Saturday, 29 September 2012

ကော်ဖီရနံ့.....












 

ကိုယ်ကကော်ဖီခရေဇီတစ်ယောက်ဆိုတော့ စာအုပ်နာမည်လေးတွေ့တာနဲ့တင် တော်တော်လေးကြိုက်နေပြီ...။ ပြီးတော့ စာရေးဆရာတွေကလည်း တကယ့်ဒိတ်ဒိတ်ကျဲတွေချည်းပဲ...နောက်ဆုံးကိုယ့်သူငယ်ချင်း မမ၀သုန်ကိုယ်တိုင်ကိုက စာရေးအလွန်ကောင်းသူ...။ အက်ဆေးလှလှလေးတွေကို နှစ်သက်တတ်သူတွေ ၀ယ်သိမ်းထားဖို့ကောင်းတဲ့ စာအုပ်လေးတစ်အုပ်ပါ...။ လက်ဆောင်ပေးလို့လဲကောင်းတယ် ...။ တန်ဖိုးက 1500ကျပ်ပါ...။ (((ဟမ်))) .... ထုတ်လုပ်သူက ကိုယ့်ကို ကြော်ငြာခိုင်းထားတာ မဟုတ်ပါဘူးနော်...။ ကိုယ်ကိုယ်တိုင်က ကြိုက်နှစ်သက်လို့ ညွှန်းတာပါ..။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ အရေးအသားနဲ့ ဇာတ်လမ်းဖွဲ့စည်းပုံကလွဲလို့ ကျန်တာ အားလုံး ဒီဖက်ခေတ်အရေးအသား အတွေးအမြင်တွေပါ...။ စာရေးဆရာအယောက်စီတိုင်းရဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ ဇာတ်လမ်းလေးတွေကို ဘယ်လိုချစ်စရာ ကောင်းအောင် စွဲဆောင်မှုရှိအောင်ရေးထားသလဲဆိုတာ ကိုယ်တိုင်ဖတ်ရှုခံစား ကြည့်စေချင်ပါတယ်...။

တလောက ကိုဏီ(ဏီလင်းညို)နဲ့လိုင်းပေါ်မှာတွေ့လို့ စကားပြောဖြစ်တယ်...။ ကိုယ့်သူငယ်ချင်းပါတော့ ဒီကော်ဖီရနံ့စာအုပ်လေးကိုကြော်ငြာဝင်လိုက်သေးတယ်...။ ဒါနဲ့ သူလဲ ဘလော့ဂါဆယ်ယောက်နဲ့ စာအုပ်ထွက်ထားတယ်ဆိုတာပြောပြတယ်...။ သက်တံဆယ်စင်းတဲ့ စာအုပ်နာမည်လေးလှလိုက်တာ...။ မမြသွေးလဲပါတယ် ဖဘမှာ မမြသွေးတင်ထားတာတွေ့လို့သွားကြည့်လိုက်တာ...။ စာအုပ်ဆို အိမ်နဲ့နီးတဲ့ စီးတီးမတ်မှာပဲဝယ်နေကျဆိုတော့ အဲဒီစာအုပ်က စီးတီးမတ်မှာမတင်သေးဘူးတဲ့...။ ၀ယ်အားပေးဦးမယ်...။ ကိုဏီကပြောသေးတယ် မမိုးအရေးအသားလေးတွေလဲကောင်းတာပဲ မမိုးရေးတဲ့ အက်ဆေးလေးတွေဆို အရမ်းသဘောကျတယ်တဲ့...။ ဘလော့ဂါတွေ ဟိုတစ်စုဒီတစ်စုတော့ စာအုပ်ထုတ်နေကြတာပဲ...။ ဒါပေမယ့် ကိုယ့်စာတွေက စာအုပ်ထဲပါလောက်ဖို့အထိတန်းမ၀င်ပါဘူးဆိုတာ့ ကိုဏီက တန်းဝင်မ၀င်ဘာနဲ့တိုင်းတာ တာလဲတဲ့..။ အဟဲ...မင်္ဂလာပန်းခြင်းနဲ့လေလို့ နောက်လိုက်သေးတယ်..။ စာအုပ်တစ်အုပ်ထဲပါဖို့ဆိုတာ အရေးအသားကောင်းဖို့တစ်ခုတည်းနဲ့မပြီးဘူးလေ...ကိုယ်ရေးတဲ့အကြောင်းအရာဟာ စာဖတ်သူတွေရင်ထဲ စိမ့်ဝင်သွားမယ့် မက်ဆေ့ခ်ျတစ်ခုခုပေးခဲ့နိုင်မှကောင်းတာလေ... ကိုယ့်စာဟာ စာဖတ်သူအတွက် အဆိပ်အတောက်ဖြစ်သွားတာမျိုးဆိုမကောင်းဘူးမဟုတ်လား...။ ဆိုတော့... ဒီဘလော့မှာသာ ကိုယ်ကဘောင်လွတ်...ကိုယ့်ခံစားချက်အတိုင်းချရေးနေတာလေ...။ စာအုပ်ထဲကျတော့...အဲလိုရေးလို့ မရဘူ့း..။ အဲဒါ...အဲဒါတွေကြောင့်.......။ ပြီးတော့ စာအုပ်လုပ်ဖို့ လူအများနဲ့စကားများများပြောရမှာ အပေါက်အစေ့များရမှာကိုလဲ မလုပ်ချင်ဘူး..။ ဒီတော့ ဒီမှာပဲကောင်းတယ် ကိုယ်ရေးချင်တာ ရေးပြီးတင်မယ်...လွတ်လွတ်လပ်လပ်ပဲ...။ ဒီလိုဆိုတော့လဲ စာရေးတတ်လျက်နဲ့ စာအုပ်တစ်အုပ်တော့အမှတ်တရထုတ်သင့်တာပေါ့ နှမြောစရာလို့ပြောစရာရှိဦးမယ်...။ ကဲ..မခက်ပလား...။ ငယ်ငယ်တုန်းက ကျောင်းမှာ ကဗျာစာအုပ်ထုတ်ဖူးတယ် အဲဒီစာအုပ်ကိုစာအုပ်စင် ရှင်းရင်းက ပြန်တွေ့ထားတယ် အဲဒါခင်ဗျားတို့ကိုပြဦးမယ်...ကိုယ်ငယ်ငယ်တုန်းက မတတ်တခေါက်ရေးထားတဲ့ ကဗျာလေး...။ မမ၀သုန်လဲပါသေးတယ်...။


ဆရာမကြီးကြည်အေးရဲ့ နွမ်းလျအိမ်ပြန်တဲ့...။ အဲဒီစာအုပ်ကိုနာမည်ကြားဖူးတာ ကြာနေပြီ...။ ကော်ဖီရနံ့ကိုမှာထားတဲ့ ကိုညိမ်းနိုင်နဲ့ ညီရဲသစ်တို့အတွက် စာအုပ်သွားဝယ်ရင်းနဲ့ စာအုပ်စင်မှာ အဲဒီစာအုပ်ကလေးကိုတွေ့တာနဲ့ ၀ယ်လာဖြစ်ခဲ့တယ်...။ အဆုံးထိမဖတ်ရသေးဘူး...။ ဇာတ်လမ်းလေးကတော့ အဆုပ်ရောဂါသည်မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကိုရေးဖွဲ့ထားတာ....။ ထုံးစံအတိုင်း စစ်ပြီးခေတ်က မိသားစုတစ်ခုအိမ်တွင်းပြဿနာနဲ့ ညီအစ်နှစ်ယောက်ရဲ့ မတူညီတဲ့ အသွင်သဏ္ဍန်တွေကိုရေးထားတာ...။
 

မေတ္တာအားဖြင့်
မိုးငွေ့

Wednesday, 26 September 2012

အမှောင်ထဲက ရှိုက်သံ.....
























ရှိုက်သံ .........တိုးရာကနေ ကျယ်လာတယ်.....

အမှောင်ပိန်းပိတ်တစ်ခုထဲမှာထိုင်နေခဲ့တာ....ခုတော့ဘာမှမမြင်ရတော့ဘူး....။ ဘာမှမမြင်ရတဲ့ နေရာမှာနေရတာ သက်သာမလားလို့နေကြည့်တာ.....။ အမှောင်ရဲ့ အထီးကျန်အေးစက်နိုင်တဲ့ ခံစားမှုကကိုယ့်ရဲ့ ရှိုက်သံကို ပိုကျယ်လောင်လာစေခဲ့တယ်...။

ဘာမှ မမြင်ရလို့ ကိုယ့်ကိုယ်ကို မျက်စိဖွင့်ထားသလား မှိတ်ထားသလားတောင်မသိတော့....။

ကိုယ့်ဆံပင်ကို လက်နဲ့လာရစ်ခွေနေတဲ့ အတွေ့ကြောင့်လန့်ဖျတ်တုန်လှုပ်သွားတယ်...။ တပြိုင်နက်ထဲမှာ အလင်းဖျော့တစ်ခုကြောင့် တချိန်လုံးအမှောင်ထဲမှာနေထားတဲ့အတွက် အမြင်အာရုံတွေက အလင်းဖျော့ကို ခံနိုင်စွမ်းမရှိလို့ လက်နဲ့ခဏကာထားလိုက်မိတယ်...။ ကိုယ့်အမြင်အာရုံတွေ ပြန်လည် ကြည်လင်လာခဲ့တဲ့ တခဏမှာ...ကိုယ့်လက်ကိုလာဆုတ်ကိုင်တဲ့ နွေးထွေးတဲ့လက်တစ်စုံပိုင်ရှင်ကို မော့ကြည့်လိုက်တော့....... ........ ......။

အမြဲတမ်း အဖြူဆွတ်ဆွတ်အရောင်နဲ့မြင်နေကျမို့ ဒီတစ်ခါမင်းဝတ်ထားတဲ့ အနက်ရောင်ဝတ်ရုံကို ကိုယ့်မျက်စိတွေက အသားမကျသလိုဖြစ်နေတယ်....။ မင်းမျက်ဝန်းတွေက အေးစက်နေကြတယ်...မင်းနှုတ်ခမ်းတွေက ကျောက်သားတစ်ခုလိုပဲ မာကျောလို့...။
တော်ပါသေးရဲ့ နွေးထွေးတဲ့လက်တစ်စုံကတော့ အရင်တိုင်းရှိနေတုန်းပဲ....။

မင်းမျက်လုံးတွေကိုစိုက်ကြည့်နေရင်း  မျက်ရည်တွေပါးပြင်ပေါ်စီးကျလာပြန်တယ်...။
ကိုယ့်ပါးပြင်နှစ်ဖက်ပေါ်က မျက်ရည်စတွေကို လက်မနှစ်ဖက်နဲ့ခပ်ဖွဖွသုတ်ပေးနေပေမယ့် မင်းမျက်ဝန်းထဲက စကားတွေကို ကိုယ်အဓိပ္ပါယ်မဖော်တတ်ခဲ့ဘူး...။

ဖွဲမီးတစ်ခုလို တမြေ့မြေ့လောင်ကျွမ်းနေတဲ့ ကိုယ့်ရင်ဘတ်ထဲက ခံစားမှုကိုတော့ မင်းမြင်နိုင်မှာပါ....။

ဟင့်အင်း.... ကိုယ့်ကို တခဏတာအတွက်နဲ့တော့ လာမနှစ်သိမ့်ပါနဲ့....။
ခုချိန်မှာ...အရင်ကလို မင်းနာမည်ကို တကျော်ကျော်တမ်းတဖို့တောင် ကိုယ့်မှာ အင်အားမဲ့နေတာ..
ဟုတ်တယ်... ပြီးတော့ မင်းမကြိုက်တဲ့ နာမည်တစ်ခုကို အထပ်ထပ်အခါခါ တမ်းတချင်ပေမယ့် ကိုယ့်မှာ ၀ံ့ရဲမှုမရှိခဲ့တာပါ....။

အရင်လို ကိုယ့်ကိုအားအင်တွေပေးပါလား......
အရင်လို အတောင်ပံတစ်စုံနဲ့ နွေးထွေးမှုတွေပေးပါလား...
အရင်လို သံစဉ်လှလှတေးတွားလေးတွေ ညည်းဆိုပါဦးလား.........အိန်ဂျယ်

မိုးငွေ့


Monday, 24 September 2012

စီအိုင်အေ အာလူးကတ်သလိတ်ကြော်.....



