Saturday, 7 March 2020

Hanoi, Halong Bay




2017 တုန်းက Tango Travel နဲ့ ဗီယက်နမ်တောင်ပိုင်း ဟိုချီမင်း(ခေါ်)ဆိုင်ဂွန်မြို့နဲ့ အထက်ပိုင်း ဒါးလက်ထိတစ်ခေါက်လည်ခဲ့ဖူးပြီးကတည်းက နောက်တစ်နှစ်ကျမြောက်ဖက်လည်းသွားဦးမယ်လို့မှန်းထားခဲ့တာ ခု 2020 မှထပ်သွားဖြစ်တယ်.....။ ကြားထဲနှစ်နှစ်လုံးက ဘန်ကောက်နဲ့ ပြည်တွင်း ခရီးတွေပဲထွက်ဖြစ်ခဲ့တယ်....။ ခုတစ်ခါတော့ ၁.၂.၂၀၂၀မှာ ညီမလေးမင်္ဂလာဆောင်ပြီး ဟိုဖက်ဒီဖက်မိသားစုတွေ အကုန်လုံး အိမ်သော့ပိတ်ပြီး ဟန်းနီးမွန်းလိုက်ထွက်ကြတာ ဗီယက်နမ် ဟနွိုင်း-ဟလောင်းဘေး-ဒါနန်း ခရီးစဉ်ကိုပါ...။  ကျွန်မတို့ဖက်က အမေနဲ့ ကျွန်မတို့မောင်နှမတွေရယ် အမွှာအဒေါ်နှစ်ယောက်နဲ့ ညီမလေးအမျိုးသားဖက်က သူ့အဖေအမေနဲ့ သတိုးသားညီလေးရယ် အဲကလေးရဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရယ် စုစုပေါင်း ၁၂ယောက် နဲ့ တခြား ခရီးသွားဖော်တွေနဲ့ ဂိုက်နဲ့ဆိုအားလုံး ၃၃ ယောက် Veit Jet နဲ့သွားကြတယ်... ပျော်စရာကြီး...။



 ခရီးသွားငါးယောက်မဟုတ်ဘူး ခရးသွား ၃၃ယောက်ပေါ့ 
လူမရေကြည့်နဲ့နော် ၃၃ယောက်မပြည့်ဘူးမစုံသေးလို့






ဖေဖော်ဝါရီ ၈ရက်ညလေယာဉ်နဲ့ ရန်ကုန်ကနေ ၆နာရီခွဲထွက်တာ ဟနွိုင်း Naibai လေဆိပ်ကို ည ၉နာရီခွဲဆိုက်တယ်....။ ညစာက သူတို့မကျွေးတော့ ရန်ကုန်လေဆိပ်မှာကတည်းက KFC ကြက်ကြော်နဲ့ ထမင်းဝယ်သွားတယ်....။ ဟိုဖက်လေဆိပ်ဆိုက်တော့ ပစ္စည်းရွေး ငွေလဲ ဖုန်းကဒ်ဝယ်တာနဲ့ဟိုတယ်ရောက်တော့ ညသန်းခေါင်ဖြစ်နေပြီ...။ အဲမှာ ဗိုက်ဆာဆာနဲ့ ဟိုတယ်ဘေးက ခေါက်ဆွဲဆိုင်မှာ Pho ခေါက်ဆွဲနဲ့ ထမင်းကြော်တွေမှာစားကြတဲ့သူကမှာ ထမင်းနဲ့ ကြက်ကြော်စားတဲ့သူကစားပေါ့....။

အမှန်တော့ day 1 ဆိုတာ ညလေယာဉ်စီးပြီး ဟနွိုင်းမှာ အိပ်တာနဲ့ ကုန်သွားပြီ ....။ day 2 ကတော့ ဟလောင်းဘေးကို သွားဖို့ ဟိုတယ်ကနေ မနက်စာစားပြီး ၈နာရီမှာကားစထွက်တယ် ၄နာရီလောက်မောင်းရတယ် လမ်းမှာ အပေါ့အပါး အညောင်းအညာဖြေဖို့ နှစ်နေရာငါးရပ်နားပေးတယ် မွေးပုလဲလုပ်တဲ့နေရာနဲ့ ဒေသအစားအစာတွေ အသုံးအဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်တွေပါ....။ ဒေါ်လာတစ်ရာကို ဒေါင်ငွေ ၂၃သိန်းရတယ်....။ အဲမုန့်ဆိုင်မှာ ဒူးရင်းသီးပဲမုန့်တွေ ပိန္နဲသီးမုန့်တွေ ကော်ဖီတွေ ကြာစေ့လှော်တွေနဲ့ ချောကလက်တွေ ဝယ်လိုက်တာ ၂၅သိန်းကျော်ကုန်တယ် ....။ ကျွန်မက ရန်ကုန်မှာကတည်းက ဒေါင်သိန်းတစ်ရာဖိုးလဲသွားတာ ငွေဈေးကျတော့ ရှုံးလိုက်သေးတယ်.... ထားပါတော့.....။









