သည်နေ့ ကျွန်မအလုပ်နားရက် …။ ပုံမှန်တော့ စနေကိုနေ့တစ်ဝက်ရုံးတက်ရပေမယ့် သည်စနေကတော့ အစိုးရရုံးပိတ်ရက်နဲ့တိုက်သွား၍ စနေတနင်္ဂနွေနှစ်ရက်ဆက်သွားသည်…။ အိမ်အလုပ်များကို အဝတ်လျှော်ဖို့ကလွဲပြီး မနက်စောစောကတည်းလုပ်ထားခဲ့ပြီးပြီ….။ ကျွန်မတို့နေသည့် တိုက်ရှေ့မှ ဗာဒံပင်ခပ်အုပ်အုပ် လက်ဖက်ရည်ဆိုင်ကလေးမှာ မုန့်ဟင်းခါးတစ်ပွဲမှာပြီး စောင့်နေလိုက်သည်…။ မောင်တို့ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက် တိုက်ခန်းအသစ်ဝယ်ဖြစ်သွားလို့ အိမ်သစ်တက် ဘုရားအနေကဇာတင် ဖိတ်ထား၍ မောင်တို့ရုံးမှ စီနီယာအစ်မတစ်ယောက် ဝင်အခေါ်ကိုစောင့်နေခြင်းပင်…။ ချိန်းထားသည်က ကိုးနာရီခွဲ…။ သူများတွေဘယ်လောက်ပဲ ရုံးပိတ်ရက်ရှိရှိ မောင်တို့ရုံးကတော့ ဆန့်ကျင်စွာ တနင်္ဂနွေမှလွဲ၍ အလုပ်ဆင်းရပါသည်…။ ဒါကလည်း သဌေးရဲ့မူကို မလွန်ဆန်ခဲ့ရာက မောင်တို့အတွက် ပိတ်ရက်ဆိုတာ သတ်သတ်မှတ်မှတ်မရှိတော့…။ မုန့်ဟင်းခါးကုန်ခါနီးတော့ ကျွန်မ နာရီကိုကြည့်မိသည် ကိုးနာရီခွဲဖို့ ငါးမိနှစ်ပဲလိုတော့သည်…။ ထိုစဉ် လက်ပွေ့အိတ်ထဲမှ သီချင်းသံလေးမြည်လာသည်…။ ကျွန်မက ring tone ကိုခွဲခြားထည့်ထားခြင်းကြောင့်ပင် မောင့်ဆီကဖုန်းမှန်းတန်းသိလိုက်သည်…။
“မီ…ဘယ်မှာလဲအခု…အောက်ဆင်းစောင့်နေပြီလား”
“အင်း.. မီအခုတိုက်ရှေ့ကဆိုင်မှာ မုန့်ဟင်းခါးစားရင်းစောင့်နေတာ…”
“အင်းအင်း စောင့်ရင်းလည်း ကြည့်နေဦးနော် မချိုက အိမ်ကထွက်လာနေပြီ မီးပွိုင့်မိနေတယ် တအောင့်နေရင် သူရောက်လိမ့်မယ်”
“အင်းပါ…”
မောင်ဖုန်းချတော့ ကျွန်မမုန့်ဟင်းခါးဖိုးကြိုရှင်းထားရင်း ရေနွေးပူပူကိုမှုတ်ကာ ခပ်ဖြေးဖြေးသောက်နေလိုက်သည်..။ ဖြတ်လာသမျှ အငှားကားတွေကို အဆက်မပြတ်ကြည့်နေသော်လည်း မချိုပါသည့်ကားကိုမတွေ့မိသေး…။ မောင့်ဆီကဖုန်းသံထပ်မြည်လာခဲ့သည်…။
“မီ…မချိုက ကိုယ်တို့တိုက်ရှေ့က ဆေးဆိုင်ရှေ့ရောက်နေပြီတဲ့ မီက ခုဘယ်မှာလဲ..”
