
မောင့်ရုံးလွယ်အိတ်လေးကို ကျမရှင်းပေးနေကျပါ...။ ဘာကြောင့် သည်လက်သည်းညှပ်အပြာရောင်းလေးကို ခုမှတွေ့မိပါလိမ့်..။ ကျမတော်တော်လေးတော့ ခေါင်းနပမ်းကြီးသွားသည်...။ သည်လက်သည်းညှပ်ကို မောင်ဘာကြောင့် ခုချိန်ထိ သိမ်းထားသေးသလဲ....။ တကယ်တော့ မောင့်လက်သည်းတွေရှည်လာတိုင်း ကျမဝယ်ပေးထားသည့် ပန်းရောင်လက်သည်းညှပ်ကလေးနှင့်သာ မောင့်ကိုကျမကိုယ်တိုင်ညှပ်ပေးနေကျ...။
ကျမကောင်းကောင်းကြီး မှတ်မိနေသေးသည်....။ လွန်ခဲ့သောသုံးနှစ် ကျမနဲ့မောင် လက်မထပ်ခင်က... အဖြစ်အပျက်လေးပါ...။ အဲဒီတုန်းက မောင် ဆေးကုမ္ပဏီမှာ ရာထူးသိပ်မကြီးသေး....။ အလုပ်မှာ တခြားကုမ္ပဏီမှ မိုးစက်ဖြူဆိုသည့် ဆံပင်ရှည်ရှည်ကောင်မလေးနှင့် မောင် ဘာလိုလိုသတင်းကြားလို့ ကျမနှင့် မောင် အကြီးအကျယ် ပြဿနာတက်ခဲ့ကြသေးသည်...။ အဲဒီ..အပြာရောင်လက်သည်းညှပ်ဆိုတာ မိုးစက်ဖြူဆိုသည့် ကောင်မလေး မောင့်ကိုမွေးနေ့လက်ဆောင်ပေးခဲ့ဖူးသော ပစ္စည်းဆိုတာ မောင်ပြောဖူးလို့ ကျမသိနေခဲ့ပါသည်...။
မောင်အလုပ်သွားသည့် အိတ်လေး ညစ်ပတ်နေလို့ အခြားတစ်လုံးနှင့်လဲရန် လုပ်ပေးနေပေမယ့် ကျမစိတ်တွေ ဂနာမငြိမ်ဖြစ်နေသည်...။ ဒီကိစ္စ... မောင့်ကို ပွင့်ပွင့်လင်းလင်း မေးသင့်သလား...။ ကျမကိုယ်ကျမဇဝေဇဝါနှင့် အဲသည်နေ့က ပိတ်ရက်မို့ အိမ်အလုပ်လုပ်ရင်း ရှုပ်ထွေးနေတော့သည်...။ ဧည့်သည်နှင့် မောင်အပြင်သွားနေသည်မို့ မောင်ပြန်လာလျှင်မေးဖို့ မေးခွန်းတွေကို ကျမရွေးနေမိသည်...။ ရုံးပိတ်ရက်လေးမှာပဲ မောင့်ကို ဖွယ်ဖွယ်ရာရာ ဟင်းလေး ချက်ကျွေးနိုင်တာမို့ ကျမ အပြာရောင် လက်သည်းညှပ်လေးအကြောင်းကို ခဏမေ့ထားလိုက်သည်...။
သင်္ဘောလိုင်းရုံးမှာ အလုပ်လုပ်သည့်ကျမအတွက် တစ်ပတ်မှာ တနင်္ဂနွေပိတ်ရက်လေးတစ်ရက်သာ မောင့်အတွက် အချိန်ပေးနိုင်သည်... ။ မောင်သည်လည်း ကျမနှင့်ထပ်တူပါ...။ ဒါကြောင့် ပိတ်ရက်ကလေး တစ်ရက်သာ မောင်စားချင်တာလေးကို ကျမကိုယ်တိုင် ချက်ပြုတ်ပေးရသည်...။ သည်တစ်ရက်ကလေးပဲ ကျမတို့ မျက်နှာချင်းဆိုင် ထမင်းဝိုင်းလေးကို ကြည်ကြည်နူးနူးအတူစားနိုင်ကြသည်...။ ခုလို ဧည့်သည်ရောက်နေသည့် အခါမျိုးဆို ထမင်းတစ်နှပ်လက်ဆုံမစားဖြစ်ကြတော့...။ ညနေမောင်ပြန်လာတော့လည်း မောင့်အရိပ်အကဲကို ကြည့်ပြီး ကျမသိချင်သော အပြာရောင်လက်သည်းညှပ်ဆီလည်း မရောက်ဖြစ်တော့...။ သည်လိုနဲ့ ကျမ... စိတ်ထဲ ကလိကလိနဲ့ တစ်ရက်ပြီးတစ်ရက် မောင့်ကိုမေးဖို့သာ ချောင်းနေမိသည်....။
