Friday, 13 June 2014

တစ်ရံတစ်ခါဆီက အလွမ်းများ....


 


ကိုယ်တို့နှစ်ယောက်ဟာ ပထမဆုံးတစ်ကြိမ်ဆုံခဲ့ဖူးပြီး…. ကိုယ်ရေးတဲ့ကိုယ့်အက်ဆေးတွေကို မင်းကရင်ဘတ်နဲ့ စကားလုံးတိုင်းကို ခံစားဖမ်းဆုပ်ယူနိုင်ခဲ့တယ်ဆိုကတည်းက ကိုယ်တို့နှစ်ယောက်ရဲ့ ခံစားမှုတွေဟာ မမြင်နိုင်တဲ့အရာတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာ သေချာနေတာပဲ….။ ဒါနဲ့များ ကိုယ်တို့ရဲ့ ပတ်သက်မှုက သက်တမ်းတိုတိုလေးနဲ့ ပြီးဆုံးရတယ်လို့ ကိုယ်တော့တွေးတွေးပြီး နှမြောတသရတာပါပဲ အိန်ဂျယ်…။ တကယ်တော့ ကိုယ်ဟာ မင်းပြောတဲ့ မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်ခဲ့ဘဲ…။ ကိုယ့်စာအုပ်ထဲက စကားလုံးတိုင်းကို မင်း ခံစားသိရှိနေနိုင်နေမှတော့ ကိုယ့်ခံစားချက်အားလုံးကို မင်းက အတိုင်းသားထွင်းဖောက်မြင်တတ်နေပြီးသားပဲလေ…။ ကံကြမ္မာကပဲ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံနိုင်ခွင့်ကို ဒီလောက်ပဲကန့်သတ်ထားခဲ့ပြီးသားလား…။ တကယ်ဆို ပျောက်ဆုံးနေသော အိန်ဂျယ် အက်ဆေးထဲကလိုပဲ မင်းဟာ အဝါရောင်ပန်းပွင့်တွေ ပွင့်နေတဲ့မြက်ပင်ရှည်တွေကြားထဲကို ဝင်ရောင်ပျောက်ကွယ်သွားတယ်ဆိုတဲ့ နိမိတ်ပုံကို ကိုယ့်ဘာသာ ကိုယ်မရိပ်မိခဲ့တာပဲ…။ ကိုယ်တို့ အတူပျံသန်းချိန် တခဏလေးဟာ တစ်သက်မမေ့ရက်စရာဖြစ်ခဲ့ပါပြီ အိန်ဂျယ်…။ ခုတော့ ကိုယ်မင်းကို အဝေးကပဲဆက်ချစ်သွားမယ်…။  မင်း မရှိတဲ့အချိန်ဟာ ကိုယ့်အတွက် ခေါင်းစဉ်မပါတဲ့ ကောင်းကင်အောက်မှာ အသက်ဆက်ရှင်နေရသလိုပါပဲ… ဟင်းလင်းပြင်ကြီးနဲ့ဲ…။ မင်းပြောခဲ့ဖူးတာကို မှတ်မိနေတုန်းပဲ ကိုယ်ရေးတဲ့ ကဗျာထဲမှာ “ကဗျာလူ”ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပဲတဲ့…။ ဟုတ်တယ် အိန်ဂျယ် ကိုယ်ကဗျာတွေမရေးဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ….။ မင်းက ကိုယ့်ကဗျာတွေကိုမြတ်နိုးတယ် ကိုယ်ရေးတဲ့ အက်ဆေးတွေကို ချစ်တဲ့သူ…။ ကိုယ်ကတော့ မင်းနှုတ်ခမ်းက ထွက်ကျလာတဲ့ သံစဉ်လှလှလေးတွေကို သိမ်းဆည်းပွေ့ပိုက်တတ်သူ…။ 


