Monday, 31 December 2012

ဂွတ်ဘိုင် 2012 လို့နှုတ်ဆက်ရင်း....(ပစ်ပစ်ရဲ့တဂ်ပို့စ်)


2012 က ကိုယ့်အတွက်အကောင်းဆုံးနှစ်မဟုတ်ခဲ့သလို အဆိုးနှစ်လဲမဟုတ်ပါဘူး...။ နေ့စဉ်မှတ်တမ်းရေးလေ့မရှိလို့ တိတိကျကျမမှတ်မိပေမယ့် မှတ်မှတ်ရရတော့ သုံးလပိုင်းလောက်တုန်းက ရှမ်းပြည်ဖက်ကို ခရီးထွက်ဖြစ်ခဲ့တယ်...။ မွေးနေ့တုန်းက အိုင်ပက်တစ်ခုလက်ဆောင်ရတယ်...။ ပြီးတော့ ချစ်သော ဘလော့ဂ်မာင်နှမတွေဆီက လက်ဆောင်အများဆုံးရတဲ့နှစ်ကလေးပေါ့....သူတို့တွေနဲ့လဲ အများဆုံးဆုံတွေ့ဖြစ်တဲ့နှစ်လေ.....။ ဟုတ်တယ် ဒီနှစ်ထဲမှာ ဖြိုး(ဖြိုးမောင်မောင်)၊ အိကု(ကိုညိမ်းနိုင်)၊ ကိုရဲ(ရဲထွန်းဇော်)၊ ကိုတူး(ညလင်းအိမ်)၊ တီတင့်၊ ကိုဇော်၊ သက်တန့်ချို၊ မမြသွေး၊ မချစ်ကြည်အေး၊ မ၀ါဝါခိုင်မင်း၊ ကိုကြီး၊ မေညို(ကြည်ကြည်ဒိုင်ယာရီ)၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)၊ ကိုကိုစိန်နဲ့ ခုဒီဇင်ဘာလမှာနောက်ဆုံး ဆုံဖြစ်တဲ့သူကတော့ ညီရဲသစ်ပါ....။ အလုပ်တွေပုံမှန်လုပ်တယ်... စာတွေပုံမှန်ရေးဖြစ်နေတယ်...။ ခါတိုင်းနှစ်ထက် ဟင်းပိုချက်ဖြစ်သလားပဲ...။ စာအုပ်တွေလဲများများပိုပြီးဝယ်ဖတ်မိတယ်...။ ဟင်းချက်မဂ္ဂဇင်းတွေကိုလစဉ်ဝယ်ဖတ်ဖြစ်တယ်...။ အက်ဆေးလေးတွေပိုရေးဖြစ်လာတယ်...။ ခံစားမှုပြင်းလာတာတော့မဟုတ်ပါဘူး....။ ဒါပေမယ့် ကိုယ်ပိုပြီးရင့်ကျက်လာသလားဆို မရင့်ကျက်ပါဘူး....။ ဒါပေမယ့် လစဉ်လတိုင်းတော့ အကျိုးပြုအလှူလေးတွေကို တတ်နိုင်သလောက်ပုံမှန်လုပ်ဖြစ်တယ်....။ စိတ်ကိုရှင်းရှင်းထားတယ်...။ အော်...ပြီးတော့ ဒီနှစ်ထူးခြားတာကိုကိုယ့်ကိုချစ်တဲ့သူတွေပိုများလာတယ်...။ မိတ်ဆွေသူငယ်ချင်းပြောပါတယ်ကွယ်...။ ကိုယ်ကချစ်တဲ့သူကတော့ ကိုယ့်ကိုချစ်တဲ့သူထဲမပါတာလေးပဲ အဆိုးတစ်ခုရှိတာပါ...း)။ ဘလော့ဂါတစ်ယောက်ကတော့ပြောတယ် ဒီနှစ်က ဘလော့ဂါတွေအသည်းကွဲတဲ့နှစ်တဲ့....။ ကိုယ်လား အဲဒီထဲမှာမပါပါဘူး...။ ကိုယ့်မှာကွဲစရာအသည်းတောင်မရှိပါဘူး...။ ကိုယ့်အက်ဆေးတွေ စာစုတွေလာဖတ်ရင်း စာဖတ်သူတိုင်းက ကိုယ်နဲ့ကိုယ့်ဇာတ်ကောင်ကိုရောကြတာ ကိုယ့်ရဲ့သက်ဝင်ခံစားမှုအားကောင်းလို့လို့ထင်ပါတယ်...။ အင်းး...အပျိုကြီးးးးလုပ်တော့မှာလားလို့ ဂျေညီညီသီချင်းလေးနဲ့ မေးကြတာခဏခဏခံရတယ်...။ လုပ်မယ်လို့ပြောပြီး မလုပ်ဖြစ်ရင် စကားမတည်ရာကြမယ်လေနော်...။ အူးလေးအိကုပြောသလိုပဲ....ဒီတိုင်းနေတာပဲကောင်းပါတယ်...။

