Monday, 30 June 2014

မိုးရေထဲက အဝါရောင်ထီးကလေး.....





ဒီနေ့လဲ ကိုယ်ထီးမပါလာခဲ့ပြန်ဘူး….။ မလုံ့တလုံကားဂိတ်အမိုးလေးကနေ တစက်စက်ကျနေတဲ့ မိုးရေတွေကို ထိုင်ကြည့်ရင်း စီးရမယ့် ဘတ်စ်ကိုထိုင်စောင့်နေခဲ့တာ…။ မိုးရာသီစိုစွတ်စွတ်ကြီးကို သွားရလာရခက်လို့ သူများတွေ ငြီးငြူနေကြပေမယ့် ကိုယ်ကတော့ မိုးထဲလမ်းလျှောက်ရတာကိုပျော်တာ…။ ထီးမပါလဲ… မိုးရေထဲသွားရတာ မိုးရေစက်တွေကျနေတာကိုမြင်ရတာကို ပျော်တာပါပဲ…။ နဲနဲမိုးချုပ်နေပြီမို့… ကားစောင့်မယ့်သူတွေ သိပ်မရှိတော့ဘူး…။ ကျန်တဲ့ ကားစောင့်နေသူတွေက ထီးတွေကိုယ်စီနဲ့မို့ ကိုယ့်လို ကားဂိတ်အမိုးအောက်မှာ လာမခိုကြဘူး…။ ထိုင်ခုံရှိပေမယ့် ခုံတွေကစိုနေပြီ ပြီးတော့ ထိုင်နေလည်း မိုးကမှမလုံတာလေ…။ ကိုယ်ကတော့မသိဘူး မိုးစိုလဲထိုင်တာပဲ…။ ခနနေတော့ ကိုယ့်ဘေးကို ထီးအဝါရောင်လေးနဲ့ ကောင်လေးတစ်ယောက်ရောက်လာတယ်…။ ယောကျ်ားတစ်ယောက်ဖြစ်ပြီး ငုဝါလိုအဝါမျိုးနဲ့ ထီးကိုကိုင်လို့ ကိုယ်နဲနဲအံ့အားသင့်သွားခဲ့တယ်…။ တလောက ကိုယ်ကြည့်ခဲ့ဖူးတဲ့ “အချစ်မိုး”ဆိုတဲ့ ဒရမ်မာအချစ်ကားလေးထဲက မင်းသားလေးကိုင်တဲ့ ထီးနဲ့တရောင်ထဲပဲ…။ ဟုတ်တယ် ဂျန်ဂန်ဆော့ ကိုင်တဲ့ထီးမျိုးလေးပါပဲ…။ ကိုယ်တော်ရုံ ကိုရီးကားတွေကို သိပ်မကြည့်တတ်ဘူး…။ ယူကျုမှာ သီချင်းတွေလျှောက်ရှာရင်းနဲ့ တွေ့မိသွားလို့ အဲဇာတ်လမ်းတွဲလေးကို ဝယ်ကြည့်လိုက်မိတာ…။ ဇာတ်ကားထဲက အဆွေးသီချင်းတွေကလဲ သိပ်ကောင်းတာပဲ…။ အဲမင်းသားမျက်နှာကို မြင်ယောင်မိပြီး… ဘေးနားက ကောင်လေးကို မသိမသာလေးစောင်းငဲ့ကြည့်လိုက်တော့ နားသယ်စပ်မှာ ဒေါက်ရှည်ရှည်ထားပြီး တခြမ်းကိုခပ်ပါးပါးညှပ် ကျန်ဆံပင်တွေကို ထိပ်မှာ ခပ်မြင့်မြင့်စုချည်ထားတယ်… ။ ဟုတ်ပါတယ် Love Rain ထဲက ဂျန်ဂန်ဆော့ပုံစံပဲ တထေရာထဲကို…။  ဧကန္တ သူလည်း အဲကားလေးကိုကြည့်ပြီး မင်းသားစတိုင်လ်ကိုကြိုက်လို့ အတုခိုးထားပုံရတယ်…။ မျက်နှာကျကလည်း သွယ်ရှည်ရှည်နဲ့ မျက်ခုံးနက်နက်ထူထူလေး… နှာတံဖြောင့်ဖြောင့်… ရှပ်ခါးရှည်ကို ကြိုးချည်ပြီး ဘောင်းဘီကို အကျပ်ဝတ်တာလည်း တူတယ်…။ ကိုယ်သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဒီဖက်လှည့်ပြီးတစ်ချက်ပြုံး လိုက်မိသွားတယ်…။ မျက်နှာက ခပ်တည်တည်ဆူပုပ်ပုပ်နဲ့…။ တစ်ခုခုကိုစိတ်တိုနေပုံရပါတယ်…။ လက်ထဲကိုင်ထားတဲ့ ထီးကို ဖွင့်လိုက်တော့…ဟား..ဟား… သူ့ထီးက ကျိုးနေတာကိုး…။ သူက ထီးကိုဖွင့်ကြည့်ပြီး ပြန်ပိတ် ကျွတ်ခနဲစုတ်သတ်လိုက်ပြန်တယ်…။ (တိုက်ဆိုင်လိုက်တာ သူ့ထီးက အချစ်မိုးဇာတ်ကားထဲက မင်းသားကိုင်တဲ့ ထီးလိုပဲ အရိုးကျိုးပြီး တစ်ဖက်ကို အိကျနေတာ… အဲကားထဲကအတိုင်းများ စတိုင်လ်ထွင်လာသလားမပြောတတ်ပါဘူး..) အေးလေ မိုးထဲလေထဲ ထီးကပျက် စတိုင်လ်ပဲ့နေတာပေါ့…။ ယောကျ်ားလေးပဲ ထီးပျက်လဲဘာအရေးလဲ မိုးရေထဲလျှောက်လိုက် ပျော်စရာကြီး…။ ကိုယ့်လိုမိုးချစ်တဲ့သူလို့ လူတိုင်းကိုဘယ်လိုလုပ် ကိုယ့်စိတ်နဲ့နှိုင်းလို့ရမလဲလေ…။ သူ့ထီးကို ပြန်ပိတ်ပြီး အလည်နေရာကနေကိုင်ပြီး ဒေါသမျက်လုံးတွေနဲ့ ကားအလာကိုမျှော်ကြည့်ရင်း ကိုယ့်ကို သူလှမ်းကြည့်မိသွားတယ်…။ 






ကိုယ်ကလည်းသူ့အဖြစ်ကို ကြည့်ရင်း ရယ်ချင်နေတာနဲ့ သူလှမ်းအကြည့်မှာ ကိုယ့်မျက်နှာက ပြုံးလက်စဖြစ်နေခဲ့တယ်…။ သူက သူ့အဖြစ်ကို အစအဆုံးထိုင်ကြည့်ပြီး ရယ်နေတဲ့ ကိုယ့်ကို မျက်မှောင်ကြီးကျုတ်ကြည့်ပြီး လမ်းမဘက်ကို အကြည့်လွှဲပစ်လိုက်တယ်..။ ဟဟဟ…တကယ်ဆို ကိုယ်က ဂျန်ဂန်ဆော့ပုံစံတထေရာထဲကို ကော်ပီယူထားတဲ့သူနဲ့ ထီးအရောင်ကော အဖြစ်ပါတူနေလို့ ရယ်ချင်မိသွားခဲ့တာပါ…။ ကိုးရီးယားလိုနှုတ်ဆက်လိုက်ရမလား…“အညာဇေယိုဂျန်ဂန်ဆော့” ဆိုပြီးတော့လေ…။ ဟော…ဘတ်စ်ရောက်လာပြီ …။ မိုးကတော့ သိပ်မသည်းပေမယ့် ရွာနေတုန်းပဲ…။ ကိုယ်လွယ်အိတ်ကို ပြန်ပြင်လွယ်ပြီး ကားပေါ်ပြေးတက်လိုက်တယ်…။ ကားပေါ်မှာ ထိုင်စရာတွေအများကြီး…။ အရှေ့ဖက် ဒရိုင်ဘာနောက်ကျော တစ်ခုံကျော်မှာ ကိုယ်ဝင်ထိုင်လိုက်တယ်…။ ကိုယ့်ဘယ်ဖက်မျက်လုံးဒေါင့်မှာ အဝါရောင်ဝင်လာခဲ့တယ်…။ ခုနက ကောင်လေးပါ သူက ကိုယ့်ထိုင်ခုံအရှေ့ မျက်စောင်းထိုးနေရာမှာ နေရာယူလိုက်တယ်…။ ကားစထွက်တော့ သူက ကျောပိုးအိတ်ထဲက နားကျပ်လေးထုတ်ပြီး နားထဲထည့်လိုက်တယ်…။ ခုက နေရာတိုင်းကားကျပ်တော့ လူငယ်တွေတော်တော်များများ ကားပေါ်မှာ အပျင်းပြေ နားကျပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိတာကိုး…။ ကိုယ်ကတော့ စီးရမယ့်မှတ်တိုင်က ငါးမှတ်တိုင်ထဲရယ် ကားမကျပ်ရင် ငါးမိနစ်နဲ့ရောက်ပြီ… ။ ကားက ဂိတ်တိုင်းလူသိပ်မတင်တော့ဘဲ ဆက်တိုက်မောင်းလိုက်တာ… ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်ခါနီး မီးပွိုင့်မှာပဲ နဲနဲကြာသွားခဲ့တာ…။ မီးပွိုင့်ကျော်တာနဲ့ ဆင်းရတော့မှာမို့ အပေါက်ဝမှာ အဆင်သင့်နေရာယူရပ်နေလိုက်တယ်…။ ကိုယ့်မျက်လုံးညာဖက်ဒေါင့်ကို အဝါရောင်လေး ထပ်ရောက်လာပြန်တယ်…။ ဟင်… သူလည်းကိုယ်ဆင်းမယ့် မှတ်တိုင်မှာ ဆင်းမှာပဲလား…။ မှတ်တိုင်ရောက်တော့ ကိုယ်အရင်ဆင်းလာခဲ့တယ်…။ 




လမ်းကူးဖို့မျဉ်းကျားမှာ ရပ်စောင့်တော့လဲ အဝါရောင်လေးက ထပ်ရောက်လာပြန်တယ်…။ မဟုတ်ပါဘူး…သူပြန်မယ့်လမ်းနဲ့ ကိုယ်နဲ့ ဒီလောက်တောင်ပဲ တိုက်တိုက်ဆိုင်ဆိုင်တူရလား…။ ကားမီးရောင်တွေအောက်မှာ မိုးကတော့ သူ့အရှိန်လေးအတိုင်း ရွာမြဲရွာဆဲ…။ တော်သေးတယ် လွယ်အိတ်က သရေအိတ်မို့ မိုးစိုလည်း အထဲထိမစိုနိုင်…။ အဝါရောင်ကလေးကတော့ သူ့ထီးအကျိုးကိုဖွင့်ပြီး အိကျနေတဲ့ထီးရွက်ကို ထိန်းတဲ့အနေနဲ့ ထီးရိုးကို အလည်ကနေကိုင်ပြီး စောင်းတာတွေ့လိုက်တယ်…။ ထီးကပြန့်ကားမနေဘဲ ခပ်အုပ်အုပ်လေး ကျနေတယ်…။ ကားလမ်းကူးပြီး အိမ်ပြန်ဖို့ လမ်းမတစ်ခုကိုဖြတ်ဝင်ပြန်တော့လဲ သူနဲ့လမ်းထပ်တူပြန်တယ်…။ ရော်..မခက်လား…။ မိုးစိုမခံချင်လို့ သူကတော့ ထီးအကျိုးကို ရအောင်စောင်းရှာတယ်…။ သူ့ကေလေးပျက်သွားမှာလည်း စိုးရိမ်ပုံရပါတယ်..။ ကိုယ်ကတော့ မိန်းမတန်မဲ့ မိုးရေစိုခံပြီး ဒီတိုင်းလျှောက်တယ်…။ ကိုယ်သူ့ကို ကျော်တက်ပြီး ခပ်သွက်သွက် လျှောက်လိုက်တယ်…။ ဆိုက်ကားဂိတ်ကျော်တော့…ခြေသံကြားလို့ ကိုယ်လှည့်ကြည့်မိလိုက်တယ်…။ အဝါရောင်ကောင်လေးပဲ…။ ဒီလမ်းက မီးနဲနဲမှောင်တော့ အိမ်ပြန်ရင် ကိုယ့်ရှေ့နောက်လူတွေကို သတိနဲ့ကြည့်ထားရသေးတယ်…။ ရုတ်တရက် သူက ခြေလှမ်းကျဲကြီးနဲ့ ကိုယ့်ဘေးကို လွှားခနဲရောက်လာခဲ့တယ်…။ ကိုယ်လန့်ဖျတ်ပြီး သူ့ကို မျက်လုံးပြူးကြည့်လိုက်မိတယ်…။ တချိန်ထဲမှာ ကိုယ်က သူ့ထီးကျိုးအမိုးအောက်ထဲရောက်နေခဲ့ပြီ…။







