Wednesday, 29 September 2010

မိုး...



မိုးစက်တွေထဲ လေနဲ့ရောပြီး ပြေးနှင်လို့ ရွာလေတိုင်း ကန်ရေထက်မှာ ငြိမ်သက်ခြင်းများ ပျက်ပြယ် လှိုင်းများ လှုတ်ခတ်သွားတိုင်း ငါ့ရင်ထဲမှာ အနည်မထိုင်သေးတဲ့ အကြောင်းတွေ နိုးထမြဲ အလွမ်းများ မိုးနဲ့အတူပဲ ၀င်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ပဲ ၀င်လာပြီး ရင်ခွင်ထဲမှာ ကြင်နာခြင်းများ အမြစ်တွယ် အိုးးးး... တစ်ဦးနဲ့တစ်ဦးကြား သံယောဇဉ်ကြိုးများ ရစ်ပတ်ထားခဲ့ပြီးမှ တားဆီးမရပါ ၀သန်ရဲ့မိုးများ တိတ်ချိန် တစ်ခန်းရပ်သွား မိုးစက်များ ရွာလေတိုင်း မင်းလေးများပြန်လာမလား မျှော်လင့်ခြင်းရဲ့မိုးတိမ်များ အုံ့မှိုင်းစဲပေါ့ ငါ့ရင်မှာ သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်စဲဒဏ်ရာများ ရွာတဲ့မိုးကတိတ်ပေမယ့် ရင်ထဲအလွမ်းမိုးများ သည်းစဲပေါ့ မိုးနဲ့အတူပဲ ၀င်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ပဲ ၀င်လာပြီး ရင်ခွင်ထဲမှာ ကြင်နာခြင်းများ အမြစ်တွယ် အင်းးးးး... တစ်ဦးနဲ့တစ်ဦးကြား သံယောဇဉ်ကြိုးများ ရစ်ပတ်ခဲ့ပြီးမှ တားဆီးမရပါ ၀သန်ရဲ့မိုးများ တိတ်ချိန် တစ်ခန်းရပ်သွား မိုးစက်များ ရွာလေတိုင်း မင်းလေးများပြန်လာမလား မျှော်လင့်ခြင်းရဲ့မိုးတိမ်များ အုံ့မှိုင်းစဲပေါ့ ငါ့ရင်မှာ သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်စဲဒဏ်ရာများ ရွာတဲ့မိုးကတိတ်ပေမယ့် ရင်ထဲအလွမ်းမိုးများ ရွာစဲပါ ဘယ်များရှောင်ပုန်းလို့ပြေး မင်းလေးကို တမ်းတလို့ အလွမ်းတွေ ရွာစဲပါ ခြေရာများကိုဖျောက်တဲ့ မိုးရေ မိုးစက်လေးများ အလွမ်းများသည်းနေတုန်း (Solo) မိုးစက်များ ရွာလေတိုင်း မင်းလေးများပြန်လာမလား မျှော်လင့်ခြင်းရဲ့မိုးတိမ်များ အုံ့မှိုင်းစဲပေါ့ ငါ့ရင်မှာ သုံးမိုးမက ကျော်လွန်သွား လတ်ဆတ်စဲဒဏ်ရာများ ရွာတဲ့မိုးကတိတ်ပေမယ့် ရင်ထဲအလွမ်းရဲ့မိုးစက်များ အလွမ်းမိုးများး..... တေးဆို မျိုးကြီး တေးရေး အငဲ၊ မျိုးကြီး အမ်ဘမ် Take It သီးချင်းလေးကိုတော့ ခုပေးထားတဲ့ လင့်မှာ သွားနားထောင်လို့ရပါတယ် http://www.myanmarsongs.net

ပန်းမြို့တော်အပြန်လက်ဆောင်...

တမမ....

တမမ ဆိုတာ တိမ်မမ ...တိမ်တွေကိုချစ်တတ်တဲ့ မမKOM အတွက် မန်းသွားတုန်းက လေယာဉ်ပေါ်ကနေရိုက်ထားတာ... အောက်က ခွာမရတဲ့ ပူးနေတဲ့ပုံတွေကတော့ ပြင်ဦးလွင်ကရိုက်ခဲ့တာပါ...။
ဟိုတစ ဒီတစ လွှင့်မျောနေတဲ့ တိမ်တွေ


အသဲယားစရာ တိမ်စိုင်မွေ့ယာတွေ


ဝါဂွမ်းလုံးလေးတွေနဲ့တူတယ်


မှတ်ချက်။ ခွာမရတဲ့ ငါးမွှာပူးပုံတွေကတော့ တမင်လုပ်ထားတာမဟုတ်ဘူး တကယ်ကြီး ပူးနေကြတာ



Saturday, 18 September 2010

ရှမ်းကြက်သားချဉ်စပ်ဟင်းရည်...


ခုလိုမိုးအေးအေးအချိန်မှာ လူတော်တော်များများ နှာစေးချောင်းဆိုးဖြစ်နေကြတာ...ခု ကျမပြောပြမယ့် ကြက်သားချဉ်စပ်လေးသာပူပူလေး သောက်ကြည့်လိုက်ပွင့်သွားမယ်...နှာပိတ်နေတာရော အဟာရပြည့်ပြီး အားရှိလာမယ်ပြောပါတယ်...။ အအေးမိတဲ့ လူအတွက် soup ပူပူတစ်ခွက်ဟာ ဆေးပါပဲ....။ ခုတလော နှာစေး လည်ချောင်းနာ ချောင်းဆိုးနေတာနဲ့ လုပ်ဖြစ်သွားတဲ့ စွပ်လေးတစ်ခွက်ပေါ့...။ မိုးကုန်ခါနီးဆို ဗိုင်းရပ်စ်တွေကထပြီလေ....။ ကြက်သားကို ပေါင်သားကြိုက်ရင် ပေါင်တစ်ပိုင်းဆားလေးနယ်ပြီး ပြုတ်ထားလိုက်....။ ကြက်သားနူးရင် အမျှင်လေးတွေခွာထား..။ ကြက်ပြုတ်ရည်ထဲကို စပါးလင်နဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း အပြားရိုက်ထည့်... ရှမ်းငရုတ်ကောင်းနဲ့ ပဲပုပ်ထောင်းထားတာလေးကို ခပ်လိုက် အပေါ့အငန်မြည်း.... စောစောက ကြက်သားမျှင်ထားတာလေးပြန်ထည့် ရှမ်းနံနံ၊ ဗမာနံနံ၊ တောရှောက်ခါးရွက်ခတ်ပြီး သောက်လို့ရပြီ....။ ချက်ရတာလွယ်မှလွယ်ပါ.... ရှမ်းရုတ်ကောင်းအစား ရိုးရိုးငရုတ်ကောင်းထည့်သုံးလို့ရပါတယ်....။ သြော်.... မေ့သွားလို့ သံပရာသီး ညှစ်ထည့်ရဦးမယ်နော်... ဒါမှ ရှူးရှဲ ချဉ်စပ်လေးဖြစ်မှာ...။


