Monday, 29 January 2018

တရံရောအခါက ဘလော့ဂါတွေ.....(၂)



2010 2011 ဝန်းကျင်တုန်းက ဘလော့ဂါတွေ စည်စည်ကားကားနဲ့ လက်သွက်သွက် ပို့စ်တွေတင်နေတဲ့အချိန် အဲချိန်တွေကို သိပ်လွမ်းမိတယ်...။ ကျွန်မက အဲတုန်းက အက်ဆေးလေးတွေကို စရေးခါစလေး... ကျွန်မအက်ဆေးလှလှတွေရေးတတ်လာတာ မသက်ဝေတို့ မချစ်(ချစ်ကြည်အေး)တို့ ကျေးဇူးမကင်းဘူး...။ အစ်မတွေရဲ့ဘလော့က ကျွန်မရဲ့ ဖေးဘရိတ်...။ အထူးသဖြင့် မသက်ဝေရဲ့ အက်ဆေးတော်တော်များများကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးတယ် အရမ်းလည်းနှစ်သက်ခဲ့ရတယ် ခုချိန်ထိလည်း ပြန်သွားဖတ်တိုင်း အသစ်လိုခံစားမိတုန်းပဲ...။ မသက်ဝေရဲ့ “လေပြေအလာ” အက်ဆေးလေးကို ကျွန်မသိပ်ကြိုက်ခဲ့တာ...။ အဲဒီအက်ဆေးလေးကိုဖတ်ရင်း ပဝါပါးလေးတစ်ထည်ရဲ့ လေအလွင့်နောက်ကို ကိုယ့်စိတ်ဝိညဉ်တွေကပ်ပါသွားသလား အဲလောက်ထိ စွဲလန်းနှစ်သက်ခဲ့ရဖူးတယ်...။ အစ်မရဲ့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေကို သိပ်သဘောကျတယ်...။ သူ့စာတွေ များများဖတ်ပြီး ကျွန်မ အက်ဆေးတော်တော်များများကို ရေးနိုင်ခဲ့တယ်...။ ဒါကြောင့် အစ်မသက်ဝေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်...။ ကျွန်မသိပ်ကြိုက်ခဲ့ရတဲ့ အစ်မရဲ့ စာတွေကတော့ “ကျွန်မ၏ညနေ” “ညနေခင်းစကားဝိုင်း” “မျက်ဝန်းညို” “ရှယ်ရီရဲ့မွေးနေ့” “နှောင်ကြိုးမဲ့စွာ” “ယု” “ကျွန်မ၏ကမ္ဘာ” “ချစ်သူဖတ်ဖို့စာ” .....။ ခေါင်းစဉ်တွေရေးပြရမယ်ဆိုအများကြီးပဲ အစ်မသက်ဝေရဲ့ ဘလော့မှာ စိတ်ကြိုက် သွားမွှေပြီး ရှာဖတ်နိုင်ပါတယ်..။  အစ်မနဲ့က အပြင်မှာတစ်ခါမှ မဆုံဖူးပေမယ့် အစ်မပေးခဲ့တဲ့ လက်ဆောင်တွေကိုတော့ ရခဲ့ဖူးတယ်...။ မှတ်မှတ်ရရ ချယ်ရီရောင် Clinic နှုတ်ခမ်းဆိုးဆေး နဲ့ ဖန်စီလက်ကောက်ကလေးတစ်ခု...။ အဲတုန်းက တဂ်ပို့စ်တွေ တော်တော်များများ အစ်မသက်ဝေစလုပ်တာများတယ်...။ ဆရာမမေငြိမ်းရဲ့ စာအုပ်ဖြစ်တဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မသက်ဝေက ဒီပို့စ်မှာ စပြီးတဂ်ဖူးခဲ့တယ်.. ..။ အစ်မကိုယ်တိုင်ရေးတဲ့ “အချစ်အကြောင်းရေးရအောင်” ကို ကျန်တဲ့ ဘလော့ဂါတွေကိုပါ တန်းစီပြီးတဂ်လာတဲ့အထဲ ပါဝင်ခဲ့ရလို့ ကျွန်မလည်း ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်...။ တဂ်ပို့စ်ရေးရတာ ကျွန်မတို့ ငယ်ငယ် ကျောင်းတက်တုန်းက စာစီစာကုံးတစ်ပုဒ်ရေးရသလိုပါပဲ ဆရာဆရာမတွေ ချပေးတဲ့ ခေါင်းစဉ်ကို ကိုယ့်စိတ်ကူး ကိုယ့်အိုင်ဒီယာနဲ့ ခေါင်းစဉ်တူပြီး အရေးအသားကွဲပြားသွားတာပါပဲ...။ အဲတုန်းက မသက်ဝေတို့နဲ့ တဂ်ပို့စ်တွေ တပျော်တပါး ရေးကြရတာကို လွမ်းတယ်...။ ယောကျာ်းဆန်ပြီး ဓါတ်ပုံရိုက်ကောင်းတဲ့ ချစ်စရာသားကလေး တစ်ယောက်နဲ့ လက်တွဲဖော်အစ်ကိုကြီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အရပ်ရှည်ရည် ဆံပင်ရှည်ရှည်နဲ့ မသက်ဝေကိုလည်း လွမ်းတယ်...:)



ချစ်ကြည်အေးရဲ့ ချစ်ကြည်လေးစာအုပ်မိတ်ဆက်ပွဲတုန်းက


နောက်တစ်ယောက်က မချစ်(ချစ်ကြည်အေး)... ဒီအစ်မနဲ့တော့ အပြင်မှာ ခဏခဏဆုံဖူးတယ်...။ အပြင်မှာဆုံလို့ ဓါတ်ပုံတွဲရိုက်တိုင်းလည်း ကော်မန့်မှာ ညီအစ်မတွေလားလို့ မေးခံရဖူးတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအားကျလေးစားရတဲ့ အစ်မနှစ်ယောက်(မသက်ဝေနဲ့မချစ်)ကလည်း အပြင်မှာ ဟိုး သူငယ်တန်းကနေ ဆယ်တန်းထိ ငယ်သူငယ်ချင်းတွေ...။ မချစ်ကလည်းစာရေးကောင်းတယ် ဇဝနဉာဏ်ရွှင်တယ်...။ အစ်မရဲ့ ခရီးသွားပို့စ်တွေ ဝတ္ထုတိုတွေကို သိပ်ကြိုက်တယ်...။ ဓါတ်ပုံလည်း အရိုက်ကောင်းတယ်...။  “ချစ်သူတို့ရဲ့ တိမ်ပြာပြာနေ့တစ်နေ့” မှာ အစ်မရဲ့ ရိုက်ချက်တွေမြင်ရမှာပါ...။ ဒါက အစ်မရဲ့ ဟင်းချက်လက်ရာ...။ အစ်မက ခရီးသွားပို့စ်တွေ အရေးများတယ်..။ ခရီးလည်းတော်တော် သွားခဲ့တယ် ကျွန်မလိုပဲ...။ ဒါမယ့် ကျွန်မကတော့ အစ်မရဲ့ ခြေရာကိုမမှီ...။ အစ်မရဲ့ “အစားအသောက်မီးလိုတောက်” “ကျွန်မရဲ့ ရိုက်ချက်များ” “ခရီးသွားခြင်း” တို့အပြင် ခံစားမှုရသ ဝတ္ထု လည်းအရေးကောင်းသူပါ...။ ဒါတင်မက အစ်မချစ်က သီချင်းဆိုလည်း ကောင်းသေးတယ်ရှင့်..။ အစ်မကိုယ်တိုင်တီးဆိုတာတွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဘလော့တစ်ခေတ်ဆန်းထခဲ့တဲ့ အချိန်တွေကို သိပ်လွမ်းမိတယ်...။ အစ်ကိုကြီးကိုပန်းသီးဆိုတဲ့ သဘောမနှောကောင်းလွန်းတဲ့ လက်တွဲဖော်ကိုပိုင်ဆိုင်ထားတဲ့ CKA ကိုလည်းလွမ်းတယ်...။

အပိုင်း(၃)လေးလည်းရေးဦးမယ် မျှော်နော်...:)



မိုးငွေ့


Saturday, 20 January 2018

တရံရောအခါက ဘလော့ဂါတွေ.....(၁)


ကိုညိမ်းနိုင်ဆီကရခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်



ပြီးခဲ့တဲ့ ဒီဇင်ဘာတစ်လလုံး ပိတ်ရက်တွေက သုံးရက်ဆက်တွေချည်းပဲ သူများတွေ ခရီးသွားပေမယ့် ကျွန်မကတော့ ခရီးတော့မသွားနိုင်တော့ဘူး...။ ဒီတစ်နှစ်လုံးမှာပဲ ခရီးကများနေပြီလေ....။ နောက်နှစ်အတွက် ချန်ထားမယ်လို့ တေးထားရင်း ပိတ်ရက်တွေမှာ စာဖတ်ဖြစ်တယ်..။ ဘာစာအုပ်တွေလဲဆို အရင်ဝယ်ထားတဲ့ စာအုပ်တွေကိုမဖတ်ဖြစ်သေးဘဲ စာအုပ်ဗီဒိုထဲ သိမ်းသော့ခတ်ထား...။ ခုလောလောလတ်လတ် နောက်ဆုံးဝယ်ဖြစ်တဲ့ မယ့်ကိုးနဲ့ ဂျာနယ်ကျော်မမလေး ဖတ်ဖြစ်တယ်...။ အဲနှစ်အုပ်က ပါးပါးလေးပေမယ့် နှစ်ရက်လောက်ဖတ်ယူရတယ်...။ အဲစာအုပ်တွေ အကြောင်းတော့ နောက်မှ သပ်သပ်လာပြောပြမယ်...။ နောက်ဆုံးပိတ်ရက်ကိုတော့ အေးအေးလူလူ သီချင်းလေး နားထောင်ရင်း 2011 ကစပြီး တင်ဖြစ်ခဲ့တဲ့ မိုးငွေ့နှင့်အတူ ဘလော့က စာတွေကို ပြန်ဖတ်တယ်..။ ကော်မန့်တွေပြန်ဖတ်ရင်း အဲဒီတုန်းက အချိန်တွေကို ပြန်လွမ်းတမိသွားတယ်...။ အဲမှာ ကော်မန့်တွေလာလာရေးတဲ့အထဲမှာ ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ထိပ်ဆုံးကနေ အမြဲအားပေးတတ်တဲ့ ကိုညိမ်းနိုင် (မျောလွင့်တိမ်တို့နားခိုရာ) ရဲ့ ကော်မန့်တွေကိုပြန်ဖတ်မိရင်း သူ့ဘလော့ကို သွားလည်ဖြစ်တယ်..။ ကျွန်မသူ့ဘလော့ကိုသွားလည်တိုင်းလည်း ကျွန်မအကြိုက်ဆုံးပို့စ်တစ်ပုဒ်ဖြစ်တဲ့ “ကြည်စင်ကောင်းကင်၌ တည်သောပန်းနုရောင်မိုးတိမ်” ကိုအရင်ဦးဆုံးပြန်ဖတ်ဖြစ်တယ်...။ အကြိမ်ရေဘယ်နှစ်ခေါက်မှန်းမသိဖတ်ဖြစ်နေတဲ့ ကိုညိမ်းနိုင်ရေးတဲ့ ခံစားမှုဝတ္ထုလေးက ကျွန်မရဲ့ ဖေးဘရိတ်ဆိုပါတော့...။ အဲဒီတုန်းက သူ့ဘလော့မှာ ကောင်းကင် ကောင်းကင်ဆိုပြီး ဟိုးလေးတကြော်ကြော်ဖြစ်တဲ့အချိန် ကျွန်မရဲ့ ဘလော့မှာက အိန်ဂျယ် နေရာယူနေတဲ့အချိန်...။ တနေ့သူနဲ့စကားပြောဖြစ်ရင်းက သူ့ရဲ့ ကောင်းကင်နဲ့ အိန်ဂျယ်ကို ဇာတ်လမ်းလေးတစ်ပုဒ်လောက် ရေးချင်တယ်လို့ ပြောလာခဲ့တယ်...။ ဟား မိုက်တယ်ပေါ့... ကျွန်မ အရမ်းကို ခရေဇီဖြစ်နေတဲ့ သူ့ရဲ့ဇာတ်ကောင် ကောင်းကင်ဆိုတဲ့ တင်ပါးလုံးကျစ်ကျစ်နဲ့ ကောင်မလေးနဲ့ ကျွန်မရဲ့ အိန်ဂျယ်နဲ့ သူဘယ်လိုများဇာတ်လမ်းဆင်မလဲလို့ စိတ်ဝင်စားမိသွားခဲ့တယ်..။ ဒီလိုနဲ့ သူရေးမယ်လို့ ပုံပြင်တွေပြောပြီး အတော်ကြာတဲ့အချိန်တစ်ခုအထိ ပို့စ်က တက်မလာခဲ့ဘူး...။ ကျွန်မလည်း သူနဲ့တွေ့တိုင်း  အိန်ဂျယ်နဲ့ကောင်းကင်ဇာတ်လမ်း မရေးသေးဘူးလားလို့ ဂျီကျနေကျ...။ ဒါနဲ့ 2013 မတ်လ 13ရက်နေ့မှာ “အိန်ဂျယ်အလင်း မြတ်နိုးခြင်းကောင်းကင် ယုံကြည်စွာတည်အပ်သောချစ်ခြင်းများ” ဆိုတဲ့ ပို့စ်လေး တက်လာခဲ့တယ်...။ ကျွန်မမျှော်လင့်ထားသလို ကိုညိမ်းနိုင်က အိန်ဂျယ်နဲ့သူ့ကောင်းကင်ကိုဆုံပေးပြီး ဇာတ်ဖွဲ့မထားခဲ့ပါဘူး... အိန်ဂျယ်ကိုတမ်းတတဲ့သူမနဲ့ ကောင်းကင်ကိုလွမ်းဆွတ်နေတဲ့သူ့ကို ခေါင်းစဉ်လေးနှစ်ပိုင်းခွဲပြီး ရေးထားပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အိန်ဂျယ်ကို အရေးတယူနဲ့ စာတပုဒ်ရေးပေးခဲ့တဲ့အတွက် ကိုညိမ်းနိုင်ကို ဒီနေရာကနေ ထပ်ပြီးကျေးဇူးတင်ပါတယ်..။ ကျွန်မက ကော်ဖီကြိုက်တတ်တာသိကြလို့ အပြင်မှာ တိုင်းတပါးက ပြန်လာတဲ့ဘလော့ဂါတွေနဲ့ဆုံတိုင်း ကော်ဖီခွက်လက်ဆောင် ပေးတတ်ကြတယ်လေ...။ အပေါ်ပုံက ကော်ဖီခွက်ပေးတုန်းကဆို အိကု(ကိုညိမ်းနိုင်)က  ကော်ဖီထည့်မသောက်ဘဲ ဘီယာထည့်ရမယ့်ခွက်ကြီးတဲ့ ပြောသေးတယ်..။


