Thursday, 26 January 2017

အဖိုးနဲ့အဖွား.....




အဖိုးနဲ့အဖွားအကြောင်းကို အစက တစ်ယောက်ချင်းတစ်ပို့စ်ဆီရေးမလို့ စဉ်းစားထားတာ ..။ ဒါပေမယ့် အဖိုးအကြောင်းရေးရင် အဖွားအကြောင်းပါရေးရမယ့်အတူတူ တပို့စ်ထဲပဲရေးလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်..။ ကိုယ့်ဆွေမျိုးများအကြောင်းရေးရင်တော့ ကိုယ့်ပေါင်ကိုလှန်ထောင်းရတဲ့ အဖြစ်က မဖြစ်မနေကြုံရမှာပဲ...။

အဖိုးနဲ့အဖွားက ဗီယက်နမ်လူမျိုးစစ်စစ်တွေ အဖိုးက ဟိုချီမင်းဘက်က အဖွားက ဟနွိုင်းက တောင်နဲ့မြောက် အရင်က မတည့်ကြဘူး..။ ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးရာက တရုတ်ပြည်ကတဆင့် နယ်စပ်ကနေ ကျိုင်းတုံမြို့ကိုရောက်လာကြရင်း အိမ်ထောင်ထူ လက်တွဲလိုက်ကြတာ...။ အဒေါ်တွေပြောတာတော့ အဖွားက စစ်ဖြစ်ခေတ်တုန်းက အဖိုးမတိုင်ခင် အရင်အိမ်ထောင်ရှိခဲ့ဖူးတယ်တဲ့ ဗိုလ်မှူးတစ်ယောက်လို့လဲပြောတယ်..။ စစ်ပြေးရင်း အဖိုးနဲ့တွေ့သွားကြတာတဲ့...။ အဖွားက တရုတ်ပြည်ကွမ်တုံမြို့မှာ အကြာကြီးနေခဲ့လိုက်သေးတယ် ..။ အဖွားကတော့ သူတရုတ်ပြည်က သကြားလုံးစက်ရုံမှာလုပ်ဖူးခဲ့လို့ သကြားလုံးတွေစားရင်း သွားမကောင်းတော့တဲ့အကြောင်း ကျွန်မတို့ငယ်ငယ်တုန်းက ပုံပြင်တစ်ပုဒ်လို့ပြောပြဖူးတယ်..။ အဖွားက အနှိပ်ခံရတာကြိုက်တယ် ငွေအကြွေစေ့နဲ့ အုန်းဆီလေးလိမ်းပြီး နောက်ကျောတွေမှာ အနီစင်းကြောင်းကြီးတွေ ထင်နေအောင် မက်ကလောင်ခြစ်ရတာကို ကြိုက်တယ်...။ ကျွန်မ ကလေးဘ၀ အဆော့မက်တဲ့ အချိန် နေ့လည်ထမင်းစားပြီး အဖွားက လာနှိပ်ပေး မက်ကလောင်လာခြစ်ပေးလို့မပြောခင် အပြင်ထွက်လည်ဖို့ အလစ်ချောင်းနေတတ်တယ်...။ အဲဒါတွေလုပ်ရမှာ ပျင်းတယ်လေ...။ ကျွန်မရဲ့ အငယ်ဆုံးညီမလေးဆို အဖွားနဲ့အတူအိပ်တော့  အဖွားခြေထောက်ကိုနှိပ်ပေးရင်း မိုးလင်းထိ အဖွားခြေရင်းနားမှာ ခွေခွေလေးနဲ့ အိပ်ပျော်သွားတတ်တာ..။

တရုတ်ပြည်မှာနေလာခဲ့ဖူးတော့ အဖွားက ကွမ်တုံစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်..။ ပြီးတော့ တရုတ်ပြည်က မုန့်ညှင်းချဉ် ဂျူးမြစ်ချဉ် မုန်လာဥချဉ်တို့ကို လုပ်တတ်တယ်...။ အိမ်မှာ အဖွားချဉ်ဖတ်အိုးတွေက စဉ့်ရည်သုတ်အိုးကြီးတွေနဲ့ မီးဖိုချောင်နံရံပတ်ပတ်လည်မှာ အပြည့်ပဲ...။ ဆောင်းတွင်းမုန်လာရွက်တို့ မုန်လာဥတို့ ဂျူးတို့ပေါတဲ့အချိန်ဆို အဖွားက ကုန်ကြမ်းတွေဝယ်ပြီး ဆားနယ် နေလှန်း  အဲဒါတွေအရင်လုပ်ရတယ် ပြီးမှ ကြံသကာ ဆား ငရုတ်သီးမှုန့်တို့ တရုတ်မဆလာ(ပါကောရှောက်ကော)တို့ ထည့်နယ်ပြီး အိုးထဲထည့်သိပ် အချဉ်တည်ထားရတာ..။ အဖွားက တာချီလိတ်ဟိုဖက်ကမ်း ထိုင်းနယ်စပ် မယ်ဆိုင်မြို့က ဈေးထဲကိုပြန်သွင်းတယ်။ တခါတလေ ရွာထဲကလူတွေအိမ်စားဖို့လာဝယ်ရင် ရောင်းပေးတယ် ..။ ကျွန်မခုနှစ်နှစ် ရှစ်နှစ်အရွယ်တုန်းကဆို အချဉ်ဖတ်တွေလာဝယ်ရင် မီးဖိုချောင်ထဲက ချဉ်ဖတ်အိုးကြီးထဲကနေ ပလတ်စတစ်အိပ်လေးနဲ့ တူလေးနဲ့ညှပ်ပြီးထည့်ရောင်းပေးရတယ်...။ အဖွားက ဒါတင်မကဘူး အိမ်ရှေ့မှာဖွင့်ထားတဲ့ ကုန်ဆုံဆိုင်အတွက်လည်း မယ်ဆိုင်ကို ပစ္စည်းတွေ တစ်ပတ်တစ်ခါလောက် သွားသွားဝယ်တတ်တယ် အဖွားပစ္စည်းသွားဝယ်ရင် ပန်းသီးတွေ မုန့်တွေဝယ်လာတတ်တယ်..။ ပန်းသီးကတော့ ချက်ချင်းမစားရဘူး အိမ်မှာ အဖွားတို့က မြေစောင့်နတ် အမ်းကုန်းကြီးကိုးကွယ်တော့ အမ်းကုန်းကို အရင်တင်တယ် ..။ သူ့နတ်ကွန်းက အိမ်ဧည့်ခန်း သို့မဟုတ် လှေခါးေြ့ခရင်း မြေကြီးမှာ ထားထားရတာ ရေနွေးကြမ်းတို့ သစ်သီးတို့တင် အမွှေးတိုင် ဖယောင်းတိုင်ထွန်းပြီး ပူဇော်ပသရတယ်..။  အဖွားတို့က ကွန်မြူနစ် စနစ်ကနေ ကြီးပျင်းလာတော့ ဘာသာတရားယုံကြည်ကိုးကွယ်မှု မရှိကြဘူး..။ နောက်ပိုင်း ရှမ်းပြည်မှာ မိုင်းဖုန်းဆရာတော်ပေါ်လာတော့မှ ဘုန်းဘုန်းတရားတွေနာရင်းကမှ ဗုဒ္ဓဘာသာကိုကိုးကွယ် လာကြတာ..။ အိမ်အပေါ်ထပ်မှာ ဘုရားစင်ထားတယ် အဖိုးက ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာကြိုက်တော့ ကျွန်မတို့အိမ်က ဘုရားဆင်းတုတော်က ရှေးဟောင်းဘုရားဖြစ်မယ် သစ်သားဆင်းတုလား ကြေးလားမသိဘူး အရောင်မဲမဲနဲ့...။