ကြက်သားပေါင်သား(သို့မဟုတ်) အတောင်ပံတွဲလျက်ရင်အုံသား
စပါးလင်တစ်တက်အပြားရိုက်
ကြက်သွန်ဖြူ 3မွှာအပြားရိုက်
ငရုတ်သီးစိမ် 7လုံး အပြားရိုက်
တောရှောက်ခါးရွက် နှစ်ရွက်
ရှမ်းနံနံ သုံးလေးရွက်ပါးပါးလှီး
နံနံပင် ပါးပါးလှီး
သံပုရာသီးတစ်စိတ် ချဉ်ချဉ်ကြိုက်ရင် နှစ်စိတ်ထည့်


လာရောက်အားပေးသူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိုးငွေ့

Tuesday, 14 September 2010

ကျန်ရစ်သူအတွေး...

သူသွားတော့မည် ပွေ့ချော့ထွေးလည်း ၊ ဝမ်းနည်းရုံမျှ မှုန်ဝါးမျက်နှာ ၊ မျက်ရည်ကာဆီး ပြန်လာပါဦး ၊ ခွဲချင်ဘူးကွယ် မူးယစ်ဝေည ၊ မွှေးထုံသဆဲ ခဏတွေ့မော ၊ ရင်ခုန်ရောယှက် ပြောချင်စကား ၊ မေးခွန်းများစွာ မေ့ကာထားပြီး ၊ ပြန်ချိန်နီးမှ ငိုညည်းတစ်ဝက် ၊ မမှီလက်ကမ်း နှုတ်ဆက်ဝိုးဝါး ၊ ပြေးထွက်သွားမှ တံခါးရပ်မှီ ငေးခဲ့ပြီ ။ သူချန်ရစ်သော မူးယစ်ဝေည ၊ မွှေးထုံမြခဲ့ အလှမပီ ၊ နွမ်းလျသီသော နှင်းဆီဝါဝါ ၊ ငုံပြေအာစ ရင်မှာချွေးလွင့် ၊ ပွင့်ဖတ်နုကို ယုယခုပင် ၊ စုဆောင်းကောက်ယူ နမ်းရှိုက်ရှူမွှေး ၊ သူလာခဲ့သော လွမ်းပုံပြောသည် ၊ စိတ်မောသက်သေ ။ သူ့စကားမူ ချော့ဖြားပလီ ၊ သီရီတတ်သော နတ်မိနွယ်လို ၊ ပိုမိုဟုတ်ဘူး မေ့မူးရစ်ဝေ့ သူ့ကိုယ်ငွေ့မွှေး ၊ နွေးပူတတ်သည် မျက်ရည်ပုလဲ ၊ သည်းဖိုငိုသည် ညိုမှောင်ဝင်းလျှပ် ၊ မျက်တောင်ခတ်သည် ရှတိုက်ရွေ့လျား ၊ တိမ်လွင့်ပါးသို့ ပြန်သွားတတ်သူသာတကား ။ ။ ( ကြည်အေး ) ရှုမဝမဂ္ဂဇင်း ၊ ဧပြီ ၊ ၁၉၇၂ ၊ စာ -၁။

Thursday, 9 September 2010

တိမ်ဖုံးတဲ့ ...ညပုံပြင်




ကိုယ့်ပုံပြင်ပြောပွဲကို ချစ်သူရောက်မလာခဲ့ဘူးနော် ...။ ဒီပုံပြင်လေးကို နားထောင်ချင်လှချည်ရဲ့ဆိုပြီး ကိုယ့်ကို ပြောပြပါ ပြောပြပါလို့ဆန္ဒတွေများခဲ့တာလဲ ချစ်သူပဲ..။ တကယ်တမ်း ကိုယ်ပုံပြင်တစ်ပုဒ်ကိုသပ်သပ်ရပ်ရပ်လေး ပြောပြနေချိန်မှာတော့ ပုံနားထောင်တဲ့ ပရိတ်သတ်အလယ်မှာ ကိုယ်လိုက်ရှာမိသေးတယ် ။ ချစ်သူကို အရိပ်အယောင်တောင်မတွေ့မိဘူး...။ ဘာကြောင့်ရောက်မလာခဲ့သလဲ...။ သံသယတွေ ထုံမွှမ်းလို့ ကိုယ်ရဲ့ ပုံပြင်ပြောတဲ့ပွဲသာ ပြီးဆုံးလို့သွားခဲ့တယ်...။ ချစ်သူရောက်မလာခဲ့ဘူးကွယ်။ ပုံပြင်လေးရဲ့ အဆုံးသတ်က ကိုယ့်နှလုံးသားကို အဖြားခတ်သွားခဲ့တယ် ချစ်သူ...။ ပုံနားထောင်ကြသူတွေ ကိုယ့်မျက်ရည်ကိုမမြင်အောင် ကိုယ်ဘယ်လိုမှ မဖုံးကွယ်နိုင်ခဲ့ဘူး...။ သူတို့ကတော့ ထင်သွားကြမှာပါ ပုံပြောသူလေးက သူ့ပုံပြင်ထဲမှာ ဇာတ်မျောသွားပုံရတယ်လို့လေ..။ အကြောင်းအမျိုးမျိုးကြောင့် ဒီပုံပြောပွဲကို ချစ်သူရောက်မလာနိုင်ခဲ့ပေမယ့် ကိုယ်ကတော့ ပုံပြင်တစ်ပုဒ်ကို တာဝန်ကျေစွာပြီးဆုံးအောင်ပြောခဲ့ပါတယ်...။ “တာဝန်ကျေစွာ”ဆိုတဲ့ စကားလုံးမှာ အပေါ်ယံယှက်ပြီးပြောတာ မဟုတ်ပါဘူး ပုံပြင်တစ်ပုဒ်ပြောတိုင်း ကိုယ်ဟာ စိတ်ရော ကိုယ်ပါနစ်ပြီး ရင်ဘတ်နဲ့ ရင်းပြီး ပါဝင်ပြောဆိုတတ်တယ်ဆိုတာ ချစ်သူသိပါတယ်..။ ကောင်းကင်မှာလဲ တိမ်ညိုတွေဖုံးလွှမ်းလို့ ညကလဲ တဖြေးဖြေးရင့်ရင့်လာပြီ....။ ကိုယ့်ရှေ့မှာ ဘယ်ပရိတ်သတ်မှမရှိတော့ဘူး...။ ငြိမ်းစပြုနေပြီဖြစ်တဲ့ မီးပုံလေးပဲကျန်ရစ်တော့တယ်။ လေကြမ်းလေးတစ်ချက်ဝှေ့လာတယ်...။ ကိုယ့်ဆံနွယ်တွေဖွာလန်ကျဲ သွားကြပြီ..။ စိုစွတ်နေတဲ့ ပါးပြင်ပေါ်တချို့လာကပ်ညှိနေကြတယ်...။ ဖယ်ရှားပစ်ဖို့ ကိုယ်မကြိုးစားမိဘူး..။ ကိုယ့်ရဲ့ညဟာလဲ...ရှေ့ကမီးပုံလေးလိုပဲ တမြေ့မြေ့နဲ့ ကျွမ်းလောင်ပြီး ခပ်မှိန်မှိန်ပြာအဖြစ်ပြောင်းလဲစပြုနေပြီ...။ အတွင်းမှာတော့ တအုံနွေးနွေးနဲ့လှိုက်စားပြီး လောင်ကျွမ်းဆဲပေါ့..။ ချစ်သူရေ........မင်းနားထောင်ချင်တယ်ဆိုတဲ့ ပုံပြင်လေး ဒီညမှာတော့ တိမ်တွေဖုံးသွားခဲ့ပြီ....။ 


