Wednesday, 26 May 2021

ဓမ္မအထွေထွေမှတ်စုများ(၁၆).....


 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



[ကဆုန်လပြည့် ဗုဒ္ဓနေ့]

🌷🌷🌷🌷🌷🌷🌷


ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်။ (သောကြာနေ့)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်။

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် ။ (အင်္ဂါနေ့)


# Retoch ( Kosone)

# `` ကဆုန်လပြည့် ဗုဒ္ဓနေ့. ´´ 

# ဆု . ဖွား . ပွင့် .စံ ဤလေးတန် 

မှတ်ရန် ကဆုန်လပြည့်နေ့ ´´

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့

နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ 

(၁) " ဆု "

------

ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ

ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်

ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ 

ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ

ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။


(၂) " ဖွား "

------

ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး

မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု

ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 


(၃) " ပွင့် "

-------

ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား

ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊

ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။


(၄) " စံ "

------

ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း

မဟာသက္ကရာဇ် (၁၄၈)ခု ၊ကဆုန်လပြည့်နေ့သာ

ဖြစ်ပါတယ် ။

ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော

ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်

ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားများကို

ပွားများလာအောင် အားထုတ်နိ ုင်ကြပါစေ။

အရှင်သုနန္ဒ (မစိုးရိမ်)

..............


ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

××××××××××××××××××××××××××××××××××××

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ကဆုန်လပြည့် နေ့၏ထူးခြားချက်မှာ(ဗျာဒိတ်၊ ဖွားမြင၊် ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-

ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း

ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း

ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း

ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း

ဤထူးခြားချက်လေးမျိုးတို့နှင့်တိုက်ဆိုင်နေပါသည်။ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်ပြည့်စုံသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်ဗုဒ္ဓနေ့ "ဟုအမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင်မာရ်နတ်ရန်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်မာန်အောင်နေ့" အဖြစ်ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်တွင်စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ဖွားမြင်တော်မူခြင်း၊

ပရတ်နိဗ္ဗာန်စံတော်မူခြင်းများကိုအကြောင်းပြ၍ ကဆုန်လပြည့်နေ့ကို "ဝိဆခ်ဒေး"ဟုခေါ်ကြပါသည်။ ဝိသာခါဒေးဟုဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သောနေ့ထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည်သဗ္ဗုညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်၇ပါးတွင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့်တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။ 

၆။ မြန်မာ့ရိုးရာဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ ၌ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။ 

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓ်ိပင်ကိုစိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်)ကျမ်းဂန်၌ဟောကြားထားပါသည်။ 

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကိုနံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်းဝေးခြင်း၊ စသောအကျိုးများကိုခံစားရပါသည်။ 

၉။ အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် "ကဆုန်လပြည့်နေ့"ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ အမူ့ကိုပြုလုပ်၍ "ကဆုန်လပြည့်ဗုဒ္ဓနေ့ကိုအမှတ်တရဆင်နွှဲကြပါသည်။

မာဂဓီ(သာစည်)၏

[အခါတော်နေ့များ]စာအုပ်မှ

........

ကုဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ။

(ဒေါက်တာ အရှင်ရာဟုလာ)

=============== ."မျှဝေပါ၏"

ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။

ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့-

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။

ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။

ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ

ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား 

ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။


Crd

No comments: