ကောင်းကင်ကြည်ကြည်လင်လင် လေညှင်းလေးအေးမြမြပေမယ့် မနှင်းဆီရင်ထဲက အပူကတော့ လောင်ကျွမ်းနေတုန်း....။ လသာဆောင်မှာ မနှင်းဆီတစ်ယောက်တည်း ရပ်နေတာတော်တော်ကြာသွားပြီ...။ ခုနလေးကမှ မနှင်းဆီအဒေါ်က ကောင်မလေးကိုအခေါ် လွှတ်လိုက်သေးသည်...။ ခေါင်းမာသောမနှင်းဆီကတော့ ဒါဆိုဒါပဲ... ခြေလှမ်းတောင် တစ်လှမ်းမှမရွေ့.... ဗူးဆိုဖရုံမသီးဘူးဆိုသည့် လူစားမျိုး...။
မနှင်းဆီ...ဘဝအတွက် ကိုယ်မနှစ်သက်မချစ်ခင်တဲ့သူနဲ့ လက်ထပ်ရမယ်ဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့...။ ခု... အဒေါ်တို့ပေးစားမယ့်သူဆိုတာရောက်နေသည် အောက်ထပ်မှာ...။ အဲဒီလူကို စိတ်လဲမဝင်စားပါဘူး... အိမ်ကိုခဏ ခဏလာပေမယ့် တစ်ခါမှထွက်မတွေ့လို့ မနှင်းဆီ ထိုလူကိုလဲ တစ်ခါမှမတွေ့မမြင်ဖူးသေးဘူး...။ မနှင်းဆီ တွေ့လဲမတွေ့ချင်ပါဘူး...။ မနှင်းဆီကိုင်သည့် ဖုန်းနံပါတ်ကိုဆက်လာသေးသည်...။ ဖုန်းမှားတယ်ချည်းပြောလွှတ်လိုက်သည်...။
အရမ်းစိတ်ညစ်နေသည့် မနှင်းဆီကို သူငယ်ချင်းတစ်ယောက်က စိတ်ပြေလက်ပျောက် ဗေဒင်သွားကြည့်မလား အညံ့လေးဘာလေးရှိရင် ယတြာချေတာပေါ့...ဟု အကြံပေးသဖြင့် မနှင်းဆီလည်း ဗေဒင်ယုံသည် ဝါသနာပါသည်မဟုတ်ဘဲ ...တစ်ခုခုထူးခြားသွားလည်း အမြတ်ပဲလေဟုတွေးကာ သူငယ်ချင်းအကြံကို လက်ခံလိုက်လေသည်....။ ဗေဒင်ဆရာမက နာမည်ကြီးဗေဒင်ဆရာကြီးရဲ့ တပည့်... ယတြာကောင်းသည်ဟု နာမည်ကျော်ဇောသူတစ်ဦးဖြစ်ပေသည်...။ ထိုနေ့က ဗေဒင်ကြည့်တော့ မနှင်းဆီမှာ အန္တရာယ်ရှိနေကြောင်း တစ်စုံတစ်ယောက်၏ ခိုးပြေးခြင်းကို ခံရလိမ့်မည်ဟု ဆရာမကဟောလေသည်...။ နောက် မနှင်းဆီက အိမ်ကပေးစားမယ့် ယောက်ကျားကို မနှစ်သက် လက်မထပ်လိုသည်ကို ပြောပြတော့ ဆရာမက ယတြာတစ်ခုတော့ရှိတယ် ဘဝပျက်ယတြာတဲ့...။ အဲဒီယတြာချေပြီးရင် အိမ်ထောင်ပြုရဖို့က သိပ်မဖြစ်နိုင်တော့ကြောင်း သေချာစဉ်းစားပြီးမှ ချေစေလိုကြောင်းဆရာမကပြောပါတယ်...။ မနှင်းဆီကတော့ ရင်ထဲကအပူအေးရင်ပြီးရောဆိုပြီး ချေမယ်လို့ ဆုံးဖြတ်လိုက်သည်...။
ထိုယတြာမှာ ဘုန်းကြီးကျောင်းတစ်ခုကိုသွား ကျောင်းထိုင်ဘုန်းကြီးထံ ခွင့်ပန်ပြီး ဘုန်းကြီးကျောင်းမှာ တစ်ညအိပ် ဘုန်းဘုန်းရဲ့ ဝေယျာဝိစ္စတွေကို မိုးလင်းတဲ့အထိလုပ်.... ထွေးခံဆေးပေးတာတို့ ရေအေးကပ်တာတို့ အိမ်သာဆေးပေးတာတို့ကို ကုသိုလ်ရအောင်လုပ်ပေးရမည်...။ ပြီးတော့ အဲညမှာ ဝတ်အိပ်တဲ့ လုံချည်ကို အနီးက အမှိုက်ပုံမှာ စွန့်ပစ်ပြီး အညံ့အားလုံးပျောက်ပါစေလို့ ဆုတောင်းရမည်တည်း...။
အဆင်ပြေချင်တော့ သူငယ်ချင်းရဲ့ အိမ်ဟိုဘက်လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တစ်ညတည်းခိုခွင့်ရသွားသည်။ မနှင်းဆီရဲ့ သူငယ်ချင်းပါ အဖော်လိုက်အိပ်ပေးသည်...။ အဓိပ္ပါယ်ကတော့ ဘဝပျက်ပြီး နေစရာမရှိ ဘုန်းကြီးကျောင်းမှာလာကပ်နေရသည်ဆိုသည့်သဘောမျိုးသက်ရောက်စေသည်...။ မနှင်းဆီသူငယ်ချင်းကတော့ မနှင်းဆီနှင့် တစ်ခြင်ထောင်ထဲ မအိပ်ရပါ...။ ဘာကြောင့်လဲဆိုတော့ မနှင်းဆီတစ်ယောက် နေစရာမရှိဘဝပျက်လာသည် ဆိုသည့် ပုံစံမျိုးနှင့် ယတြာချေရမည်ကိုး...။
မနှင်းဆီ၏ ယတြာလည်း အဆင်ပြေပြေနှင့် ပြီးဆုံးသွားပါသည်...။ ဆရာမ၏ယတြာစွမ်းလို့လားမသိ ထိုလူလဲ မနှင်းဆီကိုလက်လျှော့ကာ သူ့မြို့ကိုပြန်သွားသည်...။ လူကြီးတွေလည်း ထိုနေ့မှစ၍ မနှင်းဆီကို အိမ်ထောင်ချပေးဖို့ စကားမစကြတော့ပါ...။ မနှင်းဆီ ယတြာချေတုန်းက အဖော်လိုက်ပေးသော သူငယ်ချင်းက ယနေ့ထိတိုင် ကြုံတိုင်းပြောတတ်သည်မှာ မနှင်းဆီယတြာသူ့အဖျားခတ်သွားလို့လားမသိ ခုထိယောင်္ကျားမရတာကိုလေတဲ့...။
ဘဝပျက်ယတြာရဲ့ ဂယက်ကြောင့်လား မနှင်းဆီသည် ရုပ်ရည်ချောမောလှပပါသည်...။ သို့သော် ဘယ်ပူရိသယောကျာၤးတစ်ဦးတစ်ယောက်မျှ မနှင်းဆီကို စိတ်မဝင်စားကြတော့ပါ...။ ထိုအတွက်လည်း မနှင်းဆီဝမ်းမနည်းပါ...။ ယနေ့ အသက်လေးဆယ်နားနီးသည့်တိုင် မနှင်းဆီကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ကိုယ်လုပ်စရာရှိတာ လုပ်ကိုင်ရင်း နှလုံးသားတံခါးပိတ်ကာ ကျေနပ်စွာ တစ်ယောက်တည်း နေထိုင်သွားလေတော့သတည်း...။
မှတ်ချက်။ ။ မနှင်းဆီမူပိုင် ဖြိုးမောင်မောင်(CTM)၏ မနှင်းဆီကို သည်ဝတ္ထုတိုလေးမှာ သုံးခွင့်တောင်းထားပါကြောင်း.....။ ကျေးဇူးပါ ....ဖြိုး....။
မိုးငွေ့
14 comments:
နာမည်ကြိးလှတဲ့ မနှင်းဆီ၏ အထ္ထုပ္ပတ္တိပေါ့နော်မမ :)
ခံစားအားပေးလျှက်...
ဆရာမ..ယတြာကလည်း
စွမ်းပါ့နော်..
မနှင်းဆီတစ်ယောက်တော့
ငှက်ပျော်တုန်းနဲ့နှစ်ပါးသွားရတော့မှာပါလားးP
စိတ်မကောင်းလိုက်တာကွယ်
အပျိုကြီးလုပ်ချင်သူတွေအတွက်
ဒီယတြာက..မဆိုးပေဘူးပဲနော်း)
စာကောင်း၊ပေကောင်းလေး
အားပေးသွားကြောင်းပါရှင်
စွမ်းလှတဲ့ ယတြာပေါ့...။
အခုမှ သိတာနာတယ်ကွာ...။ :)
ယတြာကောင်းလို့ ခင်ပွန်းလောင်းတောင် ပျောက်တာ ဖြစ်ရမယ်...။း)
ဟင် ..... မနှင်းဆီက ဒီအထိရောက်လာတယ်ပေါ့
အော်...မနှင်းဆီရယ်.....ဖစ်မှဖစ်ရပလေတယ်.....:)
ပြောမယ့်သာပြောရ မနှင်းဆီရေ...အပျိုကြီးဆိုတာ သီတင်း
ကျွတ်ရင်အစခံရတာကလွဲလို့ ကျန်တာအရမ်းနေရာကျ
တယ်...၊ပယောဂသင်တန်းသွားမလား၊နတ်က သင်မလား၊
ကာလာအိုကေ ဆိုမလား၊အကင်ဆိုင်သွားပြီး ဘီဘီချမလား
....ဘူမှတားမယ့်သူ၊ဆူပူမယ့်သူမရှိ....၊ဟုတ်တယ်မဟုတ်
လား မနှင်းဆီ.......:P
ဖျား...ဂလိုတွေလည်းရှိသလား..နှမျောစရာဂျီး... :P
ခင်တဲ့(ဖိုးကြယ်)
ယတြာကောင်းရင် မင်းလောင်းပျောက်တာတော့ကြားဖူးတယ်နော်
လူကြီးတွေပြောနေတာလေ
ယတြာကောင်းလို့ ခင်ပွန်းလောင်းတောင် ပျောက်တာ
ခုတော့သိရပြီ....
တယ်ကောင်းတဲ့ယတြာပါလား မိုးငွေ့ရယ်.. ယတြာကို ယတြာနဲ့ ပြန်တိုက်လိုက်ရင်ရမယ်ထင်တယ်နော်...ဟဲ.
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ယတြာပေးတဲ့ ဆရာမနာမည်လေး တစ်ဆိတ်လောက်ပြောပါ မမိုး..
ကိုယ့်ဟာကို မစွံတာကို ယတြာကြောင့်လို့ လွဲချလို့ရအောင် ဆရာမဆီ သွားမလား စိတ်ကူးသွားမိတယ် ဟိဟိ..
အင်းလေ မချောတို့ကတော့ ယတြာတောင် မလိုပါဘူးလေ..း)
ဟဟ.. ကောင်းလိုက်တဲ့ ယတြာ.. ဒီမှာလည်း မနှင်းဆီ... ဗြဲ.... (ငိုသံ)... ကိုဖြိုး .. ကိုဖြိုး.. ဟင်းဟင်း (ကြိမ်းသံ) :P
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့နောက် ယောက်ကျားမရလဲ ပူစရာ မလိုပါဘူး။ ဒါပေမယ့် ဒီလို ယတြာမျိုးတော့ မချေရဲဘူး။ နောက်မှ ကိုယ်တကယ်ချစ်တဲ့သူနဲ့ တွေ့ မှ ရင်ကျိုးနေရမယ့်အဖြစ်ကို မလိုချင်လို့ လေ...
'ယတြာကောင်းရင် မင်းလောင်းတောင်ဖြစ်သတဲ့' ဒါကလည်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့ မိုးငွေ့ရယ်။ တီတင့်တော့ ဗိုက်ခွဲပြီးထဲက ဗုဒ္ခမြတ်စွာဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိ ဖြစ်သွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တကယ်လားဗျာ။ မလွယ်တဲ့ ယတြာပါလား။ နောက်မှချစ်တဲ့သူနဲ့တွေ့ရင် အဲဒီလိုမိန်းကလေးတော့ သေပြီပေါ့ဗျာ။
Post a Comment