 
 ကိုညီလင်းသစ်ပေးခဲ့ဖူးတဲ့ ကော်ဖီခွက်လက်ဆောင်လေး


ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို ကော်မန့်လာပေးတဲ့အထဲမှာ ကော်မန့်တွေကိုလှလှပပ ဖွဲ့ဆိုရေးတတ်တဲ့ ကိုညီလင်းသစ် တစ်ယောက်ရှိသေးတယ်...။ ကိုညီလင်းနဲ့ ကျွန်မအပြင်မှာဆုံဖူးခဲ့ပါတယ်...။ ဆွီဇာလန်နိုင်ငံမှာနေထိုင်နေတဲ့ ကိုညီလင်း မြန်မာပြည်ကို အလည်တစ်ခေါက်ပြန်ရောက်တုန်းကပါ...။  ကျွန်မနဲ့ မွေးနှစ်တစ်နှစ်ထဲတစ်လထဲ မွေးပြီး ကျွန်မထက် ရက်ပိုင်းလေးပဲအသက်ကြီးတဲ့ ကျွန်မရဲ့ ဘလော့စီနီယာအစ်ကိုတစ်ယောက်ပါ...။ စာရေးကောင်းပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို မထပ်အောင်တင်တတ်တဲ့ ဘလော့ဂါတစ်ယောက် အော်..နောက်ပြီးတော့ ဓါတ်ပုံဆရာလည်းဟုတ် ဂီတာတီးကောင်းပြီး သီချင်းအဆိုလည်းကောင်းတဲ့သူတစေ်ယာက်ပါ...။ ခုတော့ ပို့စ်တွေမတင်ဖြစ်တော့ဘဲ ဘလော့ကနေ ပျောက်ချက်သားကောင်းနေတာ နှစ်ချီနေပြီ...။ ပထမတစ်ခေါက် အစ်ကိုပြန်လာလည်တော့ ပန်းဆိုးတမ်း ကမ်းနားက ရွှေဘဲမှာ တခြားဘလော့ဂါတွေနဲ့အတူ ညစာစားရင်း ဆုံဖူးခဲ့တယ်..။ အစ်ကို့ဆီက Switzerland ကလက်ဆောင် ရိုးရာဓါးမြှောင်လေးတစ်ခုလက်ဆောင်ရခဲ့ဖူးတယ်...။ အဲဒီတုန်းက အစ်ကို့ကို စာအုပ်လက်ဆောင်ပြန်ပေးခဲ့ဖူးတယ်ထင်တယ် ဘာစာအုပ်လည်းတော့ မမှတ်မိတော့ဘူး...။ ချစ်စရာကောင်းတဲ့အစ်ကို့သားလေးနဲ့အတူ ဓါတ်ပုံရိုက်ခဲ့ဖူးသေးတယ်...။ ဒုတိယတစ်ခါတော့ အစ်ကိုနဲ့မဆုံဖြစ်လိုက်ပေမယ့် အစ်ကိုကြိုက်တတ်တဲ့ချဉ်ပေါင်ကြော်ကိုတော့ လက်ဆောင်ပေးခဲ့လိုက်ရပါတယ်...။ အစ်ကိုရေးတဲ့ ပို့စ်တွေထဲမှာ အထူးသဖြင့် ခရီးသွားပို့စ်လေးတွေကို သိပ်ကြိုက်တယ်..။ ခရီးတခုကပြန်လာတိုင်း အစ်ကို ပြန်ရေးပြတဲ့ နေရာဒေသတွေက တကယ်မျက်စိထဲမျက်ယောင်ပြီး ကိုယ်တိုင်ရောက်သွားသလိုခံစားရတယ်..။ နောက်ပြီးအက်ဆေးလေးတွေ ကောင်းတယ်...။ အစ်ကိုကိုယ်တိုင် ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်းကောင်းတယ်...။ ကျွန်မတို့ဘလော့ဂါတွေက တော်တော်များများစာရေးတာအပြင် ဓါတ်ပုံရိုက်လည်း ကျွမ်းကျင်ဝါသနာတစ်ခု အဖြစ် တွဲပါမြဲမဟုတ်လား..။ အဲဒီချိန်တုန်းက B&W Photo Challenge နဲ့ Lovely Toys Photo Challenge ဓါတ်ပုံတွေ ငါးရက်ဆက်တိုက်တင်ဖို့ ဖဘမှာတဂ်တွေလုပ်ကြတယ်...။ အဲဒါကို မသက်ေ၀ စလုပ်တာ...။ အဲဒါကနေအဖြူအမဲပုံတွေ ကိုယ်ကြိုက်တဲ့ အရာဝတ္ထုပစ္စည်း နေရာဒေသ တစ်ခုခုကို ရိုက်ပြီးတစ်နေ့တစ်ပုံတင်ရတာမျိုး... ပျော်စရာတော့ကောင်းတယ်...။ အဲစိန်ခေါ်ပွဲမှာ အစ်ကိုညီလင်းလည်း ပါတယ်...။ သူကတော့ ပို့စ်တစ်ခုအဖြစ် ဒီမှာ  ဒီမှာနဲ့ ဒီနေရာ တွေမှာ တင်ထားခဲ့ဖူးတယ်...။ အဲတုန်းက ကျွန်မရဲ့ အဖြူအမဲပုံတွေကို ဒီမှာ ပို့စ်မတင်ဖြစ်ခဲ့ပါဘူး...။ ဒါကြောင့် လက်ရာဟောင်းလေး ပြန်လာကြွားချင်တာနဲ့ အောက်မှာတင်ပေးလိုက်ပါတယ်...။ ကြည့်ရှုအားပေးကြပါကုန်...။

















 








 




















နောက်ထပ်အမှတ်ရစရာ ဘလော့ဂါတွေအကြောင်းကို အပိုင်း(၂)မှာစောင့်ဖတ်ကြပါလို့....:)


မိုးငွေ့


Friday, 5 January 2018

ထိုင်းမှိုထောင်း.....


ရုံးက အော်ဒါမှာလို့ ထောင်းလာပေးတာ...
FOC မှိုထောင်းလေးကို ရုံးကညီမလေးတွေက ကြိုက်လွန်းလို့ ခဏခဏထောင်းရပါတယ်...



