ကိုယ့်ကိုမောင်ထားသွားခဲ့တဲ့ တစ်နှစ်ကျော်ကာလဟာ သိပ်ကိုမြန်ဆန်လွန်းပါတယ် မျက်စိတမှိတ် လျှပ်တပြတ်လိုပါပဲ...။
ကိုယ့်စကားအသုံးနှုန်းကို မောင်ဖတ်မိရင်တော့ ခါးသီးတဲ့အပြုံးနဲ့ပြောလေမလားပဲ တကယ်တော့ ကိုယ်က ကျန်ရစ်ခဲ့သူမဟုတ်ဘဲ ထားရစ်ခဲ့သူပါ .....။
“ကိုယ်တို့ ဒီလိုလေးပဲဆက်နေသွားလည်းဖြစ်တာပဲ”လို့ ကိုယ်ပြောတုန်းက မောင့်မျက်ဝန်းတွေဆီက မျက်ရည်တချို့ စိမ့်အိုင်လာခဲ့တာ အံကိုတင်းတင်းကြိတ်ထားခဲ့တဲ့မောင့်မျက်နှာကို ကိုယ်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...။ပြီးတော့ဘာမှဆက်မပြောတော့ဘဲ ကိုယ့်ကိုကျောခိုင်း လှည့်ထွက် သွားခဲ့တာ... ကိုယ်ဘယ်လိုတားတားမရတော့တာ...။
“ ဇော်...မိုးအရမ်းချုပ်နေပြီ မမ ကားငှားပေးမယ် တက်စီနဲ့ပဲအိမ်ပြန်နော်..”
မောင့်လက်မောင်းကိုကိုင်ထားတဲ့ ကိုယ့်လက်တွေကို မောင်ကခါချပစ်ခဲ့လိုက်တယ်...။
“မလိုပါဘူး မလိုပါဘူးဗျာ...ခင်ဗျားကားငှားပေးမှ ကျွန်တော်အိမ်ပြန်တတ်တာမဟုတ်ဘူး ကျွန်တော့်အိမ်ကို ကျွန်တော်လမ်းလျှောက်ပြန်မယ် ဘာကားမှငှားပေးစရာမလိုဘူး...”
မောင်နေတဲ့မြို့နယ်နဲ့ ကိုယ်တို့မြို့နယ်က ဧရိယာခြင်းဆက်စပ်တယ်ဆိုပေမယ့် လမ်းလျှောက်ပြန်ရတဲ့အထိတော့မနီးပါဘူး...။ တက်စီငှားပြန်ရင်တောင် ထောင့်ငါးရာ နှစ်ထောင်လောက် ပေးရတဲ့နေရာပါ...။
အဲညတုန်းက မောင်ကိစ္စတစ်ခုခုကြောင့်နဲ့ စိတ်ညစ်ပြီး ကိုယ့်ဆီကို ညကိုးနာရီခွဲကျော် အချိန်ကြီးရောက်လာခဲ့တာ......။ အိမ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီးစကားပြော ကြရင်းကဖြစ်သွားတာ..။ မောင် ကိုယ့်ကို အကြိမ်ကြိမ် လက်ထပ်ခွင့်တောင်းထားခဲ့ပေမယ့် အင်းအဲမလုပ်တဲ့ ကိုယ့်ကို မောင်ကသူ့ကို မယုံကြည်လို့ အားကိုးနိုင်လောက်တဲ့ ယောက်ျားတစ်ယောက် မဟုတ်လို့ မမလောက်မတော်လို့လို့ အမျိုးမျိုးစွပ်စွဲခဲ့တယ်။
ခုတော့လဲ ကိုယ်တို့တွေ့ဆုံလာခဲ့တဲ့ သုံးနှစ်ကျော်မှာ ကိုယ်တစ်ယောက်တည်း တိတ်တဆိတ်ကလေးခေါ် တတ်တဲ့“မောင်”ဆိုတဲ့ အသုံးအနှုန်းကိုတောင်မှ မောင်က နားနဲ့စပ်စပ်မကြားခဲ့လိုက်ရဘူး...။ မောင့်ကို ကိုယ်ချစ်ပါတယ်....။ ဒါကိုလည်းမောင်အသိဆုံးပါ....။ ဒါပေမယ့်...မောင် ကိုယ်တို့နှစ်ယောက်ဟာ လက်ထပ်လိုက်ရတဲ့အထိ အသက်အရွယ်တွေက သိပ်ကိုကွာခြားလွန်းပါတယ်..။ ကိုယ့်ထက်အသက်ဆယ့်တစ်နှစ်လောက် ငယ်တဲ့ မောင့်ကို မောင့်အသိုင်းအဝိုင်းမှာရော ကိုယ့်အသိုင်းဝိုင်းမှာရော ကိုယ်ဘယ်လိုရင်ဆိုင်ရပါ့မလဲ......။
အချစ်မှာအကြောင်းပြချက်မလိုဘူးတဲ့ ကိုယ်ကြားဖူးတယ်မောင်……။
ဒါပေမယ့် ကိုယ့်အတွက်မဟုတ်ခဲ့ဘူး…။
“မမက ကျွန်တော့်ကို တကယ်ချစ်တာမှမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပဲဂရုစိုက်တာ ပတ်ဝန်းကျင်ကိုပဲ မမချစ်တာ...”