အဖွားနဲ့အဖိုးက စီးပွားရေးအမြင်တွေ တော်တော်ရှိကြတယ်ဆိုရမယ်...။ အိမ်မှာ အိမ်ဆိုင်ဖွင့်ထားတာ အစုံရတယ်...။ တောင်ကြီးတို့ ဘာတို့ဖက်က လက်ဖက်ခြောက်ကုန်သည်လာရင် အဖွားက ပိတ်သာချိန် ရာနဲ့ချီဝယ်ပြီး အိမ်အပေါ်ထပ်က အခန်းထဲမှာလောင်ထားတတ်တာ..။ ပြီးတော့မှ နေပူလှန်းပြီး အမှုန်တွေကိုပြာထုတ် တစ်ဆယ်သား ငါးဆယ်သားအထုပ်တွေပြန်ထုပ်ရောင်းတယ်.. (ကျွန်မတို့ငယ်ငယ်က အဲလက်ဖက်ခြောက်ဂုန်နီအိတ်နားမှာ တူတူပုန်းတမ်းကစားနေကျပေါ့)...။ ဒီလိုပဲ မြေပဲပေးချိန်ဆို အခွန်ပါပြီးသား မြေပဲတွေဝယ်ပြီး နေလှန်း မြေပဲဆံတွေကို နေ့လည်ပိုင်း တူသေးသေးလေးနဲ့ထုပြီး အခွံခွာ အစိပ်သား ငါးဆယ်သားထုပ်တွေထုပ်ရောင်းတယ်...။ အိမ်မှာ သိုးမွှေးချည် ပုဆိုး စားသောက်ကုန် အစ သောက်ဆေးထိုးဆေး မိတ်ကပ်အလှကုန်အလယ် ရေနံဆီတို့ ယမ်းစိမ်းတို့ သံထည်တို့အဆုံး အကုန်ရောင်းတယ်...။ အိမ်နောက်ဖေးခြံထဲမှာ မချစ်စုသရက်ပင် အပင်တစ်ရာနီးပါးစိုက်ပြီး အသီးသီးရင် ကီလိုနဲ့ပြန်ရောင်းတယ်..။ အကြွေသီးလေးတွေကို ဆားရည်စိမ်ပြီး ငရုတ်သီးမှုန့်နဲ့ရောင်းတယ်...။ အဖွားက စီးပွားရေးကိုပဲ ဖိစီးလုပ်ကိုင်ရတာအပြင် အဖိုးရဲ့ ဆိုးဒဏ်ကိုလည်းခံရသေးတယ်..။ အဖိုးက ကျိုင်းတုံမှစပြီး အခြေချစဉ် သားသမီးသုံးယောက်ထွန်းကားပြီး ကတည်းက မိန်းမပွေတော့တာပဲ အမြင်ကပ်လို့ပြောတာပဲလားမသိ အဖွားကတော့ သူကိုယ်ဝန်တစ်ခါရှိတိုင်း အဖိုးက မိန်းမတစ်ယောက် ယူတယ်လို့ ပြောပြဖူးတယ်..။ ကျိုင်းတုံ မိုင်းဖြတ် မိုင်းလင်းမှာနေပြီး ခုနှစ်ယောက်မြှောက်နဲ့ရှစ်ယောက်မြှောက် အမွှာအဒေါ်တွေကိုတော့ တာလေမှာ အခြေချတော့မှမွေးကြတာ...။ ကျိုင်းတုံမှာတုန်းကဆို အဖွားက ရုပ်ရှင်ရုံရှေ့မှာတောင် ကြံချောင်းတွေရောင်းဖူးတယ်တဲ့..။

အဖိုးက မိန်းမပွေရှုပ်ပေမယ့် သူ့အလုပ် သူ့စီးပွားရေးကတလိုင်း...။ အဖိုးက ဆေးအကြောင်းနားလည်ထားတော့ ဟိုခေတ်က ဆေးမှူးလည်းဟုတ်တယ်..။ လူနာတွေကို ကုပေးတယ် ဆေးပေး ဆေးထိုးလုပ်တယ်...။ အိမ်ရှေ့ ကုက္ကိုပင်အောက်မှာ ကြည့်မှန်ချိပ်ဆွဲ ထိုင်ခုံဆင်ပြီး ဆံသဆိုင်ဖွင့်တယ်...။ ဆံပင်ညှပ်ဆရာကို ကော်မရှင်ပေးပြီး ညှပ်ခိုင်းတယ်..။ အဲခေတ်က ဆိုင်ကယ်တွေမပေါသေးတော့ အဖိုးက အငှားစက်ဘီးတွေ ဆယ်စီး ဆယ့်ငါးစီးလောက်ထောင်ထားတာ..။ စက်ဘီးတစ်စီးကို တစ်နေကုန်ငှားရင် ဘယ်လောက်ဆိုပြီး ငှားစားတယ်..။ ဂျစ်ကားခေတ်ရောက်တော့ ကုန်တင်ကားငှားစားတယ် ကျိုင်းတုံတာချီလိတ် ဆွဲတာပေါ့..။ ခေတ်နဲနဲပြောင်းလာတော့ ဗွီဒီယိုရုံဖွင့်တယ်...။ အဖိုးက အလောင်းကစားလည်း ဝါသနာထုံသေးတယ်..။ နေ့လည်ဖက်ဆို ကျွန်မတို့အိမ်အလည်ခန်းမှာ စားပွဲတစ်ဝိုင်းဝိုင်းပြီး မာကျောက်တွေကစားတတ်ကြတယ်..။ အဖိုးအရွယ်အဖိုးတွေလေးငါးယောက်လာပြီး ကစားကြတယ်..။ သူတို့မာကျောက်ဝိုင်းနားက သစ်သားတိုင်နှစ်တိုင်မှာ သမင်ချိုနဲ့ ဆိတ်ချိုတစ်ခုဆီရှိတယ်။ မာကျောက်လာကစားတတ်တဲ့ အဖိုးသူငယ်ချင်းတွေစောင်းလာတဲ့ ဦးထုပ်တို့ လောင်းကုတ်တို့ကို အဲမှာချိတ်ဖို့အဖိုးက လုပ်ပေးထားတာ..။ တခါတလေ အဖိုးက သုံးဆယ်ခြောက်ကောင်ဒိုင်လည်း လုပ်သေးတယ်..။ သုံးလုံးထီလည်းရောင်းတယ်...။  ဆန်စက်လည်းထောင်တယ်...။ ကြက် ဝက် ဘဲ အကုန်မွေးတယ်...။ ငယ်ငယ်တုန်းက ညနေဖက် ဝက်စာ ကြက်စာ ဘဲစာတွေ ကျွေးခဲ့ဖူးတယ်...။ ဝက်စာက ဖွဲနဲ့ ပိန်းရွက်ပြုတ်ရောနယ်ရတယ်...။ ဘဲစာလဲခပ်ဆင်ဆင်ပဲ ဆန်ကွဲနဲ့ဖွဲဖျော်ပြီးကျွေးတယ်..။ ကျွန်မတို့ ရေတွင်းနားမှာ ဘဲတွေရေကူးဖို့ ကွန်ကရစ်ကန်သေးသေးလေး လုပ်ပေးထားတယ်..။ ကြက်ကတော့ အလွယ်ဆုံးပဲ ဆန်ကွဲပဲကျွေးတယ်..။

အဖိုးမဆုံးခင် အနှစ်သုံးဆယ်လောက် ကတည်းက အဖွားနဲ့အတူမနေတော့ဘူး...။ နောက်အိမ်ထောင်နဲ့ တခြားရွာမှာနေတယ်...။ အဖိုးမိန်းမရှုပ်တုန်းက အဖိုးယူထားတဲ့ မိန်းမ ပွဲရှိလို့ ပွဲထဲကိုလာလည်တယ် အသံကြားတာနဲ့ အိမ်ကအဒေါ်တွေက ပွဲထဲထိသွားရန်တွေ့ပြီး ရိုက်ကြပုတ်ကြအဲလိုလုပ်တတ်တာ..။ ကျွန်မတို့ငယ်ငယ်က အဖိုးက တာလေကို တစ်ပတ်တစ်ခေါက် မဟုတ်ရင် နှစေ်ခါက်လောက် လာတတ်တယ်...။ နေ့လည်ခင်းဖက် အဖိုးက သူ့ဆိုင်ကယ်ကြီးစီးပြီး နေကာမျက်မှန်ကြီးတပ်လို့ ရောက်လာရင် ကျွန်မတို့မောင်နှမတွေအတွက် သူ့ကုန်ဆုံဆိုင်က မုန့်တွေ အချိုရည်တွေ နို့ဗူးတွေ ယူလာပေးတတ်တယ်...။ ကျွန်မအောက်ကမောင်လေးဆို အဖိုးလာတာနဲ့ မုန့်ဖိုးတန်းတောင်းတော့တာပဲ ဟိုအရုပ်လိုချင်လို့ ဒီဟာဝယ်ချင်လို့နဲ့ မျိုးစုံဂဂျီဂဂျောင်ကျတတ်သေးတာ...။ အဖိုးက သူ့ကို ဆိုင်ကယ်ပေါ်တင်ပြီး လျှောက်စီးရင် သဘောကျရော...။ အဖိုးကမြေးတွေကို ချစ်သလောက် အဖွားကတော့မဟုတ်ဘူး... သံယောဇဉ်နည်းတယ်..။ ကွန်မြူနစ်ပိုဆန်တယ် အဖွားက...။ ကျွန်မတို့က အဖွားနဲ့အတူနေရတော့ မနက်မိုးလင်းရင် အဖွားဝယ်ကျွေးတာပဲစားရတာ နေ့လည်ဖက်ဆို ကျွန်မမောင်လေးက အချိုရည်သောက်ချင်တယ်လို့  အဖွားကို သွားသွားဂျီတိုက်တတ်တယ်...။ (အဖွားကပြောတတ်သေးတာ “များများစားရင် များများချေးဖြစ်တယ်တဲ့”...) မောင်လေးညည်းတဲ့လေသံကို ခုထိကြားယောင်တုန်း “အူး ခိုက်ရာ့နမ့်ကျိမ်း..” “သား အချိုရည်သောက်ချင်တယ်”ဆိုတာကို ရှမ်းလိုပြောတာ..။ အဲဒါ စိတ်ထဲစွဲနေတတ်လို့ ကျွန်မဆို ခုချိန်ထိ လမ်းမှာ ကလေးလေးတွေတွေ့ရင် မုန့်ဝယ်ဝယ်ကျွေးတတ်တဲ့ အကျင့်ဖြစ်နေတာ..ကိုယ်တွေငယ်ငယ်တုန်းကအဖြစ်ကို ကိုယ်ချင်းစာလို့လေ...။