မိုးငွေ့


Wednesday, 8 September 2010

ပုံပြင်ထဲက...ပုံပြင်




သြော်...ဘာလိုလိုနဲ့ မှန်ပြောင်းတစ်ခုကနေ ငါ့ကိုချောင်းကြည့် လောကကြီးကို ဘောင်ခတ်မ၀လို့ ငါ့ကို... နင်.... ဘောင်ခတ်ဖို့ ကြိုးစားခဲ့သလား ဒီတစ်ခါ နင်ပြောမယ့်ပုံပြင်ကို နင်...စိတ်ချမ်းသာအောင် နားထောင်ပေးမယ် အကြိမ်ကြိမ် ပုံပြောခံရပြီးပြီမို့ ပုံပြောသူရဲ့အပြစ် မဟုတ်တော့ပါဘူးလေ...။ ။ 

(မိုးငွေ့)


ရှေးအခါက... မင်းသားလေးတစ်ပါးရှိသတဲ့...။ သူ့မှာမယ်တော်ကြီးကိုယ်တိုင် ထိမ်းမြားပေးမယ့် မင်းသမီးတစ်ပါးလဲ ရှိပါတယ်...။ မထင်မှတ်တဲ့ တစ်နေ့မှာတောလည်ထွက်ရင်း လမ်းပျောက်ပြီး ရွာလေးတစ်ရွာကို ရောက်သွားခဲ့ပါတယ်...။ ရွာထဲရောက်တော့ ညမှောင်ရီတရောဖြစ်နေပြီ ..။ ကောင်းကင်မှာလဲ ကြယ်တွေစုံလို့ပေါ့...။ ဒါပေမယ့် ရွာလည်ခေါင်မှာတော့ မီးပုံကြီးကြီးနဲ့ ကလေးငယ်တွေတစ်သိုက်ကို ပုံပြောနေတဲ့ မိန်းမငယ်လေးကို တွေ့လိုက်ပါသတဲ့..။ ပုံပြောနေတဲ့ မိန်းမငယ်လေးရဲ့ ထူးခြားမှုကို မင်းသားလေးက ချက်ချက်းပဲ သတိထားလိုက်မိတယ်...။ အဲဒါကတော့ ကောင်းကင်က ကြယ်ပွင့်လေးတွေလို လင်းလက်တောက်ပနေတဲ့ သူ့မျက်ဝန်းလေးတစ်စုံပါပဲ..။ ဒါနဲ့ မင်းသားလေးလဲ ကလေးတွေနားအသာဝင်ထိုင်ပြီး ပုံနားထောင်နေလိုက်သတဲ့...။ ပုံပြောနေတဲ့ မိန်းကလေးဟာသူကိုယ်တိုင် အဲဒီပုံထဲက ဇာတ်ကောင်တွေအတိုင်း စိတ်ပါလက်ပါ ပြောနေပုံလေးကိုကြည့်ပြီး မင်းသားလေးဟာ ချက်ချင်းပဲ ချစ်ခင်သက်ဝင်သွားပါသတဲ့...။ ပုံပြင်လေးပြီးဆုံးလို့... ကလေးတွေလဲ အလျှိုလျှိုအသီးသီးပြန်သွားကြတာ... မီးပုံနားမှာ မင်းသားလေးတစ်ပါးပဲ ကျန်ရစ်တော့တယ်တဲ့..။ မိန်းမငယ်လေးဟာ မင်းသားကိုလဲ မြင်ရော...အံ့အားသင့်သွားတဲ့ စိတ်နဲ့ မျက်ဝန်းတစ်စုံကလဲ စောစောကထက်ပိုပြီး ၀ိုင်းစက်ရွှန်းလဲ့သွားကြပါတယ်..။ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရလို့ ထိတ်လန့်သွားဟန်မရှိဘဲ “အသင့်ကို ဤရွာမှာ တစ်ခါမျှ မမြင်ဖူးပါလား”လို့ မင်းသားကိုလှမ်းပြောပါတယ်..။ အရပ်ဝတ်နဲ့မင်းသားကိုလဲ မင်းသားမှန်းမသိဘူးပေါ့..။ “ဟုတ်ပါတယ် အကျွန်ုပ် မျက်စိလည်လမ်းမှားပြီး ရောက်လာတာပါ”.... ။ အဲဒါနဲ့ မိန်းမငယ်လေးဟာ အိမ်ခေါ်ပြီး အစာရေတိုက်ကျွေး ဧည့်ဝတ်ပြုပါတယ်...။ ပြီးတော့ မိုးမလင်းခင်မှာ ဒီမှာပဲ အိပ်စက်နားခိုဖို့ ခွင့်ပြုကြောင်းပြောပါတယ်..။ ဒါနဲ့ မင်းသားလေးက ဒီညတော့ဖြင့်အိပ်စက်လိုက်ဖို့ရာ နှမြောစရာကောင်းတော့မယ်ဆိုပြီး .... မိန်းမငယ်လေးကို သူနားမထောင်ရသေးတဲ့ ပုံတစ်ချို့ကို မိုးမလင်းခင် သူမပြန်ခင်လေး ပြောပြပေးဖို့ တောင်းဆိုပါတယ်...။ ပုံပြောရတာကိုသိပ်ပြီး ၀ါသနာထုံတဲ့ မိန်းကလေးဟာ ငြင်းပယ်ခြင်းအလျန်းမရှိဘဲ တက်တက်ကြွကြွပဲ လက်ခံပါတယ်...