Tuesday, 3 November 2026

အချစ်သီချင်း.....


 

ကိုမျိုးကျော့ရဲ့ "အချစ်သီချင်း" ဟာ ၂၀၀၃ ခုနှစ်မှာထွက်ခဲ့တဲ့ "လူဖြစ်ရတဲ့ဒုက္ခ" အယ်လ်ဘမ်ထဲက နောက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်...။ ကျနော် အခုတင်ထားပေးတဲ့ You Tube ကလစ်က ၂၀၁၇ခုနှစ်တုန်းက လုပ်ခဲ့တဲ့ ကိုမျိုးကျော့ရဲ့ "A Night with Myo Kyawt Myaing" ဆိုတဲ့ တစ်ကိုယ်တော်ပွဲတစ်ပွဲမှာ ဆိုခဲ့တဲ့ "အချစ်သီချင်း"ဖြစ်ပါတယ်...။ သီချင်းခေါင်းနာမည်ကိုက "အချစ်သီချင်း"နော်...။ ဒီသီချင်းလေး ဘယ်လိုဖန်တီးဖြစ်လည်းဆိုတာ ဒီဗီဒီယိုမှာ ကောင်းမြတ်လေးက ပြောပြထားပါတယ် ...။ အချစ်သီချင်းမှာ ကိုမျိုးကျော့ ဇေယျာသော် အဲလက်စ် စိုင်းစိုင်းနဲ့ ကောင်းမြတ်လေးတို့ ပါဝင်သီဆိုထားကြပါတယ်...။ သူတို့ဆိုတဲ့ ပိုဒ်ကလည်းသူတို့ကိုယ်တိုင်းရေးထားတဲ့ စာသားလေးတွေပါ...။ မှတ်မှတ်ရရ ဒီ "အချစ်သီချင်း"ကို ဇေယျာသော်နောက်ဆုံးဆိုဖြစ်သွားခဲ့တာက FG Live Launge မှာ....။




ဘာမှမဟုတ်သလိုပဲ ဒီသီချင်းရဲ့ သက်တမ်းက နှစ်ဆယ့်သုံးနှစ်ရှိသွားခဲ့ပြီ...။ ဒါပေမယ့် သံစဉ်စာသားလေးတွေက ခုထိ ရှင်သန်သစ်လွင်နေတုန်း...။ လူတိုင်းနီးပါး နားထောင်ဖူးခဲ့မယ်ထင်ပါတယ် ကျနော်ပြန်တင်ပေးရတဲ့ ရည်ရွည်ချက်က သူ့သီချင်းစာသားလေးတွေကို ကဗျာတစ်ပုဒ်လို ပြန်ဖတ်စေချင်လို့ပါပဲ...။ များသောအားဖြင့် သီချင်းတစ်ပုဒ်ကို ဒီတိုင်းလေးပဲ အပျင်းပြေဖြစ်ဖြစ် နားထောင်ဖြစ်ကြတာများတယ်မဟုတ်လား...။ ကျနော်က အခုတခါ စာသားလေးနဲ့တွဲပြီး အဓိပ္ပါယ်ကိုသေသေချာချာ တစ်ခေါက်လောက် ပြန်နားထောင်စေချင်တာပါပဲ...။





မိုးငွေ့


Thursday, 29 October 2026

လိပ်ပြာဒိုင်ယာရီ..... (ရာဇဝင်ထဲကမြို့ဟောင်း)

 



ကျမတို့နှစ်ယောက်အပြင်မှာ မဆုံခင် LTRS ကတည်းက သူနဲ့ဆုံလို့ ခရီးထွက်ဖြစ်ခဲ့ရင် ပုဂံကိုတော့သွားချင်တယ်လို့ ပြောထားဖူးတာကို သူမှတ်ထားပြီး ဒီတစ်ခေါက် ကျမတို့ဆုံကြတော့ သူကဖုန်းပြောရင်း စိတ်ကူးပေါက်တာနဲ့ ပုဂံကိုသွားဖို့ အွန်လိုင်းနဲ့ ကားလက်မှတ်ဖြတ်လိုက်ကြတယ်...။ ပုဂံရောက်တော့ ကားဂိတ်ကနေ ကျမတို့ ဘိုကင်လုပ်ထားတဲ့ မြို့သစ်က ဟိုတယ်ကိုမသွားသေးခင် တုတ်တုတ်ငှားပြီး ညောင်ဦးမြို့ထဲက မနက်စာစားဖို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုအရင်သွားလိုက်တယ်...။ ဟိုရောက်တော့ သူက ပဲပြုတ်ထမင်းကြော်နဲ့ ကျမကနန်းကြီးသုပ်ရယ် လက်ဖက်ရည်တစ်ယောက်တစ်ခွက်မှာလိုက်တယ်...။ အဲကပြီးတော့မှာ ဟိုတယ်ကိုပြန် ခနအနားယူ ဆိုင်ကယ်တစ်စီးငှားပြီး ကျမတို့ မြို့သစ်နားနဲ့သိပ်မဝေးတဲ့ ဖွားစောရွာကိုသွားဖြစ်ခဲ့တယ်..။ ဖွားစောရွာဆိုတာ မိဖုရားဖွားစော တည်ထားခဲ့တဲ့ မိဖုရားဖွားစောအုတ်ကျောင်းရှိတဲ့နေရာလေးပေါ့ ကျောက်ပတောင်းလမ်းမကနေ ပုဂံမြို့သစ်ဖက်ကို ခွဲလိုက်တဲ့ ပုဂံမြို့သစ်လမ်းမကြီးပေါ်မှာရှိတယ်...။ လမ်းရဲ့ ဟိုဖက် ဒီဖက်မှာ အရှေ့ဖွားစောရွာ အနောက်ဖွားစောရွာဆိုပြီး ရှိတယ်...။ အရှေ့ဖွားစောရွာထက်  အနောက်ဖွားစောက လူအသွားများတယ် ဘုရားပုထိုးပိုများပြီး ဖွားစောအုတ်ကျောင်းနဲ့ ဖွားစောသိမ်တော်တွေ ရှိရာနေရာလည်းဟုတ်တယ်...။ မှတ်မှတ်ရရ ကျမတို့နှစ်ယောက် ဖွားစောသိမ်တော်ကိုရောက်ပြီး သိပ်လှတဲ့ အုတ်လှေခါးဟောင်းလေးနားမှာ ကျမကိုသူ ဓါတ်ပုံရိုက်ပေးခဲ့ဖူးတယ်....။ မပျက်ယွင်းသေးတဲ့ လက်ရာမြှောက်လက်ရန်းနှစ်ဖက်ပါ အုတ်လှေခါးနောက်မှာ အရိုးပြိုင်းပြိုင်းနဲ့ ထနောင်းပင်ခြောက်နှစ်ပင်ရယ် သူနဲ့ဆန့်ကျင်ဖက် ခပ်လှမ်းလှမ်းက စိမ်းစိမ်းစိုစိုနဲ့ စကားပန်းပင်ရယ်နဲ့ သိပ်လှနေခဲ့တယ်..။

ကျမ မှတ်မိသလောက် ပုဂံညောင်ဦးမြို့မှာ လမ်းမကြီး နှစ်ခုရှိတယ် ပြည်လမ်းလို့လည်းခေါ်တဲ့ အနော်ရထာလမ်းက ပုဂံအဝင် ကျောက်ပတောင်းလမ်းနဲ့တစ်ဆက်ထဲ အဲကနေ တောက်လျှောက် ချောက် ရေနံချောင်းထိပေါက်တဲ့ လမ်းမကြီး နောက်တစ်ခုက လမ်းမတော်(၃)လမ်း အဲဒီလမ်းမကြီးနှစ်ခုက ညောင်ဦးမြို့ကိုပေါ်စီးကနေနဲ့ကြည့်ရင်  ဧရာဝတီမြစ်နဲ့အပြိုင်ရှိနေတဲ့လမ်းတွေဖြစ်တယ်....။ ညောင်ဦးမြို့လို့ သတ်မှတ်ထားတဲ့နေရာက ကျောင်ပတောင်းလမ်းမကြီးနဲ့ အနော်ရထာလမ်းမကြီး ဆုံတဲ့နေရာဖြစ်တယ်....။ ပုဂံကို မြို့သစ် မြို့ဟောင်းခြားထားတာက မြင်းကပါရွာလေး ...။ ကျမပြောပြချင်တာက အနော်ရထာလမ်းမကနေ လမ်းမတော်(၃)လမ်းမကြီးကိုခွဲဝင်လိုက်ရင် အာနန္ဒာဘုရားနားကမြို့သစ်ကနေသွားရင် သရပါတံခါးကိုဖြတ်ရတယ်...။ အဲဒီသရပါတံခါးကို မရောက်ခင် ဇီးပင်ရိပ်တွေအောက်မှာ ပုဂံလက်ဆောင်တွေဖြစ်တဲ့ တီရှပ်တွေ မြန်မာချည်ထည်ဝတ်စုံတွေ ကြိမ်ထည်ပစ္စည်းတွေနဲ့ မြန်မာ့လက်မှုပညာပစ္စည်းတွေ ရုပ်သေးရုပ်တွေအစုံရောင်းတဲ့ ဆိုင်လေးနှစ်ဆိုင်ရှိတယ်...။ တကယ်က အဲနေရာက ဆိုင်ကယ် ကယ်ရီတွေ စကူတာတွေ တုတ်တုတ်တွေ ငှားလို့ရတဲ့ ဂိတ်လေးဆိုလည်းမမှားဘူး...။ 

ပုဂံရောက်ပြီးနှစ်ရက်မြှောက်နေ့မှာထင်တယ်ကျမနဲ့သူ ဆိုင်ကယ်လေးနဲ့ သရပါဂိတ်တံခါးမရောက်ရင် အဲဆိုင်မှာ ကြိမ်ထည်လေးတွေတွေ့လို့ ခဏရပ်လိုက်တယ်....။ ငယ်ငယ်တုန်းကဆို အိမ်မှာ ဧည့်သည်ထိုင်ဖို့ ဆက်တီခုံအဆက်လိုက်တွေ ပက်လက်ကုလားထိုင်တွေ ခွေးခြေခုံဝိုင်းတွေကအစ ကြိမ်ထည်လေးတွေသုံးခဲ့ဖူးတယ်မဟုတ်လား...။ ငယ်ဘဝအမှတ်တရဆိုပြီး ကျမတို့နှစ်ယောက်မတိုင်ပင်လိုက်ရဘဲ ကြိမ်ခုံဝိုင်းအပုလေးတစ်ယောက်တစ်လုံးဝယ်ဖြစ်လိုက်တယ်...။ တကယ်က ညောင်ဦးမြို့နားတဝိုက် လူသွားများတဲ့ ဘုရားတွေဖက် ကျမတို့ သိပ်မသွားဖြစ်ပေမယ့် အဲနေ့က တရပါတံခါးကျော်ပြီး လူသိပ်မရောက်တဲ့ ဘုရားတွေကိုသွားဖို့ ဝယ်ထားတဲ့ကြိမ်ခုံလေးတွေကို ငွေရှင်းပေးပြီး ဆိုင်မှာထားပစ်ခဲ့တယ် ...။ အဲနေ့က အပြန်လမ်းက တခြားကပြန်လို့ ကြိမ်ခုံလေးကို နောက်တစ်ရက်မှာသွားယူဖြစ်လိုက်တယ်...။ တခါမှမလုပ်ဖူးတဲ့ လက်ဆေးပန်းချီခြယ်တာလေးလုပ်ဖြစ်ခဲ့တယ်.....။




ဘုရားဟောင်းတစ်ဆူဆီကိုသွားဖို့ ကျမတို့ ခြုံပင်တွေ ကန္တာရပင်တွေနဲ့ ဆိုင်ကယ်တစ်စီးစာသွားရတဲ့လမ်းထဲရောက်တုန်းက လူတစ်ရပ်ကျော်ကျော်လောက်အမြင့်မှာ လိပ်ပြာရောင်စုံတွေ အုပ်လိုက်ကြီး ပတ်ချာလည်ဝိုင်းပျံသန်းနေကြတာကို ထူးထူးဆန်းဆန်းတွေ့လိုက်ရတယ်...။ သူပြောနေကျ လိပ်ပြာပုံပြင်လေးအတိုင်းဆို ကျမတို့နှစ်ယောက်ဆီကို သတိရခြင်းတွေသယ်ဆောင်လာပေးတဲ့ လိပ်ပြာတွေကအများကြီးပဲရော...။

ဒီလိုနဲ့ ဝေးကွာခြင်းနောက်မှာ အချိန်ရာသီတွေကို ဖြတ်သန်းလာရင်းနဲ့ပဲ သူနဲ့ဆုံတွေ့ချိန် အမှတ်တရတွေဟာ ခေါင်းစဉ်တိုင်းရဲ့အောက်မှာ အများကြီးပဲရှိနေခဲ့တယ်...။ 

ဘယ်နေ့မှာအဆုံးသတ်မလဲ ကျမသေချာမသိဘူး.....

