Monday, 25 February 2019

တိမ်တွေနေတဲ့အရပ်ဆီ.....(၂)



 Me and My Mom


ကျွန်မတို့ စလေမြို့ကနေ ထမင်းစားပြီး ချောက်မြို့ကိုပြန်ဖြတ်ပြီး ကန်ပက်လက်ကို လေးနာရီ ထပ်မောင်းရတယ် ညနေမစောင်းခင်လေးမှာ ကန်ပက်လက်မြို့က သစ်လုံးဘန်ဂလိုလေးတွေရှိတဲ့ Pine Wood Hotel ကိုရောက်ပါတယ်...။ ဟိုတယ် Reception က ကျွန်မတို့အဖွဲ့ကို ဂျင်းထန်းလျက်ရည်ပူပူ တစ်ယောက်တစ်ခွက်နဲ့ ခရီးဦးကြိုပါတယ်...။ တော်တော်ကောင်းတဲ့ ဂျင်းရည်ပူပူလေးက ထန်းလျက်မွှေးမွှေးလေးနဲ့ အရသာကလေးလေးပင်ပင် ရှိလှတယ်...။ ပူပြင်းတဲ့ရာသီကနေ ချက်ချင်း အေးတဲ့နေရာကို ရောက်တော့ ဂျင်းထန်းလျက်ရည်လေးကို သောက်လိုက်ရတာ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားတယ်လို့ ခံစားလိုက်ရတယ်...။






 ကျွန်မတို့တည်းရတဲ့ ဘန်ဂလိုအေးက ဟိုးအောက်ဖက်အစွန်ကအလုံး



 ကျွန်မတို့နဲ့ တစ်ခရီးထဲပါလာတဲ့ ညီမလေးတွေ



 Pine Wood Hotel Reception ကနေ အ၀င်ဝကိုပြန်စီးရိုက်ရင် 
ဒီလိုထင်းရှူးပင်လေးတွေ အုပ်ဆိုင်းနေတာတွေ့ရတယ်







 ဒါက Dinning Room ကျွန်မတို့ ဘန်ဂလိုရှေ့တည့်တည့်ပဲ



 Dinning Room ဘေးက မြေကွက်လေးမှာ ပန်းဂေါ်ဖီလို ပန်းပွင့်လေးတွေစိုက်ထားတယ်



  တိမ်တိုက်နောက်ခံနဲ့ မုံညင်းပန်းဝါ၀ါလေးတွေ



 Dinning Room တစ်ဘက်ခြမ်းကို လှေခါးနဲ့ဆင်းသွားရင် နောက်ထပ် ဘန်ဂလိုတွေအများကြီးနဲ့ ထင်းရှူးပင် ရှည်မျောမျောတွေကို အများကြီးထပ်တွေ့ရတယ်



 အေးစိမ့်တဲ့ ရာသီလေးနဲ့လိုက်ဖက်နေတဲ့ နေချင့်စဖွယ်ဘန်ဂလိုလေးတွေ



 ဆလပ်ရွက်လို ပန်းပွင့်



ကျွန်မတို့ ကန်ပက်လက်က Pine Wood Hotel ရောက်ပြီး ခနနားရေမိုးချိုးပြီး ညနေ6နာရီခွဲလောက် ညစာကျွေးပါတယ်...။ ညစာက ဘူဖေးကျွေးတာ နှစ်ညစလုံး ရောက်ရောက်ခြင်းညက ကြက်သားဗူးသီးချက် ၀က်သားဆီပြန် မုန်ညင်းဖြူကြော် ချဉ်ပေါင်ဟင်းရည် အဲဒါတွေကျွေးတယ် အချိုပွဲကတော့ ငှက်ပျောသီး ဖရဲသီး ...။ ညစာကို ဓါတ်ပုံမရိုက်လိုက်မိဘူး...။ အေးတဲ့နေရာက ကိုယ်နဲ့ကီးမကိုက်ဘူးလေ ထုံးစံတိုင်း နှာစေး နှာခေါင်းပိတ် နေလို့မကောင်း...။ နေလို့မကောင်းတော့ မပျော်...။



 နတ်မတောင်မရောက်ခင် View Point ဒီနေရာလေးက တကယ်တိမ်ပင်လယ်ပေါ်တဲ့နေရာပါ 
ကျွန်မတို့ ရောက်တဲ့အချိန်က ရာသီဥတုသာယာလို့ တိမ်မဖြစ်



