Friday, 30 August 2024

Butterfly Diary…..(Mocha)

 




"ကိုယ့်ကို ကတိပေး ကိုယ်တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုထားခဲ့ပြီး မင်းကိုယ်လွတ်ရုန်းထွက်ပြေးပါ့မယ်လို့"

"ဟင့်အင်း ကျွန်မ မလုပ်နိုင်ဘူး .... "

"ကိုယ့်ကို ကတိပေးစမ်းပါ မင်းတစ်ခုခုဖြစ်လို့မရဘူး မင်းသာတစ်ခုခုဖြစ်ရင် ကိုယ်တစ်ယောက်ထဲအသက်ဆက်ရှင်နေနိုင်မှာမဟုတ်ဘူး... ကိုယ့်ထက် မင်းကိုယ်မင်းချစ်ရမယ် ကိုယ်ပြောတာနားလည်လား...." 

ကျွန်မ ပခုံးနှစ်ဖက်ကို သူခပ်ကြမ်းကြမ်းလှုပ်ခါရမ်းပြော​နေပေမယ့် အရုပ်တစ်ရုပ်လို ကျွန်မအသက်ဝိဉာဉ်မဲ့နေခဲ့တယ်...။ အဲချိန်မှာပဲ ရုတ်တရက် မှော်ဆရာလို မုတ်ဆိတ်ဖြူနဲ့အဖိုးအိုတစ်ယောက်ပေါ်လာပြီး ဓါးမြောင်ထုတ် ပါးစပ်ကလဲပွစိပွစိရွတ်ပြီး သူ့နောက်ကျောကို တရစပ်ထိုးလိုက်တယ်....။

 "အား...."

ကျွန်မ အိပ်မက်မက်နေတာပါလား....။ တစ်ကိုယ်လုံးလဲချွေးတွေရွှဲစိုလို့ ခေါင်းရင်းနားစားပွဲပေါ်က ရေဗူးကိုမော့သောက်လိုက်တယ်.....။ ပြီးတော့ သူ့ဆီဖုန်းဆက်မလို့ ဖုန်းကောက်ကိုင်လိုက်တာ အချိန်က မနက် (၃) ရှိနေပီ....။ သူ့ဆီ မက်ဆေ့ပို့ထားရင်ကောင်းမလား....။ 

"How you doing? " လို့အရင်နှုတ်ဆက်ရမလား ....။ တကယ်တော့ ကျွန်မတို့ အဆက်သွယ်မလုပ်ကြတာ တော်တော်ကြာနေပြီ ...။ "Long time no see" လို့အရင်ပြောရမလား...။ ခုမှ အွန်လိုင်းမှာ စတွေ့မယ့်သူတွေလို ကျွန်မ စကားလုံးတွေရွေး စာတွေစီနေမိတယ်....။

သူ့ဆီက တိုက်တိုက်ဆိုင်ဆိုင် မက်ဆေ့ဝင်လာသံကြောင့် ဖုန်းကိုင်ထားရင်း လန့်သွားရသေးတယ်....။ ကော်ဖီခွက်ကိုင်ထားတဲ့ပုံလေးပို့လာတာ...။ ကျမ သူ့ခန္ဓာကိုယ်မှာ သူ့မျက်လုံးတွေပြီးရင် သူ့လက်ချောင်းလေးတွေကို သိပ်သဘောကျတာပဲ ... ရှည်ရှည်သွယ်သွယ်နဲ့ အနုပညာဆန်တဲ့လက်ကလေး ကျမလက်ကိုဆုပ်ကိုင်ထားတဲ့အခါ မြဲမြံနွေးထွေးလိုက်တာလို့ ခံစားရတယ်...။ ဒါပေမယ့် အဲဒီနွေးထွေးတဲ့ လက်အစုံကိုပဲ လွတ်ချဖို့ ဒီနေ့ထိ ကျမအမြဲကြိုးစားနေမိတယ်...။

 


 

" Mocha Latte သောက်ရင်း မင်းကိုသတိရလာလို့ ဘေဘီရေ... နေကောင်းလား"တဲ့.... ။

အိပ်မက်ဆိုးကလန့်နိုးလာချိန် သူ့ဆီကလဲမက်ဆေ့ဝင်လာတော့ ဝမ်းနည်းဝမ်းသာနဲ့ မျက်ရည်ကျရသေးတယ်....။ ဖုန်းစခရင်ကိုကြည့် ပါးပြင်ပေါ်က မျက်ရည်သုတ်လိုက်တယ်...။ ကျွန်မငိုရင် သူပြောတတ်လေ့ရှိတဲ့ စကားကိုကြားယောင်လာမိတယ်... "ငိုတာနဲ့မင်းနဲ့မလိုက်ဖက်ဘူးလေ မငိုနဲ့ မင်းမျက်နှာက မာနတွေနဲ့မာကျောခက်ထန်နေမှပိုကြည့်လို့ကောင်းတာ ကိုယ့်ရှေ့ရော နောက်ကွယ်ရော ဘယ်တော့မှမငိုနဲ့ ကြားလား" ဆိုပြီး အဲနေ့က သနပ်ခါးပါးကွက်ကျားနဲ့ ကျွန်မပါးပြင်ပေါ်က မျက်ရည်စီးကြောင်းကို သူ့လက်နဲ့ခပ်ဖွဖွသုတ်ပေးခဲ့ဖူးတယ်....။

တကယ်တမ်း ကျွန်မက ဘယ်တုန်းကမှ မာကျောတဲ့မိန်းမတစ်ယောက်မဟုတ်ခဲ့ဘူး....။ လူကြောက်တတ်ပြီး အမြဲတမ်းအားငယ်ပျော့ညံ့နေတတ်ခဲ့သူတစ်ယောက်ပါ....။ အတွင်းစိတ်ကို လူမြင်မှာစိုးလို့ ဖုံးကွယ်ရင်း မျက်နှာကျောအမြဲမာနေတာ အဲလောက်ပါပဲ....။

“Halo…I am good . I miss you” လို့ ကျွန်မပြန်ပြောတော့ ချက်ချင်းပဲ သူစာပြန်ရိုက်လာခဲ့တယ်....။ 

"မင်း ခုချိန်ထိမအိပ်ရသေးတာလား တရေးနိုးလာတာလား ကိုယ်မက်ဆေ့ပို့လိုက်တဲ့အသံကြောင့်လား ဖုန်းကိုအနားမှာထားမအိပ်နဲ့လို့ ကိုယ်ပြောထားတယ်လေ..." ဆိုပြီး သူ ကျွန်မကို ဆက်တိုက်လွှတ်ပါလေရော...။

“I had a nightmare ” လို့ သူကျွန်မကို ထပ်မဆူခင် မြန်မြန်စာပြန်လိုက်တယ်....။ 

"ဘာအိပ်မက် မက်လို့လဲ မင်းအရမ်းကြောက်နေလား ငိုနေလား"တဲ့....။ "နေဦး ကိုယ်ခု VC ခေါ်လိုက်မယ် မင်းမျက်နှာလေး မတွေ့ရတာကြာပြီ" ဆိုပြီး ကျွန်မဆီ VC ချက်ချင်းခေါ်လာပါလေရော....။

ဖုန်းဖန်သားပြင်မှာပေါ်လာတဲ့ သူ့ရုပ်ပုံမှာ သူ့ဆံပင်တွေတော်တော်ရှည်နေပြီ နဂိုထဲက ဆံပင်ကြမ်းကြမ်းအုံထူထူနဲ့မို့ ရှည်လာတော့ ပိုပြီးပွယောင်းနေတယ်....။ သူ့ညာဖက်နှုတ်ခမ်းဘေးက ပါးချိုင့်က ပြုံးလိုက်တော့ ပီပီပြင်ပြင်လေး သူ့မျက်လုံးစိုစိုနက်နက်တွေက ကျွန်မကိုစူးစိုက်နေတာ တစ်ခုခုဆူတော့မယ့်သယောင် "ငိုထားပြန်ပြီ မဟုတ်လား"တဲ့ ....။ ကျွန်မက သူ့နောက်ကွယ်မှာ အပြစ်လုပ်ထားမိတဲ့ ကလေးတစ်ယောက်လို တစ်ချက်အသံထွက်ရယ်လိုက်ပြီး စကားလွှဲဖို့ကြိုးစားလိုက်တယ်....။ ကျွန်မလေ...ဘယ်တော့မဆို သူ့အသံကိုကြားရရင်ဖြစ်ဖြစ် သူ့ရုပ်ကိုမြင်တွေ့ရရင်ပဲဖြစ်ဖြစ် love at first sight လိုခံစားမှုမျိုး စိတ်လှုပ်ရှားရမြဲ ရိုလာခိုစတာစီးရမြဲပဲ အဲဒါဟိုး....သူနဲ့ပထမဆုံးစတွေ့ကတည်းကနေ ခုချိန်ထိ မရိုးမအီနိုင်အောင် အဲဒီဖြစ်စဉ်လေးက အသက်ဝင်မြဲပါပဲ...။

သူနဲ့ VC ခနပြောပြီး ကျွန်မကိုပြန်အိပ်ဖို့ပြောပြီး သူဖုန်းချသွားတယ်....။ 

ဟိုအရင်အချိန်... ကျွန်မတို့ ညဖက် VC နဲ့ ဖုန်းပြောဖြစ်ကြလို့ ကျွန်မအိပ်ငိုက်လာရင် သူက ဖုန်းမချသေးဘဲ အိပ်ပျော်သွားတဲ့အထိ စာဖတ်ရင်းဖြစ်ဖြစ် စီးကရက်သောက်ရင်းဖြစ်ဖြစ် စောင့်ပေးပြီးမှ ဖုန်းချသွားတတ်တယ်...။ ဘာရယ်မဟုတ် ပြန်မရနိုင်တော့တဲ့ အခွင့်အရေးတွေကို လူတွေက တောင်းတတတ်ကြတယ်... အဲထဲကျွန်မလည်း ပါဝင်နေတယ်...။

မနက်ကျ အိမ်မှာကျန်နေသေးတဲ့ ကိုကိုးမှုန့်တွေနဲ့ မိုးခါးကော်ဖီဖျော်သောက်မယ် စိတ်ကူးရင်း... ခုတော့ ကိုယ့်ဘာသာ ပြန်အိပ်ပျော်ဖို့ ကြိုးစားရဦးမယ်...။




"ခုမှ သေချာကြည့်မိတယ် မင်းမျက်သားတွေနဲ့မျက်ဆံတွေက ပျိုးယုဝသုန် ဝတ္ထုထဲက ရှင်မင်းခလိုပဲ မိုခါးကော်ဖီနဲ့တူတယ် မျက်သားတွေက နို့မြှုပ်အရောင်ဖြူဖြူနဲ့ မျက်ဆံတွေက ချောကလက်ရောင်...." လို့ ကျွန်မတို့ ကော်ဖီဆိုင်အတူထိုင်ဖြစ်တုန်းက သူမှတ်ချက်ပေးဖူးတယ်....။ "ကော်ဖီချစ်သူ"ဆိုတဲ့ စာအုပ်လေး ကျမသူ့ကိုပေးဖတ်ဖူးလို့ "ပျိုးယုဝသုန်" ဇာတ်ကောင်ကိုသူသိနေတာ.... ။ သူ့မျက်ဆံတွေလဲ သေချာကြည့်ရင် အနက်ရောင်တော့မဟုတ်ဘူး ညှို့ဓါတ်ပြင်းပြနေတတ်တဲ့ စိုလက်လက် အညိုရင့်ရင့်မျက်ဝန်းတွေ....။

 

__________________
Revolution will prevail
မိုးငွေ့

Thursday, 29 August 2024

မိုးရွာတိုင်း....မိုးရွာတိုင်းလွမ်း

D-vision featuring A Zeed အဖွဲ့ရဲ့ မိုးရွာတိုင်း
(19th Dec 2018, 6.27K Subscribers, Views 2.2M)


Born For You အဖွဲ့ရဲ့ "မိုးရွာတိုင်းလွမ်း"
(4th April 2020,1.14K Subscribers, Views 16K)