“ဟင် ..ဟုတ်လား ဒါဆို မီရှာလိုက်ဦးမယ် ဒါပဲနော်မောင် တော်ကြာတွေ့ကြမယ်…”
ကျွန်မကြည့်နေသည့်ကြားက အငှားကားကလေးက ကျွန်မထိုင်သည့် မုန့်ဟင်းခါးဆိုင်နှင့်တစ်ဆိုင်ကျော်က ဆေးဆိုင်ရှေ့တွင်ရောက်နှင့်ကာ စောင့်နေသည်…။ ကျွန်မ ကားနာရောက်သွားတော့ မချိုက ကျွန်မတို့တိုက်ခန်းကို မော့ကြည့်ရှာဖွေနေသည်..။
“အစ်မ…မီရောက်ပြီ…”
ကျွန်မကားတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်…။ သမီးကလေးတစ်ယောက်အမေ မချိုကတော့ မြင်နေကျတိုင်း မျက်နှာမှာ ဘာမျှသိပ်ခြယ်သမထားဘဲ ခရမ်တစ်မျိုးကိုသာ ခပ်ပြောင်ပြောင်ကလေး လူးထားပြီး အသားရောင်နှုတ်ခမ်းဆိုးဆေးကို ခပ်ဖွဖွသာတင်ထားသည်…။ မချိုပြုံးလိုက်လျှင် ဖွေးခနဲပေါ်လာတတ်သော သွားတက်တွေကို ကျွန်မသိပ်သဘောကျသည်…။ ကျွန်မထက်အသက်သုံးနှစ်ကြီးပြီး အရပ်လည်းပိုရှည် ခန္ဓာကိုယ်ဖွဲ့စည်းပုံပါထွားသော မချို ..ရုပ်ရှင်မင်းသမီး စိုးမြတ်သူဇာလို ကိုယ်လုံးကိုယ်ပေါက်နှင့်ဖြစ်သည်…။ အနက်ရောင်ပြောင်ချည်လုံချည်ကို အဖြူအနက်စပ် ရေခဲသားခပ်ပျော့ပျော့တွဲတွဲပွပွ ဘလောက်စ်အင်္ကျီကိုဝတ်ဆင်ထားသော မချိုသည် သူမ၏ ကိုယ်ပိုင်စတိုင်လ်ကို ထိန်းထားမြဲ…။
“စောစောစီးစီး နေပူလွန်းလို့ညီမရေ…ထီးယူလာရတယ်…” မချိုက နီညိုရင့်ရောင် ချာလီထီးကို ကိုင်ထားရင်းပြောသည်…။
ဟုတ်ပါရဲ့ ဖေဖော်ဝါရီဆိုတာ ကျွန်မတို့ငယ်စဉ်အခါက နှင်းတွေပိန်းပိတ်နေအောင်ကျလို့ အနွေးထည်တွေအထပ်ထပ် ခြေအိတ်တွေဝတ် သိုးမွှေးဦးထုပ်တွေစောင်းရနဲ့..။ ခုတော့ ဆောင်းဆိုတာ ရာဇဝင်ထဲများကျန်ခဲ့လေသလားမပြောတတ်တော့…။ မနက် မိုးလင်း နေထွက်တာနဲ့ လူက ချွေးပြိုက်ပြိုက်ကျနေပြီ…။ ခုလိုရာသီမျိုးမှာ မင်္ဂလာပွဲတွေ အလှူပွဲတွေသွားဖို့ လှတပတပြင်ဆင်လူလိမ်းဖို့ဆိုတာ စိတ်မပါချင်စရာပါ…။ ရေချိုးပြီး အဝတ်မလဲခင်ပဲ ချွေးကပြန်ထွက်ပြီဆိုတော့ …။ အဲလိုအိုက်စပ်လွန်းလို့လည်း ပန်းနုရောင်အပျော့သားပေါ်မှာ ခဲရောင်အလုံးကလေးတွေပါသည့် လုံချည်ကို ခဲရောင်တီရှပ်အတိုကလေးနဲ့ပဲတွဲဝတ်လာခဲ့လိုက်တော့သည်..။ မချိုလိုပဲ ကျွန်မလည်း မျက်နှာတွေကို မိတ်ကပ်လူးရမှာ မကြိုက်လို့ ခပ်ပြောင်ပြောင်ကလေးမှာ နှုတ်ခမ်းဆိုးဆေး ပန်းဖျော့ရောင်ကိုသာဆိုးခဲ့သည်..။
မချိုက ကျွန်မလက်ထဲက ကြွပ်ကြွပ်အိတ်ကိုလှမ်းကြည့်တော့…
“အော်… ကျော်တို့မောင်နှမအတွက်လေ… သူတို့တိုက်ခန်းသစ်ကလေးပြောင်းနေတော့ အိုးခွက်ပန်းကန်တွေလိုမှာပဲဆိုပြီး ဝယ်ခဲ့လိုက်တာ အစ်မ… ပြီးတော့ အရင် မီတို့ရပ်ကွက်မှာ နေတုန်းက သူတို့အိမ်မှာ... မီးဖိုချောင်ပစ္စည်းတွေ လောက်လောက်ငင သိပ်မရှိတာတွေ့တာနဲ့ ဒါပဲဝယ်လိုက်တာ”
“ကောင်းတယ် ကောင်းတယ် ညီမ….”