။ ဒီလိုနဲ့ မိုးမလင်းခင် ပုံပြင်တွေတစ်ပုဒ်ပြီးတစ်ပုဒ် ပြောပြရှာတယ်တဲ့...။မင်းသားကတော့ မိန်းမငယ်လေးပြောပြတာကို ငေးမောနားထောင်ရင်း ငါ၏ကြင်သူသက်ထားသာ ဖြစ်ပါတော့လား သူငယ်မလေးရယ်လို့ စိတ်ထဲပြောနေမိသတဲ့...။ ဒါပေမယ့်လည်း တစ်ချိန်မှာ မယ်တော်က စုလျားပေးမယ့် နှမတော်ကလည်းရှိနေတာကို သတိချပ်မိတာနဲ့ ပုံနားထောင်ရင်း ၀မ်းနည်းစို့နင့်သွားပါသတဲ့...။ အာရုံမတက်ခင်မှာ မိန်းမငယ်လေးကို ပုံပြောရပ်ခိုင်းပြီး သူ့မှာပါလာတဲ့ ကြေးမုံကနုတ်လည်ဆွဲကို လက်ဆောင်အဖြစ်ပေးအပ်တယ်..။ လည်ဆွဲလေးဟာ ကနုတ်အဖုံးလေးကိုဖွင့်လိုက်ရင် ကိုယ့်ရုပ်ကိုယ် ပြန်မြင်နိုင်တဲ့ ကြေးမုံးဝိုင်းလေးပါတယ်..။ မိန်းမငယ်လဲ မိန်းမပီပီ လက်ဆောင်လေးကို မြင်မြင်ခြင်းပဲ နှစ်သက်သဘောကျပြီး မင်းသားလေးကို ကျေးဇူးတင်စကားပြောရင်း လည်ဆွဲကိုလဲ လည်မှာဆွဲထား လိုက်ပါတယ်...။ ချိုမြတဲ့ အပြုံးနဲ့ နုနယ်နေတဲ့ မိန်းမငယ်ရဲ့ ၀င်းပပမျက်နှာကလေး ထင်းပနေတာကို ကြည့်ပြီး မင်းသားလေးရဲ့ ဆုံမက်မှုဟာ အတိုင်းထက်အလွန်ပါပဲတဲ့...။ မိုးမလင်းခင်ထွက်သွားတော့မှာမို့ မိန်းမငယ်လေးကို အိပ်ယာအ၀င်ခိုင်းလိုက်တော့တယ်...။ မင်းသားဟာ အိပ်လို့လဲ မပျော်မယ့်အတူ အပြင်ကွပ်ပစ်ကလေးမှာ ကျောခင်းရင်း ကောင်းကင်က ကြယ်ကလေးတွေကို ရေတွက်နေလိုက်တယ်...။ တဆက်တည်းလဲ သူဟာ သူ့ကိုယ်သူမပိုင်ပါလားလို့ တွေးဆနေမိသတဲ့...။ မနက်လင်းရင် သူချစ်တဲ့ မိန်းမငယ်လေးကို ထားရစ်ခဲ့ရတော့မှာကို စဉ်းစားရင်းလဲ တိတ်တဆိတ်ကလေး ကြေကွဲနေမိပါတယ်...။ နံရံတစ်ဘက်ခြားက မိန်းမငယ်လေးဟာလည်း မင်းသားလေးလိုပဲ တွေးနေမိပါသတဲ့..။ အင်းအားကြီးမားတဲ့ မေတ္တာစစ်စစ် တပြိုင်နက်ထဲ ကျရောက်လာချိန်မှာ လူနှစ်ယောက်ရဲ့ နှလုံးသားအတွက် ခံနိုင်ရည်တော့ရှိဖို့လိုအပ်လိမ့်မယ်... မဟုတ်ရင် ခံစားမှုတွေပြင်းထန် ပေါက်ကွဲကုန်လိမ့်မယ်လို့ မိန်းမငယ်လးဟာ သတိကြွယ်မိရင်း အိပ်စက်မှုအာရုံကို ပြောင်းပစ်လိုက်ပါသတဲ့...။ဒီလိုနဲ့ မိုးစင်စင်လင်းတော့ အိမ်ရှေ့ကွပ်ပစ်မှာလဲ မင်းသားလေးမရှိတော့ပါဘူး...။ မိန်းမငယ်လေးအိမ်ပြင်ထွက်လာတော့ ဟာ.....ခနဲဖြစ်သွားတဲ့ ရင်ဘတ်ကို အသာကလေးဖိရင်း “နှုတ်မဆက်ဘဲ.....တိတ်တိတ်ကလေး.......ထွက်သွားခဲ့ပါပြီကော”လို့ နှုတ်ကခပ်ဖွဖွ ရေရွတ်လိုက်သတဲ့ကွယ် ......။ ကဗျာထဲက ပုံပြင်လေးကို အကျယ်တ၀င့်လေးရေးပေးထားတာပါ....။ ကဲ...ပုံပြင်လေးကတော့ ဒါပါပဲကွယ်...။ ဒီလိုပါပဲ... ပုံပြောသူတွေဟာလဲ အမြဲတမ်း ပုံပြောမနေရတတ်ဘူး...။ တချိန်ချိန်မှာတော့ ပုံပြောခံရတတ်တာ ပါပဲ....။ ဒီပုံပြင်လေးထဲကလိုပေါ့..။


မိုးငွေ့

Tuesday, 7 September 2010

ကျိန်စာသင့်သူ....