“ဒီမှာ… ကျွန်တော်နဲ့အိမ်ပြန်လမ်း တူတူလောက်ကျမယ်ထင်တယ်… မိန်းကလေးဖြစ်ပြီး မိုးရေထဲ လျှောက်နေတာ မကောင်းပါဘူး ကျွန်တော့်ထီးနဲ့ အတူလိုက်ပြန်ပါ…လာပါ..” သူက လာပါတွေဘာတွေပြောပေမယ့် သူ့ထီးက ကိုယ့်ကိုမိုးပြီးသားဖြစ်နေပြီ…။ ကျိုးနေတဲ့ထီးအောက်မှာ မိုးလည်းလုံမှာမဟုတ်ဘဲနဲ့များ အပိုတွေလုပ်ပြီလို့ ကိုယ်တွေးပြီး ရယ်ချင်မိသွားပြန်တယ်…။ တကယ်ပါပဲ အချစ်မိုးကြည့်ပြီး ဒီကောင်လေး စိတ်ကူးယဉ်လွန်နေတာ…အသိသာကြီး…။ ကိုယ်သူ့ကို တစ်ချက်ပြန်ကြည့်ပြီး “နေပါစေ တို့ဒီတိုင်းပဲပြန်ပါ့မယ် မိုးစိုခံချင်လို့ကို သက်သက်ထီး မစောင်းဘဲပြန်တာ… ဒီမှာတွေ့လား တို့မှာထီးပါတယ်… မင်းထီးအကျိုးကိုပိတ်လိုက်ပါ ကြည့်မကောင်းဘူး… ရော့... ဒီထီးငှားပေးလိုက်မယ်…” တကယ်တော့ ကိုယ်အိတ်ထဲကနေ စွဲထုတ်ပြလိုက်တာက နွေရာသီစောင်း ထီးအသေးလေး… မိုးလဲမလုံဘူး… ပြီးတော့ ဇာအနားတွန့်တွေနဲ့ ဂျန်ပန်ခေါက်ထီး….။
“မယူတော့ပါဘူး ကျေးဇူးတင်ပါတယ်… ” တဲ့…။ ကျိုးနေတဲ့သူ့ထီးအဝါရောင် အမိုးအောက်မှာ အတူတူဆိုတော့ သူမျက်နှာနဲ့ ကိုယ့်မျက်နှာက တစ်ပေခွဲလောက်ပဲဝေးတာ…။ ခပ်ဝေးဝေးက လမ်းမီးရောင်ကြောင့် ဗာဒံစေ့ပုံ ရှည်မျောမျော မျက်အိမ်ကျဉ်းကျဉ်းနဲ့သူ့မျက်လုံးတွေထဲက ရှက်ရိပ်လေးဖြတ်ပြေးသွားတာကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်…။ သူ့ထီးအကျိုးနဲ့ သူဇာတ်လမ်း လာလုပ်တာကို ပြန်ရှက်သွားတာ မတတ်နိုင်ဘူး..။ ကိုယ်…သူ့မျက်လုံးတည့်တည့် စိုက်ကြည့် ပြုံးပြပြီး လှည့်ထွက်လာခဲ့တော့…….
“ခင်ဗျားက ရုပ်လေးချောလျက်နဲ့ ယွန်ဟီးလိုမျိုး မိန်းမ..မဆန်လိုက်တာ”တဲ့…။ သူပြောတာကို ကြားလိုက်သေးတယ်…။ နောက်ဆို သွယ်သွယ်နွဲ့နွဲ့ ယွန်ဟီးလို ဂါဝန်တိုလေးတွေ ဝတ်တတ်တဲ့ ကောင်မလေးတွေကိုပဲ ထီးလိုက်မိုးပေးနော်လို့ ကိုယ်မပြောလိုက်တော့ပါဘူး…။ အပြာစင်းရှပ်လက်ရှည်ကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး အဖြူရောင်သရေခါးပတ်ခပ်ကြီးကြီး ဝတ်ထားတဲ့ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စုထုံးထားတဲ့ ကိုယ့်ကို သူက မိန်းမမဆန်ဘူးပြောတာ မဆန်းပါဘူးလေ…။ ဒါပေမယ့် ကိုယ့်ကို ရုပ်ချောတယ်လို့ အမှန်တိုင်းဝန်ခံသွားတာလေးကိုတော့ သဘောအကျကြီး ကျလိုက်ပါတယ်… အဝါရောင်လေးရယ်.....:) 


မိုးငွေ့

Tuesday, 24 June 2014

ငှက်ပျောသီးရွှေ့ကြည်.....



မုန့်တွေတစ်မျိုးပြီးတစ်မျိုး စမ်းလုပ်နေတာ...။ အိမ်နားက အစ်မတစ်ယောက်ပေးလိုက်တဲ့ ရခိုင်တစ်ဖီးကို ငှက်ပျောသီးရွှေကြည်(ဆနွင်းမကင်း)စမ်းလုပ်ကြည့်လိုက်တယ်...။ အဲအစ်မက လုပ်နည်းတွေဘာတွေ အကုန်ပြောပြလိုက်တော့ အဆင်ပြေသွားတယ်..။ ကိုယ်တိုင်ကလည်း ငှက်ပျောသီးနဲ့လုပ်တဲ့ မုန့်မှန်သမျှအကုန်ကြိုက်တယ်..။ ဘိန်းစေ့နဲ့အုန်နို့ဗူးကလည်းအဆင်သင့်ရှိနေတော့ တနင်္ဂနွေပိတ်ရက်မှာ တစ်ခါတည်းလုပ်ကြည့်လိုက်တယ်...။ ငှက်ပျောသီးရတုန်းတဲ့ သောကြာနေ့ မမှည့်သေးဘူး..။ ငှက်ပျောသီးတစ်ဖီးကဆယ်လုံးကျော်လောက်ပါတယ်...။ ဒီမုန့်ကို လူတိုင်းလိုလိုလုပ်ဖူး လုပ်တတ်ကြပါလိမ့်မယ်... ဒါကတော့ ကိုယ့်လုပ်တဲ့နည်းကိုမျှဝေတာပါ...။ ငှက်ပျောသီးတွေအားလုံးကို ဇလုံတစ်ခုထဲမှာ အခွံခွာထည့်ပြီး ကျေနေအောင်ချေထားလိုက်ပါ...။ လက်နဲ့မချေချင်လည်း ပိုပြီးမွတ်သွားအောင် စက်နဲ့ချေလဲရပါတယ်..။ ပြီးတာနဲ့ သကြား ရှစ်ဇွန်း အုန်နို့ 500 ml (မုန့်မဖုတ်ခင်အပေါ်မှာထပ်ထည့်ဖို့ အုန်းနို့ကိုနဲနဲချန်ထားပါ)၊ ဆားလက်ဖက်ရည်ဇွန်းဖျား မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းဖျား ထောပတ်ပျောပြီးသား ခြောက်ဇွန်း အနီရောင်တစ်စက်ထည့်ပြီး သေချာနှံ့စပ်အောင်မွှေပေးပြီးတာနဲ့ ထောပတ်သုတ်ထားတဲ့ ဗန်းထဲကိုထည့်လိုက်ပါ..။

ဒီလိုဗန်းထဲထည့်ပြီးတာနဲ့ အုန်နို့နဲ့ ထောပတ်အပေါ်ကနေထပ်ထည့်ပြီး ဘိန်းစေ့ဖြူးလိုက်ပါ...။ 160 ဒီဂရီကြိုပြီးအပူပေးထားတဲ့ အာဗင်ထဲကို အပေါ်မီးအောက်မီးနဲ့ အလည်ကန့်မှာထည့်ပြီး 45မိနစ်ဖုတ်ပါ...။ မုန့်ကျက်မကျက်ကို ၀ါးချောင်းလေးနဲ့ထိုးကြည့်ပြီး မုန့်ကပ်မပါလာရင် ရပါပြီ...။


တွေ့လား မီးအချိန်အဆလိုသေးတယ် ...။ နောက်ထပ်လေ့ကျင့်ခန်းတွေအများကြီးလုပ်ရဦးမယ်...။ မျက်နှာပြင်လေးနဲနဲမဲသွားပေမယ့် အဲဒီတူးတာလေးကိုကကောင်းတယ်လို့ အားပေးကြတယ်..း)

 မိုးအေးအေးမှာ လက်ဖက်ရည်လေးနဲ့တွဲဖက်စားလိုက်ရအောင်လေ

မိုးငွေ့

Friday, 20 June 2014

မန္တလေးည.....






