ခင်ဗျားကို ကျွန်တော်ချစ်တယ်.....
လမ်းတွေပျောက်သွားတဲ့အခါ
ကျွန်တော့်ရင်ဘတ်ထဲကို အလည်လာပါ
ကျွန်တော့်ယုယမှုနဲ့ အမြတ်တနိုးဖန်တီးလေသော
ကမ္ဘာသစ်ပေါ်ခြေချပါ.......
``````````````````
ကျွန်တော်ဟာ ရင်ဘတ်ကို ဖိတိုင်း
I Love You လို့ အော်တဲ့ ဝက်ဝံရုပ်လေးပေါ့
ဒါပေမယ့်
ခင်ဗျားလက်နဲ့ဖိမှ....။
``````````````````
ပင်လယ်ကြီးဆီ ခရီးထွက်ပါ
တောင်တန်းတွေပေါ်က လေနုအေးကို
ရှုရှိုက်ပါ....။
ဒဏ်ရာမပါသော အချစ်သီချင်းတွေ နားထောင်ပါ
ပြီးတော့
ကျွန်တော့်ကို ချစ်မြတ်နိုးပါ
ခင်ဗျား ဘာသက်စောင့်ဆေးမှ မမှီဝဲဘဲ
အသက်ရှည်မယ့် အကြောင်းတရားပေါ့။
````````````````````
ကျွန်တော့် မျက်ဝန်းထဲက ခင်ဗျားကို
ခင်ဗျားပြန်ရှာတွေ့ပါစေ...
ခင်ဗျားကိုယ်ခင်ဗျား ကျပျောက်သွားတယ်လို့
ခံစားရတဲ့အခါ
ကျွန်တော့်ဝဲဘက်ရင်အုံမှာလာရှာပါ။
``````````````````````
ခင်ဗျားနာမည်ရေးထိုးထားတဲ့
စိတ်ကူးလှလှလေးတွေ...
ခင်ဗျားကို သိစေချင်လိုက်တာ
ပြောပြပါ
ဘယ်နည်းနဲ့ ချစ်ခြင်းမေတ္တာကို ဝတ်မှုန်ကူးရမလဲ...။
````````````````````
ကျွန်တော်ဟာ ခင်ဗျားစိတ်ကူးထဲက
ကောင်လေးနဲ့ အရမ်းကွာရင် ကွာနေလိမ့်မယ်ပေါ့
ဒါပေမဲ့
ခင်ဗျား စိတ်ကူးယဉ်ထားတာထက်
ခင်ဗျားကို ပိုချစ်နိုင်တာကတော့ အသေအချာ...။
````````````````````
ဒီတစ်ခါက နောက်ဆုံးဖြစ်နိုင်ပါတယ်
ရှိရှိသမျှ ပန်းတွေ ခင်ဗျားရှေ့မှောက် ပွင့်စေချင်သော
ဆန္ဒမျိုးနဲ့ပေါ့...။
သိစေချင်တာကတော့ ဒါဟာ ထင်ယောင်ထင်မှားမဟုတ်ကြောင်းပေါ့
ကျွန်တော် ခင်ဗျားအတွက်
လုံလုံလောက်လောက် နာကျင်ခဲ့ပြီးကြောင်း
ရူးရူးသွပ်သွပ် လွင့်ပါးခဲ့ရဖူးကြောင်း
ခင်ဗျားအကြောင်းတွေ တခုတ်တရ
အကြာကြီးတွေးနေခဲ့ရကြောင်း
ခင်ဗျားကို တကယ်သိပ်ချစ်တာပါလို့ တစ်ယောက်ယောက်ကို
ရင်ဖွင့်ပြီး ငိုဖူးတဲ့အကြောင်း.....
``````````````````````
အချိန်တွေက စကားမပြောပါဘူးကွယ်...
အသက်အရွယ်က နှလုံးသားကို စကားပြောတာ
သတိရတယ် ဒီလောက်ပါပဲ
အရင်လို အကျယ်ကြီးချမရေးတော့ဘူး
ဒါပေမဲ့
တကယ်သတိရတယ်..။
````````````````````
တကယ်ဆိုရင်
မင်းလည်း ရင့်ကျက်နေပေါ့
ဆံပင်တွေတော့ အရောင်ပြောင်းသွားတယ်နော်
ငါလည်း တစ်ယောက်ယောက်ကို ထပ်ချစ်ဖို့
ကြိုးစားသလိုမျိုးပေါ့
ပြောင်းလဲမှုတွေကြားမှာ အသီးသီးနေသားကျခဲ့ပါပြီ
မင်းမပါတဲ့ ခရီးတွေလည်း ထွက်ဖြစ်တယ်
တစ်ယောက်ယောက်းပါးကိုလည်း နမ်းဖြစ်တယ်
အဲတစ်ယောက်ယောက်ကိုလည်း မင်းလိုပဲ
ထပ်ချစ်ချင်တယ်
ဒါပေမဲ့ သတိရတယ်
ဒီလိုပါပဲ
ငါတို့က တစ်ကွေ့ကွေ့မှာ မတော်တဆ ဝင်တိုက်မိတာ
အမိအရတော့ ဖမ်းဆုပ်ခဲ့တာပါပဲ
အချိန်ကျတော့လည်း လွှတ်ချခဲ့ပေးရတယ်မဟုတ်လား
ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက်
သတိရရုံလေးတတ်နိုင်တော့တဲ့အခါ
တစ်ယောက်ယောက်ကို ငါ့ထက်ပိုချစ်လိုက်ပါ...။
ဒီစာရေးပြီးရင်တော့
Big Bag ရဲ့ သူစိမ်းသီချင်းနားထောင်ဉီးမယ်
ကိုယ်မပိုင်တဲ့ သူစိမ်းလေးကိုလည်း သတိရပစ်ဉီးမယ်...။
```````````````````````
ခင်ဗျားကတော့ ကျွန်တော်နဲ့ပတ်သက်ရင်
ကံကောင်းမှာ သေချာပါတယ်
ခင်ဗျားကို ကျွန်တော်ချစ်တယ်လေ...
@@@@@@@@@@
မိုးတွေရွာတဲ့အခါ
နှင်းတွေကျတဲ့အခါ
ရွက်ဝါတွေ ကြွေတဲ့အခါ
တစ်ယောက်ယောက်ကို စူးစူးနစ်နစ်သတိရပစ်ဖို့ပေါ့....
ခင်ဗျားတို့လည်း အကျအရှုံးများတဲ့ ချစ်ခြင်းမေတ္တာနဲ့ လွဲပါစေပေါ့....။
#စပ်ခွန်ဇ
#ခင်ဗျားကို ကျွန်တော်ချစ်တယ်......
မိုးငွေ့
No comments:
Post a Comment