ကျနော် ဒီသီချင်းနှစ်ပုဒ်ကို July 2020 မှာ ဆယ်ရက်ပဲခြားပြီး တင်ခဲ့ဖူးပါတယ်...။ ပြောပြချင်တာက ဒီမိုးရွာတိုင်း နဲ့ မိုးရွာတိုင်းလွမ်းသီချင်းနှစ်ပုဒ်ကို အဖွဲ့နှစ်ဖွဲ့ကသီဆိုထားပြီး  D-vision အဖွဲ့က တစ်နှစ်ကျော်ကျော်လောက်စောပြီး You Tube ပေါ်တင်ခဲ့တာ အခုနေ့ထိ Viewer နှစ်သန်းကျော်သွားပြီ...။ အဲ...ဒါပေမယ့် Born For You ရဲ့ "မိုးရွာတိုင်းလွမ်း" ကတော့ You Tube မှာတင်တာ လေးနှစ်ကြာခဲ့ပေမယ့် Viewer တစ်သောင်းကျော်ပဲရခဲ့တယ်...။ နံပါတ်တစ် အနုပညာ Industry မှာ စီးပွားရေးဖက်ကကြည့်ရင် နောက်ခံပံ့ပိုးမှုအားကောင်းဖို့လိုတယ်ဆိုတာ သိတာထင်ရှားစေတယ် နံပါတ်နှစ်ကတော့ အားပေးတဲ့ Fan အင်အားပါပဲ...။ နောက်ခံပံ့ပိုးတယ်ဆိုတဲ့ထဲမှာ Market ကိုဘယ်လိုဖောက်မယ် ကိုယ်တိုင်က ဘယ်လိုတွေ Performance ပေးနိုင်လဲ ဆိုတာတွေပါပါတာပေါ့..။ Album တစ်ခုထွက်ပြီးတိုင်းလည်း ဒီတိုင်းပြီးမသွားသေးဘူး Rating တက်အောင်လုပ်ရသေးတယ် နေရာစုံမှာ Promotion တွေလုပ်ရတယ် Fan Meeting တွေလုပ်ရတယ် ဒါကို After sale service လို့ ကုန်ရောင်းကုန်ဝယ်တွေမှာ ခေါ်ကြတယ်...။ Born For You အဖွဲ့မှာ အဲဒါတွေအားနည်းလို့ထင်ပါတယ် တကယ်တမ်းသူတို့သီချင်းက အကုန်လုံးနီးပါးကောင်းတာ....။ ခုမှသေချာကြည့်မိတယ် နှစ်ဖွဲ့လုံးရဲ့ MV က ရိုက်ထားတာ ခပ်ဆင်ဆင်တွေတူနေကြတယ်...။ သူတို့ music အမျိုးအစားက Rock ...။ ခက်တာက ကိုးဗစ်နဲ့ မအလရဲ့အကြမ်းဖက် ဖက်ဆစ်တပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တိုင်းပြည်က အနုပညာတွေကန်းနေပြီလေ...။ နှမြောစရာသိပ်ကောင်းပါတယ် တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကို အရှင်လတ်လတ်သတ်လိုက်ကြတာ..။ မအလအကြမ်းဖက် ဖက်ဆစ်တပ်အမြန်ကျဆုံးပပျောက်ဖို့ ကျတော်တို့အားလုံးမှာ တာဝန်ရှိတယ် သေနတ်ကိုင်မှရယ်မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့တစ်တောင့်တစ်နေရာကနေ လုပ်ရှားနိုင်ပါတယ်...။ ဖက်ဆစ်တပ်ကျဆုံးတဲ့ အဲဒီနေ့ အမြန်ဆုံးရောက်လာတော့မှာပါ...။

Ok!!! ဘာပဲဖြစ်ဖြစ် Born For You ကို You Tube မှာ သွားနားထောင်ပေးကြပါဦး သီချင်းချစ်စာဖတ်သူအပေါင်းတို့.... :)


__________________
Revolution will prevail
မိုးငွေ့

Wednesday, 28 August 2024

လိပ်ပြာဒိုင်ယာရီ (ဝေးသွားတဲ့အခါ - ၂ ).....

 


လွန်ခဲ့သော နှစ်များစွာတုန်းကလဲ ဒီဇင်ဘာဟာ ကျွန်မတို့နှစ်ယောက်ကိုဝေးကွာဖို့ လမ်းစခဲ့တာပဲ....။ ခုတစ်ခေါက်ပြန်ဆုံကြတော့လဲ ဒီဇင်ဘာဟာ ဒုတိယအကြိမ် ခွဲခွာရဖို့ နိမိတ်ပုံပြခဲ့ပြန်ပြီ....။ ကျွန်မတို့အတွက် ဒီဇင်ဘာဆိုတာ ကျိန်စာတစ်ခုလေလား.....??

တကယ်တော့................ ကျွန်မတို့က သံယောဇဉ်အမျှင်တန်းတွေနဲ့ တွယ်တာကြရအောင်လည်း အချိန်ကာလရှည်လျားတဲ့အထိ ဆုံတွေ့ခဲ့ကြသူတွေ မဟုတ်ကြဘူး.....။ အချိန်တိုတိုတစ်ခုမှာ ကောင်းတဲ့အမှတ်တရတွေရော ဆိုးရွားတဲ့အဖြစ်အပျက်တွေများစွာ ထင်ကျန်ရစ်စေခဲ့ကြတဲ့ သူတွေဆိုရင်တော့ ပိုမှန်မယ်....။ အဲဒီ အမှတ်တရတွေက အချိန်အကြာကြီးတစ်ခုအထိ အမျှင်တန်းစေခဲ့လိမ့်မယ်လို့လဲထင်မထားကြဘူး......။

ကျွန်မတို့ရဲ့ ပြန်တွေ့ဆုံမှုတွေဟာ ကျွန်မတို့နှစ်ယောက် ကိုယ်တိုင်တောင် မရိပ်မိကြတဲ့ Loneliness ဆိုတဲ့ အထီးကျန်ခံစားမှုတစ်ခုကနေ အရင်းတည်အမြစ်တွယ်လာတာလို့ အဖြေရှာနိုင်ခဲ့တယ်....။ အထီးကျန်တာနဲ့ တစ်ကိုယ်တည်းနေရတာကြိုက်တယ်ဆိုတာ အဓိပ္ပါယ်ခြင်းကွာခြားပါတယ်....။ အထီးကျန်တာက ဘေးပတ်ပတ်လည်မှာ လူတွေဘယ်လောက်ပဲရှိနေပါစေ ကိုယ်က တစ်ယောက်ထဲလို့ ခံစားနေရတဲ့ ဝေဒနာ....။ အဖော်လိုတယ်လို့ အမြဲတွေးမိနေ ခံစားမိနေတဲ့ ဝေဒနာ....။ Privately တစ်သီးတစ်သန့် တစ်ယောက်တည်းနေတာကြိုက်တဲ့သူကျတော့ လွတ်လပ်မှုကို ခုံမင်တာ ဘေးမှာလာနှောက်ယှက်တာကိုမကြိုက်တာမျိုး...။ကျွန်မကတော့ တစ်ယောက်တည်းနေရတာ ကြိုက်တယ် ပျော်တယ် ဘယ်သူမှမလိုဘူးလို့ သိစိတ်ကသိနေပေမယ့် တစ်ဖက်ကလဲ အထီးကျန်ဝေဒနာကို တိတ်တဆိတ်ခံစားနေရသူတစ်ယောက်ဖြစ်နေတာကို တုန်လှုပ်စွာ သိလိုက်ရတယ်....။ 

ကျွန်မတို့နှစ်ယောက်ဟာ ကိုယ်စီခံစားနေရတဲ့ ဝေဒနာတွေတူညီနေတဲ့ အချိန်ကောင်းအခါကောင်းမှာပဲ ပြန်လည်ဆုံတွေ့ဖြစ်သွားကြတယ်....။ ဒီအခါမှာ အရင်ကထက် စကားတွေ အများကြီးပြောဖြစ်ကြတယ်....။ အတိတ်အကြောင်းတွေကို တက်တက်ကြွကြွ ပြန်ပြောရတာကို ပျော်ရွှင်ရသလို အပြစ်တချို့နေရာရောက်ရင်လဲ ရန်တွေဖြစ်ကြရသေးတယ်....။ သူပြောပြသုံးသပ်သလို ကျွန်မဟာ အာရုံခံစားမှုနောက်ကို တရှိုက်မက်မက်လိုက်ရင်း ဘဝတစ်ခုလုံးကို နစ်မြှုပ်ထားသူတစ်ယောက်ဆိုတာ သေချာတယ်...။ ကျွန်မတို့ဟာ ခံစားမှုကို အလိုလိုက်ပြီး တစ်ယောက်ကိုတစ်ယောက်အထီးကျန်မှုကိုဖြေဖျောက်ဖို့ အချင်းချင်းအသုံးချနေကြတာလို့ မြင်တယ်....။ ပြောစရာ ရန်ဖြစ်စရာတွေ ကုန်ခမ်းလာတဲ့ တစ်နေ့မှာ ကျွန်မတို့ ထပ်ဝေးကြဦးမှာ အသေအချာပဲ.... ဒီတစ်ခါဝေးကွာခြင်းဟာ နောက်ထပ်ဘယ်တော့မှ ဆုံဖို့မရှိနိုင်တော့ဘူး.......။ သူလဲ သူရှိသင့်မယ့် တစ်နေရာရာမှာရှိနေလိမ့်မယ်...... ကျွန်မလဲ ကျွန်မ မသေခင် ကျန်ရှိနေသေးတဲ့ အသက်ရှင်နိုင်သေးမယ့် နှစ်လရက်တွေကို လုပ်ချင်တဲ့အရာတွေ လုပ်ချင်တဲ့အလုပ်တွေ Plan ချပြီး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားမယ် သွားချင်တဲ့ ခရီးတွေကိုသွားမယ် (သူ့ကိုလဲ သတိရရင်းနဲ့ပေါ့)....။

 

 


 

ဝေးသွားတဲ့အခါ..........

ကျွန်မကို သတိရနေပေးပါ..... ကျွန်မကိုယ်တိုင်လဲ သူ့ကိုသတိရတဲ့အခါ သူ့အကြောင်းစာတွေရေးမယ်....။ ညမအိပ်ခင် သီချင်းနားထောင်ပြီးတိုင်း အိပ်ခါနီး ဖုန်းကို Air plane mode လုပ်ပြီးတိုင်း   သူကိုသတိရတဲ့စိတ်နဲ့ ကြိတ်ငိုချင်လဲငိုမယ်....။ မနက်အိပ်ရာနိုးတိုင်းလည်း အသက်ဆက်လက်ရှင်သန်ခွင့်ရနေသေးလို့ သူ့ကို သတိရခွင့်ရှိနေသေးလို့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မယ်....။ ကော်ဖီသောက်ရင်း သီချင်းနားထောင်ရင်းလဲ သတိရမိလို့ မျက်ရည်လည်ချင်လည်လိမ့်မယ်....။ အနားမှာ လိပ်ပြာလေးတွေဝဲတာမြင်တိုင်း သူ့ရဲ့ သတိရခြင်းတွေကို လက်ခံယူဖို့ အမြဲတမ်းသတိရနေလိမ့်မယ်.....။

နောက်ဆုံး.....ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့အတွေး  လွတ်လပ်တဲ့  ရွေးချယ်မှုတွေ အပေါ်ကို စိတ်ပင်ပန်းမှုတွေ အခက်ခဲတွေကြားကနေ ဖြောင့်ဖြောင့်တန်းတန်း ရောက်သွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်........။

 


____________________
Revolution will prevail
မိုးငွေ့
 

Monday, 26 August 2024

လိပ်ပြာဒိုင်ယာရီ (ဝေးသွားတဲ့အခါ - ၁ ).....

 




ဝေးသွားတဲ့အခါ......

ကိုယ်တို့နှစ်ယောက် ထပ်မဆုံဖြစ်ကြတော့တဲ့အခါ.... 

ကိုယ်မှာတာတွေကိုမမေ့နဲ့သေချာမှတ်ထားနော် ....... ရုပ်ရှင်ကြည့်တာတို့ စာဖတ်တာတို့ဆို မျက်တောင်ခတ်ဖို့သတိရ တက်​တူးထိုးမယ့်ကိစ္စ သေချာပြန်စဥ်းစားဦး....။ ကိုယ့်အနေနဲ့တော့ တက်တူးက ဘာမှသိပ်မထူးခြားသလိုပဲ အရေးပြားပေါ်မှာ အရုပ်တခုက အမြဲတမ်းရှိနေတယ်ပေါ့ အဲလောက်ပဲ..... မင်းအရေးပြားလေးတွေက သူ့အတိုင်းလှပြီးသားပဲ....။ တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ်မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ...။

ဘာပဲဖြစ်ဖြစ် မင်းလုပ်ချင်တာဘာမဆိုအားလုံးလုပ်ဖို့ ကိုယ်အားပေးခဲ့မယ် မသေခင် ဘာမဆို သဘောရှိတာဖြစ်အောင်လုပ် ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကန့်သတ်တားစီးမှုကိုမှ ဂရုမစိုက်နဲ့ အစောထဲကလည်း မင်းက ဂရုစိုက်တဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး......။ ကိုယ်ရောမင်းရောသိပြီးသလို ဒီတစ်ကြိမ်ကိုယ်တို့ဝေးပြီးရင် အခုလိုအခြေအနေတောင် ပြန်ရောက်မှာမဟုတ်တော့တာက ဝမ်းနည်းစရာပဲ...။ 

မင်းကိုနောက်ဆုံးအနေနဲ့လည်း👩️‍💋👨 နမ်းခွင့်မရတော့ဘူး......။ မင်းနဲ့အတူသောက်မယ့် အဖြူရောင်ကော်ဖီဆိုင်လေးကို လမ်းကြုံရင် ဝင်ကြည့်ခဲ့ ကော်ဖီဆိုင်လို့ထင်တာပဲကိုယ်တော့...။ 😃ကိုယ်ရှာတွေ့သွားပြီ...."Landbay Cafe"☕️တဲ့ ဟာသပဲ တွေ့လား အဖြူရောင်ဆိုင်လေး တောင်ထိပ်ပန်းလမ်း မင်းတခြားတစ်ယောက်ယောက်နဲ့သွားထိုင်ရင်တော့ ကိုယ်စိတ်တိုမှာနော်....အဲဒါမမေ့နဲ့ ....။ ဆိုင်က လူရှင်းတယ် မင်းတစ်ယောက်ထဲသွားထိုင်လို့ရတယ် တကယ်လို့ ကိုယ်တို့နှစ်ယောက် အတူတူမထိုင်ဖြစ်တာသေချာသွားရင်ပေါ့....။