ဒီနှစ် ဒီဇင်ဘာ21ကို ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းကြီးက တစ်ကမ္ဘာလုံးက လူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တာမဟုတ်လား....။ ကမ္ဘာပျက်မယ်ဆိုတာ ရုပ်ရှင်ထဲကလိုတော့ ၀ုန်းဒိုင်းကြီးမပျက်လောက်ဘူးထင်တာပဲ...။ ခုလဲ ဟိုနေရာမှာ ဟိုဟာဖြစ်ဒီဟာဖြစ်နဲ့ မသိမသာ လူဦးရေကိုလျှော့နေတာတွေ ရာသီဥတုတွေဖေါက်ပြန်ပြောင်းလဲလာတာတွေ မိုးခေါင်လာတာတွေ အပူချိန်မြင့်လာတာ လူတွေအကျင့်စရိုက်ဖေါက်ပြန်လာကြတာ ယောကျာင်္းစစ်စစ်တွေရှားပြီး
ဂေးတွေများလာတာ (ရန်ကုန်မှာပိုဆိုးလာတယ် မြန်မာပြည်ပြန်ပြီး ကြင်ဖော်ရှာမယ့်သူများ သတိထားဖို့ပါ) စတဲ့လက္ခဏာတွေဆိုတာကလဲ ကမ္ဘာပျက်တာပဲပေါ့....။ အိုကေ...ဒီနှစ်မှာလုပ်ချင်တာတွေကိုမလုပ်ဖြစ်ခဲ့ရတာတွေ လာမယ့်နှစ်သစ်မှာ ဖြစ်မြောက်အောင်မြင်စွာလုပ်ဖြစ်အောင်လုပ်ကြပါလို့ ပြောရင်း ဘိုင့်ဘိုင် 2012 လို့နှုတ်ဆက်ခဲ့ပါတယ်....။ လာမယ့် 2013နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ အကောင်းဆုံးဖြစ်အောင်အတူ ကြိုးစားလုပ်ဆောင်ကြစို့လား...း))

သတိတရနဲ့ တဂ်လာတဲ့ ညီမပစ်ပစ်ကို ကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်...။

မိုးငွေ့


Friday, 28 December 2012

စူးနစ်ကြေကွဲ.....




အမှောင်ထဲမှာ မျက်စိမှိတ်ထားပြီး အကြာကြီးနေချင်တယ်........။ ဘာမှမပြောချင်ဘူး....ဘာမှမလဲမတွေးချင်ဘူး...။ အဲဒီလိုလုပ်ချင်နေမိတယ်....။ ဒါပေမယ့် အသိစိတ်တွေက ကိုယ့်ကိုဖြစ်ခွင့်မပေးပြန်ဘူး...။ ရင်ဘတ်ထဲမှာ စူးနင့်နေတဲ့ခံစားချက်တွေက လည်မြိုကတဆင့်တက်ပြီး မျက်ဝန်နှစ်ဖက်ဆီကိုရိပ်ခနဲတက်လာတယ်...။ အမြင်အာရုံတွေဝိုးဝါးနေတဲ့ကြားက...စကားလုံးတွေကို ရှာဖွေနေမိတယ်...။ လက်ချောင်းတွေက ပြေးလွှားဖို့ တာဆူနေကြတယ်..ရင်ဘတ်ထဲကထွက်လာမယ့် စကားလုံးတွေကို စောင့်ဆိုင်းရင်းပေါ့...။

