Wednesday, 27 June 2012

မိုးထဲ.....



ဇွန်လရဲ့ မိုးသက်လေမှာ စကားပန်းတွေက ထုံအီမွှေးပျံ့လို့…။
ကောင်းကင်ကြီးတစ်ခုလုံးလဲ ခဲသားရောင်တိမ်အုပ်တွေနဲ့ပြည့်နှက်လို့...။

မင်းကိုလှမ်းကြည့်တော့ လက်ထဲမှာ စကားပန်းတွေနဲ့...ဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်ထားတဲ့ ပါးလွလွအဖြူရောင်ရှပ်အကျီင်္က လေတလွင့်လွင့်နဲ့...။ စကားပန်းဟာ ကမ္ဘာပေါ်မှာ ရနံ့အမွှေးဆုံးပန်းထဲမှာ ပါဝင်တယ်လို့ ကိုယ်ကြားဖူးတယ်…။ တစ်ပင်လုံး အပွင့်တွေချည်းပွင့်ပြီး အရွက်မရှိသလောက်နည်းတဲ့ ရိုးတံကျဲကျဲ အကိုင်းတွေမှာ ဆွတ်ဆွတ်ဖြူပြန့်ကြဲနေကြတယ်….။ ကိုယ့်ကို မင်းပြုံးပြလိုက်တဲ့ အဓိပ္ပါယ်ကို ကိုယ်ကြိုးစားဖွင့်ကြည့်နေတုန်း... နားထဲမှာရေစီးသံ တဝေါဝေါကိုကြားနေရတယ်....။

ကိုယ်သိပြီ....။
ကိုယ်တို့ စမ်းချောင်းနဘေးမှာ အတူသွားထိုင်ကြမယ်...။

လွင်ပြင်ကျယ်ကြီးတစ်ခုကို တခဏလေးဖြတ်လျှောက်ပြီးချိန်မှာတော့.... ဟိုးးး ချောက်ကမ်းပါးနက်ထဲမှာ စီးဆင်းနေတဲ့ စမ်းချောင်းကိုရောက်ပြီ....။ စမ်းချောင်းလို့သာပြောတယ် တကယ်တော့ အဲဒါက ရေခဲမြစ်တစ်ခုတဲ့...။ ရေစီးသံတွေက ပိုပိုကျယ်လာတယ်.....။ မြက်ခင်းတွေပေါ် ကိုယ်တို့ ထိုင်ချလိုက်တယ်...ဟိုးး အောက်ထဲကိုငုံ့ကြည့်တော့ အရှိန်ပြင်းပြင်းနဲ့စီးဆင်းနေတဲ့ ရေတွေက ဖွေးလို့ရယ်...။

ကိုယ်တို့နှစ်ယောက်ရှိတဲ့ဖက်က တံမြက်စည်းပင်ရှည်နဲ့ ဟိုဖက်ကမ်းက မြက်ပင်ရှည်တွေဟာ လေအသွဲ့မှာ ဘယ်ညာယိမ်းလို့ ကခုန်နေသလိုလို…။ မိုးရိပ်မိုးငွေ့ကြောင့် ရာသီဥတုဟာ ရုတ်တရက်အေးစိမ့်လာတယ်..။ မင်းနဲ့ကိုယ့်အကြားငြိမ်သက်မှုက မြစ်ဆီကရေစီးသံ ဖားအော်သံနဲ့ ဟိုးး အဝေးကပြေးလာတဲ့ မိုးရဲ့အသံကိုတောင် ရောပြီးကြားနေရတယ်..။ မိုးရွာတော့မယ်…။









တံမြက်စည်းပင်တွေကို ကိုယ်လက်နဲ့စုပြီး မြက်ရိုင်းပင်ရှည်ရှည်တစ်ပင်နဲ့ စည်းလိုက်တယ်။ ပြီးတော့ မင်းလက်ထဲက စကားပန်းတစ်ပွင့်ကို စည်းထားတဲ့ မြက်ပင်ကြားထဲထိုးလိုက်တယ်..။ ဘယ်လောက်လှလည်း ကြည့်စမ်း.. ဒီလိုပန်းစည်းမျိုး ကမ္ဘာပေါ်မှာ ဘယ်မှာမှဝယ်လို့မရတဲ့ ပန်းစည်း...။

လှတယ် မဟုတ်လား အိန်ဂျယ်.......း)

ဟိုဖက်ကမ်းကို လှမ်းပြီးငေးမောနေတဲ့ မင်းကို ကိုယ်လက်ညိုးလေးနဲ့ပခုံးကိုတို့ပြီး မေးငေါ့ပြတော့ မင်းကသဘောကျပြီး ကိုယ့်နားသယ်စပ်က ဆံနွယ်ကြားထဲကို စကားပန်းတစ်ပွင့်ထိုးပန်ပေးလိုက်တယ်...။
ပြီးတော့ စကားပန်းတစ်ပွင့်ကို ကောက်ယူပြီး ကြိုးတံတားဆီကိုလျှောက်သွားလိုက်တယ်.........။ ဒီဖက်နဲ့ ဟိုဖက်ကူးဖို့ အရင်တုန်းက ကြိုးတံတားလေးမရှိဘူး....။ ပေနှစ်ဆယ်လောက်ပဲ ရှိတဲ့ ကြိုးတံတားလေးကိုဖြတ်သွားပြီး ဟိုဖက်ကမ်း ကိုယ်တို့ထိုင်နေတဲ့ နေရာနဲ့တည့်တည့်မှာ မင်းကထိုင်ချလိုက်တယ်။... ပြီးတော့ မြက်ပင်ရှည်နဲ့ အ၀ါရောင်ပန်းပွင့်သေးသေးလေးတွေကို လက်နဲ့စုစည်းလိုက်တယ် စကားပန်းလေးကို အလည်မှာထိုးစိုက်လိုက်တယ်...။ ကိုယ့်ကို မင်းက လက်ကိုင်ပုဝါအဖြူလေး ဝေ့ရင်း ပန်းစည်းလေးကိုပြတယ်.....။ ကိုယ်လက်မနှစ်ဖက်ထောင်ပြလိုက်တယ်...။
လေတွေနဲ့အတူ မိုးစက်မိုးပွင့်တွေလွင့်ကျလာတယ်.......။ ဒီနှစ်မိုးက တော်တော်နောက်ကျမှရောက်လာခဲ့တာ…။ ကိုယ်ရှိတဲ့ ဖက်ကို မင်းပြန်ရောက်တော့ မိုးရေစက်တွေကြောင့် မင်းဆံပင်တွေနဲနဲစိုနေပြီ.....။ မိုးကျနေပုံလေးက ကဗျာဆန်လိုက်တာ... မိုးစက်သေးသေးလေးတွေ ဖွဲဖွဲလေးရွာချနေတာ.....။ ဒါကြောင့် လူကို စိုရွှဲသွားစေတာမျိုးလဲ မဖြစ်ဘူး...။