လောကကြီးဟာ နေပျော်စရာမရှိသလောက်ပါလား.....။


ဘာကြောင့်အဲလိုခံစားနေရသလဲ....။ အဲဒီသီချင်းတစ်ပုဒ်ထဲကိုပဲ ဖိနားထောင်နေလိုက်မိတယ်...။ အရာရာကို မေ့ပျောက်ဖို့ မဟုတ်ဘူး...။ တစ်စုံတစ်ရာကိုပါ....။ ဟုတ်တယ်... ကိုယ့်ကို ဟတ်ထိသွားစေတဲ့ စကားလုံးတွေကိုမေ့သွားဖို့ လိုလိမ့်မယ်...။ အဓိပ္ပါယ်မဲ့ ၀ဲတက်လာတဲ့... မျက်ရည်တွေကို ပုတ်ခတ်သိမ်းဆည်းရင်း အာရုံလွဲဖို့ ကြိုးစားသေးတယ်... မအောင်မြင်ဘူး....။ ဒီတော့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ရုံပေါ့....။ အိုကေ....အသက်ကို ၀၀ရှူ... စိတ်ကိုလျော့ထား.... ။ ဒီလိုခံစားမှုမျိုးက ကိုယ်နဲ့မှ စိမ်းမနေဘဲ...။ ဘာကြောင့်အထူးအဆန်းလုပ်နေမလဲ...။ တစ်ချိန်က ကိုယ်မနှစ်သက်တဲ့သူဆီက အဲလိုး) စမိုင်းသင်္ကေတလေး ခဏခဏရဖူးတယ်...။ ခုတော့ ကိုယ်ကိုယ်တိုင် အဲလိုပြုံးပြုံးပြနေရပြီ...။ ကမ္ဘာကြီးလုံးတယ်ဆိုတာ ဒါလား... ကိုယ့်ဆီကို တစ်ပတ်လည်ပြီး ပြန်ရောက်လာသတဲ့လား...။ ဟားးးးး...လူဆိုတာမျိုးကလဲ ကိုယ်ကိုယ်တိုင် ခံစားဖူးမှပဲ ကိုယ်ချင်းစာတတ်တဲ့အမျိုးပါလား...။ ဒါတောင် လူတိုင်းမှာ ဒါမျိုးစိတ်မရှိဘူး...။ ခံစားချက်ကို ကော်ဖီထဲထည့်ဖျော်ပြီး မော့သောက်ပစ်လိုက်တယ်...။ ဒီနေ့ကိုယ်ကောင်းကောင်းအလုပ်လုပ် နိုင်မှဖြစ်မယ်..။ ကြိုးစားရင်းနဲ့များတောင် အလိုက်မသိတဲ့ရင်ဘတ်က ဆစ်ခနဲ နာကျင်ဖြစ်အောင် နာလိုက်သေး...။ အို... နုလိုက်တဲ့အသည်းနှလုံး...။ အချိန်ကြာမြှင့်မှု... အတွေအကြုံ... ရင့်ကျက်မှုဆိုတာတွေဟာ... စိတ္တဇနမ်အတွက်တော့ အသုံးမ၀င်တော့ဘူးထင်ရဲ့....။ ဒီလိုခံစားမိလို့ ကိုယ့်ကိုယ်ကိုတော့ ရှက်မိသေး...။

ကိုယ့်ဘ၀မှာ ကျိန်စာဖြေပေးမယ့်သူဆိုတာ ရှိမှမရှိတော့ဘဲ............................................
ရပါတယ် ...... နှုတ်ဆက်ခဲ့ပါတယ်လို့မပြောလဲ.... တိတ်တိတ်ကလေး ထွက်သွားနေကျပဲလေ....။



မှတ်ချက်။ စာရေးတဲ့သူတွေအမြဲအဝေဖန်ခံရတဲ့ စကားရှိတယ်....။ စာရေးတဲ့သူတွေဟာ ကုန်ကြမ်းအဖြစ်အသုံးပြုပြီးရင် အဲဒီတစ်ဘက်လူရဲ့ခံစားချက်ကို ငဲ့မကြည့်တတ်ကြဘူးတဲ့...။ အဲလိုတော့ ပစ္စလက်ခတ် မယူဆစေချင်ဘူးဗျာ...။ တကယ်တမ်း စာရေးသူတွေဟာလဲ ကုန်ကြမ်းတိုင်းအတွက် ရင်နဲ့ရင်းခဲ့ရတာတော့ မမြင်တတ်ကြပါဘူး...။ ကုန်ကြမ်းတစ်ခုဆီတိုင်းအတွက် စာတစ်ပုဒ်တိုင်းအတွက် ရင်ဘတ်နဲ့ ရင်းခဲ့ရလွန်းလို့လဲ...အနာပေါ်အနာဆင့်လို့ ကွဲအက်ကြေမွတဲ့ ဒဏ်တွေကြောင့် နှလုံးသားလဲ အကောင်းတိုင်းမရှိကြတော့ပါဘူးဗျာ.....။

မိုးငွေ့

Monday, 6 September 2010

စကားပြောသောသီချင်း

အလွမ်းသင့်ပန်းချီ အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ အတူတူထားရှိခဲ့တဲ့ ကတိများ တစ်ချိန်ကချစ်ခဲ့ဖူးတဲ့ ဒို့ရဲ့အတိတ်ဟာ လေထဲမှာ ပျောက်သွား အပြုံးလေးတစ်ခုကစောင့် ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား ထိုင်ကာငေးနေရင်း ဟိုးဝိုးတစ်ဝါးအဝေးမှာ အချစ်သစ်တွေ့နေမလား တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ ပုံပြင်လေးတစ်ပုဒ်ပြီးဆုံးသွားပြီ ကျန်နေခဲ့ပြီ မျက်ရည်များ ရင်မှာရစ်နှောင်ထားတဲ့ကြိုးလေးကပါ ပြတ်သွားပြီ ငါမုန်းလို့မရခဲ့ပါ အချစ်များသာကိုးကွယ်လို့ထား ငါသာမင်းတစ်ယောက်ထဲသာ ချစ်ခဲ့တဲ့အခါ အရှုံးကြီးရှုံးပြီပေါ့.. တကယ်ပါ... တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ .......SOLO..... မေ့မရတဲ့ အချိန်တွေအဆုံးထိ မျက်စိမှိတ်မျှော်လင့်ခဲ့ပြီ ဘာမှမသိတဲ့တစ်နေ့နေ့ကို ငါ...စောင့်စားလို့ နှလုံးသားကွဲကြေနေတဲ့အထိ အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ လမ်းစမရှိတဲ့ ငါ့အဖြစ်ကိုမြင်လှည့်..ရေးးး ငါဆက်ချစ်မယ်... တစ်နေ့တော့ မင်းပြန်လာအုံးမလား..ဟိုးတုန်းကလို ချစ်အုံးမလား ဘာ့ကြောင့် ငါ့ကိုမုန်းသွားခဲ့လဲဖြေ....ဒါအိမ်မက်တွေ ငါ ဘေးနားရှိနေနိုင်အုံးမလားပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ။ ရေးးး..ရေးးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ ဟူးးး.ဟူးးး..ဟင်းး...ဟင်းး မပြတ်သားနိုင်ခဲ့တာမင်းနားလည်ပေးပါ အိုးး..ရေးး..ရေးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ အိုးး..ရေးး..ရေးး..ဟေးးး မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ
တေးဆို - ရတနာမိုင် အမ်ဘမ် - မရှိလို့မဖြစ်