မနက်စာ 6:15 လောက်မှာ ထစားပြီး နတ်မတောင်တက်ဖို့ နေ့လည်စာထမင်းဗူး တစ်ယောက်တစ်ဗူးဆီနဲ့ ခရီးဆက်ရပါတယ်...။ View Point မှာ Sun Rise ကြည့်တော့ ကားပေါ်ကဆင်းတာနဲ့ တိုက်လိုက်တဲ့ တိုက်လိုက်တဲ့ လေတွေဆိုတာလေ ရေခဲသေတ္တာထဲက အေးသလို အအေးမျိုး ...။ အဲနေ့က အကျီင်္သုံးထပ်ဝတ်ထားတာ နားပိတ်တဲ့အလုံးနဲ့ Hoddie ခေါင်းဆောင်းထားတာတောင် မရဘူး...။




 တိမ်ပင်လယ်မဖြစ်ပေမယ့် ရောင်နီလာချိန်လေးမှာ အရောင်လေးတွေက မိုးပြာအနုအရင့်နဲ့ လိမ္မော်လိုင်းစင်းလေးတွေပေါ်နေတာက သိပ်လှတာ



 ပုံထဲမှာတော့ သိပ်လှတာပဲ မောမောနဲ့ ဘာမှန်းမသိ ရိုက်ထားလိုက်တာပဲ



View Point ကနေ သုံးမိုင်လောက်ထပ်သွားတော့ အာဆီယံအမျိုးသားဥယျာဉ် နတ်မတောင်ကိုတက်တဲ့ နေရာရောက်ပါတယ်...။ အပေါ်ပုံရဲ့နေရာလေးက နတ်မတောင် ဆိုင်းပုတ်ရှိတဲ့နေရာကနေ နဲနဲကလေးပဲတက်ရသေးတာ အဲဒီနေရာရောက်ဖို့ ခြေလှမ်း ၅၀လောက်ပဲလှမ်းရမယ်ထင်တယ်...။ ဒါပေမယ့် ကျွန်မကတော့ တော်တော်မြင့်မြင့်ကို တက်လိုက်ရသလို အသက်ရှူမ၀ဘဲ မောနေခဲ့တယ်...။ ဘာကြောင့် ဒီလောက်တောင်မောရတာလဲလို့ စမ်းစစ်ကြည့်တော့မှ နှာကနှစ်ဖက်စလုံးပိတ်ပြီး ပါးစပ်နဲ့ပဲ အသက်ရှူနေရတာ အေးစက်နေတဲ့လေပြင်းတွေကထပ်တိုက်တော့ အသက်ကပိုလို့ ရှူမရတော့ဘူး...။ သူများတွေအတွက် အမောပြေမယ့်လေအေးက ကျွန်မအတွက်တော့ မျက်ကလူးဆန်ပြာဖြစ်ရတယ်...။ ပါလာတဲ့ ရေဗူးကို အာစွပ်ရုံသောက်သောက်ပြီးတက်ရတယ်...။ ကိုယ်တိုင်တောင် ဓါတ်ပုံအရိုက်မခံနိုင်တော့ဘူး...။  အဲဒီတောင်တက်အစမှာတင် ဆက်မတက်ဘဲ နေခဲ့ရင်ကောင်းမလားလို့ တွေးမိသေးတယ်...။ အများစုက ဆိုင်ကယ်ရဖို့ အ၀င်ဝမှာကတည်းက တန်းစီပြီး ဆိုင်ကယ်နဲ့ တက်ကြတယ်...။ ကျွန်မက ဆိုင်ကယ်လည်းမစီးရဲပြန်တော့ ခြေလျင်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တာ... နေမကောင်းတော့ တော်တော်လေးပင်ပန်းတယ်...။ သွားဖူးသမျှခရီးထဲမှာ အပင်ပန်းဆုံးလို့ ဆိုရမယ်...။ ကျွန်မက တော်ရုံ အပင်ပန်းခံနိုင်တဲ့သူပါ ဒီခရီးမှာတော့ မဟန်တော့ဘူး...။ သြော် ငါ အသက်ကြီးလို့ ခံနိုင်ရည်နည်းနေပြီလားလို့ တွေးမိတော့... အသက်ခြောက်ဆယ်ကျော်တဲ့ အမေကိုယ်တိုင်တော့ ကိုယ့်လောက်မမောသလို...။ အမေက လမ်းတ၀က်မရောက်ခင်မှာပဲ ဆိုင်ကယ်ငှားစီးပြီး အရင်တက်သွားလိုက်တယ်...။ သူငှားလိုက်တာမှန်တယ် ကျွန်မတို့နဲ့သာ တောလမ်းအတိုင်း ခြေလျင်တက်ရင် တော်တော်ပင်ပန်းပြီး လဲသွားမှာ...။