နွေရယ်...မိုးရယ်...နှင်းရယ်...လို့ ကိုယ့်ဆီမှာ ကွဲကွဲပြားပြားရှိနေသေးရဲ့လား.....။ အေးစိမ့်မှုမပေးတဲ့ဆောင်းမှာ နွေနေပူပူ မိုးတွေရွာချလိုက်သလိုပဲ....။ တင်းကျပ်နေတဲ့ ရင်ထဲကအရာတွေကို ဘယ်လိုဖွင့်အံချရမယ်မှန်းကိုယ်တကယ်မသိတော့ဘူး....။
မဆုံးနိုင်တဲ့ ကြေကွဲမှုတွေနဲ့ ကိုယ်ဘယ်လောက်ထိကြာအောင်နေရဦးမှာလဲ......။
ကျေးဇူးပြုပြီး ကိုယ့်ရဲ့ကြေကွဲမှုတွေကို ကန့်သတ်ပေးပါ...ပလိစ်စ်.....။

အဖြူရောင်အပြုံးတွေ....ကြယ်ကလေးတွေလို တောက်ပလင်းလက်တဲ့အကြည့်လေးတွေ...
နှုတ်ခမ်းထူထူတစ်စုံကထွက်ကျလာတဲ့ သံစဉ်လှလှလေးတွေ....လေထဲမှာဝဲပျံနေကြတဲ့ အနမ်းလေးတွေ ...အားလုံး ပုံပြင်ထဲမှာကျန်ခဲ့ပြီလို့ မပြောလိုက်ပါနဲ့...။

ကြည်စင်ကောင်းကင်မှာ... လွင့်ပျံနေမယ့် တိမ်အုပ်တွေကို သွေးရူးသွေးတမ်းရှာဖွေနေခဲ့မိတယ်....။ တိမ်တွေနောက်ကွယ်ကနေများ...ထွက်လာမလားလို့ မျှော်တလင့်လင့်နဲ့ နေ့ညတွေကို ဆုတ်ဖြဲလာခဲ့တာ ပျံသန်းနေတဲ့ ငှက်အုပ်တွေတောင် ကိုယ့်ကိုငေးမောကြည့်သွားကြလေရဲ့....။

မမြင်ရတဲ့နေရာတစ်ခုမှာ တုန့်ပြန်မှုမရှိတဲ့ စကားလုံးသုံးလုံးပါတဲ့နာမည်တစ်ခုကိုကြွေးကြော်လိုက်တယ်....။
တုန့်ပြန်မှုမရှိတာကို သိလျက်နဲ့...ကိုယ့်စိတ်ရဲ့စေညွှန်းရာ...ခေါ်ကြည့်မိတယ်...။ တစ်ရက်...နှစ်ရက်... သုံးရက်... အချိန်တွေသာ အရည်ပျော်ကုန်ဆုံးသွားမယ်... အဖြေသိပြီးသားပုစ္ဆာတစ်ခုကို... အဖြေထပ်သွားရှာသလိုဖြစ်သွားတယ်...။ စိတ်ဆုံးဖြတ်ကြည့်မိတယ်... ကိုယ့်ကိုထားသွားလဲ နေရစ်ခဲ့တော့မယ်...။ ဒါဆို အပြီးအပိုင်နှုတ်ဆက်....ကိုယ့်ဘ၀ထဲကနေ တစ်သက်လုံးပျောက်ကွယ်သွားတော့မလား.....။ အဲဒီလိုလဲ ကိုယ်မလုပ်နိုင်ခဲ့ဘူး...။ ဟူး....


မိုးငွေ့

Wednesday, 26 December 2012

Always.....






ကိုယ်ဆယ်တန်းအောင်တော့ ကျောင်းမတက်ရသေးခင်… သင်တန်းတွေလျှောက်တက်နေတဲ့ အချိန်တုန်းက စလောင်းကလာတဲ့ အမ်တီဗီတွေကိုတော်တော်လေးကြည့်ဖြစ်ခဲ့တယ်….။ အဲဒီချိန် ကိုလေး(လေးဖြူ)တို့ ကန္တာရလမင်း စီးရီးစထွက်ခါစအချိန်လေး…။ ကိုလေး ကော်ပီဆိုတဲ့ သီချင်းတွေက ဂျွန်ဘွန်ဂျိုဗီရဲ့ သီချင်းတွေချည်းပဲ…။ အမ်တီဗီမှာ ဘွန်ဂျိုဗီရဲ့ သီချင်းတွေတော်တော်လာတယ်…။ သူ့သီချင်းတွေကို အားလုံးလိုလိုကြိုက်တယ်…။ ကိုယ်မှတ်မိသလောက် သူ့အမ်တီဗီတွေမှာ အိုလီဗီးယားဆေးဗားစတုန်း ဆိုတဲ့ ခပ်ဟော့ဟော့ကောင်မလေးက သရုပ်ဆောင်ပေးလေ့ရှိတယ်…။
ဟိုတလောက ကိုယ်သွားသွားဝယ်နေကျ ရန်ကင်းစင်တာက Crab Fashion Boutique ဆိုင်က ကောင်မလေးက သူ့ဆိုင်သွားရင် သူဖွင့်ဖွင့်တတ်တဲ့ အင်္ဂလိပ်သီချင်းဟောင်းတွေကို ကြိုက်တယ်ပြောဖူးလို့ စီဒီတစ်ချပ်ကူးပြီး လက်ဆောင်ပေးလိုက်တယ်…။ အဲဒီထဲကပါလာတဲ့ Unplugged Collection ဆိုတဲ့ သီချင်းတွေထဲက Bon Jovi ရဲ့ Always ကို  Version အသစ်လေးနဲ့ပုံစံပြောင်းပြီးဆိုထားတာ အရမ်းကြိုက်တယ်…။  This Left Feels Right Live Acoustic   ထဲက Bon Jovi ALWAYS_EASY ကိုနားထောင်ပေးပါနော်...။

