Monday, 18 March 2013

ညနေရောင်ဖဲကြိုးနဲ့ချည်တဲ့ ကော်ဖီတစ်ခွက်……



 


ကားနှစ်စီးစာသွားလို့ရတဲ့ လမ်းကလေးရဲ့ ကုန်းအဆင်းမှာ ကိုယ်လျှောက်နေတုန်း အနောက်ဖက်က ဘဲလ်ကို အသည်းအသန်တီးပြီး အရှိန်နဲ့ဆင်းလာတဲ့စက်ဘီးကြောင့် ဘေးဖက် အုတ်ခြံစည်းရိုးဖက်ကို ကပ်လိုက်တယ်...။... စက်ဘီးလေးက ကိုယ့်ဘေးနားမှာ ဘရိတ်စောင့်အုတ်ပြီး ရပ်လိုက်တယ်...။ ဖျင်ကြမ်းလွယ်အိတ်ကလေးကို ရင်မှာပိုက်ရင်း ခပ်ရွံရွံဖြစ်နေတဲ့ကိုယ်... ဒီလောက်စက်ဘီးအစီး ကြမ်းရသလားလို့ ဒေါသလဲထွက်သွားတယ်….။ တီရှပ်အဖြူဆွတ်ဆွတ် ကာကီရောင်ကွာတားဘောင်းဘီနဲ့ နက်ပြာရောင်လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားတဲ့ စက်ဘီးပိုင်ရှင်လေးက သူ့စက်ဘီးကိုဒေါင့်ထောက်ပြီး ကိုယ့်ကိုကြည့်နေတယ်….။ အိုးး…. မင်းကို ကိုယ်ရုတ်တရက် မမှတ်မိလိုက်ဘူး…။ နေစမ်းပါဦး မင်းက ဒီရပ်ကွက်ကမှမဟုတ်ဘဲ ဘာကိစ္စဒီလမ်းထဲရောက်နေရတာလဲ….။

“မမ… ဒီလမ်းထဲပြောင်းလာနေတာလား…” မင်းက ဦးထုပ်ကို ချွတ်ပြီး ကိုယ့်ကိုအရင်မေးလာတယ်..။ မမြင်တာ လနဲ့ချီနေပြီဖြစ်တဲ့ မင်းက ကိုယ်နောက်ဆုံးမြင်ဖူးထားတဲ့ ဂျစ်တူးတူး ရုပ်မဟုတ်တော့ … အသားတွေပိုဖြူလာတယ်..။ မျက်နှာတွေက ရှင်းသန့်ပြီး ပိုကြည်လင်လာတယ်…။ မင်းတော်တော်စိတ်ချမ်းသာနေပုံရပါတယ်…။ ဟင့်အင်း ကိုယ်ဒီလမ်းထဲမှာရှိတဲ့ ကိုယ့်အဒေါ်ကိုခဏလေး အဖော်လာလုပ်ပေးတာပါ…။ ဒီလမ်းကလေးက ကားဂိတ်နှစ်ဂိတ်ရဲ့ အလည်တည့်တည့်မှာမို့ ကိုယ်အိမ်ပြန်ရင် ဒီလမ်းကလေးထဲကိုဝင်ဖို့ ကိုက်နှစ်ရာနီးပါးလောက် လမ်းလျှောက်ရသေးတယ်…။ ပြီးတော့ အဒေါ့်အိမ်ရောက်ဖို့ လမ်းကလေးထဲကို နောက်ထပ် ကိုက်သုံးရာလောက်ထပ်လျှောက်ရသေးတယ်…။ လမ်းက ကုန်းလျှောမို့ ဘယ်ဆိုက်ကားမှ မမောင်းဘူး။ ကိုယ်ပိုင်ကားတွေနဲ့ လမ်းလျှောက်သူတွေပဲရှိတာ…။


တိုက်တိုက်ဆိုင်ဆိုင် မင်းကလည်း မင်းဦးလေးအိမ်ကို ခဏလာစောင့်ပေးနေတာတဲ့…။ မင်းနေတဲ့ ခြံဝင်းက ကိုယ်နေတဲ့အိမ်ထက် အတွင်းပိုင်းပိုကျတယ်…။ စက်ဘီးနဲ့ဆိုတော့အပြင်ထွက်ရတာ အဆင်ပြေတာပေါ့…။ 


“မမ နက်ဖန်ဘယ်ချိန်အလုပ်သွားမလဲ ကျွန်တော်လာခေါ်မယ်လေ…”