 မာတာမိခင်နဲ့ အနောက်ခံရှုခင်းက နတ်မတောင်ရဲ့ အလှအစ






တကယ်တော့ နေမကောင်းလို့သာ  ခြေလျင်တက်ရခြင်းအကျိုးကျေးဇူးက ဆိုင်ကယ်စီးပြီး တက်တဲ့သူတွေ ဘယ်လိုမှမမြင်နိုင်မတွေ့နိုင်တဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေအများကြီး...။ ကိုယ်တိုင်က မောနေလို့သာ ပုံတွေ သိပ်မရိုက်လိုက်နိုင်တာ...။



 နေလုံးကြီးလည်းမ၀ါနိုင်တော့ပါ... ရိုက်နိုင်ခဲ့သမျှထဲက အကြိုက်ဆုံးပုံတစ်ပုံ



 တောင်ဇလပ်ပန်းပင်တွေလည်း လမ်းမှာအများကြီးတွေ့ရတယ်














 ဘာပင်ခေါ်လဲတော့မသိ အကိုင်တွေမှာ ရေညှိလိုအပင်တွေ 
အမွှေးအမျှင်အပြည့်နဲ့ ဒီအပင်တွေ့တော့ ဆရာမဂျူးရဲ့ “တိမ်နဲ့ချည်တဲ့ ကြိုး” နဲ့ “ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့သည်” ၀တ္ထုကို ပြေးသတိရမိတယ်...






 သာမောဖွယ်ကောင်းလွန်းလှတဲ့ မြင်ကွင်း













အရှေ့ကနေ တောင်တက်လမ်းပြပေးတဲ့ ညီမလေးက တစ်လမ်းလုံး အိတ်တစ်လုံးနဲ့အမှိုက်တွေကောက်သွားတာ ကောက်လို့တောင်မနိုင်ဘူး



မောပြီလေ














 အာဆီယံစာရင်းဝင် အမှိုက်မပစ်ရတဲ့ 
တက်လာသမျှလမ်းမှာတော့ အမှိုက်တွေဆိုတာ မြင်မကောင်း 
မြန်မာလူမျိုးတွေ ဘယ်တော့ စည်းကမ်းရှိကြမလဲလို့


 အရပ်ရှည်အရိပ်ထွက်တဲ့နေက အရိုးအတွက် Vitamin D ရတယ် နေဆာလုံကြပါ ဘယ်နေရာကိုပဲရောက်ရောက်ပေါ့...မနက် ရှစ်ခွဲအချိန်ကိုနောက်ဆုံးထားပြီးလုံပေးပါ မမှီရင် ညနေ နေ၀င်ခါနီး ၄ခွဲနေရောင်လည်း Vitamin D ရပါတယ်



ဒီတစ်တောင်က နောက်ဆုံးပါပဲ ပြီးတော့ အဆင်းမှာ နောက်ဆုံးတစ်တောင်ကိုတက်ဖို့ ကျွန်မတို့ကားထဲက ညီမလေးတွေနဲ့ အမေကို လမ်းမှာတွေ့တော့ အပေါ်မှာ ဘာမှထူးထူးခြားခြားမရှိဆိုလို့ ကိုယ်တိုင်ကလည်း နေလို့မကောင်း အသက်ရှူလို့မ၀တာနဲ့ ဆက်မတက်တော့ဘဲ ခြေလျင်နဲ့ ပြင်ဆင်းဖို့ ဆိုင်ကယ်လမ်းအတိုင်း လျှောက်လာကြတယ်...။ ညီမလေးက သူမလျှောက်တော့ဘူး ဆိုင်ကယ်နဲ့ဆင်းမယ်ဆိုတော့ ဆင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တားပြီး အရင်ဆင်းသွားလိုက်တာ ကျွန်မသောက်နေတဲ့ရေဗူးက သူနဲ့ပါသွားတယ် အဲဒါနဲ့ ရေဗူးမရှိရင် အသက်ရှင်မှာမဟုတ်တော့ဘူး လူက မျက်နှာတောင် ပြာနှမ်းနှမ်းဖြစ်နေပြီ အောက်စီဂျင်မရတာ..။ နားကလည်းအူနေသေးတယ် တောင်ကမြင့်တော့ Pressure များလာလို့ဖြစ်မယ်...။ အဲဒါနဲ့ ကြောက်ကြောက်နဲ့ ဆိုင်ကယ်ငှားစီးပြီးဆင်းရတယ် အမေနဲ့နှစ်ယောက်အတူ စီးတာ ကျွန်မက ဆိုင်ကယ်စီးရင် မောင်းတဲ့သူနားကပ်ရမှာ သိပ်ကြောက်တဲ့ ဆိုက်ကိုကလည်းရှိသေး...။ ဆိုင်ကယ်မောင်းပေးတဲ့ ချင်းဦးလေးကြီးက ဖြေးဖြေးပဲမောင်းပေးပါတယ် ဆိုင်ကယ်စီးလိုက်တာပဲ ကောင်းတယ် မဟုတ်ရင် တောင်ခြေရောက်ဖို့ လမ်းလျှောက်ရင် ၂နာရီလောက်ကြာဦးမှာ...။