မိုးငွေ့

Monday, 24 December 2012

Merry Christmas to you all.....



ခရစ်ယာန်ဘာသာဝင်တစ်ယောက်မဟုတ်ပေမယ့်... ငယ်စဉ်ကတည်းက ဒီဘာသာနဲ့မစိမ်းခဲ့ပါဘူး...။  ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းတွေအများကြီးရှိခဲ့ဖူးတယ် ခုလို ခရစ္စမတ်ချိန်ဆို သူ့တို့ရွာမှာ ထမင်းဖိတ်ကျွေးတယ်...ခေါပုတ်တွေထောင်းကျွေးတယ်...။ အဲလိုချစ်စရာကောင်းတဲ့ ဓလေ့တွေကို ခုချိန်မှာပြန်မရနိုင်တော့ပါဘူး...။ လေထုလတ်ဆတ်တဲ့ တောတောင်ဒေသကို နှစ်ပေါင်းများစွာ စွန့်ခွာလို့ ညစ်ညမ်းတဲ့လေထုကို နေ့တဓူဝရှူရှိုက်...နွမ်းနယ်မှုတွေနဲ့ မွန်းကျပ်နေတာကြာလှပေါ့....။ ဘာပဲဖြစ်ဖြစ် တော်ရာမှာနေရတဲ့ဘ၀မှာ... ကိုယ်ကျိုးမကြည့်ဘဲ...အများကျိုးအတွက်သယ်ပိုးရင်း လွတ်လပ်ငြိမ်းချမ်းမှုများနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်တောင်းရင်း ခရစ္စမတ်သီချင်းလေးတွေကို နားဆင်ခံစားသွားကြပါဦးရှင်....။










မိုးငွေ့

Saturday, 22 December 2012

အလွမ်းဇာတ်.....




“အလွမ်းဇာတ်”ဆိုတာ မင်းအတွက်(၃) Pop အယ်လ်ဘမ်မှာပါတဲ့ သီချင်းတစ်ပုဒ်ပါ…..။ သီချင်းလေးကပီယာနိုတစ်မျိုးတည်းတီးပြီး ခပ်လွမ်းလွမ်းကြီးကို Moodပါပါနဲ့ အာတီချုပ်အဖွဲ့က သားကျော်ကိုယ်တိုင်ရေးဆိုထားတဲ့ သီချင်းပါ….။ မိုးငွေ့နဲ့အတူမှာ မိုးငွေ့ရဲ့ ဇာတ်လိုက်ကျော် “အိန်ဂျယ်” ကိုစတင်ဖန်တီးစက ရေးခဲ့ဖူးတဲ့ “ပျောက်ဆုံးနေသောအိန်ဂျယ်”ဆိုတဲ့ စာစုလေးကိုရေးဖြစ်သွားစေခဲ့တဲ့ သီချင်းလေးပါပဲ….။ အိန်ဂျယ်စာစုတွေကို အစဆုံးတောက်လျှောက်ဖတ်လာဖူးခဲ့သူတွေ ဒီအက်ဆေးလေးကိုကောင်းကောင်းသိကြပါတယ်….။ ခုတခါ ဒီအက်ဆေးလေးကို စတင်ဖြစ်ပေါ်စေခဲ့တဲ့ “အလွမ်းဇာတ်”ဆိုတဲ့ သီချင်းလေးကိုနားဆင်ရင်း တစ်ခေါက်ပြန် ဖတ်ကြည့်စေချင်ပါတယ်….။ ကိုယ့်ရဲ့ အက်ဆေးဆိုတာထက် ရင်ထဲက စုတ်ချက်တွေနဲ့ရေးခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ဆို ပိုမှန်ပါလိမ့်မယ်…။

ပျောက်ဆုံးနေသော အိန်ဂျယ်.....