“ဘာအတွက်လဲ…” ကိုယ့်ရဲ့လေသံမာကျောကျော ဂျွတ်ဆတ်ဆတ်ကို မင်း မမေ့လောက်သေးပါဘူး…။


“ဟာဗျာ…လာခေါ်မယ်ဆိုခေါ်မယ်ပေါ့ အကြောင်းပြချက်လိုသေးလား… တစ်ယောက်တည်း လမ်းအရှည်ကြီး လျှောက်ရတာ အဖော်ရအောင်လို့ပေါ့” တဲ့ ။ ဒီလိုနဲ့ ကိုယ်ဒီလမ်းလေးထဲ နေဖြစ်ခဲ့တဲ့တစ်ပတ်လုံး မင်းက ကိုယ်အလုပ်အသွားအပြန်ကို အကြိုအပို့လုပ်ရတဲ့အလုပ်ပိုတစ်ခုကို ကျေကျေနပ်နပ်လုပ်ပေးခဲ့တယ်….။ ကိုယ်က မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ မနက်တစ်ခါ ညနေတစ်ခါ မင်းကို ပူရှိန်း Mint Chewing Gum တစ်ခု တစ်ခုပေးနေကျ…။ မင်းက ခြံထဲကပွင့်တဲ့ စကားပန်းပွင့်ကလေးကို တစ်နေ့တစ်ပွင့်ယူလာပေးတယ်…။ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန်မှာ မင်းက သင်တန်းတွေတက်နေခဲ့တာတဲ့….။ ကိုယ်နဲ့တွေ့ဖြစ်နေရင်တောင် မင်းဒီလောက်စိတ်ချမ်းသာနေမှာ မဟုတ်ဘူး မဟုတ်လား…။ ကိုယ်က မင်းအတွက် evil ပဲလေ…။ မင်းက တော့ ကိုယ့်ရဲ့ အိန်ဂျယ်ဆိုသလိုပဲ ကြည်စင်ဝင်းပတဲ့ မျက်နှာကိုမြင်ရရုံနဲ့တင် လူကို စိတ်ချမ်းသာသွားစေတယ်….။ အပြုံးဖြူဖြူ အသံချိုချိုတွေကိုပါ အပိုဆုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။ ပြီးတော့ ဒီလမ်းကလေးကိုလဲ ကျေးဇူးတင်တယ်… မင်းနဲ့ ပြန်ဆုံခွင့်ပေးခဲ့လို့လေ….။


တစ်ပတ်ဆိုတဲ့ အချိန်က မျက်စိတမှိတ်လိုပဲ မြန်ဆန်လိုက်တာ…။


မနက်ဖန်ဆို ကိုယ်အိမ်ပြန်ရတော့မှာ….။ မင်းနဲ့ထပ်ဆုံဖို့ဆိုတာ ဘယ်ချိန်ကျမှပြန်ရောက်လာခဲ့မလဲ တွေးတောင်မကြည့်ချင်တော့ပါဘူး..။ အင်းလေ… အစကတည်းက ဒီလိုပဲနေသားတကျရှိနေပြီးသားကို ကိုယ်ဘာကြောင့်များ အပိုလုပ်ပြီး အထွန့်တက်ချင်နေသေးသလဲ…။ တကယ်တော့ ပြန်ဆုံဖို့မဆုံဖို့ဆိုတာ ကံကြမ္မာနဲ့ တိုက်ရိုက်ပတ်သက်မှုရှိမရှိ ကိုယ်မသေချာပေမယ့်… ကာယကံရှင်နှစ်ဦးကသာ အဓိကလို့တော့ သိနေခဲ့ပါတယ်…။ ဒါပေမယ့်လည်းလေ………..

ကိုယ်ဘတ်စ်ကားပေါ်ကဆင်းဆင်းချင်း ကားဂိတ်ခုံကလေးမှာ မင်းကို မတွေ့ဘူး…။ ဘေးဘီကို ဝေ့ရှာကြည့်ပေမယ့်လည်း မတွေ့ရဘူး….။ မင်း အလုပ်မအားလို့မလာတာပဲနေမှာပါလေလို့ …။ ကိုယ်လမ်းကလေးရှိရာကို ကိုယ့်ဘာသာလျှောက်လာခဲ့လိုက်တယ်…………။ ညနေအိမ်ပြန်ချိန်တွေထဲမှာ မင်းပါဝင်ခဲ့တဲ့ နေ့ရက်တိုတိုကလေးအတွင်းမှာပဲ မင်းရဲ့လွှမ်းမိုးမှုတွေက အင်အားပြင်းခဲ့ပြန်ပါလားကွယ်….။

လမ်းလေးထဲကိုကိုယ်ချိုးဝင်လိုက်တော့မှ မင်းရဲ့စက်ဘီးဘဲလ်သံလေးကြားလိုက်တယ်….။ 


“မမကို ကော်ဖီတိုက်မလို့ Surprise လုပ်ချင်လို့ ဒီနားကစောင့်နေတာ…”


