Me and My Mom
ကျွန်မတို့ စလေမြို့ကနေ ထမင်းစားပြီး ချောက်မြို့ကိုပြန်ဖြတ်ပြီး ကန်ပက်လက်ကို လေးနာရီ ထပ်မောင်းရတယ် ညနေမစောင်းခင်လေးမှာ ကန်ပက်လက်မြို့က သစ်လုံးဘန်ဂလိုလေးတွေရှိတဲ့ Pine Wood Hotel ကိုရောက်ပါတယ်...။ ဟိုတယ် Reception က ကျွန်မတို့အဖွဲ့ကို ဂျင်းထန်းလျက်ရည်ပူပူ တစ်ယောက်တစ်ခွက်နဲ့ ခရီးဦးကြိုပါတယ်...။ တော်တော်ကောင်းတဲ့ ဂျင်းရည်ပူပူလေးက ထန်းလျက်မွှေးမွှေးလေးနဲ့ အရသာကလေးလေးပင်ပင် ရှိလှတယ်...။ ပူပြင်းတဲ့ရာသီကနေ ချက်ချင်း အေးတဲ့နေရာကို ရောက်တော့ ဂျင်းထန်းလျက်ရည်လေးကို သောက်လိုက်ရတာ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားတယ်လို့ ခံစားလိုက်ရတယ်...။
ကျွန်မတို့တည်းရတဲ့ ဘန်ဂလိုအေးက ဟိုးအောက်ဖက်အစွန်ကအလုံး
ကျွန်မတို့နဲ့ တစ်ခရီးထဲပါလာတဲ့ ညီမလေးတွေ
Pine Wood Hotel Reception ကနေ အ၀င်ဝကိုပြန်စီးရိုက်ရင်
ဒီလိုထင်းရှူးပင်လေးတွေ အုပ်ဆိုင်းနေတာတွေ့ရတယ်
ဒါက Dinning Room ကျွန်မတို့ ဘန်ဂလိုရှေ့တည့်တည့်ပဲ
Dinning Room ဘေးက မြေကွက်လေးမှာ ပန်းဂေါ်ဖီလို ပန်းပွင့်လေးတွေစိုက်ထားတယ်
တိမ်တိုက်နောက်ခံနဲ့ မုံညင်းပန်းဝါ၀ါလေးတွေ
Dinning Room တစ်ဘက်ခြမ်းကို လှေခါးနဲ့ဆင်းသွားရင် နောက်ထပ် ဘန်ဂလိုတွေအများကြီးနဲ့ ထင်းရှူးပင် ရှည်မျောမျောတွေကို အများကြီးထပ်တွေ့ရတယ်
အေးစိမ့်တဲ့ ရာသီလေးနဲ့လိုက်ဖက်နေတဲ့ နေချင့်စဖွယ်ဘန်ဂလိုလေးတွေ
ဆလပ်ရွက်လို ပန်းပွင့်
ကျွန်မတို့ ကန်ပက်လက်က Pine Wood Hotel ရောက်ပြီး ခနနားရေမိုးချိုးပြီး
ညနေ6နာရီခွဲလောက် ညစာကျွေးပါတယ်...။ ညစာက ဘူဖေးကျွေးတာ နှစ်ညစလုံး
ရောက်ရောက်ခြင်းညက ကြက်သားဗူးသီးချက် ၀က်သားဆီပြန် မုန်ညင်းဖြူကြော်
ချဉ်ပေါင်ဟင်းရည် အဲဒါတွေကျွေးတယ် အချိုပွဲကတော့ ငှက်ပျောသီး ဖရဲသီး ...။
ညစာကို ဓါတ်ပုံမရိုက်လိုက်မိဘူး...။ အေးတဲ့နေရာက ကိုယ်နဲ့ကီးမကိုက်ဘူးလေ
ထုံးစံတိုင်း နှာစေး နှာခေါင်းပိတ် နေလို့မကောင်း...။ နေလို့မကောင်းတော့