ညနေခင်းဆည်းဆာအလှကို မမြင်ရတာဘယ်လောက်ကြာပြီလဲ…..။ တရိပ်ရိပ်ဖြတ်ကျော်သွားတဲ့ သစ်ပင်တွေ ကားတွေ အရောင်တောက်နေတဲ့တိမ်တွေ… အိပ်တန်းပြန်ဖို့ အုပ်စုလိုက်ပျံသန်းနေတဲ့ ငှက်အုပ်တွေ…။ ဒီလိုမြင်ကွင်းမျိုးကို ကြည့်ချင်လို့လက်မှတ်ဝယ်ကတည်းက ပြူတင်းပေါက်နေရာကို တမင်ရွေးဝယ်ခိုင်းထားတာ….။ သူဌေးက လေယာဉ်နဲ့သွားဖို့စီစဉ်ပေးတာကိုတောင် ငြင်းပယ်ခဲ့တာ ခုလိုရှုခင်းမျိုး…အရောင်မျိုးကိုခံစားချင်လို့…ပြီးတော့ ဖြတ်သွားမယ့်မြို့တိုင်းရဲ့ မြင်ကွင်းတွေ ပြောင်းလဲမှုတွေကို လည်းကြည့်ချင်သေးတယ်လေ…။ အမှန်တော့ ဒီခရီးက အလုပ်မအားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အတွက် အစားသွားပေးတဲ့ခရီးပါ…။ ပုံမှန်အားဖြင့်တော့ ကိုယ်က ရုံးထိုင်သက်သက်ပဲလေ…။ ဒီလုပ်ငန်းကိုစပြောင်းကိုင်လိုက်တုန်းကတစ်ကြိမ်ပဲ စာရင်းဇယား သွင်းပုံသွင်းနည်းကို ထရိန်နင်သဘောမျိုးတစ်ခါတော့ သွားပြဖူးခဲ့တဲ့ အတွေ့အကြုံလေးရှိထားလို့ ကိုယ်သာ အစားထိုးလုပ်ပေးနိုင်ဖို့ အဆင်ပြေဆုံးလူဆိုပြီး သဌေးကဆုံးဖြတ်လိုက်တာတဲ့…။ ပြီးတော့ အဲဒီမြို့က ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်တွေကလဲ ကိုယ်နဲ့ဖုန်းဆက်သွယ်နေကျသူတွေ စာရင်းတွေဆက်နွယ်နေတဲ့ သူတွေဆိုတော့ ကိုယ့်ကိုပဲလာစေချင်ကြတယ်….။

အဝေးပြေးလမ်းမကြီးက ဟိုအရင်လို ကြမ်းတမ်းကျဉ်းမြောင်းမနေတော့ပါ….။ လမ်းကောင်းလို့ထင်တယ် ဘာမှသိပ်မကြာလိုက်ဘူး ညနေစာစားဖို့ ၁၁၅မိုင်ကိုရောက်တော့ ညရနာရီပဲရှိသေးတယ်……။ ကိုယ်ထိုင်တဲ့နေရာက ဒရိုင်ဘာနောက်ဖက် တစ်ခုံကျော်လေးမှာမို့… အောက်ဆင်းဖို့က အဆင်ပြေနေတယ်…။ ထုံးစံအတိုင်း ခရီးသွားတွေလုပ်နေကျ ထမင်းမစားခင် သန့်စင်ခန်းအပေါ့အပါးသွား ခြေလက်သန့်စင်တယ်…။  မြန်မာဟင်းက feel မှာပဲအဆင်ပြေဆုံးမို့ အဲဒီဆိုင်ကိုပဲရွေးလိုက်တယ်…။ ဒီလိုပူပူအိုက်အိုက်ရာသီမှာ ဆီပြန်ဟင်းတွေထက် အရည်သောက်နဲ့အကြော်တစ်မျိုးမျိုးပဲ စားဖို့ကောင်းတာလေ….။ ထမင်းဆီဆမ်းကို မြေပဲဆန်လှော်ဖြူးပြီး ကြက်ကြော်မှာလိုက်တယ် အချဉ်ရည်ဟင်းတစ်ခွက်ပါလာချပေးတယ်…။ ရန်ကုန်မှာသာ ပူအိုက်နေတာပါလေ… တကယ်ဆို ဒီရာသီက ဆောင်ဦးပေါက် ရာသီ… မြန်မာပြည်အထက်ပိုင်းမှာ မနက်စောစောမြူတွေနှင်းတွေကျလို့ အနွေးထည်တောင်ဝတ်နေရပြီလို့ ဆိုတယ်…။ မေမေက အနွေးထည်ခပ်ပါးပါးတွေ  ထည့်ပေးလိုက်သေးတယ်…။ ဟိုရောက်ရင်အေးလိမ့်မယ်သမီးတဲ့… မေမေ့ဘယ်သူပြောလဲဆိုတော့… ကိုကို့မေမေနဲ့ဖုန်းပြောထားလို့ ဟိုရောက်ရင်တောင် ကိုကိုတို့အိမ်မှာပဲတည်းရမယ်လို့ စီစဉ်ထားကြလို့ ကိုယ့်မှာ ရုံးကလုပ်ပေးထားတဲ့ နေရာမှာမတည်းဖြစ်တဲ့အကြောင်း ဖျက်ခိုင်းရသေးတယ်…။ လွတ်လွတ်လပ်လပ် ရုံးကစီစဉ်ပေးတဲ့နေရာကိုပဲ ကိုယ်တည်းချင်တဲ့ဆန္ဒရှိတာ…။ ဒါပေမယ့် လူကြီးတွေပြောထားပြီးသားမို့ မငြင်းသာတော့ဘူးလေ…။ ပြီးတော့…ကားဂိတ်ကို ကိုကို ကိုယ်တိုင်လာကြိုဦးမယ်တဲ့….။ မေမေကပြောသေးတယ် ညည်းပဲ ညည်းငယ်ငယ်ကနဲ့တူတဲ့ ကလေးမလေးနဲ့တွေ့ချင်တယ်ဆိုတဲ့…။ ဟုတ်တယ် ကိုကို့သမီးလေး မျက်နှာကိုမြင်ယောင်မိပြီး အသည်းယားယားနဲ့ အဲဒီကလေးမလေးပါးကိုဆွဲလိမ်ချင်တော့တာ ..။ 

အပြင်မှာပူပေမယ့်…ကားထဲမှာတော့ လေအေးစက်က အော်တိုတင်ထားလို့ လျှော့မရပြုမရနဲ့
တော်တော်ကိုအေးစိမ့်တာ…။အတွေ့အကြုံရှိထားလို့ ခရီးသွားဂွမ်းဆောင်ခပ်ပါးပါးတစ်ထည်ကို ယူထားလို့သာ အအေးဒဏ်ကို  ခံနိုင်တော့တယ်…။ ကားထဲကပြတဲ့ ဗီဒီယိုကို စိတ်ဝင်စားသူကနဲနဲရယ်… တချို့က ထမင်းစားပြီးတော့ မှိန်းနေကြပြီ….။ ကိုယ်ကတော့ ပြူတင်းပေါက်ကနေ ဘယ်မြို့ကိုရောက်နေပြီလဲ မြို့ရဲ့ အလင်းမီးပွင့်မှိတ်တုတ်မှိတ်တုတ်တွေကိုသာ စိတ်ဝင်တစား ကြည့်နေတော့တယ်….။ ကောင်းကင်က ကြည်စင်ပြီး ကြယ်မှုန်ကြယ်မွှားတွေ ကလည်း မြို့ပြမဟုတ်လို့ထင်ရဲ့ ခါတိုင်းမြင်နေကျထက်ပိုများနေ တယ်လို့ထင်တယ်…။ သီတင်းကျွတ်လဆုတ် လခြမ်းက ကောင်းကင်မှာ တည်တည်ငြိမ်ငြိမ်ရှိလှတယ်….။ ကားသွားရာနောက်ကို လိုက်လိုက်လာနေတဲ့ လကိုငေးမောလိုက် အရှေ့ရိုးမတောင်စွယ်တချို့ကို ကြည့်လိုက်နဲ့…. ညသန်းခေါင်းတော်တော်ကျော်မှ ကိုယ်အိပ်ပျော်သွားတယ်…..။ မနက်ငါးနာရီပဲရှိသေးတယ် မိတ္ထီလာမှာ မနက်စာစားဖို့ရပ်နားတယ်…။ မျက်နှာသစ်ပြီး ပဲပြုတ်ထမင်းကြော်နဲ့ နွားနို့ပူပူတစ်ခွက်သောက်တယ်….။ အပြင်မှာဆောင်းလေအေးတွေတိုက်လို့ ခပ်ပါးပါးဂျာကင်လေး ထပ်ထားလို့ တော်သေးတယ်….။ ကားပြန်ထွက်တော့ အိပ်လို့မရတော့ဘူးလေ….။ ခြောက်နာရီမထိုးမချင်း မိုးမလင်းသေးဘူး…။ ရန်ကုန်မှာငါးခွဲလောက်ဆို အလင်းရောင်ကလာချင်နေပြီ…။ ဒီမှာတော့ လမ်းတလျှောက်မြူတွေမှုန်မှုန်မှိုင်းမှိုင်းနဲ့…..။ မြစ်ငယ်မြစ်သား ပလိတ်မြို့တောက်လျှောက်က လမ်းမကြီးအသစ်ဖက်ကသွားလို့ အရင်ကနဲ့ မတူတော့ဘူး တော်တော်တော့ ပြောင်းလဲနေပြီ….။ လမ်းအသစ်မို့လို့ အရင်ထက်လဲပိုနီးပြီးမြန်လာတယ်လို့ပြောကြတယ်…။

ကျွဲဆည်ကန်ရောက်တော့ မနက်ခြောက်ခွဲပဲရှိသေးတယ်……။ ကားကြီးဝင်းကတော့ အရင်လိုမပြောင်းလဲသေးဘူး…. ကားတွေကြပ်တတ်နေတုန်း ဈေးရောင်းဈေးဝယ်တွေနဲ့စည်ကား ရှုပ်ရှက်ခတ်နေတုန်း ကားဝင်းအဝင်လမ်းတွေ ချိုင့်ခွက်တွေဖြစ်နေတုန်းပဲ…။
ကိုယ်စီးလာတဲ့ ကားဂိတ်တည့်တည့်ကိုရောက်တော့ သူ့ကိုတခါတည်းတန်းမြင်လိုက်တယ်…။ သူ့ရဲ့ CRV ခဲရောင်ကားရှေ့မှာ မတ်တပ်ရပ်လို့….။ ကိုယ်ကပါလာတဲ့ သေတ္တာခပ်သေးသေးမို့ ကားဗိုက်ထဲမထည့်တော့ ပစ္စည်းရွေးစရာလဲမရှိဘူးလေ…။ တခါတည်းဆင်းရုံပဲ…။ ကိုယ်ကားပေါ်ကဆင်းတာနဲ့ သူချက်ချင်းရောက်လာတယ်…။

“အားနာလိုက်တာ ကိုကို ကိုယ်တိုင်ဘာလို့လာကြိုရတာလဲ ရုံးကလဲ စီစဉ်ပေးထားတာကို”

“ကိုယ့်ညီမလေးတခါတလေမှလာတာကို ကိုယ်ကိုယ်တိုင်လာကြိုရမှာပေါ့…ဘယ်လိုလဲ ကားစီးရတာ အဆင်ပြေရဲ့လား နဲနဲတော့ပင်ပန်းမှာ…”

“ဟုတ်…ပြေပါတယ်…ညီမလေးက ကားစီးရတာပိုကြိုက်တယ်…”

“ညီမလေးပင်ပန်းမှာစိုးလို့ အပြန်လက်မှတ်ကိုတောင် ကိုယ်လေယာဉ်နဲ့ကြိုလုပ်ထားပေးတယ်”

“ဟာာ… ကိုကိုကလဲရပါတယ် ကားနဲ့ပဲပြန်မယ်…”

“ရတယ်လုပ်မနေနဲ့လေ ခုပဲတညလုံးကားစီးလာတာပင်ပန်းနေပြီး ပြီးရင်ကိုးနာရီကျ ရုံးတက်ရမယ်မဟုတ်လား… ဒီတော့ အပြန်ကိုတော့ သက်တောင့်သက်သာနဲ့ပြန်စေချင်တယ်…”

ကားမောင်းရင်း ကိုယ့်ကိုကလေးတစ်ယောက်လိုစိတ်တိုင်းကျစီစဉ်ပေးနေတဲ့ သူ့မျက်နှာကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်မိတယ်….။ သူအမြဲတစေကိုယ့်ကို ဟိုးး ငယ်ငယ်တုန်းကလိုမျိုး စိုးရိမ်တကြီးရှိတတ်နေတုန်းပဲ…. ဂရုတစိုက်ရှိတတ်နေတုန်းပဲ….။ ကိုယ်ကသာ သူ့ရဲ့ ယုယကြင်နာမှုတွေကို အခွင့်ပြည့်ယူလို့ မသင့်လျော်တော့တာ…။ ကိုကို့တို့နေတဲ့ သိပ္ပံလမ်းကအိမ်နဲ့ ကျွဲဆည်ကန်ကားကြီးဝင်းနဲ့က သိပ်မမောင်းရဘူး… ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရောက်ပြီ…..။ ကိုကိုတို့အိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာ….။ သိပ္ပံလမ်းမကြီးပေါ်မှာပဲ ခြံအကျယ်ကြီးနဲ့ တိုက်ကြီးကဟီးနေရောပဲ….။ ဆင်ဝင်အောက်မှာ ကားထိုးရပ်လိုက်တာနဲ့ အိမ်ထဲကနေ အဝါဖျော့ရောင်ချည်ဘလောက်စ်နဲ့ ချည်အချိတ်လိုင်းလေးတွေပါတဲ့လုံချည်ကိုဝတ်ဆင်ထားတဲ့ အသားဖြူဝင်းဝင်းအမျိုးသမီးလေးတစ်ယောက် ပြေးထွက်လာတယ်…။ ကားပေါ်ကဆင်းလာတဲ့ ကိုယ့်လက်ထဲကသေတ္တာကို အတင်းလာကူဆွဲနေတယ်…။

“ရတယ်အစ်မ…နေပါစေ ညီမကိုယ့်ဘာသာသယ်ပါ့မယ်… ကိုကိုအမျိုးသမီးလာဟင်..”