သူတို့ဝေပေးတဲ့ ထမင်းဗူးကို တောင်ပေါ်ရောက်ရင် နားနေတဲ့ဇရပ်မှာစားလို့ရတယ်လို့ ဂိုက်ကပြောပေမယ့် ဘယ်သူမှ ယူမလာဘဲ ကားထဲပဲထားရစ်ကြတယ်... တောင်အောက်ပြန်ရောက်ပြီး ဟိုတယ်ပြန် ထမင်းဗူးကို ဟိုတယ်မှာပဲစားကြတယ်...။ တရုတ်ကြက်သားထမင်းကြော်နဲ့ ကြက်ဥပြုတ်တစ်လုံးပါတယ်..။ ထမင်းကြော်မစားနိုင်တာနဲ့ ချဉ်စပ်ခေါက်ဆွဲပြုတ်ကို ထမင်းဗူးထဲက ကြက်ဥပြုတ်နဲ့စားပလိုက်တယ်...။ ရယ်ဒီမိတ်ကော်ဖီ ရှားတဲ့အရပ်မှာ ပရီးမီးယားနဲ့ စူပါရတယ်ဆိုလို့ ပရီးမီးယားတစ်ခွက် သောက်ခဲ့တယ်..။ ခေါက်ဆွဲပြုတ်က ငါးရာ ကော်ဖီက ငါးရာ မဆိုးပါပု...။  ခနနားပြီး ညနေသုံးနာရီကျ ပါးရဲထိုးတဲ့ အဖွားနဲ့ နှာခေါင်းပုလွေမှုတ်တဲ့ အဒေါ်ကြီးဆီကိုဆက်သွားတာတွေ နောက်အပိုင်းမှာ မျှော်ပါလေ...။


မိုးငွေ့


Friday, 22 February 2019

တိမ်တွေနေတဲ့အရပ်ဆီ.....(၁)


ဒီပုံက သူများဆီကသွား မ လာတာ


ခေါင်းစဉ်ကို ကြီးကြီးကျယ်ကျယ် တိမ်တွေနေတဲ့အရပ်ဆီလို့ ပေးထားပေမယ့် တကယ်တမ်း တိမ်ပင်လယ်ပုံတွေကို တစ်ပုံမှမရခဲ့လို့  စာလာဖတ်သူတွေကို အားနာမိတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ ချင်းပြည်နယ် နတ်မတောင်အတွေ့အကြုံလေးကိုတော့ ဖတ်ချင်သေးတယ်မဟုတ်လား ....။
Ok, Let's go...




ထုံးစံအတိုင်း Package နဲ့ခရီးသွားဖို့ကတော့ ကျွန်မညီမလေး ခေါင်ခေါင်ရဲ့ Company ဖြစ်တဲ့  Tango Tour and Travel နဲ့ပဲသွားတယ်...။ ကိုယ့်ညီမဆိုတော့ ကိုယ်သွားချင်တဲ့ခရီးစဉ် ဘယ်ချိန်သွားသွား လှမ်းပြောလိုက်ရုံပဲ အဆင်ပြေတယ်...။ ကားနဲ့လေယာဉ်ခရီးစဉ်နှစ်မျိုးရှိတာ ကျွန်မတို့က လေယာဉ်နဲ့သွားဖို့ရွေးလိုက်တယ် ...အမေပါတော့ ကားစီးရသက်သာအောင်လို့...။ တကယ်သွားရမယ့် မြို့က ချင်းပြည်နယ် ကန်ပက်လက်မြို့...။ ကန်ပက်လက်က မကွေးတိုင်းအစပ်နဲ့ သိပ်မဝေးတော့ဘူး...။ လေယာဉ်ကတော့ အနီးစပ်ဆုံး ညောင်ဦးလေဆိပ်မှာဆင်းတယ်...။ လေဆိပ်ကနေ အန်စာတုံးကားနဲ့ လာကြိုတယ်...။ ကျွန်မတို့ လေယာဉ်စီးတဲ့ခရီးသည် ကိုးယောက်ကို ဂိုက်တစ်ယောက်က ဦးဆောင်ပေးပါတယ်...။ ဂိုက်ကလည်း ညီမလေးခေါင်ရဲ့ မောင်အရင်းဆိုတော့ ကိုယ့်မောင်လေးပဲပေါ့...။



