ကိုယ်တို့နှစ်ယောက် နှစ်ရှည်လများမတွေ့ခဲ့ရသူတွေလို တစ်ယောက်ကို တစ်ယောက်မျက်တောင်
မခတ်တမ်း စိုက်ကြည့်နေကြတာ မိနစ်ကြာနေပြီ…။
တကယ်လည်း မတွေ့ဖြစ်ကြတာ နည်းနည်းတော့ကြာခဲ့ပါပြီလေ…..။
ကိုယ့်ကို မင်း ဆောင်းအိပ်မက်တစ်ခုလာပေးနေတာတော့ မဟုတ်ပါဘူးနော် အိန်ဂျယ်….။
မင်းဆံပင်တွေက အရင်လိုပဲ ခပ်တိုတိုကြမ်းကြမ်း… မင်းမျက်ခုံးတွေထူထဲမဲနက်နေကြလို့ မင်းမျက်ဝန်းတွေ အရောင်တောက်ပဆဲ… မင်းနှုတ်ခမ်းတွေစိုရဲဆဲပါပဲ…။ နှင်းပွင့်တွေလို ကြည်လင်တောက်ပဖြူစင်နေဆဲ မင်းအသားအရေတွေ… မင်းမေးရိုးအထက်မှာ ခရမ်းရောင်နဲ့အစိမ်းရောင်သွေးကြောမျှင်လေးတွေက အသည်းယားစွာ ယှက်သန်းနေကြဆဲ….။ ကိုယ့်လက်ဖျားနှစ်ဖက်ကို ဆုတ်ကိုင်ထားတဲ့ မင်းလက်ဖဝါးတွေလည်း နွေးထွေးဆဲ….။
အိန်ဂျယ်… မင်းကိုယ့်ဆီကို ဒီတစ်ခါ အပြီးပြန်လာခဲ့တာလားလို့ ကိုယ်နှုတ်ကမေးဖို့ သတ္တိမရှိခဲ့ဘူး…။
ဖြစ်နေကျအတိုင်း မင်းနဲ့ပြန်တွေ့ရလို့ ဝမ်းသာပီတိမျက်ရည်ကြည်တွေက မျက်ဝန်းနှစ်ဖက်ကနေ စိမ့်အိုင်ကျလာတယ်…။ မင်းက ကိုယ့်လက်ဖျားကိုမလွတ်ဘဲ ဆုတ်ကိုင်ထားလျက်နဲ့ မင်းလက်ဖမိုးနှစ်ဖက်နဲ့ ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးနေတယ်…။
မင်းဝတ်ထားတဲ့ အဖြူဆွတ်ဆွတ်ရှပ်အကျီၤဆီက မီးပူတိုက်ထားခါစ အနံ့တချို့ကိုရနေတယ်….။ ပြီးတော့ ရေချိုးဆပ်ပြာနံ့လား ဘော်ဒီစပရေးနံ့လား ကိုယ်ခွဲခြားမသိနိုင်တဲ့ လတ်ဆတ်မွှေးပျံ့တဲ့ အနံ့တစ်ခုပါရောပါရလိုက်တယ်….။ ကိုယ်သိပ်သဘောကျတာပဲသိလား…။ မင်းကလေ အမြဲတမ်းတွေ့လိုက်ရရင် အဖြူရောင်ရှပ် သို့မဟုတ် လည်ကတုံးနဲ့ ကွက်စိပ်ပုဆိုးတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားလေ့ရှိတယ်….။
ဗာဒံပင်ခပ်အုပ်အုပ်အောက်က စားပွဲဝိုင်းမှာ ကိုယ်တို့ ပေါ့ဆိမ့်နှစ်ခွက်မှာလိုက်ကြတယ်….။ မင်းပြောပြတဲ့ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန် မင်းရဲ့ အဖြစ်အပျက်တစ်ချို့ မင်းရဲ့ဘဝဖြတ်သန်းချိန်ခရီးတချို့ကို ကိုယ်နားထောင်နေလိုက်တယ်…။ ကိုယ်ကတော့ မင်းနဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ မင်းကိုပြောပြဖို့ ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး…။
ကိုယ်တို့လက်ဖက်ရည်အတူသောက်နေတဲ့အချိန် ည၈နာရီခွဲလောက်မှာပဲ… ကိုယ်တို့ထိုင်နေတဲ့ဝိုင်းနဲ့ မနီးမဝေး နီယွန်မီးတိုင်ရဲ့အလင်းဖြာဖြာအောက်မှာ ရုတ်တရက် မှုန်ရီဝေသီကုန်လို့… တချိန်တည်းမှာပဲ အေးစိမ့်လာလိုက်တာ…။ အိုးးး… နှင်းတွေဝေနေတာပဲ…..။ အဝါရောင်အလင်းတန်းထဲမှာ ဒီဇင်ဘာရဲ့ အဖြူရောင်နှင်းပွင့်တွေက သိပ်လှတာပဲ…။ လေအေးတွေကလည်း ဝေ့ဝိုက် တိုက်ခတ်လိုက်သေးတယ်..။ လမ်းမီးရောင်ကြောင့် မင်းဆံပင်မှာ ကပ်ညှိနေတဲ့ နှင်းစက်မှုန်တွေက လင်းလင်းလက်လက်ဖြစ်နေကြတယ်….။ မင်းပေးထားခဲ့ဖူးတဲ့ မွှေးပွပဝါလေးထုတ်ပြီး ကိုယ်..မင်းခေါင်းကို အုပ်ထားပေးလိုက်တယ်…။
မင်းနဲ့ကိုယ် အထဲမဝင်ဘဲ နှင်းတွေကျနေတာကို တိတ်တဆိတ်ငေးမောကြည့်နေဖြစ်ကြတယ်…။
ကိုယ်မျက်စိမှိတ်ပြီး မိုးပေါ်မျက်နှာမော့ထားကြည့်တယ်…။ အေးစိမ့်စိမ့် နှင်းမှုန်တွေ မျက်နှာပေါ်ကို နူးညံ့စွာလာထိတာကို ခံစားနေရတယ်…..။ မင်းက ကိုယ့်မျက်တောင်ရှည်ရှည်ပေါ်မှာ တင်နေတဲ့ နှင်းပွင့်တွေကို လက်ချောင်းတွေနဲ့ ခါထုတ်ပေးနေတယ်…။ ပြီးတော့မင်းလက်ချောင်းတွေက ကိုယ့်နှုတ်ခမ်းတစ်စုံပေါ်မှာ နွေးထွေစွာကျရောက်လာတယ်…။ နှင်းရည်ဆွတ်ပြီးအေးစက်တဲ့ ကိုယ့်အနမ်းတွေ မင်းလက်ချောင်းတွေပေါ် ကပ်ပါသွားကြပြီ အိန်ဂျယ်….။
ကြည့်စမ်း အိန်ဂျယ်… ခုလိုအေးစိမ့်တဲ့ ရာသီမှာ မင်းဖျော်တိုက်မယ့် ကော်ဖီပူပူတစ်ခွက်နဲ့သာဆို ဘယ်လောက်ပြည့်စုံလိုက်မလဲ…..။
ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်……။ မင်း … မင်းမရှိတော့ဘူး……။ ကိုယ့်စားပွဲဝိုင်းမှာ ကိုယ်တစ်ယောက်တည်း မင်းကဘယ်ရောက်သွားတာလဲ အိန်ဂျယ်…..။ လက်ဖက်ရည်ခွက်က ကိုယ့်ရှေ့မှာတစ်ခွက် မင်းထိုင်တဲ့အရှေ့မှာလဲတစ်ခွက်ရှိနေတယ်… မင်းကရောဘယ်ရောက်သွားလဲ….။ အိန်ဂျယ်… မင်း..ကိုယ့်ကိုထားသွားခဲ့ပြန်ပြီလား……..။
ကိုယ်လေ... နှင်းတွေကို မင်းလောက်မချစ်တတ်ပေမယ့် မင်းချစ်တဲ့ နှင်းတွေကို မင်းလောက်နီးပါး ချစ်တတ်အောင်ကြိုးစားခဲ့ပါတယ်….။ ကိုယ့်အိပ်မက်တွေနှင်းစိုမှာ ကိုယ်မကြောက်ပါဘူး…..။ ဒါပေမယ့် နှင်းတောထဲမှာထိုင်ရင်း မင်းဆံပင်တွေနှင်းစိုလို့ နေမကောင်းဖြစ်မှာတော့စိုးတယ်ကွယ်….။
မိုးငွေ့
2 comments:
မျှော်လင့်နေတဲ့ အိန်ဂျယ်လေး မကြာခင် အရောက်ပြန်လာပါစေလို့.....
အရေးအသားကောင်းတယ်... စာသားလေးတွေနူးညံ့သိမ်မွေ့လွန်းတယ် မိုးငွေ့ရေ...
မေတ္တာဖြင့်
တီတင့်
သက်ဝင်တောက်ပ လွန်းသော
အိန်ဂျယ်အက်ဆေး လေးကို
တိုးတိုးလေး ၀င် ခံစားသူ
အဘ :p
Post a Comment