အဟဲ...စီအိုင်အေပစ်ပစ်က အာလူးကတ်သလိတ်ကြော်နည်းလေးရေးပေးပါဆိုလို့ ခေါင်းစဉ်က အဲလိုလေးဖြစ်သွားတာပါ....။ အစကတော့ ရိုးရိုးကြော်နေကျ အာလူးကတ်သလိတ်ကြော်နည်းလေးပဲ ကြော်မလို့ပါပဲ လုပ်ရင်းနဲ့ အရှေ့နဲ့အနောက်တိုင်း ရောသွားတယ်...။ ဒါပေမယ့် အရမ်းစားလို့ကောင်းတယ် ထောပတ်နဲ့ အီတလီဟင်းခတ်နံ့လေးမွှေးနေလို့လေ...။ တချို့ကျတော့ အာလူးနယ်တဲ့အထဲကို ကြက်သွန်တို့ မဆလာထည့်တာရှိတယ်...။ အဲဒါမျိုးကျတော့ အိန္ဒိယလူမျိုးတွေရောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ တွေ့ရတတ်တယ်...။

ပါဝင်ပစ္စည်းများ

၁)အာလူးအလုံးကြီး လေးလုံး
၂)ကြက်ဥအကာတစ်လုံးနဲ့ ဂျုံမှုန့်
၃)နံနံပင်နုတ်နုတ်စင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း
၎)အီတလီဟင်းခတ်အမွှေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း
၅)ထောပတ်တစ်စင်တီမီတာအရွယ်တစ်တုံး
၆)ဆားနဲနဲ




အာလူးကိုမပြုတ်ချင်ရင် မိုင်ခရိုဝေ့ထဲ ရှစ်မိနစ်လောက်ထည့်လှည့်ပါ...။ အအေးခံပြီး အခွံခွာ ဇလုံတစ်ခုထဲမှာ လက်နဲ့မချေချင်ရင် သစ်သားကျည်ပွေ့နဲ့ကျေအောင်ချေပြီးသွားရင် ဆား နံနံပင် အီတလီဟင်းခတ်မှုန့်နဲ့ ထောပတ်ထည့်ပြီး စေးလာတဲ့အထိချေပေးပါ...။ အာလူးအနေတော်လုံးလေးတွေလုံးပြီး ဂျုံမှုန့်ကပ် အပြားလေးဖြစ်အောင်ဖိပြီး ပန်းကန်ထဲခဏစီထည့်ထားပါ။ ကျွန်မက မနက်မိုးလင်းထကြော်ဖို့ ရေခဲသေတ္တာထဲထည့်သိမ်းမှာဆိုတာ့ တစ်ခါတည်း အဖုံးရှိတဲ့ ဗူးလေးထဲကိုထည့်လိုက်တယ်..။




 ကြော်ခါနီးတော့ အာလူးတွေကို ကြက်ဥအကာထဲနှစ် ပေါင်မှုန့်ကြွပ်ကပ်ပြီး ဆီပူပူမှာ ရွှေဝါရောင်သန်းလာတဲ့အထိကြော်ပေးပြီး paper tower နဲ့စစ်လိုက်ရင်ရပြီ...။ ကြွပ်ကြွပ်ရွရွစားချင်ရင်တော့ ကြော်ပြီးတာနဲ့ တခါတည်း  ပူပူနွေးနွေးစားတာပိုကောင်းတယ်။ အချဉ်နဲ့တို့စားချင်ရင်တော့ မကျည်းချဉ်ရည်မလုပ်ချင်ရင် အလွယ်တကူ ငရုတ်ဆီနဲ့စားလို့ရပါတယ်...။


 

 ရုံးကိုဗူးနဲ့ထည့်ခဲ့တာ စားခါနီးတော့ပျော့နေပြီ ဒါပေမယ့်အရသာတော့သိပ်ကောင်းတယ် ထမင်းဆီဆမ်းပူပူလေးနဲ့စားတာ ဂွတ်၏...။


 



ဒီတစ်ပတ်က ဥပုသ်တနင်္ဂနွေကျတော့ သက်သတ်လွတ်က နှစ်ရက်ဆက်သွားတယ်...။ မနေ့ညတုန်းက အိမ်မှာသုပ်စားဖြစ်တဲ့ ပဲခြမ်းထမင်းသုပ်နဲ့ မှိုကြော်...။ ထမင်းပန်ကန်လုံးတစ်လုံးစာ ပဲခြမ်းကြော်(လက်ဖက်အကြော်) ထမင်းစားဇွန်းနှစ်ဇွန်း ဆီကျက်သုံးဇွန်း  ငရုတ်သီးကြော်ကြိုက်သလောက် ဆားနဲနဲ နဲ့ သံပုရာသီးတစ်စိပ်ရဲ့တစ်ဝက်ညှစ်ထည့် အားရပါးရနယ်ပြီး ပုံစံခွက်လေးထဲထည့် ကိုယ်စားမယ့် ပန်းကန်ပေါ်ပြန်မှောက်ထည့် အိမ်မှာရှိတဲ့ အသီးအရွက်တွေနဲ့အလှဆင် အိုကေပြီ...။ 


မိုးငွေ့


Saturday, 22 September 2012

သော့တစ်ချောင်းကောက်ရတဲ့ ကောင်လေး(၂)




“ကြမ္မာမြူခိုး” ....တဲ့


နာမည်လေးကြားရတာနဲ့တင် တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ...။ ကြော်ငြာဘုတ်က အနက်ရောင်နောက်ခံမှာ အဖြူရောင်စလုံးထင်းထင်းကို ဖတ်ပြီး အောက်ဖက်က နာမည်ကိုဆက်ဖတ်ဖို့ အားအင်တွေကို စုတ်ယူခံလိုက်ရသလိုပဲ...။

ဒီပြပွဲလေးအကြောင်းကို လွန်ခဲ့တဲ့အပတ်ထဲက ကျွန်မကြားနေရတာပါ...။ ခုမှသာ ကြော်ငြာဘုတ်ရှေ့တည့်တည့်ကို ကိုယ်တိုင်ရောက်လာခဲ့တာ...။ ဒီကော်ဖီဆိုင်ရှေ့မှာ ကြော်ငြာဘုတ်ရှိတယ်ဆိုလို့... ဒီနေ့ရုံးအပြန်ကို ကော်ဖီလည်းသောက်မယ် သူ့ကြော်ငြာကိုလည်းကြည့်ချင်လို့ တမင်လာခဲ့တာ...။ တစ်နှစ်ကျော်အတွင်း သူတစ်ကိုယ်တော်ပြပွဲမလုပ်ဖြစ်တော့တာ ဒီတစ်ပွဲကတော့ သူ့ရဲ့ဒုတိယခြေလှမ်းတစ်ခု...။ ကြိုကြားကြိုကြားတော့ အုပ်စုလိုက်ပြပွဲလေးတွေလုပ်ဖြစ်နေတာကို သူနဲ့အဆက်အသွယ်သိပ်မရှိတော့ပေမယ့် စာစောင်တွေထဲကတော့ ဖတ်နေရတာပါပဲ...။ သူနဲ့ကျွန်မ တခါတရံအွန်လိုင်းမှာတော့ စကားပြောဖြစ်ပါတယ်...။ အရင်ကတော့ စကားပြောမစိပ်တော့တာပဲရှိတာ...။ ပြီးတော့ ကျွန်မ အရင်ရပ်ကွက်မှာ မနေဖြစ်တော့တာလည်းပါတယ်...။


ကျွန်မသူ့ကြော်ငြာဘုတ်နဲ့ အနီးဆုံးစားပွဲခုံကိုရွေးထိုင်လိုက်...။ ဒီတစ်ခါ သူ့ပြပွဲက အရင်တစ်ခါဟိုတယ်မှာမဟုတ်ဘဲ... နိုင်ငံခြားသားတွေ အသွားအလာများတဲ့ ဗိုလ်ချုပ်ဈေးဘေးက FMI မှာပါ..။

သူ့ပြပွဲနာမည်လေးကို ကော်ဖီတစ်ခွက်နဲ့မြည်းရင်း အဲဒီနေ့က နေ၀င်ချိန်ကို ကုန်ဆုံးစေခဲ့တယ်..။


++++++++++++++



သူ့ပြပွဲက ရုံးပိတ်ရက်တနင်္ဂနွေနေ့မှာဆိုတော့ သွားကြည့်ရမှာ အဆင်ပြေနေတယ်...။ သူ့ရဲ့ တကိုယ်တော် ပြပွဲလေးမှာ ကျွန်မလဲ အခါတိုင်းလိုပဲ တစ်ကိုယ်တော်သွားကြည့်ဖြစ်ခဲ့တယ်....။ ကျွန်မမှာ အဲလိုကျွန်မနဲ့ဝါသနာတူ သူငယ်ချင်းတွေသိပ်မရှိ ပြီးတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်သွားနေကျမို့ ကိုယ့်ဘေးနားမှာ တစ်ယောက်ယောက်ပါနေရင်တောင်မှ အားနာနေရဦးမယ်မယ်...။


ဓါတ်ပုံပြပွဲဆိုတော့ မော်ဒယ်ရှိုးမှမဟုတ်ဘဲ ထူးခြားတဲ့ အပြင်အဆင်သိပ်မလို... ။ ခန်းမလျှောက်လမ်းအတိုင်း နံရံတွေမှာ ပုံလေးတွေချိတ်ဆွဲလိုက်ရုံလေ...။ ရိုးစင်းတဲ့ပုံစံဟာ ဘယ်တော့မှမရိုးဘူးဆိုတာမျိုးပေါ့....။ လူတော်တော်များများရောက်နေကြပြီ....။ နံရံက ဓါတ်ပုံတွေကို တစ်ဘက်စီအသွားအပြန်နဲ့ စနစ်တကျ တိတ်ဆိတ်စွာကြည့်နေကြတာ...။ လေအေးစက်က အေးစိမ့်မှုနဲ့တိတ်ဆိတ်မှုတို့က ကမ္ဘာတစ်ခုကိုရောက်နေသလိုမျိုးလေး ခံစားရတယ်...။ မီးအရောင်ကို ခပ်မှိန်မှိန်ကလေးပဲထွန်းထားပေးတယ်..။


ပထမဆုံးကြည့်လိုက်တဲ့ ပုံလေးက မီးရထားလမ်းလှိုဏ်ခေါင်းပုံလေးပါ...။ လှိုဏ်အတွင်းကနေ အပြင်ဘက်လင်းကိုလှမ်းရိုက်ထားတဲ့ အမှောင်တစ်ဝက်အလင်းတစ်ဝက် အနေအထားမျိုး ဒီပုံလေးကိုကြည့်ရတာ ခြောက်ကတ်ကတ်နိုင်လှတဲ့ ခံစားမှုမျိုးကိုရစေတယ်...။ အရောင်က ကြေးနီရောင်လိုလို ၀ါကျင့်ကျင့်လိုလိုနဲ့....နွေရာသီတစ်ခုကို ခံစားလိုက်ရတယ်...။ နောက်တစ်ပုံက အမှောင်ထဲက ထွန်းညှိမထားတဲ့ ဖန်မီးသီးတစ်လုံး...အဲဒီပုံအောက်မှာ “တစ်ယောက်တည်းအထီးကျန်”လို့ရေးထားတယ်...။

မဲမှောင်နေတဲ့ ထရံပေါက်သေးသေးလေးတွေထဲက အလင်းတွေထိုးဖေါက်ဝင်နေတဲ့ပုံကတော့ “ဘ၀ကမှောင်မိုက်နေတာ အချစ်ဆိုတာ အမှောင်ခန်းရဲ့ ဟိုးးအပြင်ဖက် စိတ်ကူးယဉ်ခန်းရဲ့ တနေရာမှာထားခဲ့မိတယ်” တဲ့...။ အမှောင်ထုကို ခွင်းထားတဲ့ အနီရောင်ဖရောင်းတိုင်လေးကတော့ပြောတယ် “ကိုယ်ပိုင်အလင်းရောင်ရှိပါစေ” တဲ့...။ ဒီပုံလေးကိုလည်း သဘောကျမိတယ်... ကြည့်လိုက်ရင် စိတ်ထဲ တိမ်းညွှတ်လွမ်းမောဖွယ်လေး ခံစားရတယ်... ညအရောင်လေး မီးခိုးပြာပြာလေးနဲ့ တောင်တန်းတွေကြားမှာ မြူခိုးတွေနဲ့ ကောင်းကင်ယံမှာသာနေတဲ့ ငွေလမင်းကြီး...။
ဘာမှ ပြုပြင်ပြောင်းလဲမထားတဲ့ မူလအရောင်လေးအတိုင်း...။

အနက်ရောင်ပိန်းပိတ်နေတဲ့ ကောင်းကင်နောက်ခံနဲ့ ထင်းကခနဲ ခဲသားရောင်အလင်းမှုန်တွေစုစည်းနေတဲ့ လပြည့်လပုံလေး “နီးစပ်မှုမရှိဘဲ ဖမ်းဆုပ်လိုက်မိတဲ့ အလင်းတစ်ခု” တဲ့...။ ကျမလေ သူ့ပုံလေးတွေကိုကြည့်ရတာ အဲလို စာသားလေးတွေရေးထားတတ်တဲ့ သူ့အတွေးစုလေးတွေကို ပိုသဘောကျမိလို့ပဲ...။ ပုံချည်းပဲ ကြည့်နေရရင်တောင် သူ့ပေးချင်တဲ့ မက်ဆေ့ခ်ျကိုယူတတ်မှာမဟုတ်ဘူး။
နွေနေပူပူအောက်က ဆုပ်ကိုင်ထားတဲ့ ကောင်လေးနဲ့ကောင်မလေး လက်တစ်စုံ “တွဲလက်များ”။
“ပန်းပွင့်များ၏နိဂုံး” မြက်ခင်းပေါ်မှာ ကြွေကျနေတဲ့ အဖြူရောင်ပန်းပွင့်ခပ်နွမ်းနွမ်းတွေကို focus ယူထားတဲ့ ပုံလေး....။ အဲဒီပုံကိုကြည့်ပြီး ကျရှုံးသွားတဲ့ နတ်သမီးလေးများလို့တောင် နာမည်ပေးလိုက်ချင်သေးတယ်..။

ဒီတစ်ခေါက်သူရိုက်တဲ့ ပုံတွေက အရောင်ခပ်မှိုင်းမှိုင်းတွေများတယ်...။ စိတ်ကို မှုန်မှိုင်းသွားစေတဲ့ ခံစားမှုမျိုး လွမ်းမောသွားစေမယ့် ခံစားမှုမျိုးပေးစွမ်းတယ်...။ ပြပွဲခေါင်းစည်းလေးအတိုင်းပါပဲ....။