Me and My Youngest Sis


My Essential





ညောင်ဦးလေဆိပ်ကတဆင့် မန္တလေးတိုင်းရဲ့အနောက်စွန်းဖြစ်တဲ့ စဥ့်ကူးမြို့ကနေ ချောက်မြို့ ဧရာဝတီမြစ်ကူးတံတားဖြစ်တဲ့ အနော်ရထာတံတားဖြတ်ပြီး စလေမြို့ကိုအရင်သွားပါတယ် ...။ ကန်ပက်လက်ကိုသွားတဲ့ လမ်းနဲ့တော့မကြုံပေမယ့် ခရီးစဉ်ထဲမှာပါတာမို့ စလေကို ဘုရားဖူးဖို့ အရင်ပို့ပေးပါတယ်...။



ကားမှန်က အဲလိုကြည်လင်တော့ ပုံက ဒီလိုလေးဖြစ်



စလေမြို့ ဧရာဝတီမြစ်ကမ်းနား ရခိုင်မုနိဘုရားနားက ရှုခင်း



ရခိုင်မုနိဘုရား



စလေရုပ်စုံကျောင်း
























































စလေမြို့က နှီးဘုရား



စလေမှာပဲ နေ့လည်စာစားပြီး ကန်ပန်လက်မြို့ကို သွားပါတယ်



ကိုယ်ဟာ ခုချိန်ထိ ဖိနပ်ကြိုးကိုကောင်းကောင်းမချည်တတ်သေးတဲ့သူပါ
ချည်ပေးတတ်သူရှိရင် welcome ပါလို့း)

မိုးငွေ့

Monday, 18 February 2019

My Valentine.....




ကျွန်မဟာ တနေ့သူနဲ့ခွဲခွာရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုမှခံစားရမှာမဟုတ်ဘူးလို့ (သူနဲ့ကတောက်ကဆဖြစ်တိုင်း) တကိုယ်တော် ရင်ထဲဟစ်ကြွေးထားဖူးခဲ့ပေမယ့် တကယ်တမ်းသူက တခြားတစ်ယောက်ရှိနေပြီလို့ စနောက်လာခဲ့ရင်တောင် ချက်ချင်း ၀မ်းနည်းပက်လက် မျက်ရည်စက်လက် ဖြစ်ရတာက ကျွန်မကိုယ်တိုင် ဖြစ်နေခဲ့တာကို ထိတ်လန့်အံသြစွာ သိလိုက်ရတယ်...။ အဲဒီကစပြီး ကျွန်မရဲ့ချစ်ခြင်းတွေဟာ သူ့ဆီမှာ အနက်ရှိုင်းဆုံးထိ နစ်မြှုပ်နေခဲ့တယ်ဆိုတာကို သေသေချာချာ နားလည်ခဲ့လိုက်ရတယ်...။ ကျွန်မတို့နှစ်ယောက်ရဲ့ မမြင်နိုင်တဲ့ သံယောဇဉ်နှောင်ကြိုးတွေက ဘယ်လောက်တောင် ရှည်လျားနေခဲ့ပြီလဲ...။ ကျွန်မတို့ရဲ့ RS က ခုလာမယ့် ဒီဇင်ဘာဆို နှစ်နှစ်ဆယ်ရှိပြီ...။ ကျွန်မတို့ရဲ့ Anni သက်တမ်းကို ကြားလိုက်ရတဲ့ မိတ်ဆွေတော်တော်များများက အံ့အားသင့်ချီးကျူးတတ်ကြတယ်...။ ဒီလောက် ရှည်တဲ့နှစ်သက်တမ်းထိ လက်တွဲလာနိုင်ကြတာ နည်းနောတဲ့ ချစ်ခြင်းတရားတွေမှ မဟုတ်ဘဲတဲ့..။

