Thursday, 15 August 2019

စိတ် (ရွှေစင်မြင်းမိုရ်အဘိဓမ္မာ).....

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....





စိတ် -  စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့ သဘောလေးကို စိတ်လို့ခေါ်တယ်...။ ဒီနေရာမှာ မှတ်မိလို့သိတာမျိုး ဉာဏ်နဲ့သိတာမျိုးမဟုတ်ဘဲ အာရုံကိုသိခြင်းမျှ သဘောလေး...။  Just the awareness of the object ဟာ စိတ်ပါပဲ...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ အာရုံမရှိရင် စိတ်မရှိနိုင်ဘူး..။ ဒီနေရာမှာလည်း ပန်းလေးကိုမြင်ရတယ် စကားသံတွေကြားနေရတယ် ဗူးသီးကြော်လေးက ဆိမ့်နေတာပဲ ဆိုတဲ့ ထင်ရှားတဲ့ အာရုံတွေရှိသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အခါလည်း မထင်ရှားတဲ့ အာရုံတစ်ခုခုက အမြဲရှိနေတယ်..။ အိပ်နေတဲ့အခါလည်း စိတ်ကရှိနေပါတယ်...။ ဒါပေမယ့် အလွန်သိမ်မွေ့လွန်းလို့ သိဖို့မလွယ်ဘူး...။ အလွယ်တကူ မသိစိတ်လို့ပြောလိုက်ပေမယ့် လုံးဝမသိတာမျိုး မဟုတ်တော့ Subtle Consciousness လို့ပြောနိုင်ပါတယ်...။

အာရုံ ဆိုတာ အသိခံရတဲ့အခါ ဒါမှမဟုတ် သိစရာ တစ်ခုခုဟာ အာရုံ object ပါပဲ စိတ်ရဲ့ပျော်မွေ့ရာလို့လည်း ဆိုနိုင်ပါတယ်..။ ဒီနေရာမှာ လှပတဲ့ ပန်းချီ သာယာတဲ့သီချင်းသံ နူးညံ့တဲ့အတွေ့အထိဆိုတဲ့ ရုပ်ဝတ္ထုလည်း ဖြစ်နိုင်သလို နာမ်လည်း ဖြစ်နိုင်တာပါတယ်...။ ဥပမာ စိတ်စိတ်ခြင်းလည်း ပြန်သိလို့ရတယ်ဆိုတာ တွေးကြည့်ရင်သိနိုင်တာပဲ..။

အာရုံဘယ်နှစ်မျိုးရှိလဲ ?

အဘိဓမ္မာအရ အာရုံခြောက်မျိုးပဲရှိတယ်...
၁) ရူပါရုံ  (အမြင်)
၂) သဒ္ဒါရုံ (အကြား)
၃) ဂန္ဓာရုံ  (အနံ့)
၄) ရသာရုံ (အရသာ)
၅) ဖောဌဗ္ဗာရုံ (အတွေ့)
၆) ဓမ္မာရုံ (စိတ်)

ရူပါရုံ Visible Object ဆိုတာ မျက်စိနဲ့မြင်ရတဲ့အဆင်းအာရုံကိုပြောတာပါ...။ ရုပ် ၂၈ခုမှ တစ်ခုတည်းသော မြင်ရတဲ့ မြင်နိုင်တဲ့ အဆင်းအာရုံပါပဲ...။ ရူပါရုံနဲ့ အကြားဆိုတဲ့ သဒ္ဒါရုံ၊ ရနံ့ဆိုတဲ့ ဂန္ဓာရုံ၊ အရသာဆိုတဲ့ ရသာရုံနဲ့ ထိတေ့ွမှုဆိုတဲ့ ဖောဌဗ္ဗာရုံ စတာတွေအားလုံးဟာ လူတွေအတွက် နှစ်သက်မြတ်နိုး ဖွယ်ရာတွေပဲဖြစ်လို့ ကာမဂုဏ်အာရုံတွေလို့ခေါ်တယ်...။ ကျွန်မတို့အားလုံး ဒီကာမဂုဏ်တွေကိုပဲ  စွဲလန်းနေကြလို့ သံသရာမှာ တဝဲလည်လည်ဖြစ်နေကြရတာပါ...။

ဓမ္မာရုံဆိုတာ အာရုံငါးပါးကနေကြွင်းတဲ့ စိတ်နဲ့ ကြံစည်တွေးတောတာတွေ စိတ်နဲ့သိလို့ရတဲ့ အာရုံမှန်သမျှ နိဗ္ဗာန်နဲ့ အမည်ပညတ် အပါအဝင် စိတ် စေတသိက်အားလုံးဟာ ဓမ္မာရုံပါပဲ...။ စိတ်ကိုလည်း စိတ်နဲ့သိလို့ ရသလို စေတသိက်တွေဖြစ်တဲ့ လောဘ ဒေါသဖြစ်နေရင်လည်း စိတ်နဲ့သိနိုင်လို့ အာရုံခြောက်ပါးမှာ ဓမ္မာရုံက (Cognoscible Object ) အကျယ်ဝန်းဆုံးပါပဲ...။ ကျွန်မတို့ သိနေကြားဖူးနေကျ ဆဌမအာရုံ ဆိုတာပဲ....။

ဝါတွင်းသုံးလမှာ ကျွန်မ ဥပုသ်နေ့တိုင်း သက်သတ်လွတ်စားပြီး ဥပုသ်ယူဖြစ်တယ်...။ အိမ်နဲ့ရုံးက နီးတော့ နေ့လည်ထမင်းကို 12နာရီမထိုးခင် ပြန်စားလို့ရတယ်...။ ဥပုသ်မစောင့်ပေမယ့် ကျွန်မစားဖို့ သက်သတ်လွှတ်ဟင်းတွေ ချက်ပေးတဲ့ တဖက်ကနေ ကုသိုလ်ယူနေတဲ့ မာတာမိခင်ကို ကျေးဇူးကြီးစွာ သာဓုသုံးကြိမ်ခေါ်ပါတယ်...။

မှတ်ချက်။      ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။့ ကျွန်မဖတ်ပြီးသလောက်တော့ သဘောပေါက်လွယ်အောင် အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားဦးမှာပါ...။



မိုးငွေ့

1 comment:

Aunty Tint said...

သာဓု သာဓု သာဓု မိုးငွေ့ရေ...