အခု တရုတ်နှစ်သစ်ကူးရောက်ခါနီးတော့ ငယ်ငယ်တုန်းက အိမ်မှာ နှစ်ကူးလုပ်တာကို သတိရတယ်...။ ဗီယက်နမ်က တရုတ်နှစ်ကူးလုပ်တာနဲ့ ထုံးစံချင်းအတူတူပဲ...။ အိမ်မှာ အဲချိန်ဆို ဝက်ခေါင်းဝယ်ပြီး ကြွက်နားရွက်မှိုနဲ့ ဗီယက်နမ် ဝက်သားထုပ်လုပ်တယ်....။ ကောက်ညှင်း ပဲဝါလေးနဲ့ ဝက်သုံးထပ်သားနဲ့လုပ်တဲ့ ဗီယက်နမ်ကောက်ညှင်းထုပ်လုပ်တယ်...။ ခေါက်ဆွဲကြော်တယ်..။ အဖွားဆီက အဖွားလက်ရာကို အမွေရထားတာ ခေါက်ဆွဲကြော်နည်းပဲ...။ ဝက်သားထုပ်နဲ့ ကောက်ညှင်းထုပ်ကို ကျွန်မအဒေါ်အမွှာထဲက အကြီးတစ်ယောက်ပဲ လုပ်တတ်တယ်...။ သူ့ဆီက နည်းလေးသွားသင်မလားလို့ စဉ်းစားထားတယ်..။ အဖိုးဆီကရတဲ့ အမွှေကတော့ အဖိုးဗီယက်နမ်သွားပြီးပြန်လာတုန်းက လုပ်ကျွေးတဲ့ ကော်ပြန့်ကြော်..။ ကော်ပြန့်ကြော်နည်းကိုလည်း တင်ထားဖူးပါတယ်..။ နောက်တော့မှ Grandma recipe, Grandpa recipe ဆိုပြီး ချက်နည်းလေးတွေတင်ပေးပါဦးမယ်..။ နှစ်ကူးပြီဆို ဂါဝန်လှလှလေးတွေ ကြိုးသိုင်းဖိနပ်လေးတွေ အသစ်ဝတ်ရတော့ သိပ်ပျော်တာ..။ ပြီးတော့ အန်ပေါင်းလည်းရသေးတယ်လေ..။ ကန်တော့တဲ့နေ့ဆို ဟင်းတွေချက်ပြီး ကျွန်မတို့ရွာစွန်မှာရှိတဲ့ နတ်စင်မှာ သွားကန်တော့ကြတယ်...။ နတ်ပေါင်းစုံရှိတဲ့ နတ်နန်းကြီးပေါ့...။ တရုတ်အန်းကုန်းဘိုးဘိုးကြီးတို့ ကွမ်ရင်မယ်တော်တို့ကို သွားကန်တော့ကြတာ..။ ကန်တော့ပြီး နောက်နေ့က ဥပုသ်နေ့ အဲနေ့ဆို ဘာမှမလုပ်ရတော့ဘူး အိမ်ဆိုလည်း တံခါးပိတ်ထားရတယ် တံမြက်စည်းမလှဲရဘူး အဝတ်မလျှော်ရဘူး ဟင်းမချက်စားရဘူး...။ မနေ့ကကျန်တဲ့ ဟင်းတွေပေါင်းပြီး ပြန်နွှေးစားရတယ်..။ ဟင်းပေါင်းဖြစ်ပေါ်လာပုံကတော့ အဲဒါပဲ...။ ရာသီဥတုက အရမ်းအေးခဲတုန်ခိုက်တော့ မနေ့ကဟင်းတွေက မသိုးဘူးလေ...။ အကုန်လုံးအေးခဲနေတာ...။ အဲဒါတွေကို အိုးကြီးတစ်လုံးထဲမှာ အကုန်ရောပြီး ပြန်နွှေးလိုက်...။ အရိုးပြုတ်ရည်ထဲ မုန့်ညှင်းချဉ်ဖတ်နဲ့ ကြက်သားဟင်း ဝက်သားဟင်း ဘဲသားဟင်း အကုန်ရော ပဲကြာဇံလေးထည့်ပြီး ပွက်ပွက်ဆူအောင်ထားပြီး ရတာနဲ့ခပ်စား သိပ်ကောင်းတာ အားလုံးရောထားတော့ ချိုနေရောပဲ..။

အဖိုးဆုံးတာ ပြီးခဲ့တဲ့ ၂၀၁၃ နွေရာသီတုန်းက ...။ အဖိုးနာရေးအကြောင်းအဲတုန်းက ပို့စ်ရေးဖူးခဲ့သေးတယ်...။ အသက် (၉၇)မှာဆုံးတယ်...။ အဖွားကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀၁၆ မှာ အသက်(၉၃) မှာဆုံးသွားခဲ့တယ်...။ အဖွားကိုတော့ သဂြိုလ်ပြီး အရိုးအိုးကို အဖိုးဂူဘေးနားပဲ ပြန်မြှုပ်ပေးတယ်...။ အဖိုးက သွေးတိုးရှိတယ် မဆုံးခင် နှစ်နှစ်သုံးနှစ်ကတည်းက လေဖြတ်ထားတာ..။ အဖွားကတော့ ပါကီဆန်ရောဂါကိုလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်ကတည်းက ရခဲ့ပြီး နောက်ဆုံး ဆေးရုံမှာ တစ်လနီးပါးနေရပြီး လူကြီးရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ပါတယ်...။ အဖိုးကနယ်မှာဆုံးတော့ အဖိုးအသက်ကိုမမီလိုက်ဘူး...။ အဖွားဆုံးတော့ မျက်စိရှေ့တင်ပဲ...။ အောက်ဆီဂျင်ရှူနေရင်းနဲ့ အသက်ရှူနှုန်းက တဖြေးဖြေးနဲ့ ကျဲကျဲလာတာ...။ ကျွန်မနဲ့ နွားနို့ဖူးစာအဒေါ် (အဲလိုပြောမှသိမယ်ထင်လို့)က အဖွားလက်ကို ဆုတ်ကိုင်ထားပြီး အဖွားအသက်ထွက်သွားတဲ့အထိ မေတ္တာသုတ်ရွတ်ပေးနေခဲ့တာ...။ အဖွားကို အအေးခန်းမပို့ဘဲ ညတွင်းချင်း အိမ်ပြန်သယ်ပြီး ရေမိုးချိုးပေးကြတယ်...။ သားသမီးတွေအကုန်လုံး အဖွားကိုရေဝိုင်းချိုးပေးရတာပေါ့..။ မြေးတွေထဲမှာက ကျွန်မရယ် မောင်လေးရယ် နှစ်ယောက်ပဲရေချိုးပေးခွင့် ရလိုက်တယ်...။ ကျန်တဲ့သူတွေက ခရီးထွက်နေတာနဲ့ ရောက်မလာသေးတာနဲ့...။ အဖွားကိုရေးချိုးပေးတော့ အားလုံးက ရေလောင်းသူလောင်း ဆပ်ပြာတိုက်သူတိုက် ခေါင်းလျှော်ပေးသူလျှော်ရတော့ ကျွန်မက ပျော့ကျနေတဲ့ အဖွားဇက်ကို ထိန်းပေးထားရတယ်...။ ငယ်ငယ်ကတည်းက ရွာမှာတစ်အိမ်အိမ်မှာ နာရေးဖြစ်ပြီဆိုတာနဲ့ အလောင်းကိုရေချိုးပြင်ဆင်တာကို သွားစပ်စုနေကျ.....။ ခုတော့ ကိုယ့်အဖွားဆိုတော့ မကြောက်ပါဘူး....။ ဒါတောင် သူ့သားသမီးထဲက ကြောက်လို့လာမကိုင်တဲ့ သူတောင်ရှိသေး...။ ဒါကိုကြည့်ပြီး သံဝေဂတောင်ရရမှာ...။ အဖွားရေချိုးပြီးတော့ ပြင်ဆင်ထားတဲ့ ကုတင်ပေါ်မတင်ကြပြီး အဝတ်အစား လဲပေးကြတယ်..။ ကျွန်မနဲ့အမေနဲ့က ခေါင်းဖီး ပေါင်ဒါလိမ်းလုပ်ပေးခဲ့တယ်...။ အိမ်မှာ ဆေးမထိုး ဘာမှမလုပ်ဘဲ နှစ်ရက်ထားပေမယ့် အဖွားကို သဂြိုလ်မယ့်နေ့ အခေါင်းဖွင့်တော့ အဖွားမျက်နှာ အသားအရေလေးက ဒီတိုင်းလေးပဲ အကောင်းတိုင်း ညိုမဲမသွားသေးဘူး...။ ကြည်လင်ဖွေးဖြူဆဲ..။ အိပ်ပျော်နေတဲ့ မျက်နှာနဲ့ ကုသိုလ်ကံကောင်းပါပေ့အဖွား...။  အဖိုးရော အဖွားရော ကောင်းရာမွန်ရာနေရာကို ရောက်သွားပါပြီ...။ ကျွန်မတို့သာ လူ့လောကထဲ အပူပင်တွေ သောကဗျာပါဒတွေနဲ့ ကျန်ရစ်နေဆဲ..။