2018 ပို့စ်အဖွင့်ကို အစားနဲ့ဖွင့်လိုက်တာ မင်္ဂလာတစ်ပါးမဟုတ်လား...။ အားလုံးပုံကြည့်ရင်း ဖတ်ရင်းနဲ့ သရေကျကြစေကုန်...။ ဒီမှိုထောင်းနည်းလေးကို သူငယ်ချင်းတစ်ယောက်က သူ့အိမ်ထမင်းဖိတ်စားလို့ သိသွားခဲ့တာ...။ သူငယ်ချင်းဆီကပြန်လာကတည်းက သဘောင်္သီးထောင်းဆုံတစ်ခုကို သံဈေးက၀ယ်လိုက်တယ် ဆိုင်ထောင်းအတိုင်း ဆိုဒ်ကြီးပဲဝယ်လိုက်တာ နှစ်သောင်းကျော်ပေးရတယ်...။ ထောင်းနည်းလေးယူလာပြီး အိမ်မှာ ပြန်ထောင်းစားကြည့်တော့ စားကောင်းလိုက်တာ ဆိုတာမပြောနဲ့ ရှူးရှူးရှဲရှဲနဲ့ ပါးစပ်မပိတ်နိုင်ဘူး...။ အဖတ်ကုန်သွားလို့ ကျန်တဲ့အရည်တောင် ထမင်းကြမ်းလေးနဲ့စားရင် သိပ်ကောင်းပဲ...။ ယိုးဒယားသဘောင်္သီးထောင်းဆိုတာ ဆိုင်မှာပဲအလွယ်တကူ ၀ယ်စားနေကျဆိုတော့ အိမ်မှာထောင်းစားဖို့ တခါမှတောင် စိတ်မကူးမိဘူးလေ...။ မှိုထောင်းဆိုတာ ယိုးဒယား သဘောင်္သီးထောင်းနဲ့ အတူတူပါပဲ ခုတခေတ်ဆန်းသစ်ပြီး သဘောင်္သီးဖတ်နေရာမှာ မှို သစ်သီးစုံ မုန့်တီဖတ် မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်...။ ကျွန်မထောင်းစားတဲ့ Recipe လေးကိုရေးပေးပါ့မယ်...။ ဒီမှိုလေးကိုတော့ ဈေးထဲမှာ City Mart တို့မှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်..။ မှိုအဖြူကတစ်ထုပ် ၉၀၀ကျပ် အညိုကတော့ ၈၀၀ကျပ်ပါ..။ ဒီအထောင်းတွေထဲကိုထည့်တဲ့ သကြားခဲကို သံဈေးမှာဝယ်နိုင်ပါတယ်... သကြားကို ခပ်ပျစ်ပျစ်ကလေးပြန်ကျိုထားတာ ကြံသကာလိုအရောင် ငပိလိုပုံစံမျိုးဗူးလေးနဲ့ရောင်းပါတယ် Sugar Paste ပေါ့..။ ကျွန်မကတော့ Pro Mart က ကိုးရီးယားကလာတဲ့ သကြားညိုကိုသုံးပါတယ်...။ တချို့လည်းထန်းညက်ထည့်ပါတယ်..။


1. မှိုဖြူ (သို့) အညိုရောင် နှစ်ထုပ် ၊ သခွားသီးတစ်လုံး၊ မုန်လာဥနီတစ်ဥ
2. အောဂင်းနစ် ချယ်ရီခရီးချဉ်သီး ဆယ်လုံး
3. ငရုတ်သီးခြောက် နှစ်တောင့် 
4. ငရုတ်သီးမိုးမျှော်သီး ငါးတောင့်
5. ကြက်သွန်ဖြူ လေးတက်
6. ပုစွန်ခြောက် ထမင်းစားဇွန်းတစ်ဇွန်း
7. သံပုရာသီး တစ်လုံး
8. မကျည်းနှစ်ရည်ထမင်းစားဇွန်းနှစ်ဇွန်း
9. ငံပြာရည်ထမင်းစားဇွန်းနှစ်ဇွန်း
10. သကြား ထမင်းစားဇွန်းတစ်ဇွန်း
11. ပုစွန်ငါးပိ လက်ဖက်ရည်တစ်ဇွန်း


ပထမဦးစွာ ကြက်သွန်ဖြူနဲ့ ငရုတ်သီးနှစ်မျိုးကို ဒယ်အိုငယ်လေးနဲ့ လှော်လိုက်ပါ..။ ငရုတ်သီးက အစိမ်းမဟုတ်တော့ ဗိုက်မနာတော့ဘူးပေါ့...။ ဆိုင်ထောင်းဆိုရင်တော့ အကုန်အစိမ်းပဲ ထောင်းကြပါတယ်..။ ကြက်သွန်ငရုတ်လှော်တာရရင် ဆုံထဲမညက်တညက်ထောင်းပါ ရတာနဲ့ ငါးပိမီးကင်ထားတာထည့် သကြား ငံပြာရည် ချယ်ရီးခရမ်းချဉ်သီးနှစ်ခြမ်းခြမ်းထားတာထည့် သံပုရာသီးညှစ်ထည့် မကျည်းရည်ထည့်ပြီး အသာလေးသမသွားအောင်ထောင်း အရသာမြည်းပြီးရင် သန့်ပြီး ရေနွေးဖျောထားတဲ့ မှို အချောင်းလိုက်လေးတွေလှီးထားတဲ့ သခွားသီးနဲ့ မုန်လာဥနီ ထည့်ထောင်းပါ ရပြီဆို ပန်းကန်ထဲပြင်ထည့်ပြီး ပုစွန်ခြောက်လေးဖြူးလိုက်ပါ..။ မိမိနှစ်သက်ရင်တော့ မြေပဲစေ့လှော်လေးပါဖြူစားပါ..။  ဂေါ်ဖီထုပ်၊ ကန်ဇွန်းရိုးနီတို့နဲ့တွဲဖက်စားသုံးပါ...။ မှိုထောင်းလေး စားတော့မယ့်ဆိုရင်တော့ လက်ဖက်စိမ်းရည်ပူပူလေးတစ်ခွက်လောက် ဘေးနားထားသောက်ပါ... အရသာလွှတ်ရှိပါတယ်လို့...း) ငရုတ်သီးကတော့ ကျွန်မထည့်ထားတာ အနေတော်ပါပဲ အစပ်ပိုစားနိုင်ရင်တော့ ပိုထည့်လို့ရပါတယ်...။ အစပ်က Grate အရဆိုရင်တော့ နံပါတ်(၁) လောက်ပဲရှိပါတယ်..။





မှိုအညိုရောင်နဲ့ ပဲကြာဇံနဲ့တစ်ခါထောင်းစားသေးတယ်
ကြာဇံကျတော့ တခါထဲစားမှ မဟုတ်ရင် အရည်တွေစုပ်ပြီး ပွကုန်ရော...


မိုးငွေ့

Saturday, 23 December 2017

ဝယ်သုံးဖြစ်တာလေးတွေ....



ကျွန်မသုံးနေကျ foundation Bobby Brown စတစ်လေးက ကုန်ခါနီးပြီ...။ ရုံးနားက ဈေးထဲမှာ ကုန်စုံဆိုင်တစ်ဆိုင်က သူ့သမီး အင်္ဂလန်ကနေ အလှကုန်တွေမျိုးစုံပို့လို့ မှန်ဗီဒိုလေးနဲ့ရောင်းတာရှိတယ် အဲမှာ ပုစွန်ခြောက်သွားဝယ်ရင်း စပ်စုလိုက်တာ foundation make up အရည် နှစ်မျိုးနဲ့ Eye Shadow နှစ်ခုရခဲ့တယ်...။ လက်မှာစမ်းတော့ အရောင်ကဟုတ်နေရောပဲ... မျက်နှာပေါ်လိမ်းတော့မှာ အရောင်က ကိုယ့်အသားအရောင်ထက်နုနေလို့ ထုံးစံအတိုင်း ကိုယ့်အသားအရောင်နဲ့တသားထဲမကျရင် ဘယ်လိုမှကြည့်မကောင်းဘူး ဖြူဖတ်ဖတ်လိုလိုဘာလိုလိုနဲ့ ကျွန်မကတော့အရောင်လေးက သနပ်ခါးလိုဝါလို့ရွေးလိုက်တာပဲ မလိုက်ဘူးကိုယ်နဲ့က...။ Maybelline Fit Me ဆိုတာ Top Ten စားရင်းဝင်ထဲကပဲ မိတ်ကပ်သားကောင်းတယ် ကျွန်မအခုဝယ်လာတာက နံပါတ် 210 ဒီထက်နဲနဲရင့်တဲ့အရောင်နဲ့မှကျွန်မအသားအရည်နဲ့ကိုက်မှာ...။