“ဟုတ်တယ်လေ…ညီမကိုတော့ ကိုကြီးပြောပြောနေလို့သိနေတာ လူကိုတော့ ခုမှပဲမြင်ဖူးတော့တာ..”

“ဟုတ်ကဲ့…ကိုကို့အမျိုးသမီးက တကယ်ချောလှတဲ့သူပဲ….ကိုကိုကံကောင်းတယ်သိလား…”

“ကဲ…နန်းရေ ကိုယ့်ညီမကိုတော့ ဟင်းကောင်းကောင်းချက်ကျွေးတော့…”

မိတ္ထီလာမှာ မနက်စာကိုစားလာပြီးသားမို့မစားတော့ဘူးလို့ငြင်းတာဘယ်လိုမှမရ… မနက်စောစော ကတည်းက ကိုယ်ကြိုက်တတ်တယ်ဆိုလို့ မန်းမုန့်တီသုပ်ကိုလုပ်ထားပြီးသားတဲ့….။ အဲဒါနဲ့ ကိုကို့အမျိုးသမီးလက်ရာ မုန့်တီသုပ်တစ်ပွဲကိုစားလိုက်ရသေးတယ်..။ အမယ် …သူက ကိုယ်တိုင်ကိုယ့်ကို ကော်ဖီဖျော်တိုက်တယ်…။ ရှမ်းပြည်မှာစိုက်တဲ့ သူ့ကော်ဖီစိုက်ခင်း ထဲက ကော်ဖီစေ့တွေကို ကိုယ့်ဘာသာလှော်ပြီးကြိတ်ထားတဲ့ ကော်ဖီစစ်စစ်ပါတဲ့…။
နွားနို့စစ်စစ်နဲ့ဖျော်လို့ ကော်ဖီလေးကအရသာကောင်းမှကောင်းပဲ…။ 

“ကိုကို့သမီးလေးရောဟင်… သူနဲ့တွေ့ချင်တယ်…မနိုးသေးဘူးလား…”

“မနက်က အစ်မနိုးတော့ မျက်လုံးလေးဖွင့်ပြီး မေမေဘာလု့ိအစောကြီးနိုးသလဲတဲ့မေးသေးတယ်…ပြီးတော့ မီးအိပ်ဦးမယ်နော်တဲ့ ပြန်အိပ်သွားတယ်…”

“သူ့ကိုခဏကြည့်ချင်တယ်အစ်မရလား…”

“ရတာပေါ့..လာညီမ အခန်းထဲလိုက်ပြမယ်…”

သူတို့မိသားစုအိပ်ခန်းရှိတဲ့ အပေါ်ထပ်ကိုလိုက်သွားလိုက်တယ်…။ လှေကားကြီးက အကွေ့အလိမ်ပုံဖော်ထားတာ အိမ်ရဲ့ဧည့်ခန်းကြိကည့်ရင် လှပကျက်သရေရှိလှတဲ့ လှေကားကြီး…။ ဘုရားခန်းနဲ့ကပ်လျက်အခန်းကျယ်ကြီးကို တံခါးဖွင့်ဝင်လိုက်တော့ ကုတင်ကြီးရဲ့ဘေးက နံရံကြီးမှာ ကလေးနှစ်ယောက်ဓါတ်ပုံကိုယှဉ်လျက်လေးချိတ်ဆွဲထားတယ်…။ ကလေးနှစ်ယောက်ဆိုတာ တစ်ယောက်က ကိုယ်ငယ်ငယ်တုန်းကပုံလေးပါ…။ ဟုတ်ပါ့…ကိုယ့်ငယ်ရုပ်နဲ့ ဒီကလေးမကတော်တော်ကိုတူတာ..။ ရပ်နေတဲ့ အနေအထားတောင်တူအောင်ပို့စ်လုပ်ခိုင်းပြီး ရိုက်ထားတာ…။ ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကလေးမလေးက ပါးလေးဖေါင်းပြည့်လို့ ဆံနွယ်ခွေခွေပျော့ပျော့တွေက နဖူးမှာကပိုကရိုလေးကျလို့…။ မျက်တောင်လေးတွေလည်းကော့စင်းလို့…။ ကိုယ်သူ့ပါးဖေါင်းဖေါင်းလေးကိုတစ်ချက်ငုံ့နမ်းလိုက်တယ်….။ အအိပ်ဆတ်ပုံရတယ် အီခနဲသူလူးလွန့်ပြီး မျက်လုံးလေးကိုမှေးမှေးကလေးဖွင့်ပြီးချောင်းကြည့်တယ်…။

“မီးလေး ချစ်သည်း…ဘယ်သူလဲသိလား..ဒီတီတီ့ကိုသိလား…”

“သိတယ်..” အသံသေးသေးလေးနဲ့ သိတယ်တဲ့သူကကိုယ့်ကို… ချစ်ဖို့ကောင်းလိုက်တာ…။ ကိုယ်အံ့အားသင့်စွာနဲ့ သူ့အမေကိုလှည့်ကြည့်တော့…။ ကလေးမလေးဆီကိုမေးဆတ်ပြလို့ ကလေးလေးကိုကိုယ်ပြန်လှည့်ကြည့်တော့….။ နံရံပေါ်ကပုံလေးကိုလက်ညိုးထိုးပြတယ်…။

“ဟဟ…တကယ်..အဲဒီပုံလေးထဲက ကလေးလေးက တီတီပဲဆိုတာ သမီးသိတယ်…တော်လိုက်တာ…”

“ဟုတ်တယ် ခုခေတ်ကလေးတွေ အတတ်သိပ်မြန်တာ မှတ်ဉာဏ်လဲကောင်းသလားမမေးနဲ့ ခဏလေးသင်ပေးတာနဲ့ အကုန်မှတ်မိတယ်.. အဲဒါ မနေ့ညတုန်းကပဲပြောထားတာ အဲဒီဓါတ်ပုံထဲက တီတီလာမှာလို့… သူက မီးလိုမျိုးပဲလားတဲ့ မေးသေးတယ် သူနဲ့ရွယ်တူလို့ထင်နေတာလေ…”

“ချစ်လိုက်တာ… လာပါဦး တီတီ့ကို အာဘွားလာပေးပါဦး…”

“ဟင့်အင်း…မီးသွားတိုက်လိုက်ဦးမယ်…”တဲ့…ကြည့်ဦး… ကိုယ်ဖြင့် အဲဒီကလေးမလေးနားကကို မခွာချင်တော့တာ…ကဲ…။

“အစောကြီးရှိသေးတယ် မီးအိပ်ဦးနော်…တီတီရေသွားချိုးဦးမယ် ပြီးမှပြန်လာခဲ့မယ်နော် ဟုတ်ပြီလား..”
  

ကိုယ်သူ့ခန္ဓာကိုယ်သေးသေးပြည့်ပြည့်လေးကို တစ်ချက်ထွေးပိုက်လိုက်ပြီး ဆံပင်လေးကိုသပ်ပေးတော့ ကိုယ့်ပါးပြင်ကို သူ့လက်သေးသေးလေးနဲ့လာပွတ်သပ်နေတယ်…။

“မီးစောင့်နေမယ်နော်…”တဲ့…။ 


ကိုယ်လေ အဲဒီကလေးလေးကိုယ်ကိုထွေးပိုက်နေရင်းနဲ့ကို ကြည်နူးလွန်းလို့ မျက်ရည်တွေတောင် ကျရတယ်…။ တော်သေးတယ် သူ့အမျိုးသမီးက အောက်ဆင်းသွားပြီ..အခန်းထဲမှာ ကိုယ်နဲ့ချစ်သည်းလေးနဲ့နှစ်ယောက်တည်း….။ 

“တီတီရေချိုးပြီးရင် မီးလေးကိုမနက်စာခွံကျွေးမယ်နော်…”

“ကဲ…အလွမ်းသည်နေကြတယ်ဟုတ်လား ခုမှတွေ့ဖူးတာကို…” ဘယ်ချိန်တုန်းကရောက်နေမှန်းမသိတဲ့ သူ့အသံထွက်လာတော့မှလှည့်ကြည့်မိတယ်…။

“ဟောဗျာ…ဘာကြောင့်မျက်ရည်တွေကစို့နေရတာတုန်းဗျ”

“ကိုကို့သမီးလေးပေါ့ အရမ်းချစ်ဖို့ကောင်းတာကို စကားကလည်းတတ်တယ်…သူ့ကိုချစ်လွန်းလို့ ပီတိမျက်ရည်ကျတာ..”

“ဖြစ်ရမယ်…အလုပ်သွားရဦးမယ်မဟုတ်လား ကိုယ်လဲ ရေမိုးချိုးပြင်ဆင်တော့မယ် ပြီးရင်တစ်ခါတည်း အလုပ်လိုက်ပို့ပေးမယ်”

“ရပါတယ် ညီမလေးရုံးကကားကိုလာကြိုခိုင်းလိုက်မယ်”

“ကိုယ်ရုံးကိုဖုန်းဆက်ထားပြီးသား လာကြိုစရာမလိုတော့ဘူးလို့ ပြီးတော့ ညီမလေးရုံးနဲ့ ကိုယ့်အလုပ်က နီးနီးလေးကို…”

“ ဟုတ်…”

ကလေးမလေးခေါင်းကိုတချက်ဖွပြီး ရေမိုးချိုးဖို့အောက်ဆင်းသွားလိုက်တော့တယ်….။


***************************

မန္တလေးမြို့က အရင်ကထက် ကားတွေပိုများလာတယ် ဆိုင်ကယ်တွေနဂိုတည်းကများရတဲ့ကြား ကားအကောင်းစားမျိုးစုံနဲ့ ရှုပ်ယှက်ကိုခတ်လို့ပေါ့….။ လမ်းမကြီးတွေက အမှိုက်သရိုက်ကင်းစင် သန့်ရှင်းလို့…။ လမ်းဘေးတစ်လျှောက်လဲ ကြော်ငြာဘုတ်ကြီးတွေပိုများလာသလိုပဲ….။ အများကြီးတိုးတက်လှပလာတဲ့ မြို့ပေါ့…။ ကိုယ်တို့ငယ်စဉ်တုန်းကလို စက်ဘီးတွေ ဆိုင်ကယ်တွေ သုံးဘီးကားတွေချည်းမဟုတ်တော့ဘူးလေ။ ဈေးချိုနာရီစဉ်နဲ့သိပ်မဝေးတဲ့ ကိုယ်တို့ရုံးခန်းရှေ့ထိ သူပို့ပေးခဲ့တယ်…။ ရုံးခန်းထဲက ကိုယ်နဲ့သိတဲ့ စာရင်းကိုင်ညီမတစ်ယောက် ပြေးထွက်လာကြိုတယ်…။