ဒီကမ္ဘာမှာ လိပ်ပြာလေးတွေ ပျက်သုဉ်းမသွားသရွေ့ထင်ပါရဲ့....။


မိုးငွေ့

Thursday, 22 October 2026

လိပ်ပြာဒိုင်ယာရီ.....(ကော်ဖီခွက်ကလေး)


 


မနေ့က ညနေ ကော်ဖီသောက်နေတုန်း သူ့ဆီက ဖုန်းဝင်လာခဲ့တယ်....
အဲချိန်က စပြီး ကျမ အလုပ်တွေရှုပ်သွားခဲ့တယ်......။

မနက်စောစော (၆)နာရီအရောက်လာခဲ့မယ်လို့ သူပြောထားတဲ့အတိုင်း ကျမ ငါးမိနစ်လောက် ကြိုရောက်ပြီး စောင့်နေလိုက်တယ်...။ သူမနက်စာစားဖို့ ပဲပြုတ်ထမင်းကြော်နဲ့ ငရုတ်သီးဆားထောင်းလေးပါယူခဲ့တယ်...။ တအောင့်နေတော့ သူ့ဖုန်းဝင်လာတယ်  "ကိုယ်ရောက်တော့မယ်နော်..." တဲ့...။ နှစ်မိနစ်လောက်နေတော့ ကျမစောင့်နေတဲ့ ပလက်ဖောင်းဘေးကို အငှားကားတစ်စီးရပ်လိုက်တယ်...။ အနောက်တံခါးဖွင့်ပြီး သူဆင်းလာခဲ့တယ်..။ ကြည့်စမ်း သူ ပိန်သွားသလိုပဲ...။ သူနေမှကောင်းရဲ့လား ကားနောက်ခန်းမှာ သူ့ခရီးဆောင်အိတ်ကို ဟဘက်တံခါးနားထိတွန်းထည့်လိုက်ပြီး ကျမလက်ထဲက အိတ်တွေကို သူယူလိုက်တယ်...။ ပြီးတော့ သူအရင်ဝင်ထိုင်ပြီး ကျမကို သူ့ဘေးနား ပြူတင်းပေါက်နားထိုင်စေခဲ့တယ်...။ ကျမလက်ထဲက ထမင်းကြော်အထုပ်ကိုယူပြီး သူ ခရီးဆောင်အိတ်ပေါ်တင်ပေးတော့မှ သူ့အတွက် ဖျော်ပေးထားတဲ့ ကော်ဖီခွက် မေ့ကျန်ခဲ့မှန်းသတိရတယ်...။ ကျမလောပြီး ကော်ဖီခွက်ပြန်ယူဖို့ ကားပေါ်ကနေအဆင်း ပလက်ဖေါင်းအတက်မှာ ခလုတ်တိုက်လဲကျပြီး ဘယ်ဖက်တထောင်ဆစ်ပွန်းသွားခဲ့တယ် ...။ သူစိတ်ပူပြီး ချက်ချင်း ကားပေါ်ကဝုန်းခနဲဆင်းချပြီး ကျမနားရောက်လာခဲ့တယ်...။

"အရမ်းနာသွားလား အသဲလေး ကော်ဖီခွက်သွားမယူပါနဲ့တော့ကွာ ကိုယ်မသောက်တော့ဘူး မှန်းစမ်း တတောင်ဆစ်မှာအသားနဲနဲပွန်းပြီး သွေးတွေစို့နေပြီ ကိုယ်တို့အိမ်နားက စတိုးဆိုင်တစ်ခုမှာ ဆေးပလာစတာဝယ်ပြီးကပ်လိုက်မယ် ဟုတ်ပြီလား"  ဆိုပြီး ကျမကို ကလေးတစ်ယောက်လို ဂရုတစိုက်တွဲထူလိုက်တယ်...။

ကျမက ကြာကြာမှတစ်ခါတွေ့ရတဲ့ သူ့ကို ကျမလက်ရာကော်ဖီလေးတိုက်ချင်လို့ အစောကြီးထ သေချာနှပ်ပြီး ဖျော်ထားပေးခဲ့တာပါ...။ ဂျပန်စတိုးကဝယ်ထားတဲ့ ဆိုင်မှာ take away ဝယ်သောက်ရင်ပေးတဲ့ခွက်ပုံစံမျိုး နက်ပြာရောင်ကော်ဖီခွက်လေးနဲ့ အဖုံးလေးနဲ့ ကျကျနနလေး လုပ်ပေးထားခဲ့တာ သူအောက်မှာရောက်နေပြီ ဖုန်းဆက်တော့ လောပြီး ဆင်းလာလိုက်တာ ကော်ဖီခွက်လေးကျန်ခဲ့တယ်...။ ကော်ဖီခွက်လေးမယူဖြစ်တော့ဘဲ ကျမတို့ သူလာရင်နေဖို့ ငှားထားတဲ့ အိမ်လေးဆီကိုသွားလိုက်တော့တယ်...။ ကားပေါ်မှာ ကျမလက်ကို ခပ်ဖွဖွဆုတ်ကိုင်ပြီး ကျမမျက်နှာကို သေသေချာချာပြုံးပြီးကြည့်တော့တယ်...။ 

"မမနေကောင်းတယ် မဟုတ်လား..."  မမဆိုတာ သူစိတ်လိုမှ ရှားရှားပါးပါး ခေါ်တတ်တဲ့ နာမ်စားတစ်ခု....။ ကျမသူ့ကို ခေါင်းငြိမ့်ပြလိုက်တယ်...။ သူ့ဆံပင် အုံထူထူကို ကျမဖဝါးနဲ့အုပ်ကိုင်ပြီး " မောင် ပိန်သွားလိုက်တာရော အစားတွေ အချိန်မှန်မစားလို့မဟုတ်လား " ဆိုတော့ သူကိုင်ထားတဲ့ ကျမလက်ကို လွတ်ပြီး ကျမပါးကို ရွှတ်ခနဲ နမ်းလိုက်တယ်...။ ကျမသူ့ကို ခပ်တင်းတင်းပြန်ပွေ့ဖက်မိတယ်...။ သူ့ဆီက ခွန်အားတွေ မရတာ ရက်ပေါင်း ဘယ်လောက်ကြာနေပြီလဲ...။ 

"ကိုယ့်ကို ဒီအတိုင်းဖက်ထားတော့မှာလား ကိုယ်အသက်ရှူကြပ်လာပြီ..."

ကျမတို့နေတဲ့ အိမ်ကလေးဆီကိုရောက်တော့ သူ့အထုပ်အပိုးတွေရော ကျမ အထုပ်တွေရော ကျမကို အသယ်မခံဘဲ သူ့ဟာသူ အကုန်ဆွဲလာတယ်...။ သူ့လက်နှစ်ဖက်လုံးမအားအလပ်တဲ့ကြားထဲကနေ ခရီးအဝေးကပြန်လာနေကျထုံးစံအချိန်တွေအတိုင်း ကျမပခုံးကို ခပ်ဖွဖွ ဖက်ချင်နေသေးတဲ့ နွေးထွေးကြည်နူးမှုကို  သူ့မျက်လုံးမှာမြင်နေရတယ်...။ အိမ်ထဲကို သော့ဖွင့်ပြီး ခြေလှမ်းလိုက်တော့ ....

" ဟာ မှောင်နေတာပဲ မီးမလာဘူးလား"

"မိန်းတင်ရမယ်လေ မောင်ရဲ့..." လို့ ကျမပြောပြီး မီးဖွင့်ဖို့ သူက အထုပ်တွေချပြီး မိန်းသွားတင်လိုက်တယ်...။ သူအမှောင်ကြောက်တဲ့ ရောဂါရှိတယ်ဆိုတာ ကျမမေ့သွားတယ်....။ 

အဝေးမှာနေတုန်းက ကျမနဲ့သူ VC ပြောရင် မီးမဖွင့်ဘဲ ကျမအမှောင်ထဲမှာ နေနေတဲ့အခါ ..."အမှောင်ထဲမှာ ဘယ်လိုနေနေလဲ.." ဆိုပြီး စိတ်ပူသလို သူရေရွတ်တတ်မြဲ...။ ကျမ မီးခလုတ်ကိုဖွင့်လိုက်တော့ လင်းထိန်သွားတဲ့ မီးရောင်အောက်မှာ ကြည်လင်လန်းဆန်းတဲ့ သူ့အပြုံးကို မြင်လိုက်ရတော့ ရင်ထဲမှာ နွေးထွေးလှုပ်ခတ်သွားရတယ်...။

"သဲလေး.... လွမ်းလိုက်တာကွာ..." ကျမသူ့ကို ပြုံးပြီးကြည့်နေတယ်...။ သဲလေးဆိုတာကတော့ ကျမကို ချစ်ခင်မြတ်နိုးစိတ်တွေ ယိုဖိတ်တဲ့အခါ သူအဲလိုခေါ်တတ်တယ်....။ "ကိုယ်ကတော့ မင်းကို ကိုယ်နဲ့ ရွယ်တူ ကောင်မလေးတစ်ယောက်လို့ပဲ လက်ခံထားတယ်" သူ့ထက် အသက်ကြီးတဲ့ ကျမကို "မမ"လို့ခေါ်ရမှာ အိုးတိုးအမ်းတန်းနဲ့တဲ့ သူပြောဖူးတယ်...။ 

သူ့လက်ဖဝါးနှစ်ဖက် ကျမပခုံးဆီကို ဆုပ်ကိုင်လာတယ်...။ နူးညံ့နွေးထွေးတဲ့ထိတွေ့မှု လှပ်ခနဲခုန်သွားတဲ့ နှလုံးသားလှုပ်ရှားမှုကို တပြိုင်နက်ထဲသတိထားမိသွားတယ်...။ သူနဲ့ဘယ်နှစ်ကြိမ်တွေ့ဆုံရ ဆုံရ ကျမရဲ့ ရင်ခုန်သံတွေက အမြဲတမ်းအသစ်အသစ်တွေ....။ ပြောနေကျအတိုင်း အမြဲတမ်း ရိုလာခိုစတာ စီးနေရတဲ့ ခံစားမှုမျိုး...။ သစ်ရွက်လှုပ်တာကိုမြင်ပြီး ရင်ခုန်တတ်ဆဲ မြီးကောင်ပေါက်အရွယ် ကောင်မလေးမျိုး...။

"ထိုင်ရအောင်နော် လာ...." ကုလားထိုင်ပေါ်ကို ကျမသွဲ့ပြောင်းမှီနွဲ့စွာထိုင်ချလိုက်မိတယ်...။ သူကြည်နူးစေဖို့ ကျမ ကြိုးစားယူစရာမလိုဘဲ နှစ်သိမ့်ကျေနပ်မှုအပြည့်နဲ့ သူ့အလိုအလျောက်ပြုံးလိုက်တယ်...။ နှစ်ပေါင်း ရှစ်နှစ်တောင် စွဲခဲ့တဲ့ တွယ်ညှိခဲ့တဲ့ နှောင်ကြိုးတွေ...။ အဲဒီအစွဲကနေ ကျမ ဘယ်လို ရုန်းထွက်ဖို့ အားထုတ်နိုင်မှာလဲ..။ ဟင်!!! နေစမ်းပါဦး သူ့ ခြေဖမိုးမှာ ခြစ်ရာဒဏ်ရာတစ်ခု....။

"မောင် အဲဒါ ဘာဖြစ်တာလဲ..."

