Thursday, 4 April 2013

ပန်းပွင့်လေးတွေလို မင်းရဲ့အသံတိတ်စကားတွေ.....


 




ကိုယ်….မင်းပြောတဲ့ ဘာသာစကားကို တတ်ကျွမ်းဖို့ ဘယ်နှစ်နှစ်ထိသင်ယူရဦးမလဲ……………….


အစိမ်းရောင်အလင်းတန်းကို ခဏကလေး ကိုယ်ကျောခိုင်းထားချိန်မှာပဲ မီးခိုးရောင်စဉ်တန်းတွေနဲ့ မင်းက စီးနှင်းဝင်ရောက်လာခဲ့တယ်….။ ကိုယ်လှည့်ကြည့်မိတဲ့အချိန်မှာ မင်းကိုမတွေ့ရတော့ဘူး…။ မင်းများပုန်းနေသလားလို့ ကိုယ်ရှာကြည့်မိသေးတယ် မင်းဆီက ဘာတုန်ပြန်မှုမှမရခဲ့ဘူး….။ မင်းပြောသွားတဲ့ အသံတိတ်စကားတချို့ကို ကိုယ်ဘာမှန်း အဓိပ္ပါယ်ဖော်လို့မရခဲ့ဘူး..။ ခုချိန်ထိတိုင် ကိုယ်ညံ့နေတုန်းပဲ အိန်ဂျယ်……။ 

အဖြူရောင်ကို ကိုယ်စားပြုထားတဲ့ မင်းပြောသွားတဲ့ စကားလုံးတွေက ကိုယ့်အမြင်အာရုံထဲမှာတော့ ရနံ့မွှေးမြမြနဲ့ အဖြူရောင်ပန်းပွင့် သေးသေးလေးတွေ ဖြန့်ကျဲထားသလိုပဲ….။ လပေါင်းများစွာ ကိုယ့်ကိုနာကျည်းပြီး မင်းထွက်သွားခဲ့တဲ့နောက်မှာ ပထမဦးဆုံး မင်းရဲ့နှုတ်ဆက်မှုက တိုးတိုးတိတ်တိတ် ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ကလေးရယ်…။ ဒီလိုနှုတ်ဆက်မှုကို တုန့်ပြန်ခွင့် မရခဲ့တာတော့ ဝမ်းနည်းစရာပဲ…..။

မင်းရောက်လာနိုးနိုးနဲ့ ကိုယ်အကြာကြီးစောင့်နေသေးတယ် …….. ဒီလိုနဲ့ပဲ ခေါက်ရိုးကျိုးနေပြီးတဲ့ နေ့ဟောင်းတွေလိုပဲ…. နေညိုညိုက ဒီနေ့တစ်ရက်ကို ထပ်ပြီး ဝါးမြိုသွားပြန်ပေါ့……။

နောက်ထပ်…တွေ့ချင်သေးတယ်….။                                           

ကောင်းကင်ယံက တိမ်တွေမငိုချခင်……. မင်းနဲ့ ကိုယ်ထပ်တွေ့ချင်သေးတယ်…။ 

တကယ်တော့… ကိုယ်ဟာ အတ္တကြီးသူတစ်ယောက်ပါ……။ ဟုတ်ပါတယ်…..မင်းရဲ့ ခံစားမှုကို နားလည်ဖို့မကြိုးစားဘဲ…. ကိုယ့်ခံစားမှုကိုသာ ရှေ့တန်းတင်ပြီး… ငိုပြနေတာလို့ မင်းစွပ်ဆွဲချင်ရင်တောင် ကိုယ်မငြင်းပါဘူး…။ ဒါပေမယ့် ကိုယ်ကို အပြစ်ဆိုလဲ ကိုယ်ခံပါ့မယ် ကိုယ့်မျက်ရည်တွေကို သီကုံးခွင့်ရနေတာကိုပဲ ကိုယ်ကကျေနပ်နေမိသူကိုးး…။

မင်း…ကိုယ့်ကို ပြောသွားခဲ့တဲ့ အသံတိတ်စကားတွေကို ကိုယ်တစ်ယောက်တည်း အဓိပ္ပါယ်မဖော်တတ်လို့ ကိုယ့်ကိုချစ်ခင်သော….မင်းကိုလည်း ချစ်ခင်သောသူများနဲ့အတူဝိုင်းပြီး အဖြေဖော်ပေးနိုင်အောင် ကိုယ် ဒီမက်ဆေ့ချ်လေးကို နုံးချိသောနှလုံးသားနဲ့ ပုံဖော်ခဲ့ခြင်းပါ….။

နောက်ဆုံးတော့ ကိုယ့်ကိုချစ်ခင်သော သူတစ်ယောက်ရဲ့ ခန့်မှန်းပေးမှုနဲ့ ကိုယ်သိခွင့်ရသွားခဲ့ပါတယ်…..။ မင်းပြောသွားတဲ့ အသံတိတ်စကားလုံးတွေဟာ ...
“မဆုံနိုင်တဲ့လမ်းကိုဆက်လျှောက်ရင် ဆူးညှောင့်ခလုတ်တွေ များလိမ့်မယ်”တဲ့…..။ မင်းပေးသွားတဲ့ မက်ဆေ့ချ်ဟာဘာလဲသေသေချာချာမသိပေမယ့် ဒီခန့်မှန်းချက်က အမှန်ဆိုတာ ကိုယ်သိနေတယ်…။ 

မဆုံနိုင်တဲ့လမ်းကို ကိုယ်လျှောက်နေတာမဟုတ်ရပါဘူးကွယ်….။ မဆုံနိုင်တဲ့လမ်း မဖြစ်နိုင်တဲ့ သူနှစ်ယောက်အကြောင်းကို ကိုယ်တတ်ကျွမ်းသော အနုပညာနဲ့ ခံစားနားလည်သလောက်ကလေးကို စကားလုံးတွေနဲ့ဖန်တီး တင်ပြနေချင်းသက်သက်ပါ…။


မိုးငွေ့


3 comments:

Yoemyaykya said...

မဆုံနိုင်တဲ့လမ်းမှာ ဆူးခင်းလမ်းဖြစ်ပါစေဦးတော့ ကိုယ်ကျေနပ်ရင်တော့ လျှောက်မှာမမရေ။စကားလုံးတွေနဲ့ ဖန်တီးပြခွင့်ရနေတာကိုက ကံကောင်းခြင်းတမျိုးပါပဲ။

မောင်သီဟ said...

မဆုံနိုင်တဲ့ မျဉ်းပြိုင်ဖြစ်နေစေဦးတော့ နီးကပ်နေမှုလေးတော့ရှိနေရင် ဖြေသိမ့်စရာလေးများ ရလေမလားပဲဗျာာာ



မောင်ဘကြိုင်း)

ညိမ်းနိုင် said...

လွမ်းစရာလေး....ဖတ်လိုက်ရတာ ရင်ထဲနုံးချိချိတောင်
ဖစ်သွားတယ် မမိုးရဲ့....