“အစ်မ ကော်ဖီသောက်ပါဦး....” ပုံထဲကို နစ်မျောနေတုန်း အနောက်ဖက်ကအသံကြောင့်လှည့်ကြည့်တော့ လက်ထဲမှာ ကော်ဖီခွက်နှစ်ခွက်နဲ့ သူ....။ အခါတိုင်းလိုပဲ သေသပ်နေတဲ့ ခေါက်ရိုးမရှိတဲ့ အနက်ရောင်ရှပ်အကျီင်္ကို မိုးပြာရောင်ဂျင်းပျော့ပျော့ဘောင်းဘီနဲ့ ကြည့်ရတာ ပိုပြီး နုပျိုလတ်ဆတ်နေတယ်..။ ဒါပေမယ့် သူနဲနဲကလေးတော့ ပိန်သွားတယ်...။

“ကျေးဇူး” သူ့လက်ထဲက ကော်ဖီခွက်ကိုလှမ်းယူလိုက်တယ်....။ 
“ကွန်ဂရက်ကျူရေးရှင်းနော် ပြပွဲလေးအတွက်...”
“ကျေးဇူးပါအစ်မ ကျွန်တော်မဖိတ်ဘဲလာအားပေးတဲ့အတွက်...ပြီးတော့ အစ်မနဲ့ တစ်ရက်အေးဆေးစကားပြောချင်သေးတယ်... ခုနောက်ပိုင်း အစ်မလဲ စာရေးကျဲနေတယ်နော်..”
“ဟုတ်တယ်...အလုပ်လဲများနေလို့ အဲဒီဖက်ကို အာရုံမထားနိုင်သေးတာနဲ့ ရေးလက်စတွေကို ရပ်ထားရတယ်...”
တစ်နှစ်ကျော်အတွင်းမှာ သူပိုပြီး လူကြီးဆန်လာတယ် ပိုပြီးရင့်ကျက်လာတယ်....။ ဒါပေမယ့် သူ့မျက်ဝန်းတွေက သူ့ဓါတ်ပုံတွေလိုပဲ မှုန်မှိုင်းတဲ့အရောင်တွေကိုမြင်နေရတယ်...။
“အလုပ်ကြိုးစားတာလဲ ကြိုးစားတာပေါ့ ကျန်းမာရေးလဲဂရုစိုက်ဦး မင်းအလုပ်ပင်ပန်းလို့ထင်တယ် နဲနဲပိန်သွားတယ်...”
“ဟုတ် ကျွန်တော်...ခရီးတွေဆက်တိုက်ထွက်နေရလို့ပါ...location ကောင်းကောင်းတွေကိုလိုက်ရှာနေရတာလေ ဒီပြပွဲအတွက် နယ်ထွက်ရတာတွေကြောင့်ပါ... ပုံတော်တော်များများက ရိုက်ထားတာ သိပ်မကြာသေးဘူးလေ.. ဟိုနားက လပြည့်ပုံက မနေ့ညတုန်းကမှရိုက်လိုက်တာ ၀ယ်ထားတဲ့ ကင်မရာအသစ်ကိုစမ်းရင်းနဲ့လေ...”

ခုမှသတိထားလိုက်မိတယ် ဧည့်သည်တွေက ကျွန်မရောက်ခါစကထက် ပိုများလာတယ် လျှောက်လမ်းမှာ အသွားအလာရှောင်နေရပြီ...။


“လုပ်စရာရှိတာလုပ်ပါ...တို့အေးဆေးကြည့်ပါဦးမယ်...” ...။


“အေးဆေးနော် အစ်မ စီးယူ...”


လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက လမ်းကြားလေးတစ်ခုမှာ လွယ်အိတ်ခပ်ကြီးကြီးလွယ်ပြီး ဆံပင်ကောက်ကွေးလေးနဲ့ သတင်းထောက်လိုလို ဘာလိုလိုကောင်လေးတစ်ယောက်က ခုတော့ အောင်မြင်မှုတွေရနေတဲ့ လူငယ်ဓါတ်ပုံဆရာတစ်ယောက် ရင့်ကျက်နေပြီဖြစ်တဲ့ ယောက်ကျားတစ်ယောက်ဖြစ်နေပြီ....။



++++++++++++++



ဒီကော်ဖီဆိုင်လေးထဲမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူနဲ့အတူသောက်ခဲ့ဖူးတယ်....။ ကျွန်မကို သူအဆင့်ကျော်ပြီး ရည်းစားစကားပြောခဲ့ဖူးတယ်....။ သူစိတ်မကောင်းတဲ့ အဖြေတစ်ခုကို ကျွန်မပေးခဲ့ဖူးတယ်...။ အဲဒီနောက်.... ကျွန်မတို့ အဆက်အသွယ်မရှိခဲ့ကြတော့ဘူး....။


ကျွန်မရောက်ပြီး ငါးမိနစ်လောက်မှာပဲ သူရောက်လာတယ်...။ စားပွဲပေါ်ကို အဖြူရောင်ကြွေပန်းအိုးလေးတစ်လုံးသူတင်လိုက်တယ်...။
“အစ်မအတွက် ကျောက်နှင်းဆီပန်းအိုးလေး ကျွန်တော်လက်ဆောင်ပေးတာ....”
ဓါတ်ပုံဆရာတစ်ယောက်ဆီက...သူ့လက်ရာ ဓါတ်ပုံတစ်ပုံမဟုတ်ဘဲ နှင်းဆီပန်းအိုးလေးတစ်လုံးလက်ဆောင်ရလိမ့်မယ်လို့ စိတ်တောင်မကူးဖူးဘူး...။
“ကျေးဇူး...တို့ဒီကျောက်နှင်းဆီလေးလိုချင်နေတာ ဘယ်လိုသိလဲ...”
“ဒီလိုပါပဲ စိတ်ချင်းဆက်နေလားမှမသိတာ...” သူက အပြုံးစစနဲ့ ကျွန်မကိုပြန်ပြောတယ်...။
ဟိုတစ်ခါတုန်းကလိုပဲ ကျွန်မက နှင်းဆီလက်ဖက်ရည်ကြမ်းတစ်အိုးမှာတယ်...ချိစ်ကိတ်တစ်စိတ်မှာတယ်။
သူက ကော်ဖီမိုခါးတစ်ခွက်နဲ့ ဘလူးဗယ်ရီတာ့တစ်ခု...။

အဲဒီနေ့က ကျွန်မတို့စကားဝိုင်းမှာ... သူ့ဓါတ်ပုံအကြောင်းတွေတော်တော်များများပြောဖြစ်ခဲ့ကြတယ်...။

သူ့ဓါတ်ပုံထဲက သူ့ခံစားချက်တွေအကြောင်းကိုတော့ ကျွန်မမစပ်စုလိုက်တော့ပါဘူး...။
သူနဲ့စကားပြောတော့မှ သူအပြောအဆိုတွေဟာအရင်လို ကလေးမဆန်တော့ဘဲ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်ကြောင်း ပိုသာပေါ်လွင်နေတယ်...။ ကျွန်မထက်စာရင် သူ့အနာဂတ်က အရှည်ကြီးကျန်ပါသေးတယ် သူဝါသနာပါရာ သူပျော်မွေ့ရာမှာနေရတာဟာပိုပြီး ငြိမ်းချမ်းနေပါလိမ့်မယ်..။
သူ့ရဲ့အလုပ်ပြီးတော့ သူ့အနာဂတ်သူ့ကိုယ်ပိုင်ဘ၀လေးအတွက် သူအတွက်သင့်လျော်မယ့် သူချစ်မြတ်နိုးနိုင်မယ့် သူနဲ့ဘ၀တစ်သက်သာလက်တွဲမယ့် အဖော်မွန်တစ်ယောက်ကို သူဆုံတွေ့ရဦးမယ်လေ.....။  

ကျွန်မကတော့ ကျွန်မနေရာမှာငြိမ်ငြိမ်ကလေးရပ်ပြီး ကျွန်မချစ်တဲ့စာတွေနဲ့ သက်ဆုံးတိုင်နေသွားမယ့်သူမို့ ဘာမှ ထွေထွေထူးထူးမရှိတော့ပြီ...။

တစ်သက်သာအတွက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ကျွန်မတို့အမြဲရှိနေကြမှာပါ....။


ပြန်ဖတ်ချင်သူတွေအတွက် ဒါကအရင်ပို့စ် 'သော့တစ်ချောင်းကောက်ရတဲ့ ကောင်လေး...


မိုးငွေ့

Thursday, 20 September 2012

ညှပ်ခေါက်ဆွဲကြော်နဲ့ ခေါက်ဆွဲလိတ်ပေါင်း.....


 အမှန်တော့ နောက်နေ့လုပ်စားမယ့် ခေါက်ဆွဲလိတ်အတွက် ၀ယ်လာတဲ့ ခေါက်ဆွဲအနားသားတွေကို ညှပ်ထုတ်ပြီး အသားမပါ ကြက်ဥနဲ့ပဲကြော်ထားတဲ့ ညှပ်ခေါက်ဆွဲအချိုကြော်လေးပါ...။ သက်သတ်လွတ်စားတဲ့ သူတွေစားလို့ရပါတယ်...။ ညှပ်ခေါက်ဆွဲကို ပဲငံပြာရည်အနောက်အကြည်နဲ့ ဆား သကြားနဲ့ ငရုတ်ကောင်းနယ်ထားလိုက်ပါတယ်...။  ဒယ်ထဲကို ဆီနှစ်ဇွန်းလောက်ထည့်ပြီး ဆီပူလာရင် ကြက်ဥတစ်လုံးဖေါက်ထည့်မယ် ကြက်ဥနဲနဲကြက်လာရင် ခေါက်ဆွဲထည့်ကြော်မယ် သုံးမိနစ်မွှေပြီးတာနဲ့ ပန်းကန်တစ်ခုထဲပြန်ထည့်ထားပါ...။ပြီးတာနဲ့ ဒယ်ထဲကို ဆီတစ်ဇွန်းထည့် ကြက်သွန်ဖြူ နှစ်မွှာဓါးပြားရိုက်ကိုဆီသတ်ပြီး ကြက်သွန်ဖြူရွှေဝါရောင်သန်းလာရင် လှီးထားတဲ့ဥနီကိုထည့်ကြော်ပါ...။ဥနီကြက်ရင် ခုနက ခေါက်ဆွဲနဲ့ကြက်ဥကြော် ထားတာကို ရောမွှေလိုက်ပါ...။ ငရုတ်သီးစိမ်းကြိုက်ရင်ထည့်ကြော်လို့ရပါတယ်...။ ထိုင်းစတိုင်လ် ဖတ်စအျူ့လို့ခေါ်တဲ့ ညှပ်ခေါက်ဆွဲခရုဆီကြော်ကို သက်သတ်လွတ်ကြော်ထားတာပါပဲ...။



 


ညှပ်ခေါက်ဆွဲလိတ်ပေါင်းနဲ့တွဲစားရမယ့်အချဉ်ရည်လုပ်နည်းလေးက လွယ်လွယ်လေးပါ ကြက်သွန်ဖြူငါးမွှာနဲ့ ငရုတ်သီးကြိုက်သလောက်ကို ဆုံထဲမညက်တညက်ထည့်ထောင်းပြီး သံပုရာသီးတစ်လုံးညှစ်ထည့် ငါးငံပြာရည်ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဖျော်လိုက်ရင် သံပုရာသီးနံ့မွှေးနေတဲ့ချဉ်ချဉ်စပ်စပ်အရသာရပြီ။

 ခေါက်ဆွဲလိတ်ထဲထည့်ရမယ့်အစာတွေက

ကြက်သား     ၁၀၀ဂရမ်
ပုစွန်            ၈ ကောင်
ကြက်ဥ         ၁ လုံး
ကြက်သွန်နီ    ၁လုံး
ကြက်သွန်ဖြူ  နှစ်မွှာ
မုန်လာဥနီ အလုံးတစ်ဝက်
ပဲငံပြာရည်အကြည်စားပွဲဇွန်း နှစ်ဇွန်း
ကြက်သားမှုန့်  စားပွဲဇွန်း တစ်ဇွန်း
သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
ဆားနဲနဲ
ပဲဆီ  စားပွဲဇွန်းနှစ်ဇွန်း




ခေါက်ဆွဲပေါင်းအစာစလုပ်ပါမယ်....။ အရင်ဦးဆုံးကြက်သားနဲ့ပုစွန်ကို အစာပလာတွေထည့်ပြီး နယ်နှပ်ထားမယ်...။ ကြက်ဥကိုနာနာမွှေပြီး ဆီပူပူမှာ အပြားချပ်လေးဖြစ်အောင်ကြော်ပြီး သေးသေးပြန်လှီးထားမယ်...။ ပြီးတာနဲ့ ကြက်သွန်ဖြူနီနဲ့ ကြက်သွန်ပင်ကိုမွှေးအောင်ကြော်ပြီး ဥနီကိုထည့်မယ် ဥနီနဲနဲနွမ်းလာတာနဲ့ ကြက်သားနဲ့ပုစွန်ထည့်ကြော်မယ် ...အရည်ခြောက်သွားတဲ့အထိကြော်ပေးပြီး အိုးချခါနီးကြက်ဥထည့်မွှေလိုက်ရင် ခေါက်ဆွဲထဲထည့်လိတ်မယ့်အစာရပါပြီ....။ ညှပ်ခေါက်ဆွဲဝယ်ရင် လေးဒေါင့်ကျကျလုပ်ထားတဲ့ ဆန်ညှပ်ခေါက်ဆွဲကိုရွေးဝယ်ရင် အစာသွတ်လိတ်တဲ့အခါမှာပိုလွယ်ကူပါတယ်။ လိတ်ပြီးသားခေါက်ဆွဲတွေကို ကြွေပန်းကန်ထဲစီထည့်ပြီး ရေဆူတဲ့ပေါင်းချောင်အိုးထဲ သုံးမိနစ်လောက်ပေါင်း ဒါမှမဟုတ် မိုင်ခရိုဝေ့ထဲ နှစ်မိနစ်လောက်လှည့်ပြီးရင် အချဉ်ရည်လေးနဲ့ စားသုံးလို့ရပါပြီ...။


မိုးငွေ့


Monday, 17 September 2012

စားချင်စဖွယ်လေးတွေ.....

ပင်လယ်စာအစုံ အိုးပူတိုက် (Market Place အောက်ထပ်က Rose မှာ)


ထိုင်ဝမ်မုန်ညင်းနဲ့ မှိုကြော်


ဘဲကင်ထမင်း


ထိုင်းငပိထမင်းကြော်(ဒဂုံစင်တာ၂ အောက်ထပ်က)


အမေရိကန်ထမင်းကြော်(ဒဂုံစင်တာ၂အောက်ထပ်က)


  အချိုတည်းဖို့ ဒူးရင်းသီးကိတ် အရမ်းးးး စားကောင်းတယ် အထဲမှာ ခရင်မ်နဲ့ဒူးရင်းသီးအသားကိုထည့်ထားတာ (ရန်ကုန်မှာ တစ်ဆိုင်တည်းမှာပဲရနိုင်တယ် Chew Q ထိုင်းစားသောက်ဆိုင်မှာပါ)


လန်းသွားအောင် မက်မွန်လက်ဖက်ရည်အေးလေးသောက်ပါဦး ပြီးတော့ ခံတွင်းရှင်းမယ့် ပီကေမွှေးမွှေးလေးတွေ


ဝက်+ကြက် နှစ်မျိုးရောကြော်ထားတဲ့ အသားလုံးကြော် (ဒါက ဟုမ်းမိတ်လေးပါ)


Junction Square Chewing Junior မုန့်ဆိုင်က ကော်ဖီလာတေးအပူတစ်ခွက် နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်ကတော့ လက်သီးကော်ဖီတဲ့း)


(နင့်အသက်ငါ့ပေးဆရာကြီးညိမ်းနိုင်ရဲ့ ကာဖီချီးညို) ကာပါစီနိုတစ်ခွက်


ရိုးရိုးကော်ဖီအပူတစ်ခွက်


cheese chewing puff


Almond chewing puff


Scoot ရေခဲမုန့်ဆိုင်က swiss choco ရေခဲမုန့်


Fish Fry and Salad


ငါးရှဥ့်ခြောက်စပ်ကြော်


အာလူးချောင်းကြော်


မီဆောဟင်းချို

Friday, 14 September 2012

မိုးသည်းည.....




ခေါင်းရင်း ပြူတင်းပေါက်မှန်ကို လာထိစင်တဲ့ မိုးစက်မိုးပေါက်သံတွေကို နားထောင်ရင်း ကျွန်မသူ့ကိုမျှော်နေတတ်ခဲ့တာ ရာသီစက်ဝိုင်းတစ်ပတ်လည်ခဲ့ပါပေါ့လား....။

တကယ်တော့ ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့သူတစ်ယောက်ကို ကျမ မမျှော်သင့်တော့ပါဘူး...။

တချိန်က ဒီအခန်းကျဉ်းလေးထဲမှာ နွေးထွေးမှုတွေလွှမ်းခြုံရစ်သိုင်းခဲ့ဖူးတယ်....။
သူ့လက်ရာ ကော်ဖီရနံ့မွှေးမြမြကို ဧည့်ခန်းကော်ဖီစားပွဲလေးကနေ မျက်စိမှိတ်ရင်း ရှူရှိုက် စောင့်မျှော်ရတာ ရင်ခုန်ကြည်နူးစရာတစ်ခုပါ...။

သူက နိုင်ငံခြားကလာတဲ့ ကော်ဖီစေ့တွေကိုမှ ကိုယ်တိုင်စက်နဲ့ကြိတ်ပြီး ဖျော်ပေးတာ...။ သူဖျော်ပေးတဲ့ ကော်ဖီအရသာမျိုး ဒီကမ္ဘာမှာ ဘယ်မှာမှမရနိုင်တဲ့ အရသာမျိုး...။ အဲလိုလေးချီးကျူးမိရင် သူက ပြန်ပြောတတ်သေးတယ်...။

“ဒါကတော့ ကော်ဖီထဲကို ကိုယ်က မမြင်နိုင်တဲ့ အချစ်တွေထည့်ဖျော်ထားတာကိုးး..” တဲ့

ကျွန်မကိုကော်ဖီဖျော်နည်းလေးသင်ပေးဖို့ မကြာခဏပူဆာပေမယ့် သူက လုံးဝသင်ပေးဖို့ အစီအစဉ်မရှိပါဘူးတဲ့လေ...။ ကဲ ...အဲလိုသူက ..။

ပညာစားချန်တယ်လို့ပြောမိရင်...
“မဟုတ်တာ... ကိုယ်က ကိုယ်သိပ်ချစ်တဲ့ ညိုအတွက် ကိုယ့်လက်နဲ့ ကိုယ်တိုင်အမြဲဖျော်ပေးချင်လို့ပါ”တဲ့ ..။ အဲလို ကျွန်မမူးမေ့လဲသွားနိုင်တဲ့ စကားလေးတွေနဲ့လဲ သူချုပ်နှောင်တတ်သေးတယ်...။




ကျွန်မ မိုးကိုချစ်တတ်ခဲ့တာသူ့ကြောင့်လည်းပါမယ်...။ မိုးအေးအေးမှာ သူ့ကော်ဖီနွေးနွေးလေးနဲ့ အမြဲအတူရှိတဲ့အခါ မိုးသည်းညတွေကို ကျွန်မပိုပြီးတွယ်တာမက်မောတတ်လာခဲ့တယ်...။ တကယ်တော့ သူကော်ဖီဖျော်တတ်သွားတာ ကျွန်မကြောင့်လည်းပါပါတယ်....။

ကျွန်မတို့စဆုံခဲ့တဲ့အချိန်က ....... သူဟာ ကော်ဖီတစ်ခွက်ကိုဖျော်ဖို့မပြောနဲ့ ကော်ဖီအနံ့ကိုတောင်မှကြိုက်နှစ်သက်ခဲ့တာမဟုတ်ဘူးတဲ့..။
ကျွန်မအတွက်နဲ့ ကျွန်မ မသိအောင် သူက ကော်ဖီဖျော်နည်းကို စနစ်တကျသင်ယူလေ့လာခဲ့တယ်...။ ကျွန်မကိုဒီအခန်းလေးမှာပဲ သူ့ရဲ့လက်ရာကော်ဖီတစ်ခွက်ကို စပြီးဖျော်တိုက်ခဲ့ဖူးတာ...။

တစ်ခါတုန်းက ဒီအခန်းလေးထဲမှာ ကော်ဖီရနံ့တွေပျံ့လွှင့်ခဲ့ဖူးတယ်....။ သူ့ရင်ဘတ်ထဲက သံစဉ်တွေကိုနားထောင်ခဲ့ဖူးတယ်..။ သူ့ရဲ့ကဗျာပန်းပွင့်တွေကိုလဲ နမ်းရှိုက်ခဲ့ဖူးတယ်...။ ခုတော့...သူနဲ့ ကျွန်မဆိုတာ ဘာမှမသက်ဆိုင်ကြတော့တဲ့သူတွေအဖြစ် တသီးတခြားဖြစ်သွားခဲ့ပြီ....။




ခုတော့....
မိုးသည်းညတွေမှာ ကျွန်မရယ်...အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်လေးရယ် ကြွေပန်းအိုးထဲက ပန်းနုရောင် နှင်းဆီပွင့်လေးရယ်...ဖတ်လက်စ...ကော်ဖီရနံ့ဆိုတဲ့ စာအုပ်ကလေးရယ်ပဲ ကျန်ရစ်ခဲ့တော့တယ်...။

မိုးငွေ့

Wednesday, 12 September 2012

စက်တင်ဘာည ကိုးနာရီ.....





တိမ်တွေပြိုဆင်းလာပြီလား…..
နာရီလက်တံကိုးဂဏန်းနေရာကို တည့်တည့်ညွှန်ပြနေပြီ….။ ကိုယ်လက်ထဲက ဖုန်းတစ်လုံးကအဆင်သင့်…ဘယ်ချိန်မြည်လာမလည်းဆိုတာကိုစောင့်ဆိုင်းရင်း ရင်တွေတဒိတ်ဒိတ်ခုန်နေမိတာ ဖုန်းထဲက အသံတစ်ခုကိုကြားရတဲ့အခါ ကိုယ်ဘာတွေပြန်ပြောမိမလဲ ဘာတွေဖြေမိမလဲဆိုတာကို ကြိုတင်ရင်ခုန်ရတာ ကျောင်းတုန်းက ပရက်တီကယ်ခန်းထဲ ဆရာမရှေ့မှာ ဗိုင်ဘာဖြေရသလိုပဲ…..။ ဆရာမကြီးကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ကို ဖတ်ရင်း… ဘေးဖက်နံရံဆီက ချိတ်ဆွဲထားတဲ့ နာရီကိုလည်း ငဲ့စောင်းကြည့်ရသေး….ကိုးနာရီ ဆယ့်ကိုးမိနစ်တဲ့…။ သူကိစ္စတစ်ခုခုရှိလို့နောက်ကျတာဖြစ်မှာပါလို့ ဖြည့်တွေးလိုက်တယ်…..။

စာအုပ်တစ်ဝက်ကျိုးသွားပြီ….။
ဆယ်နာရီတဲ့……။ သေချာပါပြီ သူဖုန်းမဆက်တော့ပါဘူး…။ ရင်ထဲမှာ နွမ်းလျသွားတဲ့ ဝေဒနာတစ်ခုက ရေးမပြတတ်အောင်ပါပဲ….။ မျှော်လင့်ချက်တစ်ခုပေးထားပြီး… ဖြစ်မလာတဲ့အခါ ခံစားရတဲ့ ခံစားမှုမျိုးကို ကိုယ်အကြောက်ဆုံးပဲ…..။ လူတွေဟာ ကိုယ်အကြောက်ဆုံးအရာ မဖြစ်ချင်ပါဘူးဆိုတဲ့ အရာမျိုးနဲ့ မကြာခဏကြုံဆုံတတ်ကြတယ်တဲ့….။ ဟင့်အင်း…ကိုယ်အဲလိုမျိုးမခံစားချင်ဘူး….။ ဒါပေမယ့်လည်း လွန်သွားခဲ့ပြီ…။ ကိုယ်အာရုံပြောင်းကြည့်တယ်… စာအုပ်တွေလျှောက်ဖတ်တယ်…..။ စာအုပ်ရှေ့မှာသာရှိပေမယ့် စိတ်တွေက လွင့်နေတာ….။ ရင်ဘတ်တစ်ခုလုံးနှုံးခွေနေတာပဲ……။ ရှေ့က လက်ဖက်ရည်ကြမ်းခွက်ကို မော့သောက်လိုက်တယ်….။ 


မေ့လိုက်ပါ…..မေ့ပစ်လိုက်ပါ… ၉နာရီဖုန်းဆက်လာမယ်ဆိုတဲ့ ကိစ္စကိုမေ့ပစ်လိုက်ပါ….။ ကိုယ်ကိုယ့်ကို ပြန်အမိန့်ပေးကြည့်တယ်..။ ရမလားလို့ပေါ့……..။ ရင်ထဲ တင်းကျပ်နေဆဲပဲ…။ အစိုင်အခဲတချို့ တစ်ဆို့နေသလိုလို…..။ တကယ်ဆို ဒီလိုဝေဒနာမျိုးကို ခံစားခဲ့ဖူးပါလျက်နဲ့များ ဇာချဲ့နေသေးတယ်လို့ ကိုယ့်ကိုယ်ကို မကျေမနပ်လည်းဖြစ်မိသွားတယ်…။
ဖုန်းသံမြည်လာတယ်….။ 


ဖုန်းကိုလှမ်းကြည့်လိုက်တော့ သူမဟုတ်ဘူး……။ သူငယ်ချင်းတစ်ယောက်ဆီကပါ…။ သူပြောစရာစကားရှိတယ်ဆိုလို့… နားထောင်ပေးလိုက်တယ်…။ သူပြောပြတဲ့ ဇာတ်လမ်းရှည်ကို ကိုယ်နားထောင်ရင်း ၀မ်းနည်းလာလို့ တရှုံ့ရှုံ့ငိုလိုက်မိတယ်…။ တဖက်က သူငယ်ချင်းက တဟားဟားနဲ့ရီပါလေရော…..။ တကယ်တော့ ငိုချင်လျက်လက်တို့ဖြစ်သွားတာပါ….။ ထားပါတော့လေ….။ မျက်ရည်ဆိုတာ ကျဖို့ပဲမဟုတ်လား သိမ်းထားဖို့မှမဟုတ်တာ…။ ကိုယ်ရဲ့ ရူးသွပ်မှုတွေကို သူသိသွားလို့ သူထိတ်လန့်သွားလို့လည်းဖြစ်မှာပါလေ……။ တကယ်တော့… မဖြစ်နိုင်တဲ့အရာကိုဖြစ်အောင် ဖန်တီးယူနေတာ မဟုတ်ပါဘူး….။ တခါတလေကျရင် ကိုယ့်ကို သူတွေ့ချင်တယ်တဲ့….။ စိတ်ကူးသက်သက်ပါ…။