🦋လိပ်ပြာတွေက သတိရခြင်းတွေကို သယ်ဆောင်လာလိမ့်မယ် မင်းဘေးနားတစ်နေရာမှာ လိပ်ပြာလေးတွေ တွေ့ခဲ့ရင် မင်းအနားမှာဝဲနေရင် မင်းကို ကိုယ်သတိရနေတယ်ဆိုတာ မင်းယုံကြည်လို့ရတယ် လိပ်ပြာတွေက သေချာပေါက် သတိရခြင်းတွေကို ယူလာလိမ့်မယ်...။


 



မင်းအသက်ကြီးလာတဲ့အချိန် နေထိုင်မကောင်းဖြစ်လို့ ဆေးရုံတွေဘာတွေတက်ရရင် မင်းရဲ့ စာမျက်နှာမှာ ဆေးရုံလိပ်စာတင် ကိုယ်အဲဒီအချိန် လာခဲ့ပေးမယ် သိလား.....။  မင်း  စာသာအမြဲပုံမှန်ရေးနေ မင်းမှာစာဖတ်ပရိတ်သတ်တစ်ယောက်တော့ အမြဲတမ်းရှိနေလိမ့်မယ်......။ မင်းနဲ့အတူဆုံခဲ့တဲ့ရက်တွေတုန်းက ကိုယ် မင်းကို ပျော်အောင်မလုပ်ပေးနိုင်ခဲ့တဲ့အတွက် တကယ်စိတ်မကောင်းပါဘူး😔....။ နောင်ဘဝကို ကိုယ်မယုံကြည်ပေမယ့် ကိုယ်တို့ တစ်ခုခုအဖြစ်နဲ့ တစ်နေရာရာမှာ ထပ်ဆုံချင်လည်း ဆုံလိမ့်မယ်...။

ကိုယ်လည်း လောကကြီးအကြောင်း အပြည့်အစုံမသိသေးတော့ တချို့ကိစ္စတွေ အတိအကျတော့ မပြောနိုင်ဘူး....။ ဒါပေမဲ့ လူကသေပြီးရင် ပြီးသွားမှာကတော့ သေချာခဲ့ပြီ.....။ ဖြစ်နိုင်ရင် မင်း ဘော်ဒီကို မြေမြှုပ်ခဲ့ဖို့ စဥ်းစား မင်းအသားကနေ သက်ရှိဇီဝတွေ ဖြစ်လာလိမ့်မယ်  မင်းရဲ့ ဆေးရုံကိုလှူမယ့်အစီအစဥ်ကြီး ကိုယ်ဖျက်စေချင်တယ်သိလား....။    မီးလည်းမရှို့နဲ့ မြေမြှုပ်ပြီးဂူသွင်းဖို့သာစဥ်းစား အဲဒါက မင်းရဲ့ အသက်ဝိဥာဥ်ကို ဆက်ပြီးရှင်သန်စေမယ့်တစ်ခုတည်းသော အကြောင်းတရားပဲ ...။

မင်းတစ်ကိုယ်လုံးမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ပိုးကောင်တွေကစားကြလိမ့်မယ် မင်းရဲ့အသားတွေ ခြင်ဆီတွေက သူတို့အတွက် စွမ်းအင်ဖြစ်လာလိမ့်မယ် အဲဒီစွမ်းအင်တွေရဲ့ စွမ်းအားကြောင့် သူတို့ အသက်ဆက်ရှင်သန်နိုင်လိမ့်မယ် ပြီးရင် ကိုယ်ပြောသလို သူတို့မျိုးပွားကြလိမ့်မယ်...။ အဲဒီသက်ရှိဇီဝလေးတွေက မင်းရဲ့ ကိုယ်ပွားတွေအဖြစ် ကမ္ဘာမြေပေါ်မှာ မပြတ်စတမ်းရှင်သန်နေထိုင်သွားကြလိမ့်မယ်... ကိုယ်ပြောတာသိလား အဲဒီအချိန်ကျရင်တော့ တူညီသက်ရှိလေးတွေဖြစ်ခဲ့ရင်တော့ ကိုယ်တို့အချင်းချင်း ပြန်ဆုံတွေ့ကောင်းလည်းဆုံတွေ့ကြမှာပေါ့....။ မင်းအလောင်းကိုမီးလည်းမရှို့နဲ့ ဆေးရုံကိုလည်းမပေးနဲ့ မင်းကိုယ်ပြောတာ နားထောင်မယ်ဆိုရင် နောက်ဆုံးအနေနဲ့ အဲဒီတစ်ခုကို နားထောင်ပေး.....။ ပြီးတော့  မင်းသေဆုံးသွားခဲ့ရင် မင်းအုတ်ဂူနား ကိုယ်အပင်လာစိုက်ချင်တယ် အခွင့်ရေးရှိခဲ့ရင်ပေါ့.... မင်းဆီက ကိုယ်နောက်ဆုံးတောင်းဆိုတဲ့အရာက ဒီကိစ္စတွေပါပဲ....။ ဒီလောက်ပဲ ကိုယ်ပြောနိုင်တော့တယ်....။

ကိုယ်မင်းကိုချစ်တယ်   ❤️❤️❤️

ပျော်ရွှင်ပါစေ ကလေးလေး


@@@@@@


တကယ်တော့ ကျမတို့နှစ်ယောက် နှစ်ပေါင်းများစွာကွဲကွာသွားပြီး ဒုတိယအကြိမ် လူချင်းပြန်မဆုံခင်ကတည်းက ဝေးနေနှင့်ပြီးသားဆိုတာ သူကျမဆီရေးခဲ့ဖူးတဲ့ ဒီစာတွေက သက်သေပြနေတာပါ....။ ဘဝမှာ ကျမကို ပထမဆုံးနဲ့ နောက်ဆုံး လက်ထပ်ခွင့်တောင်းခဲ့ဖူးသော ယောကျာ်းတစ်ယောက်ဖြစ်သလို ကျမကလည်း ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ငြင်းဆိုခဲ့သော ကျမချစ်ခဲ့ဖူးသော တစ်ဦးတည်းသောသူဖြစ်သည်...။


__________________
Revolution will prevail
မိုးငွေ့

 

Saturday, 24 August 2024

လိပ်ပြာဒိုင်ယာရီ (မနက်ဖြန်).......

 




"မင်းက ကိုယ့်အတွက် အနှောက်အယှက်ပဲ ကောင်မလေး.....မင်းကိုယ့်အနားမရှိတဲ့အချိန်ဆို ကိုယ်စာတွေအများကြီးရေးနိုင်တယ် အများကြီးလည်းတွေးနိုင်တယ် မင်းကိုယ့်ဘေးနားရောက်လာရင် ကိုယ်ဘာမှလုပ်လို့မရတော့ဘူး" လို့ သူပြောလိုက်တဲ့အခါ တခါတလေ ဒီထက် ရင့်သီးတဲ့ စကားလုံးတွေသုံးရင်လဲ စိတ်နာရ စိတ်ဆိုးရမယ့်အစား ခုနောက်ပိုင်းကျွန်မစိတ်တွေက သူ့အပေါ်ပျော်ဆင်းသွားတာကို တုန်လှုပ်ခြောက်ခြားစွာ သိလာရတယ် (သူ့ရှေ့မှာတော့ ကျမခံစားချက်ကို ချပြလိုက်လို့ဘယ်ဖြစ်မလဲ)....။ အနှောင်အဖွဲ့ကို မကြိုက်ဘူးလို့ အမြဲတမ်းဟစ်ကြွေးတတ်တဲ့ ကျွန်မနှလုံးသားကို နှစ်ရှည်လများစွာ မမြင်နိုင်နဲ့ ကြိုးတွေနဲ့အထပ်ထပ်ရစ်ပတ်ခံနေရတာကိုပါ သေချာသိလိုက်ရပြန်တယ်....။

"ကိုယ်တို့ တဖြေးဖြေးနဲ့ လမ်းခွဲကြတာပေါ့ အချိန်တော့နည်းနည်းယူရမယ် အစိမ်းဖြတ်ဖြတ်ရင် နှစ်ယောက်စလုံး ပိုခံစားရမယ် နာကျင်ရမယ် မဟုတ်လား..."

သူ့အသံတွေက ပြတ်သားပြီး စိတ်ချယုံကြည်မှုအပြည့်နဲ့ တုန်ယင်ကွဲအက်မှု စိတ်လှုပ်ရှားခြင်း  ဘာဆို ဘာမှမရှိ.....။ ဟိုအရင်ကတည်းက ကျမတို့နှစ်ယောက်က ရန်ဖြစ်လိုက်ပြန်ချစ်လိုက်  ပြတ်လိုက်ဆက်လိုက် ခဏခဏဖြစ်တတ်ကြတာခုထိပါပဲ...။ သေချာတာကတော့ ဒီတစ်ခါ သူကစဖြတ်မှပဲရမှာ သူက ကျမထက်ပိုပြတ်သားနိုင်လို့လည်းဖြစ်တယ်...။ ကျမဆီကို မက်ဆေ့တွေရောက်လာရင် ကျမစာပြန်မိမှာ ကျမ ဖုန်းတွေရော မေးလ်တွေပါ အကုန် Block လုပ်ထားမှဖြစ်တော့မှာ...။ ကျမစိတ်ကိုပြတ်သားမှုရှိလာအောင် ကျမသူ့အပေါ်စိတ်နာအောင် သူအမျိုးမျိုးကြံစည်ပြောဆိုတာမျိုး လက်တွေ့လုပ်တာမျိုးတွေ အစုံလုပ်တယ်...။

"ကိုယ်တို့ ဖုန်းပြောတာ လျှော့ကြတာပေါ့..... ဒီကိစ္စမှာ မင်းကိုယ်တိုင် ပါဝင်မှရမယ် သိလား..."

သူ့စကားမဆုံးခင်ကတည်းက ကျွန်မက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျနေပြီ....။ ကိုယ့်ဘာသာ သူမသိအောင် ကြိတ်ငိုနေလို့ သူ့ကိုပြန်မပြောနိုင်သေး....။

"ဘာလို့ ငြိမ်သွားတာလဲ ကိုယ်ပြောတာကြားလား..."

"ဟိတ်... တစ်ခုခုပြန်ပြောလေကွာ"

"မင်း...ငိုနေတာလား..." တဲ့....

ကျွန်မငိုနေမယ်လို့ သူသိနေတယ်...။ ကျွန်မနဲ့ပတ်သက်ရင် ကျမခံစားချက်ကို ချပြစရာမလိုလောက်အောင် မျက်စိမှိတ်ထားရင်တောင် အကုန်အလွတ်ရနေတတ်တဲ့သူ....။ 

"မင်း ကိုယ့်ကို Drama လာမခင်းပြနဲ့နော် ကိုယ်ခုမင်းကို VC ခေါ်လိုက်မယ် မင်းတကယ်ငိုမငိုကိုယ်ကြည့်မယ်..."

ပြောပြီးတာနဲ့ သူဖုန်းချပြီး VC ချက်ချင်းခေါ်လာတယ် .......။ အမှောင်ထဲမှာပြောနေတဲ့ ကျွန်မကို သူမမြင်ရဘူး...။ သူ့မျက်နှာက ပုံမှန်ပဲဘာမှမဖြစ်သလို....။

"မီးဖွင့်လိုက်လေ ကိုယ်မင်းကို မမြင်ရဘူး...."

ကျွန်မ မီးဖွင့်လိုက်တော့ အလင်းစူးလို့ မျက်လုံးကို လက်နဲ့ကာထားရတယ်...။ 

"မငိုပါဘူး တကယ်မယုံနဲ့ ခင်ဗျားပြောသလို Drama ခင်းနေတာ" လို့ ကျွန်မ သူ့ကို ငိုပြီးခါစ နှာသံကြီးနဲ့ပြန်ဖြေလိုက်တယ်....။ နှာထိပ်တွေနီနေတာ နှုတ်ခမ်းတွေ ပုံမှန်ထက် ပိုထူပြည့်ဖောင်းနေတာကို ကြည့်ချင်းအားဖြင့် ကျွန်မ တကယ်ငိုထားတယ်ဆိုတာကို သူရိပ်စားမိနိုင်ပါတယ်....။ မျက်လုံးမို့အစ်နေတာကိုတော့ လက်နဲ့ကွယ်ထားလို့ သူမမြင်ရဘူးထင်တယ်....။ VC ပိတ်ပြီး သူဖုန်းပြန်ခေါ်လာတယ်....။

"တကယ် ငိုနေတာပဲ...." တဲ့..... ဪ... ငိုနေတာပါဆိုမှ.....