ကိုယ်တို့ဒီနေရာလေးကို မရောက်ဖြစ်တာကြာပြီနော် အိန်ဂျယ်...။
မင်းက သီချင်းတိုးတိုးကလေးညည်းပြတယ်....။ ကိုယ်ကဒူးနှစ်ဖက်ကိုလက်နဲ့ပိုက်ပြီး ယှက်ထားတဲ့လက်နှစ်ဖက်မှာ မျက်နှာတစ်ခြမ်းအပ် သီချင်းလေးဆိုညည်းပြတဲ့ မင်းမျက်နှာကိုကြည့်တယ်...။

ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင်တွေအုပ်ဆိုင်းလို့...။ မိုးဖွဲဖွဲတွေစုပြီး ကိုယ့်မျက်နှာပေါ်မှာ မိုးစက်တွေဖြစ်ပြီးစီးကျလာတဲ့ မိုးရေတွေကို မင်းက လက်ညိုးလေးကွေးပြီး သပ်ချပေးနေတယ်..။
မိုးရေထဲမှာ မင်းကိုယ့်ကို ပုံပြင်တစ်ပုဒ်ပြောပြသေးတယ်......။ မင်းပုံပြောတာ ကိုယ်တခါမှနားမထောင်ဖူးဘူး…။ မင်းက သီချင်းဆိုကောင်းသလို စကားပြောတော့လဲ ပျိုမျစ်နုနယ်ပြီး တော်တော်နူးညံ့ဝါညက်တယ်…။ မင်းမျက်လုံးတွေကလည်း ကောင်းကင်ပေါ်ကကျလာတဲ့ မိုးစက်တွေလိုပဲ လင်းလင်းလက်လက်နဲ့.....။
ပုံပြင်ပြောနေတဲ့ မင်းအသံထဲမှာ အချစ်ကို ကိုယ်ခံစားမိလိုက်ရလို့ အံ့သြသွားမိတယ်...ပြီးတော့ ရမ်းရော်မှန်းဆမှုတွေ လွမ်းဆွတ်အောက်မေ့မှုတွေပါဝင်နေတယ်...။ အဲဒီကတည်းက မင်းပုံပြင်လေးဟာ အလွမ်းနဲ့ဇာတ်သိမ်းလိမ့်မယ်လို့ ကိုယ်သိပြီးသား.....။

ပုံပြင်ကလေးပြီးဆုံးသွားပြီ....။ မင်းပါးပြင်ကို ကိုယ်လက်ဝါးနဲ့အုပ်ကြည့်တော့ အေးစက်နေတယ်.....။
ကိုယ်တို့ပြန်ကြရအောင် အိန်ဂျယ်.....။

ပြီးရင် ... အေးစက်နေတဲ့မင်းရဲ့နှလုံးသားလေးရော မင်းခန္ဓာကိုယ်တစ်ခုလုံးပါနွေးထွေးသွားအောင် ကိုယ်ကော်ဖီပူပူလေးတစ်ခွက်ဖျော်တိုက်မယ်.......း)

မိုးငွေ့

Thursday, 21 June 2012

လေလွင့်သူ.....




တခါတလေ ကျမစဉ်းစားကြည့်မိတယ်..... ယောကျာၤးတစ်ယောက်ဟာ ကိုယ့်ကို မြတ်မြတ်နိုးနိုးနဲ့တိတ်တခိုး ချစ်နေတဲ့မိန်းမတစ်ယောက် ရှိနေတယ် သူ့ဘာသာသူတစ်ယောက်တည်းကြိတ်ပြီး ချစ်နေတာမျိုး ဖွင့်လဲမပြောဘူးရှေ့လဲမတိုးဘူး ဒါပေမယ့်သူဘယ်လိုချစ်ကြောင်း မြတ်နိုးကြောင်းကိုတော့ စာတွေနဲ့တဖွဲ့တနွဲ့ရေးရေးနေတတ်တဲ့သူ တစ်ယောက်ရှိနေတယ် သိလဲသိနေတယ်ဆိုရင် အဲဒီယောကျာၤးလေးတစ်ယောက်ဟာ သူကပြန်မချစ်နိုင် သည့်တိုင်အောင် လောကမှာ သူ့ကိုချစ်ခင်မြတ်နိုးနေတဲ့သူ ရှိနေပါလားဆိုတဲ့ အသိစိတ်ကလေးနဲ့ ပီတိကြည်နူးမှုလေးကို ခံစားနေရလိမ့်မယ်လို့ ကျမထင်တယ်...။ ပြီးတော့ အဲဒီမိန်းမတစ်ယောက်ကသူ့ကို ဘာအဆိပ်မှဖြစ်စေတဲ့သူမဟုတ်ဘူးလေ......။ ဟဟ... ဒါကကျမအတွေးအခေါ်သက်သက်ပါလေ....။ တစ်ဘက်သားက အဲလိုဖြစ်ချင်မှဖြစ်မှာပေါ့........။

ချစ်ခြင်းမေတ္တာမှာ တုန့်ပြန်မှုဆိုတဲ့ မှန်တစ်ချပ်ရှိတယ်လို့ ယုံကြည်ပေမယ့်... ကျမကတော့လူတစ်မျိုး ကျမကပဲပေးချင်တာ သူ့ဆီကဘာတုန့်ပြန်မှုမှမလိုချင်ဘူး......။ ကိုယ့်ကိုယ်ကိုပေးဆပ်သူသက်သက် လို့တော့မသတ်မှတ်ပါဘူး...။ တကယ်တော့ အတ္တကြီးသူတစ်ယောက်လို့ပြောရင် ပိုမှန်နေဦးမယ်....။ အပေးအယူမရှိ လောကနိယာမကို ဆန့်ကျင်သူလဲဖြစ်သေးတယ်လေ...။ ပြီးတော့ ခေါင်းကျောမာသူ တစ်ယောက်...။