ကိုယ်လေ…အခွင့်ရတုန်းလေးပဲ… သူ့သီချင်းသံကိုနားထောင်ချင်မိတာပါ….။ ကိုယ့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး…..။ သူ့ဆီကဘာမှကိုယ်မလိုချင်ဘူး ဘာမှလည်းမတောင်းဆိုပါဘူး…..။ ကိုယ်သူ့ကို ခံစားရရုံသက်သက်… မက်မောတွယ်တာ တာပါ…။ သူနဲ့ပတ်သက်သမျှအားလုံးဟာ အဖြူသက်သက်ချည်းပဲ…။ ဒါကို သူသိနားလည်ပါစေလို့ ဆုတောင်းရုံပဲ ကိုယ်တတ်နိုင်တယ်…။ ညကအရင့်ဖက်ကိုဦးတည်နေတယ်….။

ခေါင်းကိုက်လိုက်တာ……
ဗိုက်ထဲမှာလည်းဟာတာတာနဲ့….မျက်ဝန်းတစ်စုံကစိုစွတ်နေဆဲပဲ။ မနေ့ညက ကော်ဖီပူနေလို့ ကိုယ်ကော်ဖီပူကို ခပ်နွေးနွေးဖြစ်အောင် လုပ်ပေးလို့ သောက်လို့ကောင်းတယ်တဲ့…..။ ကိုယ့်ကိုတော့ နဲနဲတောင်မတိုက်ဘူးပြောတော့…။ အပြင်မှာတကယ်တွေ့မှပဲ တိုက်တော့မယ်လို့သူပြောတယ်….။ ကိုယ်မှာဖြင့် သူတိုက်မယ့်ကော်ဖီတစ်ခွက် သောက်ရချည်သေးရဲ့လို့ စိတ်ကူးတွေယဉ်ပြီး…ညတော်တော်နဲ့ အိပ်မပျော်ဘူး…။

သူ့ဆီက ပုံပြင်တစ်ပုဒ်ရလိုက်တယ်လို့ မမှတ်ယူချင်ပါဘူး…..။ ခုက ပုံပြင်မှမဟုတ်တာ……. ဘယ်သူမှမသိလိုက်တဲ့…… တိတ်တဆိတ်စကားတချို့နဲ့…ကိုယ့်ဘာသာကြေကွဲခဲ့ရတဲ့ ညလေး……
ခံနိုင်စွမ်းမဲ့လိုက်လေလို့…ကိုယ့်ကိုယ်ကို ဆဲရေးမိတယ်…..။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ဟာ…တစ်ချက်ကလေးဝေ့လိုက်တဲ့ လေပြေနုလေးရဲ့ ဒဏ်ကြောင့် လှိုင်းကြက်ခွပ်တွေထသွားတတ်သေးတာပဲ……
ထားပါတော့လေ…..ထားပါတော့.....။

ပြီးခဲ့တာတွေ လွန်ခဲ့တာတွေ ဖြစ်မလာတော့တာတွေကို စာဖွဲ့မနေပါနဲ့တော့……စိတ်ချပါ …သူမနှစ်သက်တဲ့ နည်မည်တစ်ခုကို…အပြင်မှာလူချင်းတွေ့ရင်ဘယ်တော့မှကိုယ်မခေါ်ပါဘူး….။ ဟဟ…စိတ်ကူးကလဲ ယဉ်ဖြစ်အောင်ယဉ်သေး…..။ အပြင်မှာတွေ့ပါ့မယ်လို့ ဘယ်သူပြောလို့လဲ…ဒါပေမယ့် လူတော်တော်များများကတော့ ကိုယ်ပေးထားတဲ့ သူ့နာမည်လေးနဲ့တွဲပြီး ကိုယ့်ကိုသိကြတယ်…။ ကိုယ့်စိတ်ကူးထဲက ဖြစ်တည်လာတဲ့ သူမနှစ်သက်ပါဘူးလို့ ဆိုတဲ့နာမည်လေးနဲ့… စာတချို့ကိုတော့ ကိုယ့်မှာ ရေးပိုင်ခွင့်ရှိသေးတာကိုပဲ ကျေးဇူးတင်ရမှာပါ…….။ ဘာဖြစ်လဲနော် ကိုယ်တို့တွေ အက်ဆေးလှလှထဲမှာ စာစုတွေထဲမှာ ကဗျာတွေထဲမှာ အမြဲဆုံတွေ့နေရမှာပဲလေ…။ ဒီလောက်နဲ့ကျေနပ်သင့်ပါပြီ…။

ကိုယ်တို့တွေ…..ဟိုး.... ကောင်းကင်ထက်က တိမ်တွေဆီ အတူခိုစီးနိုင်ကြသေးတယ်.. … လမင်းကြီးဆီသွားနိုင်ကြသေးတယ်… ကြယ်ကြွေတွေကိုအတူကောက်နိုင်ကြသေးတယ် ရေပြင်ပေါ်မှာ လှေအတူစီးနိုင်ကြသေးတယ်…. မြက်ခင်းစိမ်းစိမ်းမှာ အတူထိုင်နိုင်ကြသေးတယ်…..။ ညဖက်ကိုယ်စာရေးရင်း အိပ်ငိုက်လာရင်တောင် သူဖျော်တိုက်မယ့် ကော်ဖီသောက်နိုင်သေးတာပဲလေ….။ ကိုယ့်ကိုယ်ကို နှစ်သိမ့်ကြည့်တယ်….အောင်မြင်တယ်ခေါ်မလား မအောင်မြင်တာလားတော့မသိဘူး…တိမ်ညိုတွေပြိုဆင်းကျလာတယ်…မိုးရိပ်တွေပါ ပါလာတယ်….။ 


မိုးရေစက်တွေနဲ့မျက်ရည်တို့ရောနှောသွားတဲ့ အချိန်က ညဆယ့်နှစ်နာရီကိုးမိနစ်…….။


မိုးငွေ့

Monday, 10 September 2012

စက်တင်ဘာဝတ်ရုံ.....


စက်တင်ဘာရဲ့ သတိုးသမီးဟာ
အနက်ရောင်ပိုးဂါဝန်ဖါးဖါးကြီးကို ၀တ်ဆင်လို့...
ငွေမှင်ရောင်ဆံချည်မျှင်တချို့ဖိတ်ဖိတ်လက်...
စိမ်းဖန့်ဖန့်မျက်ဝန်းတွေက မင်းဆီက နူးညံ့တဲ့ အကြည့်တွေကို မျှော်တလင့်လင့်ရှိနေလေရဲ့...။
ပြာနှမ်းနေတဲ့ နှုတ်ခမ်းတစ်စုံမှာ စကားလုံးမဲ့တွေချိတ်ဆွဲခံလိုက်ရပေမယ့်...
သွယ်ပြောင်းရှည်လျားတဲ့ လက်ချောင်းတွေကတော့
လှပသက်ဝင်တဲ့ စကားလုံးတွေကို ပုံဖော်နိုင်ကြတုန်းပဲ....။

အိန်ဂျယ်ရေ... ....
အနက်ရောင်မျက်ရည်စက်ကို
ကော်ဖီခါးခါးအမှတ်နဲ့ ကိုယ်သောက်မိခဲ့...
အဖြူရောင် နွားနို့တစ်ခွက်ကတော့ မင်းအတွက်ပေါ့...
ဒါမှမဟုတ်...ရွှေပယင်းရောင်တို့က(ကိုယ့်ထက်)
မင်းကို ပျော်ရွှင်ယစ်မူးစေခဲ့သလား....
လောကကြီးကို တခါတခါ စိတ်တိုင်းမကျ
အလိုမကျမှုတွေနဲ့ မင်းရောက်ရောက်လာတဲ့အခါ
ကိုယ်မင်းကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိတဲ့အခါ...
ကိုယ့်ရဲ့ မှော်အတတ်တွေကို ကိုယ်အသုံးမချတတ်တဲ့အခါ...
ကိုယ့်ရဲ့ နှလုံးသားယောက်ယက်ခတ်နေတဲ့အခါ....
စက်တင်ဘာဝတ်ရုံကို ခြုံလို့ အသုံးမကျတဲ့ ကိုယ်ဖြစ်ဖြစ်လို့သွားတယ်...။

ကြယ်စင်တွေလမ်းပျောက်နေတဲ့ ရာသီ
လမင်းကြီးသာခွင့်မရတဲ့ ရာသီ
မိုးစက်လေပြေတို့ မြူးတူးတဲ့ ရာသီ
လေကြမ်းတို့ဝေ့ရမ်း ပင်မြင့်ထက်က သစ်ရွက်တွေ လူးလွန့်တဲ့ရာသီ
တိမ်စိုင်မြူခိုးတွေ ရွေ့လျားပြောင်းပြေးရတဲ့ ရာသီမှာ...
စက်တင်ဘာဝတ်ရုံကိုခြုံလို့ ကမ္ဘာဆုံးထိတိုင် မင်းကိုလွမ်းတတ်တဲ့
မှော်ဆရာမတစ်ယောက်ရှိနေသေးတယ်ဆိုတာ သတိရပေးပါ.....။
မိုးငွေ့

Friday, 7 September 2012

အိန်ဂျယ်နဲ့ဂီတာ.....




(၁)
ဘာလိုလိုနဲ့ ကိုယ့်ဆီကို သူရောက်လာခဲ့တာ ခုနှစ်နှစ်ရှိသွားပြီပဲ....။

အဲဒီညနေက ဖေဖေစာအုပ်ဆိုင်ပိတ်ပြီးပြန်လာတော့ ဖေဖေ့လက်ထဲက သရေအိတ်အမဲကြီးထဲ သူပါလာခဲ့တယ်...။ ကိုယ့်တစ်သက်မှာ သူနဲ့ လက်ပွန်းတတီး ရှိနေခဲ့ရလိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိဘူး...။ ဂီတကိုမြတ်နိုးပေမယ့် သီချင်းလေးတွေကို နှစ်နှစ်ခြိုက်ခြိုက်နားထောင်တတ်ပေမယ့် ဒီဂီတာလေးကို တီးဖို့ဆိုတာ တွေးတောင်မထားခဲ့မိဖူးတာပါ...။ ဒါပေမယ့် သူ့ကိုစပြီးရလာကတည်းက သူ့ကိုတီးတတ်ဖို့ ကိုယ်တော်တော်ရူးသွပ်မိသွားတယ်...။ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက်ဆီ သွားပြီး သင်ပေးဖို့ နားပူနားဆာလုပ်ရတယ်...။ အစကတော့ နောက်ပြောတယ်ထင်ပြီး အစ်ကိုက မသင်ပေးခဲ့ဘူး...။ နောက်တော့ကိုယ်က သူ့ကိုအပါခေါ်ပြီး သီချင်းစာအုပ်တွေ နှုတ်စ်တွေကအစသယ်သွားတော့ ကိုယ့်ရဲ့ ရူးသွပ်မှုကို အသိမှတ်ပြုသွားပြီး တစ်နေ့ကို တစ်နာရီအချိန်ပေးသင်ပေးခဲ့ပါတယ်...။

ကိုယ့်ဆီရောက်လာကတည်းက အနက်ရောင်မှိန်မှိန်လေးကို ကိုယ်အရောင်မတင်တော့ဘဲ ဒီတိုင်းပဲဆက်ထားတယ်...။ သူ့ကိုယ်ထည်ရဲ့အောက်ဖက်ဒေါင့်လေးမှာ အဖြူရောင်အတောင်ပံတစ်စုံ စတစ်ကာလေးကပ်ထားတယ်...။ ကိုယ်ထည်ခေါင်းပေါက်ထဲက အသံကြားလို့ကိုယ်လှုပ်ကြည့်လိုက်တော့ ကမာနဲ့လုပ်ထားတဲ့ ပက်ထရမ်လေးတစ်ခုကျလာတယ်...။ အဲဒီပက်ထရမ်လေးအပေါ်မှာ အချွန်တစ်ခုနဲ့ရေးထားတဲ့ စကားလုံးလေးတစ်ခုပါတယ်...။ သူ့ကို ကိုယ်ညင်သာစွာကိုင်တွယ် တီးခတ်တယ်... အသံကြိုးတွေပေါ် ကိုယ့်လက်ချောင်းတွေ ပြေးလွှားဆော့ကစားရတာ လက်ချောင်းတွေ အသားမာတက်တဲ့အထိပဲ...။

အခြေခံပိုင်းလေးရသွားတာနဲ့ သူနဲ့အတူပါလာခဲ့တဲ့ စာအုပ်ထဲက ကိုယ်သိပ်နှစ်သက်တဲ့ Monica ရဲ့ Angel of Mine သီချင်းကို အပြင်းအထန်လေ့ကျင့်တော့တာပဲ...။