ကျွန်မတို့နှစ်ယောက်စီးတဲ့အငှားကားက မြို့ပြင်အထွက်ဖက်မှာရှိသည့် မောင်တို့ရုံးခန်းကို ကားများစွာကြားက တအိအိနှင့်တော့ မောင်းနှင်နေလေသည်…။ လှည်းတန်းမီးပွိုင့်တွင် ခါတိုင်းရုံးဖွင့်ရက်တွေကလို ကားပိတ်ပေမယ့် အချိန်ကြာကြာသိပ်မစောင့်လိုက်ရပါ..။ ကျွန်မနှင့်မချိုလည်း ကားပိတ်ခြင်းကို ဥပေက္ခာပြုကာ လာမည့်နွေပိတ်ရက်မှာ မချိုတို့ မိသားစုလိုက် ခရီးထွက်ကြမည့်အကြောင်းကို စကားကောင်းနေကြသည်…။
ကျွန်မတို့ မရောက်ခင် ငါးမိနစ်အလိုမှာ မောင်ဖုန်းဆက်လာသေးသည်…။ ရောက်ခါနီးနေပါပြီဟုပြောတော့ ဖုန်းပြန်ချသွားသည်…။ ရုံးက ပိတ်ဖို့အဆင်သင့်ဖြစ်နေပါပြီတဲ့….။ ကျော်တို့ပြောင်းသွားသည့် လိပ်စာကို မသွားတတ်လို့ ခုလို ရုံးကလူတွေနဲ့အစုံအလင် တစုတစည်းထဲကားငှားသွားဖို့ ဆုံးဖြတ်လိုက်ကြခြင်းပင်…။ ကျွန်မတို့ရောက်တော့… မောင်တို့ရုံးက ကားမရောက်သေး၍ နာရီဝက်ခန့်စောင့်ရသေးသည်..။ မချိုက ရုံးက ပိုတဲ့ ထမင်းချိုင့်တစ်ချိုင့်ကို ဖွင့်စားနေပြီ…။
“မချို မနက်စာမစားခဲ့ဘူးလားဗျ… ဒီလိုမှန်းသိ ကျွန်တော်ချန်ထားပေးပါတယ် မနက်က မီ..ကြက်ကြော်နဲ့ မြင်းခွာရွက်သုပ်လုပ်ပေးလိုက်တာ… ဟိုကောင်တွေလုစားတာနဲ့တင်ပြောင်ရော…”
“အေးဟာ…ငါလည်း အိမ်မှာ ကလေးအတွက်လုပ်နေတာနဲ့ မနက်စာမစားခဲ့လိုက်တော့တာ ဒီရောက်တော့ နင်တို့ချိုင့်ကို ဓါးမြတိုက်မယ်ပေါ့”
မချိုတို့က ရုံးပိုင်းမို့ မောင်တို့ Marketing အဖွဲ့လို အစိုးရရုံးပိတ်ရက်ကို ရုံးတက်စရာမလိုပေ…။
“မမီ….လက်ဖက်ရည်သောက်ဦးမလားဗျ… မချိုအတွက်ကျွန်တော်သွားမှာမလို့”
မောင့်ရုံးက အလုပ်သမားကလေးလာမေးတော့ ကျွန်မ မောင့်ကိုလှမ်းကြည့်လိုက်သေးသည်…။ မောင်က ခပ်အေးအေးပင် ဖုန်းကို ကလိနေသည်…။
“အင်း မောင်လေး တစ်ခွက်မှာခဲ့လိုက်နော်…”
“အင်းးး …အစားသောက်ဆို စိတ်ချရတယ်နော် ဘာမှမလွတ်ချင်ဘူး… မုန့်ဟင်းခါးစားခဲ့တယ်ဆို”