ခုနက လမ်းတလျှောက်လေးပင်ခဲ့တဲ့စိတ်တွေ ခုမှပေါ့ပါးသွားခဲ့တယ်… မင်းကိုယ့်ကိုစောင့်နေသားပဲ…။ ကျေးဇူးပါ…။ ကိုယ်တို့လမ်းထဲမဝင်ဘဲ လမ်းမကြီးပေါ်မှာရှိတဲ့ ကိုယ်ဆင်းရတဲ့ ကားဂိတ်ရဲ့ မျက်စောင်းထိုးမှာရှိတဲ့ စူပါမားကတ်တစ်ခုက ကော်ဖီဆိုင်ကို သွားလိုက်ကြတယ်။ ကိုယ်နဲ့မင်းဆုံဖူးခဲ့သမျှ မင်းကိုယ့်ကို ပထမဦးဆုံးတိုက်တဲ့ ကော်ဖီလေးတစ်ခွက်….။ ခါတိုင်းကိုယ်တို့က လိုင်းပေါ်မှာပဲ ကော်ဖီအတူသောက်ခဲ့ဖူးတာ မဟုတ်လား…။ ကိုယ့်ကို စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော… ရူးသွပ်တယ်ပဲပြောပြော ဖြစ်နိုင်ရင် အဲဒီဆိုင်က မင်းတိုက်ခဲ့တဲ့ကော်ဖီခွက်ကလေးကိုတောင်…ကိုယ်က သိမ်းထားချင်ခဲ့တာ….။ အော်…မင်းကော်ဖီဖိုး ရှင်းခါနီးတော့…မင်းပိုက်ဆံထုတ်ရင်း ပိုက်ဆံတွေကြားထဲက ငွေမှင်ရောင်စိမ်းပြာပြာ ပီကေခွွံလေးတွေကို အစီအရီကလေးထပ်ပြီး ထည့်ထားတာ တွေ့ဖြစ်အောင် တွေ့လိုက်သေးတယ်…။



 


ကျေးဇူးတင်လိုက်တာ………………………………………………                      
ကိုယ့်ရဲ့အိမ်ပြန်ချိန်တခဏလေးကို ညနေရောင်ဖဲကြိုးတွေနဲ့ 
လှလှပပချည်နှောင်ရစ်ပတ်ပေးခဲ့လို့…........................................
ကမ္ဘာပေါ်မှာ မွှေးပံျ့လတ်ဆတ်ဆုံး ကော်ဖီတစ်ခွက်ကို ဖန်ဆင်းပေးခဲ့လို့………………...............

ကိုယ်ဘယ်တော့မှမမေ့နိုင်မယ့် အမှတ်တရတွေကို ပန်းစည်းတွေလို တပွေ့တပိုက်ယူဆောင် လာပေးတတ်တဲ့မင်းဟာ…….. ကိုယ့်ရဲ့ကောင်းကင်မှာ အမြဲတမ်းသာမယ့် လပြည့်လတစ်စင်းပါပဲ……..။


မိုးငွေ့

7 comments:

အမ်တီအန် said...

ကော်ဖီချစ်သူမလေးကို တစ်ရက်လောက် ကော်ဖီချိန်းတိုက်ပါရစေ.. :)

Cameron said...

welcome ပါအမ...အချိန်မရွေးဖုန်းဆက်ခေါ်လို့ရပါတယ်ကော်ဖီသောက်ဖို့ဆိုရင်..း)

Angelhlaing(May everybody be happy and healthy! said...

ကော်ဖီကြိုက်တာချင်း တူနေပြီ ..မမ:))) မမသွားသောက်ရင် ညီမလေးကိုပါ ခေါ်ပါနော် ...:P လမ်းကြုံလိုက်ချင်လို့ပါ ..:D

ညီလင်းသစ် said...

ချစ်စရာ ကောင်းလှတဲ့ အက်ဆေးလေး...၊

တစ်နေကုန် ပင်ပန်းထားသမျှ၊ လူတွေ၊ ကားတွေ ရှုပ်ရှက်ခတ်ပြီး မောပန်းထားရသမျှ... နှစ်ဦးသားအတူ ရှိတဲ့ ညနေခင်းလေးမှာ ပျော်ဝင်ပျောက်ကွယ် သွားမယ့် ပုံပါပဲ..၊း)

Yoemyaykya said...

အိုး ပီကေခွံလေးတွေတောင် တယုတယသိမ်းထားတာပဲ။ ဟော တယောက်ကလဲ ကော်ဖီခွက်လေးအပိုင်သိမ်းထားချင်တယ်တဲ့။ ရူးတယ်လဲ မထင်ဘူး။ စိတ်ကူးယဉ်တယ်လဲ မထင်ဘူး။ အဲဒါ အဲဒါ အချစ်ကြောင့်။
(ဂျလေဘီအကြွေးလာဆပ်သည်။)

~ဏီလင်းညို~ said...

ဆွတ်ပျံ့ ချမ်းမြေ့စရာ အက်ဆေးလေး...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ရင်လှိုင်းခတ်သံ said...

ညနေရောင်ဖဲကြိုးလေးနဲ့ ချည်တဲ့ ကောဖီတစ်ခွက် ကို သောက်ဖူးချင်လိုက်တာ..။