ဒီနေ့ ကျမသူ့ကိုလှမ်းမြင်လိုက်တယ်....။ မြင်လျက်သားနဲ့နှုတ်မဆက်ဘဲ ဘယ်ကောင်းပါ့မလဲ...။ ကျမ ခဏစဉ်းစားလိုက်သေးတယ် နှုတ်ဆက်သင့် မနှုတ်ဆက်သင့်ပေါ့...။ ကျမအတွက်ကြောင့်နဲ့သူ စိတ်အနှောက်ယှက်ဖြစ်သွားမှာလဲစိုးရိမ်မိသေးတယ်.....။ ဒါပေမယ့် ကျမနှုတ်ဆက်လိုက်ပါတယ် သူ့ဆီကတုန့်ပြန်မှုတစ်ခုခုကို ကျမသိချင်နေလို့ပါ...။ သူမှားပြီး ကိုယ်ယောင်ထင်ပြမိတာပါတဲ့....။ ကျမလဲနှုတ်ဆက်ရုံသက်သက်ပါလို့ စကားခံပြီးပြောပြီးသားပါ...။ ဟုတ်ကဲ့လို့ပြောပြီး သူချက်ချင်းပဲ ပျောက်ကွယ်သွားတယ်...။ ကျမရင်ထဲဆစ်ခနဲနာကျင်သွားတယ်... မျက်ရည်တွေဝေ့၀ဲ တက်လာတယ်...။ သူနဲ့ပတ်သက်ပြီးကျမခံနိုင်ရည်နည်းလွန်းနေသေးတယ်......။ အေးစက်တဲ့သူ့ဆီက အမူအကျင့်ကလေးကို ကျမလိုချင်လိုက်တာ...။ ကျမရဲ့ အဖြူရောင်လေးက အရောင်များပြောင်းသွားပြီလား....။ အဖြူရောင်ကနေ အစိမ်းရောင်ဖြစ်သွားပြီလား.....။ အဖြူဆိုတာ စွန်းထင်းလွယ်တဲ့အရောင်မှန်းကျမသိပါတယ်။

နောက်တော့ ကျမကို သူစကားတွေလာပြောနေတယ်......ခနကလေးပါပဲ သူအားနေတုန်းအချိန်ကလေး တခဏကလေးက သူ့အတွက်ဘာမှမဟုတ်ပေမယ့် ကျမအတွက်တော့ အဖိုးထိုက်လှတဲ့အချိန်ကလေးပါ... သူနဲ့စကားပြောရတဲ့ အခိုက်အတန့်လေးကို လက်နဲ့ဆုတ်ကိုင်သိမ်းဆည်းထားလို့ရမယ်ဆိုရင် ကျမသိမ်းထားချင်ပါတယ်..။ သူပြန်သွားတော့ ကျေးဇူးပါ ကောင်းသောညနေခင်းလေးပါလို့ နှုတ်ဆက်လိုက်တယ်...။ သူကတော့ ရိုးရိုးတန်းတန်း ကျေးဇူးတင်တယ်လို့ထင်မှာပဲ....။ တကယ်တော့ ကျမဆီကို ရံဖန်ရံခါမျှသာ ရောက်လာတတ်တဲ့အတွက် ကျမဆိုတာ သူ့အသိဉာဏ်ထဲရှိနေတဲ့အတွက် ကျေးဇူးတင်မိခြင်းပါ။

ရာသီဥတုရဲ့အရောင်အဆင်းပံ့ပိုးမှုနဲ့ ရင်ထဲကခံစားမှုတွေက တစ်သားထဲကျသွားတယ်....။ စိတ်နဲ့လူက မကြာခဏလွင့်လွင့်သွားတယ်....။ ဝန်ခံပါတယ်....ကျမ သူနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်သေးတာ ကျမတော်တော်ညံ့နေပါသေးတယ်...။ ဒါပေမယ့် ကျမခံစားချက်တွေကို သူ့ဆီမှာ ဘယ်တုန်းကမှ မပေါက်ကွဲခဲ့ဖူးဘူး...။ ကျမနှလုံးသားက ဖြစ်ပေါ်လာတဲ့သူနဲ့ပတ်သက်သမျှခံစားချက်တွေကို စကားလုံးတွေအဖြစ်နဲ့ပဲ ကျမပြောင်းလဲပစ်ခဲ့တာပါ...။

တကယ်ဆို....ကျမတို့နှစ်ယောက်က...ဘာမှလဲမဟုတ်ကြပါဘူး...။ သို့ပေမယ့်လဲ သူကကျမအတွက်ရော သူ့အကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဇာတ်လိုက်တစ်ယောက်လေ....။ ကျမတို့ သီချင်းအတူဆိုကြတယ် ကော်ဖီအတူသောက်ကြတယ် ကြယ်တွေအတူကြည့်ကြတယ် စကားတွေအများကြီးပြောကြတယ် စိတ်ကူးထဲမှာပေါ့....။ ကျမအိပ်မက်တွေဆက် မမက်ချင်တော့ဘူး ။ အိပ်မက်တစ်ခုကနိုးထလာရင် လန်းဆန်းနေမလား နွမ်းနယ်မနေမလား.. ကျမ မခန့်မှန်းတတ်ဘူး ...။ တဆိတ်လောက် ကျေးဇူးပြုပြီး ...အိပ်မက်ထဲကရုန်းထွက်နေတဲ့ ကျမကို အိပ်မက်ဆီခဏခဏခေါ်မသွားပါနဲ့....။ ကျမ အိပ်မက်ထဲ လမ်းလျှောက်ရတာ မောလှပြီ...။


ခေါင်မိုးပေါ်က မိုးတဖျောက်ဖျောက်ကျသံလေးနဲ့ espresso ကော်ဖီရနံ့မွှေးမြမြ(ကျမဒီကော်ဖီကို ပုံမှန်သောက်လေ့မရှိပါဘူး) တို့ရဲ့ဆွဲဆောင်ခြင်းကို ခံယူရင်း... စကားလုံးတွေကို ဟာမိုနီလိုက်ကြည့်မိတယ်......။ ရင်ထဲကထွက်ကျလာခဲ့တဲ့ သံစဉ်တွေက ကျမစိတ်တွေနဲ့အတူ လေလွင့်နေခဲ့ပြီ.......။


မိုးငွေ့


Tuesday, 19 June 2012

ကုသိုလ်အငှားယူကြသူတွေ.....