ကျွန်မမှတ်မိနေသေးတယ် ကျွန်မသူ့ကိုအဖြေပေးပြီး တစ်ပတ်မှာ New Year Eve ကျတယ် ဒါပေမယ့် ကျွန်မက ကမ်းခြေတစ်ခုကို နှစ်သစ်သွားကူးတော့ သူနဲ့အတူမရှိခဲ့ရဘူး...။ နောက်နေ့ပြန်လာတော့ မှတ်မှတ်ရရ နောက်တစ်နှစ်ရဲ့ နှစ်သစ် တစ်ရက်နေ့ညမှာ သူကျွန်မကို ငွေရောင်ယုန်ရုပ်ကလေးတစ်ရုပ် လက်ဆောင်လာပေးတယ်...။ 2000ပြည့်နှစ်ရဲ့ အစ ပေါ့...။ အဲဒီအရုပ်ကလေးရလိုက်တုန်းက ကျွန်မ ကြည်နူးဝမ်းသာ မျက်ရည်ကျခဲ့ရသေးတယ်...။ ကျွန်မကို ဂရုတစိုက်နဲ့ အမှတ်ရရလာပေးတဲ့အတွက် ဆိုပြီးတော့လေ...။ အဲဒီနောက်ပိုင်း ကျွန်မတို့နှစ်ယောက်ဟာ သူ့မွေးနေ့ ကိုယ့်မွေးနေ့  ချစ်သူများနေ့နဲ့ ကျွန်မတို့ရဲ့ Anni တွေရောက်တိုင်း အပြန်အလှန်လက်ဆောင်ပေးတတ်လာခဲ့ကြတာ ဒီနေ့ထိပဲ...။ ကြွေရုပ်ကလေးတွေ လက်ပွေ့အိတ် ရေမွှေး ဂျင်းဘောင်းဘီ စပို့စ်ရှပ် ဘလောက်စ်အကျီင်္ ဖိနပ် လက်ပတ်နာရီ ဆွဲကြိုး လက်စွပ် ကိုယ်တိုင်လုပ်မုန့်လေးတွေ ကမ်းခြေဟန်းနီးမွန်း တခါတလေ နိုင်ငံခြားခရီးစဉ် ခရီးစရိတ် စသဖြင့် အစုံအလင်ပေးလာခဲ့ကြတာ နှစ်တိုင်းပါပဲ...။ အလှူဆိုလည်း ရဟန်းခံရှင်ပြု ဘိုးဘွားအလှူ မိဘမဲ့ကလေး ထမင်းကျွေး မုန့်ပဲသရေစာတွေဝေ အ၀တ်အစားလှူ စတဲ့ ပရိဟိတအလုပ်တွေလည်း နှစ်စဉ်အတူလုပ်ခဲ့ကြတယ်...။

ကျွန်မတို့နှစ်ယောက်က ၀ါသနာတူတွေတော့မဟုတ်ကြဘူး..။ ကျွန်မက စိတ်ကူးယဉ်ဆန်တယ် Romantic ဖြစ်တာကိုကြိုက်တယ် သူက လက်တွေ့ဆန်တယ် စိတ်ထဲက ဖြစ်တာကို အပြင်ဘယ်တော့မှမပြဘူး...။ ကျွန်မကို ချစ်တယ်ဆိုတာကိုတောင် သူကပြရမှာရှက်တတ်တဲ့သူ...။ ကျွန်မတို့နှစ်ယောက်တူတာဆိုလို့ ခရီးသွားတာနဲ့ ရုပ်ရှင်ကြိုက်တာပဲရှိမယ်...။ အစားအသောက်မှာတောင်မတူကြဘူး ကျွန်မက အစားအစာအစုံစားတယ် သူက အစပ်မစားဘူး ငါးပိလို အပုပ်ခံထားတဲ့အစားအစာမစားဘူး ဘိုစာဆိုဘာလာလာကြိုက်တတ်တဲ့သူ...။ ဒါတောင် ကျွန်မသူ့ကို အစပ်နည်းနည်းဆီ စမ်းကျွေး ကျွန်မကတော့ သူကြိုက်တာလေးတွေကို အသေးစိပ်ကအစ လုပ်ပေးရတာကို ကြိုက်တဲ့သူဆိုတော့ သူနဲ့ကျွန်မ ဒါကြောင့် ပေါင်းလို့ရသွားတာဖြစ်လိမ့်မယ်...။