ရာသီဥတုက မှုန်မှိုင်းအေးစက်လို့..... နေရာတိုင်း မီးခိုးရောင် နှင်းမြူခိုးတွေထနေတယ်...။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ တံမြက်စည်းပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ... တချို့အပင်တွေက ကိုယ်ထက်တောင်ရှည်နေပါသေးတယ်...။ လေအေး တစ်ချက်ဝေ့လိုက်တိုင်း...နှင်းစက်မှုန်လေးတွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်...ဒီလိုအေးစိမ့်မှု... ဒီလိုနေရာလေးကို ရောက်လာတာ...ဟိုးးး ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်..။ အဲဒီတုန်းက ဆောင်းရာသီ နှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။

ဂါဝန်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်း... ခေါင်းကိုတော့ ပုဝါခြုံထားရင်း... ခြေလှမ်းတွေ ရှေ့ဆက်သွား နေကြတယ်..။ လမ်းတလျှောက် နှင်းမှုန်လေးတွေနဲ့ တံမြက်စည်းပင်အဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာပြီး ကလူကျီစယ်နေကြတယ်...။ တံမြက်စည်းပွင့်တွေမှာ အရောင်ဖျော့ဖျော့နဲ့ ပန်းသွေးရောင်လေးပါနေသလိုပဲ...။ ဒါပေမယ့်လည်း ပန်းရောင်တော့မဟုတ်ဘူး...။ ငွေမှင်ရောင်လေးမှာ ပန်းဖျော့ရောင်လေးရောစပ်ထားတဲ့ အရောင်မျိုး...။ ကိုယ်အဲဒီအရောင်မျိုးကို သိပ်ကြိုက်တာ...။ ခု...ကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်အရောင်လေးနဲ့ မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်း မမြင်ရပါဘူး...။ တခါတခါ... နှင်းပွင့်ကလေးတွေ လင်းခနဲ လက်ခနဲ အရောင်တွေကိုတော့ မြင်နေရသလိုလို...။ ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်လေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့စိုထိုင်းစပြုနေပြီ...။ အင်းလေ.... ဒီနေရာကိုရောက်ဖို့ ကိုယ်ဘယ်တုန်းကတည်းက ခရီးနှင်ခဲ့သလဲ??? ဟင့်အင်း.... ကိုယ်မမှတ်မိတော့ဘူး....။ ပြီးတော့ ... ကိုယ်အခု...ဘယ်ကိုသွားနေသလဲ????

ဟော....ရှေ့နားမှာရေစီးသံတွေ တဝေါဝေါကြားနေရတယ်...။ ဂါဝန်လေးမပြီး အပြေးတစ်ပိုင်း ကိုယ်သွားလိုက်တယ်...။ ချောက်ကမ်းပါးကြီးရဲ့ ဟိုးးး အောက်ဘက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့...။ စောစောကအသံကြားရုံနဲ့တင် ရေစီး ဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိတယ်...။ ခု...တကယ်မြင်ရချိန်မှာ ပိုပြီးတော့တောင်သေချာသွားတယ်...။ ဒါချောင်းတစ်ခုလား....။ မဖြစ်နိုင်ဘူး....။ ပေသုံးဆယ် အကျယ်လောက်သာ ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့ မြစ်တစ်ဆင်းပဲဖြစ်မှာပါ...။ တစ်ဘက်ကမ်းကို လှမ်းကြည့်တော့ လူတစ်ရပ်စာနီးပါး မြင့်နေတဲ့ မြက်ပင်ရှည်တွေက စိမ်းစိုလို့....။ အဲဒီကြားထဲ ဘာပန်းမှန်းမသိတဲ့ အ၀ါရောင်အပွင့်သေးသေးတွေ ကြိုကြားကြိုကြား ပွင့်နေကြတယ်...။ ခုမှ...ကိုယ်သတိထားကြည့်မိတယ်...။ ရေခဲမြစ်ရဲ့ ဟိုမှာဘက်ကမ်း မျက်စိတဆုံးက မြက်ပင်စိမ်းစိမ်းနဲ့ အ၀ါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ်ရပ်နေတဲ့ ဒီဘက်ကမ်းမှာတော့ ငွေမှင်ရောင်ဖျော့လေးတွေ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်တွေချည်းရယ်.....။ အစိမ်းရောင်မျဉ်းနဲ့ ငွေမှင်ရောင်မျဉ်းနှစ်ကြောင်းကြားမှာ စီးဆင်းနေတဲ့ ရေဖွေးဖွေးတွေ.....။