"ဒီတိုင်း မျက်ရည်ပဲကျတာမဟုတ်လား ငိုတာက ရင်ဘတ်မနာဘူးမဟုတ်လား..." ကျွန်မရဲ့ ငိုချင်းကို သူ အသေးစိပ်ခွဲခြမ်းစစ်ဆေးနေသေးတယ်...။

"နာတယ်...."

"အပိုတွေ....မင်းသရုပ်ဆောင်ကောင်းတာ ကိုယ်သိတယ်...." တဲ့

ကျွန်မကို အထူးသဖြင့် ကျွန်မရဲ့ ခံစားချက်တွေကို အမြဲ Scan ဖတ်တတ်နေတဲ့ သူက ကျွန်မကို မခံချင်စိတ်ဖြစ်အောင် သက်သက်ပြောနေမှန်းသိသိနဲ့ မယုံရကောင်းလားဆိုပြီး ပိုဝမ်းနည်းရသေးတယ်....။

"ကိုယ်သိတဲ့ ကောင်မလေးက မာနခပ်ကြီးကြီးနဲ့ မာကျောခက်ထန်နေတဲ့သူတစ်ယောက်ပါ ထစ်ခနဲဆိုငိုတတ်တဲ့ ဝမ်းနည်းတတ်တဲ့ သူမှ မဟုတ်တာ...."

ချစ်သူတစ်ယောက်ဆီက လမ်းခွဲစကားပြောခံနေရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ကျွန်မက ခုချိန်မှာ ပျော်နေရမှာလား ဝမ်းသာနေမယ်လို့ သူထင်နေတာလား....ဘုရားရေ.....!!!

အရင်တုန်းက ကျွန်မတို့ရန်ဖြစ်ပြီး ကော်ဖီဆိုင်တစ်ခုကအပြန် ကားပေါ်မှာ ကျွန်မငိုတော့ သူက သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားစေပြီး ကျွန်မကိုပွေ့ဖက်ထားခဲ့တယ်...။ ငိုထားလို့ မျက်ရိုးကိုက်နေတဲ့ ကျွန်မနာထင်ကိုလက်နဲ့နှိပ်ပေးပြီး မို့အစ်နေတဲ့ ကျွန်မမျက်ခွံကို ခပ်ဖွဖွနမ်းပြီးချော့ခဲ့ဖူးတယ်....။

ခုချိန် ကျွန်မသူ့ရှေ့ရှိခဲ့ရင် သူအဲဒီလို ချော့နိုင်ပါတော့မလား.... မသေချာတော့ဘူး....ဝမ်းနည်းစရာပဲ.....။ 

"သီချင်းဖွင့်လိုက် ကိုယ်တို့အတူနားထောင်ရအောင် ပြီးတာနဲ့ ကိုယ်ဖုန်းချတော့မယ်...."

သူက ကျွန်မကို ခါတိုင်း ကျွန်မတို့ဖုန်းပြောလို့ ပျင်းလာရင် လုပ်နေကျ တခြားဖုန်းတစ်လုံးကနေ သီချင်းဖွင့်ခိုင်းတယ်....။ Akari ရဲ့  "နှုတ်မဆက်နဲ့ ဂွတ်ဘိုင်" သီချင်း.....။

သီချင်းသံစဉ်ထွက်လာကတည်းက အငိုတိတ်နေပြီဖြစ်တဲ့ ကျွန်မက အစကိုပြန်ရောက်သွားတယ်...။ မျက်ရည်တွေက ဒရဟောရေစီးကြောင်းလို....။ သူဖုန်းချသွားမှာကြောက်လို့ သီချင်းမပြီးပါစေနဲ့လို့ မဖြစ်နိုင်မှန်းသိသိလျက်နဲ့ ဆုတောင်းမိသေးတယ်...။ တကယ်လဲ သီချင်းလဲပြီးရော..."ဒါပဲနော်"ဆိုပြီး သီချင်းထဲကအတိုင်း ဘာနှုတ်ဆက်စကားမှမပြောဘဲ တုံးတိကြီး ဖုန်းချသွားတယ်....။ 

ဒီညကျမှ ခါတိုင်းထက် ပိုပြီး တိတ်ဆိတ်မှောင်မိုက်လိုက်တာလို့ ခံစားရတယ်....။

ဘယ်တုန်း....ကမှ အစီစဉ်တကျမရှိခဲ့တဲ့ လောကကြီးမှာ အရာရာဟာ ဒီနေ့လောက်  ဘာမှမသေချာဘူး.....

မနက်ဖြန်.........

မနက်ဖြန်မှာ ဘာဆက်ဖြစ်မလဲ ကျွန်မတို့ အတတ်မခန့်မှန်းနိုင်ဘူး.......

မနက်ဖြန်မှာ ကျွန်မတို့နှစ်ယောက် အပြီးပိုင် ပြတ်စဲသွားနိုင်တာပဲ........

မနက်ဖြန်မှာ ကျွန်မဟာ ချစ်သူပစ်ခံရသူတစ်ယောက်လဲဖြစ်နိုင်တယ်.........

မနက်ဖြန်မှာ သူစိတ်ပြောင်းပြီး ကျွန်မကို ဖုန်းခေါ်ပြီးလဲပြန်ချော့နိုင်တာပဲ ........

ဒါမှမဟုတ်......

မနက်ဖြန်မှာ ကျွန်မဆီကနေ သူပျောက်ချင်းမလှပျောက်သွားနိုင်တာပဲ......

မနက်ဖြန်မှာ .....

မနက်ဖြန်မှာ .....

မနက်ဖြန်မှာ .....



_______________________
Revolution will prevail
မိုးငွေ့

Thursday, 22 August 2024

လိပ်ပြာဒိုင်ယာရီ.....(လက်ထပ်/ပြတ်စဲခွင့်)

 



ပုဂံကနေပြန်ရောက်ပြီး တစ်လလောက်မှာ ကျမတို့ ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ်မှာ ပန်းချီပြပွဲတစ်ခုသွားကြည့်ဖြစ်ကြတယ်...။ အဲဒီနေ့က ကျမကစိမ်းပြာနုရောင်  hoodies လက်တိုအင်္ကျီနဲ့ အပြာဖျော့ဖျော့ ပေါင်မှာအပေါက်အပြဲတွေနဲ့ ဂျင်းပင်ရယ် အဖြူရောင် Cap ဦးထုပ်လေးရယ်ဝတ်ထားတယ်..။ သူကကျတော့ သူ့အကြိုက် Flannel ခရမ်းနုအကွက်ရှပ်လက်ရှည်နဲ့ ပြည်တွင်းဖြစ် အနက်ရောင်ချည်ဘောင်းဘီရှည်ပွပွ ဝတ်ထားတာ မှတ်မိတယ်...။ ပြီးတော့ အမြဲတမ်းသန့်ရှင်းပြီး ခြေသည်းတွေကိုတိထားတတ်တဲ့ ဖဝါးတစ်စုံအောက်မှာ မန္တလေးအောကတ္တီပါသဲကြိုးအနက်ရောင်ဖိနပ်က နေရာယူထားမြဲ...။ သူနဲ့ပတ်သက်ပြီး သွားလာခဲ့ဖူးတဲ့နေရာတိုင်းကို အသေးစိတ်မှတ်မိနေတတ်တဲ့ ကျမကို "မင်း မှတ်ဉာဏ်တွေကကောင်းလိုက်တာ"လို့ သူစိတ်ထဲပြောဖြစ်ဦးမှာသေချာတယ်....။ ကျမတို့ ပုဂံသွားတုန်းက သူ့အသိပန်းချီဆရာဆိုတာ အခု ပြပွဲမှာပါတယ်...သူ့ကားတွေကို အဓိကပြတာပေါ့....။ အဲဒီပန်းချီဆရာအပါအဝင် တစ်ခြားပန်းချီဆရာတွေရဲ့ ကားတွေလည်းပါတယ်...။ အဲနေ့က ပုဂံက အသက်ခုနှစ်ဆယ်နီးပါးလောက်ရှိတဲ့ ပန်းချီဆရာတစ်ယောက်နဲ့ စကားတွေပြောဖြစ်တယ်..(ဆရာ့နာမည်ကိုမိတ်ဆက်ပေးပေမယ့် မမှတ်မိလိုက်ဘူး) ဆရာက ကျမတို့နှစ်ယောက်ရဲ့ ကယ်ရီကေးချားပုံကို လက်တန်းဆွဲပြီးပေးလိုက်သေးတယ်...( မြင်ဖူးနေကျ ကယ်ရီကေးချားတော့မဟုတ်ဘူး အဲပန်းချီအမျိုးအစားကိုသေချာနားမလည်လို့ မပြောပြတတ်ဘူး)..။ ကျမတို့ ဆရာ့ရဲ့ ပန်းချီကား နှစ်ကားနဲ့ သူ့မိတ်ဆွေပန်းချီဆရာရဲ့ကားတွေ လေးကားလောက်အားပေးဖြစ်လိုက်တယ်...။ ပုဂံနဲ့ပတ်သက်တဲ့ ကားတွေချည်းပဲဆိုပါတော့ ....။ အဲပန်းချီကားတွေထဲက သူအနှစ်သက်ဆုံးက ကျမတို့ကို ပုံဆွဲပေးတဲ့ဆရာရဲ့ လက်ရာတစ်ခုဖြစ်တဲ့ အငြိမ့်မင်းသမီးပုံလေးပဲ..။ နောက်တစ်ပုံက ပုဂံမြို့ဟောင်းအဝင် တရပါတံခါးပုံ.....။ ပန်းချီကားတွေကို ကြည့်နေကျမဟုတ်တဲ့သူ နားမလည်တဲ့သူဆိုရင်တော့ အဲနှစ်ကားကို ဒီတိုင်းကြည့်ရင် ချက်ချင်းဘာပုံဆိုတာမသိနိုင်ဘူး... သူက(ကယ်ရီကေးချားနည်းပဲထားပါတော့)ကင်းဗာ့အမဲပေါ်မှာ အဖြူကောက်ကြောင်းတွေချည်း ဆွဲထားတာ သရပါတံခါးမှာဆို မြင်းလှည်းမောင်းနေတဲ့သူက မြို့တံခါးဝကနေထွက်လာတာပါတယ်...။ မင်းသမီးလည်းဒီတိုင်းပဲ တကိုယ်လုံးပုံမဟုတ်ဘူး ခေါင်းပုံပဲကွက်ဆွဲထားတာ မင်းသမီးမှန်းသိသာအောင် ဆံထုံးတွေနဲ့လည်မှာဆွဲထားတဲ့ ပုလဲပုတီးနဲ့ သူ့ရဲ့အဆင်အယင်ကိုကြည့်မှ ဒါမင်းသမီးပုံမှန်းသိတယ်...အဲလိုပေါ့...။

ပန်းချီနဲ့ပတ်သက်ပြီး ကျမသိပ်မရင်းနီးပေမယ့် ဟိုအရင်ချိန်တုန်းက စကော့ဈေးဘေးက မီးရထားဝင်းထဲမှာ  FMI ရှိတုန်းကဆို အဲမှာပြတတ်တဲ့ ပန်းချီပြပွဲတွေတိုင်းကို မကြာခနဝင်ကြည့်ဖူးတယ်....။ လောကနတ်ကိုတော့ သူနဲ့မှ ကျမရောက်ဖူးတာ...။ ကျမတို့ရောက်တဲ့နေ့က ပြပွဲလုပ်တာ သုံးရက်မြှောက်နေ့ လာကြည့်တဲ့သူတွေနည်းနည်းပါးနေပြီ...။ ပြပွဲမပြီးခင် ဆရာတွေက လောကနတ် အနောက်ဖက်လမ်းကစားသောက်ဆိုင်တစ်ခုကိုခေါ်သွားလို့ ကျမနဲ့သူလိုက်သွားကြတယ်...။ တရုတ်စားသောက်ဆိုင်သေးသေးလေးရဲ့ ထပ်ခိုးလေးမှာ သုံးဝိုင်းလောက် ပန်းချီဆရာတွေနဲ့ သူတို့ရဲ့ဧည့်သည်နဲ့ပြည့်နေတယ်...။ အနုပညာသမားတွေထုံးစံအတိုင်း ယမကာလေးတော့မပါမဖြစ်ပေါ့...။ စားကြသောက်ကြရင်း ကျမတို့ကို ပုံဆွဲပေးတဲ့ဆရာက ကျမတို့နှစ်ယောက်ကို သိပ်လိုက်ဖက်တာပဲ မင်္ဂလာဆောင်ဖြစ်ရင် သူ့ဆီ ဖိတ်စာပို့ဖို့မမေ့နဲ့ဦးလို့မှာလိုက်သေး...။ ဆရာအဲလိုပြောတော့ ကျမတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိသေးတယ်...။ 