မိုးငွေ့

Saturday, 21 January 2017

Coffee Barista Training Class(2).....

 
 Hot Latte (Rosetta)

ဒီတစ်ခါတော့ Latte art အတွက် နို့ foam ရိုက်တာကို တရက်သင်ရတယ်...။ နို့ကို ရေနဲ့တစ်ဝက်ရောပြီး ခွက်ပေါင်းများစွာ စက်နဲ့ရိုက်ကျင့်ရတာ...။ နို့အမြှုပ်အသားက ညက်ပြီးဖြူဖွေးတောက်ပြောင်နေရတယ်...အဲဒါမှ ပုံဖော်လို့ကောင်းတဲ့ အဆင့်ကိုရတာ..။ ကမ္ဘာမှာ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကော်ဖီလေးမျိုးရှိတယ် ...။ အဲဒါတွေကတော့..

1. Jamaica Blue Mountain 
2. Hawaii Conna
3. Yemen mocha Matahari
4. Panama Geisha

    ခုနောက်ပိုင်း အင်ဒိုကထွက်တဲ့ ကြောင်ချေးကော်ဖီစေ့ ကလည်း ဈေးကွက်ဝင်နေပါတယ်...။ ကော်ဖီစေ့ကျွေး ထားတဲ့ တာကြောင်နဲ့ ဆင်တို့ကရလာတဲ့ ကြောင်ချေးတို့ ဆင်ချေးတို့ကနေ ပြန်ယူပြီးလှော်ထားတဲ့ ကော်ဖီစေ့တဲ့..။

နို့ foam ရိုက်တာလေ့ကျင့်ပြီး နောက်နေ့ မီနူးသင်ရတယ်..။ အရိုးသားဆုံးပြောရရင် ကော်ဖီဆိုင်ထိုင်သာ ထိုင်ဖူးခဲ့တာ ခုသင်မှသာ ကော်ဖီမီနူးတွေကို စုံပလုံစေ့သိရတယ်..။ ကိုယ်တွေသိတာက espresso, latte, mocha, Americano လောက်ပဲမဟုတ်လား...။ တကယ့်ကော်ဖီအားလုံးရဲ့အခြေခံကတော့ espresso ပါပဲ..။ ဘာမီနူးကိုပဲဖျော်ဖျော် သူ့ကိုတော့ one shot, two shot ထည့်ရတယ်..။ green tea latte ကလွဲရင်ပေါ့..။

Hot Latte


 Cappucino


Lango


Espresso Macchiato


Espreeso Con Panna


 Coffee Veina



Afogato


Green tea Latte


coffee mocha


 
ခွက်ပေါင်းမြောက်များစွာ ပုံဖော်ပြီးမှ ကြက်ကန်းတိုးပြီး ထွက်လာတဲ့ သစ်ခက်ပုံ



latte art သင်ရတဲ့နေ့ တော်တော်စိတ်ဓါတ်ကျမိတယ်..။ ဘယ်လိုလောင်းလောင်းပုံထွက်မလာဘူးလေ..။ ဆရာပြတာတော့ လွယ်နေတာပဲ..။ ယူကျုမှာကြည့်လည်းလွယ်တာပဲ...။ ကိုယ်တိုင်လုပ်ကြည့်တော့ ခက်လိုက်တာလေ...။ အခြေခံသုံးမျိုးစသင်ရတယ် heart shape, rosetta နဲ့ tulip ပုံ..။ ကျန်တဲ့အရုပ်ပုံတွေက အသည်းပုံကနေအခြေခံပြီးဆွဲရတာ..။ နေပေ့စေဦး အိမ်မှာသေချာကျင့်လိုက်ဦးမယ် ...။ ပုံထွက်ရင် လာကြွားမယ်..။ နို့ foam ရိုက်တဲ့ hand blender ၀ယ်ထားတယ်..။


မိုးငွေ့


Saturday, 14 January 2017

ကျွန်တော်.....

   



မန်းသူတွေဘာကြောင့် ကိုယ့်ကိုယ်ကို ကျွန်မလို့မပြောဘဲ ကျွန်တော်လို့ နာမ်စားသုံးသလဲဆိုတာ သေချာမသိပေမယ့်...ရွှေမန်းသူမဟုတ်တဲ့ ကျွန်မကတော့ စာရေးရင်သာ ကျွန်မလို့ရေးတတ်ပေမယ့် အပြင်မှာတော့ စကားပြောရင် ကျွန်တော်လို့ နာမ်စား သုံးလေ့ရှိတယ်..။ ဘာကြောင့်လည်းဆိုတော့ ခုနှစ်တန်းနှစ်တုန်းက မန္တလေး (၁၂)ကျောင်းမှာ တစ်နှစ်တက်ခဲ့ဖူးတုန်းကတည်းက ကိုယ့်ကိုယ်ကို “ကျွန်တော်”လို့ နှုတ်စွဲသွားခဲ့တာ ခုထိပဲဆိုပါတော့..။

မန္တလေးမှာ တစ်နှစ်နီးပါလောက်ပဲနေလိုက်ရပေမယ့် ကျွန်မရဲ့ ငယ်ဘဝတပိုင်းတစတွေ အဲဒီမြို့မှာ ထင်ကျန်နေခဲ့ဖူးတယ်....။ ကျွန်မ မန္တလေးမြို့ကိုချစ်တယ် အဲဒီမှာနေရတာမစိမ်းဘူး ပျော်လည်းပျော်တယ်..။ ကျွန်မက အစားသမားဆိုတော့ မန်းရဲ့ ဒေသအစားအစာတွေ အကုန်လုံးကိုကြိုက်တယ်...။ ကျွန်မအဲဒီတုန်းက ခုနှစ်တန်းတက်ပြီး အရေးခင်းဖြစ်လို့ ကျောင်းပိတ်လိုက်ရတာ..။ မန်းမှာ စက်ဘီးစီးပြီး လျှောက်သွားရတာ သိပ်ပျော်ဖို့ကောင်းတယ်..။ အရေးခင်းချိန်တုန်းကဆို ညနေပိုင်းမှာ မကြောက်မရွံ့ စက်ဘီးစီးပြီး နံရံကပ်စာတွေ ကာတွန်းတွေသွားသွားဖတ်ကြတာ..။ အဲဒီက ညီမတစ်ဝမ်းကွဲတွေနဲ့ ကဲကဲတွေပေါ့..။ အဲဒီခေတ်က ခုခေတ်လို စီဒီတွေဘာတွေမရှိသေးဘူး သီချင်းနားထောင်ချင်ရင် ဒေါင်းလုတ်တာတွေဘာတွေမရှိသေးတော့ ကိုယ်လိုချင်တဲ့သီချင်းကို တန်းစီပြီးချရေး ကက်ဆက်ခွေငှားဆိုင်မှာ လက်ရွေးစင်သွားကူး အဲလိုလုပ်ရတာ..။ များသောအားဖြင့် ကက်ဆက်ခွေအငှားဆိုင်နဲ့ စာအုပ်ငှားဆိုင်က တွဲထားတတ်တယ်..။ ဆိုတော့ ကာတွန်းစာအုပ်တွေ ဝတ္ထုစာအုပ်တွေငှားဖတ် ညနေပိုင်းဆို ဗီဒီယိုခွေတွေငှားကြည့် ...။ ကိုယ်သွားချင်တဲ့နေရာ စက်ဘီးလေးနင်းပြီးသွားရတာ သဘောကျတယ်...။