မောင်က ကျွန်မကို လုံးဝမကြည့်ဘဲ ဖုန်းစခရင်မ်ကိုသာ သည်းကြီးမဲကြီးကြည့်ပြီး လှမ်းပြောဖြစ်အောင် ပြောလိုက်သေးသည်…။ ကျွန်မကိုလှမ်းမကြည့်ပေမယ့် မောင်ကကျွန်မ မျက်စောင်းကို အလွတ်ရနေလောက်ပါပြီ…။
“ဟဲ့…မောင်မျိုးမင်းထင် ကလဲကွယ် သောက်ပါစေ…နို့မို့ဆို ငါတစ်ယောက်ထဲသောက်နေရမှာ…”
“အစ်မညီမ အဲဒီအစားသောက်ငမ်းနေတာနဲ့ တစ်နေ့တစ်နေ့ဝလာနေပြီ… ကျွန်တော်ကတော့ ပုံပျက်ပန်းပျက်ဖြစ်လာရင် ထားပစ်ခဲ့မှာ… အဲခါကျ ….”
သူ့စကားမဆုံးခင်မှာပဲ ကျွန်မသူ့လက်ဖျံကို ခပ်စပ်စပ်ကလေး တစ်ချက်ရိုက်လိုက်သည်…။
“မောင်…နော်.. ကိုယ့်ဘာသာကိုပဲပြန်ကြည့်ဦး ဒီဗိုက်ရွှဲကြီးကို ဘယ်ကောင်မလေးကလာကြိုက်မှာလဲ”
“ဟာ… ကိုယ့်ကို စိန်မခေါ်နဲ့နော်… ကောင်မလေးတွေပါလာမှ မီမငိုနဲ့…”
“အဲဒါပဲ ကိုယ့်တိုင်က စိတ်ပါနေတယ်ပြောပါ ဟွန့်…”
မောင်က ကျွန်မနောက်တစ်ကြိမ်ထိုးလိုက်သည့် မျက်စောင်းနှင့် နှုတ်ခမ်းစုလိုက်သည်ကို ကြည့်ရင်း တဟားဟားနှင့်ရယ်ကာ လက်ထဲကဖုန်းကိုစားပွဲပေါ်ချရင်း… စားပွဲအံဆွဲလေးကို ဆွဲထုတ်ကာ အပြာရောင်လက်သည်းညှပ်ကလေးတစ်ခုကို ထုတ်လိုက်သည်…။ ကျွန်မအမြင်တွေအားလုံးေ၀ဝါးပြီး အဲသည်အပြာရောင် လက်သည်းညှပ်ကလေးတစ်ခုသာ ကြည်လင်ပြတ်သားစွာပေါ်လွင်နေသည်…။ မောင်က လက်ညည်းညှပ်ကလေးဖြင့် သူ့လက်သည်းဘေးနားက အသားမာတွေကို ညှပ်ထုတ်နေသည်…။ သူမ အရှေ့မှာရောက်နေသည့် လက်ဖက်ရည်ခွက်ကို ကောက်ကာ တစ်ငုံငုံလိုက်ရင်း … သည်လက်သည်းညှပ်လေး မောင့်ဆီမှာ ခုချိန်ထိရှိနေတုန်းပါပဲလား….လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကတည်းက ကျွန်မ အဲသည်လက်သည်းညှပ်ကြောင့် အတွေးပေါင်းများစွာ ယောက်ယက်ခတ်ခဲ့ဖူးသည်… တစ်ယောက်တည်းကြိတ်ကာ စိတ်အနှောက်ယှက်တွေဖြစ်ခဲ့ဖူးသည်….