လေကြမ်း တစ်ချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က...ခြုံပုဝါ အဖြူရောင်လေး.... လေနဲ့အတူ လွင့်သွားတယ်....။ ကိုယ်လိုက်ဖမ်းဖို့မမှီတော့ဘူး....။ သူက လေအရှိန်နဲ့ တစ်ဘက်ကမ်းက မြက်ပင်ရှည်တွေဆီ လွင့်သွားနေတယ်....။ ပုဝါလေးကို ကိုယ်မမှိတ်မတုန် လိုက်ကြည့်တဲ့ချိန်မှာပဲ... ပုဝါအဖြူလေးက .... မြက်ပင်စိမ်းတွေကြားထဲက ဘယ်ချိန်ကထွက်ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထု တစ်ခုပေါ်ကို အုပ်မိုးကျသွားတယ်....။ မဟုတ်ဘူး.... ပုဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ...။ လှုပ်ရှားမှုကြောင့် အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ ... သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ....။ ကိုယ်က လိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကို ကွယ်သွားလိုက်နဲ့....။ အဖြူရောင်ကတော့ ကိုယ့်ပုဝါလေးကို ဆုပ်ကိုင်ထားရင်း ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမမြင်ရပေမယ့် ကိုယ်ခံစားမိနေတယ်....။ ခဏကြာတော့.... မြင်ကွင်းတွေပြန်လည် ကြည်လင်လာတယ်...။ အိုးးး သူ.... သူက ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်လေးပဲ....။ ဟုတ်ပြီ.... ကိုယ်မှတ်မိပြီ...။ ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တစ်ချက်ပြုံးပြပြီး.... သူ့ကို လက်ဝှေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေဖျော့တော့နေမလားပဲ...။ ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။

သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲကြည့်နေဆဲပါပဲ....။ ကိုယ်....လက်ဖ၀ါးနှစ်ဘက်ကို အုပ်ပြီး... “အိန်ဂျယ်....ရေ”လို့ အော်ခေါ်လိုက်တယ်...။ ကိုယ့်အသံတွေလည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး...။ ထိတ်လန့်တကြားနဲ့ ကိုယ့်နှုတ်ခမ်းပေါ်လက်ချောင်းလေးတွေနဲ့ အုပ်မိတယ်...။ ဘုရားရေ.... ကိုယ့်အသံတွေဘယ်ပျောက် ကုန်ပြီလဲ...။ ကိုယ်ထပ်ပြီး ကြိုးစားခေါ်ကြည့်တယ်....။ နိုးးး.. အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်မှာ နွေးခနဲ မျက်ရည်တွေ စီးကျလာတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်က ကိုယ့်ပုဝါအဖြူလေးနဲ့အတူ မြက်ပင်ရှည်တွေကြားထဲကနေကွယ်ပျောက်သွားတယ်...။ ဟိုဘက်ကမ်းကို ကိုယ်ဘယ်လိုကူးသွားရမလဲ တံတားများရှိမလားလို့ အမောတကောနဲ့ လိုက်ရှာကြည့်တယ်...။ ဟင့်အင်းး...ဘာတံတားမှမရှိဘူး... ဘာနွယ်ကြိုးမျှင်မှလဲ မတွေ့ရဘူး...။ အသက်ရှူလဲ ကြပ်လာပြီ...။ အာခေါင်တွေလဲခြောက်လာပြီး....။ ပြီးနောက် လောကကြီးတစ်ခုလုံးအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့ပြီ...။

မိုးငွေ့


Thursday, 20 December 2012

နရော.....