အမှန်တကယ်တော့ ကျမတို့က လုပ်အားသက်သက်ကူညီပေးသူတွေပါ…….။ အငှားကုသိုလ်ယူသူတွေပါ။ ကျမတို့ရုံးကဘော့စ်အတွက် ပဲခူးကျောက်တန်းရွာမှာရှိတဲ့ ဝေဠုဝန်ကျောင်းတိုက် ဘုန်းတော်ကြီးစာသင်ကျောင်းမှာ စာသင်ဆောင်နှစ်ဆောင်ဆောက်ဖို့ ငွေသွားလှူဒါန်းပေးခြင်းပါ…..။ သဌေးက နိုင်ငံခြားသွားနေတော့ကိုယ်တိုင်မသွားနိုင်သေးတာနဲ့ ကျမတို့ကိုစေလွှတ်ခြင်းပါ…။ သင်္ကြန်ရုံးပိတ်ရက်စပိတ်တဲ့ ဧပြီလ ၁၁ ရက်နေ့မှာ ကျမတို့သွားခဲ့ကြတာ…….။ အဲဒီကျောင်းကိုလုပ်အားပေးသွားမယ့် သူတွေကို ကားအကြိုအပို့ လုပ်ပေးပါတယ်…..။ ကလေးအယောက်လေးရာရှိတယ်ဆိုလို့ ပေါင်မုန့်လေးတစ်ယောက်တစ်လုံး ကျွေးချင်တယ်ဆိုပြီး အိုကေပေါင်မုန့်အလုံးလေးရာ ငါးဆယ်ဝယ်သွားသေးတယ်…။

အဲဒီကိုသွားဖို့ မြေနီကုန်းမှာစုရပ်လုပ်ထားပါတယ် …။ ကင်းလက်ဖက်ရည်ဆိုင်ရှေ့ကားလမ်းတဖက်ခြမ်းမှာပါ…။ လိုက်ပါမယ့်သူတွေက ကင်းမှာ မနက်ရှစ်နာရီအရောက်စုကြရတယ်….။ ကျမတို့ကိုတော့ ကားလိုက်မောင်းပေးတဲ့ အစ်ကိုက ရုံးမှာလာခေါ်ပေးပါတယ်…။ အဲဒီအစ်ကိုက ပရဟိတအလုပ်ကို စွမ်းစွမ်းတမံလုပ်နေတဲ့သူတစ်ယောက်…။ ကျမတို့သွားလှူမယ့် စာသင်ခန်းဆောင်နှစ်ဆောင်ဆောက်ဖို့ မြေကြီးနေရာကို အဲအစ်ကိုကြီးက သူ့အသက်လေးဆယ်ပြည့်မွေးနေ့တုန်းက လှူထားတာ….။ စမ်းချောင်းမြို့နယ်က လူငယ်တွေတော်တော်များများ လိုက်လာကြတယ်…. ကျောင်းသူကျောင်းသား အရွယ်လေးတွေ သင်္ကြန်ရက်အတွင်း ဝေယျာဝိစ္စလုပ်အားပေးသွားမလို့တဲ့…။ သိပ်ကောင်းတဲ့ အလုပ်ပါ….။ ခုခေတ်လူငယ်လေးတွေစိတ်မှာ အဲလိုလုပ်အားပေးချင် ကူညီချင်စိတ်ကလေးတွေရှိနေတာကိုက အားရစရာလေးပါ…။ ကျမတို့စီးတဲ့ကားထဲမှာ အားလုံးစုစုပေါင်း ဆယ့်ငါးယောက် ကားလေးက မီနီဘတ်နက်ပြာရောင်ကလေးပါ… လေအေးစက်ကလေးဖွင့်ထားပေးတာလဲ အေးစိမ့်လို့…။ အစက ရုံးကညီမက အမိုးပွင့်ကားနဲ့လာခေါ်မယ်ပြောတာ ဟိုကိုရောက်ရင်တော့ မျောက်ဖြူဖြစ်ပြီလို့ပြောတယ် ..။

ဟုတ်တယ် ကျောက်တန်းရွာကိုဝင်လာတဲ့လမ်းတလျှောက်ကမြေနီလမ်း ဖုန်တွေတထောင်းထောင်းထလို့….။ ရွာအ၀င်ကျမှာ ဆရာတော်အလှူခံထားတဲ့ငွေနဲ့ ကွန်ကရစ်လမ်းခင်းထားတယ်……။ အဲ တစ်မိုင်ကို သိန်းရှစ်ရာကျသတဲ့….။ ကားက လမ်းမှ ၀င်ကြိုရတဲ့သူတွေနဲ့မို့ ကိုးခွဲဆယ်နာရီမှ ရန်ကုန်ကစထွက်ဖြစ်တယ် ..။ ဘုန်းကြီးကျောင်းရောက်တော့ ဆယ့်တစ်ခွဲ ဆယ့်နှစ်လောက်ဖြစ်နေပြီ…။ ပစ္စည်းတွေချ အမောခဏဖြေ ဆရာတော်ကိုဝင်လျှောက်ပြီးတော့ နေ့လည်စာကို ထမင်းစားဆောင်မှာသွားစားကြရတယ်…။ ထမင်းစားပြီးတော့မှာ ဆရာတော်နေတဲ့အဆောင်မှာ ၀တ္ထုကပ်ဖို့လုပ်ကြတယ်…။ ဆရာတော်ကိုလာဖူးတဲ့ ဧည့်သည်တချို့တွေလည်းပါတယ်…။

ကျမတို့ စာသင်ကျောင်းနှစ်ဆောင်အတွက် ငွေကျပ်သိန်းခြောက်ဆယ်ကပ်ပြီး ဆရာတော်ဆီက တရားနာကြားကြရတယ်….။ သင်္ကြန်တွင်း တရားလာထိုင်တဲ့ ယောဂီတွေလဲရှိတယ်……။

ပြီးတော့မှ ရွာအ၀င်မှာတုန်းကတွေ့ခဲ့တဲ့ တဂြိုဟ်စက်အတွက် ထင်းစိုက်ဖို့ ၀ယ်ထားတဲ့ သစ်တောစိုက်ခင်းကို ကျမတို့ကိုလိုက်ပို့တဲ့ အစ်ကိုကို ဆရာတော်က လိုက်ပြခိုင်းပါတယ်….။ ဒါပေမယ့် အခုတော့ သစ်တောတွေကို နှမြောလို့ရယ် အဲဒီထဲက ရှေးဟောင်းအုတ်ခွက်ဘုရားအဆူးငါးရာကျော်ကို တူးဖော်ရရှိထားတာရယ်ကြောင့် ထင်းစိုက်မလုပ်တော့ဘဲ ရုက္ခဗေဒဥယျာဉ် တဖြင့်လဲ အေးအေးချမ်းချမ်းအနားယူ တရားထိုင်လို့ရအောင် အဆောင်လေးတွေ တစ်လုံးစနှစ်လုံးစဆောက်ထားတာကိုတွေ့ရတယ်…..။ ခြောက်ဧကလောက်ကျယ်တဲ့ အဲဒီဥယျာဉ်ထဲမှာ အပင်ပေါင်းစုံပါပဲ အပင်တွေပြုန်းတီးမှာစိုးလို့ ဆရာတော်က အဆောင်တွေကို ထပ်မဆောက်တော့ဘူးလို့လဲပြောတယ်….။ ဆောက်လက်စရွှံအိမ်တစ်လုံးနဲ့ တဲတစ်ခုထဲမှာ ဓမ္မအဖွဲ့တစ်ဖွဲ့ ကမ့်သဘောမျိုးနဲ့ရောက်နေတာတွေ့ရတယ်…….။ မန်းက တရားပြပေးတဲ့ ဆရာတော်တစ်ပါးကိုလဲ ဖူးခဲ့ရတယ်..။