"ဟာ.... ပျောက်သွားပါပြီ..."

"ဘာဖြစ်တာလဲ...လို့"

"အိမ်က ကိုယ်မွေးထားတဲ့ ခွေးပေါက်စလေးလေ အသဲယားပြီး သွားနဲ့ကိုက်ခြစ်လိုက်တာ..."

ကျမ ခန္ဓာတစ်နေရာမှာ ပူလောင်ကျွမ်းသွားသလို ခံစားလိုက်ရတယ်...။

"အနာရွတ်တောင်ဖြစ်နေပါပြီ..."

ဒါပေမယ့်  ပလက်ဖောင်းမှာချော်လဲကျတုန်းက တတောင်ပွန်းသွားတဲ့ အနာကိုတောင်မေ့လျော့ပြီး သူ့အတွက် ကျမတကယ်နာကျင်သွားတယ်.....။

"ဟိုက မကိုက်ကိုက်အောင် သွားသွားစတာမဟုတ်လား ကိုယ့်အတွက် မပူတတ်ဘူး မတွက်ဆတတ်ဘူး ဒီတိုင်းဆို..." ကျမစကားမဆုံးမီ သူ့လက်ဖဝါးက ကျမနှုတ်ခမ်းကို အသာထိကပ်ပိတ်လိုက်တယ်...။

"ရှူးတိုးတိုး.... တော်ပြီ သဲလေး ဘာမှမပြောနဲ့တော့နော် ဒီတိုင်းငြိမ်ငြိမ်လေးနေရအောင် ခဏလေး ခဏ...လေးပဲ..."

ကျမ ပင့်သက်ရှိုုက်လိုက်မိတယ်...။ တွယ်ငြိမှုဝေဒနာတွေ...ကျမကို စိုးမိုးထားတဲ့ နှစ်သိမ့်မိန်းမောမှုဝေဒနာတွေက ကျမအတွက် ချိန်မြိန်နေတယ်...။ ကဲ...ဒီသမုဒယကနေ လွတ်အောင်ရုန်းဖို့ ဘယ်နှယ့်လုပ်ရပါ့မလဲ...။





နောက်တော့.... ကော်ဖီခွက်လေးကို ပြန်သွားယူလိုဇောနဲ့ ချော်လဲခဲ့တဲ့ တစ်လက်မလောက်ရှိတဲ့ဒဏ်ရာလေးက  အမာရွတ်ညိုညိုလေးတစ်ခုအဖြစ် ထင်ကျန်ခဲ့တယ်...။ အဲဒီအမာရွတ်လေးကိုဖုံးဖို့ သူ့ကိုယ်စား သူအမြဲပြောပြခဲ့ဖူးတဲ့ သူ့ရဲ့လိပ်ပြာဒိုင်ယာရီထဲက "အချစ်အတွက် အမြဲပျံသန်းနေတဲ့ လိပ်ပြာတစ်ကောင်" ပုံလေး တက်တူးရေးဖြစ်သွားခဲ့တယ်...။ အဲဒါနဲ့ပတ်သက်ပြီး "သေရင်ပါသွားမယ့် သူနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခု.....(သူစိုက်မယ့်အပင်အတွက်မြေဩဇာဖြစ်ဖို့) သူကိုးကွယ်တဲ့ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခြမ်းမှာ သိမ်းထားချင်တယ်" ဆိုပြီး ကျမ စာထဲထည့်ရေးဖူးခဲ့တယ်.....။ ရည်ညွှန်းပို့စ် # လိပ်ပြာဒိုင်ယာရီ.....(ခန္ဓာကိုယ်တစ်ခြမ်း)



မိုးငွေ့

Monday, 19 October 2026

လိပ်ပြာဒိုင်ယာရီ.....(ပုဂံမှာသာတဲ့လ)

 

အဲညက ပုဂံမှာသာတဲ့လဟာ တခြားမြင်နေကျ လထက် ပိုကြီးတယ်လို့ထင်ရတယ်..။  ကျမတို့တည်းတဲ့ ဟိုတယ်ဝင်းထဲက မြက်ခင်းပြင်ပေါ်က သစ်သားခုံတန်းမှာ ကျမတို့အတူထိုင်ကြတယ်...။ ခုံတန်းအနောက်ဖက်မှာ သစ်ပင်တစ်ပင်ရှိတယ် စကားပန်းပင်လား တမာပင်လား မမှတ်မိတော့ဘူး...။ ကောင်းကင်ကိုမော့ကြည့်တော့ လပြည့်ဝန်းကြီးကို သစ်ရွက်သစ်ခက်တွေကြားကနေမြင်နေရတယ်...။ သူက ဓါတ်ပုံရိုက်ချင်လားလို့မေးတော့ ကျမ ဖုန်းကင်မရာနဲ့ လပြည့်လကို ရိုက်ထားလိုက်တယ်...။ လပြည့်ညကလည်း ကျမတို့နှစ်ယောက်ဆုံတွေ့တဲ့ ဇာတ်လမ်းထဲ ဇာတ်ကွက်အတော်များများမှာ ပါဝင်လာခဲ့တယ်...။ 

ရီတော့ ရီရတယ်.... သူက သူ့အကြောင်း ကျမစာရေးတာကို ကြိုက်သလို တခါတခါ သူ့ကို ကုန်ကြမ်းလုပ်မှာကိုလည်း မကြိုက်ပြန်ဘူး...။ သူဘေးနားမှာ ရှိနေလျက်နဲ့ သူ့အကြောင်းစာလုပ်ရေးတာကို မကြိုက်ဘူး....။ သူအဝေးတစ်နေရာရောက်သွားတဲ့အချိန်ကျမှ စိတ်ကြိုက်ရေးတဲ့.....။ ခုတော့ သူ့ဆန္ဒအတိုင်း ကျမ သူ့ကို သတိရလွမ်းဆွတ်တိုင်း တိုက်ဆိုင်မှုတွေရှိတိုင်း စာရေးဖြစ်နေခဲ့တာပါ....။ စာရေးဆရာ ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ သူကလည်း "မင်းအနားမှာရှိရင် ကိုယ်စာမရေးနိုင်ဘူး" လို့ ကျမကို အနားနားက တွန်းထုတ်တတ်တဲ့ စကားတွေပြောတတ်လေ့ရှိတယ်...။ ကျမတို့တွေ စာရေးဖို့ အပြန်အလှန် ကုန်ကြမ်းတွေဖြစ်နေတာတော့မဟုတ်ပါဘူးနော်...။

ဘီယာတစ်ခွက်ကို မော့သောက်ရင်း ပုဂံမှာသာတဲ့ လက တခြားမြို့တွေမှာ မြင်ဖူးနေကျ လထက် ပိုကြီး ပိုလှတယ်လို့ သူက မှတ်ချက်ချတယ်...။ ကျမက အမြည်းတွေကိုထိုင်စားရင် ခပ်ထွေထွေဖြစ်နေတဲ့သူ့ ရင်ဖွင့်စကားတွေကို တညလုံးနားထောင်ခဲ့တယ်...။ ဒါကျမတို့နှစ်ယောက်ရဲ့ ပုဂံမှာသာတဲ့လပြည့်ညတစ်ညပဲ....။

ကျမတို့ သုံးကြိမ်မြှောက် unplugged ပါတဲ့ စားသောက်ဆိုင်တစ်ခုမှာဒိတ်ခဲ့ဖူးတဲ့ ညတစ်ညကို အမှတ်ရမိတယ် ...။ ကျမတို့ တိုက်ရှေ့မှာသူလာခေါ်တော့ ကျမက အောက်ခံအနက်မှာ အညိုဖျော့ရောင် spotted လုံးလေးတွေပါတဲ့ ဂါဝန်လေးဝတ်ထားတယ်...။ သူက "မင်း ဒီညအရမ်းလှတာပဲ အရုပ်ကလေးနဲ့တူတယ်" တဲ့...။ အဲဒီညတုန်းကလည်း ကြည်စင်တဲ့ကောင်းကင်မှာ လသာခဲ့ဖူးတယ်....။



မြို့ပြရဲ့ ညတစ်ခုမှာသူ့ရင်ခွင်ထဲမှီရင်း လပြည့်လကို အတူကြည့်ဖူးတယ်....

ရွှေရောင်ညတွေမှာ ဘုရားရင်ပြင်ကနေလည်း လပြည့်လကို အတူကြည့်ဖူးတယ်....

ကန်ရေပြင်နဘေး အတူထိုင်ငေးရင်းလည်း လပြည်လကို ကြည့်ဖူးကြတယ်....

လမ်းဘေး ပလက်ဖောင်းမှာ လက်တွဲလမ်းလျှောက်ရင်းလည်း လပြည်လကို အတူကြည်ဖူးတယ်....

အဲတုန်းက သူနဲ့ကျမ လပြည့်ညပေါင်းများစွာကို အတူဖြတ်သန်းခဲ့ဖူးတယ်ပေါ့

အခုတော့ ဟိုး....အတိတ်မှာ ခပ်ဝေးဝေးတစ်နေရာမှာ ကျန်ခဲ့ပါပြီ......။


မိုးငွေ့



Thursday, 15 October 2026

Butterfly Diary.....(Sunset in Old City)

 


ပုဂံရဲ့ မိုးဦးပေါက်နေ့လည်ခင်းဟာ  ရန်ကုန်ရဲ့ နွေလိုပဲ နေရှိန်ကပြင်းတယ်...။ မိုးရာသီမှာ ပုဂံကိုရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ....။ မိုးလေး တဖြောက်ဖြောက် ရွာချင်ရွာလိုက်တယ် နေပူချင်ပူလိုက်တယ် ဒါပေမယ့် နွေလိုတော့ ခြောက်သွေ့မနေဘဲ စိမ်းစိမ်းစိုစိုလေးမို့ သဘောကျမိတယ်...။

ကျမတို့ နှစ်ယောက်အတူဖြတ်သန်းဖူးတဲ့ အချိန်လေးတွေဟာ အမြဲတမ်း မိုးတွေရွာနေတတ်တဲ့ အချိန်တွေများတယ်...။ ကျမတို့ ပုဂံမြို့ဟောင်းကနေအပြန် ညနေစောင်းတစ်ခုမှာ google map ကနေရှာပြီး စိမ်းညက်ညီအစ်မဘုရား အကျော် လူနေရပ်ကွက်အဝင် ဧရာဝတီမြစ်ကမ်းနဘေးက စားသောက်ဆိုင်တစ်ခုမှာ ညနေစာအတူစားဖို့ရွေးချယ်လိုက်ရင်း ဆိုင်ကယ်လေးနဲ့ ရောက်သွားခဲ့တယ်...။ နေဝင်ချိန်ကိုအတူကြည့်ရင်း စားသောက်ကြမယ် စိတ်ကူးနဲ့ပေါ့...။ အဲနေ့ညနေက ဗိုက်လဲအတော်ဆာနေကြပြီ...။ ဧည့်သည်များတဲ့ရာသီချိန် မဟုတ်ပေမယ့် ကျမတို့ရောက်သွားတော့ ထမင်းလာစားမယ့် ဧည့်သည်တွေအယောက်နှစ်ဆယ်လောက် ရောက်နှင့်နေကြပြီး နေရာတွေရွေး ဆူညံနေကြတဲ့အချိန်နဲ့ သွားတိုးတယ်...။ 

ကျမတို့က တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်း စားရင်းသောက်ရင်း နေဝင်ချိန်ကိုခံစားချင်(ရိုချင်)တဲ့သူတွေဆိုတော့ အခြေအနေကြည့်ရတာ ဟင်းပွဲတွေလည်း မြန်မြန်ရဖို့ မဟန်တာနဲ့ အဲဆိုင်မှာ မထိုင်ဖြစ်ကြတော့ဘူး...။ ကျမဗိုက်အရမ်းဆာလာရင် စိတ်မကြည်တတ်တာလည်း သူသိတယ်... ။ ကျမကို ဟိုမှာမထိုင်ချင် ဒီမှာမထိုင်ချင်လို့ သူကစိတ်ပြန်တိုသေးတာ လမ်းတလျှောက် ကျမတို့ စကားမပြောဖြစ်တော့ဘူး....။ တကယ့်တကယ် ကျမတို့နှစ်ယောက် နေဝင်ချိန်အတူကြည့်ချင်တာက ပထမရည်ရွယ်ချက်လေ...။ အဲတော့ Sunset ကြည့်ပြီး မရိုရတဲ့အပြင် ရန်ပွဲအသေးပါဖြစ်လိုက်ရသေး....။

နေဝင်ချိန်လေးက ရိုမန့်တစ်တော့ ဖြစ်မသွားပေမယ့် မြို့သစ်အဝင် လမ်းမှာဆိုင်ကယ်ရပ်ပြီး  နေဝင်ခါနီး ဓါတ်ပုံဆင်းရိုက်လိုက်သေးတယ်...။  ကျမတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုအချိန်ပိုင်းတွေမှာ  နေဝင်ချိန်ကို အတူကြည့်ခဲ့ဖူးတဲ့ အခွင့်အရေးတွေရခဲ့သလို နေဝင်ချိန်နဲ့ပတ်သက်တဲ့ အမှတ်တရအချိန်တွေလည်းအများကြီးရခဲ့တယ်...။ ဒါပေမယ့် နှစ်ယောက်အတူပျော်ရွှင်ရတဲ့ အချိန်တွေကတော့ တော်တော်နည်းတယ်...။

မြစ်ကမ်းနားထမင်းဆိုင်မှာ မထိုင်ဖြစ်ကတည်းက အလိုမကျတဲ့ သူ့မျက်နှာကဆူပုပ်ပုပ်...။ ဆံပင်ကောက်ကွေး နှုတ်ခမ်းမွှေးစစ အရပ်ရှည်ကိုင်းကိုင်းနဲ့ သူ့ရုပ်က တည်နေရင် ကြောက်စရာကောင်းပေမယ့် စိတ်လိုလက်ရပြုံးတဲ့အခါ ညာဖက်ပါးပြင်မှာ ခွက်ဝင်သွားတတ်တဲ့ ပါးချိုင့်လေးကြောင့် သူ့ရုပ်အသွင်က နူးညံ့ကြည်မွေ့သွားတတ်တယ်...။ အဲလိုအပြုံးမျိုးမြင်တွေ့ဖို့ဆိုတာလည်း ကျမနဲ့တွေ့ဆုံတဲ့ အချိန်တိုတိုလေးမှာ လက်ချိုးရေလို့ရနိုင်တယ်...။ ဟင်းပွဲတွေရောက်မလာခင် စားပွဲပေါ်လက်နှစ်ဖက်ကိုယှက်မေးထောက်ပြီးစောင့်နေတဲ့သူ့ကို ဖန်ခွက်ထဲရေငှဲ့ထည့်ရင်း သူ့ဆံပင်တွေကိုငုံ့နမ်းလိုက်တော့ ကျမကို အံ့အားသင့်တဲ့မျက်လုံးနဲ့ပြန်ကြည့်လိုက်သေးတယ်သူက...။ ဒါကကျမသူ့ကို ပြန်ချော့တဲ့နည်းလေးပေါ့....။ ပြီးတော့... သူ့ဆံပင်က Shampoo နံ့လတ်လတ်ဆတ်ဆတ်ကလည်း စောစောက စိတ်ကထိကအောက်ဖြစ်တာတွေကို ချက်ချင်း ပြေပျောက်သွားစေခဲ့တယ်...။ ချစ်ခင်သက်ဝင်မှုမပါဘဲနဲ့ လူတစ်ယောက်ရဲ့ ဆံတစ်မျှင်နဲ့လက်ဖျားလေးတွေကိုတောင် နမ်းဖို့ထိဆိုတာ စိတ်ကူးလို့တောင်ရမှာမဟုတ်ဘူး.....။ ဒါဟာ  Power of Love တစ်ခုပဲ...။



ကြာခဲ့ပြီ.......အတိတ်က ဇာတ်လမ်းက ပြီးသွားခဲ့ပြီ...... 

အကြောင်းအရာတွေကတော့ တိုက်ဆိုင်တိုင်း ထွက်ထွက်လာတာ မကုန်နိုင်သေးဘူး.....

တခါတခါ တွေးကြည့်ဖူးတယ် ပြန်လည်းမဆုံ နှုတ်လည်းမဆက်လိုက်ရတဲ့ ချစ်ခြင်းမေတ္တာတွေက အဓိပ္ပါယ်ရောရှိရဲ့လား...။ မတူညီတဲ့ လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ ခံစားချက်တွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီ ထောင်ချီက ဖုံထူထူ မြေဝါဝါပေါ်က အုတ်ခဲနီနီတွေနဲ့ ဘုရားပုထိုး အဆောက်အဦးတွေ ဟိုနားတစ်စုဒီနားတစ်စုက ကန္တာရဆူးပင်စိမ်းစိမ်းတွေဟာ လွမ်းစရာမြင်ကွင်းတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်တာပဲ....။




မိုးငွေ့

Tuesday, 13 October 2026

All Delete .....







ဖေ့စ်ဘုတ်တွေသုံးတဲ့ခေတ်တုန်းက ကျမရဲ့ဖဘပေ့ချ်မှာ "ကျမ၏ကော်ဖီခွက်လေးများ" ဆိုပြီး အပိုင်းလေးတွေနဲ့ အပုဒ်အများကြီးတင်ခဲ့ဖူးတယ်...။ နောက်တော့ ဖဘမသုံးဖြစ်တော့တဲ့အခါ ဖဘပေ့ချ်တစ်ခုလုံးကို ဖျက်ပစ်တော့ ကျမ story ထဲက စာတွေတစ်ပုဒ်မှ ပြန်မယူထားလိုက်မိဘူး....။ ဒီလိုပဲ... ငယ်ငယ်တုန်းက စာအုပ်နဲ့ရေးထားခဲ့ဖူးတဲ့ စာတွေကိုရောပဲ စုတ်ဖြဲပစ်ခဲ့တာ....။ ရေးခဲ့ဖူးတဲ့စာတွေ နှမျောမိပေမယ့် ကိုယ်ပိုင်ဆိုင်ခဲ့ဖူးသမျှ  အရာဝတ္ထုတွေ အိုင်ဒီယာတွေကို ဒီတိုင်းကြီး ပစ်စလက်ခတ်ရော ရည်ရွယ်ချက်ရှိရှိနဲ့ရော စိတ်လိုက်မာန်ပါနဲ့ရော ဒီလိလုပ်ပစ်ခဲ့ဖူးတာ အများကြီး....။

တကယ်ပြန်တွေးကြည့်တော့ ဘာမှ ဖက်တွယ်ထားစရာမလိုတော့တဲ့အရာတွေကို ဘဝထဲကရော အတွေးထဲကပါ ဖျက်ပစ်လိုက်နိုင်တာဟာ အကောင်းဆုံးပဲလို့ မြင်တတ်လာတယ်..။ ကျမတို့ စိတ်ကျန်းမာရေးအတွက် မလိုအပ်တော့တဲ့အရာအားလုံးကို All Delete လုပ်နိုင်ဖို့လိုတယ်... ကိုယ်စွန့်ပစ်ချထားခဲ့တဲ့ ပန်းတစ်ပွင့်က ဘယ်လောက်လှနေပါစေဦးတော့ပေါ့.....။ 

ဒီသံသရာထဲ တဝဲလည်လည်နဲ့နေလာခဲ့ကြတာလေ...။ ခုခေတ်သီချင်းတောင်ရှိသေးတယ် မင်းက ငါ့ရဲ့ သံသရာကြိုးဆိုလား FMက အသံလွှင့်လွှင့်နေတာကြားဖူးတယ်....။ တချို့လဲ စာတွေကဗျာတွေရေးကြတယ်ပေါ့နော့် မင်းကငါ့ရဲ့သံသရာ ဘာညာပေါ့ ဒါက စကားလုံးအသုံးအနှုန်းလှအောင်ရေးတာ တကယ်တော့ အားလုံး ဝဋ်ကျွေးတွေပါပဲ....။ ဝဋ်ကျွေးဆပ်ရဖို့ လူတစ်ယောက်က လူတစ်ယောက်နဲ့လာဆုံကြရတာချည်းပဲ...။ အဲဒီဝဋ်ကျွေး ကုန်သွားတဲ့တစ်နေ့က ရှင်ကွဲ (သို့) သေကွဲ နဲ့ ဝေးကွာသွားရမယ့်နေ့ပဲ...။


မိုးငွေ့

Monday, 12 October 2026

သံယောဇဉ်လက်ကျန်.....

 



"သံယောဇဉ်လက်ကျန်" ကို ပိုပိုရဲ့ One Lady Show ဖြစ်တဲ့ Exes I Loved မှာကျမှ သိတာ ...

အဲမှာ ကိုကြံနဲ့တွဲဆိုထားတာလေးကြိုက်တယ်....

ဒီလိုပဲ ကျနော်လဲ သံယောဇဉ်လက်ကျန်နဲ့ ဒီဘလော့မှာစာတွေဆက်ရေးဖြစ်နေတယ်ပေါ့လေ.....


မိုးငွေ့

Wednesday, 7 October 2026

ညနေကြယ်.....


















 

လွန်ခဲ့တဲ့ ဩဂုတ်လ (၁၄) ရက်နေ့က ကိုငှက်ကြီး (ခ) ဆရာထူးအိမ်သင်ရဲ့  အောက်မေ့ဖွယ် နှစ်ပတ်လည်အမှတ်တရပန်းချီလေးတွေနဲ့ စာသားလေးတွေကြိုက်လို့ ထုံးစံအတိုင်း ဆရာကျောင်းဆီကသွားယူလာတာ...။ 


မိုးငွေ့


Tuesday, 6 October 2026

Dear Angel.....(26)


 

ချစ်သော အိန်ဂျယ်.....


ကိုယ်တို့တွေ နေ့တစ်နေ့ရဲ့ နေထွက်ချိန် နေဝင်ချိန်တွေကို ကြည့်ခွင့် မြင်ခွင့်ရှိသေးတာကိုက ကံကောင်းခြင်းဆုလာဘ်လို့ သတ်မှတ်လို့ရတယ်...။ 

အခုကစပြီး အယ်နီညို အပူလိုင်းတွေစနေပြီ ....