Saturday, 4 September 2010

ဘ၀ထဲက...လူတွေ




ဒီချိုင့်တွေခွက်တွေထဲက ညစ်ပတ်ပေရေနေတဲ့ မဲညစ်ညစ်ရွှံ့တွေက ကိုယ့်အတွက်တော့ရိုးနေပါပြီလေ...။ စနေနေ့တိုင်း ဘော့စ်က သူ့အိမ်အတွက် တစ်ပတ်စာဟင်းစားတွေဝယ်ပေးဖို့ ကိုယ့်ကိုတာဝန်ပေးထားတာမို့... ဒီဈေးထဲက ဈေးသည်တွေနဲ့လဲကိုယ်က ရင်းနီးနေပါပြီ..။ အသားရုံထဲမှာ ကြက် ၀က် ဆိတ် ဘဲ ငါး ပုဇွန် စတဲ့ အသားတွေကို ပိဿာလိုက်ဝယ်ပေးရတယ်...တချို့ဆို ကိုယ့်ကို ဟိုတယ်က အ၀ယ်တော်လို့ထင်သေး...။ ပြီးရင် ဈေးအပြင်ဘက်က ဟင်းရွက်သည် မသန်းဌေးဆိုင်မှာထိုင်တယ်...။ လိုအပ်တဲ့ အသီးအရွက်မျိုးစုံကိုသာ ရွတ်လိုက် သူက ဘောက်ချာဖွင့်ပြီး အားလုံးထုပ်ပိုးပြင်ဆင်ပေးပြီးသား...။ ကိုယ်ကတော့ သူ့ဆိုင်မှာခုံပုလေးနဲ့ သူမှာပေးတဲ့ အစုံသုပ်ကိုစားနေရုံပဲ...။ အသုပ်စားရင်းမသန်းဌေးဆိုင်ဘေးက မုန်ညင်းရောင်းတဲ့ အုပ်စိုးဆိုတဲ့ ကောင်မလေးက “အစ်မ ဘယ်လိုဖြစ်တာလဲ ဒီနေ့မျက်လုံးတွေလဲ မို့အစ်လို့ပါလား”တဲ့..။ “ဟုတ်တယ် ညီမရေ... ညက ကိုးရီးယားကားကြည့်ပြီး နဲနဲ ဇာတ်ထဲမျောသွားတယ်ကွယ်”လို့ ရယ်သွမ်းသွေးလိုက်မိတယ်...။ တပြိုင်တည်းလဲ အလိုက်မသိတဲ့ မျက်ရည်က ၀ဲတက်လာသေး...။ ကိုယ်ဟာ...သူ့အတွက် “အမှား”တစ်ခုဖြစ်နေတယ်တဲ့...။ အဲဒီအတွက် ညကတွေးရင်းနဲ့ စိတ်မကောင်းဖြစ်သွားလို့ တော်တော်နဲ့ အိပ်မပျော်ဖြစ်ဘူး..။ အိပ်မက်ထဲလဲ ကိုးရီးယား drama ကားတွေဘာတွေရိုက်ဖြစ်သွားတာပေါ့...။ အဲဒါကြောင့်မျက်လုံးတွေနဲနဲယောင်သွားတယ်...။ မသန်းဌေးကလဲ “ငါ့ညီမတို့မှာလဲ စိတ်ညစ်စရာဆိုတာရှိသေးလား”တဲ့..။ မသန်းဌေးဆိုတာ အပျိုကြီး... သတိလွတ်သူငယ်ပြန်နေတဲ့ အမေအိုကြီးရယ်.... အိမ်ထောင်ကွဲပြီး သားနှစ်ယောက်အဖေဖြစ်တဲ့ အစ်ကိုရှိပါတယ်...။ အစ်ကိုဖြစ်သူကလဲ အစိုးရ၀န်ထမ်းဆိုတော့ လောက်လောက်ငငမရှိဘူုး...။ သားနှစ်ယောက်ကလဲ ကျောင်းပြီးသူပြီးနေကြပေမယ့်... ဘာအလုပ်မှမလုပ်ဘဲ... ဒီအဒေါ်အပျိုကြီး တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်းရှာဖွေတာကို အခန့်သားထိုင်စားကြသတဲ့...။ ဈေးထဲအကူခေါ်တော့လဲ မလာချင်ကြဘူး...။ ရှက်တယ်ပေါ့ဗျာ...။ သနားပါတယ် အစ်မခင်ဗျာ အပျိုကြီးတန်မဲ့ တစ်အိမ်လုံးကိုလုပ်ကျွေးရတယ်...။ ဟော...အုပ်စိုးဆိုတဲ့ကောင်မလေးကရော ဘာထူးသေးလဲ... အသက်ဆယ်ခြောက်နှစ်နဲ့ အိမ်ထောင်ပြု...ခုတော့လဲ... လေးနှစ်သမီးလေးတစ်ယောက်သာ အဖတ်တင်လိုက်တယ်... ယောကျားင်္က ရှာမကျွေးချင်တော့ ကွာလိုက်တယ်...ကောင်းရော...။ တကယ်ရုန်းကန်လှုပ်ရှားပြီး တစ်ဝမ်းတစ်ခါးအတွက်.. ရှာဖွေစားသောက်နေကြသူတွေပါ..။ ကိုယ့်ကိုတော့ ကုမ္ပဏီမှာအလုပ်လုပ်တော့ လစာကောင်းတယ်ဆိုပြီး မပင်ပန်းဘူး အဲလိုမြင်ကြမှာပေါ့...။ တကယ်တော့ ကိုယ်တို့အားလုံးဟာ ဘ၀ထဲကလူတွေခြင်းအတူတူပါပဲ...။ ရုန်းကန်ရတာခြင်းလဲအတူတူပါပဲ...။ ရုန်းကန်ရတဲ့ ပုံစံလေးကွာခြားသွားတာပဲရှိတာပါ...။ “အစ်မရယ်... လူဆိုတာ ဘ၀အတွက် ရုန်းကန်မှုမရှိဘဲ ပေါ့ပေါ့လေးဖြတ်သန်းရမယ်ဆိုရင် လူု့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘယ်ရှိတော့မလဲ...” လို့ပြောလိုက်တော့... “င့ါညီမလေးပြောပုံကလဲ စာရေးဆရာမကျနေတာပဲတဲ့လေ..။ ကိုယ်ကတော့ဖြင့် ဈေးသည်တွေဈေဗန်းရွက်ပြီး အော်ရောင်းသလို ဟစ်ကြွေးပစ်လိုက်ချင်သေး... “ဟောဒီက...လေဒီ..အသဲကွဲနေသည်”လို့လေ...။ ကိုယ့်ဘာသာကိုယ်တွေးရင်း ပြုံးမိလိုက်သေး...း) အရေးထဲ သူက အသဲကွဲတောင်ကဗျာဆန်ချင်သေးတယ်..။ ငွေစာရင်းကိုင်ပီပီ...တစ်ခါတစ်လေ သူတို့ကိုစပ်စုမေးဖြစ်တယ်...။ တစ်နေ့တစ်နေ့ ဘယ်လောက်ရင်းနှီးရသလဲ... ဘယ်လောက်မြတ်လဲ... ကုန်ကျစရိတ်ဘယ်လောက်ရှိသလဲ စသဖြင့်ပေါ့...