ဒီလိုဆိုတော့ကျမတို့နှစ်ယောက်ရဲ့ တွေ့ဆုံပတ်သက်မှုပန်းတိုင်က လက်ထပ်ကြဖို့ မဟုတ်ဘူးဆိုတာ ထင်ရှားနေတယ်..။ ဒါဖြင့်.... ကျမတို့က အတ္တကိုအခြေခံပြီး တစ်ယောက်ရဲ့စိတ်ဆန္ဒနဲ့လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးဖို့သက်သက် အပျော်တွဲနေကြတာလား ကျမတို့ကြားမှာ ချစ်ခြင်မေတ္တာ နှောင်ဖွဲ့စရာသံယောဇဉ်ကြိုးတွေ  ဘာညာသာရကာ တကယ်ဘာမှမရှိတာလား....။ သေချာစဉ်းစားကြည့်တော့ အဲလိုလဲမဟုတ်ပြန်ဘူး....။ သူကလည်းကျမကို တုန်နေအောင်ချစ်သလို ကျမကလည်းသူ့ကိုချစ်တယ် ကျမတို့တစ်ယောက်ကိုတစ်ယောက်ချစ်ရုံသက်သက်ပဲတွဲကြတာ...ကျမတို့နှစ်ယောက်လုံး လက်ထပ်ကြဖို့ အစကတည်းကိုက ရည်ရွယ်ချက်မရှိခဲ့ဘူး..။  တကယ်ဆို ကျမတို့နှစ်ယောက်က LDRS တွေ သူကျမဆီရောက်လာမှသာ ကျမတို့တွေ့ကြရတာ ဒီလောက်ပဲ.....။ ပြီးတော့လည်း အကြောင်းအကြောင်းကြောင့် ကျမတို့က လက်ထပ်ဖြစ်ဖို့ အခြေအနေမှာ ရှိမနေကြဘူးလေ...။ သူ ကျမကို တစ်ချိန်ချိန်မှာ လက်ထပ်ခွင့်တောင်းလာဖို့လည်း ကျမက တစ်ခါဖူးမျှ မမျှော်လင့်ခဲ့ဘူး....။

ဒါပေမယ့် တစ်နေ့မှာ ညနေခင်းနေရောင်ပျောက်လုနီးအချိန် သူကျမဆီရောက်လာခဲ့တယ်.....။ အဲနေ့က ကျမတို့ နှစ်ယောက်ပြဿနာဖြစ်ပြီး မခေါ်မပြောကြတာ တစ်ပတ်ပြည့်တဲ့နေ့....။ ကျမအိမ်ခန်းရှေ့တံခါး ဘဲလ်သံကြားလို့ တံခါးဖွင့်လိုက်တော့ သူဖြစ်နေတယ် မျက်နှာလည်း မသာမယာသုန်မှုန်လို့ပေါ့....။ ကျမသူနဲ့ ကော်ရစ်တာမှာ စကားပြောတယ်....။ 

"ဘာဖြစ်လာတာလဲ " လို့ကျမစမေးတော့ သူ ကျမကို ဝမ်းပန်းတနည်းနဲ့ဖက်လိုက်တယ်...သူ့ဆီက ဘီယာနံ့တချို့ရနေတယ်...။ 

သူသောက်ထားပြီး မူးနေတာ 

ပြီးတော့ သူငိုနေတာလား...? ကျမငိုရင်တော့ သူကမကြိုက်ဘူး....။ သူငိုတာ ဒီတစ်ခါနဲ့ဆို ကျမ နှစ်ခါမြင်ဖူးတယ်...။ ပထမတစ်ခါက လွန်ခဲ့တဲ့နှစ်တွေ ကျမတို့စဆုံတုန်းက ကျမတို့တိုက်ကလှေခါးမှာ သူကျမကို ရှိုက်ကြီးတငင်ဖက်ပြီး ငိုဖူးတယ်... အဲတုန်းကလည်း ကျမ သူ့ကိုဖြတ်လိုက်လို့ ငိုတာလို့ထင်တယ်...။

"ဘာဖြစ်တာလဲ ဘေဘီ ကျမကိုပြောလေ..."

"မင်း... ကိုယ့်ကို တစ်ယောက်ထဲအကြာကြီးပစ်ထားလို့လေ....ကိုယ်နေလို့ထိုင်လို့မကောင်းဘူး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူး... ဘာအလုပ်မှလဲလုပ်လို့မရဘူး မင်းကိုယ့်ကို နှိပ်စက်ထားတာ ရပ်ပါတော့ ကိုယ်မခံစားနိုင်တော့ဘူး..." တဲ့...။ ကျမ သူ့ကိုပြန်ဖက်ထားပြီး ကလေးတစ်ယောက်လို သူ့ဆံပင်တွေကို ပွတ်သပ်ပေးလိုက်တယ်...။

"အိုကေ အိုကေ နောက်ဆို အဲလိုမလုပ်တော့ဘူးဟုတ်ပြီလား  ကျမတို့ အခုအောက်ထပ်က ကော်ဖီဆိုင်မှာ စကားသွားပြောကြမယ်လေ လာ...." ဆိုပြီး ကျမတို့ တိုက်ရှေ့က ကော်ဖီဆိုင်မှာ နှစ်ယောက်သား သွားထိုင်ဖြစ်ကြတယ်....။ 

မှာထားတဲ့ကော်ဖီရောက်မလာခင်မှာပဲ သူက ကျမလက်ကိုဆုပ်ကိုင်ထားရင်း "ကိုယ်မင်းကိုလက်ထပ်ချင်တယ်" လို့ပြောချလိုက်ရော.....။ ကျမဘဝမှာ ပထမဦးဆုံး လက်ထပ်ခွင့်တောင်းတဲ့သူက ကျမသိပ်ချစ်ရတဲ့သူနေဖြစ်လို့ ပီတိတော့ဖြစ်မိတယ် ...... ။ ဒါပေမယ့်.....

" မင်း ကိုယ့်ကိုလက်ထပ်နိုင်တယ်မဟုတ်လား အခုပဲကိုယ်တို့ လက်ထပ်စာချုပ်သွားဝယ်မယ် လက်မှတ်ထိုးကြမယ်..." တဲ့...။ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တစ်ခုလို့ ကျမမြင်တယ်....။ သူ့ရဲ့ပြင်းပြတဲ့စိတ်ခံစားမှုတစ်ခုကို သက်သာရာ ရလိုရညား ဖြေသိမ့်ဖို့ ဆုံးဖြတ်လိုက်တာလို့ပဲ ကျမသတ်မှတ်လိုက်တယ်.....။ ဒါမှမဟုတ် သူကျမကိုလုပ်နေကျ စမ်းသပ်ချက်တစ်ခုလဲဖြစ်နိုင်တယ်...။

"ဟင့်အင်း...." 

ကျမ သေချာပေါက် ငြင်းဆိုရမယ်မဟုတ်လား....။ ကျမသူဆုပ်ကိုင်ထားတဲ့လက်ကနေ ရုန်းထွက်လိုက်တယ်....။ 

"ခင်ဗျားရူးနေလား?? တဒင်္ဂစိတ်ခံစားမှုတစ်ခုအတွက်နဲ့ လက်ထပ်မယ်ဆိုတဲ့ စကားကိုလွယ်လွယ်မပြောသင့်ဘူးဆိုတာ ခင်ဗျားမစဉ်းစားဘူးလား..."

ကျမအဲလိုပြောချလိုက်တော့ သူက ကျမရှေ့တည့်တည့်ထိုင်ခုံကိုရွှေ့ထိုင်ပြီး ကျမပခုံးနှစ်ဖက်ကို ဖျစ်ညစ်ကိုင်ထားတယ်...။

"မင်းသိလား.... ကိုယ်ဘဝမှာလေ ကိုယ်တွဲခဲ့တဲ့မိန်းကလေးတွေအားလုံးကို တစ်ခါမှဒီလိုစကားမျိုးမပြောခဲ့ဖူးဘူး..မင်းက ကိုယ့်ဘဝရဲ့ ပထမဆုံးလက်ထပ်ခွင့်တောင်းခံရတဲ့ သူပဲ....အဲဒါမင်းသိလား...."

"အဲတော့...  ဘာလဲ ကျမက ဂုဏ်ယူရမယ်လို့ ပြောချင်တာလား..."

ကျမပခုံးကိုကိုင်ထားတဲ့ သူ့လက်တွေနဲ့ ကျမကို ခပ်ကြမ်းကြမ်းနောက်ကိုစောင့်တွန်းလိုက်တယ် ထိုင်ခုံမှာမြဲမြဲထိုင်ထားလို့သာ ကျမနောက်လှန်မကျတာ.... ။ သူ့မျက်လုံးတွေက ကြေကွဲဝမ်းနည်းရာကနေ ဒေါသဖက်ကိုကူးသွားပြီ...။ 

"အလကားပဲ.... မင်းက တကယ်တော့ အလကားမိန်းမတစ်ယောက်ပဲ ငါ့ကိုတကယ်မချစ်ဘဲနဲ့ အပျော်လာတွဲနေတဲ့ ငါ့ကိုလာ Play နေတဲ့မိန်းမပဲ.... WTF !!! "

ကျမတို့ကော်ဖီဆိုင်ထဲမှာ တိုးတိုးတိုးတိုးနဲ့ကြိတ်ဖြစ်နေကြတာ....။ မှာထားတဲ့ကော်ဖီလည်းအေးဆေးမသောက်လိုက်ရဘဲ  ရန်ဖြစ် ပြဿနာတက်ပြီး အိမ်ပြန်သွားလိုက်ကြတယ်...။

ကျမတို့ ဝေးရမယ့်နေ့တွေက တစ်နေ့ထက်တစ်နေ့ နီး...နီးလာပြီ...။ 

ဒီတစ်ခေါက်ပြန်ဆုံဆည်းခြင်းဟာ ဝေးရဖို့နဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့ဖို့ဖြစ်လာတယ်ဆိုတာ တကယ်တော့.... ကျမတို့နှစ်ယောက်စလုံး နားလည်သဘောပေါက်ထားကြပြီးသား....။


__________________
Revolution will prevail
မိုးငွေ့

Tuesday, 20 August 2024

Butterfly Diary.....(Blue Sky in Old City)




ဒီတစ်ခေါက်သူနဲ့ပြန်တွေ့တော့ ကျမတို့ခရီးအတူသွားဖို့ဆုံးဖြတ်ရင်း သွားမယ့်နေရာကိုရွေးကြတော့ ဟိုအရင်တုန်းက ကျမပြောဖူးခဲ့တာကို သူမှတ်ထားပုံရတယ်... ပုဂံကိုရွေးချယ်လိုက်တယ်...။ 

ဒီခရီးက ကျမတို့ နှစ်ယောက်အတူ ပထမဆုံးအကြိမ် ခရီးသွားခြင်းပဲ...။ ကျမတို့ ညဖုန်းပြောရင်းနဲ့ ကားလက်မှတ် ဟိုတယ်ဘိုကင်စတာတွေကို အွန်လိုင်းနဲ့ ချိတ်လိုက်တယ်....ညနေ ၆ခွဲကားနဲ့ရတယ်...။ ကားဂိတ်ကို  ခပ်စောစောကြိုသွားပြီး ဟိုရောက်တော့ ညနေစာကို KFC ပဲစားလိုက်တယ်...။ သူနဲ့ ပထမဆုံးခရီးမို့ ကျမတော်တော်လေးတော့ စိတ်လှုပ်ရှားမိတယ်...။ တကယ်တော့ ကျမတို့နှစ်ယောက်စလုံးက သီးခြားဆီ ပုဂံကို အခေါက်ခေါက်အခါခါရောက်ဖူးခဲ့ပြီးသား....။ ပုဂံကို ကျမရော သူရော သွားလည်ရတာ ကြိုက်နှစ်သက်လို့ နှစ်ယောက်အတူသွားတဲ့ အမှတ်တရခရီးကိုလည်း ပုဂံမြို့ကိုပဲရွေးလိုက်တာဖြစ်တယ်...။ ညအိပ်ကားစီးတာလည်း အခုပထမဆုံးမို့ သူကကျမပခုံးကိုမှီချပြီးအိပ်ဖို့ အားနာနေပုံပေါက်ပေမယ့် ကျမကတော့ သူ့လက်မောင်းကို  ဖက်တွယ်ပြီး တစ်လမ်းလုံးသူ့ပခုံးကိုမှီအိပ်ခဲ့တယ်...။ ဘေးနားခုံက တရုတ်ကြီးတစ်ယောက်က ကျမတို့နှစ်ယောက်ကိုစပ်စုတဲ့ မျက်လုံးနဲ့လှမ်းလှမ်းကြည့်တာခံရသေးတယ်..။

