မိုးညနေခင်းလေးက အေးစိမ့်မနေဘဲ အိုက်စပ်စပ်ရှိလှသည်....။ ကျမတို့စီးလာသော မာစတာဂျစ်ကလေးကတော့ မိုးရေစိုနေသောကတ္တရာလမ်းဝယ် ဘီးလေးလုံးမှ ရေများတဖွားဖွား လွှင့်စင်အောင်... ခပ်ကြမ်းကြမ်းလေး မောင်းနှင်လျက်ရှိသည်...။ ရှေ့ခန်းမှာထိုင်ရသော ကျမကတော့ ဘုရားတ,ကာ လိုက်ရ၏...။ အရှိန်လျှော့ပါလို့ပြောလည်း အပိုပင်...။ ဒင်းတို့က ဘာကားမောင်းမောင်း ဒီနှုန်းနှင့်ကတော့ ပုံသေ...။ အချစ်ဆုံးသူငယ်ချင်းတွေ အတွင်းသိအစင်းသိတွေပေမို့...။ သူငယ်ချင်းတွေဆိုပြီး မိန်းကလေးတွေချည်း မထင်ပါနှင့်။ ကျမတို့အဖွဲ့မှာ ယောက်ကျားလေးသုံးယောက် မိန်းကလေးကနှစ်ယောက်...။ မိန်းကလေးနှစ်ယောက်မှာ ကျမကတော့ ကျန်ယောက်ကျားလေးသုံးယောက်လို ကျားကျားရားရား... ဟန်နီကတော့ ကျမတို့အဖွဲ့မှာ ခန္ဓာကိုယ်သေးညက်သလို စိတ်ကလေးနုနု ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းသည်...။
ကားမောင်းသူက မိုးယံ... ဒီကောင်က ကျမတို့အဖွဲ့မှာ ဒရိုင်ဘာ... ကားမောင်းစရာရှိရင် သူ့သာလှမ်းခေါ်လိုက် အချိန်မရွေးအပြေး ရောက်လာတတ်တယ်...။ ကျန်ယောက်ကျားလေးနှစ်ယောက်က သီဟနဲ့သားသား.... ရယ်စရာတွေအမြဲပြောပြီး ပျော်ပျော်နေတတ်တဲ့ သီဟနားအမြဲကပ်နေပေမယ့် ဟန်နီ့မောင်လေး သားသားကတော့ စကားနှစ်လုံးပင် မကွဲသူ...။ ကဲ အားလုံးနဲ့လည်းမိတ်ဆက်ပေးပြီးသကာလမှာ.... ကျမတို့စားသောက်ဖို့ အဲဒီဥယျဉ်ခြံစားသောက်ဆိုင်ကို ဆက်သွားကြမယ်နော်...။ ကျမတို့၏ ကားလေး လမ်းဘယ်ဘက်ကို ချိုးကွေ့ဝင်သွားပြီး ကားရပ်နားစခန်းကို အကျအနနေရာယူလိုက်သည်...။
ညသည် ကြယ်တွေပျောက်နေသည့် ကောင်းကင်ကြီးအုပ်မိုးထားသည်မို့ လောကကြီး အေးချမ်းတိတ်ဆိတ် နေသယောင်ယောင်ရှိပေမယ့်... ဆိုင်အတွင်းခန်းမမှ တေးဂီတသံ ညိမ့်ညိမ့်ကလေး ပေါ်ထွက်လာလို့ အသက်ဝင်လှပနေသည်...။ အမှန်တော့ဘာရယ်မဟုတ်.... နေ့ဘက် တကုတ်ကုတ်အလုပ်လုပ်ပြီး ညဘက် အညောင်းညာဆန့်သည့် သဘောနှင့် ကျမတို့တွေ ဒီလိုအပြင်ထွက်ထွက်ပြီး မုန့်စားလေ့ရှိပါသည်....