နွေရာသီကျောင်းပိတ်ရက်မို့လို့ ကလေးတွေကျောင်းပိတ်ထားပါတယ် ...။ အစကတော့ ကလေးတွေကို မိဘမဲ့ကလေးတွေလို့ထင်တာ နောက်တော့မှ ရွာထဲက ကျောင်းစရိတ်မတတ်နိုင်တဲ့ ကလေးတွေကိုသင်ပေးတာတဲ့...။ အဲဒါနဲ့ပါသွားတဲ့ ပေါင်မုန့်တွေကို ဒီတိုင်းပဲထားခဲ့လိုက်တယ်...။ ကျောင်းမှာရှိတဲ့ ဦးဇင်းတွေ ယောဂီတွေ ဥပုသ်သီလလာယူတဲ့သူတွေ ဝေယျာဝိစ္စလာလုပ်တဲ့သူတွေစားရတာပေါ့....။

ယာယီစာသင်ဆောင်မှမြင်ရတဲ့ ကျွန်မတို့သဌေးလှူတဲ့ ကျောင်းစာသင်ဆောင်နှစ်ဆောင်ဆောက်ဖို့မြေနေရာ

အမိုးပွင့်သဘာဝမြေပြင်စာသန်းခန်းလေး

တက်ကယ်မိုးစာသင်ဆောင်

စာသင်ဆောင်နဘေးက ဗူးစင်

ဝါးးး ဟားး ဗူသီးကြော်လုပ်စားလိုက်ရ...နော်

ထမင်းစားဆောင်

အမျိုးသားယောဂီဆောင်

အုတ်နဲ့ဆောက်ထားတဲ့ တစ်ခုတည်းသောစာသင်ဆောင်

ရုက္ခဗေဒဥယျာဉ်ထဲက ၀ါတွင်းသုံးလ ဆရာတော်ဦးပညောဘာသ သီတင်းသုံးနေထိုင်တဲ့အဆောင်လေး

မန္တလေးကလာတဲ့ ဓမ္မအဖွဲ့တစ်ခု

ကြက်တညင်သုံးကောင် သစ်ပင်တွေနဲ့ကွယ်နေတယ်

မရမ်းသီးတွေမှည့်နေပြီ

နေ့လည်ခင်း လက်ဖက်ရည်ကြီးဝိုင်းလေး

တူးဖော်ရရှိခဲ့တဲ့ အုတ်ခွက်ဘုရား အပိုင်းအစတွေ

ကျောက်တန်းတစ်ရွာလုံးအတွက် သောက်သုံးရေကန် နွေဆိုတော့ ခန်းနေတယ်

မိုးငွေ့

Monday, 18 June 2012

My Lunch Box.....



ရုံးကထမင်းဟင်းကိုအီလာလို့ အပြောင်းအလဲလေးဖြစ်အောင် စိတ်လဲပါနေလို့ထမင်းဗူးလေးထည့်ခဲ့တာ...။ ထမင်းကြော် ဘာထမင်းကြော်လဲတော့မသိ မီးမီးကြိုက်သလိုကြော်ထားသည့်ထမင်းကြော်ပေါ့....။ ထမင်းကို ပဲငံပြာရည်အနောက်နဲ့နယ်ထားတယ်....။ ကြက်သွန်ဖြူကိုဆီသတ် ၀က်သားလေးစင်းထားတာ နဲနဲထည့်ကြော်တယ် ... ငရုတ်ပွ ဥနီထည့်ကြော်တယ် ကြက်ဥတစ်လုံးဖေါက်ထည့်တယ်...ထမင်းထည့်ပြီး ကြက်သားမှုန့်ထည့်မွှေတယ်...။ ရခါနီးကျ ငရုတ်ကောင်းလေးဖြူးလိုက်ပါတယ်....။


ထမင်းကြော်နဲ့စားဖို့ ကြက်သွန်ချဉ်


                    ‌ယောက္ဖဆိုတာရိုက်ပွဲ ခယ်မဆိုတာလိုက်ပွဲ... ဟိဟိ ထမင်းကြော်လိုက်ပွဲပါ


              ဗိုလ်ချုပ်ဈေးက၀ယ်ခဲ့တဲ့ ကညွတ်ကိုကြော်ပြီးကော်ရည်ဆမ်းထားတာ


Thursday, 14 June 2012

မိုးရာသီအလွမ်း.....

ဂူဂယ်လ်မှယူသည်

စောင့်ရတဲ့ရက်တွေက ရှည်ရှည်လာတယ်...
လမိုက်ညတွေက များများလာတယ်...
အလွမ်းတွေက ခါးခါးလာတယ်.....။

ကောင်းကင်မှာ ကိုယ့်ကိုနှစ်သိမ့်ဖို့ ကြယ်ကလေးတွေ တစ်လုံးတစ်လေတောင် ရှာမတွေ့ဘူး...။ ကိုယ့်မျက်ရည်တွေကို မိုးစက်က အဖော်ပြုလို့....ဟိုးးး အဝေးကို လှမ်းမျှော်ကြည့်တော့ အမှောင်ထုတွေက ထူထူထဲထဲ.. တိတ်ဆိတ်မှုတွေကခြောက်လှန့်..ညဥ့်အော်သံတွေတောင် ပျောက်ဆုံးနေကြတယ်...။

အိန်ဂျယ်ရေ....... မင်းဘယ်မှာ ပုန်းနေလဲ...ကိုယ့်မှာ မင်းလိုကိုယ်ယောင်ဖျောက်သူကိုမြင်နိုင်စွမ်းတဲ့ တန်ခိုးပိုင်ဆိုင်ချင်လိုက်တာ...။ မိုးပေါက်တစ်စက် ကော်ဖီတစ်ခွက်နဲ့ အဖော်ပြု ... အလွမ်းတွေကိုဖျော်သောက်ကြည့်မိတယ်...ကော်ဖီခါးခါးထက် အလွမ်းတွေက ပိုခါးတယ်..။