ကျွန်မတို့နေတာက ဗထူးကွင်းနဲ့နီးတယ် ၂၈x၂၉ လမ်းကြားက မေတ္တာလမ်းသွယ်ထဲမှာ ၂၈လမ်းဒေါင့်က မင်းသီဟလက်ဖက်ရည်ဆိုင်ရှိတယ် ..။ အစားအသောက်သိပ်ကောင်းပဲ..။ လက်ဖက်ရည် ပဲပလာတာ မုန့်တီသုပ်(နန်းကြီးသုပ်) ပဲအီကြာ...အကုန်ကောင်းတာ..။ မန်းက ပဲပြုတ်ကိုပိုကြိုတယ်ဆိုတာ ရန်ကုန်လို ပဲလုံးလေးတွေက သေးသေးညိုညိုတွေမဟုတ်ဘူး ပဲလုံးကြီးကြီး အညိုဖျော့ဖျော့နဲ့ အရသာကလဲ ချိုနေရော..။ အီကြာကွေးတစ်ချောင်းဆိုလည်း လူ့တတောင်ဆစ်လောက်ရှိတယ်..။ မင်းသီဟက ခုချိန်ထိ နာမည်ရတုန်းပါပဲ..။ ရှမ်းခေါက်ဆွဲစားချင်ရင်တော့ မိန်းလမ်းပေါ်က နေခြည်ရှမ်းခေါက်ဆွဲဆိုင်ကောင်းတယ် အဲဒီခေတ်ကပေါ့ ခုတော့ အဲဆိုင်ရှိသေးလားမသိဘူး...။ ဂျုံဆီချက်ခေါက်ဆွဲ၊ ဆန်ပြားသုပ်၊ ရှမ်းသုပ်၊ ဆန်စီး၊ မြီးရှည် အကုန်ကောင်း..။ ရေးရင်နဲ့ စားတောင်စားချင်လာပြီ...။ “ကျွန်တော်”လို့ခေါင်းစဉ်တပ် အကြောင်းပြပြီး အစားအသောက်အကြောင်း များများရေးပါရစေ..။

နောက်ပြီး ၂၇လမ်းပေါ်က ဘယ်လမ်းနဲ့ ဘယ်လမ်းကြားလည်းတော့မသိတော့ဘူး... အရင်မန္တလာဟိုတယ် နောက်ကျော်က အထမ်းနဲ့ရောင်းတဲ့ ရခိုင်မုန့်တီနဲ့ မကျည်းဖျော်ရည်လည်းကောင်းတယ်..။ ရခိုင်မုန့်တီကို ငုံးဥထည့်ရောင်းတာ အဲဒီတစ်သည်ပဲမြင်ဖူးသေးတယ်...။ ရှူးရှူးရှဲရှဲနဲ့ပြီးရင် အစပ်ပြေ မကျည်းဖျော်ရည် ထန်းလျက်နံ့မွှေးမွှေးအေးအေးလေး တစ်ခွက်သောက်လိုက် လုံးဝအငြိမ်းကောင်းတာ...။ ပြီးတော့ မန်းမြီးရှည်ဆို ခု ၁၆လမ်းက အထမ်းမြီးရှည်လောက်ပဲသိကြတာ ..။ တကယ်တမ်း ကျွန်မတို့ငယ်ငယ်က ဗထူးကွင်းရှေ့နားက မြီးရှည်ဆိုင်ဆိုတကယ်စားကောင်းတာ..။ မီးခိုးကြောင့်မဲနက်နေတဲ့ မြေအိုးကြီးကြီးနဲ့ ဝက်ဒူးရိုးကြီးတွေကို မီးအေးအေးနဲ့ တနေကုန်သည်ထားပြီးချိုနေတဲ့ ဝက်ရိုးပြုတ်ရည်နဲ့ ပဲငပိနံ့သင်းတဲ့ မြီးရှည်သုပ်က တကယ့်စပယ်ရှယ်...။ အခု ရန်ကုန်မှာဆို Feel ဆိုင်တွေမှာ အထမ်းမြီးရှည်ဆိုပြီး မီနူးထဲမှာပါတယ်..။ ဒါပေမယ့် မန်းကရောင်းတာနဲ့တော့ အရသာက ဘာမှမဆိုင်ဘူး..။ လောလောလတ်လတ်တော့ မန်းမှာ ၁၆လမ်းက မြီးရှည်တော့ နာမည်ရဆဲဆိုင် လမ်းဘေးဆိုင်ပဲ ခုံပုလေးတွေနဲ့ထိုင်စားရတယ်။ ဝက်မြီးကြိုက်ရင် ညှပ်ထည့်ပေးတယ် ဒညင်းသီးပြုတ်လည်းထည့်တယ် ၂၀၀၉ မန်းရောက်တုန်းကတော့ သွားစားဖြစ်သေးတယ်...။


မန္တလေးရောက်ရင် မုန့်တီကိုပဲ လူတွေက အာရုံစိုက်ကြတာ တကယ်တမ်း မန်းက မုန့်ဟင်းခါးလည်းကောင်းတယ်..။ ငါးပေါတဲ့အရပ်မဟုတ်ပေမယ့် ငယ်ငယ်တုန်းက ၂၇လမ်း နဲ့ ၇၅လမ်းနားလောက်က ဒေါ်ကြည်မုန့်ဟင်းခါးအရမ်းကောင်းတယ် ညနေပိုင်းဆို စက်ဘီးလေးနဲ့ ပါဆယ်သွားသွားဆွဲတာ မုန့်ဖတ်မျှင်လေးကသေးသေးလေးနဲ့ ပဲကြော် ဗူးသီးကြော် မန်းကြော်တို့ကအစ အကုန်ကောင်းတယ်...။ ကျွန်မတို့အဒေါ်အိမ်ရဲ့ လမ်းထိပ် ဗထူးကွင်းနားက အကြော်တဲလေးမှာလည်း မနက်ဆို အကြော်စုံနဲ့ကောက်ညှင်းပေါင်းရတယ်...။ မန်းမှာမသိမဖြစ်တစ်ခုရှိသေးတယ် မစားမဖြစ် မန်းအချဉ်ပေါင်း...။ မောင်းထုပြီး လှည်းတွန်းသည်လာပြီဆို အချဉ်ပေါင်းမျိုးစုံကို ငါးပိ ငံပြာရည် ပုစွန်ခြောက်မှုန့် ငရုတ်သီးမှုန့်စပ်ထားတာလေးနဲ့ ရောနယ်ထားတာ သိပ်ကောင်းပဲ။ ရေးရင်း သရေတောင်ကျတယ်...။ ငရုတ်သီးမှုန့်ငံပြာရည်ဆိုမှာ မန်းမှာ ငါးပိရည်ကျိုအစား ထမင်းစားတိုင်းအမြဲပါတတ်တာကတော့ ငရုတ်သီးမှုန့်ငံပြာရည်ဖျော်ခွက်ပါပဲ...။ အဲဒါလေးနဲ့ထမင်းနဲ့နယ်ပြီး ဝက်ချိုပေါင်းလေးနဲ့စားပါလေ့ ထမင်းမမြိန်ရင် ကြိုက်တာပြော...။


အခုဆိုတော့ ရှမ်းအစားစာနဲ့ တရုတ်အစားစာများလွှမ်းမိုးခြင်းကို ခံလိုက်ရသော မန်းမြို့ရွှေပြည်ဖြစ်သွားပေမယ့် ဒေသအစားအစာ မြီးရှည်နဲ့ မုန့်တီကတော့ မကွယ်ပျောက်သေးလို့ တော်ပါသေးတယ်..။  ပုံတွေနဲ့တကွပြချင်တာ ခုက ကိုယ့်ဘာသာ စားချင်တာ စိတ်ကူးနဲ့ရေးရတာမို့ ပုံမပြနိုင်...။ မန္တလေးက စားချင်တဲ့ အစားစာများကိုတန်းစီပြောပါဆိုရင် ....