။ တစ်ယောက်အလုပ်တစ်ယောက် ဖလှယ်ရင်း...။ အလ္လာပသလ္လာပတွေပြောရင်းပေါ့....။ ဆိုင်ရှင်နှင့်လည်း ရင်းနှီးတာကြောင့် ဒီဆိုင်ရဲ့ Unplugged ဆိုဖို့ခွင့်ပြုချက်ကို အော်တိုရထားပြီးသား....။ ငါးယောက်ထဲမှာမှ ကျမတစ်ယောက်တည်းချွန်းပြီး သီချင်းအဆိုသရဲဖြစ်သူ...။ မိုက်ခဲဂျက်ဆင်ညီမတော့မဟုတ်ပါဘူးရယ်....။ ဒါပေမယ့် မိုက်တွေ့ရင်ပဲ ခဲခဲချင်နေတာကတော့ ပိုးမသတ်နိုင်သေး...။ စားစရာ ဟင်းမှာနေတုန်းရှိသေး ကျမကတော့ ဒီဂျေကိုလက်ကုတ်ပြီး ဟိုသီချင်းဆိုမယ် ဒီသီချင်းဆိုမယ်လုပ်နေပြီ...။
“နေစမ်းပါဦး ပျို...ရယ်... နင်ကလည်း စားဖြင့်မစားရသေး”
မိုးယံက ကျမဆံပင်တွေကိုလိုက်ဖွရင်း ပြောသည်...။ သူက အဲသလိုပဲ ကျမဆံပင်ခွေခွေတွေကို အသည်းယားလို့ ငယ်ငယ်ကတည်းက ကိုင်ကြည့်လိုက် လက်ညိုးနဲ့ ခွေကြည့်လိုက်နဲ့ လုပ်နေကျ...။ အစက ကျောလည်လောက်ထိရှည်လျားပြီး အခွေလေးတွေနှင့် အိတွဲကျနေသည် ကျမဆံပင်များကို မြင်သူတိုင်း အားကျ သဘောကျလေ့ရှိသည်...။ ခုအတိုညှပ်ပစ်တော့.... ကျမဆံပင်ကိုခွေနေကျ မိုးယံတစ်ယောက် အတည်ပေါက်နှင့် ဆူသေးသည်...။ ဘယ်သူမှမတိုင်ပင်ဘဲ ညှပ်ရကောင်းလားတဲ့...။ ခပ်မြန်မြန်စားပြီး ကျမအလှည့် မကျမည်စိုးသဖြင့် တစ်ယောက်မှမတားလိုက်ခင်မှာ စင်ပေါ်အသာလေး ပြေးတက်သွားလိုက်သည်...။
ဒီဆိုင်က ဒီဂျေနဲ့ ကျမက ကီးကိုက်ပြီးသား...။ ...မိုးကလဲ ခပ်ဖွဲဖွဲရွာတော့ ပထမဦးဆုံး...ကိုမျိုးကျော့ရဲ့ မိုးလေးဖွဲတုန်းသီချင်းလေးစဆိုလိုက်သည်....။ အင်ထရိုလေးဝင်တော့ ဆိုင်ထဲက စားသောက်နေတဲ့ ပရိတ်သတ်တွေဆီက လက်ခုပ်သံလေးထွက်လာသည်...။ ကျမ၏ သီချင်းဆွဲဆောင်မှုကြောင့် စားသောက်ခန်းမထဲတွင်အားလုံး အေးဆေးဆိတ်ငြိမ်လျက်စိတ်ဝင်တစားနားထောင်နေကြ၏...။ သီဟနဲ့ သားသားက ပန်းစည်းကုံးလေး လာစွပ်ပေးသည်...။ သီချင်းလေးပြီးခါနီးတော့ ကောင်လေးတစ်ယောက် ကျမလက်ထဲ စက္ကူပိုင်းစလေး လာထည့်သွားသည်...။