ကိုယ် ငိုနေတာသိလား.... မိုးတိမ်တွေလဲ ငိုနေတယ်....။ ကိုယ်ကတော့ မင်းကိုလွမ်းလို့....။ မိုးတိမ်တွေကတော့ ပင်လယ်ကိုလွမ်းလို့တဲ့....။

အလွမ်းရဲ့ဖြစ်တည်မှုအစဟာ....ဝေးလွင့်ခြင်းလား....။ နီးနီးလေးပေမယ့်လည်း လူတချို့ကလွမ်းတတ်ကြတယ်တဲ့.....။ အဝေးဆုံးကိုရောက်နေလည်း လွမ်းချင်မှလွမ်းတယ်တဲ့...။ မင်းနဲ့ ကိုယ်ကကျတော့ရော....။

မင်းနဲ့ကိုယ်က နီးနီးကလေးလဲ မဟုတ် အဝေးကြီးမှာလည်းမဟုတ်ကြဘဲနဲ့ လွမ်းရတယ်......။

မိုးစက်တွေက အေးစိမ့်နေတာပဲ အိန်ဂျယ်........။ သူတို့က ကိုယ့်အတွက်အလွမ်းဖြေလေးတွေပေါ့...။

မိုးငွေ့

Monday, 11 June 2012

စပါ့ဂတီပင်စိမ်းယိုးဒယားကြော်






 







မီးမီးရဲ့ မနက်စာလေးပါ စားကြပါဦး


ဟိုတလောက လုပ်စားဖြစ်တဲ့ စပါ့ဂတီလေးပိုနေသေးတာနဲ့ ယိုးဒယားလိုပင်စိမ်းရွက်နဲ့ကြော်စားကြည့်မယ် စိတ်ကူးရသွားတယ်...။ ကျမသွားထိုင်နေကျ Black Canyon ကော်ဖီဆိုင်လေးမှာ အဲဒါမျိုးရောင်းတယ်....။ မနက်စောစောမထချင်တာနဲ့ ညကတည်းက စပါ့ဂတီခေါက်ဆွဲကိုပြုတ်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားတယ်။

လိုအပ်တာလေးတွေကတော့

၁)စပါဂတီခေါက်ဆွဲ(သုံးယောက်စာ)
၂)၀က်သားကြိတ်ပြီးသား100ဂရမ်
၃)ငရုတ်ပွနှစ်လုံး အစေ့ထုတ်အမြှောင်းလိုက်လှီးထား
၎)ငရုတ်သီးအနီ ငါးတောင့် အစောင်းလိုက်လှီးထား
၅)မုန်လာဥနီတစ်ဝက် အချောင်းလိုက်လှီးထား
၆)ပင်စိမ်းရွက်တစ်စည်းခြွေပြီးရေဆေးထား
ရ)ကြက်သွန်နီတစ်လုံးနဲ့ကြက်သွန်ဖြူသုံးမွှာ သေးသေးစင်းထား
၈)ပဲငံပြာရည်အကြည်တစ်ဇွန်း
၉)ကြက်သားမှုန့်တစ်ဇွန်း
၁၀)ဆီသုံးဇွန်း

ဒယ်ထဲကိုဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူနီကိုမွှေးအောင်ကြော်မယ် ၀က်သားထည့်မယ် နှစ်မိနစ်လောက်မွှေပြီးရင် ငရုတ်သီးအနီရောင် ငရုတ်ပွ ဥနီ တခါတည်းဆက်ထည့်ပြီး မွှေပေးပါ။ ပဲငံပြာရည်အကြည်ထည့် ပင်စိမ်းရွက်အုပ် စပါ့ဂတီခေါက်ဆွဲထည့် ကြက်သားမှုန့်ထည့်ပြီး နောက်နှစ်မိန်စလောက်မွှေပေးပြီးရင် အိုးချလို့ရပါပြီ....။ ပင်စိမ်းနံ့မွှေးမွှေး ငရုတ်သီးစပ်စပ်လေးနဲ့ စပါ့ဂတီခေါက်ဆွဲကြော်လေးကို ကျမက မနက်စာအဖြစ် ကော်ဖီပူပူလေးနဲ့ တွဲထားပါတယ်...။ ငရုတ်သီးလေးစပ်ရင် ကော်ဖီလေးသောက်လိုက်နဲ့ ဗယ်ရီးဂွတ်ပဲဗျာ....။


မိုးငွေ့


Friday, 8 June 2012

Sky.....




အုံ့ဆိုင်းမှိုင်းညိုနေတဲ့ မိုးကောင်းကင်ကြီးအောက်မှာ.....တိတ်ဆိတ်ကြေကွဲစွာနေရစ်ခဲ့ရတော့မှာလား....။

မင်းဟာ ကိုယ့်ရဲ့ ကောင်းကင်တစ်ခုပါ အိန်ဂျယ်....။
ရာသီအလီလီမှာ အရောင်တွေအမျိုးမျိုးပြောင်းလဲနေတဲ့ တိမ်စိုင်တွေနဲ့အလှဆင်ထားတဲ့ ကောင်းကင်ပေါ့..။

အိန်ဂျယ်ရေ....ကောင်းကင်ကနေ အတောင်ဖြန့်ကျက်ဆင်းမလာပါနဲ့...ခုလိုရာသီမျိုးမှာ မိုးစက်တွေသီပြီး ခိုဆင်းခဲ့ပါ.. ကိုယ်မျှော်ကြည့်နေပါ့မယ်......။

မိုးသက်လေကင်းတဲ့အခါ ပြာလွင်တဲ့ကောင်းကင်...တခါတလေ လိမ္မော်ရောင်တောက်တဲ့ တိမ်တွေကြောင့် အရောင်အဆင်းတွေပြောင်းလဲတဲ့ကောင်းကင်....ကိုယ်ကတော့ မီးခိုးရောင်တွေမှိုင်းညို့နေတတ်တဲ့ မိုးရာသီရဲ့ ကောင်းကင်ကို ပိုနှစ်သက်မိတယ်.......။ အဲခါမျိုးမှာ ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုလဲ ခံစားရတတ်တယ်....။ အဲဒါမကောင်းဘူးလေ နာကျင်ရတယ်.....။ ဒါပေမယ့် အိန်ဂျယ် ကိုယ်အဲဒီဝေဒနာတွေနဲ့အသားကျနေတတ်ခဲ့ပြီ......။

ငယ်စဉ်တုန်းက မြက်ခင်းပြင်ကျယ်ကြီးမှာ ပက်လက်အိပ်ပြီး ကောင်းကင်ကြီးကို အကြာကြီးခဏခဏကြည့်ခဲ့ဖူးတယ်....။ အဲဒီတုန်းကတည်းက ကောင်းကင်ကို ချစ်တတ်ခဲ့တယ်ဆိုတာ ကိုယ်ခုမှရိပ်မိလာတယ်....။

ဒါပေမယ့် အဲတုန်းက ကောင်းကင်ရဲ့ ဖြူဆွတ်တဲ့အတောင်ပံတစ်စုံရဲ့စွမ်းအားကိုယ်မသိခဲ့ဘူး.... လင်းလက်တဲ့ မျက်ဝန်းတစ်စုံရဲ့ စွမ်းအားကို ကိုယ်မမြင်တတ်ခဲ့ဘူး..... ဖြူစင်တဲ့ အပြုံးတစ်ပွင့်ကို ကိုယ်မကြည့်တတ်ခဲ့ဘူး...သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံကို နားမထောင်တတ်ခဲ့ဘူး....။

တကယ်တော့ အဲဒီအရာတွေအားလုံးဟာ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့်မင်းအတွက် ကောင်းကင်ကပေးခဲ့ဖူးတဲ့ အတိတ်နိမိတ်လက်ဆောင်တွေပါပဲ....။

....God Bless U အိန်ဂျယ်.......း)

မိုးငွေ့

Wednesday, 6 June 2012

ရွှေမိုးသည်းပြောတဲ့ ကဗျာတစ်ပုဒ်အကြောင်း


ရွှေမိုးညိုလို့  သူငိုနေမှာလား
ကိုယ့် အလွမ်းတွေကို
သူသိအောင်ပြောပေးပါရွှေမိုးရယ်
သူနဲ့ တွေ့ ခဲ့တဲ့အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့ တဲ့  (ဘယ်လိုမှရေးလို့ မရတဲ့ )ကဗျာတွေအကြောင်း
သူ့ ဆံနွယ်လှလှလေးတွေအကြောင်း
သူ့ အပြုံးချိုချိုလေးတွေအကြောင်း
ကိုယ့်တို့ ရဲ့  အလွဲတွေအကြောင်းရောပေါ့
သူမြင်သာအောင် လျှပ်ပန်းလေးတွေချွေချ
သူသိအောင်ပြောပေးပါနော်။ ။
(ကျွန်မ၏ကဗျာဆရာ)



Friday, 1 June 2012

သူငယ်ချင်းဆိုတာ.....



ကဗျာကြယ်တွေဝန်းရံထားတဲ့....အိမ်ကလေးတစ်အိမ်ကို ကိုယ်တွေ့ထားတယ်.......။ အဲဒီအိမ်လေးထဲမှာ ကဗျာတွေကို သိပ်ချစ်တဲ့ သူတို့အချင်းချင်းလဲ သိပ်ချစ်တဲ့ ဇနီးမောင်နှံကလေး နှစ်ယောက်နေကြတယ်.....။ သူတို့နဲ့ ကိုယ် အိမ်နီးချင်းဖြစ်တာသိပ်မကြာသေးဘူး....။

ကိုယ်တို့အိမ်ဝိုင်းထဲမှာ တောင်ကုန်းလေးမို့မောက်နဲ့ မြက်ပင်စိမ်းစိမ်းလေးတွေ အခင်းလိုက်ရှိတယ်....သူ့ဟာသူ သဘာဝအလိုက်ပေါက်တာပါ....။ အလေ့ကျပေါက်တဲ့ ပန်းပွင့် အဝါ အဖြူလေးတွေလဲ ဟိုနားဒီနားထိုးထိုးထောင်ထောင် ပွင့်နေကြတယ်...။ အရိပ်ရတဲ့ ကုက္ကိုပင်ခပ်ကြီးကြီးလဲရှိသေးတယ်.....။ သိပ်လှတာပဲ........။ နွေဦးပေါက်ဆိုရင် ကုက္ကိုပွင့်အနီလေးတွေက အဝါရောင်ပြောင်းပြီး မြက်ခင်းလေးပေါ်မှာ ကြွေကျလို့.....။ မြေပြင်မှာ အစိမ်းရောင်နဲ့ အဝါရောင်တွေက ပန်းချီကားတစ်ချပ်လိုပဲ....။

ကိုယ်အလုပ်အသွားအပြန်တိုင်း သိပ်ချစ်စရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးနဲ့ဆုံလေ့ရှိတယ်....။ သူတို့နှစ်ယောက်က အနီးဆုံးရှိနေကြပေမယ့် အလွမ်းကဗျာတွေကို မဆုံးတမ်းရေးနေတတ်ကြတဲ့သူတွေ...။ ဘယ်သူပြောလဲနော် ကိုယ့်မျက်စေ့ရှေ့မှာရှိတဲ့သူကိုမလွမ်းရဘူးလို့လေ......။

ကဗျာလှလှလေးတွေကို နှလုံးသားနဲ့ရင်းပြီး ဖန်တီးတတ်ကြတဲ့ သူတို့ကို ကိုယ်သိပ်အားကျတာပဲ...။ ကိုယ့်မှာ အဲဒီပါရမီမပါလာဘူးကွယ်....။ ဒါပေမယ့် ကိုယ်...သူတို့ကဗျာလေးတွေကို ပန်းချီပြန်ရေးပေးတဲ့အခါကျရင် သူတို့သိပ်နှစ်သက်သဘောကျကြတယ်...။ ကိုယ်က ပန်းချီဆရာလဲ မဟုတ်ပါဘူး ..။ စာရေးဆရာလဲမဟုတ်ပါဘူး....။ ကိုယ့်အလုပ်နဲ့ ဘာမှမဆိုင်ပေမယ့် ....ကိုယ့်ဝိညာဉ်ကိုတော့ ဘာသာပြန်မရတဲ့ အရာတစ်ခုက ဝင်ပူးဆည်းကပ်နေတာပါ....။ အဲခါမျိုးမှာမှသာ ကိုယ့်ရဲ့ ရင်တွင်းဖန်ဆင်းမှုက အသက်ဝင်လာတတ်တော့တာ....။