“ညနေကျ ကိုယ်လာကြိုမယ်နော် ဒီမှာပဲစောင့်နေလိုက်…” ကိုယ်ခေါင်းညိတ်ပြလိုက်တော့ သူက တစ်ချက်ပြုံးပြရင်း နေကာမျက်မှန်ပြန်တပ်ကာ…ကားမှန်တင်ပြီး မောင်းထွက်သွားလိုက်တော့တယ်…။
ဝန်ထမ်းအသစ်ငါးယောက်ကို အပေါ်ထပ်အခန်းမှာစုပြီး သူတို့စာရင်းသွင်းရမယ့် ပုံစံတွေကို အသေးစိပ်ပြောပြ ရှင်းပြပြီး… ဒီနေ့လုပ်ရမယ့် အရောင်းဘောက်ချာတွေကို တစ်ခါတည်းလက်တွေ့လုပ်ခိုင်းလိုက်တယ်….။ သုံးလေးရက်လောက် တစ်ခါထဲ လက်တွေ့လုပ်ပြလိုက်ရင် သူတို့ကျွမ်းကျင်သွားမှာပါ အားလုံးရဲ့ ပညာအရည်ချင်းကိုမေးလိုက်တော့ LCCI Level 2 က အနိမ့်ဆုံးဆိုတော့ သူတို့အတွက် သိပ်မခက်ခဲလောက်ဘူးလို့ ကိုယ်ယုံကြည်လိုက်တယ်…။ ပြီးတော့ အားလုံးက သွက်လက်ချက်ချာနေတော့ လက်ဆင့်ကမ်းသင်ပေးရတာ ပြောဆိုရတာ သိပ်ပြီးမခက်ခဲလှတော့…။ ဆိုင်ကယ်နဲ့ထွက်တဲ့အရောင်းဝန်ထမ်းကလေးတွေနဲ့ အရောင်းကားတွေကို အပြီးစောင့်ရတော့ သူတို့အလုပ်က ညနေတော်တော်စောင်းမှပြီးတယ်။ ည(၇)နာရီအထိ ကတော့ ငွေစာရင်းကိုင်တွေကမပြန်ရသေးဘူးပေါ့…။ 

သူက ကိုယ်ကြိုက်တတ်တဲ့ ဗထူးကွင်းနားကမန်းမြီးရှည်ကိုနေ့လည် တစ်နာရီခွဲလောက်မှာ လာပို့ရင်း  ညနေငါးနာရီခွဲလာခေါ်မယ်လို့ ပြောသွားတယ်…။ သူ့ကိုလာမခေါ်နဲ့လို့ပြောလဲ လာမှာမို့မပြောသာတော့…။ တကယ်ဆို ကလေးမလေးတွေကို လက်တွေ့စာရင်းသွင်းရမယ့်အချိန်က ခုလိုညနေ အရောင်းကားတွေ ဝင်လာချိန်မှာပါလာမယ့် အရောင်းစာရင်းပဲလေ…။ သူရောက်လာရင် အနည်းဆုံးကိုယ့်ကို တစ်နာရီတော့စောင့်ရလိမ့်မယ်… မတတ်နိုင်ဘူး…။ 

တကယ်လည်း ညနေငါးနာရီခွဲမှာ သူရောက်လာခဲ့တယ်….။ မန်နေဂျာက ကိုယ့်ကို အားနာပြီး အတင်းပြန်ခိုင်းပါတယ်…။ ကိုယ်လည်း ကလေးမလေးတွေကို ပြရမယ့်စာရင်းတွေ လုပ်နေရင်းတန်းလန်းလေ…။ သူကတော့ကားပေါ်ကစောင့်ပါမယ် အေးဆေးလုပ်ပါတဲ့…။ သူစိတ်ရှည်တတ်မှန်းကိုယ်သိပေမယ့် ခုလို ကိုယ့်အတွက်နဲ့တကူးတကန့်အချိန်ကုန်ခံရတာတော့ ကိုယ်လည်းအားနာတယ်လေ…ပြီးတော့ သူ့မိသားစုရှိသေးတယ်လေ…။ သူတို့မိသားစု စုံလင် ညနေစာကိုဘယ်လိုချိန်မျိုးမှာစားတတ်ကြသလဲ အဲဒါလဲရှိသေးတယ်လေ…။ ကောင်မလေးတွေကတော့ သူတို့ကိုထားခဲ့ပါ သူတို့စာရင်းကိုသွင်းထားပါ့မယ့် မနက်ဖန်ကျမှပြန်စစ်ပေးပါ… အစ်မပြန်သွားလည်း ကိုယ့်ဘာသာကိုယ်လုပ်ရမှာပဲလေတဲ့ ကိုယ့်ကိုအားနာလို့ထင်ပါ့ အတင်းကာရောပြန်ခိုင်းကြတာနဲ့ နောက်ဆုံးညနေခြောက်နာရီကို ကိုယ်သူနဲ့ပြန်ခဲ့ လိုက်တော့တယ်…။ နောက်နေ့တွေကျ သူ့ကိုလာမခေါ်ဖို့ပြောထားရင်ကောင်းမယ်လို့ စဉ်းစားထားလိုက်တယ်…။ ရုံးက အသွားအပြန်ကားကို အစကတည်းက စဉ်စီထားပြီးသားပါ…။

“ကိုကို့ကိုအားနာတယ် နက်ဖန်ကျရင်တော့ ညီမလေးအပြန်ကို ရုံးကားနဲ့ပဲပြန်ပို့ခိုင်းမယ် လာမခေါ်တော့နဲ့နော်”

“ညီမလေး ဒီနေ့ကိုယ့်ကို အားနာတယ်လို့ပြောတာ နှစ်ခါရှိပြီနော် မောင်နှမချင်းကို ဘာတွေအားနာနေသလဲ ပြီးတော့ ကိုယ်က အဝေးကြီးတကူးတကန့် လာခေါ်ရတာလဲမဟုတ်ဘူး ကိုယ့်ရုံးခန်းနဲ့လဲနီးနီးလေး ညနေအိမ်ပြန်လမ်းလဲကြုံနေတာလေ … ကိုယ့်ညီမတစ်ခါတစ်လေလာတာကို ဒီလောက်တော့ လုပ်ပေးရမှာပေါ့”

“ကိုကို့ကိုတော့မနိုင်ဘူး သဘောပဲဗျာ..ဒါဆိုလဲ…”

ပြောမရမှန်းသိလျက်နဲ့ ပြောကြည့်တာပါ တကယ်လဲမရပါဘူး …။ ခါးပါတ်ကိုဆွဲပတ်ရင်း ထိုင်ခုံနောက်မှီကို အနောက်ဖက်နဲနဲချလိုက်တယ်…။

“တနေကုန် စားရင်းပြရလို့ တော်တော်အညောင်းမိသွားပြီလား”

“မညောင်းပါဘူး အကျင့်ရပြီးသားပဲလေ… ကိုကိုမောင်းတဲ့ကားကိုဇိမ်ခံစီးချင်လို့…” ကိုယ်အဲလိုပြောတော့ သူက ကိုယ့်ကိုလှည့်ကြည့်ပြီး ကိုယ့်ခေါင်းကို ခပ်ဖွဖွထုလိုက်သေးတယ်…။ သူ့ကားက ၇၃လမ်းဖက်ကိုမချိုးဘဲ ၂၆ဘီလမ်းတည့်တည့်အရှေ့ဖက်ကိုဆက်မောင်းနေတယ်….။

“ကိုကို အိမ်မပြန်ဘဲဘယ်သွားမလို့လဲ ”

“မန်းတောင်ပေါ်တက်မယ်လေ… ညီမလေးနဲ့ဘုရားဖူးရင်း ညနေခင်းဆည်းဆာ မကြည့်ရတာကြာပြီ… ပြီးရင် ကျောက်တော်ကြီးဘုရားပွဲရှိတယ် အဲဒီမှာ ညီမလေးကြိုက်တဲ့ မုန့်ပစ်သလက်ဝယ်ကျွေးမယ်…”

“ဟေးးး တကယ်…. အားးးး ပျော်လိုက်တာ… ဒီနေ့မစားရတာကြာတဲ့မုန့်တွေကို ကိုကို့ကျေးဇူးကြောင့်နဲ့ စားရပြီ ကျေးဇူးအကြီးကြီးပါ….”

“ငါ့ညီမလေး အဲလိုပျော်ရွှင်နေတာ ကိုယ်မမြင်ရတာဘယ်လောက်ကြာပြီလဲ….”

ဟုတ်တယ် သူပြောမှလဲ ကိုယ့်ကိုယ်ကိုသတိထားမိသွားတယ်။ ဒီလို လျှောက်မသွားရတာ မုန့်တွေလျှောက်မစားရတာ ဘယ်လောက်ကြာပြီလဲ… တစ်နေ့တစ်နေ့ အလုပ်သွားလိုက်ပြန်လိုက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ နေ့ရက်တွေဘယ်လောက်ရှည်လျားနေခဲ့ပြီလဲ…။ အထူးသဖြင့် သူနဲ့ဒီလိုလျှောက်မသွားတာ ဘယ်လောက်ကြာပြီလဲ…..။ ကျေးဇူးပါ… ကိုယ့်ကိုဒီလိုအခွင့်ရေးပေးလို့….။ ခုချိန်မှာ သူဟာ ကိုယ့်ရဲ့အစ်ကိုတစ်ယောက် ကိုယ်ဟာလဲ သူ့ရဲ့ညီမလေးတစ်ယောက်…။ ဒီထက်ဘာမှမပိုဘူး….။ စည်းတစ်ဖက်ခြားပြီးသား ဘဝမှာ ကိုယ်နေသားကျနေခဲ့တာကြာပါပြီ…နေတတ်နေခဲ့ပါပြီလေ…။

“ဒါနဲ့ ညီမလေးတို့ ခုလိုလျှောက်သွားနေတော့ ကိုကို့အမျိုးသမီးလေး ထမင်းစားစောင့်နေဦးမယ်… အားနာစရာ”

“လာပြန်ပြီ ဒီအားနာတယ်ဆိုတဲ့စကား… နန်းကို ကိုယ်ဖုန်းဆက်ပြောထားပြီးသား ကိုယ်တို့တောင်ပေါ်တက်မယ် ဘုရားပွဲလဲဝင်ဦးမယ်လို့ ”

“အော်…….”
သူ့ကားက တောင်ခြေမှာရှိတဲ့ ကျောက်တော်ကြီးဘုရားပွဲဈေးကို ဖြတ်ကျော်ပြီး တောင်ပတ်လမ်းအတိုင်းတက်လာခဲ့တော့တယ်…။ တောင်တက်လမ်းတစ်လျှောက် ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေ အတော်များများတွေ့ရတယ်….။ တောင်ပေါ်ရောက်တော့ ခြောက်နာရီဆယ့်ငါးမိနစ်…။ လိမ္မော်ရောင်ရင့်ရင့် တိမ်တိုက်တွေ ကြားမှာ တအိအိဝင်နေတဲ့ နေလုံးကြီးဘေးမှာ အိပ်တန်းငှက်တွေက ပျံသန်းရစ်ဝဲလို့ ….။ ဘုရားရင်ပြင်မှာတိုက်ခတ်လာတဲ့ လေတဖြူးဖြူးကို တဝကြီးရှူလိုက်တယ်…။  လတ်ဆတ်တဲ့ဆောင်းလေပြေ ညနေဆည်းဆာလှလှကို ခံစားရတာ…ပေါ့ပါးလတ်ဆတ်လို့ တလောကလုံး ကိုယ်တစ်ယောက်တည်းလို့တောင် မှတ်ယူလိုက်ချင်တော့တယ်…။ ခြောက်နာရီလေးဆယ့်ငါး ထိတောင်ပေါ်မှာ နေလုံး၀၀င်ပြီး ကြယ်ကလေးတွေတလက်လက် ထွက်လာတာကို စောင့်ကြည့်ပြီးမှ ကိုယ်တို့တောင်ပေါ်က ဆင်းခဲ့တော့တယ်…။