ကျမတို့က တုတ်တုတ်တို့ Scooterတို့ ဆိုင်ကယ်တို့ ဘိုကင်ကြိုမလုပ်ထားတော့ ဟိုမှာ ငှားရခက်သွားတယ်...။ ဒါနဲ့သူက သူ့အသိ ပန်းချီဆရာတစ်ယောက်ဆီ ဖုန်းဆက်အကူအညီတောင်းတော့ ကျမတို့ ဟိုသွားဒီသွားစီးဖို့ ဆိုင်ကယ်တစ်စီးရလိုက်တယ်...။ ခါတိုင်းသွားနေကြ စွယ်တော်လေးဆူနဲ့ နာမည်ကြီးဘုရားတွေကို ဦးစားမပေးဘဲ ကျမတို့ ချောင်ကြိုချောင်ကြား မသွားဖူးသေးတဲ့ ဘုရားတော်တော်များများဆီကိုရောက်အောင်သွားခဲ့ကြတယ်...။ ကျမတို့က ပုဂံမြို့သစ်မှာတည်းကြတာ   မိုးလင်း မနက်စာစားပြီးတာနဲ့ မြို့ဟောင်းနဲ့ညောင်ဦးအထိ ဆိုင်ကယ်နဲ့လျှောက်သွားကြတယ်...။ ပုဂံအမှတ်တရဝတ်စုံတွေ ယွန်းထည်ပစ္စည်းတွေဝယ်ဖြစ်ကြတယ်...။ မကျည်းရိပ်အကြော်ဆိုင်တွေထိုင်ကြတယ် မြန်မာဘူဖေးထမင်းဟင်းတွေစားဖြစ်တယ် ပြီးတော့ လက်မှာမှင်ရည်နဲ့ အလှပန်းချီလည်းဆွဲခဲ့သေးတယ်...။ မှတ်မှတ်ရရ သူနဲ့ကျမ ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးအစပ်နားက ထနောင်းပင်ရိပ်အောက်မှာရောင်းတဲ့ မြန်မာ့လက်မှုပစ္စည်းဆိုင်တစ်ခုမှာ ကြိမ်ထိုင်ခုံအပုအဝိုင်းလေးတစ်ယောက်တစ်လုံးဝယ်ဖြစ်တယ်...။ ကြိမ်ခုံလေးတွေမှာ မထိုင်ရတာ နှစ်ဘယ်လောက်ကြာပြီလဲ ကျမတို့ ငယ်ဘဝအလွမ်းပြေအနေနဲ့ရော လက်မှုပစ္စည်းတွေကို နှစ်သက်မြတ်နိုးတဲ့စိတ်နဲ့ အဲကြိမ်ထိုင်ခုံဝိုင်းလေးဝယ်ဖြစ်လိုက်ကြတာဖြစ်တယ်...။

တစ်ရက် သူနဲ့ ဘုရားသေးသေးတစ်ဆူဆီကို ဆိုင်ကယ်နဲ့သွားကြရင်း တစ်စုတစ်စည်းထဲလေထဲမှာ အုပ်လိုက်ပျံဝဲနေကြတဲ့ လိပ်ပြာရောင်စုံကိုတွေ့လိုက်တယ်...။ လိပ်ပြာလေးတွေက ကျမတို့ရဲ့ သတိရခြင်းတွေ ဒီမြို့လေးမှာတကယ်ရှိနေတယ်ဆိုတာကို မျက်ဝါးထင်ထင် နိမိတ်ပြလိုက်တာပဲ.... တကယ် အမှတ်တရပါပဲ.... ။ ဒီခရီးဟာ ကျမတို့နှစ်ယောက်အတွက်ပထမဆုံးခရီးတစ်ခုဖြစ်သလို ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အမှတ်တရတွေထဲက တစ်ခုလည်းဖြစ်တယ်....။ ကျမနဲ့သူ နှစ်ယောက်သေသေချာချာတွေ့ဆုံချိန်က တကယ်တော့ တိုတောင်းလွန်းပါတယ်...။ ဒါပေမယ့်.... အချိန်တိုတိုလေးအတွင်းမှာပဲ တစ်ဘဝစာလောက်ရလိုက်တဲ့ အမှတ်တရတွေက  ကျမနဲ့သူ့အတွက် ထိုက်တန်တဲ့ တွေ့ဆုံမှုတစ်ခုလို့ မှတ်ယူပါတယ်...။ တစ်ချိန်မှာ ပြန်လည်သတိရတမ်းတစရာ အမှတ်တရတွေကိုပဲ ကျမတို့ အပြန်အလှန်လက်ဆောင်ပေးနိုင်ခဲ့တာမဟုတ်လား.....။

ညနေစာစားပြီး ဟိုတယ်ပြန်ရောက်တော့ ကျမတို့အခန်းထဲမဝင်သေးဘဲ လသာညမို့ အခန်းရှေ့ဖက် မြက်ခင်းပြင်မှာ ခင်းပေးထားတဲ့ စားပွဲနဲ့ထိုင်ခုံမှာသွားထိုင်ကြတယ်...။ ကျမနဲ့သူ လသာညတွေအတော်များများကို အတူကြည့်ဖူးခဲ့တာတော့ အမှတ်တရပါပဲ...။ သူကဘီယာသောက်ပြီး နည်းနည်းထွေလာတော့ ကျမကို စကားတွေအများကြီးပြောလာတယ်...။ ကျမ မသိသေးတဲ့ သူ့ရင်တွင်းခံစားချက်တွေ လူမှုရေး နိုင်ငံရေးကအစပေါ့...။

"တကယ်တော့ ကိုယ်က မင်းအတွက် လူကောင်းတစ်ယောက်တော့မဟုတ်ဘူး... မင်း ကိုယ့်လိုလူမျိုးနဲ့မပတ်သက်သင့်ဘူး အဲဒါမင်းသိလား..... ကိုယ့်စိတ်အခြေအနေက သာမန်လူတွေလိုမဟုတ်ဘူး တခါတလေ ဘာစကားမှမပြောဘဲ ငြိမ်ငြိမ်လေးနေချင်တာ... မင်းလိုချင်တဲ့ မင်းကို ကလေးတစ်ယောက်လို အလိုလိုက်ချစ်ခင်ယုယဖို့လည်း ကိုယ့်မှာ အားအင်တွေရှိမနေဘူး  ကိုယ်လူတွေနဲ့ သံခင်းတမန်ခင်း အပြုံးတွေ စကားတွေလည်း မပြောချင်ဘူး... ဘယ်သူမှမရှိတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုမှာ တိတ်တိတ်ဆိတ်ဆိတ်နေချင်တာမျိုး ကိုယ်ဆိုလိုချင်တာ မင်းသဘောပေါက်ရဲ့လား ?.."

သူ့အသံက အရင်လို နွေးထွေးမှုမရှိ ခွန်အားမပါ အနိမ့်အမြင့်မရှိ တသမတ်ထဲအေးစက်နေခဲ့တယ်...။ ကျမ သူဘာတွေတွေးနေလဲ အိမ်ထောင်ကျိုးမိဘနှစ်ပါးကနေ ကြီးပြင်းဆင်းသက်လာတဲ့ သူရင်ဆိုင်နေရတဲ့ လူနေမှုပြဿနာ သူဘာတွေ ဘယ်လောက်စိတ်ဖိစီးမှုများနေလဲ တစ်ခါမှ တွေးမကြည့်ခဲ့ဖူးဘူး...။

"ကိုယ်ဒီလိုပြောတော့ မင်းစိတ်ညစ်သွားပြီလားကိုယ့်ကို...."

ကျမဖက်သူလှည့်တော့ လရောင်က သူ့မျက်နှာတစ်ခြမ်းမှာ ထင်ကျန်လို့ သူပြုံးလိုက်တဲ့အခါ သူ့ပါးချိုင့်ကြောင့်လား သူ့မျက်လုံးတွေ ပိုနူးညံ့သွားတယ် ဒါပေမယ့် ပျော်ရွှင်ကြည်နူးတဲ့ တောက်ပမှုတွေ မတွေ့ရဘူး...။

"ကိုယ်ဘာမှမတွေးမိအောင် ကြိုးစားနေတာ ကိုယ်ဘာတွေတွေးနေလည်းဆိုတာ ကိုယ်မသိချင်သလို မင်းလဲမသိချင်နဲ့... ဒါပေမယ့်  လူတစ်ယောက်ဟာ သူ့ဦးနှောက်က စက္ကန့်မလပ်တွေးနေတယ်ဆိုတာ မင်းယုံလား?.. "

ကျမ သူ့ကို ပခုံးတွန့်ပြလိုက်တယ်....။ သူက အသံတစ်ချက်ထွက်ပြီး ရီလိုက်တယ် သဘောက ကျမ သူ့ကို မသိသေးပါဘူးဆိုတဲ့ အဓိပ္ပါယ်နဲ့ဆိုတာကိုတော့ ကျမသိတယ်...။

" လာ ... ကိုယ်တို့ အထဲပြန်ဝင်ရအောင် အပြင်မှာ ခြင်တွေများလာပြီး မင်းခြေထောက်လှလှလေးတွေ မနက်ကျရင် အနီဖုတွေနဲ့ရုပ်ဆိုးကုန်မယ်..."

ခြင်ကိုက်တယ်ပြောမှ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်ကိုးနှစ် ကျမတို့ စတွေ့ကြတုန်းက ကျမတို့တိုက်လှေခါးမှာ သူနဲ့ကျမ ညဉ့်တော်တော်နက်တဲ့အထိ စကားထိုင်ပြောကြတုန်း ကျမ ခြေဖမိုးတွေကို ခြင်တွေတွယ်လိုက်တာ မနက်မိုးလင်းကြည့်တော့ အနီဖုတွေ ပရပွနဲ့ပေါ့...။ အဲတုန်းက သူကခြင်ပြေးတဲ့ App ရှိတယ်ဆိုပြီး သူ့ဖုန်းကနေ ဒေါင်းလုတ်လိုက်သေး အဲဒါလဲ ခြင်ကိုက်တာက ကိုက်တာပါပဲ အဲဒီအမှတ်ရချိန်လေးပြန်တွေးမိပေမယ့်...သူ့ကိုတော့ ပြန်မပြောဖြစ်လိုက်ပါဘူး သူမှတ်မိချင်မှ မှတ်မိတော့မှာလေ...။


နှစ်ညအိပ်သုံးရက်ခရီးမှာ နောက်ဆုံး အပြန်ကားစီးရမယ့်နေ့မှာပဲ သူက အစားမှားပြီး ဝမ်းပျက်လို့ ဆေးသောက်ပြီး နေခဲ့လိုက်ရတယ်...။ အပြန်ခရီးမှာ ကျမတစ်ယောက်ထဲ ကားထဲ ဘေးခုံအလွတ်နဲ့ပြန်ခဲ့ရတယ်...။ အဲတုန်းက ကျမအလုပ်ရှိလို့ပြန်သွားလိုက်ရတာလို့ မှတ်မိတယ် တကယ်ဆို သူ့ကို ကျမတစ်ယောက်ထဲမထားခဲ့လိုက်သင့်ဘူး ...လို့ နောက်ကျမှ စဉ်းစားမိတယ်....။ ဒီလိုဖြစ်ရခြင်းဟာ ကျမတို့နှစ်ယောက်ကြားက သည်းခံခွင့်လွှတ်နိုင်စွမ်းနဲ့ အနစ်နာအနွံတာခံမှုတစ်ခုကို စမ်းသပ်လိုက်သလိုပဲ.... ဘယ်တုန်းကမှ ကျမအချစ်ကို မယုံကြည်ခဲ့တဲ့သူ့အတွက်တော့ သက်သေပြချက်ကောင်းကောင်းကြီးရသွားတာလည်းဖြစ်တယ်...။ 

"မင်းက ကိုယ်မင်းကိုချစ်သလောက် ကိုယ့်ကို ပြန်မချစ်ပါဘူး" တဲ့.... ကြုံတိုင်းအမြဲကျမကိုပြောတတ်တဲ့ သူ့စကား...။

"ကိုယ့်လောက် ကမ္ဘာမှာ မင်းကိုချစ်တဲ့သူမရှိဘူးဆိုတာ တစ်နေ့...မင်းသိလာလိမ့်မယ်" .... တဲ့

ဟင့်အင်း... ကျမကတော့ တလောကလုံး ကျမကို ဘယ်သူမှမချစ်ရင်နေပါစေ သူ့ဆီက အချစ်ကိုပိုင်ဆိုင်ခဲ့ဖူးတယ် ဆိုရင်ပဲ ကျေနပ်လှပါပြီ...။




ကျမတို့ အဲတုန်းကရောက်ခဲ့တဲ့ ခရီးစဉ်နှစ်ရက်မှာ ပုဂံမြို့ရဲ့ ကောင်းကင်ဟာ 
မိုးပြာရောင်ကြည်လဲ့တောက်ပခဲ့ဖူးပါတယ်...



အချစ်ရှိသောနေ့စွဲများ




__________________
Revolution will prevail
မိုးငွေ့



Saturday, 17 August 2024

လိပ်ပြာဒိုင်ယာရီ (လရောင်အောက်ကလိပ်ပြာ).....

 




"လစထွက်လာတဲ့အချိန်ကိုစောင့်ကြည့်ဖူးလား" တဲ့......

