ကျွန်မဟာ တနေ့သူနဲ့ခွဲခွာရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုမှခံစားရမှာမဟုတ်ဘူးလို့ (သူနဲ့ကတောက်ကဆဖြစ်တိုင်း) တကိုယ်တော် ရင်ထဲဟစ်ကြွေးထားဖူးခဲ့ပေမယ့် တကယ်တမ်းသူက တခြားတစ်ယောက်ရှိနေပြီလို့ စနောက်လာခဲ့ရင်တောင် ချက်ချင်း ၀မ်းနည်းပက်လက် မျက်ရည်စက်လက် ဖြစ်ရတာက ကျွန်မကိုယ်တိုင် ဖြစ်နေခဲ့တာကို ထိတ်လန့်အံသြစွာ သိလိုက်ရတယ်...။ အဲဒီကစပြီး ကျွန်မရဲ့ချစ်ခြင်းတွေဟာ သူ့ဆီမှာ အနက်ရှိုင်းဆုံးထိ နစ်မြှုပ်နေခဲ့တယ်ဆိုတာကို သေသေချာချာ နားလည်ခဲ့လိုက်ရတယ်...။ ကျွန်မတို့နှစ်ယောက်ရဲ့ မမြင်နိုင်တဲ့ သံယောဇဉ်နှောင်ကြိုးတွေက ဘယ်လောက်တောင် ရှည်လျားနေခဲ့ပြီလဲ...။ ကျွန်မတို့ရဲ့ RS က ခုလာမယ့် ဒီဇင်ဘာဆို နှစ်နှစ်ဆယ်ရှိပြီ...။ ကျွန်မတို့ရဲ့ Anni သက်တမ်းကို ကြားလိုက်ရတဲ့ မိတ်ဆွေတော်တော်များများက အံ့အားသင့်ချီးကျူးတတ်ကြတယ်...။ ဒီလောက် ရှည်တဲ့နှစ်သက်တမ်းထိ လက်တွဲလာနိုင်ကြတာ နည်းနောတဲ့ ချစ်ခြင်းတရားတွေမှ မဟုတ်ဘဲတဲ့..။
ကျွန်မမှတ်မိနေသေးတယ် ကျွန်မသူ့ကိုအဖြေပေးပြီး တစ်ပတ်မှာ New Year Eve ကျတယ် ဒါပေမယ့် ကျွန်မက ကမ်းခြေတစ်ခုကို နှစ်သစ်သွားကူးတော့ သူနဲ့အတူမရှိခဲ့ရဘူး...။ နောက်နေ့ပြန်လာတော့ မှတ်မှတ်ရရ နောက်တစ်နှစ်ရဲ့ နှစ်သစ် တစ်ရက်နေ့ညမှာ သူကျွန်မကို ငွေရောင်ယုန်ရုပ်ကလေးတစ်ရုပ် လက်ဆောင်လာပေးတယ်...။ 2000ပြည့်နှစ်ရဲ့ အစ ပေါ့...။ အဲဒီအရုပ်ကလေးရလိုက်တုန်းက ကျွန်မ ကြည်နူးဝမ်းသာ မျက်ရည်ကျခဲ့ရသေးတယ်...။ ကျွန်မကို ဂရုတစိုက်နဲ့ အမှတ်ရရလာပေးတဲ့အတွက် ဆိုပြီးတော့လေ...။ အဲဒီနောက်ပိုင်း ကျွန်မတို့နှစ်ယောက်ဟာ သူ့မွေးနေ့ ကိုယ့်မွေးနေ့ ချစ်သူများနေ့နဲ့ ကျွန်မတို့ရဲ့ Anni တွေရောက်တိုင်း အပြန်အလှန်လက်ဆောင်ပေးတတ်လာခဲ့ကြတာ ဒီနေ့ထိပဲ...။ ကြွေရုပ်ကလေးတွေ လက်ပွေ့အိတ် ရေမွှေး ဂျင်းဘောင်းဘီ စပို့စ်ရှပ် ဘလောက်စ်အကျီင်္ ဖိနပ် လက်ပတ်နာရီ ဆွဲကြိုး လက်စွပ် ကိုယ်တိုင်လုပ်မုန့်လေးတွေ ကမ်းခြေဟန်းနီးမွန်း တခါတလေ နိုင်ငံခြားခရီးစဉ် ခရီးစရိတ် စသဖြင့် အစုံအလင်ပေးလာခဲ့ကြတာ နှစ်တိုင်းပါပဲ...။ အလှူဆိုလည်း ရဟန်းခံရှင်ပြု ဘိုးဘွားအလှူ မိဘမဲ့ကလေး ထမင်းကျွေး မုန့်ပဲသရေစာတွေဝေ အ၀တ်အစားလှူ စတဲ့ ပရိဟိတအလုပ်တွေလည်း နှစ်စဉ်အတူလုပ်ခဲ့ကြတယ်...။