ကျွန်မက အမှတ်တရနေ့တွေကို Surprise လုပ်ရတာကိုကြိုက်တယ်...။ ကျွန်မမွေးနေ့ကို မှတ်မှတ်ရရသူတစ်ခါတော့ Surprise လုပ်ဖူးတယ် ကျွန်မအိမ်ပြန်လာတော့ မီးတွေအားလုံးမှိတ်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့ မွေးနေ့ကိတ်လေးနဲ့ Happy Birthday လုပ်တယ်..။ ကျွန်မဖြင့် လူဖြစ်လာကတည်းက ဒီလိုမျိုး ကိုယ့်မွေးနေ့မှာ အံ့အားသင့်စေမယ့်အရာဘယ်သူမှ လုပ်ပေးဖူးခဲ့တာ မဟုတ်တော့ ၀မ်းသာမျက်ရည်လည်ခဲ့ရတာပေါ့..။ နောက်ပိုင်းအသက်ကြီးလာတော့ မွေးနေ့ကို ကိုယ်ကိုယ်တိုင်တောင် အရေးတယူမလုပ်ချင်တော့ဘူး ကိတ်မုန့်လှီးတာ ဖယောင်းတိုင်ထွန်းတာ ကလေးအလုပ်လို့မြင်လာတယ် ကျွန်မတစ်သက်မှာလဲ ကိတ်မုန့်တစ်လုံးနဲ့မွေးနေ့လုပ်တာ ငါးကြိမ်တောင် မရှိခဲ့ပါဘူး...။ အမှတ်တရနေ့တွေရောက်တိုင်း အလှူအတန်းတခုခု ကိုယ့်ကျေးဇူးရှင် မိဘဆရာသမားတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေကို တခုခုကျွေးမွေးရတာလောက်ပဲ လုပ်ချင်တော့တာ...။

ချစ်သူများနေ့ဆိုတာလည်း ပန်းစည်းတို့ ချောကလက်တို့ အပြန်အလှန်ပေးကြတဲ့ ထုံးတမ်းကိုလည်း ကျွန်မက လိုက်နာတတ်တဲ့သူတစ်ယောက်မဟုတ်ဘူး ...။ အမှတ်တရ ကိုယ်သွားချင်တဲ့ ကော်ဖီဆိုင်တစ်ခုခုမှာ သွားထိုင်လိုက်တယ် အဲဒီလောက်ပဲ..။ ဒါပါပဲ ကျွန်မရဲ့ Valentine ဆိုတာ...။


မိုးငွေ့

Wednesday, 13 February 2019

နှဦေး(၉).....




နွေဦးတစ်ခါရောက်ခဲ့ပြန်ပြီ အိန်ဂျယ်......

ကမ်းခြေကို ဒီလိုထိုင်မကြည့်ရတာဘယ်လောက်ကြာခဲ့ပြီလဲ...
မင်းနဲ့မဆုံဖြစ်တော့တာလဲ ဘယ်လောက်ကြာခဲ့ပြီလဲ....(ဘယ်တော့မှဆုံဖြစ်မှာမဟုတ်ပေမယ့် မျှော်လင့်ချက်မှိန်မှိန်လေးက ကိုယ့်ကိုတွန်းအားပေးနေသေးတယ်....)

တစ်နှစ်တစ်ခေါက်နွေဦးကိုရေးခဲ့တာ (၉)ပုဒ်ရှိသွားပြီဆိုပေမယ့် မနေ့တစ်နေ့ကလို ခံစားမိနေတုန်းပဲ....။

ဒီနွေဦးမှာ ကိုယ်ပင်လယ်ကမ်းခြေတစ်ခုကိုတော့ ရောက်သွားဖို့ရှိတယ်....။ ဒါပေမယ့် ကိုယ်တို့ဆုံခဲ့ကြတဲ့ ကမ်းခြေတော့မဟုတ်ဘူး...။ ဘာပဲဖြစ်ဖြစ် ကမ်းခြေနဲ့နွေဦးဇာတ်လမ်းဟာ ခွဲလို့ရတဲ့အရာမှမဟုတ်ဘဲ....။ နေဝင်ချိန်ဆည်းဆာတွေ.....
လေထဲလွင့်ပျံလာမယ့် ဂီတသံချိုချိုတွေ....
သဲသောင်ပြင်ဖွေးဖွေးတွေဟာ လှိုင်းလုံးတစ်ခုလို ကိုယ့်ရင့်ကို အမှတ်ရမှုတွေနဲ့ရိုက်ခတ်ကြဦးမှာအသေအချာပဲ....။

သစ်ရွက်ခြောက်မီးရှို့နံ့တွေ....
ဉဩငှက်တွန်မြည်သံတွေ....
အသစ်ပွင့်လန်းတော့မယ် ပန်းပုရစ်ဖူးလေးတွေ...
မနက်ခင်းရဲ့ နေခြည်နုနုတွေ...

