုယ်ကဖြင့် ကြော်ငြာခလေးများရရင် ကဗျာဆရာမြန်မာပြည်ပြန်တဲ့အခါ မိတ်ကပ်လေး နှုတ်ခမ်းဆိုးဆေးလေးများ မှာမလားလို့ ရည်ရွယ်ချက်ကြီးစွာနဲ့” ဆိုတော့ ...
“ ဘာမိတ်ကပ်မှာချင်လို့လဲ” တဲ့....
“Rihanna ရဲ့  Fenty ” ဆိုတော့...
“ကြားတောင်မကြားဖူးဘူး” တဲ့...


“ဘယ်ကြားဖူးမလဲ ခုမှအသစ်ထွက်တာကို ပြီးတော့မြန်မာပြည်ကိုမရောက်သေးပေမယ့် Sephora ဆိုင်ခွဲတွေရှိတဲ့ နိုင်ငံတိုင်းမှာတော့ ဝယ်လို့ရနေပြီ...”လို့ သူနားမလည်တာတွေကို ကျွန်မက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သေးတယ်...။ ပြီးခဲ့တဲ့ တစ်ခေါက် BKK သွားတော့ Sephora မှာ cat eyes ဆွဲဖို့ လိုင်နာရည်လေးဝင်ဝယ်တော့ member card ရထားခဲ့တာမို့ ကျွန်မမေးလ်ကို သူတို့က ဘာပစ္စည်းအသစ်ထွက်ထွက် စာပို့ကြတယ်..။ အဲဒါကြောင့် Fenty ကိုသိနေတာ...။ Fenty beauty by Rihanna ရဲ့ မိတ်ကပ်အသစ် မိတ်ဆက်ပွဲမှာ RiRi ကိုယ်တိုင် မိတ်ကပ်တွေခြယ်ပေးနေတာ သူ့ Instagram မှာတွေ့လိုက်သေးတယ်..။ သူက အသားညိုတော့ သူ့လိုညိုပြာညက်မဒီလေးတွေ အဆင်ပြေအောင် အသားညိုသူတွေအတွက်ကို Foundation makeup တွေ အရောင်အသေးစိပ် စုံစုံလင်လင်ထုတ်ထားတာတွေ့ ရတယ်...။


  ကျွန်မအသားအရည်နဲ့ဆို Tan 330 နဲ့ကွက်စတိ






နောက်ဆုံးတော့ ကြော်ငြာခလေးမက်လိုက်တာ လောဘလေးတက်လိုက်တာလေးပဲအဖတ်တင်တယ်လို့...။ ကိုယ်ရေးနေတာဖြင့် ဘာမှမဟုတ်တဲ့ ပါချီပါချက်လေးကို...။ ပြန်တွေးပြီး အားငယ်...:( 


မိုးငွေ့