ဒီမိတ်ကပ်အမျိုးအစားကတော့ တခါမှမကြားဖူး သုံးလည်းမသုံးဖူးပါဘူး ပြင်သစ်ကလာတာတဲ့ သူက လိမ်းလိုက်ရင် Matte ဖြစ်တယ် တအားခြောက်လွန်းအားကြီးတော့ ခုလိုဆောင်းနဲ့ကမကိုက်ပြန်ဘူး...။ ဒီလိုပဲ ၀ယ်လိုက်ကိုယ်နဲ့မကိုက်လို့ သူများပေးလိုက်နဲ့ များနေပြီ...။ ခုတော့ နှမြောလို့ ကျွန်မဆီမှာရှိတဲ့ Revelon powder အမှုန့် အညိုရင့်နဲ့ နဲနဲရောပြီးသုံးကြည့်ဦးမယ်..။




မျက်လုံးခြယ်တဲ့အရောင်လေးတွေတော့ကြိုက်တယ်...။ အစိမ်းရောင်က ကျွန်မဆိုးနေကျအရောင်တော့ မဟုတ်ဘူး..။ ဒါပေမယ့်လာမယ့် ဇန်န၀ါရီလထဲမယ် ညီမ၀မ်းကွဲတစ်ယောက် မင်္ဂလာဆွမ်းကျွေးမှာ ၀တ်မယ့် ၀တ်စုံက ဒီလိုအစိမ်းနဲ့ပန်းခရမ်းစပ်လေးဆိုတော့ ၀ယ်လိုက်တာ..။ ရွေရောင်ကတော့ မျက်ခုံးရုံးတို့ ပါးရိုးတို့မှာ High light အဖြစ်နဲ့လည်း အသုံးဝင်တယ်လေ..။






City Mart မှာ ဂျာနယ်ကျော်မမလေးစာအုပ်ဝယ်ဖြစ်သေးတယ်...။ ရာပြည့်ဝတ္ထုတိုအတွက် အမှတ်တရ ငါးပုဒ်ဆီထုတ်တဲ့ အထဲက ဆရာမရဲ့ စာအုပ် အထဲက စာငါးပုဒ်စလုံးကိုလည်းကြိုက်တယ် မျက်နှာဖုံးလေးကလည်း ချစ်စရာလေး ဖတ်ပြီးရင်လာပြောပြမယ် ...အကြွေးတွေလည်းများနေပြီ...။


Merry Christmas & Happy New Year !!!!!


မိုးငွေ့

Wednesday, 13 December 2017

တောင်ငူမုန့်ဟင်းခါး....



ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ ကြီးတော်ယောက်ျားက တောင်ငူသား သူငယ်ချင်းနဲ့ သူ့ကြီးတော်ဆီ လိုက်သွားလည်ရင် သူတို့တောင်ငူမုန့်ဟင်းခါးလုပ်စားတာနဲ့ ကြုံတာနှစ်ကြိမ်ရှိပြီ...။ ဒါနဲ့ လုပ်နည်းလေးနဲ့ကို မှတ်လာပြီး အိမ်မှာလုပ်စားကြည့်တာလေ...။ တောင်ငူမုန့်ဟင်းခါးရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ ဆန်လှော်မှုန့်ပါပဲ..။ ကျွန်မတို့ မြန်မာဆန်လှော်မှုန့်နဲ့မတူဘူး...။ သူက ကောက်ညှင်းဆန်လှော်မှုန့်လို့ ပြောပါတယ်...။ ရန်ကုန်မှာတော့ နည်းနည်းရှာဝယ်ရမယ်..။ ဆန်လှော်မှုန့်လေးက မှုန့်ညက်ညက်လွင့်လွင့်ပါးပါးလေး.. အရောင်က မီးခိုးသန်းတယ်...။ ကျွန်မချက်စားတဲ့ ငါးယောက်စာ Recipe လေးရေးပေးပါ့မယ်...။




ပါဝင်ပစ္စည်းများ

1. လယ်ငါးခူအနေတော် နှစ်ကောင်
2. စပါးလင်တစ်ပင်
3. ကြက်သွန်ဖြူ 10 တက်(ဆီချက်ချက်ဖို့နဲ့ ငါးနှစ်ကြော်ဖို့)
4. ကြက်သွန်နီဥကြီးတစ်လုံး
5. နနွင်း
6. ငံပြာရည်
7. ဆီ
8. မုန့်ဟင်းခါးဖတ် ငါးဆယ်သား

Topping(ထည့်စားဖို့လိုအပ်တာ)

1. ပဲကြော် (သို့) မိမိနှစ်သက်ရာအကြော်စုံ
2. ပဲတောင့်ရှည် ပါးပါးလှီး
3. နံနံပင်
4. ပူစီိနံ (မထည့်လည်းရ)
5. ခရမ်းချဉ်သီး
6. ကြက်သွန်ဖြူဆီချက်
7. ငရုတ်သီးလှော်မှုန့်
8. ငါးငံပြာရည်


ပထမဦးဆုံး ငါးခူနှစ်ကောင်ကို ရှာလကာရည်နဲ့ အချွဲတွေကုန်အောင်ဆေးပေးပါ..။ ကျွန်မက ငါးကိုင်တာမကျွမ်းဘူး။ ဒီတောင်ငူမုန့်ဟင်းခါးချက်မယ်လုပ်တော့ အွန်လိုင်းကနေ သူများချက်နည်းတွေကို သွားလေ့လာသေးတယ်...။ မီးမီးငယ်(မမီး)ရဲ့ ချက်နည်းလည်းသွားချောင်းခဲ့တယ်...။ ငါးကို အရင်က ဆားတို့ မကျည်းနှစ်တို့နဲ့ဆေးတာပဲကြားဖူးတာ ခုရှာလကာရည်နဲ့ဆေးကြည့်တော့ အချွဲတွေစင်တာ သိပ်မြန်တာပဲ...။ ဆေးပြီးသားငါးခူနှစ်ကောင်ကို ငံပြာရည် နနွင်းလူးပြီး ထုထားတဲ့ စပါးလင်တစ်ပင် ထည့်ပြီး ရေမြှုပ်ရုံထည့်ပြုတ်ပါ...။ ငါးခူအသားနူးပြီဆို ဆယ်ထားပြီး အအေးခံထားပါ...။ ငါးခူကိုအသားနွှင် အရိုးကိုဆုံနဲ့ပြန်ထောင်းပြီး ငါးပြုတ်အိုးထဲစစ်ထည့်ပါ...။ ဒယ်တစ်လုံးမှာ ဆီထည့်ပြီး ဆီပူလာရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူတွေကို ဆီချက်ချက်ပါ...။ ကြက်သွန်လေးတွေ ၀ါရောင်သန်းလာမှ ဆီချက်ဝါ၀ါလေးရအောင် နနွင်းလက်ဖက်ရည်ဇွန်းဝက် ထည့်ပေးပါ...။ ဆီချက်ရပြီဆိုရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပြီး ငါးနွှင်ထားတာထည့်ကြော်ပါ...။ ငါးအရည်ခြောက်တာနဲ့ ငါးပြုတ်အိုးထဲထည့် ကြက်သွန်နီကို သေးသေးစိပ်ပြီး ရေနွေးတစ်လီတာထည့်ပြီး ဆူတဲ့အထိတည်ပါ...။ ဆူလာရင် အပေါ့အငံမြည်းပြီး အိုးချပါ..။

မုန့်ပွဲပြင်တဲ့အခါ ပန်းကန်ထဲကို မုန့်ဖတ်နဲ့အစာပလာတွေအကုန်ထည့်ပြီးရင် ဟင်းခါးရည် ဟင်းခတ်ဇွန်ကြီးနဲ့ နှစ်ဇွန်းလောက်ပဲခတ်ထည့်ပြီး ဆန်လှော်မှုန့်များများနဲ့ ခပ်ပျစ်ပျစ်လေး အသုပ်လိုနယ်စားရပါတယ် ..။ အဲလိုမစားချင်ရင်လည်း မြန်မာမုန့်ဟင်းခါးလို အရည်များများနဲ့စားလည်း ရပါတယ်ရှင့်...။ အချဉ်ကြိုက်ရင် သံပုရာစိပ်လေးညှစ်ထည့်ပါ...။




Enjoy Cooking !!!!!!