။ လူတိုင်းလူတိုင်း ကိုယ့်ဘ၀ရဲ့ Balance Sheet ဆွဲပြီး အရှုံးအမြတ်တွက်နေတဲ့သူတွေချည်းပါပဲ...။ ခုခေတ်ခါမျိုးမှာ သာလို့ဆိုးပါသေး..။ သြော်...ပြောပြရဦးမယ် ဒီဈေးထဲမှာ စိတ်မနှံ့တဲ့ အရူးတစ်ယောက်ရှိတယ်...။ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး ဈေးဝယ်သူတွေကို ပိုက်ဆံလိုက်တောင်းလိုတောင်းပါးစပ်ကလဲ ရွတ်ချင်တာရွတ်နေတတ်တာ...။ တစ်ခါက ဟင်းရွက်ထိုင်ရွေးနေတဲ့အဒေါ်ကြီးရဲ့ အနောက်ကနေ ဘရာဇီယာကြိုးထောက်ခနဲ စောင့်ဆွဲလိုက်တာ... အဒေါ်ကြီးခင်ဗျာ လန့်ပြီးလိုက်ရိုက်ပါရောလား...။ ခုလဲ...မသန်းဌေးဆိုင်ရှေ့မှာ ခြေထောက်ကိုဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ ပစ်တိုင်းထောင်ကျနေတာပဲ...။ ဈေးဝယ်လာတဲ့ တရုတ်မတစ်ယောက်ကွက်ကြည့်ကွက်ကြည့်နဲ့ သူ့ကိုပတ်ရှောင်နေတာကြည့်ပြီး ကိုယ်တော်တော်ရီချင် သွားတယ်...။ အုပ်စိုးက “အစ်မကလဲ အဲလိုလေးရယ်ဦးမှပေါ့ အစ်မကြည့်ရတာ ဒီနေ့မလန်းလိုက်တာ”...။ ဟုတ်လား ကိုယ်တော်တော် ရုပ်ပျက်စင်းပျက် ဖြစ်နေပြီလား..။ ဒါနဲ့ ဟင်းစားတွေကို ဘော့စ်အိမ်ကားမောင်းပို့... အိမ်ပြန်ပြီး ရေမိုးချိုးလိုက်တယ်..။ မှန်ရှေ့မှာ ကိုယ့်ရုပ်ကို တယ်ပြီးမကြည့်ချင်ပေမယ့်လဲ ကြည့်လိုက်ပါတယ်...(ဒီလောက်ချစ်စရာကောင်းတဲ့ရုပ်ကို...နော်)း)...။ နဂိုထဲကမှ မျက်ရစ်ကြီးပါတယ်ဆို ခုလို့ယောင်ပြီးမို့နေတော့ သိသိသာသာကြီးဖြစ်နေတာပေါ့..။ ဒါနဲ့ ခရမ်းရင့်ရင့် မျက်လုံးခြယ်တဲ့ဟာနဲ့ ခြယ်လိုက်တယ်(မမခင်ဦးမေပြောတဲ့ ကာချယ်နဲ့ပေါ့) ..။ မက်စ်ကာရာနဲ့ မျက်တောင်ကော့လိုက်တယ်...ပါးပြင်ပေါ် Blush နဲနဲတို့ပြီး ပန်းဖျော့ရောင်နှုတ်ခမ်းဆိုးဆေးလေးတင်လိုက်တော့ စောစောကအပူရုပ်ကပျောက်ပြီး လန်းသွားပြီပေါ့...။ စနေဆိုတော့ ရုံးမှာ အလန်းတွေဝတ်လို့ရတယ်...။ ပန်းဆီရောင် ကော်လံထောင်တရုတ်မအကျီင်္နဲ့ နက်ပြာရောင် ဒရီးကွာတား လီနင်ချည်ဘောင်းဘီကို ဘရာဇီးစလစ်ပါလေးနဲ့ တွဲဖက်လိုက်တော့...ဟုတ်သွားပြီ။ ကြောင်လျှောက်လျှောက်လို့ရသွားပြီ... အဲလေ Cat Walk ကိုပြောပါတယ်..။ ရုံးရောက်တော့ ရုံးကလုပ်ဖော်ကိုက်ဖက် ဦးလေးကြီးက “ညည်းကို ငါကြည့်ကြည့်နေတာ ခုတလော ဘယ်သူနဲ့တူနေသလဲလို့ MRTV 4ကလွှင့်နေတဲ့ ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသမီးနဲ့ တူနေတာကိုး”တဲ့...။ အဟဲ...ဆံပင်ကို နောက်ဘက်မှာ ခပ်တွဲတွဲလျော့လျော့လေး ထုံးထားပြီးအရှေ့ဘေးခွဲထားတဲ့ ဆံပင်ကို နဲနဲ ကပိုကရိုလေး ချထားတာနဲ့ အဲဒီမင်းသမီးလေးနဲ့ သွားတူတာနေမယ်လို့ ကိုယ့်ကိုယ်ကို ခပ်မြောက်မြောက်ဖြစ်သွားသေးတယ်..။ နောက်တော့မှ သူ့နောက်ဆက်စကားက “ဟုတ်တယ်ဟ.. အဲဒီမင်းသမီးမျက်လုံးတွေကိုကြည့်ကြည့်အမြဲ မျက်ရည်တွေလဲ့ပြီး ဆွေးရိပ်သန်းနေတာ ညည်းလဲ အဲလိုဖြစ်နေတယ်... မှန်မှန်ပြောစမ်း ဒီကောင်မလေး ရည်းစားပူမိနေသလား” တဲ့...။ အဲဗျာ...ကိုယ့်အရွယ်နဲ့ ရည်းစားပူမိစရာလားနော်... ရှက်စရာကောင်းပါသေး...။ မမခင်ဦးမေရဲ့ ကာချယ်ကလဲ မကယ်နိုင်တော့ပါဘူး...။ Accounting term တစ်ခုရှိတယ် Window Dressing တဲ့... သိပ်လှတဲ့စကားလုံးလေး..။ ကိုယ်ဆွဲပြီးတဲ့ စာရင်းကို လူကြီးတွေကြည့်ရအဆင်ပြေအောင် လွယ်ကူအောင် ပြင်ဆင်ပေးရတာကိုဆိုလိုတာပါ...။ ကိုယ်လဲအဲလိုပဲပေါ့...ကြည့်ကောင်းအောင်လို့ ကိုယ်ကိုယ်ကို Window Dressing လုပ်လာခဲ့တာ...။ တကယ်တမ်းတော့ ဒါတွေဟာ... အတွင်းစိတ်က အပူတွေကို တခဏတာ ဖုံးလွှမ်းပေးတဲ့ အပေါ်ယံအရာဝတ္ထုတွေပါ...။ ဘ၀ထဲက လူတွေပီသတယ်ဆိုရင်... ဘယ်အလွှာ... ဘယ်အတန်းထဲက လူဖြစ်ဖြစ် လူ့ရဲ့ ဒုက္ခဆင်းရဲကိုတော့ မလွဲရှောင်နိုင်ကြပါဘူးလေ.....။


မိုးငွေ့

Friday, 3 September 2010

ဆုတောင်းစာ...




