အဲဒီနေ့တုန်းက လင်း ကျွန်မကို စာအုပ်ပြပွဲသွားဖို့ သူကိုယ်တိုင်ကားမောင်းပြီး လာခေါ်ခဲ့တယ်....။ ရန်ကုန်တက္ကသိုလ် စိန်ရတုန်ဝင်းထဲမှာ လုပ်တဲ့ စာအုပ်ပြပွဲလေးတစ်ခုပါ....။ စာအုပ်ပြပွဲမှာ သင်တန်းအတွက် အထောက်အကူပြုမယ့် အဘိဓာန်စာအုပ်သွားရှာချင်လို့တဲ့....။ စာအုပ်ပြပွဲပြီးတော့ ကျွန်မတို့ ကန်တော်ကြီးပဲလေ့စ် (ခုတော့အဲဟိုတယ်က မီးလောင်ပြီးပိတ်ထားလိုက်ပြီ) မြေေအာက်ထပ်အခန်းမှာရှိတဲ့ Hot Shot ဆိုတဲ့ club မှာ နေ့လည် နှစ်နှစ်ရီလောက်မှလုပ်တဲ့ Tea Party (အခုခေတ်အခေါ်တော့ Day Club) ရှိလို့ရောက်သွားခဲ့ကြတယ်....။ အဲလိုပါတီမျိုးကဘာလဲ ကျွန်မမသိဘူး အရင်ကလည်းတစ်ခါမှမရောက်ဖူးဘူး....။ အဲဒီရောက်တော့ လင်းက လက်မှတ်နှစ်စောင်ဝယ်ပြီး ဝင်သွားကြတယ်....။ အဲဒီနေ့က ညီညီတာ(Star Agency က Model)လုပ်တဲ့ပွဲတဲ့.....။ အဲခေတ်က ငွေအားတတ်နိုင်တဲ့သူတွေ အဲလိုပွဲမျိုးတွေလုပ် လက်မှတ်ရောင်း Entertainment နဲ့စီးပွားရှာတာ ခေတ်စားတဲ့အချိန်ပေါ့...။ အဲဒီ တီးပါတီမှာ ကိုမျိုးကျော့ရဲ့ Unplugged ပါတယ်....။ OMG!!! ကျွန်မ အကြိုက်ဆုံးအဆိုတော်လေ...။ အထဲရောက်တော့ မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ ကိုမျိုးကျော့က "မယ်မဒီလေးလားမှားမိတယ်" ကို ဟောလိုဂီတာလေးနဲ့တီးပြီး ဆိုနေတာ...။ အကဝိုင်းထဲမှာ ကနေတဲ့သူတွေလည်း ရှိကြတယ်...။ လင်းက ကျွန်မကို အကကြမ်းပြင်ပေါ်ခေါ်သွားတယ်....။ ကျွန်မမှ မကတတ်တာကို သူကတာပဲဘေးနားကရပ်ကြည့်ရင်း ကိုမျိုးကျော့သီချင်းကိုနားထောင်နေလိုက်တယ်...။ လင်းက သူ့ရဲ့ ရှည်ကိုင်းကိုင်းအရပ်နဲ့ သီချင်းသံစဉ်အလိုက် ယိမ်းထိုးစီးမျောနေတယ်....။
ကျွန်မနဲ့လင်းနဲ့ခင်ခဲ့ကြတာ နှစ်နှစ်နီးပါရှိပြီ....ထူးထူးဆန်းဆန်း ဒီနေ့ သူ့ကောင်မလေးမပါဘဲ ကျွန်မကိုလာခေါ်ပြီး ဘာမပြောညာမပြောနဲ့ သူသွားချင်တဲ့ နေရာတွေခေါ်သွားပြီး အိမ်ပြန်ပို့ခဲ့တယ်....။ ညရှစ်နာရီလောက်ကျတော့ လင်းမေမေဆီက ဖုန်းလာခဲ့တယ်....။ လင်းမိန်းမခိုးပြေးသွားလို့တဲ့.....။ ဘုရားရေ... နေ့လည်တုန်းကမှာ ကျွန်မနဲ့အတူလျှောက်သွားနေတဲ့ကောင်က သူမိန်းမခိုးဖို့အစီစဉ်တောင် တစ်ခွန်းမှမဟခဲ့ပါဘူး....။ ခါတိုင်းဆို သူ့ကောင်မလေးနဲ့ ဘယ်လို ဘယ်ဝှာစကားများကြတဲ့အကြောင်း ညဖက်ဆို ဖုန်းဆက်ပြီး နာညည်းပြနေကျပါ...။ အေးလေး ခုကိစ္စကျတော့ ကျွန်မသိရင် သူ့အိမ်ကသိမှာစိုးလို့ထင်ပါ့.....။ အန်တီက စိတ်ပူလို့ လင်းဆီက အဆက်သွယ်ရရင် သူ့ဆီဖုန်းဆက်ပေးဖို့မှာသွားတယ်....။ တကယ်ဆို လင်းက အိမ်ထောင်ပြုဖို့ တော်တော်ကိုစောလွန်းပါသေးတယ်....။ ခုမှ ၁၈နှစ်တောင်ပြည့်သေးရဲ့လားမသိ လင်းတော်တော်ငယ်သေးတယ်ဆိုတာတော့ သိတယ်....။ အဲတုန်းက ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေရတဲ့အချိန်....။ ဘယ်မိဘမဆို နှမြေသတမှာ စိတ်ပူကြမှာပဲလေ...။ လင်းနဲ့ကျွန်မက သူငယ်ချင်းဖြစ်မယ့်သာဖြစ်လာကြတာ လင်းက ကျွန်မနဲ့ ငါးနှစ်လောက်ငယ်သေးတယ်...။ ကျွန်မတို့ အင်္ဂလိပ်စာသင်တန်းမှာ စတွေ့တုန်းကအချိန်ကို မှတ်မိပါသေးတယ်....။ လင်းတို့က သူငယ်ချင်းငါးယောက် ပြိုင်တူသင်တန်းလာအပ်ကြတာ....။ ကျွန်မတို့ ဆရာကြီးက စာရေးဆရာလူထုဦးစိန်ဝင်းပါ ခုတော့ ကွယ်လွန်သွားပါပြီ....။ ဆရာကြီးက သူ့ဆီ အင်္ဂလိပ်စာသင်တန်းလာတက်တဲ့ သူအားလုံးကို အင်္ဂလိပ်နာမည်တွေအကုန်ပေးထားတာ...။ လင်းရဲ့ နာမည်ထဲမှာ "လင်း"ပါလို့ အင်္ဂလိပ်လို Linus လို့ ခေါ်စေခဲ့တယ်...။ ကျွန်မတို့က လင်းလို့ အဖျားဆွတ်ခေါ်ကြတာ....။ အခုခိုးပြေးတဲ့ ကောင်မလေးက လင်းတို့နဲ့ မရှေးမနှောင်းကမှ သင်တန်းလာအပ်သွားကြတယ် ကောင်မလေးသုံးယောက်အုပ်စုက လင်းနဲ့ ရွယ်တူကောင်မလေး....။
ကျွန်မက အဲတုန်းက တက္ကသိုလ် ပထမနှစ်စတက်နေပြီ....။ ဒါပေမယ့် လင်းတို့အဖွဲ့က ကျွန်မကို သူတို့နဲ့ရွယ်တူဆယ်တန်းအောင်ခါစ ကောင်မလေးတစ်ယောက်လို့ထင်ပြီးကျွန်မကို နင်နဲ့ငါနဲ့ပဲ စကားပြောကြတယ်....။ ဒါကပြဿနာမဟုတ်ဘူး အိုကေပါတယ်....။ ကျွန်မတို့ သင်တန်းမှာ လင်းတကယ်စပြီး ချစ်ကြိုက်ခဲ့တာက လင်းထက်သုံးနှစ်ပိုကြီးတဲ့ မြန်မာဆန်ဆန် ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ကောင်မလေးတစ်ယောက်ကိုပါ....။ ကျွန်မနဲ့လဲ သိပ်ခင်တဲ့သူငယ်ချင်းလေးပါ....။ သင်တန်းပြီးချိန်ဆို ဟိုဖက်တစ်လမ်းမှာရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်မှာ သူငယ်ချင်းတွေတစ်ဖွဲ့ကြီး သွားထိုင်စားတတ်ကြတယ် ....။ ပြီးရင် BC (အင်္ဂလိပ်သံရုံး)က စာကြည့်တိုက်မှာ စာအုပ်သွားဖတ်ကြ ငှားကြတယ်....။ ကျွန်မတို့ ဆရာကြီးဆီမှာ သင်တန်းအပ်ပြီးတာနဲ့အဲစာကြည့်တိုက်မှာ အသင်းဝင်ကပ်လုပ်ထားကြတာလေ...။ စာကြည့်တိုက်ကလဲ ကမ်းနားလမ်း(Strand Road) သင်တန်းရဲ့လမ်းထိပ်မှာတင်ရှိတာ....။ အဲတုန်းက ကျောင်းသားဘဝက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးပဲ....ဘာအပူပင်မှသိပ်မရှိ အဲလိုချိန်မျိုး ပြန်မရနိုင်တော့ဘူး....။ သူငယ်ချင်းကလဲများတော့ မွေးနေ့ဆိုတာလဲ လတိုင်းလိုလိုရှိတယ်....