၁။ မုန့်တီ
၂။ မြီးရှည်
၃။ အချဉ်ပေါင်း
၄။ ငှက်ပျော်ကြော်နဲ့ကောက်ညှင်းပြန်ပေါင်း(ညဈေးတန်းက)
၅။ မင်းသီဟလက်ဖက်ရည်ဆိုင်က အစားစာများ
၆။ ဈေးချိုနားက ညဖက်ရောင်းတဲ့ တရုတ်ထမင်းပေါင်း
၇။ တရုတ်တန်းစေးျနားက မတင့်ဖက်ထုပ်ကြော်
၈။ မန္တလေးက အိမ်ချက်ထမင်းဟင်းနဲ့ ငရုတ်သီးငံပြာရည်ဖျော်
၇။ ထန်းလျက်နဲ့ခေါက်စားရတဲ့ သီးသီး
၈။ ထန်းပင်မြစ်ဖုတ်
၉။ ဦးပိန်တံတား မယ်ဇလီပင်အောက်က ပြောင်းဖူးကြော်နဲ့ ဆီထမင်း ဆတ်သားခြောက်ဖုတ်
၁၀။ ဈေးချိုက ငှက်ပျော်အုန်းနို့ပေါင်း

ဒါက ငယ်ငယ်တုန်းက တစ်နှစ်နီးပါးနေခဲ့ဖူးတဲ့ အစားအသောက်အတွေ့အကြုံတွေ...။ ကျောင်းပြီးတော့ မန်းဘူတာကြီးနားက ဆိုင်ခန်းမှာ ဖက်ရှင်ဆိုင်ဖွင့်တုန်းကလည်း မန်းမြို့တခွင်ပြဲပြဲစင်အောင် ချောင်ကျိုချောင်ကြားတွေ အကုန်ရောက်တယ်...။ မန်းက လူသိပ်မသိသေးတဲ့ တောင်ပေါ်က ဟသာၤဂူဘုရားတို့ဘာတို့ဖက်ကို အစုံသွားတယ်..။ စစ်ကိုင်း မုံရွာဆို တွင်းတောင်းအိုင်ထိရောက်ဖူးခဲ့တယ်...။ ပြင်ဦးလွင်ဆိုလည်း အခု ရေပြာအိုင်ကတော့ အဲတုန်းကမတွေ့သေးလို့ ကျန်တဲ့ ရေတံခွန်တွေ ဘုရားတွေ ဂူတွေအကုန်သွားခဲ့ဖူးတယ်...။

တကယ်တော့ ကျွန်မက “ ကျွန်တော် ကျွန်တော် ” နဲ့ပဲ နာမ်စားသုံးပြီး စကားပြောတတ်တယ်ဆိုတာကို အကြောင်းပြပြီးရေးရင်းက အစားအသောက်ပို့စ်တစ်ခုဖြစ်သွားပါကြောင်း.....


မိုးငွေ့

Tuesday, 10 January 2017

Coffee Barista Training Class(1).....

 


2017 ရဲ့ ပထမဦးဆုံးနေ့ မနက်(၉)နာရီအချိန်မှာ ကော်ဖီသင်တန်းရဲ့ ပထမဆုံးသင်ခန်းစာကို စတက်ရပါတယ်..။ ပထမဆုံးတစ်ရက်မှာပဲ အိမ်ပြန်မရောက်ခင် လမ်းမှာပဲ ကျွန်မငိုရပါတယ်...။ ငိုတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် အားမရလို့ပါ...။ ကော်ဖီတစ်ခွက်ဖျော်တာ ဒီလောက်တောင် ခက်လားလို့ ကျွန်မခုမှလက်တွေ့သိရတော့တယ်...။ ကျွန်မတို့ အရင်က ကော်ဖီဆိုင်တစ်ဆိုင်ထိုင်ရင် မီနူးကြည့်လိုက်လို့ တစ်ခွက်ကို သုံးထောင် သုံးထောင်ငါးရာလောက်ကျရင် တော်တော်ဈေးကြီးနေပြီ ကိုယ်ကြိုက်တဲ့ ကော်ဖီတွေဘာတွေကို မရွေးနေတော့ဘဲ ဈေးနှုန်းကိုပဲ အဓိကရွေးပြီး ဈေးပေါတာ မှာသောက်တတ်ကြတယ်..။ တကယ်တမ်း ကော်ဖီတစ်ခွက်ကို ကိုယ်တိုင်ဖျော်ရတဲ့အခါ အရသာကောင်းမွန်ပြီး balance ညီမျှတဲ့ ကော်ဖီတစ်ခွက် ထွက်လာဖို့ ဘယ်လောက် ခက်ခဲလိုက်သလဲဆိုတာ ခုမှနားလည်သွားတော့တယ်...။ Espresso ဆိုတာ ကော်ဖီအားလုံးရဲ့ အခြေခံဆိုတာကိုလည်း သိခဲ့ရတယ်...။ ဆိုင်တစ်ဆိုင်ရဲ့ ကော်ဖီကောင်း မကောင်းကို သိချင်ရင် Espresso တစ်ခွက် အရင်မှာသောက်ပါတဲ့..။



ကော်ဖီမှာ ကျွန်မတို့က ခါးတဲ့ အရသာရှိတယ်လို့ပဲ အကြမ်းသိကြတာ...။ တကယ်တော့ ကော်ဖီရဲ့ အရသာက အမျိုးပေါင်းကိုးဆယ်ကျော်လောက်ရှိတယ်..။ အဓိကမှတ်ထားရတာကတော့ ချို ချဉ် ဖန် စပ် ခါး ..။





ကော်ဖီစေ့တွေကို လှော်ရတဲ့ အဆင့်လိုက်ကို ကိုးမျိုးရှိတယ်..။ ကျွန်မတို့ ပထမဆုံး စာတွေ့သင်နေချိန်မှာပဲ အဲဒီကော်ဖီနာမည်တွေကိုစီထားတဲ့ ပုလင်းတွေကို နှစ်ခါလောက်ကြည့်ပြီး အလွတ်ပြောရတယ်...။ Light, Cinnamon, Medium, high, City, Full City, France and Italian တို့ပဲဖြစ်တယ်...။ ကော်ဖီဆိုင်တွေမှာ အသုံးများတာကတော့ City သို့မဟုတ် Full City အဆင့်မှာလှော်ထားတဲ့ ကော်ဖီစေ့တွေပဲဖြစ်တယ်။ Italian ကတော့အခါးဆုံးဖြစ်သွားပြီ..။ နိုင်ငံခြားသားတွေလောက်ပဲ သောက်နိုင်တော့မှာ..။




     ကော်ဖီသီးကိုစတွေ့တာက အီသီယိုးပီးယားမှာ ဆိတ်ကျောင်းသားလေးတစ်ယောက်က စတွေ့တာ..။ ကော်ဖီသီးကို Cherryသီးလို့ခေါ်တယ်...။ အထဲက အစေ့ကို ထုတ်လိုက်ရင်တော့ green bean လို့ခေါ်ပြီး လှော်ပြီးမှသာ coffee bean လို့ခေါ်ပါတယ်..။ ကော်ဖီကို ပင်လယ်ရေမျက်နှာပြင်ပေ 3000 ကနေ 6000 ကြားမှာပေါက်တဲ့ အပင်ကို Arabia coffee လို့ခေါ်ပြီး တောင်အောက်မှာပေါက်တာကိုတော့ Robusta    လို့ခေါ်တယ်...။






 တောင်ပေါ်မှာပေါက်တဲ့ ကော်ဖီတွေက အဲလိုလေး အခြမ်းနှစ်ခြမ်းပါတယ်


 ဒါကတော့ အလုံးလိုက်လေးတစ်လုံးတည်းပါတဲ့ တောင်အောက်ကကော်ဖီစေ့



   
အရသာ balance ညီမျှတဲ့ ကော်ဖီဖြစ်ဖို့ ကော်ဖီစေ့အမျိုးပေါင်း(၈)မျိုးလောက်ကိုရွေးချယ်ရောစပ်ပြီး ထုတ်ထားတဲ့ ကော်ဖီ Catunambu ဆိုတာ European products ....။ စပိန်မှာ ထုတ်လုပ်တဲ့ ကော်ဖီ...။ ကျွန်မတို့ သင်တန်းမှာ အဲကော်ဖီသုံးတယ် ..။ တစ်ကီလို တစ်ထုပ်ကို မြန်မာငွေကျပ် သုံးသောင်းခွဲလောက် ကျတယ်..။