ဒီနေရာကို ဘယ်ချိန်ကတည်းက ကိုယ်ရောက်နေခဲ့မိသလဲ သေချာမမှတ်မိတော့ပါ….။

ဘယ်ချိန်ရှိနေပြီလဲ…..။ လမ်းမပေါ်မှာ ကားအသွားအလာတွေသိပ်မရှိတော့….။ လမ်းမီးတိုင်ဆီက အရောင်ဝါကျင့်ကျင့်က ကတ္တရာလမ်းဆီ မပီဝိုးတ၀ါးဖြာကျလို့…….။ ဆောင်းလေအေး တချက်တချက်ဝှေ့တိုက်လာတာကိုမမှုပေမယ့် လက်နှစ်ဖက်ကိုတင်းတင်းပိုက်ပြီး လမ်းမရဲ့ ဟိုဖက်ဒီဖက်ဆီကိုသာကြည့်နေမိတော့တယ်……။


ခု…ကိုယ်ရပ်နေတဲ့နေရာလေးမှာပေါ့….ညမီးရောင်အောက်မှာ ကိုယ့်ကိုကြည့်ပြီး “မမသနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှမမြင်ဖူးသေးဘူး”လို့ပြောပြီးမင်းရဲ့ အပြုံးကိုနောက်ဆုံးမြင်လိုက်ရတဲ့နေရာ….။

ကိုယ့်ရဲ့ဘယ်ဖက်ခြမ်းမှာ ပလက်ဖောင်းဘေး အမိုးလေးနဲ့အုတ်ခုံလေးကိုလှမ်းကြည့်ရင်း မျက်ရည်တွေက အလိုလို ဝေ့၀ဲတက်လာပြန်တယ်….။ 


“ကျွန်တော်တို့… အဲဒီမှာထိုင်ကြမယ်လေ….” လို့  မင်းပြောခဲ့တာကို ပြန်မြန်ယောင်မိပြီး…. အဲဒီညက မင်းနဲ့ကိုယ်တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုဟာ အိပ်မက်တစ်ခုသာဆို ဘယ်လောက်ကောင်းလိုက်မလဲ……။

ကိုယ်သာမင်းနဲ့အတူ အဲဒီမှာထိုင်ဖြစ်ခဲ့ရင် မင်းရင်ဖွင့်မယ့်စကားတွေကို နားထောင်ဖြစ်ခဲ့ရင် ခုလိုကိုယ်တို့စောစောစီးစီး ဝေးကြရမှာမဟုတ်ဘူး…..။


ကျင့်ဝတ်တွေ…. သိက္ခာတွေ…မာနတွေ… တန်ဖိုးတွေ…..စောင့်စည်းမှုတွေ…. အဲဒါတွေက အချစ်မှာလိုအပ်သလား ကိုယ်သေချာမသိဘူး…။ ဒါပေမယ့် ကိုယ်အဲဒါတွေနဲ့ မင်းကိုလဲလှယ်ခဲ့လိုက်တယ်….။ 


ပြီးတော့ ကိုယ်ဟာ…မင်းအရွယ်နဲ့လိုက်ပြီး မိုက်မဲ့ဖို့မသင့်တဲ့ အရွယ်….။ အို…မင်းကို မိုက်မဲတယ်လို့ကိုယ်သုံးနှုန်းလိုက်တာဟာ မင်းကိုစော်ကားတာမဟုတ်ပါဘူး….။ မင်းရဲ့ ဇွတ်တရွတ်နိုင်မှုကိုပြောတာပါ…..။ ကိုယ်တို့မှာ တူညီကြတာဆိုလို့ ဂီတကိုချစ်မြတ်နိုးတာတခုပဲရှိတယ်….။ တကယ်တော့ ကိုယ်မင်းကို ကိုယ်နဲ့အဆင်ပြေတာမပြေတာထက် အားလုံးနဲ့အဆင်ပြေစေချင်တာပါပဲ….။  လောကကြီးကို အမြဲမထီမဲ့မြင်နေတဲ့ လူငယ်တစ်ယောက်မဖြစ်စေချင်ဘူး….။ ခုတော့လဲ….ပြီးသွားပါပြီ…။ ကိုယ်ဘာပြောပြော ဘယ်လိုပဲဖြစ်နေဖြစ်နေ… မင်းကိုယ့်ဆီပြန်လာမှာမှမဟုတ်တော့ဘဲ…။


အဲဒီညက မင်းကိုယ့်ကိုပြောချင်တဲ့ စကားတွေဆိုတာဘာတွေလဲ…ကိုယ်ခုချိန်မှာသိချင်လဲ မျှော်လင့်တွေချက်က ရေစုန်မျောသွားခဲ့ပြီ…။