စက္ကူလေးကိုဖြေကြည့်တော့..... “ကိုအောင်ရင်ဆိုပြီး ကိုငှက်ရေးထားတဲ့ “မိုး”သီချင်းကို ဆိုပေးစေချင်ပါတယ်” တဲ့....။ သဘောက မဆိုရင်လဲ ဖြစ်တယ် အဲလိုလား...။ ကျမကလည်း ဒီညကို မိုးသီချင်းတွေချည်းရွေးဆိုဖို့ ကိုယ့်ဘာသာကိုယ် ကျိတ်ပြီးစိတ်ကူးထားပြီးသား...။ ဒီလောက်တော့ အိုကေတယ်... ဆိုမယ်ကွယ်....။ မောင်လေးတွေဖြစ်မှာပါ...။ ကျမထက်တော့တော်တော်ငယ်ကြဦးမည်....။ စင်နှင့် ခပ်လှမ်းလှမ်းဒေါင့် တစ်နေရာက ခုနှစ်ယောက် ရှစ်ယောက်လောက်ရှိမည့် လူငယ်ကောင်ကလေးတွေ....။ ကျမကို ဒီဆိုင်က မူပိုင်အဆိုရှင်နှင့်မှားပြီး သီချင်းတောင်းခြင်းလည်းဖြင့်နိုင်၏။
ကျမက အဲဒီမိုးသီချင်းကို ကိုအောင်ရင်ဆိုခဲ့တဲ့ old version နှင့်မဆိုဘဲ ဒီဂျေကိုအကူညီတောင်းပြီး ဆယ့်နှစ်ရာသီ အမ်ဘမ်ထဲက Rဇာနည်နဲ့ ကျော်သူစိုး ဆိုတဲ့ version ဆိုမည် ...။ အိုကေ ဒီဂျေက ကျော်သူစိုးနေရက rapping လိုက်ပေးမည် ။ ပွဲကတော့ ကြည့်ကောင်းပြီ....။ ဘယ်ရမလဲ ပျိုပဲလေ.... ပိုးကမသေးဘူး....။ မရရအောင်ဆိုမယ်...။ ဇာတ်မတိုက်ထားပေမယ့် အဆင်ပြေပြေနှင့် သီချင်းလေး ပြီးသွားသည်...။ လူငယ်လေးတွေဆီက လက်ခုပ်သံက ပိုကျယ်နေသည်...။
“ကျေးဇူးတင်ပါတယ် ပျို့ကို ခုလိုအားပေးတဲ့အတွက်ပါ နောက်များကြုံကြိုက်ရင်လည်း ခုလိုဆိုပါဦးမယ်ရှင်..”
ကျမဝိုင်းဆီကို ပြန်လျှောက်လာတော့ စောစောက လူငယ်လေးတွေဝိုင်းက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်...။
“ပျို ဆိုတာသိပ်ကောင်းတယ်”
ဟန်နီက ကျမ မထိုင်ခင် ထလာပြီး ကျမကို ပွေ့ဖက်ပြီး ဂုဏ်ပြုပါသည်...။ မိုးယံက ကျမလက်ကိုလှမ်းဆွဲပြီး....။ “အပျိုမ နင့်ကို ကောင်လေးတွေ စိတ်ဝင်စားနေတယ်နော်....” လို့သတိပေးသလိုပြောသည်..။ မိုးယံနှာခေါင်းကိုဆွဲပြီး ကျမလျှာထုတ်ပြလိုက်သည်...။ သိပ်မကြာလိုက် အသားညိုညို အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက် ကျမတို့ဝိုင်းဆီလှမ်းလာနေသည်...။
“ကဲ...ပျိုမ နင့်ဆီကို အရှုပ်ထုပ်လာနေပြီ ကိုယ့်ဟာကိုယ်ရှင်းနော်...”
“အေးပါ မိုးရာ... နင်သိပ်စကားများတယ်...ငါ့ဇာတ်ငါနိုင်ပါတယ်..”