အဲဒီတုန်းက ကိုယ်ကျောင်းပြီးခါစ ဟိုသင်တန်းလေးတက် ဒီသင်တန်းလေးတွေတက်နေချိန်လေးမှာပေါ့....။ ခုတော့... သူက ကိုယ့် ကော်ဖီဆိုင်လေးရဲ့ ဧည့်ခန်းနံရံမှာ ခန့်ထည်စွာနေရာယူလို့...။ ကိုယ် ကော်ဖီဆိုင်လေးစဖွင့်တုန်းကတော့ unplugged ၀ိုင်းလေးထည့်မထားပါဘူး...။ အိုင်ဒီယာရှိပေမယ့် အဆက်အသွယ်မရတာနဲ့ မလုပ်ဖြစ်သေးတာနဲ့ မထည့်ထားဖြစ်တာပါ...။ နောက်တော့ ဧည့်သည်တော်တော်များများရဲ့ တောင်းဆိုမှုနဲ့ ကိုယ့်ရဲ့တစ်ဝမ်းကွဲမောင်အကူအညီနဲ့ ကိုယ့်ကော်ဖီဧည့်ခန်းလေးမှာ ဂီတသံလေးနဲ့အသက်ဝင်သွားတယ်...။ သူကတော့ ကိုယ့်ဧည့်ခန်းမှာ ခန့်ထည်စွာ ဂီတသံကို ညတိုင်းနားဆင်ရင်းပေါ့...။ ဟင့်အင်း... သူ့ကို ဘယ်သူ့လက်နဲ့မှ ကိုယ်အထိခံမှာမဟုတ်ဘူး...။ ကိုယ်ကလွဲလို့... ပြီးတော့ ကိုယ်မမြင်ဖူးသေးတဲ့(ဆုံတွေ့ဖို့မျှော်လင့်နေတဲ့) သူ့ရဲ့မူလပိုင်ရှင်လက်နဲ့ပဲ သူ့ဆီက ဂီတသံကိုထုတ်ခွင့်ပေးမှာ...။ ကိုယ့်ကို အတ္တကြီးတယ်လို့ပဲ ဆွတ်စွဲပါစေ... ကိုယ်သူ့ကို သံယောဇဉ်တော်တော်ကြီးလို့ပါ...။

ပြောရင် ရယ်ကြဦးမလား... သူ့ကို သူနဲ့အတူတကွပါလာလဲ့တဲ့ Angel of Mine ဆိုတဲ့ သီချင်းတစ်ပုဒ်ကလွဲပြီး တခြားဘာသီချင်းမှ ကိုယ်မတီးတတ်ခဲ့ဘူး...။ သူနဲ့ကိုယ် ရင်းရင်းနှီးနှီးဆုံတွေ့ခွင့်ရဖို့ တစ်ပတ်တစ်ခါ တနင်္ဂနွေညဆယ်နာရီတိတိမှာ ကိုယ့်ဆိုင်မှာ ကိုယ်ကိုယ်တိုင် Angel of Mine သီချင်းကိုတီးပြီးဆိုလေ့ရှိတယ်...။ မှတ်မှတ်ရရ ကိုယ်ဆိုတဲ့ ခုနှစ်ပတ်မြောက်တနင်္ဂနွေတစ်ညမှာ.... ကိုယ့်ဆီကိုလာမိတ်ဆက်တဲ့ လူငယ်ကလေးတစ်ယောက်နဲ့ စဆုံခဲ့တယ်...။ တကယ်တော့ သူလာမိတ်ဆက်တာကိုယ့်ကိုမဟုတ်ပါဘူး.... သူ့ကိုပါ... ကိုယ်ရင်ခွင်ထဲက ဂီတာလေးကိုပါ...။ ဟင့်အင်း ...သူ့မိတ်ဆက်ပုံကို ကိုယ်မကြိုက်ပါဘူး....။ “ဂီတာလေးကိုပြန်ဝယ်ပါရစေ”တဲ့....။ ဒါပေမယ့် ကိုယ်နဲနဲတော့ စိတ်ဝင်စားသွားတယ်...။ သူ့ကိုဝယ်ချင်တယ်ဆိုတာ သူနဲ့တော့ တနည်းနည်းပတ်သက်တဲ့သူဖြစ်နိုင်တယ်လေ...ဘာပဲဖြစ်ဖြစ် ကိုယ်နှစ်ရှည်လများ မျှော်လင့်နေခဲ့ဖူးတဲ့ သူ့ရဲ့မူလပိုင်ရှင်အကြောင်းကိုတော့ အစအနရနိုင်တာပဲလေ...။

အဲဒီညက ကိုယ်နဲ့ အဲဒီလူငယ်ကလေး သူ့အကြောင်းကိုပြောဆိုဖို့ Latte ခွက်ကိုယ်ဆီနဲ့ဆိုင်ပိတ်ခါနီး ထိဖြစ်သွားတယ်..။
“မင်းက သူနဲ့ဘယ်လိုပတ်သက်လို့ သူ့ကို ကိုယ့်ဆီက၀ယ်ချင်ရတာလဲ...တကယ်ဆို ကိုယ်သူ့ကိုဘယ်လောက်မြတ်နိုးလဲဆို ကိုယ့်ဆီရောက်လာကတည်းက သူ့ကိုထိတို့ခွင့်ရှိတဲ့သူ ကိုယ်တစ်ယောက်ပဲ ရှိခဲ့တာ အဲလောက်ထိ သူ့ကို ကိုယ်တွန့်တိုခဲ့တာ ...ဒါကလဲ သူ့ကို ကိုယ်အရမ်းတန်ဖိုးထားလို့ပါ...”

ကိုယ့်စကားကို လူငယ်ကလေးက နားထောင်ပြီး မျက်လုံးအရောင်တွေတလက်လက်တောက်ပလာတယ် ... သူ့အကြည့်တွေ သူ့အတွေးတွေထဲမှာ ဘာမှန်းမသိဘဲ ကိုယ့်ကိုကျေးဇူးတင်နေသလိုလိုအကြည့်မျိုး..။

“ကျွန်တော်ပြောပြမယ့်သူ့အကြောင်းလေးကို အစ်မနားထောင်ပေးနိုင်မလား ဆိုင်ပိတ်ချိန်လဲနီးနေပြီဗျ..”
“ရပါတယ် အိုကေ...မင်းပြောမယ့်သူ့အကြောင်းကို ကိုယ်အရမ်းစိတ်ဝင်စားနေပြီ...”
“အမှန်တော့ ...အစ်မတန်ဖိုးထားမြတ်နိုးခဲ့သလို တစ်ချိန်တုန်းက သူ့ကိုလည်းကျွန်တော် အရမ်းတွယ်တာခဲ့ဖူးတာပါ... ဒါပေမယ့် သူကျွန်တော့်နဲ့ ကြာကြာလက်မတွဲသွားနိုင်ခဲ့ဘူး..။ သူ့ကိုဦးလေးတစ်ယောက်ဆီက ကျွန်တော်လက်ဆောင်ရထားခဲ့တာ... တစ်နှစ်တောင်မရှိလိုက်ဘူး..။ ကုန်ကုန်ပြောရရင် သူ့ကိုယောင်ပေပေနဲ့ကျွန်တော် အတီးလဲမသင်လိုက်ရဘူး... မတတ်တခေါက်လေးနဲ့ပဲ အိမ်မှာဒေါင်ဒေါင်ဒင်ဒင်ခေါက်နေတာ... အဖေက အရက်ဖိုးမရှိလို့ သူ့ကိုသွားပေါင်လိုက်တာ... အဲဒီနေ့က ကျွန်တော်မျက်ရည်တောင်ကျတယ်ဗျ.... ပြန်သွားရွေးချင်လို့ ဘယ်သူ့ဆီပေါင်ခဲ့တယ်ဆိုတာတောင် မူးနေလို့ အဖေကတိတိကျကျမပြောနိုင်ခဲ့ဘူး အဲဒါနဲ့ ကျွန်တော့်ဆီကနေ သူပျောက်သွားတာ ဒီနေ့ထိပဲဆိုပါတော့...”

လူငယ်ကလေးရဲ့ ယုံကြည်နိုင်စရာကောင်းလောက်တဲ့ ဟန်ပန်အမူအရာအပြောလေးတစ်ခုနဲ့တော့ သူ့ကို ကိုယ်လွယ်လွယ်နဲ့ လက်လွတ်လိုက်လို့ ဘယ်ဖြစ်မလဲ...။

“အင်း...မင်းအပြောအရတော့ ယုတ္တိရှိပါတယ်....ဒါပေမယ့် မင်းဟာ သူ့ပိုင်ရှင်အစစ်ဟုတ်မဟုတ်ဆိုတာ ကိုယ်ဘယ်လိုယုံရမလဲ...မင်းမှာသက်သေပြစရာဘာရှိလဲ...ဘယ်လိုပဲဖြစ်ဖြစ်ကွာ ခုချိန်မှာ ကိုယ်ဟာ သူ့ရဲ့တစ်ဦးတည်းသောမူပိုင်ဖြစ်နေပါပြီ...သူကိုယ့်ဆီရောက်လာတာပဲ ခုနှစ်နှစ်ပြည့်ခဲ့ပြီ...ဟုတ်တယ် တိုက်တိုက်ဆိုင်ဆိုင် ဒီလထဲမှာပဲ သူကိုယ့်ဆီရောက်လာခဲ့တာ... တိတိကျကျပြောရရင်.......”

လူငယ်လေးရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကို မျက်ဝန်းကတစ်ဆင့်မြင်လိုက်ရလို့ ကိုယ်စကားကို အစဖြတ်လိုက်တယ်...။

“ကျွန်တော်တိတိကျကျပြောနိုင်တာပေါ့... အစ်မဆီကိုသူရောက်လာခဲ့တဲ့နေ့က မိုးတွေအရမ်းရွာတဲ့ August လ ၂၅ရက်နေ့မဟုတ်လား.... သူက အနက်ရောင်မှိန်မှိန်နဲ့ အောက်ခြေဒေါင့်မှာ အဖြူရောင်အတောင်ပံတစ်စုံကပ်ထားတယ်... ပြီးတော့ “Angel”လို့ အသားတံဆိပ်ထိုးထားတဲ့ ကမာခွံနဲ့လုပ်ထားတဲ့ပက်ထရမ်တစ်ခုရယ် ကျွန်တော်လက်ရေးနဲ့ရေးထားတဲ့ Angel Of Mine သီချင်းနုတ်စ်စာအုပ်လေးရယ် ပါတယ်....ဒီလောက်ဆို အစ်မ ကျွန်တော့်ကိုသံသယမရှိလောက်တော့ဘူး ထင်ပါတယ်...”

သူ့စကားအဆုံးမှာကိုယ်အရမ်းကို အံ့အားသင့်သွားခဲ့ရတယ်...။ သူပြောသွားတာတွေက အားလုံးပြည့်စုံနေလို့ပါ...။

အမှန်တိုင်းဝန်ခံရရင် သူနဲ့စကားစပြောကတည်းက ကိုယ့်ကိုသက်သက်လာပြီး ဖြီးနေတဲ့ သူတစ်ယောက်လို့ပဲမှတ်တာ...။ ပြီးတော့ ဂီတာလေးနဲ့ပတ်သက်ပြီးသူဘာတွေများသိနေသလဲ ဘာတွေများရွှီးဦးမလဲ သိချင်စိတ်ဖြစ်လို့သာ စကားထိုင်ပြောဖြစ်သွားတာ...။

ပိုပြီး အံ့အားသင့်သွားရတာက ... သူ့ရဲ့ ပိုင်ရှင်လေးဟာ... ကိုယ်နဲ့ရွယ်တူယောကျာင်္းတစ်ယောက် ဒါမှမဟုတ် ကိုယ်ထက်အသက်ကြီးတဲ့သူတစ်ယောက်လို့ပဲထင်ထားခဲ့မိတာ...။ ခုလောက် ကိုယ့်ထက်အသက်တော်တော်ငယ်တဲ့ လူငယ်ကလေးတစ်ယောက်ဖြစ်လိမ့်မယ်လို့ လုံးဝကိုထင်မထားခဲ့တာ...။ ကိုယ်တို့နှစ်ဦး မိနစ်အနည်းငယ်အထိ စကားမစဘဲ နှုတ်ဆိတ်သွားခဲ့တယ်...။ နောက်တော့ သူကပဲ စကားစလိုက်ပါတယ်..။

“အစ်မသိရင် ရယ်ချင်မိမှာသေချာတယ်ဗျ...”
သူ့စကားအဆက်ကို ထောက်ခံတဲ့ဟန်နဲ့ ကိုယ်မျက်ခုံးပင့် နားထောင်တော့...
“ကျွန်တော်ဒီနေ့ထိ ဂီတာမတီးတတ်သေးဘူးဗျ...ဟုတ်တယ်... သူ..ကျွန်တော့်ဆီကပျောက်သွားတဲ့နေ့ကစပြီး ကျွန်တော်သူ့ကို ပြန်မတွေ့မချင်း ဂီတာတီးမသင်တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့လို့ပါ...”
“မင်းကလည်း အစွဲလန်းတယ်ကြီးတာကို တခြားဂီတာတစ်လုံးနဲ့သင်လဲဖြစ်လျက်နဲ့”
“အစ်မကလည်း သိသားနဲ့တမင်ပြောပြန်ပြီ... တကယ်တော့ ကျွန်တော်တို့နှစ်ယောက်စလုံးက သူ့ကို အရူးမူးစွဲလန်းသူတွေ... တော်တော်တော့ရယ်ရတယ်နော်...တကယ်ဆို အစ်မပြောသလိုပဲ တခြားတစ်လုံးဝယ်ပြီးတီးလဲဖြစ်တာပဲ...ဒါပေမယ့် လူတွေရဲ့စိတ်က တယ်ဆန်းကြယ်တာကိုး... ဒီကော်ဖီိဆိုင်ကို သူငယ်ချင်းတစ်ယောက်က ညွှန်းလိုက်တာ...ကျွန်တော့် Unplugged ၀ိုင်းပါတဲ့ ကော်ဖီဆိုင်တွေကို ကြိုက်တတ်တာသိလို့လေ... ပြီးတော့ ကျွန်တော်ကြိုက်တဲ့သီချင်းကို တနင်္ဂနွေညဆယ်နာရီမှာ တစ်ပတ်မှတစ်ခါပဲဆိုတဲ့ ထူးဆန်းတဲ့သူငယ်ချင်းပြောပြချက်ကြောင့် ဒီညကို မရောက်ရောက်အောင်လာခဲ့တာ... ခုတော့ လာရကျိုးနပ်သွားပါပြီ...”