ဒီနေ့မနက်တော့ မြက်ခင်းစိမ်းစိုစိုလေးပေါ်မှာ နေခြည်နုနုတွေဖြာစင်းလို့...။ ငှက်ကလေးတွေလဲ ပျော်မြူးလို့...ပန်းပင်သိပ်မရှိပေမယ့် လိပ်ပြာငယ်လေးတွေတောင် ပျံဝဲလို့....။
အလုပ်ပိတ်ရက်လေးမှာ ...သူတို့မောင်နှံလေးကို ကိုယ်ထမင်းဖိတ်ကျွေးချင်တယ်...။ ကိုယ့်လက်ရာကိုသူတို့သဘောကျမှာပြောစရာမလိုဘူးလေ...။ ကိုယ်အထူးအဆန်းတစ်ခုခုလုပ်စားဖြစ်တိုင်း သူတို့နှစ်ယောက်ကို မမေ့မလျော့ပို့ပေးနေကျလေ...။ ဘယ်ဘဝက ရေစက်ကြောင့်မသိ သူတို့ကလေးတွေမောင်နှံကို ကိုယ်သံယောဇဉ်ဖြစ်နေမိတော့တာ...။

အဲဒီ ကဗျာကြယ်ကလေးနှစ်ပွင့်ကလေ...ဖော်ရွေကြတယ် ခင်တတ်ကြတယ်...ပြီးတော့...သိမ်မွေ့တယ်....။ သူတို့နဲ့ချစ်ခင်ရင်းနှီးပြီးနောက်ပိုင်း ကိုယ်ကတော့ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့ တခါမှမတွေးမိတော့ဘူး...။ ကိုယ့်ရဲ့ တကယ့်အရင်းနှီးဆုံးမိတ်ဆွေလို... ငယ်ပေါင်းလိုခံစားမိတယ်.....။ သူတို့လေးတွေကလဲ ကိုယ့်ကို ချစ်ခင်ကြတယ်....။ မေတ္တာပေးရင် မေတ္တာပြန်ရတယ်ဆိုတာ ကိုယ်တကယ်ယုံကြည်သွားပြီ.....။

အဲဒီနေ့က ကောင်းကင်ကြီးတခုလုံးမဲမှောင်လို့ ခဲသားပုပ်ရောင်သန်းနေတယ်...။ မိုးတွေက ဘယ်လိုအငြိုးနဲ့များ ထစ်ချုန်းရွာနေတယ်မသိ......။ အိမ်တံခါးတွေအကုန်ပိတ်ပြီး ကိုယ်ကော်ဖီတစ်ခွက်နဲ့ ဧည့်ခန်းထိုင်ခုံမှာနှပ်နေလိုက်တယ်.....။ ခဏကြာတော့ တံခါးခေါက်သံကြားရတယ်.....။ ဒီလောက်မိုးတွေသည်းနေတာ ဘယ်သူများမပါလိမ့်လို့...။ တံခါးဖွင့်လိုက်တော့ ထီးခပ်ကြီးကြီးတစ်လက်ကို နှစ်ယောက်အတူမိုးပြီး မိုးတွေရွှဲနေတဲ့ သူတို့ မောင်နှံ....။ ကိုယ်မျက်လုံးပြူးသွားတယ်။

တကယ်တော့ တစ်ယောက်တည်းဖြစ်နေတဲ့ ကိုယ့်ကို ကြောက်များနေသလား တစ်ခုခုဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ သူတို့ရောက်လာကြတာပါ....။ တကယ်ချစ်စရာကောင်းပါတယ်..။ မိုးရေတွေရွှဲနေတဲ့ မျက်နှာနှစ်ခုမှာ ရောင်ပြန်နေတဲ့ မျက်ဝန်းနှစ်စုံကို ကိုယ်တစ်ပြိုင်တည်းတွေ့လိုက်ရတယ်......။ တဆက်တည်းမှာ ကိုယ့်ဆီကို ကူးစက်သွားကြတယ်...။ ကိုယ့်မျက်ဝန်းဒေါင့်က ခပ်လက်လက် အရည်လေးလှိမ့်ဆင်းမကျမီ သူတို့ကို မိုးရေခြောက်အောင် တဘက်နဲ့ လဲစရာအဝတ်သွားယူပေးလိုက်တယ်.....။

ကိုယ့်လက်ရာ ကော်ဖီပူပူတစ်ခွက်ဟာ သူတို့ရင်ထဲက စိုးရိမ်မှုနဲ့ သူတို့ခန္ခာအပြင်ပန်းက အေးစိမ့်မှုကို ခပ်နွေးနွေးလေးနဲ့ နွေးထွေးစေမှာပါ ကိုယ်ယုံကြည်တယ်လေ.....။ ဟောဒီ....ကော်ဖီခွက်လေးထဲမှာ မေတ္တာတွေအပြည့်ရှိတယ် ဂရုဏာတွေအပြည့်ရှိတယ်... သံယောဇဉ်တွေအပြည့်ရှိတယ်...။ သူတို့ရဲ့ ကဗျာလေးတွေထဲမှာလဲ အဲလိုအရာမျိုးတွေနဲ့ချိပ်ဆက်ထားတာ အမြဲတွေ့ရလေ့ရှိတယ်.....။ တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းလဲ ကဗျာတိုင်းမှာ ကျဲပက်ထားတတ်တယ်......။


*************************


ကြည့်ပါဦးကွယ်... ကောင်းကင်မှာ ကြယ်မှုန်မွှားတွေများလိုက်တာ.....။ သူတို့တွေစုဝေးပြီး ဘာတွေပြောကြသလဲ..။ ကိုယ့်အကြောင်းလား......။ သိပ်ချစ်ကြတဲ့ သူတို့မောင်နှံအကြောင်းလား...။ အမှန်တော့ ကိုယ်တို့ရဲ့ ခင်မင်မှုက အဲဒီကြယ်အစုအဝေးလေးလိုပဲ အမြဲ စုစည်းနေတာ အမြဲလင်းလက်နေတာ အမြဲတောက်ပနေတာပါ........။


မှတ်ချက်။ ။ “လွင်ပြင်လှိုင်းငယ်” အတွက် အမှတ်တရမွေးနေ့လက်ဆောင်လေးပါ....။ ခေါင်းစဉ်လေးက လွင်ပြင်ကိုယ်တိုင်ပေးတာပါ အစ်မအဲဒီခေါင်းစဉ်လေးနဲ့ အက်ဆေးတစ်ပုဒ် အမှတ်တရရေးပေးပါဆိုလို့...။ မွေးနေ့မှစပြီး ချစ်တဲ့ဇနီးလေးနဲ့အတူ ခိုင်မြဲသောတွဲလက်နဲ့ ဘဝခရီးလမ်းကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းခြွေလိုက်ပါတယ်....။



မိုးငွေ့