ကျွန်မတို့နှစ်ယောက်က ၀ါသနာတူတွေတော့မဟုတ်ကြဘူး..။ ကျွန်မက စိတ်ကူးယဉ်ဆန်တယ် Romantic ဖြစ်တာကိုကြိုက်တယ် သူက လက်တွေ့ဆန်တယ် စိတ်ထဲက ဖြစ်တာကို အပြင်ဘယ်တော့မှမပြဘူး...။ ကျွန်မကို ချစ်တယ်ဆိုတာကိုတောင် သူကပြရမှာရှက်တတ်တဲ့သူ...။ ကျွန်မတို့နှစ်ယောက်တူတာဆိုလို့ ခရီးသွားတာနဲ့ ရုပ်ရှင်ကြိုက်တာပဲရှိမယ်...။ အစားအသောက်မှာတောင်မတူကြဘူး ကျွန်မက အစားအစာအစုံစားတယ် သူက အစပ်မစားဘူး ငါးပိလို အပုပ်ခံထားတဲ့အစားအစာမစားဘူး ဘိုစာဆိုဘာလာလာကြိုက်တတ်တဲ့သူ...။ ဒါတောင် ကျွန်မသူ့ကို အစပ်နည်းနည်းဆီ စမ်းကျွေး ကျွန်မကတော့ သူကြိုက်တာလေးတွေကို အသေးစိပ်ကအစ လုပ်ပေးရတာကို ကြိုက်တဲ့သူဆိုတော့ သူနဲ့ကျွန်မ ဒါကြောင့် ပေါင်းလို့ရသွားတာဖြစ်လိမ့်မယ်...။
ကျွန်မက အမှတ်တရနေ့တွေကို Surprise လုပ်ရတာကိုကြိုက်တယ်...။ ကျွန်မမွေးနေ့ကို မှတ်မှတ်ရရသူတစ်ခါတော့ Surprise လုပ်ဖူးတယ် ကျွန်မအိမ်ပြန်လာတော့ မီးတွေအားလုံးမှိတ်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့ မွေးနေ့ကိတ်လေးနဲ့ Happy Birthday လုပ်တယ်..။ ကျွန်မဖြင့် လူဖြစ်လာကတည်းက ဒီလိုမျိုး ကိုယ့်မွေးနေ့မှာ အံ့အားသင့်စေမယ့်အရာဘယ်သူမှ လုပ်ပေးဖူးခဲ့တာ မဟုတ်တော့ ၀မ်းသာမျက်ရည်လည်ခဲ့ရတာပေါ့..။ နောက်ပိုင်းအသက်ကြီးလာတော့ မွေးနေ့ကို ကိုယ်ကိုယ်တိုင်တောင် အရေးတယူမလုပ်ချင်တော့ဘူး ကိတ်မုန့်လှီးတာ ဖယောင်းတိုင်ထွန်းတာ ကလေးအလုပ်လို့မြင်လာတယ် ကျွန်မတစ်သက်မှာလဲ ကိတ်မုန့်တစ်လုံးနဲ့မွေးနေ့လုပ်တာ ငါးကြိမ်တောင် မရှိခဲ့ပါဘူး...။ အမှတ်တရနေ့တွေရောက်တိုင်း အလှူအတန်းတခုခု ကိုယ့်ကျေးဇူးရှင် မိဘဆရာသမားတွေ သက်ကြီးရွယ်အိုတွေ ကလေးတွေကို တခုခုကျွေးမွေးရတာလောက်ပဲ လုပ်ချင်တော့တာ...။
ချစ်သူများနေ့ဆိုတာလည်း ပန်းစည်းတို့ ချောကလက်တို့ အပြန်အလှန်ပေးကြတဲ့ ထုံးတမ်းကိုလည်း ကျွန်မက လိုက်နာတတ်တဲ့သူတစ်ယောက်မဟုတ်ဘူး ...။ အမှတ်တရ ကိုယ်သွားချင်တဲ့ ကော်ဖီဆိုင်တစ်ခုခုမှာ သွားထိုင်လိုက်တယ် အဲဒီလောက်ပဲ..။ ဒါပါပဲ ကျွန်မရဲ့ Valentine ဆိုတာ...။
မိုးငွေ့

1 comment:
လမ်းကြုံရင် တိုက်ဆိုင်ရင်
ပေးလိုက်တာပဲ
တကူးတကတော့ လုပ်ဖြစ်ဖူး
အဓိက ကရင်ထဲမှာရှိနေဖို့ပါပဲဗျာ
Post a Comment