မိုးငွေ့

Saturday, 9 December 2017

မအားလို့ပါ.....





ထုံးစံအတိုင်း အင်းဝကိုတော့ အမြဲရောက်ဖြစ်နေလို့ စာအုပ်လေးတွေထပ်ဝယ်ဖြစ်တယ် မြန်မာဝတ္တုတို ရာပြည့်ခရီးအတွက် ဆရာကြီးတွေ ဆရာမကြီးတွေရဲ့ လက်ရွေးစင်ဝတ္ထုတိုငါးပုဒ်ဆီပါတဲ့ စာအုပ်ပါးလေးတွေထွက်လို့ ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်ကိုရွေးဝယ်ဖြစ်ခဲ့တယ်...။ ဖတ်ပြီးပြီလားလို့တော့ မမေးနဲ့ တစ်အုပ်မှကိုမဖတ်ရသေးပါဘူး...။ ခုရက်ပိုင်း အလုပ်များနေတယ် ...။ ဒါကြောင့် ဒီဖက်ကိုသိပ်မလှည့်နိုင်ဘူးဖြစ်နေတယ်..။ စာအုပ်လေးတွေဖတ်ပြီးရင်တော့ တစ်ခုခုရေးဖြစ်ဦးမှာပါ...။










လောလောတယ် မယ့်ကိုးစာအုပ်ကိုစဖတ်နေတယ် ခုမှ စာမျက်နှာဆယ်မျက်နှာလောက်ရှိမယ်...။ သူ့စာအုပ်ကိုဖတ်ရတာ အရင် ပထမဆုံးစထွက်တုန်းက “အသင်နားမလည်နိုင်သောမိန်းမတစ်ယောက်” အတိုင်းပဲ ခံစားမှုတွေကိုပြန်ရတယ်...။ အဲတုန်းက ဒီမှာ ကျွန်မရေးခဲ့ဖူးတဲ့အတိုင်း သူ့စာထဲက ခံစားရတဲ့ မွှန်းကြပ်မှုတွေ နာကျည်းမှုတွေကိုပြန်ရတော့ ကျွန်မ သူ့စာအုပ်ကိုဆက်မဖတ်ဖြစ်သေးဘဲ နောက်မှ တစ်အုပ်လုံးပြီးအောင် တချိန်တည်းပြီးအောင် အေးအေးဆေးဆေးဖတ်မယ်လို့ Book Mark လုပ်ထားလိုက်တယ်...။






Instagram မှာ ဒီးဒီ(စန္ဒီမြင့်လွင်)ရဲ့ ထုတ်ကုန်လေးတစ်ခုပုံတင်ထားလို့ လာပြတာ...။ သူထုတ်တဲ့ Ko Ko တံဆိပ်နဲ့ ဖိနပ်လေးတွေ စီးချင်စရာ...။ စကော့ဈေးထဲမယ် သွားရှာဝယ်ဦးမယ်...။

ကျွန်မခုတလော အိမ်တွင်းအလှဆင်ဖို့ ပစ္စည်းပစ္စယလေးတွေ လိုက်ရှာပြီး ဝယ်စုနေတယ်...။ အရုပ်တွေ မီးပစ္စည်းတွေ နံရံချိပ်ဘောင်တွေ စာသားတွေကအစ အင်တာနက်ကရှာပြီး ကိုယ့်ဘာသာကို လုပ်ကြည့်နေတယ်...။ အိမ်ထဲမှာလိုအပ်တဲ့ Cabinet , TV console,  Room Divider, Wardrobe, Carpet, Shoe rank, Furniture, bean bag, cushion နဲ့ စာအုပ်စင် စာအုပ်ဖတ်မယ့်ထိုင်ခုံ ဝရံတာမြက်ခင်းပြင် ပန်းအိုးလေးတွေတင်မယ့်စင် outdoor ကော်ဖီသောက်မယ့်စားပွဲထိုင်ခုံ စတာတွေ ပြင်ပြီးသွားရင် လာကြွားပါဦးမယ် နည်းနည်းတော့ကြာဦးမယ်...:)


မိုးငွေ့

Saturday, 2 December 2017

သီချင်းတစ်ပုဒ်ရဲ့ခေါ်ဆောင်ရာ.....



ကျွန်မ Iphone ထဲမှာ Music FM ဆိုတဲ့ Meet awesome music  ရေဒီယိုလေးထည့်ထားတယ်...။ အဲဒီရေဒီယိုမှာ ဂီတအမျိုးအစားမျိုးစုံပါတယ် Jazz R&B Classic French Rock Pop Country Blues Electronics Folk Emo Hip Hop Metal Korean Japan Dancing စသဖြင့် ပေါ့...။  ကျွန်မက R&B ကြိုက်တော့ သူ့ထဲကိုမွှေနှောက်ရှာပြီး သီချင်းတွေနားထောင်ဖြစ်တယ်...။ များသောအားဖြင့် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် နှစ်နှစ်ဆယ်က သီချင်းတွေကို ပြန်ရှာဖြစ်တယ်..။ Boyz II Men အဖွဲ့ကိုရှာကြည့်တော့ 1997 98 လောက်က တက္ကသိုလ်တက်တုန်း တော်တော်များများနားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေကို ပြန်ဒေါင်းပြီး နားထောင်မိတယ်..။ အဲဒီခေတ်က Boy Band တွေမှအများကြီး... All 4 One, Back Street Boy, 98ဒီဂရီ, Boy Zone  အများကြီးမှအများကြီး...။ သူတို့အဖွဲ့တွေ အားလုံးပေါက်ကြတယ်...။ အဲတုန်းက ရှစ်ပေစလောင်းတွေ အိမ်မှာတပ်ပြီး ကြည့်ကြတော့ MTV ကို ကျွန်မက အချိန်အားတိုင်း ကြည့်ဖြစ်နေတတ်လို့ သူတို့သီချင်းတွေကို Up to Date သိနေခဲ့တာ..။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အခွေဝယ် လက်ရွေးစင်ပြန်ကူးအဲလိုမျိုးတွေ ကိုယ့်ဘာသာကိုယ် အိမ်ကစက်နဲ့ လုပ်ခဲ့ဖူးတယ်...။

ကျွန်မ ဒီရေဒီယိုထဲက သီချင်းဟောင်းတွေပြန်နားထောင်ရင်း Boyz II Men ရဲ့  Four Seasons of Loneliness အပြင် Water Runs Dry, I'll make love to you, First Love နဲ့ Mariah Carrey featuring ပါဝင်သီဆိုထားတဲ့ One Sweet Day စတာတွေကိုလည်းပြန်နားထောင်ဖြစ်ခဲ့တယ်...။

ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်မ တက္ကသိုလ်တုန်းက Crush ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို နည်းနည်းပြောချင်တယ်...။ ကျွန်မ ဒုတိယနှစ်ရောက်တော့ ကျွန်မတို့ RC3 ကို နောက်ထပ် Fresher လေးတွေထပ်ရောက်လာခဲ့တယ်...။ ကျွန်မ မင်းသားညီနန္ဒ နဲ့ စိန်ယာ့ဒ် အကြောင်းကို ဒီမှာ နဲ့ ဒီမှာ တစ်ခါရေးဖူးခဲ့ပါတယ်...။ ကျွန်မ Crush တဲ့ ကောင်လေးက ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်နဲ့ သူငယ်ချင်းတွေ..။ သူ့နာမည်က အောင်ကိုကိုအေး နာမည်ကသာတုံးတာ လူကအလန်း အဲဒီခေတ်ကတည်းက သူဆံပင်ပုံက ခုခေတ်စားနေတဲ့ One way ကေ...။ ကျောင်းလာရင် ဂျင်းပင်နဲ့ စတစ်ကာပုံဆန်းတီရှပ်နဲ့ ကျောပိုးအိတ်မျိုးစုံနဲ့ ရှူးဖိနပ်နဲ့ ရှိုးအပြည့်နဲ့လာတာ..။ တခါတလေ Dr Martin ဖိနပ်တွေဘာတွေတောင်စီးတတ်သေးတာ..။ အသားညိုညို မျက်ခုံးကောင်းကောင်း မျက်နှာကျရှည်ရှည် မေးစေ့နည်းနည်းကောက်တယ်... နားကွင်းကလည်းတစ်ဖက်ပါသေး...။  အောင်ကိုကိုအေးက ကျွန်မတို့လို့ သိပ္ပံမဟုတ်ဘူး သူက ဝိဇ္ဖာ ပထဝီမေဂျာက...။ သူတို့အတန်းက ကျွန်မတို့နဲ့ နည်းနည်းဝေးတယ်... ဝင်ဝင်ချင်း ဆင်ဝင်ပေါက်ကျော်တာနဲ့ ညာဖက်ခြမ်း ဆရာများနားနေဆောင်နဲ့နီးတယ်..။ ကျွန်မတို့ Chemistry Practical လုပ်တဲ့ အခန်းနဲ့လည်းနီးတယ်...။  အဲ... သူက ကျွန်မတို့ အတန်းရှေ့မှာ ရှိတဲ့ စိန်ယာဒ့်တို့ဆီလာရင်းနဲ့ သူ့ကိုတွေ့ဖူးတာ...။ သူ့ကိုသူငယ်ချင်း အဖြစ်မိတ်ဆက်ကြမယ်လို့ ကြံကြတော့ ကျွန်မတို့ ကျောင်းမှာ ရံပုံငွေပွဲအတွက် ကြာဇံချက်စားဝယ်စားလို့ရတဲ့ လက်မှတ် ကျွန်မလက်ထဲရှိနေခဲ့တယ်...။ အဲဒီလက်မှတ်နဲ့ အဲကောင်လေးကို ကြာဇံချက်စားဖို့ ဖိတ်လိုက်တယ်...အယ်လဲ :P ...။ အဲဒါနဲ့ ကျွန်မတို့အဖွဲ့နဲ့ သူတို့အဖွဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်...။ သူတို့အဖွဲ့မှာက စိန်ယာ့ဒ်ရယ် ဆွီတီရယ် အောင်ကိုကိုအေးရယ်...။  သူက သူ့နာမည်မကြိုက်လို့ သူ့ကိုယ်သူ သူရိန်အောင်ဆိုပြီးပေးထားတဲ့ နာမည်နဲ့ပဲ ကျွန်မတို့ကိုမိတ်ဆက်တယ်..။ ဆိုတော့ သူ့ကို ကျွန်မက သူရိန်အောင်လို့ခေါ်ရတာပေါ့..။ သူကလည်း ကျွန်မနဲ့စကားပြောရင် သူ့ကိုယ်သူ ကျွန်တော်လို့ပြောတာထက် သူရိန်လို့ပဲ သူ့ကိုသူပြောတယ်...။

ကျွန်မ သူ့ကို Crush တယ်ဆိုတာကလည်း ကျွန်မတို့တစ်ကျောင်းလုံးမှာ သူ့စတိုလ်က အမိုက်ဆုံးကိုး...။ သူတို့အဖွဲ့ထဲက ဆွီတီလည်းသူရိန့်လို စတိုင်လ်ပဲ...။ သူက ဆရာဝန်သား ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံး ရည်စားရှိတယ် ခရစ်ယာန်ဘာသာဝင်ပဲ လမ်းမတော်စိန်ဂျွန်းမှာ Church တက်တယ်...။ သူရိန်ရော ဆွီတီရော အသားညိုတယ် အပြုံးချိုတယ် စကားပြောကောင်းတယ်...။ ပြီးတော့ သူရိန်က Dancer တစ်ယောက်လည်းဟုတ်တယ်...။ မင်းသားညီနန္ဒ သူတို့အဖွဲ့နဲ့ လာမိတ်ဖွဲ့တာ သူ့ဆီက အကသင်ချင်တဲ့ ရည်ရွယ်ချက်နဲ့...။ နောက်တော့ သင်ဖြစ်မသင်ဖြစ်တောင်မသိတော့ဘူး...။ ကျွန်မတို့ သူငယ်ချင်းတွေဖြစ်သွားတော့ သူ့အစ်မရှိတဲ့ မိန်း(ရန်ကုန်တက္ကသိုလ်) ထဲကို အတူသွားလည်ဖြစ်ကြသေးတယ်..။ သူ့အစ်မ မဒါလေးက အင်္ဂလိပ်မေဂျာကဆိုတော့ ကျွန်မတို့ ဦးချစ်လက်ဖက်ရည်ဆိုင်တွေ ဘာတွေထိသွားထိုင်ဖြစ်ကြသေးတယ်..။ ကျွန်မတို့ ကျောင်းမှာ ဗော်လီဘောပြိုင်ပွဲလုပ်တော့ ကျွန်မတို့တစ်ဖွဲ့ကြီး ဦးပြောင်ကြီးထမင်းဆိုင်ကနေထိုင်ကြည့်ကြတယ်...။ ကွင်းက ကန်တင်းရှေ့မှာပဲလေ..။ အဲနေ့တုန်းက စည်သူ(ညီနန္ဒ)က နေကြာစေ့အထုပ်ကြီး တစ်ထုပ်ယူလာတော့ ဗော်လီဘောပွဲကြည့်ရင်း အားလုံးနေကြာစေ့ကိုက်ကြတာ..။ သူရိန်က နေကြာစေ့စားတာများပြီး သွေးကျရော သူ့ခင်ဗျာချွေးစေးတွေပျံပြီး မူးလာတာ အဲဒါနဲ့ သူအိမ်ပြန်လိုက်ရတယ်...။ သူ့အိမ်က ကျောင်းနဲ့ နှစ်မှတ်တိုင်ထဲဝေးတာ..။ ကျောင်းရှေ့ ဟုန်းလမ်းပြီးရင်  သီတာရုံမှာဆင်းရတယ်...။ သူက ဦးလူနီလမ်းထဲက ကရင်ခြံမှာနေတာ..။ ကျွန်မလည်း ၃၃ကားစီးတော့ သူ့ကို အိမ်ထိပြန်လိုက်ပို့လိုက်တယ်...။ နောက်တော့ သူ့မိသားစုနဲ့ ကျွန်မ နှစ်တော်တော်ကြာတဲ့အထိ ခင်မင်ရင်းနှီးသွားကြတယ်...။ သူတို့က မောင်နှမနှစ်ယောက်တည်း သူ့အဖေက Total ရေနံကုမ္ပဏီက အင်ဂျင်နီယာ အမေကတော့ အိမ်ရှင်မပဲ..။ အန်ကယ်က ဗုဒ္ဓဘာသာ အန်တီမရီးနာက ခရစ်ယာန် သူရိန်တို့မောင်နှမကတော့ ခရစ်ယာန်အမျိုးတွေကြားကြီးပြင်းလာတော့ နှစ်ယောက်စလုံး ခရစ်ယာန်နှစ်ခြင်းတွေ ယူကြတယ်..။