။ သူကြာသူ့မွေးနေ့မို့လို့ Feel(အဲခေတ်က Feel ဆိုတာ ဘိုစာတွေစားချင်ရင်သွားကြတဲ့ဆိုင်ကိုး) မှာသွားကျွေးမယ် Burger King(လမ်းမတော် ကိုင်းတန်းလမ်းထဲမှာဖွင့်သွားဖူးခဲ့တယ်) မှာသွားစားမယ် တချို့ကျတော့ အိမ်မှာ မုန့်ဝိုင်းလုပ်ပြီး စုစားကြမယ် စသဖြင့်ပေါ့....။ အင်းလျားကန်ဘောင်ဆိုလည်းသွားကြတယ် ပျော်တပါးကြီးပဲ....။ ဒါပေမယ့် လင်းနဲ့သူ့မမကလည်း နောက်ပိုင်း ပြဿနာတွေခဏခဏတက်ကြတယ်....။ လင်းက အရမ်းသဝန်တိုတတ်တာလေ မမ ဘယ်သူနဲ့စကားပြောပြော ပေးစားနေတတ်တော့တာ....။ သူတို့တွဲတာ တစ်နှစ်ကျော်ပဲရှိမယ်ထင်တယ် ပြတ်သွားကြရော....။
နောက်တော့ လင်းက သူတို့အဖွဲ့ထဲက ကောင်မလေးနဲ့ ရည်းစားဖြစ်သွားကြတယ်...။ ပြောမယ့်သာပြောတာ ဒီကောင်အတော်တော့စွံသား အပြောအဆိုက ဂျစ်တူးတူးနဲ့ ကလေးဆန်တယ်....။ လင်းက အရပ်မြင့်တယ် ခြောက်ပေနဲ့တစ်လက်မ နှစ်လက်မလောက်ရှိမယ်....ဆံပင်ခွေခွေ မျက်နှာသွယ်ရှည်ရှည်နဲ့ လမ်းလျှောက်ရင် နဲနဲကိုင်းချင်နေသေးတယ်....။ ပြုံးလက်ရင် ပါးနှစ်ဖက်စလုံးမှာ ပါးချိုင့်လေးတွေပါတယ်....။ သွားလေးတွေ ညီညီညာညာရှိတယ်....။ ဒါကြောင့် ကောင်မလေးတွေခိုက်တာနေမှာ....။ လင်းတို့က မောင်နှမနှစ်ယောက်ပဲရှိတာ လင်းအစ်မကချစ်စရာလေး ချောလည်းချောတယ်....။ နည်းနည်းထူးဆန်းတာလေးပြောပြချင်တယ်....။ ကျွန်မဘဝတစ်လျှောက်မှာ ရန်ကုန်စရောက်လာကတည်းက ခင်မင်ရတဲ့ သူငယ်ချင်းအားလုံးလိုလို မောင်နှမနှစ်ယောက် နှစ်ယောက်ဖြစ်နေကြတာများတယ်....။ အကြီးက မိန်းကလေး အငယ်က မောင်လေး အဲလို မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်တာတော်တော်လေး အံ့ဩဖို့ကောင်းတယ်....။ လင်းမေမေက အစိုးရရုံးမှာအလုပ်လုပ်တာ လင်းတို့က ဖိုးစိန်လမ်းထဲက တိုက်ခန်းမှာနေကြတယ်....။ လင်းမှာ အမေပဲရှိတာ အဖေမရှိတော့ဘူး....။ လင်းတို့ မိသားစုနဲ့က အပြင်မှာ သိပ်မမြင်ဖူးပေမယ့် ဖုန်းထဲမှာတော့ ခင်နေကြတာပါ....။ ခုတော့... လင်းမေမေတော့ သူ့သားအတွက် သောကတွေဘယ်လောက်တောင်ရောက်နေမလဲ....။ လင်းဖုန်းကိုပဲစောင့်နေကြရတာ....။ အငယ်ဆုံးကလည်းဖြစ် အသက်လဲငယ်သေးတော့ ပိုဆိုးတာပေါ့....။ လင်းတို့ ဘယ်ကို ခိုးပြေးကြတယ်ဆိုတဲ့သတင်း မရပါဘူး....။ ကျွန်မဆီကို သူဖုန်းလုံးဝမဆက်ဘူးလေ သူ့မေမေဆီပြန်ရောက်မယ်ဆိုတာ သိနေတာကိုး....။ နောက်နေ့ကျတော့ အန်တီက ကျွန်မဆီဖုန်းပြန်ဆက်လာတယ် လင်းတို့နဲ့အဆက်အသွယ်ရပြီတဲ့ (....)မြို့ကို ရောက်နေကြတာတဲ့....။ ပြန်လာဖို့ပြောထားတယ်တဲ့....။ ခိုးပြေးပြီးပြီဆိုတော့လဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်းကိုမိန်းမပေးစားရတော့မှာလေ သူလဲ ဘယ်လိုစိတ်ကောင်းပါ့မလဲ....ကျွန်မလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပဲနားထောင်ပေးရတာပေါ့....။ ကိုယ်ကလည်းငယ်သေးတော့ လူကြီးတစ်ယောက်ကို ဘယ်လိုအားပေးစကားပြောရမလဲ နားမလည်သေးဘူးလေ....။ လင်းတို့ ပဲခူးကလပ်နားက စကားဝါလမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ မင်္ဂလာဆွမ်းကျွေးကြတယ်....။ ကောင်မလေးတိုက်ခန်းမှာပဲ ပြန်ပြီး ဗီဒီယိုမှတ်တမ်းတွေရိုက်ကြ ကြိုးတားကြ လက်ဖွဲ့တွေဖေါက်ကြနဲ့ သူငယ်ချင်းတွေ တစ်ဖွဲ့လုံး စည်ကားပျော်ပါး ဆူညံနေကြတာ....။ အဲဒီနောက် လင်းနဲ့သိပ်အဆက်အသွယ်မလုပ်ဖြစ်တော့ဘူး လင်းအမျိုးသမီးလေးက ကျွန်မတို့နဲ့အပေါင်းသင်းလုပ်တာ သိပ်ကြိုက်ပုံမပေါ်ဘူး.... လင်းကို သိပ်သဝန်တိုဆိုပဲ....ကောင်းတယ် အဲကောင်ဝဋ်လည်တာ....။
နောက်တော့ ကျောင်းတွေဖွင့်တာနဲ့ တက္ကသိုလ်တွေစတက်ရတော့ သင်တန်းဖက်လည်း သိပ်မရောက်ကြတော့ဘူး....။ နောက်တစ်နှစ် နှစ်နှစ်လောက်မှာပဲ လင်းတို့ လင်မယားအင်္ဂလန်ကို ထွက်သွားကြတယ်လို့သိရတယ်....။ အဲကစပြီးလင်းနဲ့လုံးဝအဆက်သွယ်ပြတ်သွားကြတာ ဒီနေ့ထိပဲဆိုပါတော့....။ ကျွန်မဖေ့ဘုတ်သုံးနေတုန်းက လင်းအမျိုးသမီးနဲ့ အမှတ်မထင် ပြန်တွေ့ပြီး စကားပြောဖြစ်ခဲ့ကြသေးတယ်....။ မြန်မာပြည်ခဏပြန်ရောက်နေတာတဲ့ လင်းနဲ့သူ သမီးလေးတစ်ယောက်ရထားတာ ခုသုံးနှစ်ရှိပြီတဲ့ကလေးလေးက...။ လင်းရော ဖေ့ဘုတ်မသုံးဘူးလားမေးတော့ မသုံးဘူးဆိုတာနဲ့ လင်းနဲ့ပတ်သက်ပြီး တခြားအဆက်အသွယ်လဲ မမေးမိတော့....။ လင်းပုံတွေကိုကြည့်ချင်တယ်ပြောတော့ သူ့ဖေ့ဘုတ်ဖိုတိုအယ်ဘမ်မှာရှိတယ်ဆိုလို့သွားကြည့်တာ ဒီကောင် နိုင်ငံခြားသားကြီးကျနေတာပဲ ဝလာပြီးအရပ်ရှည်တော့ အကောင်ထွားထွားကြီးဖြစ်နေတာ....။ ခုတော့ ရင့်ကျက်တဲ့ ကလေးအဖေတစ်ယောက်ဖြစ်နေပြီပေါ့....။ ကျွန်မတို့ စခင်တုန်းက လင်းက ပိန်းသေးသေး ဆယ်တန်းအောင်ခါစကောင်လေးရှိသေးတာကိုး....။ ခုလက်ရှိ လင်းသမီးလေးက အပျိုပေါက်လေးဖြစ်နေပြီ ကျွန်မ လင်းအမျိုးသမီးရဲ့ Instagram မှာ ဝင်ကြည့်လိုက်တာ....။
ကျွန်မရေးခဲ့တဲ့ တခါတုန်းကတက္ကသိုလ်ပို့စ်တွေထဲက ဒီပို့စ်လေးက ကျွန်မရဲ့ဖေးဘရိတ်မို့ ခုနောက်ပိုင်းစာလာဖတ်တဲ့ မဖတ်ဖူးကြသူများရော ပြန်ဖတ်ချင်သူများအတွက်ပါ ဇူလိုင်လ(၃၀)မှာကျရောက်မယ့် Friendship Day's အတွက်အမှတ်တရပြန်တင်ပေးလိုက်ပါတယ်....။