သူတို့ကလူလည်လို့ပြောရမလား ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ပဲပြောရမလား ဟလောင်းဘေး သင်္ဘောကြီးရှိရာဆီကိုသွားဖို့ စက်လှေစီးတော့ ရေသန့်ဗူးတွေသယ်လို့မရဘူးဆိုပြီး အမှိုက်ပုံးထဲ အကုန်ပစ်ခဲ့လိုက်ရတယ်...။ သူတို့ပင်လယ်ထဲ ပလပ်စတစ်ဗူးတွေ အမှိုက်တွေပစ်ချမှာစိုးလို့တဲ့ သင်္ဘောပေါ်ကျ ရေရောင်းစားတယ်လေ ဖန်ပုလင်းတစ်လုံး ဈေးကြီးပေးသောက်ရတယ်ပေါ့...။ ကျွန်မတို့ကတော့ သင်္ဘောအိပ်ခန်းထဲက ရေခရားနဲ့ သူတို့ရေသန့်ဗူးကြီးထားတဲ့နေရာမှာ ရေသွားဖြည့်ပြီးသောက်ရတယ်...။






အဲဒီဟလောင်းဘေးထဲမှာ ကျွန်းစုလေးတေွ အခုနှစ်ထောင်လောက်ရှိတယ်တဲ့....။ ကျောက်ဆောင်အစုအစုတွေက လက်ညိှုးညွှန်ရာမလွဲ....။ အရမ်းလည်းလှတယ် ဆောင်းရာသီမို့ မိုးအုံ့တာ ပြန်တဲ့အထိ နေမမြင်ရ...။ အရင်ကဆို အဲလို မိုးအုံ့တဲ့အချိန်မှာရှိတဲ့ လွမ်းမောစရာမီးခိုးရောင်တွေကို သိပ်မက်မောတာ ခုတော့ အဲလောက်မဟုတ်တော့.......။ 










ကျွန်မတို့ညအိပ်တဲ့ သင်္ဘောကြီးနာမည်က Star Light  ကြယ်ငါးပွင့်ဟိုတယ်အဆင့်လို့တော့ပြောတာပဲ 
အိပ်ခန်းလေးက ချစ်စရာလေးပါ ရေချိုးကန်ထဲ ရေပွက်ပါပါသေးတယ် ကန်ကရေစိမ့်တာနဲ့ စိမ်မချိုးလိုက်ရပါဘူး....။  


ကျွန်မတို့ညအိပ်တည်းခိုရတဲ့ သုံးထပ်သင်္ဘော






သင်္ဘောအပေါ်ဆုံးမှာ ဂေါက်ကွင်းရှိတယ် ခုံလေးမှာ လေညှင်းခံလို့ရတယ် 
လေကအရမ်းအေးတော့ လေညှင်းခံရင်အအေးပတ်သွားနိုင်တယ်....



ရေချိုးကန်ပြူတင်းဘောင်လဲမနေရ မိုက်တယ်မဟုတ်လား 



တိုက်တားနစ်တွေဘာတွေလုပ်မယ့်အဖော်မရှိတော့ တစ်ယောက်ထဲ သင်္ဘောဦးမှာ
တက်ထိုင်ရိုက်လိုက်တယ် မိုက်တယ်ဟုတ်...
ခရီးသွားဖက် CW ဆိုင်က Espadrilles ဖိနပ်လေးကတော့  အကြမ်းခံ






ဗီယက်နမ်သွေးတစ်ဝက်ပါသော မြန်မာ-ဗီယက်နမ် အာဂျီးမားပေါ့ 



သင်္ဘောပေါ်ညအိပ်ပြီး‌ နောက်နေ့မနက်ကို ကျွန်းတစ်ခုဆီသွားကြတယ် စက်လှေနဲ့



စကောဝိုင်းလှေတော့မဟုတ်ဘူး ခပ်ဆင်ဆင်ပဲ သူကလေးတောင့် 
သစ်သားနဲ့လုပ်ထားတဲ့ တက်နဲ့လှော်ရတဲ့လှေ



ကယက်လှေလေးတွေလှော်ချင်လည်းရတယ် နှစ်ယောက်တစ်တွဲ သက်ကယ်အင်္ကျီတော့ဝတ်ရမယ်...



