နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....
ပိဋိကတ်သုံးပုံ = သုတ္တန်, ဝိနည်း, အဘိဓမ္မာ
အဘိဓမ္မာ = စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်
စိတ် (၈၉) = လောကီစိတ် (၈၁) + လောကုတ္တရာစိတ်(၈)
အာရုံကိုသိတဲ့ သဘောကို စိတ်လို့ခေါ်ပါတယ်...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ...။ အာရုံမရှိရင် စိတ်မရှိနိုင်ပါဘူး..။ စိတ် ၈၉ ထဲက လောကီစိတ် (၈၁)ပါးကို အသေးစိပ်ထပ်ရေးပြပါမယ်...။
လောကီစိတ် (၈၁)
ကာမဝိစရစိတ် = ၅၄ ပါး
ရူပါဝိစရစိတ် = ၁၅ ပါး
အရူပါဝိစရစိတ် = ၁၂ ပါး
-------------------------
စုစုပေါင်း ၈၁ ပါး
-------------------------
ကာမဝိစရစိတ် (၅၄)ပါး
အကုသိုလ်စိတ် = ၁၂ ပါး
အဟိတ်စိတ် = ၁၈ ပါး
ကာမသောမနစိတ် = ၂၄ ပါး
---------------------------
စုစုပေါင်း ၅၄ ပါး
---------------------------
စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ်(၁၂) အကြောင်းကို ပြောပြပြီးပြီမို့ (၂) မှာ အဟိတ်စိတ်(၁၈)ပါးကို ကျွန်မ ဖတ်မှတ်သလောက်လေး ရေးပြချင်ပါတယ်...။
အဟိတ်စိတ် (၁၈)ပါး
အကုသလဝိပါတ်စိတ် = ၇ ပါး
အဟိတ်ကုသလဝိပါတ်စိတ် = ၈ ပါး
အဟိတ်ကြိယာစိတ် = ၃ ပါး
--------------------------------------------
စုစုပေါင်း ၁၈ ပါး
--------------------------------------------
အဘိဓမ္မာစိတ်ပိုင်း(၂) တုန်းက ကျန်နေသေးတဲ့ အဟိတ်ကြိယာစိတ် (၃) ပါးကို ဆက်ပြောပြပါမယ်....။
အဟိတ်ကြိယာစိတ်(၃)ပါး
၁) ဉပေက္ခာ သဟဂတ ပဉ္စဒွါရာဝဇနစိတ်
၂) ဉပေက္ခာ သဟဂတ မနောဒွါရာဝဇနစိတ်
၃) သောမနဿ သဟဂတ ဟသိတုပ္ပါဒစိတ်
ဉပေက္ခာ သဟဂတ ပဉ္စဒွါရာဝဇနစိတ်
အလည်အလတ်ဝေဒနာရှိတဲ့ အာရုံဆင်ခြင်စိတ်ဆိုတော့ မျက်စိ နား နှာခေါင်း လျှာ ကိုယ်ဆိုတဲ့ တံခါးပေါက်မှာ ဆင်ခြင်လိုက်တဲ့စိတ်ပါ...။ နှင်းဆီပန်းလေးကိုမြင်လိုက်တဲ့အခါ သီချင်းသံလေးကြားလိုက်ရတဲ့အခါ ခရေပန်းရနံ့လေးရလိုက်တဲ့အခါ လျှောက်သီးစားလို့ချဉ်တဲ့အခါ အိစက်တဲ့ဖဲမွေ့ယာပေါ်မှာ အိပ်မိတဲ့အခါ သူက သက်ဆိုက်ရာ တံခါးပေါက်ဘက်ကိုလှည့်ပေးလိုက်တာပါ...။ Five Sense-door adverting consciousness, accompanied by difference လို့ပြန်ပါတယ်....။
ဉပေက္ခာ သဟဂတ မနောဒွါရာဝဇနစိတ်