@@@@@
ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ နှုတ်ကဖွင့် မပြောခဲ့ဖူးဘူး....။ ဒါပေမယ့် ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေရစ်ပတ်နွယ်ငင်နေကြတာဟာ အချစ်တစ်ခုလို့ အလိုလိုသိနားလည်နေကြတာပါ...။
မောင်နဲ့ကမ်းခြေမှာ ဆုံပြီး လအတော်ကြာကိုယ်တို့ရင်းနှီးသွားတဲ့အချိန်မှာ ကိုယ်တို့အွန်လိုင်းမှာ ကိုယ်ပိုင်ဘလော့လေးတစ်ခုဖွင့်ခဲ့ကြတယ်...။ အဲဒီဘလော့လေးဟာ မောင်နဲ့ကိုယ်တို့နှစ်ယောက်တည်းသာ သီးသန့်ဖတ်ခွင့်ရှိတဲ့ နေရာလေးပေါ့..။ တကယ်ဘလော့မှာ စာတိုစာစလေးတွေ ခံစားမှုလေးတွေ အက်ဆေးအပိုင်းစလေးတွေကိုရေးသူက ကိုယ်ပေါ့....။ မောင်ကစာဖတ်သူ သက်သက်...။ မောင်စာလာဝင်ဖတ်ရင်တော့ စီဘောက်လေးထဲမှာ တခုခုရေးသွားတတ်တယ်...။ ခုတော့ ကိုယ်တို့ဘလော့မှာ ဖတ်သူရေးသူကိုယ့်တစ်ယောက်တည်းပေါ့...။ စီဘောက်မှာ နောက်ဆုံး မောင်မှတ်ချက်ရေးခဲ့တဲ့ နေ့စွဲက လွန်ခဲ့တဲ့ ဆယ့်ရှစ်လလောက်ကနေ့စွဲ...။ အဲနောက်ပိုင်း မောင်ရောက်မလာခဲ့ဘူးပေါ့ ဟုတ်လား... ဒါမှမဟုတ် မောင်ဆိုင်းလန့်ရီတာ တစ်ယောက်အနေနဲ့ လာဖတ်ဖြစ်တယ်မဟုတ်လား...။
မောင်နဲ့စဆုံခဲ့တဲ့ကမ်းခြေကို နှစ်တိုင်း အဲဒီအချိန်မှာ ကိုယ်အရောက်သွားဖြစ်ခဲ့တယ်.....။ ခုတစ်ခါက လေးကြိမ်မြှောက်....။ မြူမှုန်ဝိုးတဝါး နေခြည်နုနု သောင်ပြင်ဖွေးဖွေးနဲ့ ရေလိုင်းပြာပြာတို့က သူ့တို့တာဝန်အတိုင်း အလိုက်သင့်လေးစီးမျောနေကြပေမယ့် အပြောင်းလဲကြီး ပြောင်းလဲသွားတာကတော့ ကိုယ်တို့ပေါ့...မောင်...။ မောင်နဲ့ပထမဆုံးဒီနေရာလေးမှာ ဆုံဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီနေရာလေးဆီကို ကိုယ်တစ်ယောက်ထဲ အထီးကျန်စွာ နှစ်စဉ်ရောက်လာခဲ့ပေမယ့် ဒီတစ်ခါရောက်ရှိခြင်းကတော့ ပိုပြီး နာကျင်ခံခက်လွန်းပါတယ်...။ ခါတိုင်းနှစ်တွေမှာ မောင်မပါပေမယ့် မောင့်အလွမ်းတွေနဲ့ ကိုယ်နွေးထွေးခွင့်ရှိသေးတယ်... မောင်အသံတွေကို ဖုန်းကတဆင့်ကြားခွင့်ရှိသေးတယ်...။ ခုနေ ကိုယ်ဖုန်းခေါ်လိုက်ရင် မောင်ဘယ်လိုပြန်ဆက်ဆံမလဲ... ကိုယ့်ကို နာကျည်းစွာပြောဆိုပြီး ဖုန်းချလိုက်မလား..။ ဒါမှမဟုတ် ကိုယ့်ကို သူစိမ်းဆန်ဆန်နဲ့ စကားပြန်ပြောလေမလား...။ ခုမှဘာလို့ဖုန်းဆက်ရလဲလို့ ကိုယ့်ကို စိတ်ကောက်ဖို့မေ့လျော့ပြီး အားမလိုအားမရ မကျေနပ်တဲ့လေသံနဲ့ ပြောမလား......။