နောက်ပိုင်း ကျွန်မသူတို့မိသားစုနဲ့ ရင်းနှီးသွားတော့ သူတို့အိမ်မှာ ဆုတောင်းပွဲလုပ်တဲ့အခါ အလှူလုပ်တဲ့အခါ ခရစ္စမတ်ပွဲလုပ်တဲ့အခါတိုင်း ရောက်ဖြစ်တယ်....။ အန်တီမရီးနာရော အန်ကယ်ဦးအောင်အေးရော သိပ်သဘောကောင်းကြတယ်...။ အန်တီဆို ကျွန်မသူတို့အိမ်ရောက်တိုင်း ထမင်းအမြဲကျွေးတယ်...။ ဘာဟင်းပဲချက်ချက် ကျွန်မရောက်တာနဲ့ ထမင်းစားပြီးမှပြန်ရတယ်..။ တခါတလေ ကျွန်မသက်သတ်လွတ်စားတဲ့နေ့နဲ့တိုက်ရင်တောင် စိတ်ရှည်လက်ရှည် ကန်စွန်းရွက်ကြော် ကျွေးတတ်သေးတယ်....။ တခါက မေဂျာတွေ ဘောလုံးကန်ပြိုင်ကြတာ မိန်းထဲကကွင်းမှာ သူရိန်တို့ ပထဝီနဲ့ ရုက္ခဗေဒနဲ့ကန်တာ ကျွန်မက ကိုယ့်မေဂျာမဟုတ်ဘဲ မနက်စောစောစီးစီးသွားအားပေးတော့.. ကျွန်မတို့ Zool အတန်းရှေ့က Bot ကျောင်းသူတချို့က ကျွန်မကို ဘယ်သူ့လာအားပေးသလဲဆိုပြီး စပ်စုကြသေးတာ..။ ကျွန်မလာအားပေးတာက ဟိုး...ဂိုးဒိုင်နားက ဘောင်းဘီအနားစကိုဆွဲတင်ပြီး ဘောဖမ်းဖို့ တပြင်ပြင်လုပ်နေတဲ့ အသားညိုညိုနဲ့ ကောင်လေးကိုလို့...။ အဲဒီနေ့က သူတို့ ပထဝီမေဂျာက နိုင်သွားတယ်...။ ကျွန်မကို သူတို့မေဂျာနိုင်လို့ အဲဒီနေ့က မုန့်လိုက်ကျွေးသေးတယ်...။ 

သူရိန်နဲ့ကျွန်မ 1997 ကနေ 2003-4 အထိ အဆက်သွယ်ရှိကြသေးတယ် ...။ ကျွန်မတို့ 2000ခုနှစ်ကျောင်းပိတ်သွားတော့ သူ မော်ဒယ်လ် ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်...။ နောက် သီချင်းတစ်ခွေထုတ်သေးတယ်..။ သူတို့အဖွဲ့နာမည်တောင် မမှတ်မိတော့ဘူး...။ ပိုင်ဇေရဲထွန်းလုပ်တဲ့ ဆီဒိုးနားရှိုးပွဲမှာ သူတို့ Dancer အဖွဲ့လာကတော့ ကျွန်မတို့ ပြန်တွေ့ဖြစ်ကြတယ်..။ အဲဒီပွဲမှာ သူက ကျွမ်းထိုးရင်း အကျမတော်လို့ ခါးကျောညှပ်သွားတာ ဆေးရုံတက်လိုက်ရတယ်...။ ဆေးရုံပေါ်မှာ ခဲဆွဲတာလုပ်ရတယ်...။ သူ့ရည်းစားဆိုတဲ့ ကောင်မလေးနဲ့သူက အဆင်မပြေကြဘူး...။ သူဆေးရုံတက်တော့ ကောင်မလေးက တစ်ခါမှတောင်လာမကြည့်ဘူး..။ ကျွန်မကသာ ကျွန်မသူငယ်ချင်းဆေးရုံကုတင်ဘေးမှာ နေ့တိုင်းလိုလိုရှိနေခဲ့တာ...။ အန်တီမရီးနာက နေ့လည်ထမင်းချိုင့်လာပို့ရင် ကျွန်မအတွက်ပါယူယူလာတတ်တယ်...။ ကျွန်မတို့ ထမင်းအတူစားကြတယ်..။ သူ့ခြေထောက်တွေက ခဲဆွဲထားတာကြာတာ့ ခဲခဏဖြုတ်ရင် အညောင်းသက်သာအောင် သူ့ခြေသလုံးတွေကို ကျွန်မနှိပ်ပေးတယ်...။ ကျွန်မကိုသူက ဘာလို့ သူ့ကို ဒီလောက်တောင်ဂရုစိုက်ရတာလဲလို့မေးတယ်...။ “နင်က ငါ့ရဲ့ Crush ဖြစ်နေလို့ပေါ့” လို့ကျွန်မစိတ်ထဲကပဲ ဖြေခဲ့တယ်...။ သူကျွန်မစိတ်ကို ဖတ်တတ်နေပါပြီ...။ ကျွန်မကို သူ သူငယ်ချင်းတစ်ယောက်ထက် ပိုပြီးလည်း အခွင့်အရေးမယူခဲ့ပါဘူး...။ နောက်တော့ သူ အင်္ဂလန်ကိုထွက်သွားခဲ့တယ်...။ အဲဒီနောက် ကျွန်မတို့မဆုံဖြစ်ကြတော့တာ ဒီနေ့ထိပဲ...။ အစ်မဒါလေးနဲ့တော့ လမ်းမှာကလေးကျောင်း ကြိုရင်းနဲ့ တစ်ခါ နှစ်ခါ တွေ့တတ်တယ်...။ ခု သူရိန်က လွန်ခဲ့သောနှစ်များစွာထဲကတည်းက အင်္ဂလန်က ကရင်မလေးတစ်ယောက်နဲ့ လက်ထပ်ပြီး သားကလေးတစ်ယောက်တောင်ရနေပြီ...။ အရင်လို ကျွန်မ Crush နေတဲ့ ကောင်လေးပုံမဟုတ်တော့ဘူး နဖူးပြောင်ပြီး ဝတုတ်ကြီးဖြစ်နေပြီ...။ 

သီချင်းတင်ရင်း ဇာတ်ကြောင်းပြန်တာရှည်သွားတယ်...။ ဒီသီချင်းလေးတွေကို ဟိုတစ်ချိန်က ကျွန်မ Crush တဲ့ကောင်လေးနားထောင်ဖို့ဆိုပြီး လက်ရွေးစင်ခွေတွေ တစ်ခွေပြီးတစ်ခွေကူးပေးခဲ့ဖူးတဲ့ သီချင်းတွေပေါ့..။ သူကိုယ်တိုင်မောင်းခဲ့တဲ့ EXIV ကားထဲ ကျွန်မပေးတဲ့ သီချင်းသံတွေ လွင့်ပျံခဲ့ဖူးတယ်ပေါ့...။


မိုးငွေ့