။ အဲသည်တုန်းက မောင်ကတော့ ခပ်ပေါ့ပေါ့ပင် ဘာမှမဟုတ်သလို ကျွန်မသိချင်သည့် ဘာကြောင့်မောင့်ဆီမှာ လက်သည်းညှပ်ကလေး ရှိနေသေးသလဲဆိုတာကို ရှင်းပြခဲ့ဖူးဖြစ်ပေမယ့်… ထိုချိန်က မောင်ဖြေခဲ့သည်မှာ ကျွန်မလိုချင်သော အဖြေမျိုးမဟုတ်ခဲ့….။ ကျွန်မ မကြိုက်သော အရာတစ်ခုကို ခုလိုအချိန်ကြာကြာထိ မောင်သိမ်းမထားသင့်ဘူး မဟုတ်လား….။ ဘာလဲ သည်လက်သည်းညှပ်ကလေးဟာ ခုချိန်ထိမောင့်အတွက် အရေးပါအရာရောက်သည့် အမှတ်တရပစ္စည်းတစ်ခုဖြစ်နေတာလား သူမ အရမ်းကိုမုန်းခဲ့သည့် မိန်းကလေးတစ်ယောက်ပေးသည့် ပစ္စည်း မောင့်ဆီမှာ ရှိကိုရှိမနေသင့်တော့ပါ….ကျွန်မကို အတ္တကြီးတယ်ပဲ စွပ်စွဲချင်စွပ်စွဲ လောဘကြီးတယ်ပဲပြောပြော… အချစ်ကိုတော့ ဘယ်သူနှင့်မှ မျှဝေမခံစားချင်ပါ….။
“ကားရောက်ပြီဗျို့….တံခါးတွေပိတ်မယ်…”
အပြင်ဖက်မှ ကားဒရိုင်ဘာဆီက အသံကြားတော့မှ ကျွန်မအတွေးစတွေပြတ်သွားသည်…။ မောင်လည်း လက်သည်းညှပ်ကလေးကို အံဆွဲထဲပြန်သိမ်းရင်း အနောက်ဖက်က အနက်ရောင် လွယ်အိတ်ကို ကောက်လွယ်လိုက်သည်…။ ကျွန်မဘာဖြစ်နေသလဲ ဘာတွေးနေသလဲဆိုတာ မောင်နည်းနည်းကလေးမှ ရိပ်မိဟန်မတူပါ….။
“ကဲ… သွားစို့မီ…. ဗိုက်လည်းဆာလှပြီ…ဟိုရောက်ရင် ငကျော်တို့ ကြက်ဆီထမင်းကို အပီတွယ်မယ့်သူတွေချည်းပဲ…”
မောင်ရယ် မောင့်စီနီယာအစ်ကိုနှစ်ယောက်ရယ် မချိုနှင့်ကျွန်မရယ် ကားတစ်စီးစုငှားကာ ကျော်တို့ အိမ်ရှိသည့် အုပ်ကျင်းဖက်ကို ထွက်လာလိုက်ကြသည်…။ ဟိုရောက်တော့ ကျော့်အိမ်ကိုတစ်ခါရောက်ဖူးထားသည့် အစ်ကိုတစ်ယာက်က သူသွားတတ်သည့်အတိုင်း ခေါ်သွားရာ နီးစပ်ရာလမ်းကိုကျော်ပြီး ဈေးထဲလည်းဖြတ်ရ ကျူးကျော်ရက်ကွက်တစ်ခုကိုလည်းဖြတ်ပြီးမှသာ ကျော်တို့နေသည့် အိမ်ယာကိုရောက်တော့သည်….။ နေမွန်းမတည့်သေးပေမယ့်လည်း ဆယ့်တစ်နာရီအချိန်မှာ နေမင်းကတော့ ကျစ်ကျစ်တောက်ပူ နေတော့သည်…။ တော်သေးသည် မချို၏ ချာလီထီးနှင့်ကပ်ပြီးလိုက်လာရလို့ ကျွန်မနေပူသက်သာ နေခဲ့သည်…။ ကျန်သည့် ယောကျာ်းလေးတွေကတော့ နေပူထဲလျှောက်ပါစေ….။