ရုံးမသွားခင် မောင်နှင့် မနက်စာစားတုန်း စကားစလိုက်ရမလားတွေးမိသည်...။ ဟင့်အင်း...မဖြစ်သေးပါဘူး... ဘာမဟုတ်တာလေးနှင့် မောင်ရုံးမှာ တစ်နေကုန် စိတ်အနှောက်ယှက်ဖြစ်သွားမှာလည်းမလိုလား...။ ဒါဖြင့် ညနေကို ကျမခပ်စောစောကြိုရောက်နှင့်ပြီး... မောင်ပြန်လာတဲ့အချိန် မောင့်ကိုရေအေးအေးတစ်ခွက်နှင့်ကြိုရင်း စကားစရမည်လား...။ သည်လိုဆိုမောင်အလုပ်က မောမောနှင့်ပြန်အလာမှာ စိတ်ရှုပ်သွားနိုင်သေးသည်...။ မောင်နှင့် ညစာစားသောအချိန်.... ညစာစားပြီး တီဗီရှေ့မှာ မောင့်ပေါင်ပေါ်ခေါင်းအုံးနေသည့်အချိန်.... ဒါမှမဟုတ် အိပ်ယာဝင်ပြီး ကျောပေးထားသည့်ကျမခါးကိုလှမ်းဖက်ရင်း ကျမလက်မောင်းမှာ မောင်ပါးအပ်ထားသည့်အချိန် မောင့်လက်ခုံပေါ်က မွှေးညှင်းနုလေးတွေကို ကျမပွတ်သပ်သည့်အချိန်မှာ မေးသင့်သလား....။ လားပေါင်းများစွာသောမေးခွန်းနှင့် အချိန်....နေရာ....ရွေးချယ်နေသည်နှင့်သာ အချိန်တွေကုန်ခမ်းသွားတော့သည်...။ ကျမသိချင်နေသော မေးခွန်းကတော့ ခုထိအကောင်ထည် မပေါ်လာသေး..။
မောင့်ပုံစံကတော့ အေးအေးဆေးဆေးပါပဲ... ။ ကျမကသာ အဲသည်လက်သည်းညှပ်ကလေးကြောင့် မျက်စိပျက် မျက်နှာပျက်နှင့် မောင်ကိုယ်တိုင်ကတောင် ရိပ်မိလို့ မေးယူရသည်...။ ဒီလိုတော့လည်းကောင်းသား....။ ကျမမေးချင်သော အကြောင်းအရာကို မောင်ကစပေးလိုက်လို့ သက်သာရာရသွားသည်...။
“မီ...ကိုကြည့်ရတာ ခုတလော တစ်မျိုးပဲ နေမကောင်းဘူးလား အလုပ်ကပင်ပန်းနေလို့လား”
“မဟုတ်ပါဘူး မောင်ရဲ့... ကောင်းပါတယ်”
ကျမပုံစံက မခို့တရို့ အားနာပါးနာနဲ့ ပြောမထွက်နေတဲ့ပုံပေါက်နေပါလိမ့်မယ်.....။
“ဒါဖြင့် မောင့်ကို တစ်ခုခုပြောစရာရှိနေလား”
ဒါပဲပေါ့.... ကျမလိုချင်တာ မောင်စကားစပေးဖို့ပဲ... ဒီလိုဆို ကျမသိချင်တာကို မေးလိုက်တော့မည်....။
“ပြောစရာမဟုတ်ဘူး... မေးစရာရှိတာ”
လက်ဆယ်ချောင်းကိုယှက်ပြီး ဆုပ်ထားတဲ့ ကျမပုံစံကို ကြည့်ပြီး မောင်အနားကိုရောက်လာပါသည်...။ ကျမပခုံးကို ညင်သာစွာသိုင်းဖက်ပြီး စကားဆက်လိုက်သည်...။
“ဆိုစမ်းပါဦး ငါ့မိန်းမ....ဘယ်လို အကြောင်းများရှိလို တွန့်ဆုတ်ဆုတ်ဖြစ်နေပါလိမ့်”
“ဟို...ဟိုလေ.... မောင့်အိတ်ထဲမှာ အပြာရောင် လက်သည်းညှပ်ကလေးတစ်ခုတွေ့တယ်.... အဲဒါ ဟိုကောင်မလေး မောင့်ကို မွေးနေ့လက်ဆောင်ပေးထားခဲ့ဖူးတဲ့ တစ်ခုမဟုတ်လား”
“အောင်မလေးဗျာ... ဘာများမေးချင်သလဲလို့....အော် ဒီလက်သည်းညှပ်ကိစ္စနဲ့ ငါ့မိန်းမ ဘယ်နှစ်ရက်လောက်တောင် တစ်ယောက်တည်းကြိတ်ခံစားခဲ့ရသလဲ အမှတ်ကလည်းကြီးပါ့ဗျာ နှစ်တွေဒီလောက်ကြာနေပြီ ...ကဲ မောင်ကိုယ့်ဘာသာကိုယ်ဝယ်သုံးတဲ့ လက်သည်းညှပ်လေးရောမဖြစ်နိုင်ဘူးလား အပြာရောင်လည်းဖြစ်ချင်ဖြစ်နေမယ်လေ...”
မောင်က ကျမနဖူးကို လက်သီးနဲ့ခပ်ဖွဖွထုရင်း ဂရုဏာသက်သွားပုံထောက်သည်...။ ပြီးတော့ ကျမမျက်လုံးတောင့်က ဘယ်ချိန်ကတည်းက တွဲခိုနေမှန်းမသိသည့် မျက်ရည်စက်တွေကို လက်ညိုးနှင့်အသာ တို့ထိပြီးသုတ်ပေးပါသည်..။ မောင်ရှင်းပြမည့် လက်သည်းညှပ်အကြောင်းကို နားမထောင်ခင်မှာပဲ ကျမမောင့်ကို တအားဖက်ထားလိုက်မိသည်...။ ကျမ မောင့်အချစ်ကို ရင်နှင့်အမျှခံစားမိသွားလို့ပါ....။ မောင့်မျက်လုံးဆီမှ တစ်ဆင့် မောင့်ရင်ဘတ်ဆီမှတစ်ဆင့် ကျမခန္ဓာကိုယ်သို့စီးမျောဝင်ရောက်သွားသည်...။
“အဲဒီလက်သည်းညှပ်က သူတစ်ယောက်တည်းပေးခဲ့တာမဟုတ်ပါဘူး ကျန်တဲ့သူငယ်ချင်းတွေနဲ့စုပြီး ဝယ်ပေးကြတာပါ ... မီ...မောင်ပြောပြထားဖူးတာ မေ့သွားပြီထင်တယ် ...။ ခုရုံးအံဆွဲထဲသိမ်းထားတာကို ရုံးက တပည့်တစ်ယောက်ခဏငှားပြီး မောင်ရုံးပြန်ခါနီးအံဆွဲသော့ပိတ်ပြီးမှလာပေးတော့ အိတ်ထဲပဲ အလွယ်တကူကောက် ထည့်လာလိုက်တာ...ဘာမှ လျှောက်တွေးမနေနဲ့ မောင့်ဘဝမှာ မီတစ်ယောက်တည်းပဲရှိတာ.... ယုံတယ်မဟုတ်လား”
မောင်က ကျမလက်ခုံကို နမ်းမွှေးရင်းမေးသည်....။ ကျမခေါင်းညိတ်လိုက်မိသလား မမှတ်မိတော့ပါ....။ ကျမတို့ မိန်းမသားတွေများ ကိုယ့်ယောက်ကျားက အဲလိုလေး တစ်ချက်ချော့လိုက်တာနဲ့ ပျော့သွားကြစမြဲပါပဲ....။
ကျမမောင့်ကို ဆက်ပြီး ပြဿနာရှာသင့်သလား...။ စိတ်ထဲတော့ သိပ်မရှင်းသေး....။ မိန်းမတစ်ယောက်ရဲ့ အတ္တကို မောင်ကမသိကျိုးကျွန်လုပ်ပစ်တတ်တဲ့ နေရာမှာတော့ နှစ်ယောက်မရှိပါပဲ....။ တကယ်ဆို အဲသည်လက်သည်းညှပ်ကလေး မောင့်ဆီမှာ ရှိကို ရှိမနေသင့်တာကို မီလိုမောင်ဘယ်တွေးမိပါ့မလဲ....။
မိုးငွေ့
3 comments:
တစ်ခါတစ်လေကျရင် ယောက်ျားတွေဟာ ကျွန်မတို့ မိန်းမတွေလို အတွေးမခေါင်ကြဘူး။ အလေးအနက် မထားမိဘဲ လွှင့်ပစ်ရကောင်းမှန်းမသိလိုက်ဘဲ သတိတရမဟုတ်တဲ့ အမှတ်တမဲ့ ထားထားလိုက်မိတာမျိုးလည်း ဖြစ်တတ်ပါတယ်။
ကျွန်မတို့မိန်းခလေးတွေကတော့ သိတဲ့အတိုင်း တစ်ခုခုဆို လေးလေးနက်နက် ခံစားတွေးတောတတ်တော့ သူတို့ရဲ့ အမှတ်တမဲ့ အပြုအမူတွေမှာ နင့်နင့်သည်းသည်း ခံစားလိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဖြစ်သင့်တာကတော့ သူကလည်း ကိုယ့်အပေါ် တကယ်ကို ကြင်နာနွေးထွေးနေတယ်ဆိုရင် လက်သည်းညှပ်ကလေးကို ခွင့်လွှတ်မေ့ဖျောက်လိုက်ပါလို့ ၀တ္ထုထဲက မီကို အကြံပေးချင်တာပါ။
ကျမလဲ အဲလိုပဲ အကြံပေးလိုက်ပါတယ်...
ဒီအကြောင်းအရာလေးက သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ပျက်လေးပါ...။ ကျေးဇူးပါချော....။
ခင်တဲ့
မိုးငွေ့
ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ အတိတ်တွေကို ယူမသွားကြရင် အကောင်းဆုံးပဲပေါ့...
ဒါမှလည်း သာယာတဲ့ အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်နိုင်မှာလေ..။
Post a Comment