ကျောက်တော်ကြီးဘုရားပွဲဈေးမှာ မုန့်ပစ်သလက်အသည်တွေ မုန့်လုပ်တာကိုစောင့်ရင်း အချဉ်ပေါင်းစားချင်လို့ ကိုကိုက ဝမ်းပျက်မှာစိုးတာနဲ့ ပေးမဝယ်လို့မစားလိုက်ရဘူး…။ အပြန်လည်း နန်းရှေ့ကျုံးပတ်လမ်း အတိုင်းပြန်မောင်းခဲ့တယ်….။ အရင်လို ကံျုးဘေးမှာ လှည်းလေးတွေနဲ့ အအေးရောင်းတဲ့သူတွေ မရှိတော့ဘူး…။ အဲဒီအသည်တွေဆီက ပင်မှည့်သီးဖျော်ရည်ကိုအကြိုက်ဆုံး ပြီးတော့ အုန်းသီးဖတ်နုနုကလေးတွေ ထည့်ထားတဲ့ ထောပတ်သီးဖျော်ရည် စတော်ဗယ်ရီဖျော်ရည်တွေ သိပ်ကောင်းတာ။ သူ့ကို မပူဆာချင်တော့ မဟုတ်ရင် အိမ်ပြန်နောက်ကျလိမ့်မယ်လေ….။ ညအအေးကနဲနဲကဲရတဲ့အထဲ သူ့ကားလေအေးစက်က လည်းတော်တော်အေးတာ….။ ကိုယ့်ကိုသူတချက်ကြည့်ပြီး ကားမောင်နေရင်း အနောက်ဖက်ကို တခုခုလှမ်းယူလိုက်တယ်…။

“ရော့… အဲဒါလေးခြုံထားလိုက်…အေးနေပြီမဟုတ်လား…” 

ကိုယ့်ပေါ်ကိုအညိုဖျော့ရောင်ပုဝါတစ်ထည် တင်ပေးလိုက်တာပါ….။

“ကျေးဇူးကိုကို…”

အိမ်အပြန်လမ်းတလျှောက် ကိုယ်တို့စကားသိပ်မပြောဖြစ်တော့ဘူး….။ ကိုယ်လည်း မမြင်တာကြာပြီဖြစ်တဲ့ လမ်းတလျှောက်ဟိုဒီလျှောက်ငေး သူကလည်း သူ့ကားကိုသူအာရုံစိုက်မောင်းရင်း အလုပ်ကိစ္စတချို့ တွေးချင်တွေးနေလိမ့်မပေါ့…။ လေအေးစက်နဲ့အတူ သူသုံးနေကျရေမွှေးနံ့လေးကို တချက်တချက်ရနေခဲ့တယ်…။ ဒီရေမွှေးတွေခေါ်ဆောင်ရာဆီကို အတွေးတွေလိုက်မသွားမိဖို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သတိပေးရင်း သူ့ကားကိုလိုက်စီးလာလိုက်တာ သူ့အိမ်ရောက်တဲ့အထိပဲ….။ အတိတ်က အကြောင်းအရာဆီကို အတွေးကအစ ပြန်မသွားသင့်တော့ဘူးလို့ ကိုယ်ထင်တယ်လေ….။ မေ့လိုက်စို့ရဲ့နော်….။ 

မှန်းထားတာထက်စောပြီး ကိုယ့်အလုပ်တွေကပြီးသွားခဲ့တာ… ဉာဏ်ကောင်းတဲ့ ကလေးမတွေကို ကျေးဇူးတင်ရမှာပါပဲ… ကိုယ်နှစ်ရက်လောက်စာရင်းကို လက်တွေ့ပြတာနဲ့သူတို့တော်တော်ရသွားတယ်…။ ရန်ကုန်မှာလဲ ဘော့စ်ကနိုင်ငံခြားခရီး ရုတ်တရက် ထွက်ရမယ်ဆိုလို့ ကိုယ့်မပြန်လို့မဖြစ်တော့…။ ဒါနဲ့မန်းမှာ သုံးရက်ပဲနေလိုက်ရတယ် ဆိုပါတော့…။ ဘော့စ်ကအစကတော့ တပတ်လောက်နေခဲ့ ပြင်ဦးလွင်တွေ ဘာတွေလဲ လျှောက်လည်ခဲ့ဖို့ခွင့်ပေးလိုက်သေးတာ သဘောကောင်းကောင်းနဲ့…. ခုတော့…။ အပြန်ကို သူကပြောထားတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အားချင်းစီစဉ်ပေးခဲ့တယ်….။ မနက်စောစော ကွင်းဆင်းတော့ သူပဲ ကိုယ်တိုင်ကားမောင်းလိုက်ပို့ပေးခဲ့တယ်….။

“လေယာဉ်စီးရင်မူးတတ်လား… ပရုတ်ဆီတို့ ရှူဆေးဗူးတို့ဆောင်ထားတတ်လား မရှိရင် ကိုယ်ဝယ်ထည့်ပေးလိုက်မယ်…”

ကိုယ်ကတော့ ဘေးနားကနေကိုယ့်ကို ကလေးတစ်ယောက်လိုလိုက်ပြီးစိတ်ပူနေတဲ့ သူ့ကိုကြည့်ရင်း ပြုံးပဲနေလိုက်တော့တယ်…။

“ကိုကိုကလဲ ညီမလေးမမူးတတ်ဘူးအေးဆေး ဘာမှစိတ်ပူမနေနဲ့…. ကိုကိုက ကလေးအဖေလဲဖြစ်ရော ညီမလေးကိုလဲ သူ့သမီးအောက်မေ့နေလားမသိဘူး လိုက်ပူနေတယ်”

“အေးပါ… ညည်းက အိမ်မှာ  စိတ်ပူရမယ့်အငယ်မရှိတော့ ဘယ်သိပါ့မလဲ”

*******************************

တိမ်တိုက်ထဲပျံဝဲခရီးနှင်နေချိန်မှာတော့ မျက်စိကိုစုံမှိတ်ပြီး ကိုယ်လိုက်လာခဲ့တယ်… အတွေးစတွေကတော့…. ပြန်မရနိုင်တော့တဲ့ မန္တလေးညဆီကို ရစ်ဝဲလို့….။ ကိုယ့်ငယ်ရုပ်နဲ့တူတဲ့ ကလေးမလေးကိုပြန်မြင်ယောင်မိတော့ ကိုယ်နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့မိမယ်ထင်တယ်….။

သူတို့နှစ်ယောက်အကြောင်းကိုအောက်ကပို့စ်တွေမှာရေးခဲ့ဖူးပါတယ်...။
1.မကုန်ဆုံးချင်သော...ညနေ
2.တိမ်တွေငိုတဲ့နေ့
3. မေမြို့ည
4.ချစ်သူရဲ့သမီး
5.ဟိုးတုန်းက နွေရက်လေးဆီ


မိုးငွေ့

Wednesday, 18 June 2014

တခါက ကျွန်တော့်ရဲ့.....



သူ ကျွန်တော့်ထက်ဆယ်နှစ်ကျော်လောက် အသက်ကြီးတယ်လ့ို ဘယ်သူယုံမှာလဲ….။ သူ့ပုံစုံကိုကြည့်ဦးလေ….။ ဘာမှလိမ်းမထားသည့် ပျားရည်ရောင်ကြည်စင်နေသည့် မျက်နှာ မဲနက်နေသောမျက်တောင်ကော့ကော့နှင့် မျက်လုံးတောက်တောက်တစ်စုံတို့မှာ ဆွဲဆောင်အား အကောင်းဆုံးလည်းဖြစ်နေသည်…။

သူစိမ်းယောက်ျားရှေ့မှာထိုင်နေသည်ဆိုပေမယ့် အမူအရာတွေက မိန်းကလေးတစ်ယောက်လို ရှက်ရွံ မူနွဲ့မနေဘဲ မတွေ့တာကြာပြီဖြစ်သည့် ငယ်သူငယ်ချင်း တစ်ယောက်နှင့် ပြန်လည်တွေ့ဆုံ   နေပုံတောင် ပေါက်နေသေးသည်…။ ပြီးတော့ ယောက်ျားလေးတွေ အထိုင်များသော လက်ဖက်ရည်ဆိုင် ကိုလည်း သူကထိုင်နေကျဖြစ်ပုံရသည် ကြည့်ရသည်မှာ အေးဆေးပင်..။ ကျွန်တော်တို့ ခရီးတစ်ခုမှာ ဆုံကြရင်းကခင်ခဲ့သည် ဆိုပေမယ့်လည်း ယခုဆုံတွေ့ခြင်းမှာ ဒုတိယအကြိမ်သာဖြစ်သည်။

ပေါ့ဆိမ့်လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်ပြီးတိုင်း ကျွန်တော့်ကို မော့ကြည့်လာတတ်သည့် သူ့အကြည့်တွေက တစ်ယောက်ယောက် ကျွန်တော့်ကို ကင်မရာမီးနှင့် ဖျတ်ခနဲလာလာရိုက်သလို ထင်ဟတ်သွားစေသည်…။ ထိုအခါ ကျွန်တော်အသက်ရှူ ဖို့ မေ့မေ့သွားတတ်သည်…။

နေ့လယ်တုန်းက ဖဘမှာတွေ့ရင်း ညနေ မုန့်လိုက်ကျွေးချင်သည်ဟု သူပြောလာ၍ ကျွန်တော်သ့ူဆီကို ရောက်လာခဲ့ခြင်းဖြစ်သည်….။ ကျွန်တော်တို့ ဒီဗာဒံပင်အုပ်အုပ်နဲ့ လက်ဖက်ရည်ဆိုင်ကို မရောက်လာခင် ဘိတ်ကော်ရည်ခေါက်ဆွဲဆိုင်တွင်ထိုင်ခဲ့ကြသေးသည်…။

“မင်း..ဘာစားမလဲ… ဒီဆိုင်က ကော်ရည်ခေါက်ဆွဲက နာမည်ကြီးပဲ ကပ်ကြေးကိုက်ကြော်လည်း ကောင်းတယ်…”  သူက မီနူးစာရွက်ကိုကြည့်ကာ ဆိုင်၏အကောင်းဆုံး အစားစာများကို ညွှန်းနေသေးသည်…။ ကျွန်တော်က ကော်ရည်ခေါက်ဆွဲ သူကပင်လယ်စာကပ်ကြေးကိုက် မှာသည်။  ကျွန်တော်တို့မှာထားသည်များ ရောက်မလာခင် သူက ကျွန်တော်..ဘာမေဂျာနှင့် ကျောင်းတက်နေသလဲ အလုပ်အကြောင်းစသဖြင့် စကားဖေါင်ဖွဲ့ပြောနေခဲ့သည်…။ ကျွန်တော်ကတော့ သူ့ကို ကျွန်တော့်ထက်အသက်တော်တော်ကြီးသော မိန်းမတစ်ယောက်လို့မထင်ဘဲ ကျွန်တော်နှင့်ရွယ်တူ ကောင်မလေးတစ်ယောက်လို့သာမြင်သည်။ တခါတခါ စကားစပြတ်သွားခဲ့လျှင် သူကျွန်တော့်ကိုလှမ်းကြည့်ပြီး ကျွန်တော်နှင့်အကြည့်ချင်း ဆုံသွားသည့်အခါ ကျွန်တော်ပြန်ပြုံးပြသော အပြုံးတွေဟာ မရွံ့မရဲဖြစ်ချင်ဖြစ်သွားလိမ့်မည်…။ သို့သော် သူ့အပြုံးတွေကတော့ အလင်းတန်းတစ်ခုလို ကျွန်တော့်မျက်စိတွေကိုကျိန်းစပ်စေခဲ့သည်..။

ကျွန်တော်တို့ ကော်ရည်ခေါက်ဆွဲစားပြီးတော့ လက်ဖက်ရည်ဆိုင်ပြောင်းထိုင်ကြမည်ဆိုပြီး သူဦးဆောင်ရာနောက်ကျွန်တော်လိုက်သွားခဲ့သည်…။ နွေရာသီစီး ရာဘာခြေညှပ်အဖြူဆွတ်ဆွတ်နှင့် ဖိုးကွာတားချည်သား အညိုရင့်ရောင်ဘောင်းဘီဝတ်ထားသောသူက ကျွန်တော့်အရှေ့ကနေ လျှောက်ရင်း လှည့်လှည့်စကားပြောနေဟန်တွေဟာ ကျွန်တော်ထက်အသက် ဆယ်နှစ်ကျော်ကြီးသော မိန်းမတစ်ယောက်လို့ ကျွန်တော်ဘယ်လိုမှ မယုံနိုင်ခဲ့ပါ…။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော့်ကို သူက ပိုက်ဆံအိတ်ထဲမှ သူ့မှတ်ပုံတင်ကို ထုတ်ပြခဲ့သည်…။ တကယ်… သူကျွန်တော့်ထက် အသက်ဆယ့်တစ်နှစ်နှင့် နှစ်လကြီးပါသည်။

ကျွန်တော်တို့တော်တော်ရင်းနှီးသွားတော့မှ သူပြောပြလို့သိလိုက်ရသည်…။ ကျွန်တော်တို့ ထိုညက ဗာဒံပင်အောက်လက်ဖက်ရည်ဆိုင် အတူထိုင်ခဲ့စဉ် သူက ကျွန်တော့်ကို ပေါ့ဆိမ့်ကြိုက်မည်အထင်နှင့် မှာသောက်ခဲ့သည်တဲ့...။

တကယ်တော့ သူဟာ ကျွန်တော့်လိုပင် ကော်ဖီခါးခါးကို နှစ်သက်စွဲလန်းသူဖြစ်သည်…။

ကျွန်တော်တို့နှစ်ယောက် ဂီတကိုချစ်မြတ်နိုးကြတာခြင်းတူသည်…။ ကျွန်တော်က ကဗျာတွေကို ချစ်သည်…။ သို့သော် သူ့လိုတော့ ကဗျာမရေးတတ်ပါ…။ တခါတခါ ကျွန်တော်နှင့် အွန်လိုင်းပေါ်ဆုံလျှင် ကျွန်တော့်ကို သူလက်တန်းရေးစပ်ပေးတတ်သော သူ့ကဗျာတိုလေးတွေကို ကျွန်တော်မြတ်နိုးမိသည်…။ ကျွန်တော့်မေးလ်ဘောက်စ်ထဲမှာ သူရေးပေးတတ်သည့် ကဗျာတိုကလေးများကို သိမ်းဆည်းထားဖို့ သူ့နာမည်လေးနှင့် သီးသန့်လေးလုပ်ထားခဲ့သည်…။

တခါက ကျွန်တော်တို့လိုင်းပေါ်မှာ ဆုံကြရင်းတစ်နေ့လောက် သီချင်းသွားဆိုရအောင်ဟု ကျွန်တော်ပြောခဲ့ဖူးပြီး အလုပ်ရှုပ်နေလို့ လတော်တော်ကြာသည့်အထိ အကောင်ထည်မဖော်ဖြစ်ခဲ့..။ သူက ကျွန်တော့်စကားကိုမှတ်ထားခဲ့ပြီး တစ်ရက်တော့ ကျွန်တော်တို့အတူသီချင်းသွားဆိုခဲ့ပါသည်…။ ထိုနေ့က ကျွန်တော်အလုပ်ကိစ္စတစ်ခုကြောင့် စိတ်ညစ်ကာ ညတော်တော်မိုးချုပ်မှ သူ့ဆီဖုန်းဆက်ကာ သီချင်းသွားဆိုဖို့ပြောတော့ သူက ဘာမှမငြင်းဘဲ ကျွန်တော်နှင့်အတူ အဖော်လိုက်ပေးခဲ့သည်…။

သီချင်းဆိုရင်း ကျွန်တော်ဘီယာမှာသောက်တော့လဲ သူဘာမှမငြိုငြင်ခဲ့ပါ…။ ကျွန်တော်ပေါက်ကွဲတော့ ကျွန်တော့်ဘေးမှာ တိတ်တဆိတ်နှင့်ပင် သီချင်းနားထောင်နေခဲ့သည်…။ ကျွန်တော့်ဘယ်ဖက် တောင့်နေရာမှာ ခြေထောက်လေးပိုက်ပြီး ကျွန်တော်ဆိုသမျှ သီချင်းကို ငြိမ်နားထောင်နေခဲ့သော သူ့ကို ကျွန်တော်အားလည်း နာနေခဲ့သည်…။ ပြီးတော့ မီးရောက်မှိန်မှိန်အောက်က သူ့ပါးပြင်တွေကို ကျွန်တော်နမ်းမွှေးချင်စိတ်ပေါက်သွားခဲ့သည်…။ ကျွန်တော့်ကို ယုံကြည်လို့လိုက်လာသည့် သူ့ကို အိန္ဒြေ သိက္ခာမဲ့စေမည့်လုပ်ရပ်မျိုး မလုပ်မည့်ဖို့ ဘီယာသောက်ထားပေမယ့် အသိတရားတွေနဲ့ ထိန်းချုပ်လိုက်မိ၏…။

“မမ ပျင်းနေပြီလား သီချင်းတစ်ပုဒ်လောက်ဆိုဗျာ…လာပါ…”
တောင့်မှာထိုင်နေသည့်သူက ကျွန်တော့်နားကိုတိုးလာခဲ့သည်…။

“မင်းဆိုတာပဲနားထောင်မယ်နော်… ကိုယ်မှမဆိုတတ်တာ…”

သီချင်းသံတွေပဲ ကျယ်နေလို့လား သူ့အသံတွေကခါတိုင်းထက်ပိုပြီး တိုးညက်နေသည်လို့ ထင်သည် ပြီးတော့ သူ့အမူအရာတွေက ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို မခို့တရို့ ရှက်ကိုးရှက်ကန်းဖြစ်နေသည်…။ အခါတိုင်းလို သွက်လက် လွတ်လပ်ပွင့်လင်းသော အမူအရာတွေ ဒီညသူ့ဆီမှာ ကျွန်တော်မတွေ့ခဲ့ရ…။

“ဒါဆို မမဘာသီချင်းနားထောင်မလဲ ရွေးလေ ရော့ ကျွန်တော်ဆိုပြမယ်…”

ကျွန်တော်သူ့လက်ထဲ သီချင်းစာအုပ်ထည့်ပေးလိုက်တော့ သူသီချင်းတွေရွေးနေသည်…။ အာဇာနည် အဲလက်စ် သူနားထောင်ချင်သည့် သီချင်းများကို ကျွန်တော်ဆိုင်မပိတ်မချင်း ဆိုပြဖို့ဆုံးဖြတ်လိုက်သည်။ သူသီချင်းရွေးတော့ သူ့လက်ဖျံတွေက ကျွန်တော့်လက်ကို သူ့လက်မောင်းတွေ ကျွန်တော့်လက်မောင်းကို လာထိမိတိုင်း ကျွန်တော့်ရင်တွေ ဗလောင်ဆူသွားကြသည်…။ ကြည်စင်သည့်ပါးပြင် စိုတောက်နေသည့် နှုတ်ခမ်းပြည့်ပြည့်တို့က ကျွန်တော်နဲ့နီးနီးကလေးမှာ…။ အာရုံတွေကို သီချင်းတွေဆီမနည်းပို့လွှတ်ထားခဲ့ရသည်…..။ ဘီယာသောက်ထားသည့် အရှိန်ရိုးတိုးရိတ်တိတ်တို့က ဘယ်လိုလွင့်ပြယ်သွားကြမှန်းမသိ…။

နောက်ဆုံးကျွန်တော့်ဘယ်လိုမှမထိန်းနိုင်တော့လို့ သီချင်းဆိုရင်း သူ့ညာဖက်လက်ကလေးကို မသိမသာဆုတ်ကိုင်ထားလိုက်မိသည်…။ သူလည်းပဲ ကျွန်တော့်လက်ကို ခပ်တင်းတင်း ပြန်လည်ဆုတ်ကိုင် ထားခဲ့သည်…။ ကျွန်တော့်သွေးကြောထဲ အားအင်တစ်ခု လတ်ဆတ်စွာ စီးမျောစိမ့်ဝင်သွားခဲ့သလို ခံစားလိုက်မိသည်…။ စိတ်ထဲက အဆင်မပြေသည့်အကျိတ်အခဲတွေ ပြေပျောက် သွားခဲ့ကြသည်….။ ကျွန်တော်နားလည်လိုက်တာက သူကျွန်တော်နဘေးမှာရှိရင် ကျွန်တော်ကြည်နူးရသည် ပျော်ရွှင်ရသည်…..။ သူ့ဆီက ဖြားယောင်သွေးဆောင်မှု တစ်စုံတစ်ရာမပါဘဲနဲ့ ကျွန်တော့ဘေးနားမှာ တိတ်တိတ်ကလေး ထိုင်ပေးနေရုံနှင့် ကျွန်တော့်ကိုပျော်ရွှင်မှုတွေ သူပေးနေခဲ့တယ်..။ ဒါဟာ ဘာလို့ခေါ်နိုင်သလဲ…. တဆိတ်လောက်ကျွန်တော့်ကို ရှင်းပြနိုင်မလား…။

ကျွန်တော်သူ့ကို အိမ်ပြန်ပို့တော့ ညတော်တော်နက်နေပြီ…..။ သူတိုက်ခန်းရှေ့မှာ ကျွန်တော့်ကို သူက ကားပြန်ငှားပေးခဲ့သည်…။

“ဂရုစိုက်ပြန်နော်… ပြန်ရောက်ရင် ကိုယ့်ဆီဖုန်းမက်ဆေ့ချ်ပို့လိုက်ဦး …”

“ဂွတ်နိုက် မမ…အပေါ်တက်တော့…”

ကျွန်တော်သူ့ကိုလက်ပြပြီး သူလှေကားထဲဝင်သွားသည့်အထိစောင့်ပြီးမှ ထွက်ခဲ့လိုက်သည်…။

အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကျွန်တော်သူ့ဆီမက်ဆေ့ချ်ပို့လိုက်သည်..။

“ အိပ်တော့ မမ ကျွန်တော့်ကို စိတ်မပူနဲ့… ဂွတ်နိုက် fly kiss…”