နောက်ထပ် ငါးလ ခြောက်လလောက်ကြာဦးမယ်လို့ပြောကြတယ်....

ကမ္ဘာတစ်ဖက်ခြမ်းမှာ မိုးသည်းရေကြီး ငလျင်လှုပ်ချင်လှုပ်နေလိမ့်မယ် နောက်တစ်ဖက်မှာတော့ ရေခမ်းခြောက်သွေ့ အပူချိန်တွေပြင်းလိမ့်မယ်... တစ်ကမ္ဘာလုံး လူဦးရေ သုံးသိန်းကျော်လောက်အသက်ဆုံးရှုံးလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်...။ ကိုယ်တို့နိုင်ငံလို အဖက်ဖက်က ဆင်းရဲနုံချာ သဘာဝဘေးအတွက် စုဆောင်းထားတာမရှိ ကူကယ်ရာမရှိနဲ့တော့ ကလေးသူငယ်နဲ့ သက်ကြီးပိုင်းတွေ အများစု အသက်ဆုံးကြရလိမ့်မယ်....။

ကောင်းကင်ပြာပြာတွေကို ကိုယ်တို့မနက်တိုင်းမြင်ခွင့်ရှိသလို ....

ကောင်းကင်ပြာပြာတွေကို ကိုယ်တို့မြင်ခွင့်မရှိတော့တဲ့ နေ့တွေရောက်လာနိုင်တယ်....

ဒီနေ့ နေမင်းကြီးက ပူပြင်းရှနေပေမယ့် နောက်နေ့မှာ မိုးမှောင်ကျသွားနိုင်တယ်.....

လူတွေက သဘာဝကို ဖျက်စီးကြတယ်....

တန်ပြန်သဘောအရ သဘာဝက လူတွေကို ပြန်ဖျက်စီးတယ်....

ကိုယ်စိုက်တဲ့အပင် ကိုယ်ပြတ်ရုတ်သိမ်းရသလို

လောကမှာ Action  နဲ့  Reaction ရှိနေတယ်ဆိုတာကို မင်းလက်ခံရလိမ့်မယ်....။

ဒါကို ကပ်ဆိုးကြီးလို့ ခေါ်တယ်....

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် 

နောက်ဆုံးအချိန်အထိ ရှင်သန်အောင်နေပါ....

အောက်ဆီဂျင်ရနေတုန်း တစ်ဝကြီးရှူပါ...

ရေရှိနေတုန်း တစ်နေ့တာအတွက် အပြည့်အဝသောက်ပါ....

ခံနိုင်ရည်စွမ်းအားကို စုဆောင်းပါ....

အိပ်ရေးဝဝအိပ်ပါ....

ပြီးတော့ အသက်ရှူနိုင်သေးသရွေ့ ကိုယ့်ကို သတိရနေပေးပါ.....


Still flying .....

Still loving .....


မိုးငွေ့


Monday, 5 October 2026

ပန်းနုရောင်နှင်းဆီည.....







အဲဒီညက…. သူကိုစောင့်နေရလို့ ကျမစူစူအောင့်အောင့်နဲ့အုတ်ခုံနိမ့်နိမ့်လေးမှာထိုင်နေခဲ့တာ…..။ ဘုရားဖူးလာတဲ့ သူတွေတိုင်းက ကျမရှေ့ကဖြတ်ဖြတ်သွားပြီး ကြည့်သွားကြတယ်…။ ကျမဘာပုံပေါက်နေလို့လဲ ဒီလိုပဲ ကျမဘေးမှာ ထိုင်နေတဲ့သူတွေဖြင့်အများကြီးကို….။ ကျမဆီကို အရိပ်တစ်ခုနီးကပ်လာနေပြီဆိုတာ ကျမမကြည့်ပေမယ့် မြင်ကွင်းရဲ့ ဘယ်ဖက်ဒေါင့်ကနေ  ခံစားသိရှိနေရတယ်…။

“ကိုယ့်ကိုစောင့်ရတာကြာလို့ စိတ်ကောက်နေတာမဟုတ်လား ဟိုးး အဝေးကတည်းကမြင်နေရတယ် နှုတ်ခမ်းစူနေတာ…”

စောစောက လည်ပင်းမှာ တစ်နေတဲ့ ဒေါသခါးခါးတွေကို မြိုချပစ်ရင်း ကျမအရှေ့ဘယ်ဖက်မှာ မတ်တပ်ရပ်နေတဲ့သူ့ အကျီၤလက်ရှည်အဖျားကို ဆွဲပြီးထလိုက်တယ်….။ သူက ကျမကို ပြုံးစစနဲ့ကြည့်နေတုန်း…..။

မပြည့်သေးတဲ့လက တိမ်တိုက်ကြားကနေအလင်းရောင်ကို ထိုးဖောက်လင်းနေတယ်….။ ကြယ်ကလေးတွေကို ကျမမရှာမိတော့ဘူး….။

ကျမဘုရားရှိခိုးတော့ သူက စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးတယ်……။

အဲဒီညရဲ့ လရောင်ခပ်မှိန်မှိန်က ကျမတို့ ညစာအတူစားတဲ့ စာပွဲလေးဆီကိုတော့ မီးမောင်းလေးတစ်ခုလို သိသိသာသာဖြာကျနေခဲ့တယ်…..။ ဆိုင်ရဲ့ အပြင်ဒေါင့်ဆုံးစားပွဲကလေးဘေးမှာ အလှစိုက်ဝါးပင်လေးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ဝါးရွက်တွေကြားက ဖြာဆင်းကျလာတဲ့ လရောင်က သူ့လက်ပေါ်မှာတည့်တည့်ပဲ…..။

သူနဲ့အတူရှိနေချိန်မှာ ပလက်ဖောင်းပေါ်ကလမ်းသွားလမ်းလာတွေ လမ်းမပေါ်ကကားသံတွေကအစ အသံတွေ တိုးလျ အရုပ်တွေမှိန်ဖျော့သွားကြပြီး… ကျမမြင်ကွင်းအာရုံထဲမှာ သူတစ်ယောက်တည်းသာ ထင်ရှားကြည်လင်စွာပေါ်လွင်နေတယ်….။

ကျမတို့စကားတွေအများကြီးပြောခဲ့ကြတယ်….။ ဒီကမ္ဘာမှာ ချစ်သူနှစ်ဦးဆုံတွေချိန်မှာ အနာဂတ်အကြောင်း မပြောသူတွေ မရှိဘူးလို့ ထင်ပါတယ်….။ ဒါပေမယ့် ကျမတို့ နှစ်ယောက်ကတော့ အနာဂတ်အကြောင်းကို မပြောကြဘူး….။ ဘာကြောင့်လဲဆိုတော့ ကျမတို့နှစ်ယောက်မှာ အနာဂတ်ဆိုတာ မရှိလို့ပဲဖြစ်တယ်…။

မြောက်ပြန်လေအဝှေ့မှာ ဖွာလန်ကျဲသွားတဲ့ သူ့ဆံပင်တွေကို ကျမသပ်ပေးချင်စိတ်ပေါ်လာတယ်..။ ကျမအတွေးကိုပဲသူသိသွားလို့လားမသိ မျက်နှာတခြမ်းအုပ်သွားတဲ့ ကျမဆံနွယ်တွေကိုသာသူ သပ်သင်ပေးလိုက်တယ်….။

ဒီလိုနဲ့ ကျမတို့စကားပြောနေရင်းနဲ့ “လူဖြစ်ရတာ ဒုက္ခတစ်ခုပါ ကျမတော့ လူမဖြစ်ချင်ပါဘူးလို့” ညည်းလိုက်မိတော့ သူက ဒါဖြင့် လူမဖြစ်ချင်ရင် ဘာဖြစ်ချင်လဲ တိရစ္ဆာန်ထဲမှာဆို ဘာဖြစ်ချင်လဲ ဆင်လား ကျားလား ငှက်ကလေးလား တဲ့…။ ကျမက တိရစ္ဆာန်တော့မဖြစ်ချင်ပါဘူး… ပန်းပဲဖြစ်ချင်တာလို့ဖြေတော့…။
ကဲ…ဘာပန်းဖြစ်ချင်တာလဲ တဲ့…။

“နှင်းဆီပန်း”လို့… ကျမဖြေလိုက်တယ်…။

“တကယ်” … သူအံ့သြသွားပုံပါပဲ…။

“တကယ်ပေါ့ နှင်းဆီပန်းလေး တစ်ပွင့်ဖြစ်ချင်တယ်”

လရောင်အောက်မှာ သူ့မျက်ဝန်းတွေတောက်ပလာပြီး တဖြေးဖြေးပြုံးလာတယ်…။

“ ဘာအရောင်နှင်းဆီပန်းဖြစ်ချင်လဲ” လို့ သူကဆက်မေးတယ်….။ ကြည့်စမ်း ကျမဖြစ်ချင်တာကို သူကတကယ်စိတ်ဝင်တစားဖြစ်ပုံများ…။

“ပန်းနုရောင်”…

“တကယ်ပြောနေတာလား” လို့သူကသေချာအောင်ထပ်မေးတယ်…။

ကျမခေါင်းသာ ညိတ်ပြလိုက်မိတယ်….။ ဟုတ်တယ် ကျမနှင်းဆီပန်းတွေထဲမှာ ပန်းနုရောင်နှင်းဆီတွေကို အချစ်ဆုံး..။ သူက ကိုယ်ကိုကိုင်းပြီး ကျမရှေ့နားကို တိုးတိုးကလေး ကပ်ပြောလိုက်တယ်…။

“ဒါဖြင့် မင်း..ဆန္ဒပြည့်အောင် ကိုယ်ကူညီနိုင်ပါလိမ့်မယ်” တဲ့….။

သူနောက်နေတယ်လို့ပဲထင်ရပေမယ့် သူ့မျက်နှာမှာ နောက်ပြောင်လိုတဲ့ အမူအရာမျိုးမတွေ့ရ…။ နွေးထွေးတဲ့ အပြုံးသာတွေ့ရတယ်…။ ပြီးတော့ ပြောသေးတယ် …

“တခြားနှင်းဆီပန်းအရောင်တွေဖြစ်ချင်ရင်တော့ ကိုယ်လဲ မတတ်နိုင်ဘူး ပန်းနုရောင်နှင်းဆီပန်းလေးဖြစ်ဖို့တော့ ကိုယ်တာဝန်ယူပါတယ်” တဲ့…။

“တကယ်ပြောနေတာလား…ဘယ်တော့ဖြစ်ခွင့်ရှိမှာလဲဟင်”

“ဒီညပဲ ဟုတ်တယ် ဒီညမှာပဲ မင်း ပန်းနုရောင်နှင်းဆီဖြစ်ခွင့်ရမယ်”

“မင်းတခြားမှာ ပန်းနုရောင်နှင်းဆီဖြစ်ခွင့်မရဘူး ကိုယ့်အိမ်မှာပဲ ဖြစ်ခွင့်ရှိတယ် ကြားလား..ဒါကြောင့် မင်းကိုယ့်အိမ်ကိုလိုက်ခဲ့ရမယ်” …။

အဲဒါဘာအဓိပါယ်ပါလိမ့်…။ ကျမရင်ထဲ နွေးခနဲတုန်ရီလှုပ်ရှားသွားတယ်…။ သူကမ်းပေးတဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း ခပ်သဲ့သဲ့ပြုံးနေမိတယ်…။

သူ့အခန်းက သိပ်မကျယ်လှပါဘူး….။ ပရိဘောဂပစ္စည်းသိပ်များများစားစားမရှိ…. ။ အိပ်ခန်းဖွဲ့ထားတဲ့နံရံဖြူဖြူတစ်ခုဆီကို သူလျှောက်သွားလိုက်တယ်…။ နောက်တော့ သူက မီးကိုမှိန်ဖျော့ချလိုက်တယ်…….။ ပရိုဂျက်တာစက်ကလေးကနေ အလင်းတန်းက နံရံဖြူဖြူပေါ်ကိုကျသွားတယ်…။

အိုးးး ပန်းနုရောင်နှင်းဆီပန်းခင်းကြီး လှလိုက်တာ……။ ကျမတစ်သက်မှာ ဒီလောက်များတဲ့ ကျယ်ပြန့်တဲ့ ပန်းနုရောင်နှင်းဆီခင်းကြီးကို မမြင်ဖူးခဲ့တာသေချာပါတယ်….။ တကယ်ကိုယ်တိုင် နှင်းဆီဥယျာဉ်ကြီးထဲ ကို ရောက်သွားသလိုခံစားလိုက်ရတယ်…..။

မွှေးပျံ့ထုံသင်းတဲ့ နှင်းဆီရနံ့လေးတွေကိုတောင်ရလာသလိုလို…။

ကြည့်ပါဦး လိပ်ပြာတစ်ကောင်ပျံဝဲလာပြီ……။ အတောင်ပံမှာအဝါဖျော့နဲ့အနက်စပ်ကျားလေး….။

“ပန်းခင်းလေးဆီကိုတော့ ရောက်ပါပြီ မင်းကဘယ်ပန်းပွင့်ကလေးလဲ” သူက ကျမဘေးကနေ အဲလိုမေးလိုက်တော့မှ ဟုတ်ပါရဲ့ ပန်းနုရောင်နှင်းဆီလေးဖြစ်နေတဲ့ ကျမက ဘယ်မှာလဲ… ကျမ နှင်းဆီအဖူး အငုံ အပွင့်တွေကြားထဲ ကိုယ့်ကိုယ်ကို ရှာကြည့်လိုက်တယ်…။

ဟော…တွေ့ပြီ….ဟို…အပွင့်ကြီးကြီးနှင်းဆီရဲ့ အနောက်က ဖူးပွင့်ခါနီးပန်းနုရောင်နှင်းဆီလေး……။
ကျမ သူ့ကိုလက်ညိုးထိုးပြလိုက်တယ်……။ တဆက်တည်းမှာပဲ စောစောက လိပ်ပြာကလေး ဘယ်အပွင့်မှာ နားမလဲလို့ စိတ်ဝင်တစားကြည့်လိုက်တယ်….။ ကြည့်စမ်း သူက လည်တယ် အကြီးဆုံးနဲ့အလှဆုံးနှင်းဆီပန်းပေါ်မှာ နားလိုက်တယ်……။

ကျမသိချင်စိတ်နဲ့….

“အဲဒီလိပ်ပြာလေးက ခုနကရွေးထားတဲ့အပွင့်လေးပေါ်ကိုနားမှာလားဟင်… ဒါရှင်ကိုယ်တိုင်သွားရိုက်ထားတာဆိုတော့ နားမနား ရှင်ကြိုသိနေမှာပေါ့”

“ကိုယ်မမှတ်မိတော့ဘူး..”

“ဟင်…”

ကျမ နည်းနည်း စိတ်ကထိကအောက်ဖြစ်သွားတယ်..။ လိပ်ပြာလေးကိုလဲ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိတယ်…။ လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံဟာ ဒီလောက်ခမ်းနားစွာ ကြည့်ကောင်းနေလိမ့်မယ်လို့ ဟိုတုန်းက ကျမဘာကြောင့် သတိမထားခဲ့မိပါလိမ့်…။ အဲဒီအတောင်ပံတွေရဲ့ ထိတို့လှုပ်ခတ်မှုကို မခံစားရရင် ပန်းတစ်ပွင့်ရဲ့ အလှဟာ ဘယ်လိုများ အဓိပါယ်ရှိနိုင်ပါ့မလဲ.....။

“မင်းက လာစေချင်လို့လား”

ကျမ ခေါင်းညိတ်လိုက်တယ်…။ သူရယ်မောလိုက်မယ်လို့ ကျမထင်ခဲ့ပေမယ့် သူ့ရယ်သံကိုမကြားရဘူး..။ သူပြုံးနေလိမ့်မလားမသိ..။

“မင်းလာစေချင်ရင် သူလာမှာပေါ့”

ဖြစ်နိုင်ပါ့မလားကွယ်…။ သူ့မှာ ရွေးစရာပန်းတွေ အလှဆုံးပန်းတွေမှအများကြီး...။ ကျမ...ရုတ်တရက်ဝမ်းနည်း အားငယ်မိသွားတယ်…။ သူခံစားမိသွားလေမလား…။ ကျမ စိုးရိမ်စိတ်ကလေးဖြစ်နေချိန်မှာပဲ လိပ်ပြာကလေးက ကျမဆီကိုတကယ်ရောက်လာခဲ့ပါတယ်…။ ကျမပျော်သွားသလား…။ ပျော်တယ်ဆိုတာထက် ရန်ခုန်စွာ မိန်းမောသွားတာပါ…။

သူကိုယ်တိုင်ရိုက်ယူထားတဲ့ပန်းခင်းလေးကို ကြည့်အပြီးမှာ…ကျမကို သူလိမ္မော်ရည်တစ်ခွက်နဲ့ ဧည့်ခံပါတယ်…။ ကျမလက်ကောက်ဝတ်ကနာရီကိုတချက်ကြည့်လိုက်တယ်….။ မိုးချုပ်လှပြီ ကျမအိမ်ပြန်ရတော့မယ်…..။

“ကိုယ်ပြန်ပို့ပေးပါ့မယ်”

သူကျမထိုင်တဲ့ ကြိမ်ခုံဝိုင်းလေးရှေ့မှာ ဒူးထောက်ချလိုက်။ ကျမလက်ထဲက ဖန်ခွက်အလွတ်ကလေးကို ယူပြီး အနောက်ဖက်စားပွဲဝိုင်းပေါ်ကိုလှမ်းတင်လိုက်တယ်...။ သူမျက်နှာနဲ့ ကျမနီးနီးကပ်ကပ်လေးဖြစ်သွားတယ်....။ ကျမမျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်နေတဲ့သူ့အကြည့်ထဲမှ ဆွဲငင်မှုတစ်ခုခုပျော်ဝင်နေတယ်….။

“မင်းမျက်လုံးတွေက သိပ်အင်အားကြီးတာပဲ.. အဲဒီမျက်လုံးတွေ အနည်ထိုင်ပြီး ကြည်လင်နေပြီးသား ရေပြင်တစ်ခုကို ဂယက်ထပြီး နောက်ကျိသွားအောင် မွှေနှောက်ပစ်နိုင်တယ်…၊ ငြိမ်နေတဲ့ သစ်ပင်တစ်ပင်ကို လှုပ်ခတ်သွားအောင် ခါယမ်းပစ်နိုင်တယ်.. အဲဒါမင်းသိရဲ့လားဟင်”

ကျမတစ်ချက်ရယ်ပြီး ကိုယ်ကိုကျုံ့ပစ်လိုက်မိတယ်…။

“ဒါဆို မကြည့်နဲ့တော့ပေါ့”

“မရတော့ဘူးလေ…နောက်ကျသွားပြီ”

သူ့အပြုံးက မသေမသပ် တစ်ခုခုစွန်းထင်နေသလိုလို….။ ကျမ သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အသာတွန်းလိုက်တော့ ကြမ်းပြင်ပေါ်သူထိုင်လျက်လေးဖြစ်သွားတယ်...။ ကျမတံခါးဝဆီကို လျှောက်သွားလိုက်တော့တယ်…။

လက ကျမတို့နှစ်ယောက်စီးလာတဲ့ ကားကလေးနောက်ကနေ မမြင်ရပေမယ့် တရိပ်ရိပ်ထပ်ကျပ်လိုက်ပါလာခဲ့တယ်…..။

ကျမကို သူအိမ်ရှေ့ထိလိုက်ပို့ခဲ့တယ်…။ ဆောင်းညကတိတ်ဆိတ်အေးချမ်းလို့….အိမ်ရှေ့ချုံပင်ကလေးက အဖြူရောင်ပန်းပွင့်တွေ ပင်လုံးကျွတ်ပွင့်နေကြတယ်….။

ဂွတ်နိုက်... 

ဒီညလေးအတွက် ကျေးဇူးတင်ပါတယ် မောင်....။




ဝန်ခံချက်။     ။ ဆရာမဂျူးရဲ့ “ချစ်သူရေးသောကျွန်မ၏ည” စာအုပ်ကိုပြန်ဖတ်ပြီး ကျမစိတ်ကူးလေးနဲ့ remix လုပ်ပြီး လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်ကျော် (24.5.2012) တုန်းက တင်ခဲ့တဲ့ပို့စ်အဟောင်းလေးတစ်ပုဒ်ကို ဒီနေ့ Update ပြန်လာတင်တာပါ...။


မိုးငွေ့



Thursday, 1 October 2026

Foodie.....(2)



ဓမ္မစေတီ Market Palace က District Cafe မှာ သူ့ဆိုင်က ကော်ဖီတွေ မုန့်တွေအကုန်ကြိုက် ဈေးကတော့ သူများထက်များတယ်...။ သူတို့ဆိုင်က အရင် ဆရာစံလမ်းမှာဆို အမေရိကန်ဖရိတ်ဖတ်စ် အမြဲစားဖြစ်တယ်ရောက်တိုင်း သူ့ဆီက ပေါင်မုန့် ဝက်အူချောင်း အကုန်ကောင်း နောက်ပြီး သူတို့လုပ်ရောင်းတဲ့ Almond chocolate cookies လေးအရမ်းကောင်းတယ်...။ ဒိန်ချဉ်သီးစုံဆလပ်လည်းကောင်းတယ်....။ ခုနောက်ပိုင်း နာမည်ကြီးနေတာက လက်ဖက်စိမ်းမှုန်ကို စတော်ဗယ်ရီသီးအနှစ်နဲ့ဖျော်တဲ့ Macha strawberry latte....။




ဒီကော်ဖီဆိုင်နာမည် မမှတ်မိတော့ဘူး ဒီပုံလေးက ၂၀၂၀ ကတည်းက သွားသောက်ထားတာရယ်....။ ဂျင်းထန်းလျက် ကော်ဖီအေး... သောက်လို့တော့ကောင်းတယ်...။ နွေနေပူပူနေ့ခင်းအတွက် ရေငတ်ပြေလေး...။ ဆိုင်က ဗိုလ်တစ်ထောင်ဖက်မှာ မဟာဗန္ဓုလလမ်းမပေါ်က Arban Plaza ထဲမှာလို့ထင်တယ်...။



ဒါလေးက မုန့်လက်ကောက်ကို fine dining ပုံလေးနဲ့ presentation  ပြင်ထားတာ



ဟော ဒါလေးရောပဲ မုန့်ပြားသလက် မုန့်ပသလက်လဲခေါ်တာပဲ ဘိန်းမုန့်အဖြူ အဆိမ့် အဲလိုလဲခေါ်တာပဲ
 မြန်မာ့ရိုးရာမုန့်ကို fine dining ပုံလေးလုပ်ရောင်းတာ အဲတုန်းက ခရီးသွားလုပ်ငန်းကလည်း 
အလုပ်ဖြစ်နေတော့ tourist attraction ဖြစ်အောင်လုပ်ရောင်းရတာပေါ့





အညာသားကျောကုန်းမုန့်ဆိုတာ ကြားဖူးကြတယ်မလား...။ သူက အဲလိုဖက်နဲ့ထုပ်ပြီးလိမ်ထားတော့ ဖြည်လိုက်ရင် မုန့်သားတွေက တွန့်လိမ်နေတာလေ အရောင်ကလည်းမဲတော့ အညာသားကျောကုန်းအရောင်နဲ့တူလို့ခေါ်တယ်ထင်တာပဲ ...။ နာမည်ကြားရင်တော့ စားချင်စရာမရှိပေမယ့် စားကြည့်အရသာအတော်ရှိပါတယ်...။



ကပ်ကြေးနဲ့ညှပ်ပြီး အုန်းဆံနုလေးဖြူးစားတော့ အရသာရှိ 
အရသာက ကျနော်တို့အိမ်မှာလုပ်စားတဲ့ ရှမ်းမုန့်ဖက်ထုပ်နဲ့တူတယ် အီကွေ့နဲ့လဲတူတယ်...