မပျော်...။
နတ်မတောင်မရောက်ခင် View Point ဒီနေရာလေးက တကယ်တိမ်ပင်လယ်ပေါ်တဲ့နေရာပါ
ကျွန်မတို့ ရောက်တဲ့အချိန်က ရာသီဥတုသာယာလို့ တိမ်မဖြစ်
မနက်စာ 6:15 လောက်မှာ ထစားပြီး နတ်မတောင်တက်ဖို့ နေ့လည်စာထမင်းဗူး တစ်ယောက်တစ်ဗူးဆီနဲ့ ခရီးဆက်ရပါတယ်...။ View Point မှာ Sun Rise ကြည့်တော့ ကားပေါ်ကဆင်းတာနဲ့ တိုက်လိုက်တဲ့ တိုက်လိုက်တဲ့ လေတွေဆိုတာလေ ရေခဲသေတ္တာထဲက အေးသလို အအေးမျိုး ...။ အဲနေ့က အကျီင်္သုံးထပ်ဝတ်ထားတာ နားပိတ်တဲ့အလုံးနဲ့ Hoddie ခေါင်းဆောင်းထားတာတောင် မရဘူး...။
တိမ်ပင်လယ်မဖြစ်ပေမယ့် ရောင်နီလာချိန်လေးမှာ အရောင်လေးတွေက မိုးပြာအနုအရင့်နဲ့ လိမ္မော်လိုင်းစင်းလေးတွေပေါ်နေတာက သိပ်လှတာ
ပုံထဲမှာတော့ သိပ်လှတာပဲ မောမောနဲ့ ဘာမှန်းမသိ ရိုက်ထားလိုက်တာပဲ
View Point ကနေ သုံးမိုင်လောက်ထပ်သွားတော့ အာဆီယံအမျိုးသားဥယျာဉ် နတ်မတောင်ကိုတက်တဲ့ နေရာရောက်ပါတယ်...။ အပေါ်ပုံရဲ့နေရာလေးက နတ်မတောင် ဆိုင်းပုတ်ရှိတဲ့နေရာကနေ နဲနဲကလေးပဲတက်ရသေးတာ အဲဒီနေရာရောက်ဖို့ ခြေလှမ်း ၅၀လောက်ပဲလှမ်းရမယ်ထင်တယ်...။ ဒါပေမယ့် ကျွန်မကတော့ တော်တော်မြင့်မြင့်ကို တက်လိုက်ရသလို အသက်ရှူမ၀ဘဲ မောနေခဲ့တယ်...။ ဘာကြောင့် ဒီလောက်တောင်မောရတာလဲလို့ စမ်းစစ်ကြည့်တော့မှ နှာကနှစ်ဖက်စလုံးပိတ်ပြီး ပါးစပ်နဲ့ပဲ အသက်ရှူနေရတာ အေးစက်နေတဲ့လေပြင်းတွေကထပ်တိုက်တော့ အသက်ကပိုလို့ ရှူမရတော့ဘူး...။ သူများတွေအတွက် အမောပြေမယ့်လေအေးက ကျွန်မအတွက်တော့ မျက်ကလူးဆန်ပြာဖြစ်ရတယ်...။ ပါလာတဲ့ ရေဗူးကို အာစွပ်ရုံသောက်သောက်ပြီးတက်ရတယ်...။ ကိုယ်တိုင်တောင် ဓါတ်ပုံအရိုက်မခံနိုင်တော့ဘူး...။ အဲဒီတောင်တက်အစမှာတင် ဆက်မတက်ဘဲ နေခဲ့ရင်ကောင်းမလားလို့ တွေးမိသေးတယ်...။ အများစုက ဆိုင်ကယ်ရဖို့ အ၀င်ဝမှာကတည်းက တန်းစီပြီး ဆိုင်ကယ်နဲ့ တက်ကြတယ်...။ ကျွန်မက ဆိုင်ကယ်လည်းမစီးရဲပြန်တော့ ခြေလျင်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တာ... နေမကောင်းတော့ တော်တော်လေးပင်ပန်းတယ်...