ကော်ဖီနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုပထမ တစ်နာရီမှာသင်တယ်...။ ကော်ဖီစက်နဲ့ပတ်သက်တဲ့ ဖိအားတွေ အပူချိန်တွေ ဘယ်လိုချိန်ရတယ်ဆိုတာတွေ ကော်ဖီစက်ကို သန့်ရှင်းရေးလုပ်တာတွေ သင်တယ်...။  နောက်နှစ်နာရီကို ကော်ဖီကြိတ်တာနဲ့ one short, two short(double short) အချိန်အဆကို လက်မှန်းနဲ့မှန်အောင်လေ့ကျင့်ရတယ်..။ two short ဆိုတာ ကော်ဖီစက်ကနေ ခွက်နှစ်ခွက်စာ အရည်လေးကျလာတာကိုပြောတာပါ..။ two short မှာ ကော်ဖီမှုန့်အလေးချိန်က 14 g ကနေ 20 g အတွင်းရှိရပါမယ်...။ အကောင်းဆုံးကတော့ 16g မှာရှိနေရမယ်..။ အဲဒီကော်ဖီကို ညီနေအောင် ဖိတုံးလေးနဲ့ ဖိရပါသေးတယ်....။ ဒါတင်မပြီးသေးဘူး အဲဒါကော်ဖီကို စက်မှာတပ်ပြီး ရေဖိအားချလိုက်ရင် 25စက္ကန့်  အတွင်းမှာပဲ ကော်ဖီက 30ml ကျရမယ် ကော်ဖီကြိတ်တာကြမ်းနေရင်လည်း အရသာမကောင်းသလို အရမ်းမှုန့်သွားရင်လည်း ကော်ဖီရေကျတာ နှေးသွားတဲ့အတွက် ဆိုလိုတာက 25စက္ကန့် အတွင်းမှာ 30ml မကျနိုင်တော့တဲ့အတွက် ကော်ဖီကောင်းတစ်ခွက်မထွက်ပါဘူး..။ ဖိတုံးဖိတာ မညီရင်လည်း စက်မှာတပ်ရင် ကော်ဖီအကျရေ မမှန်ပါဘူး..။

 ဒါကြောင့် ကော်ဖီကြိတ်တာရော ကော်ဖီဖျော်တဲ့စက်ကိုရော အချိန်တိုင်းစောင့်ကြည့်ပြီး ကိုယ်လိုချင်တဲ့အနေအထားရောက်အောင် အမြဲချိန်နေရမှာပါ..။ ကော်ဖီကြိတ်မယ်ဆိုရင်လည်း စက်ရဲ့ ဘယ်နံပါတ်မှာထားရင် ကိုယ်လိုချင်တဲ့ အမှုန့်အနေအထားရမယ်ဆိုတာမျိုး...။ ကော်ဖီဖျော်စက်ဆိုရင်လည်း ဘယ်ဖိအား ဘယ်အပူချိန်လောက်မှာ ကော်ဖီကျတဲ့အခါ အရသာကောင်းမယ်ဆိုတာမျိုးတွေပါ...။ သုံးမိနစ်အတွင်းမှာ စားသုံးသူဆီကို ကော်ဖီတစ်ခွက် အပြီးချပေးနိုင်ဖို့ ကော်ဖီမှုန့်စထည့်ပြီး စက်ထဲကနေ ကော်ဖီအကျရေကို ခွက်နဲ့ခံပြီး အပြီးဖျော်ရတာ အစအဆုံးအားလုံး မှန်နေမှ ကော်ဖီကောင်း တစ်ခွက်ရမှာပါ..။ မုန့်တစ်လုံးဖုတ်တာထက် အစများစွာခက်ပါတယ်...။ ဒါကြောင့် ကော်ဖီကောင်းတစ်ခွက် ရဖို့ ဖျော်တဲ့သူရဲ့ စိတ်ထားနဲ့ နှလုံးသားနဲ့ အများကြီးသက်ဆိုင်သွားပါပြီ..။ သူ့စိတ်တည်ငြိမ်နေမှ နှလုံးသားအရင်းခံနဲ့စေတနာထားပြီး ဖျော်မှသာ
ကော်ဖီကောင်းကောင်း တစ်ခွက်ထွက်လာမှာပါ..။ ကျွန်မအခုပြောပြတာက ကော်ဖီဖျော်နည်းရဲ့ အခြေခံလေးပဲရှိပါသေးတယ်..။ နောက်နေ့တွေကျရင် နို့ကို Foam ဖြစ်အောင်ရိုက်နည်းတွေသင်ရမယ်..။ အဲဒါတွေရမှ ကျန်တဲ့ မီနူးတွေကိုဆက်သွားရမှာ..။ သင်တန်းချိန်ကို Practice လုပ်နိုင်ဖို့ တစ်နာရီကြိုပြီးလာရမယ်လို့ ဆရာကမှာထားတယ်..။
 








ကော်ဖီစေ့ပျိုးပင်လေးတွေ


ကော်ဖီစေ့အထဲမှာရှိနေသေးတဲ့ ချယ်ရီသီး(ကော်ဖီသီး)




မိုးငွေ့


Thursday, 5 January 2017

Perfume....

   



ကျွန်မငယ်ငယ်က ရေမွှေးကို စသိတာ မေမေသုံးနေတဲ့  နှင်းဆီပန်းနီနီပုံလေးပါတဲ့ ပုလင်းသေးသေးလေး ကြည်ကြည်လေးနဲ့ ရေမွှေးလေးဖြစ်တယ်...။ တံဆိပ်နာမည်ကိုတော့ မသိတော့ဘူး အရမ်းမွှေးတာပဲ...။ Eternalလား Poisonလား တစ်ခုခုဖြစ်မယ်..။ လွန်ခဲ့တဲ့ သုံးဆယ်ငါးနှစ်ကျော်ကဆိုတော့ အဲခေတ်ကရေမွှေးပုလင်းကို အွန်လိုင်းမှာ ရှာကြည့်သေးတယ် မတွေ့ဘူး..။ နာမည်သေချာ မသိတာလည်းပါမယ်...။ မေမေက သူ့ရေမွှေးပုလင်းလေးကို ကျွန်မတို့အိမ်က သောက်ရေတို့ရေနွေးကြမ်းအိုးတို့ ဓါတ်ဖူးတို့ထားတဲ့ စားပွဲနောက်က နံရံကပ်မှန်ဗီဒိုလေးထဲထည့်ထားတတ်တာ..။ အဲဒီတုန်းက မေမေ့ဗီဒိုထဲကနေ အဲရေမွှေးပုလင်းလေးကို ခဏခဏယူကြည့်ဖူးတယ် မွှေးကြည့်ဖူးတယ်။ ပုလင်းလေးကို ချစ်တာရယ် နှင်းဆီနီနီလေးကိုကြိုက်တာရယ် အနံ့လေးသင်းပျံ့နေတာလေးအတွက်ရောပေါ့...။ ဆွတ်တော့မကြည့်ခဲ့ဖူးဘူးလို့ထင်တာပဲ...။ အဲဒီတုန်းက သုံးလေးတန်းလောက်ပဲရှိဦးမယ်...။

ဒုတိယအကြိမ် ရေမွှေးကို သတိထားဖြစ်တာက ကျွန်မ ငါးတန်းတက်တုန်းက ကျွန်မတို့ အင်္ဂလိပ်ဆရာမ ဒေါ်ခင်ဖြူဝေ ဆွတ်ထားတဲ့ ရေမွှေးရနံ့လေး...။ ရနံ့သင်းပြီး sexy ဖြစ်တယ်...။ ဆွဲဆောင်မှုရှိတယ်...။ ဆရာမကစည်းကမ်းသိပ်ကြီးတယ်..။ အဝတ်အစားဝတ်တာ အမြဲတမ်းချပ်ရပ်ကျော့မော့နေရော...။ သူ့အတန်းချိန်ကျပြီဆို သူကိုင်နေကျ ကြိမ်လုံးကိုကြမ်းပြင်နဲ့ထောက်တဲ့ အသံတဒုန်းဒုန်းနဲ့ သူ့ရေမွှေးနံ့တွေက အရင်ရောက်လာတတ်တယ်..။ အဲခါဆို ကျွန်မတို့က ကြောက်ဒူးတုန်နေကြရော ဆရာမဒီနေ့ ဘာစာမေးမလဲ ဘယ်သူ မတ်တပ်ရပ်ထဖြေရမလဲ ဘယ်သူ ထိုင်ထလုပ်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေ တထိတ်ထိတ်နဲ့ပေါ့..။ ဆရာမနား အမှတ်သွားခြစ်ရင် ဆရာမရေမွှေးနံ့က နှာခေါင်းဝကို လာကလိတော့တာပဲ..။ ရင်ဖုံးအကျီၤအဖြူ ခေါင်းလောင်းလက်ကို ဇာအနားကွပ်ပြီး ဂျော်ဂျက်အပျော့သားကျောင်းစိမ်း လုံချည် ခြေမျက်စိဖုံးဝတ်ထားတာ ခါးမှာ လက်ကိုင်ပုဝါမျိုးစုံကို ညှပ်ထားတတ်တာ ဆရာမရဲ့ ဖက်ရှင်စတိုင်လ်ပဲ..။ ဂုတ်ကျော်ကျော်လောက် ဆံပင်နဂိုအကျေကောက်သား ငုတ်စိလေးတွေကို စုစည်းပြီး ဖဲကလစ်လှလှလေးတွေနဲ့ ညှပ်ထားတတ်သေးတယ်..။ ဆရာမက တက္ကသိုလ်တုန်းက ဘော်လီဘောချန်ပီယံ.. အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်း..။ နှာတံချွန်မြမြနဲ့ ပြုံးလိုက်ရင် နှုတ်ခမ်းနှစ်ဖက်ဘေးမှာ ပါးချိုင့်သေးသေးလေးတွေပါတယ်...။ ရယ်လိုက်ရင်လည်း သွားစွယ်လေးတွေက သိပ်လှတယ်...။ 