ကျော်တို့တိုက်ခန်းက ဆောက်ပြီးခါစအသစ်စက်စက်တော့မဟုတ်ပေ…တိုက်နှစ်လုံးတွဲကို အလည်လှေကားနှင့် ဆက်ထားသည်…။ ကျော်တို့က လေးလွှာ ဘယ်ဖက်ခန်းမှာဖြစ်သည်…။ အခန်းက သိပ်အကျယ်ကြီးမဟုတ်ပေမယ့်.. မောင်နှမနှစ်ယောက်နေဖို့ရာ သင့်လျော်သည့် အကျယ်တော့ဖြစ်သည်..။ ဝင်ဝင်ချင်း ဧည့်ခန်း ဘုရားခန်း နှင့် အိပ်ခန်းနှစ်ခန်းပါသည်…မီးဖိုချောင်နှင့် အိပ်ခန်းကြားမှာ ရေချိုးခန်းအိမ်သာရှိသည်…။ စတုရန်းပုံကျကျ တိုက်ခန်းကို ကွန်ဒိုစတိုင်လ်မျိုးဆောက်ထားသည်…။ ကျွန်မတို့ရောက်တော့ ကျော့်ညီမလေးက ပြေးထွက်လာပြီး ဧည့်ခံပါသည်…။ ကုံးထက် ကြက်ဆီထမင်းနှင့်ဖြစ်သည်…။ ဆာနေကြပြီမို့ ယောကျာ်းလေးတွေက နှစ်ပွဲစားနိုင်ကြသည်…။ ကျော်က အညာက သူ့အဖေယူလာသည့် အမဲခြောက်ကြော်တစ်ပွဲပါချပေးလို့…ထမင်းစားပြီးတော့ အကြမ်းရည်ပူပူနဲ့ အမဲခြောက်ကြော်ပန်းကိုသာ လက်တွေကဝဲနေကြတော့သည်..။ နေပူပူနှင့်မို့ စားပြီးပြီးချင်း မပြန်ကြသေးဘဲ အသီးပွဲ အချိုပွဲစားကြရင်း ယပ်ကလေးခပ်ကာ နားနေလိုက်ကြသေးသည်….။ တစ်နာရီကျော်တော့ ကျော်တို့မောင်နှမကို နှုတ်ဆက်ပြီး ကားငှားဖို့ လမ်းမပေါ်ထိ ကျော်ကိုယ်တိုင်လိုက်ပို့သည်…။ သူ့လိုက်ပို့တော့လည်း သူ့တိုက်ခန်းနှင့် လမ်းမကြီးက သိပ်မလျှောက်ရ သံလမ်းကျော်တာနှင့် ဗဟိုလမ်းမကိုရောက်ပြီ….။
ကျွန်မတို့အိမ်မပြန်ကြသေးဘဲ… မချိုက သူ့သမီးအတွက် မြေနီကုန်းစီးတီးမတ်မှာ စာရေးကိရိယာဝင်ဝယ်မယ်ဆိုလို့ ကျွန်မတို့နှစ်ယောက်ပါလိုက်လာခဲ့လိုက်သည်…။ စီးတီးမတ်ထဲရောက်မှပဲ လူက သက်ပြင်းချနိုင်တော့သည်…။
မှန်တံခါးကလေးရဲ့အတွင်းဖက်ကိုရောက်သည်နှင့် လေအေးပေးစက်မှ အေးစိမ့်နေသောလေ၏ ဆီးပွေ့ကြိုလိုက်ခြင်းကိုခံစားရင်း လူက ခွေခနဲတောင် အိပ်ချပစ်လိုက်ချင်တော့သည်…။ ကျွန်မတို့ ပေါ်ပြူလာ စာရေးကိရိယာဆိုင်ထဲ စာအုပ်တွေ လျှောက်ကြည့်ကြသည်…။ ကျွန်မက မဂ္ဂဇင်းစာအုပ်တန်းမှာ တရစ်ဝဲ၀ဲ…။ မောင်ကတော့ ဝတ္ထုစာအုပ်တန်းမှာ….