။ သွားဖူးသမျှခရီးထဲမှာ အပင်ပန်းဆုံးလို့ ဆိုရမယ်...။ ကျွန်မက တော်ရုံ အပင်ပန်းခံနိုင်တဲ့သူပါ ဒီခရီးမှာတော့ မဟန်တော့ဘူး...။ သြော် ငါ အသက်ကြီးလို့ ခံနိုင်ရည်နည်းနေပြီလားလို့ တွေးမိတော့... အသက်ခြောက်ဆယ်ကျော်တဲ့ အမေကိုယ်တိုင်တော့ ကိုယ့်လောက်မမောသလို...။ အမေက လမ်းတ၀က်မရောက်ခင်မှာပဲ ဆိုင်ကယ်ငှားစီးပြီး အရင်တက်သွားလိုက်တယ်...။ သူငှားလိုက်တာမှန်တယ် ကျွန်မတို့နဲ့သာ တောလမ်းအတိုင်း ခြေလျင်တက်ရင် တော်တော်ပင်ပန်းပြီး လဲသွားမှာ...။
မာတာမိခင်နဲ့ အနောက်ခံရှုခင်းက နတ်မတောင်ရဲ့ အလှအစ
တကယ်တော့ နေမကောင်းလို့သာ ခြေလျင်တက်ရခြင်းအကျိုးကျေးဇူးက ဆိုင်ကယ်စီးပြီး တက်တဲ့သူတွေ ဘယ်လိုမှမမြင်နိုင်မတွေ့နိုင်တဲ့ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေအများကြီး...။ ကိုယ်တိုင်က မောနေလို့သာ ပုံတွေ သိပ်မရိုက်လိုက်နိုင်တာ...။
နေလုံးကြီးလည်းမ၀ါနိုင်တော့ပါ... ရိုက်နိုင်ခဲ့သမျှထဲက အကြိုက်ဆုံးပုံတစ်ပုံ
တောင်ဇလပ်ပန်းပင်တွေလည်း လမ်းမှာအများကြီးတွေ့ရတယ်
ဘာပင်ခေါ်လဲတော့မသိ အကိုင်တွေမှာ ရေညှိလိုအပင်တွေ
အမွှေးအမျှင်အပြည့်နဲ့ ဒီအပင်တွေ့တော့ ဆရာမဂျူးရဲ့ “တိမ်နဲ့ချည်တဲ့ ကြိုး” နဲ့ “ချစ်သူလား စကားတစ်ပွင့်ပွင့်ခဲ့သည်” ၀တ္ထုကို ပြေးသတိရမိတယ်...
သာမောဖွယ်ကောင်းလွန်းလှတဲ့ မြင်ကွင်း
အရှေ့ကနေ တောင်တက်လမ်းပြပေးတဲ့ ညီမလေးက တစ်လမ်းလုံး အိတ်တစ်လုံးနဲ့အမှိုက်တွေကောက်သွားတာ ကောက်လို့တောင်မနိုင်ဘူး
မောပြီလေ
အာဆီယံစာရင်းဝင် အမှိုက်မပစ်ရတဲ့
တက်လာသမျှလမ်းမှာတော့ အမှိုက်တွေဆိုတာ မြင်မကောင်း
မြန်မာလူမျိုးတွေ ဘယ်တော့ စည်းကမ်းရှိကြမလဲလို့
အရပ်ရှည်အရိပ်ထွက်တဲ့နေက အရိုးအတွက် Vitamin D ရတယ် နေဆာလုံကြပါ ဘယ်နေရာကိုပဲရောက်ရောက်ပေါ့...မနက် ရှစ်ခွဲအချိန်ကိုနောက်ဆုံးထားပြီးလုံပေးပါ မမှီရင် ညနေ နေ၀င်ခါနီး ၄ခွဲနေရောင်လည်း Vitamin D ရပါတယ်
ဒီတစ်တောင်က နောက်ဆုံးပါပဲ ပြီးတော့ အဆင်းမှာ နောက်ဆုံးတစ်တောင်ကိုတက်ဖို့
ကျွန်မတို့ကားထဲက ညီမလေးတွေနဲ့ အမေကို လမ်းမှာတွေ့တော့ အပေါ်မှာ
ဘာမှထူးထူးခြားခြားမရှိဆိုလို့ ကိုယ်တိုင်ကလည်း နေလို့မကောင်း
အသက်ရှူလို့မ၀တာနဲ့ ဆက်မတက်တော့ဘဲ ခြေလျင်နဲ့ ပြင်ဆင်းဖို့
ဆိုင်ကယ်လမ်းအတိုင်း လျှောက်လာကြတယ်...။ ညီမလေးက သူမလျှောက်တော့ဘူး ဆိုင်ကယ်နဲ့ဆင်းမယ်ဆိုတော့ ဆင်းလာတဲ့ ဆိုင်ကယ်တစ်စီးကို တားပြီး အရင်ဆင်းသွားလိုက်တာ ကျွန်မသောက်နေတဲ့ရေဗူးက သူနဲ့ပါသွားတယ် အဲဒါနဲ့ ရေဗူးမရှိရင် အသက်ရှင်မှာမဟုတ်တော့ဘူး လူက မျက်နှာတောင် ပြာနှမ်းနှမ်းဖြစ်နေပြီ အောက်စီဂျင်မရတာ..။ နားကလည်းအူနေသေးတယ် တောင်ကမြင့်တော့ Pressure များလာလို့ဖြစ်မယ်...။ အဲဒါနဲ့ ကြောက်ကြောက်နဲ့ ဆိုင်ကယ်ငှားစီးပြီးဆင်းရတယ် အမေနဲ့နှစ်ယောက်အတူ စီးတာ ကျွန်မက ဆိုင်ကယ်စီးရင် မောင်းတဲ့သူနားကပ်ရမှာ သိပ်ကြောက်တဲ့ ဆိုက်ကိုကလည်းရှိသေး...။ ဆိုင်ကယ်မောင်းပေးတဲ့ ချင်းဦးလေးကြီးက ဖြေးဖြေးပဲမောင်းပေးပါတယ် ဆိုင်ကယ်စီးလိုက်တာပဲ ကောင်းတယ် မဟုတ်ရင် တောင်ခြေရောက်ဖို့ လမ်းလျှောက်ရင် ၂နာရီလောက်ကြာဦးမှာ...။
သူတို့ဝေပေးတဲ့ ထမင်းဗူးကို တောင်ပေါ်ရောက်ရင် နားနေတဲ့ဇရပ်မှာစားလို့ရတယ်လို့ ဂိုက်ကပြောပေမယ့် ဘယ်သူမှ ယူမလာဘဲ ကားထဲပဲထားရစ်ကြတယ်... တောင်အောက်ပြန်ရောက်ပြီး ဟိုတယ်ပြန် ထမင်းဗူးကို ဟိုတယ်မှာပဲစားကြတယ်...။ တရုတ်ကြက်သားထမင်းကြော်နဲ့ ကြက်ဥပြုတ်တစ်လုံးပါတယ်..။ ထမင်းကြော်မစားနိုင်တာနဲ့ ချဉ်စပ်ခေါက်ဆွဲပြုတ်ကို ထမင်းဗူးထဲက ကြက်ဥပြုတ်နဲ့စားပလိုက်တယ်...။ ရယ်ဒီမိတ်ကော်ဖီ ရှားတဲ့အရပ်မှာ ပရီးမီးယားနဲ့ စူပါရတယ်ဆိုလို့ ပရီးမီးယားတစ်ခွက် သောက်ခဲ့တယ်..။ ခေါက်ဆွဲပြုတ်က ငါးရာ ကော်ဖီက ငါးရာ မဆိုးပါပု...။ ခနနားပြီး ညနေသုံးနာရီကျ ပါးရဲထိုးတဲ့ အဖွားနဲ့ နှာခေါင်းပုလွေမှုတ်တဲ့ အဒေါ်ကြီးဆီကိုဆက်သွားတာတွေ နောက်အပိုင်းမှာ မျှော်ပါလေ...။
မိုးငွေ့
No comments:
Post a Comment