အို...မောင့်ကို ကိုယ်စိတ်ကူးယဉ်ခွင့်တောင်မရှိတော့ဘူးလား...။
“ကျွန်တော် မမကို ချစ်တာ စိတ်ကူးယဉ်ဖို့သက်သက်မဟုတ်ဘူး... မမနဲ့အတူနေချင်တာ မမကို ဘဝဖော်အဖြစ်လက်ထပ်ချင်တာ..”...။
ဟုတ်တယ်မောင်...မောင်ပြောတာမှန်တယ် ကိုယ်ကသာ မောင့်ကို စိတ်ကူးသက်သက်နဲ့ချစ်ခဲ့တာ... တကယ့်လက်တွေ့မှာ ကိုယ်သတ္တိတွေရှိမနေခဲ့ဘူး...။ ဒါဟာ မောင့်အပေါ်ချစ်တဲ့ ကိုယ့်အချစ်တွေ အစစ်အမှန်မဟုတ်ဘူးလို့ မောင်ယုံမှား သံသယဖြစ်စရာပဲလေ...။ ဒါပေမယ့်မောင်ရယ်... ထားလိုက်ပါတော့..။ ကိုယ့်ခံစားမှုကို မောင်ဒီတစ်သက် ဘယ်တော့မှလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး..။ မောင်နားလည်ဖို့လည်း ကိုယ်ဘယ်တော့မှ ကြိုးစားဖြစ်မှာ မဟုတ်တော့ဘူး.....။
မောင့်ကို ဖုန်းမဆက်ဖြစ်ပေမယ့် မောင့်ဆီ တစ်နှစ်ကို နှစ်ကြိမ်တော့ ကိုယ်ဖုန်းမက်ဆေ့ ပို့ဖြစ်ပါတယ်...။ မောင့်မွေးနေ့နဲ့ဒီဇင်ဘာ(၁)ရက်နေ့မှာလေ....။ နောက်ထပ်ရောက်လာမယ့် မောင့်မွေးနေ့တွေ ဒီဇင်ဘာ(၁)ရက်နေ့တွေကို ကိုယ်မက်ဆေ့ဆက်ပို့နေလို့ သင့်လျော်ပါဦးမလား…။ ကိုယ်နဲ့အချိန်အကြာကြီးဝေးကွာသွားပြီဖြစ်တဲ့ မောင့်ဘေးမှာ မောင့်ကိုနားလည်ခွင့်လွတ်တဲ့ နူးညံ့သိမ်မွေ့တဲ့
မောင့်ကိုချစ်တဲ့ မိန်းကလေးတစ်ယောက် ရှိမလာဘူးလို့ ဘယ်သူပြောနိုင်လဲ…။ အဲဒီအခါ ကိုယ်ပို့တဲ့မက်ဆေ့ချ်တွေဟာ မောင့်အတွက် မောင်တို့အတွက် အနှောက်ယှက်တစ်ခုဖြစ်သွားမှာ စိုးမိတယ်…။ မောင်နဲ့ပတ်သက်ပြီး ကိုယ်အလွမ်းပြေလုပ်နိုင်မယ့် အလုပ်တစ်ခု ထပ်ပြီးလျော့သွားပါလားလို့ တွေးမိတဲ့အခါ ရင်ထဲဆစ်ခနဲနာကျင်သွားရတယ်….။ ကိုယ့်အတွက် မောင့်ကို အလွမ်းဖြေစရာ ကိုယ့်ခံစားချက်တွေကို ချရေးဖြစ်နေတဲ့နေရာ ဘလော့တစ်ခုပဲ ကျန်ခဲ့တော့တယ်…။ ဒါလေးတစ်ခုတော့ ထာဝရတစ်သက်သာ လက်ဆောင်တစ်ခုအဖြစ် ထားခဲ့ပေးပါမောင်…။