ကျွန်တော့်မက်ဆေ့ချ်ထွက်သွားပြီး နှစ်မိနှစ်အတွင်းပဲ သူပြန်ပို့လာသည်။

“ ဟင်… အိမ်ပြန်ရောက်ပြီလား မြန်လိုက်တာ….ဂွတ်နိုက် တိတ်ခဲနော်…” တဲ့။

အိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ရင်း တချိန်က သူနဲ့ပတ်သက်ခဲ့ဖူးတာကို ကျွန်တော်စဉ်းစားခန်းပြန်ဝင်နေမိသည်...။ ခုချိန်ဆိုသူဘာလုပ်နေမလဲ.. တစ်ယောက်ထဲ အတွေးနယ်ချဲ့ရင်း စာတွေရေးနေမလား...။ အွန်လိုင်းဖွင့်ပြီး ဘယ်တော့မှမီးမလင်းသည့် ကျွန်တော့်ချက်ဘောက်စ်လေးမှာ “နေကောင်းလား အိန်ဂျယ်..” လို့ လာနှုတ်ဆက်နေမလား...။

မိုးငွေ့

Monday, 16 June 2014

သေရစာ

အပြင်ထွက်မစားတာကြာပေါ့...။ ဘတ်ဂျက်တွေထိခို်က်လို့...။ ကိုယ့်ဘာသာကို အချိန်ရရင်တော့ ရအောင်လုပ်စားတယ် စားချင်တာတွေကို...။ ခုပုံလေးတွေက နဲနဲကြာပြီ စုဆောင်းထားတာ ပြန်ထုတ်ပြတာပါ...။ အသက်ရလာပြီလေ အိုစာမင်းစာတွေစုဆောင်းဖို့အချိန်တန်ပြီ...။ ဒါကြောင့်မို့ အရင်လို အချိန်ရော ငွေရော မသုံး/ဖြုန်းနိုင်တော့ဘူး...။ ငြီးပြတာမဟုတ်ရပါ...။ ဒါတကယ့်အဖြစ်ပျက်...း)


မုန့်လက်ဆောင်း ထန်းလျက်နဲ့တစ်ခွက် အုန်းနို့နဲ့တစ်ခွက် ကြိုက်ရာသောက်ပါ


သင်္ကြန်ရုံးပိတ်ခါနီးနောက်ဆုံးရက်က ရုံးမှာဝယ်စားဖြစ်ကြတဲ့ မာလာဟင်း  မာလာငါး ဂဏန်းချက် 



မြေနီကုန်းစီးတီးမတ်က Happy မှာပါ....ပင်စိမ်းဝက်သားကြွပ်ကြော်


မိုင်ဖေးဘရိတ် ငှက်ပျောကြော်ပျားရည်ဆမ်း


Oishii ဂျပန်ဆိုင်က သီးရွက်စုံသုပ် တန်ပူရာကြော် မိုင်ရောနစ်ဂဏန်းသားဆူရှီ ရေမှော်သုပ်ဆူရှီ



ဒါက ပြီးခဲ့တဲ့မွေးနေ့တုန်းက အဒေါ်အိမ်မှာ လုပ်စားဖြစ်တဲ့ ယူနန်ဟော့ပေါ့






ထမင်းချိုင့်မပါတဲ့နေ့က ၀ယ်စားဖြစ်တဲ့ American Roll နဲ့ ဆော်မွန်ဆူရှီ



46လမ်း Chewing Junior ဆိုင်က ပျားသံပရာ



46လမ်း Chewing Junior ဆိုင်က penne စပါဂတီကြော်



မိုးအေးအေးမှာ ကွေးနိုင်ကြသူများကိုအားကျပါ၏...


မိုးငွေ့

Friday, 13 June 2014

တစ်ရံတစ်ခါဆီက အလွမ်းများ....


 


ကိုယ်တို့နှစ်ယောက်ဟာ ပထမဆုံးတစ်ကြိမ်ဆုံခဲ့ဖူးပြီး…. ကိုယ်ရေးတဲ့ကိုယ့်အက်ဆေးတွေကို မင်းကရင်ဘတ်နဲ့ စကားလုံးတိုင်းကို ခံစားဖမ်းဆုပ်ယူနိုင်ခဲ့တယ်ဆိုကတည်းက ကိုယ်တို့နှစ်ယောက်ရဲ့ ခံစားမှုတွေဟာ မမြင်နိုင်တဲ့အရာတွေနဲ့ ဆက်နွယ်နေတယ်ဆိုတာ သေချာနေတာပဲ….။ ဒါနဲ့များ ကိုယ်တို့ရဲ့ ပတ်သက်မှုက သက်တမ်းတိုတိုလေးနဲ့ ပြီးဆုံးရတယ်လို့ ကိုယ်တော့တွေးတွေးပြီး နှမြောတသရတာပါပဲ အိန်ဂျယ်…။ တကယ်တော့ ကိုယ်ဟာ မင်းပြောတဲ့ မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာအုပ်တစ်အုပ်မှ မဟုတ်ခဲ့ဘဲ…။ ကိုယ့်စာအုပ်ထဲက စကားလုံးတိုင်းကို မင်း ခံစားသိရှိနေနိုင်နေမှတော့ ကိုယ့်ခံစားချက်အားလုံးကို မင်းက အတိုင်းသားထွင်းဖောက်မြင်တတ်နေပြီးသားပဲလေ…။ ကံကြမ္မာကပဲ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံနိုင်ခွင့်ကို ဒီလောက်ပဲကန့်သတ်ထားခဲ့ပြီးသားလား…။ တကယ်ဆို ပျောက်ဆုံးနေသော အိန်ဂျယ် အက်ဆေးထဲကလိုပဲ မင်းဟာ အဝါရောင်ပန်းပွင့်တွေ ပွင့်နေတဲ့မြက်ပင်ရှည်တွေကြားထဲကို ဝင်ရောင်ပျောက်ကွယ်သွားတယ်ဆိုတဲ့ နိမိတ်ပုံကို ကိုယ့်ဘာသာ ကိုယ်မရိပ်မိခဲ့တာပဲ…။ ကိုယ်တို့ အတူပျံသန်းချိန် တခဏလေးဟာ တစ်သက်မမေ့ရက်စရာဖြစ်ခဲ့ပါပြီ အိန်ဂျယ်…။ ခုတော့ ကိုယ်မင်းကို အဝေးကပဲဆက်ချစ်သွားမယ်…။  မင်း မရှိတဲ့အချိန်ဟာ ကိုယ့်အတွက် ခေါင်းစဉ်မပါတဲ့ ကောင်းကင်အောက်မှာ အသက်ဆက်ရှင်နေရသလိုပါပဲ… ဟင်းလင်းပြင်ကြီးနဲ့ဲ…။ မင်းပြောခဲ့ဖူးတာကို မှတ်မိနေတုန်းပဲ ကိုယ်ရေးတဲ့ ကဗျာထဲမှာ “ကဗျာလူ”ဆိုတဲ့ ကဗျာကို အကြိုက်ဆုံးပဲတဲ့…။ ဟုတ်တယ် အိန်ဂျယ် ကိုယ်ကဗျာတွေမရေးဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ….။ မင်းက ကိုယ့်ကဗျာတွေကိုမြတ်နိုးတယ် ကိုယ်ရေးတဲ့ အက်ဆေးတွေကို ချစ်တဲ့သူ…။ ကိုယ်ကတော့ မင်းနှုတ်ခမ်းက ထွက်ကျလာတဲ့ သံစဉ်လှလှလေးတွေကို သိမ်းဆည်းပွေ့ပိုက်တတ်သူ…။ 


မင်းမရှိတဲ့နောက်
ချိုမြိန်အလွမ်းတွေဟာလဲ
အလွမ်းခါးခါးတွေအဖြစ် အသွင်ပြောင်း...
ဒီတနွေလုံး ကျွမ်းလောင်သွားခဲ့တဲ့
ကိုယ့်အလွမ်းပြာတွေ ပြန်ကောက်ကြည့်မိတယ်…
မမြင်ရတဲ့ မျက်ရည်စက်တချို့
ကျွမ်းမြေ့နေတဲ့အလွမ်းပေါ်တစ်စက်ကျတိုင်း
အလွမ်းငွေ့တွေ ထောင်းထောင်းထ…
ငုဝါပန်းခိုင်တွေ ကိုယ့်ကို ငံ့ုကြည့်ကြလို့…
မငိုပါနဲ့မိန်းကလေးရယ်လို့…ချော့သိပ်ရှာတယ်..
စိန်ပန်းတွေ ထင်တိုင်းရောင်စုံပွင့်လည်း
ကိုယ့်အမြင်မှာတော့ အဖြူ နဲ့အမဲ...။

ကိုယ်ငိုနေတာသိလား….
ဟိုး.. အနောက်ယွန်းဆီက မိုးတိမ်တွေ
ညိုမဲမှောင်မိုက်နေကြပြီ….
မိုးစက်တွေခုန်ဆင်းလာမှာလား
မိုးချိန်းသံတွေကတော့ ပဲ့တင်ထပ်
မိုးစက်တွေ တစ်ပေါက်နှစ်ပေါက် ပက်ဖျန်းလိုက်တာနဲ့
ပန်းပိတောက်တွေပွင့်လန်းကြတော့မှာတဲ့..
ကိုယ့်မျက်ရည်စက်တွေနဲ့  ပက်ဖျန်းလိုက်ရင်ရော
မင်းအလွမ်းပွင့်တွေ ပွင့်လန်းကြမလား အိန်ဂျယ်.....။


ဒါနဲ့ စကားမစပ် ကိုယ်လေ စက်ဝိုင်းသီအိုရီကို လိုက်နာကျင့်သုံးနေတုန်းပဲသိလား…။ ကိုယ်ခုချိန်ထိ စက်ဝိုင်းပေါ်ဆက်လျှောက်နေဆဲပဲ…။ ကျောခိုင်းသွားကြတဲ့ ကိုယ်တို့နှစ်ယောက် စက်ဝိုင်းအတိုင်း ဆက်လျှောက်ကြရင် တစ်နေ့ဆုံတွေ့နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုက ကိုယ့်နှလုံးသား ဟိုးအတွင်းထဲကို စူးနှစ်ဝင်နေခဲ့ပြီ…။ ကြယ်တွေဝှက်ထားတဲ့ညတုန်းက ကိုယ်ပြောခဲ့ဖူးတယ်… အိန်ဂျယ့်ကိုလွမ်းရင်းနဲ့ ရင်ကွဲနာကျသွားတဲ့ မိန်းမတစ်ယောက်ကိုလဲ ဝှက်ထားပေးပါလို့လေ…။

အိန်ဂျယ်သေသွားပြီနော်...ဆိုတဲ့ စာကြောင်းလေးတစ်ခုအတွက်နဲ့....ကိုယ့်ရဲ့ဝိညာဉ်တွေ
ဟိုးးး အဝေးကို လွှင့်စင်သွားခဲ့ဖူးတာ မင်းသိလား...။ ကိုယ်ကိုယ်တိုင်ဖန်ဆင်းထားတဲ့ အိန်ဂျယ်ကို ကိုယ့်လက်နဲ့သတ်ပစ်ပါ့မလား။
အိန်ဂျယ်တကယ်သေသွားရင်တောင် ကိုယ်က ကိုယ့်အသက်နဲ့ဆက်ပေးမယ့်သူပါ.... ယုံတမ်းစကားမဟုတ်ပါဘူး.....
ဒါပေမယ့်လည်း မင်းကို ယုံပေးပါလို့ ကိုယ်မတောင်းဆိုချင်ဘူူး...။

ဘယ်လိုပဲဖြစ်ဖြစ်...ကန့်သတ်ချက်တွေပြည့်နှက်နေတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး။


မိုးငွေ့