မင်းမရှိတဲ့နောက်
ချိုမြိန်အလွမ်းတွေဟာလဲ
အလွမ်းခါးခါးတွေအဖြစ် အသွင်ပြောင်း...
ဒီတနွေလုံး ကျွမ်းလောင်သွားခဲ့တဲ့
ကိုယ့်အလွမ်းပြာတွေ ပြန်ကောက်ကြည့်မိတယ်…
မမြင်ရတဲ့ မျက်ရည်စက်တချို့
ကျွမ်းမြေ့နေတဲ့အလွမ်းပေါ်တစ်စက်ကျတိုင်း
အလွမ်းငွေ့တွေ ထောင်းထောင်းထ…
ငုဝါပန်းခိုင်တွေ ကိုယ့်ကို ငံ့ုကြည့်ကြလို့…
မငိုပါနဲ့မိန်းကလေးရယ်လို့…ချော့သိပ်ရှာတယ်..
စိန်ပန်းတွေ ထင်တိုင်းရောင်စုံပွင့်လည်း
ကိုယ့်အမြင်မှာတော့ အဖြူ နဲ့အမဲ...။

ကိုယ်ငိုနေတာသိလား….
ဟိုး.. အနောက်ယွန်းဆီက မိုးတိမ်တွေ
ညိုမဲမှောင်မိုက်နေကြပြီ….
မိုးစက်တွေခုန်ဆင်းလာမှာလား
မိုးချိန်းသံတွေကတော့ ပဲ့တင်ထပ်
မိုးစက်တွေ တစ်ပေါက်နှစ်ပေါက် ပက်ဖျန်းလိုက်တာနဲ့
ပန်းပိတောက်တွေပွင့်လန်းကြတော့မှာတဲ့..
ကိုယ့်မျက်ရည်စက်တွေနဲ့  ပက်ဖျန်းလိုက်ရင်ရော
မင်းအလွမ်းပွင့်တွေ ပွင့်လန်းကြမလား အိန်ဂျယ်.....။


ဒါနဲ့ စကားမစပ် ကိုယ်လေ စက်ဝိုင်းသီအိုရီကို လိုက်နာကျင့်သုံးနေတုန်းပဲသိလား…။ ကိုယ်ခုချိန်ထိ စက်ဝိုင်းပေါ်ဆက်လျှောက်နေဆဲပဲ…။ ကျောခိုင်းသွားကြတဲ့ ကိုယ်တို့နှစ်ယောက် စက်ဝိုင်းအတိုင်း ဆက်လျှောက်ကြရင် တစ်နေ့ဆုံတွေ့နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုက ကိုယ့်နှလုံးသား ဟိုးအတွင်းထဲကို စူးနှစ်ဝင်နေခဲ့ပြီ…။ ကြယ်တွေဝှက်ထားတဲ့ညတုန်းက ကိုယ်ပြောခဲ့ဖူးတယ်… အိန်ဂျယ့်ကိုလွမ်းရင်းနဲ့ ရင်ကွဲနာကျသွားတဲ့ မိန်းမတစ်ယောက်ကိုလဲ ဝှက်ထားပေးပါလို့လေ…။

အိန်ဂျယ်သေသွားပြီနော်...ဆိုတဲ့ စာကြောင်းလေးတစ်ခုအတွက်နဲ့....ကိုယ့်ရဲ့ဝိညာဉ်တွေ
ဟိုးးး အဝေးကို လွှင့်စင်သွားခဲ့ဖူးတာ မင်းသိလား...။ ကိုယ်ကိုယ်တိုင်ဖန်ဆင်းထားတဲ့ အိန်ဂျယ်ကို ကိုယ့်လက်နဲ့သတ်ပစ်ပါ့မလား။
အိန်ဂျယ်တကယ်သေသွားရင်တောင် ကိုယ်က ကိုယ့်အသက်နဲ့ဆက်ပေးမယ့်သူပါ.... ယုံတမ်းစကားမဟုတ်ပါဘူး.....
ဒါပေမယ့်လည်း မင်းကို ယုံပေးပါလို့ ကိုယ်မတောင်းဆိုချင်ဘူူး...။

ဘယ်လိုပဲဖြစ်ဖြစ်...ကန့်သတ်ချက်တွေပြည့်နှက်နေတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး။


မိုးငွေ့

1 comment:

blackroze said...

ပစ်ကြားဖူးတာတခုရှိတယ်
အချိန်မှားပြီးဆုံတွေ့ တဲ့ အချစ် ...
ဒီလိုနဲ့ဘဲ ပစ်တို့တွေ အသက်ကြီးသွားတယ်
ထင်ပါရဲ့ အမရယ်...