ရွှေဘဲက ဘဲကင်မဟုတ်ဘူး ကြည့်မြင်တိုင်လမ်းမပေါ်က ယူနန်တရုတ်ဆိုင်တစ်ဆိုင်ကပဲ ဘဲကင်ဆို ရွှေဘဲပဲစားကောင်းတယ်လို့ ကျနော်တို့ဦးနှောက်က အသေမှတ်ထားကြတာ သူ့ထက်ကောင်းတာတွေလည်းရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ဆိုင်မှာပူပူနွေးနွေးထိုင်စားတာပဲကောင်းတာ...။




ကြက်ဝါပြုတ်တဲ့ ဆော့စ်နဲ့တို့စားရတယ် သူက ရေဆူဆူမှာ သူ့အပူချိန်နဲ့သူ သူ့ကြာချိန်နဲ့သူ နည်းစနစ်တိတိကျကျနဲ့ ပြုတ်ထားတဲ့ ကြက်ပြုတ်...။



တရုတ်မုန်ညင်းချဉ်သုံးထပ်သားပေါင်း သူ့ဆိုင်က နာမည်ကြီးဟင်းတစ်ခွက်ပဲ




ဒီကြွက်နားရွက်မှိုသုပ်လေးသုပ်ထားတာ အရသာတော်တော်ကောင်းတယ် 
ရှာလကာရည်နဲ့ ငရုတ်သီးကြော်ဆီက အဓိက ဇာတ်လိုက်


ဝက်စတူးဟင်း မြင်တာနဲ့အီနေပြီ


ကျတော်တို့နားက အောင်မင်္ဂလာ ခေါက်ဆွဲဆိုင် သူ့ဆိုင်က အမဲရွတ် အမဲလုံးခေါက်ဆွဲ အရမ်းကောင်း ရှမ်းမုန်ညှင်းချဉ်စိမ်းစိမ်းလေးနဲ့စား ဖက်ထုပ်အိုးကပ်ကြော်လေးလဲကြိုက်တယ်...




စလူမုန့် မုန့်လုံးကြီးကြော်နဲ့ ရွှေထမင်းကို ကာဖီလေးနဲ့တွဲစား


သာကူကျိုသောက်တိုင်း ငယ်ငယ်က ကျနော်တို့ရွာထဲ နေ့ခင်းဆို အိုးနဲ့ခေါင်းပေါ်ရွက်ပြီးလာရောင်းတဲ့ သာကူကျိုလေးကို အရမ်းသတိရတယ် အဲလိုအရသာမျိုး ဒီဖက်ခေတ်မှာဘယ်လိုလုပ်လုပ်မရတော့ဘူး...




မုန့်ဟင်းခါးထဲ ကျနော့်လိုထမင်းထည့်စားတာဘယ်သူကြိုက်ကြလဲ




မိုးငွေ့


Tuesday, 29 September 2026

အလွမ်းနယ်မြေ.....


 


ပိုပိုရဲ့  One Lady Show ကို You Tube မှာ အပိုင်းလေးတွေ တက်လာတော့ ဝင်ကြည့်မိရင်းက နားမထောင်ဖြစ်ခဲ့တဲ့ သူ့သီချင်းအဟောင်းတွေထဲက ဒီ "အလွမ်းနယ်မြေ" သီချင်းလေးကို နားထောင်ကြည့်တော့ကြိုက်ပြီး နေ့တိုင်းနားထောင်နေကျ playlist ထဲထည့်ထားတယ်...။

2013-14 ဝန်းကျင်က ပိုပို့သီချင်းတွေကို စသိခဲ့ပြီး သူ့အလွမ်းသီချင်းတွေကို ကြိုက်ခဲ့ နားထောင်ဖြစ်ခဲ့တာ...။ ခုချိန်ထိလည်း သူ့သီချင်းလေးတွေကို သူ့ပရိသတ်အဟောင်းတွေရော အသစ်လေးတွေရော အားပေးနေကြတုန်း....။


မိုးငွေ့

Friday, 25 September 2026

Butterfly Diary.....( The last day )

 



ရည်းစားဘဝတုန်းက ကျမတို့နှစ်ယောက်ဟာ မှတ်မှတ်ရရ ခနခနရန်ဖြစ် ခနခနပြတ်လိုက် ပြန်တွဲလိုက်လုပ်တာ အကြိမ်ပေါင်းမနည်းဘူး....။ နောက်တော့ ကျမတို့ကွဲကွာသွားခဲ့ကြတာ ဆယ်နှစ်တိတိမှာပြန်ဆုံဖို့လည်းချိန်းဆိုလိုက်ကြတယ် တကယ်တော့ အဲဒါက သူ Before Sunrise, Before Sunset, Before Midnight ဆိုတဲ့ ရုပ်ရှင် သုံးကားကိုကြည့်ပြီး ဖြစ်ပေါ်လာတဲ့ စွဲလန်းစိတ်နဲ့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ရှစ်နှစ်ကျော်ပြီးနောက် ပြန်တွေ့တဲ့အခါ သူပြန်ပြောလို့သိခဲ့ရတာဖြစ်တယ်...။ ဒီတစ်ခေါက် ပြန်လည်တွေ့ဆုံမှုဟာလည်း နောက်ဆုံးအကြိမ်နဲ့ နောက်ထပ်ဘယ်တော့မှမတွေ့ဆုံနိုင်တော့တဲ့ အခြေအနေဆိုတာလည်း ကျမတို့နားလည်ထားကြတယ်...။ ဒီကြားထဲ ဟိုအရင်လိုပဲ ရန်ဖြစ်ပြန်ချစ်နဲ့ လပေါင်းများစွာ သံယောဇဉ်လက်ကျန်တွေနဲ့ တွယ်တာနေကြတုန်း တစ်ယောက်ကိုတစ်ယောက်နာကျင်အောင် နာကျည်းအောင်လုပ်နိုင်မှပဲဖြစ်တော့မယ်ဆိုတာလည်း သိနေကြတယ်...။ ကျမဆိုရင် သူ့ကို နှုတ်ကနေတောင် ဖွင့်ဟဝန်ခံခဲ့ဖူးတာပါ ....။ 

"နင်ငါ့ကို ပြတ်အောင်လုပ်မှရမှာ ငါသိနေတယ် ငါအဲဒါကို မလုပ်နိုင်ဘူး...." ဆိုပြီးတော့လေ....။

ကျမက သူ့နဲ့ပတ်သက်လာရင် တချို့နေရာတွေမှာ ပြတ်သားမှုမရှိခဲ့ဘူး...။ 

ကျမတို့ဘာကြောင့် ဝေးခဲ့ရသလဲ ဘာကြောင့်ဝေးဖို့လမ်းကိုရွေးချယ်ကြသလဲဆိုတာ အဲဒီနောက်ဆုံးနေ့မှာကတည်းက သူရော ကျမရော သဘောပေါက်ကြပြီးသားပါ...။

ဒါတောင် နောက်ဆုံးအကြိမ်ဝေးခဲ့ကြပြီး တစ်နှစ်ကျော်လောက်မှာ အဆက်အသွယ်ထပ်လုပ်ကြသေးတယ်...။ တကယ်တော့ ကျမ သူ့ဆီက သတိရတယ်ဆိုတဲ့ မက်ဆေ့တွေရောက်လာတိုင်း ဘယ်တော့မှ စာမပြန်ခဲ့ဘူး..။ ရှိရှိသမျှ ဖုန်းတွေ အီးမေးလ်တွေ ဗိုင်ဘာတွေ အကုန်ဘလော့လုပ်ထားတယ်...။ တခါတလေ သူ ကျမကို ပက်ပက်စက်စက်ဆဲထားတဲ့ မက်ဆေ့မျိုးလည်းရဖူးတာပဲ...။ အဲဒါလည်း အီးမေးလ်က spam မှာ ကျမသွားသွားချောင်းလို့ သိရတာ...။ 

တစ်နေ့မှာတော့ ဘယ်လိုကဘယ်လိုမှန်းမသိ ကျမတို့ စာအပြန်အလှန်စကားပြောကြရင် နောက်ဆုံး VC ခေါ်လိုက်ကြသေးတယ်...။ ကျမက အေးဆေးတည်ငြိမ်နေသလောက် (အမှန်တော့ ဟန်ဆောင်ကောင်းသလောက်) သူက ကျမကိုမြင်တာနဲ့ မရှက်နိုင်ဘဲ ငိုလိုက်သေးတယ်လေ... "မငိုနဲ့ နင်ငိုရင် တအားကြီး ရုပ်ဆိုးတယ်"လို့ ကျမ အရွှန်းဖောက်လိုက်တော့ အမှောင်ထဲမှာ သူမျက်ရည်သုတ်ရင်း ပြုံးလိုက်သေးတာ ကျမမှတ်မိတယ်...။ ဒီလိုနဲ့ ကျမတို့ တခနလေးပဲ အဆက်အသွယ်ရပြီး ရှေ့ဆက်မတွယ်အောင်လို့ပဲ ကျမကို သူပြဿနာရှာပြီး အဆက်သွယ်ပြန်ဖြတ်ပစ်ခဲ့လိုက်တာပဲ....။

ဟိုတနေ့က နေ့လည်ခင်းလမ်းလျှောက်နေရင်း 

အနက်ရောင်လိပ်ပြာတစ်ကောင် ......

ကျမနားလာဝဲတာတွေ့လိုက်သေးတယ်.... 

လိပ်ပြာလေးတွေ ကျမအနားရောက်မလာတာ ဘယ်လောက်ကြာခဲ့ပြီလဲ...

လိပ်ပြာလေးတွေကတောင် သတိရခြင်းတွေနဲ့ 

ကျမနားကို တခဏလေးဖြစ်ဖြစ် အရိပ်ရောင်လာပြတတ်သေးတယ်....

သူကတော့.......


မိုးငွေ့



Wednesday, 23 September 2026

Foodie.....(1)




ကျနော်တို့ရုံးရှေ့ ဟိုဖက်လမ်းကူးရင် Kudos ဆိုတဲ့ ကော်ဖီဆိုင်လေးရှိတယ် သူ့ကော်ဖီတွေက တကယ် fine တာ လုံးဝမခါးဘူး မွှေးနေရော သူ့ဆိုင်က ကော်ဖီတွေအပြင် မုန့်တွေလည်း အကုန်စားကောင်းတယ် ကျနော်အဲဆိုင်ရောက်ရင်သောက်တတ်တာက အပူမှာဆို ကော်ဖီလာတေး မဟုတ်ရင် မာချာလာတေး အအေးမှာဆို ကော်ဖီမင့်လီမွန် သောက်တယ် သူက ရေခဲအပြည့်ထည့်ထားတဲ့ ခွက်ထဲကို လီမွန်အဆီနဲ့ ပူစီနံရွက်ကိုကြိတ်ထားတာနဲ့ expresso ကော်ဖီလေးလောင်းထည့်လိုက်တာပဲ သကြားက မကြိုက်ရင်မထည့်လည်းရတယ်...။ အချဉ်ဓါတ်နဲ့ကော်ဖီနဲ့ဆိုတော့ သောက်ပြီးရင် so fresh ပဲ...။





တခါတလေ ထမင်းကိုဟင်းနဲ့မစားချင်တဲ့အခါ လက်ဖက်ထမင်းသုပ်လုပ်စားရတာ အရမ်းကောင်းတယ် ကြက်ဥကိုအဲလို ဟက်ဖရိုက်ကြော်တာလေး ခုနောက်ပိုင်းပိုကြိုက်လာတယ် ငယ်ငယ်ကတော့ ကြက်ဥမွှေကြော်ကို ကြွပ်ကြွပ်လေးကြော်တာကြိုက်တာ...။ ကြက်သွန်ဖြူနီကို ထမင်းစားတိုင်း အဲလိုနည်းနည်းဆီစားပေးတာကောင်းတယ် သံပုရာစိပ်လေးကတော့ အအီပြေ အချဉ်ဓါတ်လေးရအောင်လို့...။ အခါးရည်ပူပူလေးနဲ့လိုက်ဖက်တယ် or လဖက်စိမ်းရည်နဲ့လည်းလိုက်တယ်....။





ဆူးပုတ်ကို ကြက်ဥအကျေကြော်စားတာ ထိုင်းတွေလို အချပ်လိုက်ကြော်တာမျိုးလည်း တခါတလေလုပ်စားပါတယ်...။ ဘယ်လိုဖြစ်ဖြစ် ဆူးပုပ်က စားပြီး နံတယ်ဆိုပေမယ့် သူ့ရဲ့ကောင်းကျိုးကအများကြီးလေ...။ သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဘဲဥ ကြက်ဥ နဲ့ ဆူးပုတ်ကြော်စားတဲ့ သူ့အတွက် ကောင်းတဲ့ ဓါတ်စာလေးပဲ..။ ပဲထာပတ် ပဲကြီးနှပ်ပြီး ဆူးပုပ်လေးခပ် ရေစပ်စပ်လေးနဲ့ဆိုလည်း စားကောင်းတယ်...။ ကျနော်တို့နားက ဈေးမှာဆို ဆူးပုပ်လေးဆိုတာရှိတယ် သူက အရွက်ပိုသေးပြီး အစည်းလိုက်မရောင်းဘူး အချိန်နဲ့ရောင်းတာ တစ်ဆယ်သား သုံးထောင်ပေးရတယ် သူ့ကို ကြက်သွန်နီလေးနဲ့ ငါးပိလေးနဲ့ဆီထည့်ပြီး ကြော်ချက်လေးလုပ်စားကြည့်သိပ်ကောင်းတာ နူးညံ့ပြီး သိပ်လည်းမနံဘူး...။





ပဲထောပတ်နှပ်က ကျနော် ဆီအများကြီးမထည့်ချင်လို့ နည်းနည်းခြောက်သွားတယ်....။ ဗမာဟင်းတော်တော်များများက ဆီများများနဲ့ချက်မှစားကောင်းတာတွေဆိုတာ့ ကျန်းမာရေးနဲ့တော့ သိပ်သင့်တော်ဘူး...။ ဆိုတော့ ကျနော်က ပဲထောပတ်ရလာရင် ဟင်းချိုချက်သောက်တာပဲလုပ်တာများတယ်...။ ဆူးပုပ်လေးရှိရင် နဲနဲထပ်ခတ်ပေါ့...။



Junction Square အပေါ်ထပ်က ရေခဲမုန့်လေးဝယ်စားဖြစ်တုန်းကပုံလေး





Junction Square က Rangoon Tea House မှာ တစ်လတစ်ခါတော့ သွားစားဖြစ်တယ်...။ သူ့ဆီမှာ အဓိက ကျနော်မှာစားဖြစ်တာက ချိစ်စမူဆာနဲ့ နို့ပေါင်းလက်ဖက်ရည် အခုပုံက ထမင်းကြော်နာမည်တောင်မမှတ်မိတော့ဘူး သူ့ဆီက မုန့်ဟင်းခါးကပိုစားကောင်းတယ် သူ့ဆိုင်ရင် ဆစ်နေချာပေါ့ ငါးသုံးမျိုးနဲ့ချက်ထားတာ ငါးခူ ငါးကြင်း ငါးရွှေ မုန့်ဟင်းရည်က တကယ်ချိုနေရောပဲ...။ ငါးနှစ်ကို ဆီနာနာလေးသတ်ထားတဲ့အထုပ်ကို သူတိ့ရောင်းပေးတယ် နိုင်ငံခြားသွားတဲ့သူတွေဝယ်ကြတာများတယ် 1ကီလိုတစ်ထုပ်ကို ငါးသောင်းခြောက်သောင်းလောက်ကျတယ်...။ ဆယ်ပွဲစာလောက်တော့စားလို့ရတယ်...။




Mai Su Pan ဆိုင်က ကွေ့သယို သူလည်း Junction Square ကပဲ တခါတလေ ကွေ့သယို အရမ်းစားချင်စိတ်ပေါက်ရင် စားဖြစ်တယ်...။ အသုပ်လည်းကောင်းတယ်...။





စဉ့်အိုးတန်းလမ်းအပေါ်လမ်းက ရေခဲမုန့်ဆိုင် တရုတ်တန်းမှာမုန့်သွားစားဖြစ်ရင် နောက်ဆုံးအချိုတည်းတာ ရေခဲမုန့်နဲ့...။





အိုအိရှီ... Oishi ဆိုင်က ဆူရှီနဲ့အခြား အသုပ်တွေ ဆာဘငါးကင်တွေ တန်ပူရာကြော်တွေ ဟင်းရည်တွေအကုန်ကြိုက်တယ်...။ ဘတ်ဂျတ်ထဲကမဟုတ်တော့ ခနခနမစားဖြစ်ဘူးပေါ့ ဒါပေမယ့် အရမ်းကြိုက်တယ်...။ ပုံထဲမှာ စားနေတာက တူနာဆူရှီ ရေညှိဆူရှီ ပုစွန်ဥဆူရှီ....။





Oishi မှာ ရေညှိနဲ့သီးရွက်စုံဆလပ် သူ့ရဲ့ဆော့ကတကယ်ကောင်းတာ ဆော့ထဲမှာပါတဲ့ ရှာလကာရည် ဒိန်ချဉ် ဘာညာတွေက thousand island dressing နဲ့တူတယ်...။ ဆူရှီသွားစားတိုင်း အဲဆလတ်ကို အမြဲမှာစားဖြစ်တယ်...။





အိမ်မျာကြော်စားတဲ့ ခေါပုတ်ကြော် အတို့တွေကအစုံပဲ နို့ဆီ ပဲပြုတ်ကြက်သွန်နီကြော် ဆီတိုဖူး မြေပဲနှမ်း ကြိုက်တာနဲ့စားပဲ...။ ခေါပုတ်က အဲလိုအတုံးလှလှလေးထွက်ချဉ်ရင် ဆီများများနဲ့ကြော်ပေးရတယ်...။ 





ခေါပုတ်ကို ဆီများများနဲ့မစားချင် မကြော်ချင်ရင် အခုလို မကပ်ဒယ်မှာ အိုးကပ်ကင်စား အဲဒါလည်းကောင်းတယ်...။ ကျနော်တို့ငယ်ငယ်ကဆို ရှမ်းပြည်မှာ ဆောင်းတွင်းခေါပုတ်ထောင်းတဲ့အချိန်ဆို ဆုံမှာထောင်းနေရင်း ပူပူနွေးနွေးယူစားကြတာ...။




Junction Square က Bread Talk ဆိုင်မှာ တစ်ပတ်တစ်ခါ ပိတ်ရက်ဆို ထိုင်ဖြစ်တယ် အဲမှာက လေးတဟူးဟူးနဲ့မို့ ထိုင်လို့ကောင်းတယ်...။




အိမ်မှာ ညက ထမင်းကြမ်းပိုရင် မနက်ဆို ထမင်းကြော်စားဖြစ်တယ် ရိုးရိုးစင်းစင်း ကြက်ဥထမင်းကြော်ပေါ့
ရှမ်းမုန့်ညှင်းချဥ◌်နဲ့စားတယ် ကော်ဖီသောက်တယ် ....။


ရှမ်းမုန်ညှင်းချဉ်က အိမ်က ညီမလေးတည်တာ



သက်သတ်လွတ် ဟင်းထုပ်လည်း လုပ်စားတယ်





ကြက်ဥကို ကျန်းမာရေးအတွက် တစ်နေ့နှစ်လုံးသုံးလုံးပြုတ်စားနေကြတဲ့အချိန် ကျနော်က ကြက်ဥပြုတ်ကို ခုထိမစားနိုင်သေးဘူး...။ ပြုတ်စားရင်လည်း အကြက်ပြုတ်တာမစားနိုင်ဘူး လည်ပင်းနင်လို့ ခုလို ဟိုက်ဖရိုက်ကြော်တော့စားရတာကြိုက်တယ်...။





မနက်စာကို တခါတလေ ပေါင်မုန့်ကြက်ဥကြော်နဲ့ ကော်ဖီ မဟုတ်ရင် လက်ဖက်ရည်နဲ့သောက်....။ ပေါင်မုန့်ကတော့ ဂျုံကြမ်းပေါင်မုန့်ရရင်ပိုကောင်းတာပေါ့...။ ကျနော်တို့ဆီမှာ သွင်းကုန်ပေးမဝင်တော့ ရှားပါး မှောင်ခိုခေတ် သမဝါယမခေတ်ပြန်ရောက်နေတာကြည့်...။ ပြည်သူတွေ ကောင်းကောင်းစား ကောင်းကောင်းနေရမှာကို မကြည့်ချင်ဘူးလေ အဲကောင်တွေက...။





အိမ်မှာ ဟင်းချက်မစားချင်တဲ့နေ့ဆို ကြက်သားဆန်ပြုတ်လုပ်သောက်တယ် အဲလိုအစာပလာတွေနဲ့ပေါ့...။ ဂျင်းကတော့ လေနိုင်အောင်လို့ ထည့်စားရတာ မကြိုက်တဲ့သူ့ ထည့်မစားနဲ့ပေါ့....။ တကယ်က ဆန်ပြုတ်ဆို ငရုတ်ကောင်းအဖြူနဲ့ ပိုလိုက်ဖက်တာ...။






ဒီအရွက်ကို ဘာခေါ်လည်းမသိတော့ဘူး ရုံးမှာသုပ်စားကြတာ အလည်ပိုင်းကထွက်တဲ့ အစားအသောက်ပဲ ရမည်းသင်း ပျော်ဘွယ်ဖက်က အရွက်လေးက သေးသေးနုပ်နုပ်လေး ရေနွေးဖျောပြီး မြေပဲနှမ်း ကြက်သွန်နီဆီချက်နဲ့သုပ်ရတာပဲ တော်တော်စားကောင်းတယ်...။





နောက်ဆုံး အစာပိတ် အချိုပွဲ ငပျောပေါင်း ထိုင်းစတိုင်ပေါင်းထားတာ ငယ်ငယ်တုန်းက ရွာမှာ ဆန်တိုဖူး ပဲတိုဖူးရောင်းတဲ့ဆိုင်မှာ အချိုပွဲဆို အဲငှက်ပျော်ပါင်းအမြဲရတယ်...။ 
 



မိုးငွေ့