သူ့စကားကြောင့်ကိုယ်စိတ်နဲနဲထင့်သွားရတယ်...။ သူ ကိုယ့်ဆီက ဂီတာလေးကို ပြန်ယူသွားတော့မလို့လား...။ ဟင့်အင်း...မဖြစ်နိုင်သေးပါဘူး...။ ကိုယ်အရမ်းမျှော်လင့်ပြီးဆုံချင်နေတဲ့ သူ့ပိုင်ရှင်ကလေး ကိုယ့်ရှေ့ကိုရောက်နေပြီလေ.....။

“စိတ်ချပါအစ်မဆီကနေ သူ့ကို ကျွန်တော်ချက်ချင်းယူမသွားပါဘူး....ဘာပဲဖြစ်ဖြစ် အစ်မက သူ့ပိုင်ရှင်ဖြစ်နေပြီလေ... ဒါပေမယ့် ကျွန်တော်အခွင့်တစ်ခုတော့ တောင်းဆိုချင်တယ်ဗျ...”
“မင်းက ဘာတောင်းဆိုချင်တာလဲ..”
“တစ်ပတ်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ် ကျွန်တော့်ကိုဂီတာတီးခွင့်ပေးပါ...အဲဒီသီချင်းနုတ်စ်နဲ့ အစ်မ ကျွန်တော့်ကို ပြန်သင်ပေးပါ... ကျွန်တော့်တောင်းဆိုမှုက တရားမျှတပါတယ်နော်...သူ့ကို ပိုင်ဆိုင်ခွင့်မရှိတော့ရင်တောင် ထိတွေ့ခွင့်လေးရှိချင်သေးတာတစ်ခုပါ...”

သူ့စကားတွေကို ကိုယ်တော်တော်စိတ်မကောင်းဖြစ်သွားရတယ်...။ ပြီးတော့ လွန်ခဲ့တဲ့ ခုနှစ်နှစ်တုန်းက သူသိပ်ကို မြတ်နိုးတွယ်တာတန်ဖိုးထားရတဲ့ ဂီတာလေးပျောက်ဆုံးသွားတဲ့ လူငယ်လေးတစ်ယောက်ရဲ့ သောကကိုလည်း တမဟုန်ချင်း ကူးစက်ခံစားမိသွားတယ်...။

“အိုကေ... ကိုယ်မင်းရဲ့ တောင်းဆိုခွင့်ကို လက်ခံပါတယ်... တစ်ခုတော့ရှိတယ် မင်း မနက်ဖြန်ကျရင် ကိုယ့်ဆီကို ကိုယ်ရေးအချက်အလက်တစ်စောင်တော့လာတင်ရမယ်..”

“ခင်ဗျာ.... ကျွန်တော်အစ်မဆီမှာအလုပ်မလျှောက်ဘူးလေ...”
“ဟုတ်တယ်လေ...ဒါပေမယ့် ကိုယ့်ဆီမှာ မင်း ပညာလာသင်မှာလေ...အဲဒီအတွက် ကိုယ်ရေးအချက်လက်တော့ လိုအပ်တယ်...”

ကိုယ့်စကားကြောင့် တချိန်လုံးမပြုံးခဲ့တဲ့ လူငယ်ကလေးရဲ့မျက်နှာဟာ အပြုံးဖြူဖြူလေးနဲ့ ချက်ချင်းကြည်လင်ဝင်းပသွားတယ်...။ ဆံပင်ထူထူကြမ်းကြမ်းကို ဘေးခွဲထားတဲ့ မျက်ခုံးနက်နက်တစ်စုံကိုပိုင်ဆိုင်တဲ့ နှာတံစင်းစင်း မျက်လုံးလက်လက် နှုတ်ခမ်းရဲရဲ အသားဖြူဖြူနဲ့ လူငယ်လေးတစ်ယောက်ဟာ... ကိုယ့်သိပ်မြတ်နိုးတဲ့ ကိုယ့်ခရေဇီရဲ့ပိုင်ရှင်တစ်ယောက်တဲ့...။





(၂)
ကျွန်တော် ဆယ်နှစ်အရွယ်တုန်းက ပထမဦးဆုံးအကြိမ် ဂစ်တာတစ်လက်ကို ထိကိုင်ခွင့်ရခဲ့တာ အိမ်မှာခဏလာတည်းတဲ့ ဖေဖေ့မိတ်ဆွေ ဦးလေးတစ်ယောက်ဆီကပါ...။ အဲဒီတုန်းက ဂစ်တာကိုပွတ်သပ်ကြည့်ရင်း ဂီတာတစ်လက်ကို ကျွန်တော်မနိုင်သေးပါလားလို့ သဘောပေါက်သွားတယ်...နောက်ပြီး ဂီတာဟာ ကျွန်တော့်အရပ်နဲ့အတူတူဖြစ်နေတယ်...။ ကျွန်တော် ဂီတာကြိုးတွေကို တီးကြည့်တော့ ဒေါင်ဒေါင် ဒင်ဒင်အသံထွက်မလာဘဲ တဗြစ်ဗြစ်အသံပဲမြည်နေတယ်...။ အဲဒီဦးကပြောတယ် အဲဒါသားရဲ့ ဘယ်ဘက်လက်က လက်ကွက်တစ်ခုကို စနစ်ကျကျဖိနှိပ်မထားလို့ပေါ့တဲ့... ။ သူက အသံမြည်အောင် လက်ချောင်းလေးတွေနဲ့ ကြိုးကိုခတ်ပြတယ်...။ ကျွန်တော်အရမ်းအားကျသွားတယ်..။ ပြီးတော့... သူစိတ်ရှည်လက်ရှည်နဲ့ ဂီတာအကြောင်း ရှင်းပြခဲ့ဖူးသေးတယ်...။

“ဂီတာအမျိုးမျိုးရှိတဲ့အထဲမှာ ဟောဒီဂီတာမျိုးကို အကု(စ်)တစ် ပလက်ထရမ်ဂီတာလို့ခေါ်တယ်...သူက ရိုးရိုးဂီတာပေါ့ အသံကိုချဲ့ပေးဖို့ လျှပ်စစ်အင်ပလီဖိုင်ယာနဲ့ဆက်သွယ်ဖို့ ပစ်ကပ်အပေါက်မပါဘူး... ဒီတော့သူ့အသံကောင်းဖို့ ကျယ်ဖို့က ဒီဂီတာကိုယ်ထည်ရဲ့ လိုဏ်သံနဲ့ ကြိုးတွေပေါ်မှာပဲ မူတည်တယ်... စတိတ်ရှိုးတွေမှာတော့ဒီဂီတာမျိုးသုံးလို့မရဘူး အသံကိုချဲ့လို့မရဘူး စတိတ်ရှိုးမှာ လူတွေအများကြီးကြားနိုင်ဖို့ အသံချဲ့ဖို့ဆိုရင် အီလက်ထရစ် ပလက်ထရမ်ဂီတာကို သုံးကြရတယ်....ဒါပေမယ့် ဂီတာတီးသင်တဲ့သူတွေအတွက် ဒီ ဂီတာဟာ အသင့်လျော်ဆုံးပဲ နောက်ပြီး အသင့်အတင့်ပရိတ်သတ်အတွက်လုံလောက်တယ်... သားလူပျိုဖြစ်လာလို့ ကောင်မလေးတွေအဆောင်ရှေ့ အိမ်ရှေ့ အုတ်ခုံပေါ်မှာ အဖွဲ့လိုက် တီးဖို့ ဟစ်ဖို့ကျတော့ ဒီဂီတာနဲ့အတော်ပဲ...”

အဲဒီတုန်းက ကျွန်တော်ပြန်ပြောခဲ့တဲ့ စကားကို ခုပြန်စဉ်းစားမိပြီး ...ကိုယ့်ဘာသာကိုယ်ပြုံးမိသွားတယ်...။ ကျွန်တော်ဖြစ်ချင်ခဲ့တာနဲ့ ခုဖြစ်တာနဲ့ကတခြားဆီလေ...။

“ကျွန်တော်က ကောင်မလေးတွေအတွက် ဂီတာတီးချင်တာမဟုတ်ဘူးလေ...”
“ဒါဖြင့် ဘယ်သူ့အတွက်လဲကွ...”
“တစ်နိုင်ငံလုံးက လူတွေအများကြီးအတွက်ပေါ့ ဦးရ...”
ကျွန်တော့်အဖြေကြောင့် အဲဒီဦးလေးက သဘောကျစွာရယ်မောသေးခဲ့သေးတယ်...။ သူနိုင်ငံခြားထွက်သွားတော့ ကျွန်တော့်ကို အဲဒီဂီတာလေးလက်ဆောင်ပေးခဲ့တယ်....။


ကိုယ်ချပေးထားတဲ့ ပလာစာအုပ်ထဲမှာ သင်မယ့်လက်ကွက်ပုံစံတွေကို ပေတံနဲ့ အကွက်ဖော်ဆွဲနေရင်း သူ့ငယ်ဘ၀အကြောင်းကိုပြောပြနေခဲ့တာ...။ တနင်္ဂနွေနေ့ ညနေစောင်းအချိန် ကိုယ့်ဆိုင်ရဲ့ အနောက်ဖက် မြေကွက်လက်မြက်ခင်းပြင်ပေါ်က စားပွဲဝိုင်းလေးဟာ သူ့အတွက် ဂီတာတီးသင်တဲ့ သီးသန့်နေရာလေးဖြစ်သွားတယ်...။

“မင်းသိပြီးသားဖြစ်မယ်ထင်ပေမယ့် ကိုယ်သိတဲ့ ဂီတာရဲ့အခြေခံလေးကို နဲနဲပြောပြပေးမယ်နော်”

သူက ဆွဲပြီးသွားတဲ့ ခဲတံကိုချထားရင်း ကိုယ့်ကိုလှမ်းကြည့်တယ်....။

“စန္ဒားရားခလုတ်က အသံတွေနဲ့ ဂီတာကြိုးညှိရတာ အလွယ်ဆုံး အမှန်ဆုံးဆိုပေမယ့် ကိုယ်တို့မှာ စန္ဒားမရှိဘူး ..ဒီတော့ ကြိုးအချင်းချင်းအသံညှိယူရမှာပဲ...။ ဟောဒီ အောက်ဆုံးက အသေးဆုံးကြိုးကို နံပါတ်တစ်ကြိုးလို့ခေါ်တယ် အဲဒီတစ်ကြိုးကို အလွယ်တီးလို့ရတဲ့အသံဟာ အီးခလုတ်အသံလို့မှတ်ထား စန္ဒရားမှာ မစ်ဒယ်လ်စီလို့ခေါ်တဲ့ ခလုတ်ရဲ့ အထက်က တစ်ကွက်ကိုနှိပ်ရင် အဲဒီအသံထွက်တယ် ဟုတ်ပြီလား... အဲဒီ အီးအသံကို မင်းနားထောင်ပြီး မှတ်ထား...”
ကိုယ်အောက်ဆုံးအလွတ်ကြိုးကို အလွတ်တီးပြတယ်...
“အဲဒါ...အီး..”
ပြီးနောက် အထက်က နံပါတ်နှစ်ကြိုးကို ဆက်တီးပြတယ်...
“အဲဒါ...ဘီ”
“နံပါတ်နှစ်ကြိုးရဲ့ ငါးခုမြောက် ဖရက်(တ်)ရဲ့ နောက်ကပ်လျက်နေရာမှာ ဘယ်လက်နဲ့နှိပ်ထားပြီး ညာလက်နဲ့ ကြိုးကို တီးကြည့်ရင် အဲဒီအသံဟာ အောက်ဆုံးနံပါတ်တစ်ကြိုးကို လွှတ်ပြီး တီးတဲ့ အသံနဲ့တူရမယ်..ဟောဒီမှာ နားထောင်...”

သူက ခေါင်းတညိတ်ညိတ်နဲ့ ကိုယ်ပြောတာကို သေချာနားထောင်နေတယ်...။
“မင်းက ဘုရားကျောင်းအတွေ့အကြုံတွေဘာတွေရှိတော့ ကိုယ်ထက်စာရင် သင်ရတာ အတတ်ပိုမြန်ပါလိမ့်မယ် ကိုယ်ဆို အစိမ်းသက်သက် ဒီဂီတာလေးကိုယ့်ဆီရောက်လာမှ အရူးထတာလေ...ပြီးတော့ အဲတုန်းက ကိုယ်အသက်အစိပ်ရှိနေပြီ...တကယ်ဆို မင်းက တကယ့် ပရိုဆရာတစ်ယောက်ဆီမှာသွားသင်သင့်တာ..”

“နိုးး... ကျွန်တော်က အစ်မဆီမှာပဲသင်ချင်တာ ပြီးတော့ အစ်မလိုပဲ အဲဒီ အိန်ဂျယ်အော့်ဖ်မိုင်း သီချင်းတစ်ပုဒ်ပဲ တီးတတ်ရင်ရပြီ...အစ်မဆီမှာပဲသင်ချင်တယ်ဆိုတာက ဒီဂီတာလေးနဲ့ သင်ရမှာမို့လို့လေ...”

လူငယ်လေးက သူ့ဂီတာကိုပြန်ထိတွေ့ခွင့်ရတော့မှာမို့ အပြုံးတွေက ပိုလတ်ဆတ်လန်းဆန်းနေတယ်...။

“အင်းး တခြားသီချင်းတွေလဲ တီးတတ်အောင်တော့ ဆက်လေ့လာပေါ့....”

“ဟုတ်ကဲ့...”

ကိုယ်ထင်ထားတာထက်တောင် သူ့ရဲ့ တတ်မြောက်မှု စွမ်းရည်တွေက အချိန်အနည်းငယ်အတွင်းမှာပဲ သီချင်းတစ်ပုဒ်ကို ကောင်းကောင်းတီးခတ်နိုင်အောင် လျင်မြန်ခဲ့တယ်....။

ဂီတာလေးဟာ...သူ့ပိုင်ရှင်ရဲ့ ရင်ခွင်ထဲမှာ သူ့ပိုင်ရှင်ရဲ့သွယ်လျရှည်မျောတဲ့ လက်ချောင်းတွေရဲ့ တီးခတ်ခြင်းကိုခံရတဲ့အခါ...အသံလေးတွေက အခါတိုင်းထက် သာယာငြိမ့်ညောင်းနေတယ်လို့ သူတီးနေတာကို နားထောင်ရင်း ကိုယ်ခံစားနေမိတယ်...။


(၃)

ဒီည... ကိုယ့်ရဲ့ ကော်ဖီဆိုင်မှာ သူ့လက်စွမ်းကို ပထမဆုံးအကြိမ် တီးခတ်ခွင့်ရမယ့်ည....။ ကိုယ်ရဲ့တနင်္ဂနွေညဆယ်နာရီတိတိအချိန်ကို အစားထိုးပေးလိုက်တာ...။ ကိုယ်ထင်ပါတယ်...သီချင်းလေးထဲက မိန်းကလေးရဲ့ အိန်ဂျယ်ဟာ...သူပဲဖြစ်မှာပါ...။ ပြီးတော့ ပထမဆုံးအကြိမ်.... ကိုယ်အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်ကို (မူရင်းအဆိုရှင်ကလွဲလို့) ကိုယ်ကိုယ်တိုင် Live ထိုင်ကြည့်နားထောင်ခွင့်ရမယ့်ညလေး... သူတော့မသိဘူး ကိုယ်ကတော့ ကြိုတင်ရင်ခုန်နေမိတယ်...။

သူ့သီချင်းနဲ့တီးခတ်မှုကိုနားထောင်အားပေးဖို့ သူ့သူငယ်ချင်းပရိတ်သတ်တချို့လည်းရောက်နေကြတယ်....။ ပိုထူးခြားအောင် ဆိုင်အပြင်ဖက်မှာ တစ်ပတ်အလိုကတည်းက Black Board လေးမှာ ဒီတနင်္ဂနွေမှာ ဧည့်သည်အဆိုရှင်အသစ်တစ်ယောက် သီဆိုမယ်ဆိုတဲ့အကြောင်းကြော်ငြာထားလိုက်တယ်...။

Angel of Mine ဟာ မိန်းကလေးသီချင်းတစ်ပုဒ်ဖြစ်ပါလျက် ဘာကြောင့်ကြိုက်ရတာလဲလို့ မေးခဲ့ဖူးတော့ အခုမပြောပြသေးဘူး တစ်နေ့နေ့ကျရင် ပြောပြမယ်တဲ့...ကိုယ့်ကိုသူက ပဟေဠိချန်သွားခဲ့သေးတယ်...။

သူ ဂီတာကို အင်ထရိုစ၀င်တာနဲ့ ဆိုင်ထဲက လက်ခုပ်သံတွေထွက်လာတယ်...။ သူ ကိုယ့်ကိုလှမ်းကြည့်ပြီး တစ်ချက်မျက်ခုံးပင့်ပြသေး...။ သူက မူရင်း မိုနီကာဆိုထားတာနဲ့ကွဲအောင် နဲနဲဗားရှင်းပြောင်းဆိုထားတယ်...။ ထူးထူးခြားခြား ..... အဖြူဆွတ်ဆွတ်အရောင်ရှပ်အကျီင်္ဝတ်ထားတဲ့ သူ့ရင်ခွင်ထဲက ဂီတာလေးက အနက်ရောင်လေးထင်းခနဲဖြစ်နေတယ်....။

သီချင်းလေးပြီးသွားတော့ ကော်ဖီလာသောက်တဲ့ နိုင်ငံခြားဧည့်သည်တစ်ဝိုင်းက တောင်းဆိုမှုကြောင့် သူနောက်တစ်ကြိမ် ထပ်ဆိုရတဲ့အပြင်... ကိုမျိုးကျော့ရဲ့ အချစ်သီချင်းတစ်ပုဒ်ကိုပါ bonus အဖြစ်ဆိုသွားသေးတယ်...။ သူသီချင်းသီဆိုအပြီးမှာ စကားနဲနဲပြောချင်တယ်လို့ ခွင့်တောင်းပါတယ်....။ သူငယ်ငယ်တုန်းက ပျောက်ဆုံးသွားခဲ့ရတဲ့ ဂီတာလေးအကြောင်းနဲ့ ခုဘယ်လိုပြန်တွေ့ခဲ့တယ်ဆိုတာရယ်... သူ့ကို Angel Of Mine သီချင်းတီးသင်ပေးတဲ့ ကိုယ့်ကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကိုယ်မမျှော်လင့်ထားခဲ့ဖူးတဲ့ အိပ်မက်ဆန်တဲ့ အကြောင်းတွေ.....။

“ဟုတ်ကဲ့...ကျွန်တော့်ဘ၀မှာ ဒီညလေးဟာ အမှတ်တရအဖြစ်ဆုံးနဲ့ အပျော်ဆုံးညလေးပါ... ကျွန်တော် ငယ်ငယ်တုန်းက အိပ်မက်ခဲ့ဖူးတာကို အကောင်အထည်ဖော်ခွင့်ရတဲ့ ညလည်းဖြစ်ပါတယ်...။ ကျွန်တော် နိုင်ငံကျော်ဂီတာသမားတစ်ယောက်ဖြစ်ခွင့်မရခဲ့ပေမယ့် ကျွန်တော်သိပ်မြတ်နိုးတဲ့ ဂီတာလေးကို ပြန်ဆုံခွင့်ရခဲ့တာနဲ့တင် ကျေနပ်မိပါပြီ...။ ပြီးတော့ ဒီ Angel Of Mine ဆိုတဲ့ မိန်းကလေးသီချင်းတစ်ပုဒ်ကိုဘာကြောင့် ကြိုက်ခဲ့တာလဲလို့ တစ်စုံတစ်ယောက်က မေးခဲ့ဖူးပါတယ် အဲဒီအဖြေကို ကျွန်တော်ဒီညပြောပြချင်ပါတယ်...”
“ကျွန်တော်ကိုးတန်းနှစ်လောက်က မေမေ့ရဲ့မောင် ကျွန်တော့်ဦးလေးရဲ့ Church Wedding တစ်ခုမှာ မိန်းကလေးတစ်ယောက်ကိုဆုံခဲ့ဖူးပါတယ်... အဲဒီမင်္ဂလာဆောင်မှာ သူက ပန်းကျဲရတာပါ... အဖြူရောင်ဝတ်စုံလေးနဲ့ ဆံပင်ခွေခွေ ရှည်ရှည်လေးမှာ ပန်းကုံးကွင်းလေးစွပ်ထားတဲ့ သူဟာ နတ်သမီးလေးတစ်ပါးလိုပဲ သိပ်ကိုကြည့်ကောင်းပါတယ်...။ ကျွန်တော်သူ့ကို တိတ်တိတ်ကလေး အိန်ဂျယ်လို့ အဲဒီနေ့ကတည်းက ခေါ်ကြည့်ခဲ့ဖူးတယ်... သူ့ကို အဲဒီတစ်နေ့ပဲ ကျွန်တော်တွေ့ဖူးလိုက်တာ သူဘယ်သူလဲ နာမည်ဘယ်လိုခေါ်သလဲ ကျွန်တော်သိခွင့်မရခဲ့ဘူး.....။ ဒါပေမယ့်ဗျာ လောကကြီးက ဆန်းကြယ်လိုက်တာ... ကျွန်တော့်ကိုဆုံမယ့်ဆုံပေးတော့လဲ တပြိုင်နက်တည်းမှာ ကျွန်တော်မြတ်နိုးတဲ့ ဂီတာလေးနဲ့အတူဆုံခွင့်ရခဲ့တယ်....။ ခုဆို ကျွန်တော့်ဘ၀ဟာ တော်တော်ကိုပြီးပြည့်စုံနေပါပြီ...။ ကျွန်တော့်လိုအပ်ချက်ကို ဖြည့်ဆည်ပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတော်ချီးမွမ်းပါတယ်....။ ဟုတ်ကဲ့...ကျွန်တော်ပြောပြချင်တာဒီလောက်ပါပဲခင်ဗျ...ခုလို စိတ်ရှည်သီးခံပြီးနားထောင်ပေးတဲ့ လူကြီးမင်းတို့အားလုံးကို ကျွန်တော်အထူးလေးစားကျေးဇူးတင်မိပါတယ်...”

သူက စကားစကိုဖြတ်ပြီး ကျေးဇူး နိဂုံးစကားပြောလိုက်တယ်....။ ကိုယ်သူ့ရဲ့ အိန်ဂျယ်ဆိုတာကို အရမ်းစိတ်ဝင်စားနေတယ်....။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကိုယ့်အဖြစ်ပျက်လေးနဲ့ ခပ်ဆင်ဆင်တူနေလို့ ပြီးတော့ သူပြောသွားတာလေးနဲ့လဲဆက်စပ်နေတယ် အဲဒီမိန်းကလေးကို ဂီတာနဲ့အတူပြန်ဆုံခွင့်ရပြီဆိုတာ့....။

သူက ပြုံးတုန့်တုန့်ဟန်နဲ့ ကိုယ်ထိုင်တဲ့ဆီကိုလျှောက်လာနေတယ်...။ ဘာကြောင့်မှန်းမသိကိုယ် ရင်တွေခုန်နေလိုက်တာ...။ သူက ကိုယ့်ရှေ့ရောက်တော့ ကိုယ်ကို ကိုင်းညွှတ်ပြီး ...“ဒီညလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်အစ်မ...”

“မင်းရဲ့ ပါရမီနဲ့ ကြိုးစားအားထုတ်မှုကြောင့်ပါ... ကိုယ်က နဲနဲပါးပါးဘေးက ကူညီပေးရုံလေ ...”
“ကိုယ်မင်းရဲ့ အိန်ဂျယ်ကို နဲနဲစိတ်ဝင်စားနေတယ် ကိုယ့်ကို ပြောပြနိုင်မလား...”
“မလိုတော့ဘူးလေ...အဲဒီအိန်ဂျယ်က အခုကျွန်တော့်ရှေ့ရောက်နေပြီလေ.....”

မျှော်လင့်ထားပါလျက်နဲ့ ကိုယ့်မျက်နှာပြင်တစ်ခုလုံး နွေးခနဲဖြစ်သွားတယ်.....။ ရင်ခုန်နှုန်းတွေက အကြိမ် ၁၅၀ မက ခုန်သွားသလား ကိုယ်မသိတော့....။

“ဒါဆို မင်းက အင်ဒရူးရဲ့တူလေးပေါ့ ဟုတ်လား....”
“ဟုတ်တယ်...အန်ကယ်လ်လေးတို့ဇနီးမောင်နှံက ခုအမေရိကားမှာ ကလေးတောင်နှစ်ယောက်ရနေပြီ....”

တကယ်ဝန်ခံရရင် သူ့ကိုစဆုံမိကတည်းက အဲဒီသီချင်းလေးဆိုတိုင်း အိန်ဂျယ်နေရာမှာ သူ့ကိုအစားထိုးမြင်ယောင် ဆိုခဲ့မိတာအကြိမ်ကြိမ်ပဲဆိုတာ သူသိသွားရင် ပိုပျော်သွားလိမ့်မယ်...။

(၄)

အဲဒီနောက်တော့ ကိုယ့်ရဲ့ Cafe D' Angel ဆိုင်လေးမှာ တနင်္ဂနွေညတိုင်း Angel Of Mine ကို တစ်ယောက်တည်းမဟုတ်တော့ဘဲ စုံတွဲဆိုဖြစ်သွားပါတော့တယ်...။


LinkWhen I first saw you I already knew
There was something inside of you
Something I thought that I would never find
Angel of mine

I look at you, lookin' at me
Now I know why they say the best things are free
I'm gonna love you boy you are so fine
Angel of Mine

How you changed my world you'll never know
I'm different now, you helped me grow
You came into my life sent from above
When I lost all hope you showed me love
I'm checkin' for ya boy you're right on time
Angel of Mine

Nothing means more to me than what we share
No one in this whole world can ever compare
Last night the way you moved is still on my mind
Angel of Mine

What you mean to me you'll never know
Deep inside I need to show
You came into my life sent from above (Sent from above)
When I lost all hope, you showed me love (Boy you showed me love)
I'm checkin' for ya, boy you're right on time (Right on Time)
Angel of Mine (Angel of mine)

I never knew I could feel each moment
As if it were new,
Every breath that I take, the love that we make
I only share it with you (you, you, you,you)
When I first saw you I already knew
There was something inside of you
Something I thought that I would never find
Angel of Mine

You came into my life sent from above (Came into my life, yeah yeah yeah)
When I lost all hope you showed me love (Boy You showed me love, uh huh)
I'm checkin' for ya, boy you're right on time (But boy your right on time)
Angel of Mine (Angel of mine, oh mine)

How you changed my world you'll never know
I'm different now, you helped me grow

I look at you lookin' at me
Now I know why they say the best things are free
I'm checkin' for ya, boy you're right on time
Angel of Mine


ဝန်ခံချက်။ ။ ဂီတာသင်ခန်းစာလေးကို ဆရာမဂျူးရေးသားခဲ့သော ကျွန်မ၏သစ်ပင်မှ ကိုးကားပါသည်။

မိုးငွေ့