။ InStyle ဖေဖော်ဝါရီထုတ်က ၁၂၅၀၀ ကျပ်တဲ့… ။ နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလထုတ်လက်ကျန်တွေကို ကောက်ကိုင်လှန်ကြည့်တော့ ဘာမှဖတ်စရာသိပ်မပါ…။ ဈေးနှုန်းကတော့ ခုနှစ်ထောင်ကျော်ပဲကျန်တော့သည်…။ ကျန်သည့် Glamour တို့ Vogue တို့လည်းရှိသည်…။
“ယူမလို့လား InStyle ယူလေ… ကိုယ်ဝယ်ပေးမယ်…”
ချည်တုံချတုံဖြစ်နေသည့် ကျွန်မနောက်ကနေ မောင့်အသံထွက်လာသည်…။
“တော်ပါပြီ… ခုချက်ချင်းမဖတ်လဲဖြစ်တာပဲ… နောက်တစ်လ ဈေးလျှော့မှပဲဝယ်တော့မယ်… မောင်မှတ်ထားပေးနော်… Jesica Alber ရဲ့မျက်နှာဖုံးနဲ့နော်… အထဲကလည်း မီကြိုက်တဲ့ ဖက်ရှင်စတိုင်လ်တွေချည်းပဲ ဖတ်စရာတွေလည်းများတယ်…”
“အော်ကဲ… ကြိုက်ရင်ခုပဲယူလိုက်လေ… ကိုယ်ဝယ်ပေးပါ့မယ်ဆို..”
“ဟင့်အင်း နှမြောစရာ…နောက်လမှဝယ်တော့မယ်ကွယ်…နော် နော်….ကဲပါ လာဟိုဖက်မှာ ဓါတ်ပုံစာအုပ်တွေသွားကြည့်ရအောင်… ဗူးလေးတစ်ခုထဲမှာ သုံးအုပ်လားသိဘူးပါတယ် ပါကင်လေးလည်းမဆိုးဘူး လက်ဆောင်ပေးလို့ကောင်းတယ် လာမယ့်လကျ မင်္ဂလာဆောင်ရှိတယ်လေ အဲဒါလေးပေးရင်ကောင်းမလားလို့….”
ကျွန်မက မောင့်လက်ကို ကော်ဖီခွက်တွေ ဓါတ်ပုံစာအုပ်တွေ ဓါတ်ပုံအလှကပ်စက္ကူတွေရှိသည်နေရာကို အတင်းဆွဲခေါ်သွားလိုက်တော့သည်…။ မောင်က သူဖတ်ဖို့ Times မဂ္ဂဇင်း တစ်အုပ်ရယ် ရုံးမှာသုံးဖို့ ဘော်လ်ပင်တစ်ချောင်းဝယ်သည်…။ ဝယ်ပြီးတော့ မချိုနှင့်ကျွန်မတို့နှစ်ယောက် ပေါ်ပြူလာဘေးက Love Boat ထိုင်းခေါက်ဆွဲဆိုင်မှာ ကော်ဖီအေးတစ်ယောက်တစ်ခွက်မှာသောက်ကြရင်း အလ္လာပ သလ္လာပပြောလိုက်ကြတာ ညနေသုံးနာရီကျော်မှ မချိုလည်းပြန်သွားသည်….။