မနောဆိုတာ စိတ်၊ ဒွါရဆိုတာ တံခါးဖြစ်လို့ စိတ်တံခါးမှာဖြစ်တဲ့ အာရုံဆင်ခြင်စိတ်ပါ...။ စိတ်တံခါးဖြစ်လို့ တကယ်မြင်တာမျိုးကြားတာမျိုး မဟုတ်ဘဲ အတိတ်နဲ့အနာဂတ်ကဖြစ်ရပ်လေးတွေကို ပြန်မြင်ယောင်ပြီး အတွေးထဲပေါ်လာတာမျိုးပါ...။ အာရုံငါးပါးနဲ့မဆိုင်တဲ့ စိတ်တံခါးမှာဆင်ခြင်တာဖြစ်လို့ Mind door adverting consciousness accompanied by difference ဆိုပြီး မှတ်ထားနိုင်ပါတယ်....။
ဒီနေရာမှာ မနောဒွါရာဝဇ္ဇန်းစိတ်ပါ....။ သူက ငါးဒွါရမှာလည်း ဖြစ်နိုင်ပါသေးတယ်...။ ဒီလိုဖြစ်တဲ့အခါ ခုနလို ဆင်ခြင်တဲ့အနေမျိုးနဲ့မဟုတ်ဘဲ ဝုဌောဆိုတဲ့ ဆုံးဖြတ်စိတ်အနေနဲ့လုပ်ပေးပါတယ်...။ နားလည်လွယ်ကူအောင် လူတစ်ယောက်တည်းက ဌာနနှစ်ခုကို ကိုင်သလို အလုပ်နှစ်ခုလုပ်ပါတယ်...။ ပဉ္စဒွါရာနဲ့ မနောဝဇ္ဇန်းကိုတွဲပြီး အာဝဇွန်းဒွေး two adverting consciousness လို့ခေါ်တယ်...။ သူတို့နှစ်ခုဟာ ကုသိုလ်, အကုသိုလ် မဟုတ်လို့ အဗျာကတတွေပါ...။ သူတို့မှာ အာရုံနဲ့ဝတ္ထုဆုံဆည်းတဲ့စွမ်းအားနဲ့ အလုပ်လုပ်နဲ့ ကြိယာ functional သဘောသာရှိလို့ ကြိယာအဗျာကတ လို့ခေါ်ပါတယ်....။
ဘဝင်စိတ်, သမ္ပဋိစ္ဆိုင်းနဲ့ သန္တီရဏတို့က ဝိပါတ်အဗျာကတတွေဖြစ်တယ်...။ သူတို့က ကံ ကံ၏အကျိုးဝိပါတ်စိတ်တွေမို့ ဝိပါတ်အဗျာကတတွေပါ....။
သောမနဿ သဟဂတ ဟသိတုပ္ပါဒစိတ်
ဟသိက ပြုံးရယ်တာ ဉပ္ပါဒက ဖြစ်စေတာလို့ အဓိပ္ပါယ်ရာမို့ ဟသိတုပ္ပါဒဆိုတာ ပြုံးရယ်ခြင်းကို ဖြစ်စေတတ်သောစိတ် smiling consciousness ကိုပြောတာပါ...။ ဒီနေရာမှာ ပြုံးရယ်တယ်ဆိုကတည်းက ဉပေက္ခာနဲ့ ရယ်လို့မရသလို ဒေါမနဿနဲ့လည်း ရယ်လို့မရတာမို့ ဘုရား ရဟန္တာတွေပြုံးရယ်တဲ့အခါမှာ သောမနဿသဟဂုတ် ဟသိတုပ္ပါဒစိတ်ပဲဖြစ်ပါတယ်....။
အရိယာနဲ့ ပုထုဇဉ်မှာ ဒီစိတ်မဖြစ်ပါဘူး....။ လူတွေမှာ ဘယ်လိုစိတ်တွေနဲ့ပြုံးရယ်လဲဆိုရင် စကားပြောတဲ့အခါ လောဘမူသောမနဿ ဒါမှမဟုတ် ကာမဝစရ ကုသိုလ်သောမနဿနဲ့ရယ်ပါတယ်...။
အကုသိုလ်စိတ် (၁၂)ပါးနဲ့ အဟိတ်စိတ် (၁၈)ပါးပေါင်းရင် အပါး(၃၀) သူတို့ကို အာသောဘန ဒါမှမဟုတ် မတင်တယ် မလှပသော စိတ်များ Inelegance mind လို့ခေါ်ပါတယ်....။