ဒီနှစ်ကစပြီး ကိုယ် ….မောင့်ကို မက်ဆေ့ချ်တွေမပို့တော့ပါဘူး….။ ဒါပေမယ့်မောင်… ကိုယ်..မောင့်အပေါ်ဘယ်လောက်လွမ်းဆွတ်တသနေသလဲလို့ သိချင်တဲ့အခါ ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘလော့လေးဆီကိုလာခဲ့ပါ…..။ ကိုယ်မသိအောင်မောင်တိတ်တဆိတ်လာလည်နိုင်ပါတယ်။ ကိုယ့်ခံစားချက်တွေကို လာကြည့်နိုင်ပါတယ်….။ မျက်ရည်တွေနဲ့သီထားတဲ့ စကားလုံးတွေ အလွမ်းကဗျာတွေ ညွှတ်နူးကျွမ်းမြေ့စရာအက်ဆေးလေးတွေကို မောင်လာဖတ်လှည့်ပါ…..။ သူတို့ဟာ ကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်ပန်းချီကားချပ်တစ်ချပ်ပါ….။
အထူးသဖြင့် ကိုယ့်အတွက် အလွမ်းဒဏ်တွေသင့်နေတဲ့ ပန်းချီကားလေးတစ်ချပ်ပါမောင်…….။
မိုးငွေ့
8 comments:
ဘလော့ရွာကိုခြေဆန့်ရင်း ရောက်ခဲ့တယ် မိုးငွေ့ရေ.. အလွမ်းသင့်ပန်းချီလေးကြောင့် ဆွေးသွားတယ်...
မေတ္တာဖြင့်
တီတင့်
ညီမမိုးရဲ့ အရေးအသားတွေ ကောင်းသထက်ပိုပြီး ကောင်းလာတယ်...၊း)
အခု ဒီတစ်ပုဒ်ကလည်း အစကနေအဆုံးထိကို ညက်ညက်ညောညောနဲ့ ဆွဲခေါ်သွားနိုင်ခဲ့တယ်၊ Carry on sis...!း)
အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို...း)
မမိုး က စာတွေအဆက်မပြတ် ရေးနေတယ်ဆိုတာ ခုဝတ္ထုလေးကနေ ပုံဖေါ်နေတာပဲ..
(စီးမျော သွားမိတယ် မမိုး.. လှပနူးညံ့တယ်.)
ချစ်တဲ့
သဒ္ဓါ
ဘကုန်းရွာကို အပြီးရွှေ့ခဲ့ပါပြီ ဒေါ်မိုးငွေ့ရဲ့...လောလောဆယ်တော့ ဖဦးထုပ်ရွာထဲက ပစ္စည်းလေးတွေ ထုပ်ပိုးပြီး သယ်နေတုန်း...း)
ဘကုန်းရွာကို အပြီးရွှေ့ခဲ့ပါပြီ ဒေါ်မိုးငွေ့ရဲ့...လောလောဆယ်တော့ ဖဦးထုပ်ရွာထဲက ပစ္စည်းလေးတွေ ထုပ်ပိုးပြီး သယ်နေတုန်း...း)
အသက်အရွယ်က ပဓာနမဟုတ်ပါဘူး။ နှစ်ဦးတူ တစ်သက်လုံး နားလည်မှု ရှိဖို့ကသာ အဓိကပါ။ နှစ်ဦးသား ချစ်ရဲ့သားနဲ့ ဘာဖြစ်လို့ ၀မ်းနည်းမှုတွေကို ရာသက်ပန် ပိုက်ထွေးနေမှာလဲ။
အရေးအသားလေးက နူးညံ့စွာ စီးဆင်းလို့။
အမ ..ပန်းချီကားလေးက တကယ်လွမ်းဆွေးရပါလားနော်...
Post a Comment