အိပ်ပျော်သွားဖို့ကောင်းပြီ......။

ဒီညအိပ်ပျော်ဖို့ ခက်ခဲလိမ့်မယ်လို့ ကြိုတင်တွက်ဆထားခဲ့ပေမယ့်လည်း ဒီလောက်ညဥ့်နက်စွာ မျက်စိကြောင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့ဘူး....။ အခုတော့.... ဖြစ်သင့်ဖြစ်ထိုက်တဲ့ စိတ်လှုပ်ရှားမှု ထက်ပိုနေပြီ...။ ညဦးပိုင်းက ရေးထားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ပြန်ဖတ်ချင်နေမိတယ်...။ ဗိုက်ထဲဟာတာတာ ဖြစ်တော့မှ ညစာကို ပေါင်မုန့်နှစ်ချပ်ပဲစားထားမှန်းသတိရမိတယ်....။ ခေါင်းရင်းက မီးခလုတ်ကိုစမ်းပြီး နာရီကြည့်လိုက်တာ့ တစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်....။ လမ်းပေါ်က မုန့်ဖက်ထုပ်သည်အသံကို ကြားနေရတုန်း....။ စာကြည့်စားပွဲပေါ်က စာအုပ်ကို ကောက်ကိုင်ပြီး မီးဖိုခန်းဘက် ထွက်သွားခဲ့လိုက်တယ်...။ ကဗျာကို ခေါက်ဆွဲပြုတ်နဲ့ မြည်းလိုက်တယ်..။ ကိုယ့်ကို သူက ... သူ့မွေးနေ့လက်ဆောင်အဖြစ် ကဗျာတစ်ပုဒ်ရေးပေးပါလို့ တောင်းဆိုထားတယ်...။ ကဗျာတွေကို ချစ်မြတ်နိုးတယ် ဆိုပေမယ့် သူများကဗျာတွေလောက်ပဲ ဖတ်ဖူးခဲ့တာ...။ ကြိုက်တဲ့ ကဗျာတွေကို ကူးထားတယ်...။ ဒီလောက်ပဲ...။ ခုလိုကိုယ်ကိုယ်တိုင် ရေးချရမယ်ဆိုတော့ တော်တော်လေး ရင်ခုန်လှုပ်ရှားသွားမိခဲ့တယ်....။ ဘယ်လိုအကြောင်းအရာကို ဘယ်လိုပုံစံမျိုးနဲ့ ရေးရင်ကောင်းမလဲလို့ တွေးရင်း ကိုယ်ကြိုက်လို့ စုဆောင်းထားသမျှကဗျာစာအုပ်တွေကို ပြန်ဖတ်နေလိုက်တယ်...။ ကိုယ်တိုင်ရေးကဗျာဆိုတာ ဘယ်သူ့အငွေ့အသက်မှ မလွှမ်းတဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ခံစားမှုနဲ့ စကားလုံးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာမျိုးပဲ ဖြစ်သင့်တယ်လေ...။ ဒါနဲ့ သူ့ပုံစံ သူ့အကြောင်း... သူကြိုက်တာလေးတွေကို ပြန်တွေးကြည့်ရင်း...အခြေခံရတယ်...။ ဒီလိုနဲ့ ကာရံမညီတဲ့ကဗျာ တစ်ပုဒ်ထွက်လာခဲ့တယ်...။ ကိုယ့်လက်ရေးနဲ့ ကဗျာတစ်ပုဒ်ကို ဟိုးးးး အဝေးမှာရှိတဲ့ သူ့ဆီ Scan ဖတ်ပြီးမေးလ်နဲ့ပို့ပေးရမှာ...။ ကဗျာလေးရဲ့ အောက်ခြေမှာ ကိုယ့်လက်မှတ်လေးပါမှပေါ့နော်...။ A4 စာရွက်ရဲ့လေးပုံတစ်ပုံလောက်က ကိုယ့်ရဲ့လက်မှတ်နဲ့ ပြည့်သွားတယ်...။ အို...မွေးနေ့ဆုတောင်းစာလေးတစ်ကြောင်းတော့ ရေးရဦးမယ်...။ ခေါက်ဆွဲပန်းကန်ကို ဘေစင်ထဲထည့်ပစ် စာအုပ်လေးယူပြီး စာကြည့်စားပွဲမှာပြန်ထိုင်လိုက်တယ်...။ ဘယ်လိုဆုတောင်းစာမျိုး ရေးရင်ကောင်းမလဲ...။ “ဒီမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာယာပျော်ရွှင်ပါစေ” ဟင့်အင်း ဒါမျိုးက လူတိုင်းရေးနေကျ စာသားကြီး...။ “လိုအင်ဆန္ဒပြည့်ဝပါစေ” မဟုတ်သေးပါဘူး ဒါလဲ...။ “ချစ်တဲ့ သူနဲ့ အမြန်ဆုံး ဆုံဆည်းရပါစေ”... နိုး....။ ဘာလို့လဲ...ဒါကောင်းတာပဲ... သူ့ချစ်သူနဲ့ သူပြန်ဆုံဆည်းဖို့ ဆုတောင်းပေးတာပဲ... ဘာမနာလိုစရာရှိလဲ..။ ကိုယ်ချင်းတောင်စာပေးရဦးမှာ....။ (အသက်ကို၀၀ရှူ.... ပြန်ထုတ်.... မကောင်းတဲ့စိတ်တွေ ၀င်လာတဲ့အခါတိုင်း ကိုယ်လုပ်နေကျမျိုး.... ၀မ်းထဲက မကောင်းတာတွေကို လေနဲ့အတူ နှင်ထုတ်ပစ်လိုက်တဲ့သဘော) ဟုတ်တယ်... ဒါပဲကောင်းတယ်...။ ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘူး အဲဒါလေးပဲ ကောက်ရေးလိုက်တော့မယ်...။


“ချစ်တဲ့သူနဲ့ ထာဝစဉ်လက်တွဲရပါစေ” လို့ ကိုယ်ဆုတောင်းပါတယ်....။


မိုးငွေ့