စိတ်(၈၉) မှာ အခုအပိုင်းသုံးမှာ ကာမဝိစရစိတ်(၅၄)ပါးထဲက အပါး(၃၀)ထိရောက်သွားပါပြီ....။ ဆက်ပြီး ဝီထိစိတ် နဲ့ ဘဝင်စိတ် အကြောင်းလေးနဲနဲပြောပြချင်ပါတယ်....။ လူတွေမှာ မွေးဖွားလာတဲ့အခါကစပြီး သေဆုံးတဲ့အထိ စိတ်တွေမှာ ဘဝင်စိတ်နဲ့ ဝီထိစိတ်ဆိုပြီး နှစ်မျိုးရှိတယ်...။ အဘိဓမ္မာအရ ဘဝင်ဆိုတာ ဘဝင်္ဂဆိုတဲ့ ပါဠိဝေါဟာရကနေ ဆင်းသက်လာတာပါ....။ ဘဝရဲ့ ရှင်သန်နေမှု ဒါမှမဟုတ် ကံရဲ့စွမ်းအားနဲ့ အရှိန်မပျက်သွားနေတဲ့ စိတ်ကို ဆိုလိုတာပါ....။ လူတွေမှာ ပဋိသန္ဓေစပြီး ဖြစ်တဲ့စိတ် အိပ်ပျော်နေစဉ်ဖြစ်တဲ့စိတ် နောက်ဆုံး ဘဝကူးခါနီးဖြစ်တဲ့ စိတ်တွေအားလုံးဟာ ဘဝင်စိတ်တွေပါပဲ...။ ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ် လို့ခေါ်ပေမယ့် တစ်မျိုးထဲပါပဲ....။
အလွန်ငြိမ်သက်သိမ်မွေ့လို့ ဘဝင်စိတ်ဖြစ်နေတာကို သိဖို့အတော်ခဲယဉ်းပါတယ်....။ Subconscious or subtle mind လို့ တချို့ပြန်ကြတယ်...။ အေးဆေးငြိမ်သက်တော့ စာအုပ်ထဲမှာ အပြာလိုင်း blue line အနေနဲ့သတ်မှတ်လို့ရပါတယ်....။ ဝီထိစိတ်က ပင်လယ်ပြင်က လှိုင်းလုံးတွေလို လှုပ်ရှားတက်ကြွနေတဲ့ သိစိတ်အစဉ်မို့ အနီလိုင်း red line အနေနဲ့ သတ်မှတ်ထားတယ်...။
ဆိုင်ရာအာရုံအလိုက် သဇင်ပန်းလေးတွေ မြင်တဲ့အခါ ခရေပန်းရနံ့ရတဲ့အခါ သီချင်းသံကြားတဲ့အခါ မြင်စိတ်ကြားစိတ်ရနံ့သိစိတ်တွေဟာ တချိန်တည်းတပြိုင်တည်းမြင်တာ ကြားတာ သိတာမျိုးမဟုတ်ဘဲ သူ့အစဉ်အတိုင်းသွားနေတာမို့ ဝီထိအစဉ်လို့ခေါ်ပါတယ်...။ စိတ္တနိယာမအရ တစ်ချိန်တည်းမှာ စိတ်နှစ်ခုဟာ တပြိုင်နက်ထဲဖြစ်ရိုးထုံးစံမရှိလို့ တစ်စိတ်ချုပ်ပြီးမှ တစ်စိတ်ဖြစ်ပါတယ်....။ အိပ်ပျော်သွားတဲ့ အခါ ဝီထိစိတ်တွေမရှိတဲ့အခါ ဘဝင်စိတ်တွေကြားခံ bufferအနေနဲ့ ဆောင်ရွက်ပေးပါတယ်...။
အိပ်ပျော်နေခိုက် အာရုံအသစ်ဝင်လာတာနဲ့ မနောဒွါရဆိုတဲ့ ဘဝင်စိတ်က တံခါးဖွင့်ပေးလိုက်ပါတယ်....။ ဒီနေရာမှာ မနောဆိုတာ စိတ် ဒွါရဆိုတာက တံခါးလို့ အဓိပ္ပါယ်ရလို့ ဘဝင်စိတ်တံခါး mind door အနေနဲ့ ဆောင်ရွက်ပေးတာမို့ လူမှာ မျက်စိ နှား နှာခေါင်း လျှာ ကိုယ် အပြင် စိတ်ဆိုတဲ့ တံခါးပေါက်ရှိပါသေးတယ်....။
ဉပမာ မြင်သာအောင်ပြောရရင် နေ့ခင်းတရေးအိပ်တဲ့အခါ ဘဝရဲ့ မပြတ်ကြောင်းဖြစ်တဲ့ ဘဝင်စိတ်တွေဖြစ်နေပါတယ်...။ ဒီအချိန်မှာ တယောက်ယောက်က တံခါးလာခေါက်ရင် ဘဝင်စိတ်အစဉ် ပြတ်စဲသွားပြီး အကြားအာရုံကြောင့် ဝီထိစိတ်တွေ ဖြစ်လာပါတယ်...။ ဒါပေမယ့် ပြင်ပအာရုံတစ်ခုခုဝင်လာလို့ ဘဝဖြစ်စဉ်ပြတ်တဲ့အခါ ရုတ်တရက် ထိခနဲမပြတ်ဘူး ပြေးနေတဲ့ သူဟာ ရုတ်တရက် အပြေးရပ်လိုက်ရင် တိခနဲမရပ်နိုင်ဘဲ ခြေတလှမ်းနှစ်လှမ်းလွန်ပြီးမှ ရပ်လို့ ရသလို ဘဝမှာလည်း ပြင်ပအာရုံဝင်လာရင် ဘဝမှာလည်း ပြင်ပအာရုံဝင်လာရင် ဘဝင်စိတ် နှစ်ခါလောက်ဖြစ်ပြီးမှ ပြတ်သွားပါတယ်....။