ကျွန်မမှာ အနံ့(ဂန္ဓာရုံ)နဲ့ပတ်သက်ပြီး ထူးခြားမှုနည်းနည်းရှိတယ်...။ ခုနောက်ပိုင်းအသက်ကြီးမှသာ သတိသိပ်မထားကြည့်မိတော့တာ...။ ဆပ်ပြာ ရေမွှေး ကိုယ်လိမ်းပေါင်ဒါ ဒါမှမဟုတ် အမွှေးနံ့ပါတဲ့ အသုံးဆောင်ပစ္စည်းထဲက အနံ့တစ်ခုခုကိုရရင် ဘယ်အချိန် ဘယ်နေရာမှာ သုံးခဲ့ဖူးတဲ့ အနံ့လေးဆိုပြီး တန်းပြီးမှတ်မိတတ်တယ်...။ တခါတလေ အင်္ကျီမီးပူတိုက်လို့ထွက်လာတဲ့အနံ့ရရင် အထက်တန်းကျောင်း တက်တုန်းက ကျောင်းစိမ်း ရင်ဖုံးအင်္ကျီအဖြူ လေးမီးပူတိုက်တဲ့အခါ ထွက်လာတဲ့ အနံ့ကို အမှတ်ရမိတတ်တယ်..။ ကုန်တိုက်တွေမှာ ကိုယ်တိုက်ဆပ်ပြာခဲလေးတွေ တွေ့လို့ ကောက်ယူပြီးနမ်းကြည့်မိရင်လည်း ဒီဆပ်ပြာကို ဘယ်ချိန်တုန်းက ဘယ်နေရာမှာ သုံးခဲ့ဖူးတယ်ဆိုတာကို မှတ်မိနေတတ်တယ်။ အဲဒါ အနံ့နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ထူးခြားချက်ပဲ...။ ပြီးတော့ ကျွန်မက အနံ့နဲ့ပတ်သက်လာရင်လည်း sensitive သိပ်ဖြစ်တယ်..။ အနံ့ရတာလည်း သူများထက်ပိုကဲတယ်..။ ဒါဘာအနံ့ဆိုတာကိုလည်း တန်းပြီးခွဲခြားပြနိုင်တယ်..။ နောက်ပိုင်းအသက်ကြီးလာတော့ အနံ့နဲ့ပတ်သက်ပြီး Sense ရတာကို အမှုမဲ့အမှတ်မဲ့ပဲ နေလိုက်မိတော့တယ်..။




     

ကျွန်မ အသက်နှစ်ဆယ်ကျော် တက္ကသိုလ်တက်နေချိန်မှာတော့ ရေမွှေးကို Clinique Happy စသုံးဖြစ်တယ်..။ အဲဒီရေမွှေးကို နှစ်တော်တော်ကြာတဲ့အချိန်ထိ ကျွန်မနှစ်သက်စွဲလန်းစွာသုံးခဲ့ဖူးတယ်..။ သူ့အနံ့လေးက Happy ဆိုတဲ့ စကားလုံးအတိုင်းပဲ သူ့ကိုဆွတ်ထားရင် အလိုလို ကြည်နူးရွှင်ပြ တက်ကြွနေတာပဲ..။ Clinique မှာ happy ရယ် Heart ရယ် နှစ်မျိုးလာတဲ့အထဲ Happy အနံ့က ကျွန်မအတွက် ပိုဆွဲဆောင်မှုရှိတယ်လို့ထင်တယ်..။ သူ့ကို ကျွန်မ Lotion လည်းသုံးဖူးတယ်...။ Rolling လည်းသုံးဖူးတယ်..။

Happy ကို လေးငါးနှစ်ဆက်တိုက်သုံးလာပြီးမှ ကျွန်မ Lancome ရေမွှေးကို ပြောင်းသုံးဖြစ်ခဲ့တယ်..။ တကယ်တော့ ကျွန်မက ရေမွှေးကို ကိုယ့်ဘာသာကို ဝယ်သုံးဖြစ်တာနည်းတယ်..။ အဒေါ်တွေ နိုင်ငံခြားက ပြန်လာရင် ဝယ်ပေးတာများတယ်..။ နောက် Gucci Envy me ကိုဆက်သုံးဖြစ်တယ်...။ အဲဒါက ကျွန်မမွေးနေ့တစ်ခုမှာ ညီမဝမ်းကွဲတစ်ယောက်က လက်ဆောင်ပေးလို့။ Gucci Envy Me က နာမည်နဲ့ လိုက်အောင် ဆွဲဆောင်မှုရှိလွန်းတယ် ပြီးတော့ သူ့အနံ့က သိပ် sexy ကျတယ်..။ ကျွန်မဘဝမှာ အကြိုက်ဆုံးရေမွှေးရနံ့ထဲမှာ Happy Clinique ပြီးရင် Gucci Envy me ပဲဖြစ်တယ်..။ ခုနောက်ဆုံးတစ်ပတ်လည်ပြီး ကျွန်မ Happyကို ပြန်သုံးဖြစ်နေတယ်..။





 


တခါတခါ ရေမွှေးဆွတ်တိုင်း ကျွန်မ ဆရာမဒေါ်ခင်ဖြူဝေကို သတိရတတ်တယ်...။ ခုဆိုကျွန်မဟာ အဲဒီတုန်းက စည်းကမ်းကြီးသေသပ်ပြီး သန့်ပြန့်သပ်ရပ်မွှေးကြိုင်နေတဲ့ ဆရာမရှိနေတဲ့ အရွယ်ကိုတောင် တော်တော်ကျော်လွန်ခဲ့ပြီပဲ..။ ဆရာမရော ဘယ်နေရာမှာ ဘယ်ဒေသကို ရောက်ရှိနေလို့ စိတ်လက်ခန္ဓာကျန်းမာစွာနဲ့ရှိနေရဲ့လားလို့ သိချင်နေမိတယ်...။


မိုးငွေ့

Monday, 2 January 2017

မင်္ဂလာနှစ်သစ်လေးပါ....:)


      


ကျွန်မ ဘလော့ရေးတဲ့ သက်တမ်းတလျှောက်မှာ နှစ်တစ်နှစ်ရဲ့အစ ဇန်နဝါရီ(၁)ရက်နေ့ နှစ်သစ် အကြို နှုတ်ဆက်စကားနဲ့ပတ်သက်လို့ ပို့စ်တစ်ခါမှမရေးခဲ့ဖူးဘူး...။ ဒီနှစ်တော့ နှစ်သစ်နှုတ်ခွန်း စကားလေး ပြောပါရစေ..။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိထင်ရှား သတ္တဝါအားလုံး ကျန်းမာချမ်းသာလို့ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ...နှစ်သစ်မှစပြီး အစစအရာရာ အောင်မြင်အဆင်ပြေကြပါစေလို့ မင်္ဂလာနှုတ်ဆက်စကားလေးပြောချင်ပါတယ်...။

2017 ရဲ့ ပထမဆုံးရက်မှာ ကျွန်မစလုပ်ရတာက ကော်ဖီသင်တန်းစတက်ခြင်းပါပဲ...။ ဒီအတွက် ကျွန်မရဲ့ နှစ်သစ်အစဟာ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့စရလို့ မင်္ဂလာရှိပြီးရင်းရှိနေပါပြီ..။ ပြီးတော့ နောက်လတွေ ကျရင်လည်း ဆက်တိုက် နိုင်ငံခြားခရီးစဉ်တွေရှိနေတော့ ကျွန်မအတွက် 2017ဟာ ခရီးသွားနှစ်လို့လည်း ဆိုလို့ရနိုင်ပါတယ်..။ အားလုံး မင်္ဂလာရှိသောနှစ်သစ်လေးပါ....:) ပုံလေးကတော့ တခါက ဘလော့ဂါဟောင်းတစ်ယောက်ဖြစ်တဲ့ ကိုဖြိုးမောင်မောင်ရဲ့ လက်ရာပါ...။


Happy New Year......