"ကြည့်ဖူးတာပေါ့" ငယ်စဉ်တုန်းက မီးမလင်းတဲ့နယ်မြို့ကနေကြီးပြင်းလာရတော့ လထွက်တာကို ရှုဒေါင့်မျိုးစုံကနေကြည့်ဖူးခဲ့တယ်...။ အထူးသဖြင့် တန်ဆောင်မုန်းနဲ့နတ်တော်လတွေမှာ သာတဲ့လပြည့်လက ကမ္ဘာမြေနဲ့ပိုနီးပြီး ပြည့်ပြည့်ဝန်းဝန်းနဲ့သာနေတာကို လှပစွာတွေ့ရတတ်တယ်...။ ခုတော့ မြို့ပြရဲ့အလင်းရောင်ကြောင့်နဲ့ ကျွန်မအိပ်ခန်းမှန်ပြူတင်းနားမှာ သာတဲ့ညတချို့တွေမှာပဲ လပြည့်ဝန်းကို တကူးတကန့်ကြည့်ဖြစ်တော့တယ်...။

သူကတော့ပြောတယ် လပြည့်ကျော်နှစ်ရက်မှာသာတဲ့လက ပိုလှတာတဲ့ စောင့်ကြည့် လစထွက်တဲ့အချိန်နဲနဲနီနေလိမ့်မယ် ခဏလေးပါပဲ ပြီးသွားတာနဲ့ မြင်နေကျ ဝင်းဝါလင်းထိန်နေတဲ့ လပြည်လကိုမြင်ရလိမ့်မယ်တဲ့....။

 နတ်တော်လ    လပြည့်ကျော်နှစ်ရက်နေ့........

ကျွန်မအခန်းလသာဆောင်ကနေ လစထွက်တာမမြင်ရဘူး....။ ဖုန်း Weather App ကနေ ဒီညနေလဘယ်ချိန်ထွက်မယ်ဆိုတာ ကြိုကြည့်ထားတယ်...။ ညနေ ၆နာရီ လထွက်မယ်လို့ သူခန့်မှန်းတဲ့အတိုင်း ၆နာရီမထိုးခင် အနွေးထည်ခပ်ပါးပါးဝတ် အောက်ဆင်းပြီး  လမ်းထိပ်က ကော်ဖီဆိုင်မှာ Hot Latte အသေးတစ်ခွက်မှာပြီး ကျွန်မတို့တိုက်ရှေ့ စက္ကူပန်းပင်အောက်ကနေ လထွက်တာစောင့်ကြည့်နေလိုက်တယ်....။ App ကခန့်မှန်းတုန်းကတော့ ၆နာရီပဲ ခုတော့ Partly Cloudy ☁️ တဲ့ ၇နာရီမှလထွက်မယ်ဆိုလို့ ကော်ဖီလေးသောက်လိုက် လမ်းလျှောက်လိုက်နဲ့ စောင့်ရသေးတယ်....။

 

 

 

 

အဲချိန်မှာပဲသူ့ဆီကဖုန်းဝင်လာခဲ့တယ် "ကိုယ့်ဆီမှာလထွက်နေပြီ မင်းကြည့်နေလား"တဲ့   ဒီနေ့ည ကျွန်မ လထွက်ကြည့်မယ်ဆိုတာ သူမှတ်မိနေတယ်😍😍.....။ သူပြောပြသလိုပဲ အရှေ့မြောက်ဖက်ကောင်းကင်ကနေ ရွေ့လျားနေတဲ့ မီးခိုးရင့်ရောင်တိမ်တိုက်တွေကြားက လပြည့်ဝန်းကြီးက အနီရောင်နဲ့ စတင်ထွက်လာပါပြီ....။ မိနစ်ပိုင်းလေးမှာပဲ ပုံမှန်အရောင်လပြည့်လအဖြစ် ပြောင်းလဲသွားတာ စာထဲမှာဖတ်ဖူးခဲ့တဲ့ လရောင်ဝါဝါဆိုတာ ခုမြင်နေရတဲ့ အနေထားပဲဖြစ်မယ်...။

"လိပ်ပြာတွေက သတိရခြင်းတွေကို ယူလာလိမ့်မယ် မမေ့နဲ့" လို့ လပြည့်လအကြောင်းပြောရင်း အဆက်စပ်မရှိသူပြောတယ်....။ 

"လရောင်အောက်က လိပ်ပြာ" အဲနာမည်ရှိပြီးသားလားလို့ ကျွန်မကိုဆက်မေးတော့ "ခပ်ဆင်ဆင်တော့ရှိမယ်ထင်တယ်"လို့ ဖြေလိုက်တယ်....။ 

"လိပ်ပြာတွေမတွေ့မချင်း ခင်ဗျားသတိရတယ်ဆိုတာကို ဘယ်လိုယုံရမလဲ" လို့ မေးလိုက်တော့ သူကကျွန်မကို   အရှည်ကြီးရှင်းပြတယ်...။ 

"သူတို့က မင်းဆီကို အချိန်တစ်ခုရောက်ရင် ရောက်လာမှာပေါ့ အဝေးကြီးကိုပျံရဦးမယ်လေ" 

"သူတို့က လေယာဥ်တွေလိုတော့ ဘယ်မြန်ပါ့မလဲ...ချာတိတ်ရ" လို့ သူပြောတော့ ကျွန်မပြုံးမိသွားသေးတယ်... ။ ချာတိတ်ဆိုတာ သူစိတ်လိုလက်ရရှိတဲ့အချိန် ကျွန်မကိုခေါ်နေကျ နာမ်စား....။

"သေဆုံးသွားပြီးတဲ့စုံတွဲတစ်ခုရဲ့ သတိရခြင်းတွေကို ဝေးသွားပြီးခါစ စုံတွဲအသစ်ဆီ သူတို့က သယ်ဆောင်ပေးဖို့ မွေးဖွားလာကြလိမ့်မယ် သူတို့မွေးဖွားဖို့တောင် ကိုယ်တို့က အရင်စောင့်ရဦးမှာ သူတို့ပျံသန်းနိုင်တဲ့အရွယ်ရောက်ပြီဆိုမှ ကိုယ်တို့နားကို သူတို့ လာဝဲကြလိမ့်မယ်ပြီးရင် အဲဒီလူရဲ့ သတိရခြင်းတွေလက်ခံပြီး နောက်တစ်ယောက်ဆီ သူတို့သယ်သွားဖို့ အသင့်ဖြစ်နေပြီပေါ့"  

"သူတို့သွားရာလမ်းတလျှောက် မြင်သမျှ တွေ့သမျှ ပန်းတွေဆီကနေလ​ည်း ဝတ်ရည်တွေစုပ်ကြလိမ့်မယ် သူတို့ပျံသန်းမယ့်ခရီးဝေးကြီးအတွက် သူတို့စွမ်းအင်တွေလိုတယ် ဝတ်ရည်စုပ်ခအနေနဲ့ သူတို့က ဝတ်မှုန်တွေကို ပန်းပွင့်ကြီးတွေဖြစ်အောင် သတိရခြင်းတွေကျဲချပေးခဲ့ကြတယ် လောကမှာရှိရှိသမျှ ပန်းပွင့်တွေအားလုံးက သတိရခြင်းတွေကြောင့် ပွင့်လာတာလို့ အခုပဲမင်းယုံကြည်လို့ရပြီ"

ခုတော့လဲ သူဟာ လသာညတွေမှာ ကလေးတစ်ယောက်ကို ပုံပြောနေသူတစ်ယောက်လိုပဲ......

သူပြောပြတာကို သေချာနားထောင်ပြီး "ဟုတ်ကဲ့"လို့ ပြန်ပြောမိတယ်.... ။ ကျွန်မတစ်ခါမှ Analyst မလုပ်ခဲ့ဖူးတဲ့ သူယုံကြည်တဲ့ လိပ်ပြာ Mystery လေးကို    နားထောင်လိုက်ရတယ်...။

ခုကစပြီး ကျွန်မအနား လိပ်ပြာလေးတွေ ဝဲပျံလာမယ့်နေ့ကို တိတ်တဆိတ်နဲ့ ရင်ခုန်စွာ စောင့်မျှော်နေရတော့မှာ အသေအချာပါပဲ.....🦋🦋🦋



__________________
Revolution will prevail
မိုးငွေ့


Wednesday, 14 August 2024

Butterfly Diary (Rodin, The Thinker).....

 

ဒီတစ်ခေါက် သူနဲ့ပြန်တွေ့တော့ ကျမတို့ အရင်ကထက် နှစ်ယောက်တွေ့ရတဲ့အချိန်က ပိုများတယ်...။ နေရာအစုံလည်း ရောက်ဖြစ်ကြတယ်...။ ကျွန်မတို့ ကမ္ဘာအေးဘုရားလမ်းမပေါ် အင်းလျားကန်ရှေ့မှာရှိတဲ့ The Central မှာ သောကြာညနေတိုင်းလုပ်တတ်တဲ့ Unplugged တီးဝိုင်းလေးကို သွားနားထောင်ဖြစ်တယ်...။ အဲနေ့က သီချင်းနားထောင်နေကြတုန်း သူToilet သွားချင်တယ်ပြောလို့ သူ့ကိုစောင့်ရင်း ကျွန်မတို့ သီချင်းထိုင်နားထောင်တဲ့လှေခါးထစ်လေး အနောက်တည့်တည့်မှာ ဆယ်ပေ ဆယ့်နှစ်ပေလောက်အမြင့်ရှိတဲ့ Rodin ရဲ့ ကမ္ဘာကျော် The Thinker ရုပ်ထုတစ်ခုထုထားတယ်...။ ရိုဒင်ရဲ့ ပန်းပုရုပ် မူရင်းရုပ်ထုက ပါရီမြို့ရဲ့ Musee Rodin ပြတိုက်မှာရှိတယ်လို့ ကျွန်မဖတ်ဖူးတယ်....။ ပြီးတော့ ကျွန်မဖတ်ဖူးထားခဲ့တဲ့ ရိုဒင်နဲ့ သူ့ချစ်သူ ကမီးကလော်ဒဲ တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းတစ်ဆက်တည်း သတိရသွားမိတယ်...။  

သူပြန်ထွက်လာတော့ ကျမ ရိုဒင်ရဲ့ ရုပ်ထုရှေ့မှာရပ်နေတာမြင်တော့... သူ့ခါးပတ်ကိုသေချာပြင်ပတ်နေရင်း ကျွန်မကိုလှမ်းပြောတယ်....။

"ဘာတွေစိတ်ဝင်စားနေလဲ Rodin ကိုမင်းသိတယ်မလား" တဲ့....။

"သိတော့သိတယ် နည်းနည်းကလေးပဲသိတာ ခင်ဗျားသိရင်ပြောပြလေ နားထောင်ချင်တယ်.."

ဒါနဲ့ ကျွန်မတို့ အေးအေးဆေးဆေးရှိတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဝင်ပြီး ညစာစားရင်း ရိုဒင်နဲ့ကမီးကလော်ဒဲတို့ရဲ့ အချစ်ဇာတ်လမ်းကို သိသလောက်လေး ဖလှယ်ဖြစ်ကြတယ်...။ ပြီးတော့ ကျွန်မတို့ လရောင်အောက်မှာ အတူတူလမ်းလျှောက်ပြန်ကြတယ်...။ ကျွန်မတို့ တိုက်ရှေ့ရောက်တော့ အဝင်ဝနား စိုက်ထားတဲ့ ယုဇနပန်းတွေက လရောင်အောက်မှာ ဖွေးဖွေးလှုပ်လို့....။ သူတစ်ခါ ကျွန်မအတွက်ယူလာခဲ့ဖူးတဲ့ သူကိုယ်တိုင်စိုက်ထားတဲ့ ယုဇနပန်းလေးတွေလောက်တော့ မမွှေးဘူးလို့ထင်တယ်...။ အဲတုန်းက ယုဇနပန်းလေးတွေက အရွက်လေးကိုချေလိုက်ရင် (Citric)သံပုရာနံ့လေးမွှေးနေတာ....။ သူပြန်သွားပြီး မအိပ်ခင်အထိ ကျွန်မတို့ ဖုန်းပြောကြပြီး နောက်နေ့ တစ်နေကုန်တစ်ယောက်ကို တစ်ယောက်ဖုန်းမဆက်ကြေးလို့ စိန်ခေါ်လိုက်ကြတယ်.... ။

ကျွန်မတို့နှစ်ယောက်ဆက်ဆံရေးက ခုရက်ပိုင်း ပိုရင်နှီးပြီး ပြောမနာဆိုမနာဖြစ်လာသလို နဲနဲတွယ်တာတတ်လာကြတယ်လို့ ခံစားမိတယ်....။ သုံးသပ်ကြည့်တော့ သူပြောသလိုပဲ ကျွန်မရဲ့ တစ်ခုခုအပေါ်ခံစားနစ်ဝင်မှုကို လျှော့ချလိုက်တာလဲပါတယ်...။ ကျွန်မကို ကလေးတစ်ယောက်လို သတ်မှတ်ပြီး  ဘေးနားကနေ တခါတခါ စိတ်လက်ရှည်စွာ ကြည့်မြင်သုံးသပ်ပေးတတ်လို့ ကျွန်မတို့ခုလို တစ်နေ့ထက်တစ်နေ့ ပိုနီးစပ်နားလည်တတ်လာတာလို့…..ကျွန်မမြင်မိတယ်....။ ကျေးဇူးတင်ပါတယ် ချစ်သူရေ...။ "ကိုယ်တို့နှစ်ယောက်ချစ်လို့ရသလောက် ချစ်ကြတာပေါ့လို့" သူပြောတတ်တဲ့အချိန်ဆို နားလည်ပြီးသားဖြစ်လျက်နဲ့ ကျွန်မက တိတ်တဆိတ်ဝမ်းနည်းတတ်လာတယ်...။ သူ့အချစ်နဲ့ အသက်ရှင်သန်ရတယ်လို့ ကျွန်မပြောရင် အပိုစကားတွေလို့ပြောမလား...။ သူသာ တစ်နေ့ ကျွန်မကိုထားသွားခဲ့ရင် ဒီကမ္ဘာကြီးကနေ ကျွန်မပျောက်ဆုံးသွားရလိမ့်မယ်လို့ စိတ်ကူးယဉ်ချင်ပေမယ့် တကယ့်လက်တွေ့မှာ ကျန်ရစ်ခဲ့သည်ဖြစ်စေ ထားသွားခဲ့သည်ဖြစ်စေ ဘဝက သေဆုံးမသွားပါဘူး ...။ တကယ်တော့ မရှိမဖြစ်လိုအပ်သော အချစ်ဟာ ဘဝရဲ့အစိပ်ပိုင်းသေးသေးလေးတစ်ခုပါပဲ...။ 