ကျွန်မက ဗားကရာလမ်းပေါ်က အလှကုန်ဆိုင်ကိုသွားကြည့်ချင်တာကြောင့် စီတီးမတ်ကနေ ကျွန်မတို့ ဆက်ပြီးလမ်းလျှောက် သွားလိုက်ကြသည်…။ အသစ်ဖွင့်သော ထိုအလှကုန်နှင့်အိမ်သုံးပစ္စည်းဆိုင်မှာ ကျယ်ကျယ်ဝန်းဝန်းဖြင့် နဂိုဆိုင်ကိုထပ်ချဲ့ကာ ခေါင်းအစခြေအဆုံး ငါးရာတန်မှ သိန်းဂဏန်းအထိ အမျိုးပေါင်းစုံတင်ထားလေသည်…။ ရေမွှေးမျိုးစုံ ကိုယ်လိမ်းပေါင်ဒါ ခေါင်းလျှော်ရည် Lotion နှုတ်ခမ်းဆိုးဆေး skin care စသည်အပြင် fancy ကွိစိကွစသေးသေးမွှားမွှားများလည်းပါသေးသည်….။ ကျွန်မကတော့ နှုတ်ခမ်းဆိုးဆေးကောင်တာမှ ကျွန်မကြိုက်သော အသားရောင် ပန်းဖျော့ရောင် ပန်းခရမ်းဖျော့ရောင် Mac နှုတ်ခမ်းဆီတောင့်တွေကို ငေးမောနေမိသည်..။ ဈေးနှုန်းမေးကြည့်တော့ နှစ်သောင်းခွဲပါတဲ့…။ ဘုရားရေ…ဈေးကြီးလိုက်တာ။ ဒါနဲ့ တခြားကောင်တာတွေဖက်လျှောက်ကြည့်… မိတ်ကပ်ရည်တွေ မိတ်ကပ်ကိတ်တွေကလိမ်းနေကျမဟုတ်တော့ သိပ်စိတ်မဝင်စားဖြစ်…။ မျက်နှာကို skin care ပဲလုပ်တာမို့ toner အတွက် အိမ်မှာ ဝါဂွမ်းကလေးတွေ တစ်ခုနှစ်ခုပဲကျန်တော့သည်ကို သတိရသဖြင့် ဝါဂွမ်းတစ်ထုပ် လက်ဆေးဆပ်ပြာရည်တစ်ဗူးယူပြီး ပြန်ထွက်လာတော့…. လက်သည်းခြေသည်းအလှဆင်တဲ့ ကောင်တာမှာ အရုပ်မျိုးစုံပုံနှင့် လက်သည်းညှပ်ကလေးတွေကို ချစ်စဖွယ် ချိတ်ထားသည်ကို ကြည့်ဖြစ်လိုက်သေးသည်…။ ဝက်ရုပ်ကလေးတွေ ကြောက်ရုပ်ကလေးတွေ ငှက်ရုပ်ကလေးတွေနှင့် လက်သည်းညှပ်နှင့်ပင်မတူတော့ချေ…။ မောင့်အလုပ်အံဆွဲထဲက အပြာရောက်လက်သည်းညှပ်ကလေးကတော့ ကျွန်မအတွေးထဲ ခေါင်းထဲ စွဲထင်ကျန်နေတုန်း… လိုက်ပါလာနေတုန်းပေါ့….။ ထိုစဉ် ကျွန်မလက်ကို မောင်က ခပ်ဖွဖွလာဆုတ်ကိုင်ဆွဲခေါ်ပြီး ငွေရှင်းကောင်တာဖက်ထွက်လာခဲ့လိုက်သည်…။ ထွက်လာခါနီး အရုပ်မျိုးစုံနှင့် လက်သည်းညှပ်ကလေးတွေဆီကို ကျွန်မလှမ်းကြည့်ပြီး တစ်ချက်ပြုံးမိသွားသေးသည်…။ ကျွန်မအတွေးထဲမတော့ အပြာရောင်လက်သည်းညှပ်အစား ပန်းရောင် ဝက်ရုပ်ကလေးနှင့် လက်သည်းညှပ်ကို ဝယ်ပြီး အစားထိုးလိုက်ချင်စိတ်သာရှိတော့သည်…။
မိုးငွေ့