အဲဒီနေ့မနက်က တရုတ်တန်းကိုအစောကြီးရောက်သွားခဲ့တယ်... ရုံးကနယ်ပြန်မယ့်ညီမတစ်ယောက်ကို ကားဂိတ်လိုက်ပို့တာ ...။ တကယ်က ကျနော် တရုတ်တန်းက ဆီချက်ခေါက်ဆွဲစားချင်တာ...။ ကျနော်စားခဲ့တဲ့ဆိုင်က "ဘောဂကဖီး" မဟာဗန္ဓုလလမ်းမပေါ်မှာ ၁၇လမ်းနဲ့ လမ်းမတော်ကြားက...။ အဲဆိုင်မှာ ဆီချက်အပြင် ကြက်ပေါင်းဆီချက် နံရိုးပေါင်းဆီချက်နဲ့ ဝက်ကောက်ညှင်းထုပ်တွေရတယ် သူ့ဆိုင်ရဲ့ Signature က ဘလက်ကော်ဖီအေး...။ တရုတ်တန်းဖက်ပြန်ရောက်တော့ ငယ်ငယ်က ကျနော်ရန်ကုန်ရောက်ခါစ ၁၇လမ်းမှာနေခဲ့ဖူးတာကို သွားသတိရမိတယ်...။ အဲတုန်းက တိုက်ခန်းက ကျဉ်းကျဉ်းလေးနဲ့ လေဝင်ပေါက် Shutter လေးတွေပါတဲ့ သစ်သားပြူတင်းပေါက်တွေက အပေါ်အောက်ဖောက်ထားတယ် အဲပုံကိုပြချင်လို့ Google မှာသွားရှာလာတာ..။ အဲတုန်းက တိုက်ခန်းတွေကကျဉ်း နောက်ဖေးဝရံတာဘာညာလည်းမပါတော့ အဝတ်တွေလှန်းရင် အောက်ပူတင်းပေါက်တံခါးတွေဖွင့် ပုံစံထွင်းထားတဲ့သစ်သာတန်းလေးတင်ပြီး ဝါးလုံးနဲ့လှန်းရတာမျိုး...။ ခုခေတ် ကလေးတွေတောင် အဲလိုမြင်ဖူးကြမယ်မထင်တော့ဘူး...။ ကျနော်ကတော့ တောကတက်လာပြီး မြို့နေလူတွေအဝတ်လှန်းနည်းကို ကြည့်ပြီး အံ့အားသင့်ရ...။ အဲတုန်းက ကျနော့်မှာ မနက်ဆို အဲပြူတင်းပေါက်အောက်ပေါက်နားထိုင်ပြီး အောက်ကလူတွေရဲ့လှုပ်ရှားသွားလာတာကို ငေးကြည့်ရ...။ တိုက်ရှေ့ကအိမ်က ရေခဲရောင်းတာ ရေခဲတုံးအကြီးကြီးတွေကို စပါးခွံတွေဖယ် လွှနဲ့ခွဲ ..။ ရေသန့်ရေခဲဆိုတာ ခုခေတ်မှသာရှိတာ အဲတုန်းက ရေခဲတုန်းတွေက လမ်းပေါ်မှာ ဒီတိုင်းချပြီး သုံးခါနီးရေဆေးသုံးရတာ ရေကလည်းရေသန့်မဟုတ်ဘူး ရှိတဲ့ ဘုံဘိုင်ရေနဲ့လုပ်တာ ရေစစ်တွေ ဘာတွေလည်းမရှိ အဲရေခဲတုံးတွေကို အရေပျော်တဲ့အထိထားကြည့်ပါလား အနယ်တွေအမှိုက်တွေတွေ့ရပါလိမ့်မယ်...။ ဒါပေမယ့်လည်း အဲခေတ်က အဲလိုရေခဲတွေနဲ့ပဲ အအေးဖျော် ကျောက်ကျောရည်ထဲထည့် သောက်ရတာပါပဲ...။ ကျနော်မှာတစ်နေ့တစ်နေ့ ဘာမှလုပ်စရာမရှိတော့ အဲပြူတင်းပေါက်လေးမှာ ထိုင်ထိုင်ကြည့်ရတာ အောက်ကသူများတွေအလုပ်လုပ်တာကို...။ ရောက်ခါစဆိုတော့ ပျော်ကလည်းမပျော် ငိုမဲ့မဲ့ သနားကမားရုပ်လေးနဲ့ပေါ့...။ အဲတုန်းက ဖုန်းကင်မရာများရှိရင် ကိုယ့်ပုံကိုယ်မှတ်တမ်းတင်ထားချင်မိတာ...ပြူတင်းပေါက်နားလေးမှာ သံတိုင်လေးကိုင်ပြီး အောက်ထပ်ကိုငေးမောနေတဲ့ ပျော်ရွှင်မှုကင်းမဲ့နေတဲ့ အသက်ဆယ့်သုံးနှစ် ကလေးမလေးတစ်ယောက်.....။ ကျနော်တို့နေတဲ့အထပ်က ပထမထပ် မြေညီထပ်မှာက ချစ်ကောင်းဆီချက်ဆိုင်ရှိတယ် ကျနော့်တစ်သက်မှာစားဖူးသမျှဆီချက်ခေါက်ဆွဲထဲမှာ ချစ်ကောင်းဆီချက်လောက်ကောင်းတာမတွေ့ဖူးသေးဘူး...။ ခုတော့ အဲလူလဲဆိုင်မဖွင့်တော့ဘူး ....။ နောက်ပိုင်းဆီချက်ခေါက်ဆွဲတွေက ပဲငံပြာရည်တွေ ခေါက်ဆွဲဖတ်တွေကအစ ပြောင်းသွားလို့ထင်တယ် အရင် မူလအရသာမျိုးမရတော့ဘူး...။ ခုဒီနေ့စားခဲ့တဲ့ ဘောဂဆိုင်က ဆီချက်ဆိုလည်း ပုံမှန်ပဲ မူလအရသာမဟုတ်တော့ဘူး ....။ ပြီးတော့ အဲဆိုင်မှာရတဲ့ ဘလက်ကော်ဖီအေးဆိုတာလည်း ကျနော် ရန်ကုန်ရောက်ခါစက ကျနော့်အဒေါ်က စတီးမတ်ခွက်ကြီးနဲ့ ပြည်တွင်းဖြစ်ကော်ဖီမှုန့်ကိုနှပ်ပြီး သကြားရည်နဲ့ဖျော် ရေခဲသေတ္တာထဲအအေးခံထားပြီးသောက်ကြတာ...။ အဲတုန်းက ကာဖီကျွိလို့ခေါ်ကြတယ် တရုတ်တွေ...။ ခုဘောဂကဖီးမှာတော့ အော်စွန်းလို့ခေါ်တယ်....။
______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment