Wednesday, 22 August 2012

August မိုး.....



ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုတဲ့ဆိုရိုးအတိုင်းပဲ မိုးအဆက်မပြတ်ရွာတာ... ရွာတာမှ မိုးလင်းမိုးချုပ်မနားတမ်း ရွာတာဗျာ...ရေမကြီးဘယ်ခံနိုင်ပါ့မလဲ...။ ခါတိုင်းနှစ်တွေက မိုးရွာပေမယ့် ရွာလိုက်တိတ်လိုက်နဲ့ နေပူတဲ့အချိန်လေး ဘာလေးပေးသေးတယ် ခုနှစ်ကတော့ မိုးရေအများဆုံးနှစ်ပဲဖြစ်မယ်..။

 
ပြီးတော့ ရာသီဥတုပြောင်းလဲမှုကြောင့်လဲ ကမ္ဘာကြီးပူနွေးလာတယ် ရေခဲတွေအရည်ပျော်ကုန်တယ် ပင်လယ်ရေမျက်နှာပြင်တွေ မထင်မှတ်ထားလောက်အောင်မြှင့်တက်တယ်...။ 2012 ဇာတ်ကားထဲကလိုပဲ တကယ်ဖြစ်လာပြီလား... ဟိုနေရာ ငလျင်လှုပ်လိုက် ဒီနေရာမုန်တိုင်းဝင်မွှေလိုက် ဟိုမှာရေကြီးလိုက်... ဒီမှာ မီးလောင်လိုက်နဲ့...။ ကျွန်မတို့ကသာ မိုးလင်းအလုပ်သွား ညနေအိမ်ပြန် မိသားစုနဲ့အတူ အေးအေးဆေးဆေး ထမင်းစားနေနိုင်ပေမယ့် တကယ်မအေးဆေးပဲ ဆင်းရဲနွမ်းပါး ငတ်မွတ်နေတဲ့သူတွေ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခမျိုးစုံရင်ဆိုင်နေရတဲ့သူတွေမှ တပုံတပင်...။ ဒါတွေကလည်း ခုအွန်လိုင်းမီဒီယာခေတ်မို့လို့သာ နေ့တိုင်း Up to Date သိနေမြင်နေကြားနေရတာကိုး..။ ခုတလော...မြန်မာနိုင်ငံရဲ့ ဒေသတွေတော်တော်များများ ရေလွှမ်းမိုးမှုဒဏ်ကိုခံစားနေရတယ်...။ ကချင်ပြည်နယ်လို ကုန်းပြင်မြင့်တွေမကျန်ပေါ့...။ ဧရာဝတီမြစ်တစ်လျှောက် မြစ်ဝကျွန်းပေါ်မြို့ရွာတွေတော်တော်များများ ရေဘေးသင့်နေကြတယ်...။ အိမ်တွေခေါင်မိုးပဲ ကျန်တော့တယ် အဲလောက်ထိဆိုးရွားနေတာ...။ ကျွန်မလတိုင်း အထွေထွေးသုံးဖို့ လှူနေကျ ပရဟိတအဖွဲ့လေးတစ်ဖွဲ့ရှိတယ်...။ “စေတနာပန်းခင်း”တဲ့ ကြားဖူးကြမယ်လို့ထင်ပါတယ်...။ စေတနာပန်းခင်းကို ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ပညာသင်ကြားနေဆဲဖြစ်တဲ့ “အရှင်တေဇာနန္ဒ” ဘွဲ့အမည်ရ ဦးဇင်းတစ်ပါးက စတင်တည်ထောင်ထားတာပါ...။ ခမောက်စုရွာ၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝိုင်းအုပ်စု၊ ဟသာင်္တခရိုင်၊ ဧရာဝတီတိုင်းမှာလည်း ခမောက်စုက ကလေးငယ်တွေ စာဖတ်နိုင်ဖို့အတွက် စာကြည့်တိုက်တစ်ခုကို အလှူရှင်တစ်ဦးက မတည်ပေးထားပါတယ်...။ ခုဆိုစာကြည့်တိုက်က ခန့်ခန့်ထည်ထည်နဲ့ ပြည့်စုံသလောက်ရှိနေပါပြီ စာအုပ်တွေကိုတော့ ဘယ်ချိန်မဆိုလှူဒါန်းနိုင်ပါတယ်...။ ပြီးခဲ့တဲ့ တန်ခူးလတုန်းကလည်း ရှင်လောင်းလေးတွေ ၃၈ပါးကို ရှင်ပြုပေးပါသေးတယ် ပြီးတော့ သက်ကြီးရွယ်အိုအဖိုးအဖွားများကို လိုအပ်တဲ့ ပစ္စည်းတွေလှူဒါန်းခဲ့ကြတယ်...။ အဲဒီတုန်းက ရှင်လောင်းတစ်ပါးနဲ့သက်ကြီးတစ်ယောက်အတွက် အလှူငွေ ငါးသောင်းထည့်ဝင်ခဲ့ဖူးပါသေးတယ်...။ ဒါက စေတနာပန်းခင်းပရဟိတအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးတာပါ...။


 







ကုသိုလ်ဆိုတာ ယူတတ်မှရတယ် စိတ်ထားတတ်မှရတယ်... သံဃာတော်တွေကိုအိမ်ပင့်ပြီး ဆွမ်းကပ်လိုက်မှ ကုသိုလ်ရတာမဟုတ်ပါဘူး...။ ကျွန်မမြင်ဖူးတဲ့ လူတစ်ချို့က အဲလိုအတွေးမျိုးတွေရှိကြပါတယ်....။ ကျွန်မတို့ပတ်ဝန်းကျင်မှာ တခြားလိုအပ်ချက်တွေအများကြီးပါ...။ လူတစ်ဦးနဲ့တစ်ဦး ကူညီဖေးမတာဟာလဲ ကုသိုလ်ရတာပါပဲ...။ ထမင်းမစားရသေးတဲ့ လူတစ်ယောက်ကို ထမင်းလေးတစ်လုတ်ကျွေးလိုက်တာလဲ ကုသုလ်တစ်ခုပါပဲ...။ ကိုယ်ကပေးတတ်မှ ပေးတဲ့စေတနာမှန်မှသာ ကုသိုလ်အစစ်အမှန်ကိုရမှာပါ...။ သူများလုပ်မယ့်ကောင်းမှုတစ်ခုကို တားမြစ်ပိတ်ပင်တာဟာ “အကုသိုလ်”တစ်ခုလို့မြင်တတ်ဖို့လိုပါတယ်...။ ကျွန်မအဓိကပြောချင်တာက ဦးဇင်းဦးတေဇကိုယ်တိုင်က ရေဘေးဒုက္ခသည်တွေအတွက် လှူဒါန်းဖို့ ငွေကျပ်နှစ်သိန်းငါးသောင်း မတည်ထားပါတယ်...။ နောက်လည်း လိုအပ်ရင်လိုအပ်သလို ဖြည့်ဆည်းရမှာဖြစ်တဲ့အတွက် စေတနာပန်းခင်းနဲ့ လက်တွဲပါဝင်လိုတဲ့ ကုသိုလ်ရှင် စေတနာရှင်တွေကို စေတနာပန်းခင်းကိုယ်စား ကျွန်မကပဲ ဖိတ်ခေါ်ပါရစေရှင်...။ ဦးဇင်းတေဇာရဲ့ ဖဘလင့်လေးပါ ။ https://www.facebook.com/tay.ling.58


ဆက်သွယ်လှူဒါန်းနိုင်သည့်သူများ(ရန်ကုန်) မပန်းအိ 0943 126 140 ကိုရဲ 0973 116 241


3 comments:

မြတ်နိုးသူ said...

ကုသိုလ်ဆိုတာ ယူတတ်မှရတယ် စိတ်ထားတတ်မှရတယ်..ထမင်းမစားရသေးတဲ့ လူတစ်ယောက်ကို ထမင်းလေးတစ်လုတ်ကျွေးလိုက်တာလဲ ကုသုလ်တစ်ခုပါပဲ...။ ကိုယ်ကပေးတတ်မှ ပေးတဲ့စေတနာမှန်မှသာ ကုသိုလ်အစစ်အမှန်ကိုရမှာပါ...။ သူများလုပ်မယ့်ကောင်းမှုတစ်ခုကို တားမြစ်ပိတ်ပင်တာဟာ “အကုသိုလ်”တစ်ခုလို့မြင်တတ်ဖို့လိုပါတယ်...။
မှတ်သားသွားပါတယ်နော်

သဒ္ဓါလှိုင်း said...

သဘာဝဘေးအန္တရယ်တွေကြောင့် ခံစားနေရတဲ့သူတွေကို တတ်နိုင်သလောက် ဖေးမပေးနေတဲ့ မမိုးကို လေးစားပါတယ်။ နောက်လည်း ဒိထက်မက
လှူဒါန်းခွင့်ရပါစေ..
ချစ်တဲ့
သဒ္ဓါ

လွင်ပြင်လှိုင်းငယ် said...

ကုသိုလ်ဆိုတာ ယူတတ်မှရတာဆိုတာ အရမ်းမှန်တာပဲ ။