ညက သူ့ကိုမနှုတ်ဆက်လိုက်ရဘဲ ဘက်ထရီကုန်လို့ဖုန်းကျသွားခဲ့တယ်....။ အိပ်ပျော်သွားတော့ အိပ်မက်ထဲ ကျွန်မတို့ပြန်ဆုံကြတယ်....။ မနက်မိုးလင်းနိုးနိုးချင်းမှာပဲ ဒီနေ့ကျွန်မတို့ တစ်နေ့လုံး အဆက်သွယ် မလုပ်ဖို့ပြောထားတာကို တန်းသတိရပြီး သူ့ကို ချက်ချင်းစောစောစီးစီး အိပ်ရာထဲကနေ လွမ်းမိသွားတယ်....။ နေ့လည်ကျတော့ သူဆက်နေကျအချိန်မှာပဲ ဖုန်းဆက်လာခဲ့တယ်...။ ကျမကတော့ ကိုယ့်ဘာသာ စိတ်ရဲ့စမ်းသပ်ချက်တွေလုပ်ပြီး ကိုယ့်ဘာသာကျရှုံးလို့....။ သူကတော့ ကျွန်မရဲ့ ကလေးဆန်တဲ့ စမ်းသပ်မှုကို မသိဘာသာ လစ်လျူရှု ဆက်လာနေကျအချိန်မှာပဲ ဖုန်းခေါ်တယ်...။ ပြီးတော့ ကျွန်မကို သတိရလို့စကားပြောချင်တာကိုပဲ တခြားအကြောင်းပြချက်တွေနဲ့ ဝင်္ကဝုတ္တိအလင်္ကာနဲ့ လှလှပပဖုံးကွယ်တတ်သေးတာ...။ 

တကယ်တော့ ကျွန်မတို့က  မသိစိတ်ကနေ လွမ်းဆွတ်တမ်းတနေရသူအချင်းချင်းတွေပါလေ....။ 




__________________
Revolution will prevail
မိုးငွေ့


Monday, 12 August 2024

လိပ်ပြာဒိုင်ယာရီ.....(အဖြူရောင်ကော်ဖီည)

 



"တောင်ထိပ်ပန်းလမ်း" တဲ့....နာမည်လေးက ချစ်စရာလေး...။ 

ကျမကဖြင့် ဒီမြို့မှာနေလာတာ နှစ်ပရိစ္တေကြာနေပြီ ဒီလမ်းနာမည်ကို ခုမှကြားဖူးတာ...။ ကျမဆီကို သူရောက်မလာခင်ကတည်းက ကျမနဲ့အတူထိုင်ချင်တယ်ဆိုတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးဆီကို ဒုတိယအကြိမ်ပြန်ရောက်ကြတယ်...။ ကျမတို့နှစ်ယောက် ပထမဆုံးအချိန်လူခြင်းဆုံဖူးတုန်းက ထိုင်ခဲ့ဖူးတဲ့ "Black Sky" ကော်ဖီဆိုင်ကို နောက်တစ်ခေါက်ထပ်မသွားဖြစ်တော့ပေမယ့်... သူနဲ့ကျမ ကွဲကွာပြီး နှစ်တော်တော်ကြာမှ ပြန်ဆုံဖြစ်တဲ့ ဒီကော်ဖီဆိုင်လေးကိုတော့ ဒုတိယအကြိမ်ထိုင်ဖြစ်သွားတာဟာ ထူးခြားမှုတစ်ခုပါပဲ..။ ဟိုအရင် ကျမတို့နှစ်ယောက်အတူသွားထိုင်ဖူးခဲ့တဲ့ ကော်ဖီဆိုင်တွေတော်တော်များများ တစ်ခေါက်စီပဲထိုင်ဖြစ်ခဲ့တာ....။

ဒီတစ်ခေါက်ပြန်ဆုံတော့လဲကျမတို့ ပထမအခေါက်ထိုင်နေကျ သရက်ပင်အောက်မှာပဲ ရွေးထိုင်ဖြစ်ကြတယ်....။ ဘယ်နှစ်ခါဆုံဆုံ ကျမမျက်နှာကို ခပ်ကြာကြာစိုက်ငေးကြည့်တတ်တဲ့ သူ့အကြည့်တွေက အမြဲတောက်ပရွှန်းလဲ့နေတတ်တယ်..။ ပြီးတော့ ကျမကလဲ သူ့အကြည့်တွေအောက်မှာ မှိန်းမောကျရှုံးဆဲ မရိုးအီနိုင်အောင် ရိုလာခိုစတာစီးရမြဲပါပဲ...။ အဲလို ကြည့်ပြီးရင် ကျမပါးပြင်ကို လက်ညှိုးလေးကွေးပြီးလာပွတ်သပ်တဲ့အခါ သူ့လက်က စီးကရက်အနံ့က ကျမရဲ့ ယစ်မူးစိတ်ကို ဖိတ်ခေါ်လေ့ရှိတယ်...။ 

ဒီကော်ဖီဆိုင်လေးက မြို့ထဲနဲ့လည်းဝေးတော့ လူရှင်းတယ် အစားအသောက်အရမ်းကောင်းတဲ့ထဲမပါဘူး...။ တစ်ဆိုင်လုံး အဖြူရောင်တွေသုံးထားတာကို သူမရောက်ဖူးခင်ကတည်းက သဘောကျနေတာလေ ပြီးတော့ ညဖက် မီးရောင်အောက်မှာ စွဲဆောင်မှုတစ်ခုလိုဖြစ်နေတာပေါ့....။ ကျမက ကော်ဖီတစ်ခွက် တရုတ်ထမင်းကြော် ကြက်သားတုံးကြော် နဲ့ သူက France fried နဲ့ ဘီယာအေးအေးတစ်ခွက် မှာတယ်...။ ကြက်သားကြော်က တော်တော်ငံလို့ ကျမက စားပွဲထိုးကိုခေါ်ပြီး Complain တက်နေတဲ့အချိန်မှာ သူက Toilet သွားပြီး စားပွဲဝိုင်းဆီပြန်လာအထိုင်မှာနဲ့ဆုံတယ်...။ အဲချိန်ကစပြီး သူကျမကိုစကားမပြောတော့ဘဲ ဘီယာချည်းလိမ့်သောက်လိုက် စီးကရက်တွေဖွာလိုက်နဲ့လုပ်နေတယ်...။ တခုခုတော့မှားနေပြီဆိုတာ ရိပ်မိပေမယ့် ကျမ မသိချင်ယောင်ဆောင်ပြီး စားစရာရှိတာ ဆက်စားနေလိုက်သေးတယ်..။ ခနကြာတော့ သူက ကျမကို ဖုန်းနံပါတ်တစ်ခုရှာခိုင်းတယ် တစ်နေ့က သူ့သူငယ်ချင်းတစ်ယောက် ကျမဖုန်းကိုခေါ်လာဖူးတဲ့ နံပါတ်ပေးတဲ့ သူဒီကပြန်ရင် အဲသူငယ်ချင်းဆီသွားမယ်ပေါ့...။ သူစိတ်ကောက်နေတဲ့ပုံက ရီချင်စရာလေး.....။ ကျမတို့တွဲလာဖူးတဲ့ ကာလပတ်လုံး သူကျမကို ဒီလိုပုံစံမျိုးတစ်ခါမှ စိတ်မကောက် စိတ်မဆိုးခဲ့ဖူးဘူး ကျမကသာ သူ့အပေါ်ဆိုး စိတ်ကောက်ဖူးတာပဲရှိခဲ့တာ...။ သူ့ကို ကြက်သားကြော်အရမ်းငံလို့ စားဖိုမှူးကို Complain တင်ထားတဲ့အကြောင်းရှင်းပြတော့မှ သူ့မျက်နှာပြုံးလာတယ်...။ 

" မင်း ကိုယ့်ကို စောစောကတည်းက ရှင်းမပြဘူး ကြည့်စမ်း ကိုယ်က မင်းကို တကယ်စိတ်တွေဆိုးပြီး မလုပ်သင့်တာ လုပ်မိတော့မှာ မင်းကို ကိုယ်ဒီဆိုင်မှာတစ်ယောက်ထဲထားခဲ့ပြီး ထွက်သွားတော့မလို့" တဲ့...။  

အဲတော့ သူမရှိတဲ့အချိန် စားပွဲထိုးကိုဘာခေါ်ပြောစရာရှိလဲဆိုပြီး ကျမကို သဝန်တို စိတ်ကောက်နေတာ...။ 

"ထားခဲ့ပေါ့ ကျမ ကိုယ့်ဘာသာအိမ်ပြန်တတ်တာပဲလေ..."

"နိုး နိုး ဘေဘီ နောက်ဆို ကိုယ်ကို အဲလို မသိချင်ယောင်ဆောင်မထားနဲ့ ကြားလား ကိုယ့်စိတ်ကို ကိုယ်သိသလို မင်းလည်းသိနေတာပဲဟာ..."

သူပြုံးနိုင်တော့မှ သူ့ကို စားပွဲဝိုင်းမှာ ခနထားခဲ့ပြီး ကျမက ကော်ဖီဆိုင်လေးဘေးမှာ တွဲဖွင့်ထားတဲ့ ဖန်စီဆိုင်လေးထဲကို သွားစပ်စုလိုက်တယ်...။ ခေတ်မှီဒီဇိုင်း အဝတ်အစား ဦးထုပ် ဖိနပ် အိတ်တွေနဲ့ ဖန်စီဆွဲကြိုး နားကပ် စတာတွေအစုံတင်ထားတာတွေ့ရတယ်...။ အဲမှာ ကျမသဘောကျတဲ့ အနီရောင်သိုင်းကြိုးပါတဲ့ လေးလက်မလောက်မြင့်တဲ့ဖိနပ်တစ်ရံကိုတွေ့တော့ ယူစီးကြည့်လိုက်တယ်...။ ဖိနပ်လေးစီးပြီးတော့ ငါးပေသုံးလက်မပဲရှိတဲ့ ကျမအရပ် တော်တော်မြင့်သွားတယ်...။ ကျမနည်းနည်းကြာသွားလို့ သူဆိုင်ထဲလိုက်ဝင်လာတော့ ကျမက ဒေါက်ဖိနပ်စီးလျက်သားလေး... သူကျမရှေ့လာရပ်လိုက်တော့ ကျမနဖူးက သူ့နှုတ်ခမ်းနားပဲရှိနေသေး....။

"မိုက်တာရော.... မင်းနဲ့လိုက်တယ် အဲဖိနပ်လေးယူလိုက် ကိုယ်ဝယ်ပေးမယ်"

"အမှန်တိုင်းဝန်ခံရရင် ကိုယ်က အရပ်မြင့်တဲ့မိန်းကလေးတွေကို အရမ်းသဘောကျတာ" သူ့စကားလည်းဆုံးရော ကျမ စီးထားတဲ့ဖိနပ်ကို ချွတ်ပြီး ပြန်ပေးလိုက်တယ်...။

"ဘာလို့ပြန်ပေးလိုက်လည်း မကြိုက်ဘူးလား..."

"ဟင့်အင်း မယူတော့ဘူး Error တစ်ခုတွေ့လိုက်လို့" လို့ ခပ်တည်တည်နဲ့သူ့ကိုပြောလိုက်ပြီး အနီရောင် ပုတီးလုံးတွေနဲ့သီထားတဲ့ ဆွဲကြိုးတစ်ကုံးပဲယူလိုက်တယ်...။ ဆိုင်ထဲကပြန်ထွက်တော့ သူကကျမနဲ့ယှဉ်လျက် ပခုံးလာဖက်ပြီး " ဂျပုမလေး " လို့ သူ့ကိုမကြည်မှန်းသိသိနဲ့ စလိုက်သေး .... ။




အဲဒီတုန်းက မိုးရာသီလို့ ကျမမှတ်မိတယ် မိုးတွေရွာလို့ ကျမတို့ထိုင်တဲ့ဝိုင်းကို ထီးအကြီးတစ်ခုမိုးပေးထားတယ်...။ 

ဒါပေမယ့် အဲညနေကတော့ မိုးမရွာခဲ့ပါဘူး.....

ကောင်းကင်မှာတော့ တိမ်တချို့ အုပ်ဆိုင်းနေခဲ့လိမ့်မယ်ထင်တယ်...။ 


__________________
Revolution will prevail
မိုးငွေ့