ဟိုအရင်ချိန်တွေတုန်းကလို…..“မင်းဘယ်ဆီမှာလဲ”…..“ကိုယ်ဆီပြန်လာခဲ့ပါ”…..
“သတိရသေးရင် နှုတ်ဆက်ပါ” လိုင်းပေါ်ရောက်တိုင်း နစ်မှာတင်ထားလဲ… … ကိုယ့်ကို ကိုယ်ယောင်ဖျောက်ပြီး ရုတ်တရက်လာနှုတ်ဆက်မယ့်သူမရှိတော့ဘူး…။ မင်းဆီမှာကိုယ့်အတွက် နေရာ ဆိုတာမရှိတော့ဘူးတဲ့လား….။

မိုးငွေ့

Tuesday, 18 December 2012

Angels Cry.....





“Mariah Carey”  သူ့ကို ကိုယ်စသိတာ Hero ဆိုတဲ့သီချင်းကပါ….။ သူ့အသံကစူးရှတယ် ဆွဲပြီးအော်နိုင်တဲ့အသံ…။ သူတို့ဆီမှာလုပ်တဲ့ Divas Live ဆိုတဲ့ တကယ့်အသံဘုရင်မတွေချည်း စုစည်းထားတဲ့ ဂီတပွဲတော်မှာ မာရိုင်ယာလည်းပါဝင်ဆင်နွှဲရတဲ့ အဆိုဘုရင်မတစ်ယောက်ပေါ့….။ သူ့ရဲ့ E=Mc2 (အမ်စီစကွဲ)ဆိုတဲ့ အမ်ဘမ်ထဲက သီချင်းတွေကိုအကုန်ကြိုက်တယ်…။ ပြီးတော့ ဆုံးပါးသွားတဲ့ သူ့အဖိုးကို ရည်ညွှန်းပြီး ဆိုထားခဲ့တဲ့ Bye Bye ကိုလည်းအရမ်းကြိုက်တယ်….။ အဲဒီရှေ့ပိုင်း အမ်တီဗီမှာအမြဲလွှင့်လေ့ရှိတဲ့ ပြန်ဆိုတေးတွေထဲက “I’ll Be There” တို့ “Without You” တို့ “Endless Love”တို့လိုစုံတွဲသီဆိုတဲ့သီချင်း… မကြာသေးခင်က မူးယစ်ဆေးဝါးသုံးစွဲလွန်လို့သေဆုံးသွားခဲ့တဲ့ အသံဘုရင်မတစ်ယောက်ဖြစ်တဲ့ Witney Huston နဲ့အတူ Duet ဆိုထားတဲ့ “When You Believe” စတာတွေဟာ… တကယ့်သီချင်းကောင်းတွေပါ… ဘယ်အခါနားထောင်နားထောင် မရိုးစေတဲ့ သီချင်းတွေ…။ သီချင်းလေးတွေကို လင့်ချိတ်ပေးထားပါတယ် ကြိုက်တဲ့တစ်ပုဒ်ကို နားထောင်သွားလို့ရပါတယ်..။


ကိုယ်နောက်ဆုံးနားထောင်ဖြစ်တဲ့ မာရိုင်ယာရဲ့ Obsessed အမ်လ်ဘမ်ထဲက အဲဒီTitle သီချင်းကိုလည်းကြိုက်တယ်…။ သူ့သီချင်းအကုန်လုံးနားထောင်ကောင်းတယ်…။ စီဒီဆိုင်တွေရောက်ရင် သူ့သီချင်းတွေ အစအဆုံးစုထားတဲ့ ခွေတွေ့ရင်ဝယ်ဖြစ်တယ်…။ World Tour လို ကမ္ဘာလှည့်ဆိုတဲ့ Live Show တွေဆိုလည်း ၀ယ်ကြည့်ဖြစ်တယ်..။ သီချင်းတွေသာထပ်ပေမယ့် သူ့ အမ်တီဗီတွေဆို ၀ယ်ဖြစ်နေရော..ကြိုက်လို့..။ အဲဒီထဲက  Ne-Yo featuring ပါဝင်သီဆိုထားတဲ့ Angels Cry ကိုတင်ပေးထားပါတယ်…။ 


အိန်ဂျယ်…မင်းလည်းကိုယ့်ဆီကို မျက်စိလည်လမ်းမှားလို့ အလည်တစ်ခေါက်ရောက်လာဖြစ်ခဲ့မယ်ဆိုရင် ဒီသီချင်းလေးကို နားထောင်သွားပါနော်…..
Pleaseeeee…. baby….:)

မိုးငွေ့