ပထမဆုံး ဘယ်လိုအကြားအာရုံမျိုးပါလိမ့်ဆိုတဲ့ အာရုံဆင်ခြင်စိတ် ပဉ္စဒွါရာစဇ္ဇန်းပါ....။
ဒီတစ်ခါ တကယ်မြင်တာမျိုးကြားတာမျိုးမဟုတ်ဘဲ အတိတ်နဲ့အနာဂတ်က သတိရအောက်မေ့ဖွယ်ဖြစ်ရပ်လေးတွေစိတ်ထဲ ထင်မြင်လာတာကို မနောဒွါရာဝဇ္ဇန်းလို့ခေါ်တယ်...။ (Consider and inquire into mind door or sixth sense door)
အာရုံတံခါးကိုဖွင့်လိုက်လို့ အသံကိုသဲသဲကွဲကွဲဆင်ခြင်မိတဲ့အခါ ကြားစိတ် Ear Consciousness ဖြစ်လာပါတယ်...။ ဆက်တိုက်ဆိုသလို အကြားအာရုံကို လက်ခံတဲ့အခါ လက်ခံစိတ် သမ္ပဋိစ္ဆိုင်း Receiving Mind ဖြစ်လာတယ်...။ လက်ခံပြီးရင် စုံစမ်းရမှာမို့ အာရုံစူးစိုက်စိတ် သန္တီရဏ Investigating Mind ဖြစ်လာပါတယ်...။ စုံစမ်းပြီးရင် ဆုံးဖြတ်ရမှာ သူ့နောက်မှာ တံခါးခေါက်သံပဲဆိုတဲ့ အာရုံဆုံးဖြစ်စိတ် ဝုဌော Deciding Mind ဆက်တိုက်ဖြစ်လာပါတယ်...။ ဝုဌောပြီးရင် တံခါးခေါက်သံကို ထိတွေ့ခံစားတဲ့ အရှိန်အဟုန်ပြင်းတဲ့ ဇောစိတ်တွေ ခုနှစ်ကြိမ်ဖြစ်လာပါတယ်...။ သူ့နောက်မှာ ဇောစိတ်ရဲ့ အာရုံကိုဆက်လက်ခံစားတဲ့ တဒ္ဒါရုံစိတ်နှစ်ခုဖြစ်လာပါတယ်...။
ဇောဆိုတာ ဇဝနဆိုတဲ့ ပါဠိစကားကဆင်းသက်လာတာပါ...။ သူက အရှိန်အဟုန်နဲ့ အားရှိတဲ့ သဘောကို ဆိုလိုပါတယ်...။ နှေးတာမြန်တာကို ဆိုလိုတာ မဟုတ်ဘဲ အရှိန်အဟုန် Momentum ရှိတဲ့ သဘောကိုပြောတာပါ...။ တဒ္ဒါရုံက ဇောရဲ့ အာရုံကို ဆက်လက်ခံစားတာပါ...။ နားလည်လွယ်အောင် ပြောရရင် အရသာရှိတဲ့ မုန့်ဟင်းခါးတစ်ပွဲကို ဇောစိတ်တွေနဲ့ စားသောက်ပြီးရင် တဒါရုံနဲ့ အဲဒီအရသာကို ဆက်လက်ခံစားနေတဲ့ သဘောပါ....။ လူ့ဘဝသက်တမ်းမှာ လှုပ်ရှားနိုးကြားတဲ့ ဝီထိစိတ်နဲ့ အေးချမ်းပြီး ငြိမ်သက်တဲ့ဘဝင်စိတ်က တစ်လှည့်စီဖြစ်နေပါတယ်....။
ဝီထိစိတ် = လှုပ်ရှားနိုးကြားတဲ့စိတ်
ဘဝင်စိတ် = အေးချမ်းငြိမ်သက်တဲ့စိတ်
ဝုဌော = အာရုံဆုံးဖြတ်စိတ်
မှတ်ချက်။ ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။
မိုးငွေ့
No comments:
Post a Comment