ကိုယ်တွေက ဒီလှေပဲစီးတယ် ကောင်ကလေးတွေကတော့ လှေလှော်ပေါ့



ကျောက်ဆောင်နှစ်ခုဆက်ထားတဲ့နေရာကလှတယ်



အဲဒီကျွန်းနားလေးက လိပ်နဲ့တူတဲ့ ကျွန်းစုတစ်ခု



ဂူရှိတဲ့ကျွန်းဆီကနေ ဟိုဖက်ကိုလှမ်းရိုက်ထားတဲ့ပုံ











အသက်ရှူကျပ်မှာစိုးလို့ အထဲသိပ်မဝင်ကြည့်တော့ဘူး



ရေလည်ခေါင်ကျွန်းပေါ်က ဂူဆိုပေမယ့် မီးတွေကတော့ ထိန်ထိန်လင်း




ဂူထဲဝင်တဲ့သူတွေကိုအပြင်မှာ ညီအစ်မနှစ်ယောက်စောင့်ရင်း selfies ဆွဲ  
ကျွန်မရေးခဲ့ဖူးတဲ့ "ညီမလေး" ပို့စ်ထဲက ကျွန်မနဲ့ ကိုးနှစ်ငယ်တဲ့ ညီမအငယ်ဆုံး 
ခုသူ့ ဟန်းနီးမွန်းကို ကိုယ်တွေက တပြုံတမကြီး ကပ်လိုက်လာကြတာ 



ရေတွေကြည်နေတာပဲ ရေကစားဖို့ ရေငုပ်ဖို့မစဉ်းစားနဲ့ အေးလွန်းလို့တုန်














အဲကျွန်းပေါ်မှာလည်း ကယက်လေးတွေအများကြီး



ဂူပေါ်ကနေကမ်းကိုအဆင်းလမ်းမှာအသည်းပုံသစ်ရွက်လေးတွေ့လို့



 ခရီးသွား ၃၃ယောက်


ဒီ ၃၃ယောက်မှာ အဖွဲ့လေးဖွဲ့ပါတယ် အန်တီကြီးတွေသူငယ်ချင်း ၇ယောက် ကျွန်မတို့ မိသားစုနှစ်စုက ၁၂ယောက် မန္တလေးက ၄ယောက် မိုင်းဆတ်က ရှမ်းအဖွဲ့က ၄ယောက် ကျိုင်းတုံက ဆရာဝန်မိသားစုက ၅ယောက် Tango ကဂိုက်လုပ်ပေးတဲ့ ကိုဝေယံက ၁ယောက်....။



အိမ်မှာအမေအမြဲလုပ်ကျွေးတဲ့ပဲပြားခရမ်းချဉ်သီးနှပ် ခုမှဗီယက်နမ်ဟင်းမှန်းသိတယ်



 ပြည်ကြီးငါးငရုပ်ပွ



ညစာမစားခင် ဟင်းချက်သင်တန်းလေးတစ်နာရီပါတယ်ဆိုတာ ဗီယက်နမ်ကော်ပြန့်လိတ်နည်းပါ အဖိုးတို့နည်းနဲ့တူတူပဲ အဖိုးကလည်းမြောက်ပိုင်းသားပဲ ကိုယ်တွေက အိမ်မှာလိတ်နေကျဆိုတော့ အများကြီးလိတ်လိုက်ရတယ် စားဖိုမှုးက လိတ်တတ်တဲ့သူပဲခိုင်းတာဆိုတော့



ဂဏန်းကော်ရည်



ဂုံးကြက်သွန်ဖြူပေါင်း
 ဟင်းတွေက အဖြူတည်တွေချည်းမို့ ငပိကြော်ယူသွားတဲ့သူတွေကတော့ ဇာတ်လိုက်ဖြစ်တာပဲ
ရောက်တဲ့ ထမင်းဆိုင်တိုင်း ငပိကြော်က မပါမဖြစ် ဖြစ်သွားတာ



ဖရုံသီးစွပ်


သခွားသီးသုပ်



ပြည်ကြီးငါးကြော်



ဂဏန်းခွက်ကြော် တစ်ယောက်တစ်ခု စကေးနဲ့ပဲကျွေးတာ စားကောင်းပါတယ်ဆို







ဘာမှမပါတဲ့ အလှသက်သက်ဆင်ထားတာကလည်း ဟင်းတစ်ပွဲဖြစ်



day 3 ဟလောင်းဘေးကအပြန် ဟနွိုင်းက ဟိုချီမင်းဘိမာန်ရှေ့မှာ






ဟနွိုင်းမြို့မှာ ညစာစားပြီး ဒါနန်းသွားဖို့ လေယာဉ်ထပ်သွားစီးရတယ်....။ ရာသီဉတုမကောင်းလို့ထင်ပါ့ အဲမှာ ဖြစ်လိုက်တဲ့ flight delay ည၁၀နာရီ ၁၅မိနစ်ထွက်ရမယ့်လေယာဉ်က နောက်တစ်နာရီထပ်နောက်ကျတော့ ဒါနန်းကို မနက်တစ်နာရီမှရောက်တယ်ကွယ့်....။ နောက်တစ်ပိုင်းကျမှ တောင်ပေါ်မြို့အလှလေးကိုရှုစားပါ...။


မိုးငွေ့

No comments: