Thursday, 20 February 2014

ကျွန်မ၏ကော်ဖီခွက်နှင့် မောင်၏မျက်နှာစာမျက်နှာ.....



 
ကျွန်မအလုပ်သည် ရုံးထိုင်ဖြစ်၍ ကွန်ပြူတာ အင်တာနက်တို့ ဂျီမေးလ် ဖေ့ဘုတ်တို့နှင့်မစိမ်းပါ…။ သို့သော် တောက်လျှောက်ဈေးကွက်ဆင်းသော အလုပ်လုပ်ခဲ့ရသည့်မောင်သည် ယခုအလုပ်မှာ ခရီးမများရတော့ဘဲ တနေရာတည်းမှာ အငြိမ်ထိုင်လုပ်ရသည့် ရုံးထိုင်အလုပ်ဖြစ်၍ မောင်နှင့်ကွန်ပြူတာ အွန်လိုင်းတို့မှာ တပူးတွဲထဲဖြစ်လာတော့သည်…။ ကျွန်မကတော့ အွန်လိုင်းပါးဝနေပြီဖြစ်သူမို့ ဒီနေရာမှာ မောင့်ကိုအစစအရာရာ ဆရာမကြီးလုပ်ခွင့်ရတော့သည်…။ မောင်က ဒါဘယ်လိုဝင်ရလည်း ဘယ်လိုတင်ရလဲ စသဖြင့် ကျွန်မ မှတဆင့် တစ်နေ့ကိုတစ်မျိုးနှစ်မျိုးသင်ယူပါသည်…။ ဉာဏ်ကောင်းသူမို့ မောင်ဟာ ဘယ်လောက်မှမသင်ယူရဘဲ တတ်လွယ်သူဖြစ်သည်…။ ခုဆိုလျှင် မောင်ဟာ မျက်နှာစာမျက်နှာကို တော်တော်လေးပင် သုံးတတ်နေပြီဖြစ်သည်…။

ကျွန်မတို့မိန်းမတွေလို မောင်ကတော့ ဟိုပုံကလေးတွေတင် ဒီစာလေးတွေရေးတော့မလုပ်ဘဲ… သူစိတ်ဝင်စားသော စာမျက်နှာများ သတင်းများကို အင်္ဂလိပ်စာအသုံးအနှုံးများကို လိုက်ခ်လုပ်ထားသည်…။ မနက်မိုးလင်းသည်နှင့် မျက်နှာမသစ်သေးဘဲ ဖုံးတစ်လုံးနှင့် ညက ဘယ်အသင်းက ဘယ်နှစ်ဂိုးသွင်းသွားသည် ဆိုသည့် ဘောလုံးသတင်းကို စတင်ဖတ်ပါတော့သည်…။ အဲဒါ မိုးလင်းတစ်ခါ မိုးချုပ်အိမ်ပြန်ရောက်လျှင်တစ်ခါ ကြည့်လွန်းလို့ ရေချိုးဖို့ကို မချိန်မလင့်အောင်မနည်းတွန်းနေရသည်…။ ကိုယ့်ဘာသာကို သင်ပေးလိုက်မိတာ မှားသွားပြီလားလို့ နောင်တရချင်ချင်ဖြစ်မိသည်..။

ဒီနေ့လည်း မောင်ကရုံးမှာ Supplier နိုင်ငံခြားသားတွေအလည်ရောက်လာပြီး လက်ဆောင်ပေးသွားလို့ဆိုပြီး ဖဘကနေကျွန်မကိုလှမ်းကြွားလေသည်..။ ဘာများရသလဲဆိုတော့ ကော်ဖီခွက်လေးတဲ့…။ ကော်ဖီကြိုက်သည့် ကျွန်မအတွက် ကော်ဖီခွက်လို့အသံကြားလိုက်သည်နှင့် လှုပ်လှုပ်ရွရွဖြစ်သွားသည်…။ ဒါနဲ့ မောင့်ကိုဆက်မေးရသည် ခွက်ကလေးက ဘာအရောင်လဲ ဘယ်လိုပုံမျိုးလေးလည်း အတော်ပဲ အဲဒီခွက်လေးနဲ့ ကော်ကော်သောက်ရမယ်လို့ ကျွန်မက ဝမ်းသာအားရပြန်ပြောလိုက်သောအခါမောင်က..“သောက်ပါ အဲဒါသည်းလေးအတွက်ပဲလေ..” တဲ့…။ ကြည့်စမ်း ဖဘသုံးပြီး မောင်အဲလိုတွေသုံးနှုံးခေါ်ဝေါ်တတ်နေပြီ…။ ကျွန်မက အနီရောင်အသည်းလေးကိုင်ထားသည့် အဖြူရောင်မွှေးပွခွေးရုပ် စတစ်ကာလေးပြန်ပို့လိုက်သည်…။ တီးတိုင်းမ်ဆို မောင်နှင့်ကျွန်မ အဲလိုပဲ ဖဘက စတစ်ကာလေးတွေကို အပြန်လှန်ပို့နေကျ…။ အိမ်ထောင်သက်ငါးနှစ်ကျော် ကလေးလည်းမရှိသည့် ကျွန်မတို့နှစ်ယောက် ဖဘမှာ တစ်ယောက်ကို တစ်ယောက်ကလေးပြန်လုပ်တမ်း ကစားနေကြသည်ဟု ဘေးနားမှာ တစ်စုံတစ်ယောက်သာတွေ့လျှင် ဝေဖန်ပြောဆိုခံရမည်မလွဲပါ..။ တစ်ချိန်ထဲမှာပဲ ဖဘဒီလောက်သုံးတတ်နေသောမောင့်ကို ကျွန်မတဆိတ်တော့ စိတ်မချချင်တော့…။

တဖန် GSM ဖုန်းများကို ကဒ်ဖုန်းများသို့ပြောင်းလေရာ… မောင်က သူ့ဖုန်းလေးကို ရုံးမှသွားဆောင်ရသည်မှာ အလုပ်ရှုပ်ပါသည်ဟု ဆင်ခြေပေးလျက် ကဒ်ဖုန်းသို့ သူ့ဘာသာလေ့လာ ဖုန်းမက်ဆေ့လေးဖြင့် ကဒ်ဖုန်းပြောင်းလိုက်လေသည်…။ အမှန်တော့ တစ်လတစ်လဖုန်းခကုန်သည်ဟု ကျွန်မပွစိပွစိလုပ်သည်ကို မခံချင်စိတ်ဖြင့်ပြောင်းလိုက်ခြင်းလည်းဖြစ်သည်…။ ဖုန်းကိုရုံးမှဆောင်သည်မှာလည်း ကိုယ်တိုင်သွားဆောင်ရသည် မဟုတ်ပါ…။ ကျွန်မနာမည်နှင့် ဖွင့်ထားသော ဘဏ်စာရင်းမှ ဖုန်းအခွန်များကို လစဉ်ဘဏ်မှဝန်ဆောင်မှုဖြင့် ဆောင်ပေးခြင်းဖြစ်သည်..။ ထိုသို့ပြောင်းလိုက်သော အချိန်မှစ၍ မောင့်မှာ တစ်နာရီတစ်ကြိမ် ငွေလက်ကျန်ကို ဖွင့်ဖွင့်ကြည့်ရတာအမော…။ ထို့ပြင် တစ်သောင်းတန်ငွေကဒ်ထည့်ထားပြီး တစ်လနှင့်လောက်အောင်သုံးမည်ဟု ဟစ်ကြွေးကာ မနက်မိုးလင်းလျှင် အရင်လို ဖုန်းဖြင့် အွန်လိုင်းဝင် ဟိုကြည့်ဒီကြည့်သိပ်မလုပ်တော့သည်ကို သတိထားလိုက်မိသည်…။ တွေ့လား မောင်ဟာလေ ကပ်စေးနဲလေး..။

မောင်တို့ရုံးမှ လစဉ်ဖုန်းကဒ်ဖိုးပေးဆောင်ခြင်းမရှိသည်ကို သိနေသဖြင့် နောက်ဆုံးတော့လည်း ကျွန်မပဲမနေနိုင်မထိုင်နိုင် “ကဲပါလေ… မောင်ပုံမှန်အတိုင်းပဲ အွန်လိုင်းမှာ ကြည့်ချင်တာကြည့်ပါ မီ”တစ်လကိုတစ်သောင်းကဒ်တစ်ကဒ်ဖြည့်ပေးပါ့မယ်..”ဟုပြောလေမှ မျက်နှာလေး လင်းပလာတော့သည်။ မောင်က လစာများကို လမ်းစရိတ်နှင့် သုံးစရာနည်းနည်းပါးပါးယူထားသည်မှလွဲပြီး ကျန်ငွေများကို ကျွန်မဆီအကုန်အပ်ထားတတ်သည်…။ တခါတလေ ရုံးမှ ဟိုပွဲဒီပွဲများရှိလျှင် ဝတ်စရာများဝယ်ရန် ရှော့ပင်ထွက်လျှင်လည်း ကျွန်မကသာ မောင့်ဒီဇိုင်နာလုပ်ပေးရသည် ဝယ်ခြမ်းပေးရသည်…။

တအောင့်နေတော့ မောင်က ဖုန်းကဒ်ဖြည့်ပေးမည့် ကျွန်မကိုမျက်နှာလုပ်ကာ လက်ဆောင်ရထားသော လက်ကိုင်ပါသည့်ကြွေမတ်ခွက်အနက်လေးနှင့် ကျွန်မကြိုက်နှစ်သက်တတ်သောအရသာမျိုးဖြစ်သည့် ဆိမ့်ခါးလေးဖျော်ကာ ယူလာပေးသည်…။ ကော်ဖီခွက်လေးလှမ်းယူရင်း မောင့်ပါးကို အသည်းယားစွာ ဆွဲလိမ်လိုက်သည်..။ အသားဖြူတော့ မောင့်ပါးပြင်တွေ ပန်းရောင်သမ်းသွားသည်..။ “ အို… မောင် သိပ်နာသွားပြီလား ဟင်… ဥုံဖွ ဥုံဖွ” ပါးကိုလက်ဖဝါးနှင့်ပွတ်သပ်ကာ ရှုံ့မဲ့သွားသော မောင့်မျက်နှာဟာ ခုတော့လည်း အစ်မတစ်ယောက်ကို မုန့်ဖိုးရလို့ လာဖားနေသော မောင်ငယ်လေးနှင့်သာ တူနေတော့သည်…။

ဘယ်လောက်ချစ်စရာကောင်းသောလူလဲ…။ အငွေ့တထောင်းထောင်းထလျက်ရှိသော မောင်ဖျော်လာပေးသော ကော်ဖီနံ့လေးဟာ နှာဝသို့ ကလူကျီစယ်နေ၍ စိတ်မထိန်းနိုင်တော့ဘဲ ချက်ချင်း မော့သောက်ချင်လာတော့သည်…။ ကျွန်မကိုကြည့်ပြီး မောင်ကတစ်ချက်အသံထွက်ရယ်လျက်… ကျွန်မနားလာထိုင်ပြီး ကော်ဖီခွက်ကို ယူကာ မြန်မြန်အေးအောင် မှုတ်ပေးတော့သည်…။ ကျွန်မရဲ့မောင်က အဲသလိုကြင်နာတတ်သူလေး…။ ယုယတတ်သူလေး….။

“ရော့ ရပြီ…ခပ်နွေးနွေးလေးဖြစ်သွားပြီ ကော်ဖီသရဲမလေး သောက်တော့…” တဲ့..။

ကျွန်မဘေးမှာ ထိုင်နေသည့်မောင့်မျက်နှာလေးကို တဝကြည့်ရင်း ကော်ဖီခွက်လေးကို တကြိုက်ချင်းသောက်နေမိသည်…။

“ဘာကြည့်တာလဲ…လူကိုမမြင်ဖူးတာကျလို့” ..။

“ဘာလို့ကြည့်လဲ သိချင်လား…”

“အင်း…”


“လာခဲ့ ဒီနားကို….”

ကျွန်မနားကိုသူတိုးကပ်လာတော့…သူ့နားနားကို ခပ်တိုးတိုး ရွတ်လိုက်သည်..။

“ချစ်ဖို့ကောင်းလို့..”  မောင်က ဟက်ခနဲရယ်ရင်း ကျွန်မပခုံးကိုသိုင်းဖက်လိုက်ကာ ကျွန်မနဖူးပေါ်ဝဲကျနေသည့် ဆံစကိုငုံ့နမ်းလိုက်လေသည်…။
ကျွန်မတို့နှစ်ယောက်၏ ကော်ဖီခွက်နှင့် မျက်နှာစာမျက်နှာအဆုံးသတ်မှာ ချိုမြိန်သော မောင့်အနမ်းပွင့်များသာ ဖြစ်တော့သည်...။


မိုးငွေ့



5 comments:

Aunty Tint said...

အေးအေးချမ်းချမ်းလေးနဲ့ ကြည်နူးစရာ ဇာတ်အိမ်လေး မိုးငွေ့ရေ....

မေတ္တာဖြင့်
တီတင့်

ဆွေလေးမွန် said...

ကြည်နူးစရာဘ၀ အိမ်မက်..

သူကြီးမင်း (တုံးဖလား) said...

အားကျစရာအရမ်းကောင်းတဲ့ စုံတွဲလေး။

Iora said...

Sweet !
Iora

Thu said...

အားကျတာ :D