အားလုံးဟာ တစ်နှစ်တစ်ခါ ပုံမှန်လည်ပတ် နွေဦးကို နိုးထဖို့ရောက်လာတတ်ကြတယ်...။ အဲဒီအခါ ကိုယ့်နှလုံးသားက နွေးဦးအသစ်တစ်ပုဒ်ကို ဖန်ဆင်းဖို့ ဖြစ်လာရပြန်တယ်...။ ဒီလိုနဲ့ နွေဦးဟာ ကိုယ်နဲ့အတူ နှစ်စဉ်လိုက်ပါစီးမျောနေတုန်ပေါ့....။

အိန်ဂျယ်လည်း တစ်နှစ်တစ်ခေါက်တော့ နွေဦးဆီကိုရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။









မိုးငွေ့

Friday, 1 February 2019

February.....




ဖေဖော်ရီလဟာ ကျွန်မအကြိုက်ဆုံးလတွေထဲက တစ်ခုအပါအ၀င်ပဲဖြစ်တယ်...။ ဖေဖော်ဝါရီလမှာ ကျွန်မတို့နိုင်ငံရဲ့ ရက်မြတ်တွေဖြစ်တဲ့ ပြည်ထောင်စုနေ့ နဲ့ ဗိုလ်ချုပ်မွေးနေ့ရှိတယ်...။ တပို့တွဲလပြည့်နေ့ ရှိတဲ့အတွက် ထမင်းနဲတွေတ၀ကြီး စားရမယ့်လလည်းဖြစ်တယ်...။ ပြီးတော့ ဖေဖော်ဝါရီမှာ နိုင်ငံတကာက သတ်မှတ်ထားခဲ့တဲ့ ချစ်သူများနေ့ဆိုတာရှိတယ်...။ ချစ်သူများနေ့မှာလည်း ချောကလက်တွေစားရဦးမယ်...။ ကျွန်မကတော့ ချောကလက်မကြိုက်ဘူး...။ Chocolate is not my favorite.... ha ha that's funny.....။ ဖေဖော်ဝါရီမှာ မွေးကြတဲ့ မွေးနေ့ရှင်တွေ ကျွန်မသိတဲ့သူတွေရော မသိတဲ့သူတွေရော အများကြီးရှိလိမ့်မယ်...။ 

ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ ဖေဖော်ဝါရီနဲ့ပတ်သက်ပြီး လူတိုင်းမှာ အမှတ်တရတွေ ကိုယ်စီ အများကြီး ရှိနေလိမ့်မယ်...။ လှပတဲ့ အသဲကွဲသီချင်းတွေ အချစ်သီချင်းတွေမှာလည်း ဖေဖော်ဝါရီအကြောင်းကို စပ်ဆိုရေးသားဖွဲ့သီ တတ်ကြတယ်...။ ဒီလိုပဲ ၀တ္ထု ရုပ်ရှင်တွေမှာလည်း ဖေဖော်ဝါရီအကြောင်း ရေးသား ရိုက်ကူးထားတာရှိကြမှာပဲ...။ အများအားဖြင့် ဖေဖော်ဝါရီဟာ ရိုမန့်ဖြစ်တယ် အချစ်ရဲ့ တစိတ်တစ်ပိုင်းအတွက် သင်္ကေတတစ်ခုလည်းဖြစ်တယ်...။ 

ကျွန်မရဲ့ မိုးငွေ့နဲ့အတူ ဘလော့မှာဆိုလည်း ဖေဖော်ဝါရီနဲ့ပတ်သက်ပြီး နှစ်တိုင်းရေးနေကျဖြစ်တဲ့ “နွေဦး”ဆိုတဲ့ အိန်ဂျယ်စာစုလည်းရှိတယ်လေ...။ ဒီနှစ်တော့ “နွေဦး” နံပါတ် (၉) ခုမြှောက်ရှိသွားပြီ...။ နွေဦး ပို့စ်ကိုတော့ ထုံးစံအတိုင်း လလယ်လောက်တင်ဖြစ်မှာပါ...း)  ပြီးတော့ ဖေဖော်ဝါရီမှာ ဖြစ်နိုင်ရင် ရေးဖို့ အိုင်ဒီယာလေးထွက်နေသေးရင် ကျွန်မ အချစ်နဲ့ပတ်သက်တဲ့ အက်ဆေးလှလှလေးတွေ တင်ပေးဖြစ်မှာပါ...။

လှပသော ဖေဖော်ဝါရီနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ.........


ဖေဖော်ဝါရီ တပို့တွဲလရဲ့ ဆယ့်နှစ်လရာသီပန်းကတော့ ပေါက်ပန်းဖြစ်ပါတယ်





မိုးငွေ့