ကျမတို့ဝိုင်းက ငါးယောက်စလုံး သူ့ကိုဝိုင်းကြည့်တော့ ကိုယ်တော်က နည်းနည်း ရှိုးတိုးရှန့်တန့်လေးဖြစ်နေသည်။ ကျမနားရောက်တော့ လက်ထဲက စက္ကူလေးကိုလှမ်းပေးပါသည်....။
“ဒီက အမ သီချင်းဆိုတာကောင်းလို့ ကျနော်တို့ထဲက သူငယ်ချင်းတစ်ယောက် နောက်တစ်ပုဒ်လောက် ထပ်တောင်းဆိုတာပါ”
ကျမက သူ့ကိုမကြည့်ဘဲ စာရွက်ခေါက်လေးကို ဖြန့်ကြည့်ရင်း သူပြောတာကိုနားထောင်နေလိုက်သည်..။ ကျမမျက်ခုံးတစ်ချက်ပင့်မိသွားသည် ...။ ချမ်းချမ်းရဲ့“အဝေးကချစ်မယ့်သူ”တဲ့.....။ ကံကကောင်းချင်တော့လည်း သူတို့တောင်းတဲ့ သီချင်းတွေက ကျမဆိုနေကျသီချင်းလေးတွေဖြစ်ဖြစ်နေခြင်းပင်...။
“ဆိုပေးမယ်နော်.... ဒါပေမယ့် ဒီသီချင်းကိုတကယ်နားထောင်ချင်လို့တောင်းတဲ့သူကို ကျမသိချင်တယ် ရမလား”
ကျမအဲလိုပြန်မေးတော့ ကောင်လေးက တစ်ချက်ခေါင်းကုတ်လိုက်ပြီး သူ့ဝိုင်းဆီလှမ်းကြည့်နေသည်....။
“ဘာလဲ ပြောလို့မရလို့လား” “မဟုတ်ပါဘူး... ရ...ရပါတယ်... ကျနော်တို့ဝိုင်းထဲမှာ အဖြူရောင်ရှပ်ဝတ်ထားတဲ့ အသားဖြူဖြူနဲ့ တစ်ယောက်ပါ”
ကျမလှမ်းကြည့်လိုက်တော့ သူတို့ဝိုင်းကလည်းဒီဘက်ကို အကုန်လုံးကြည့်နေကြသည်...။ ရှပ်အဖြူနဲ့တစ်ယောက် ဆိုလို့ ကျမနည်းနည်း စိတ်လှုပ်ရှားသွားမိသည်...။ သူမဟုတ်ပါစေနဲ့လို့ လှမ်းမကြည့်ခင် ဆုတောင်းနေမိသည်...။ အင်းလေ... တလောကလုံးမှာ ရှပ်အဖြူရောင်ဝတ်သည့် ယောက်ကျားတွေ အများကြီးရယ်...။ ဒါပေမယ့် ကျမဆုတောင်းမပြည့်ခဲ့ပါဘူး....။ သူတို့ဝိုင်းထဲကမှာ တစ်ယောက်တည်းအဖြူရောင် ဝတ်ထားတဲ့သူက ကျမထင်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ အဖြူရောင်လေးဖြစ်နေပါသည်...။ ဒီလိုဆို ကျမ သူတို့တောင်းသည့် သီချင်းကို မဆိုတော့ဘူးဟု ငြင်းလိုက်ရမလား...။ တကယ်တော့ကျမကသာ သူ့ကိုသိတာပါ...။ သူကတော့ဖြင့် ကျမကို ဘယ်သူဘယ်ဝါမှန်း သိလိမ့်မည်မဟုတ်ပါ...။
ဘုရားရေ.... ကျမဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးသည့် အဖြစ်လေးပဲ....။ လွန်ခဲ့သည့် လအနည်းငယ်က ကျမနှင့် အန်မတန် ရင်းနှီးကျွမ်းဝင်သော ကျမရုပ်ကို မမြင်ဖူးသော(ကျမကတော့ social network တစ်ခုမှာ သူ့ပုံတင်ထားလို့ သူ့ကိုမြင်ဖူးထားပြီးသား)ကျမကို ညအိပ်ယာဝင်တိုင်း သီချင်းတွေဆိုဆိုပြတတ်သော လူငယ်ကလေးတစ်ယောက်ကို ခုလို အပြင်မှာ တကယ်လက်တွေ့ကျကျ အရှင်လတ်လတ်တွေ့ပြီး ကျမက သီချင်းပြန်ဆိုပြရမည်ဆိုသည့်အဖြစ်...။ လောကကြီးသည် တခါတလေ အင်မတန် အံ့သြဆန်းကြယ်လှသည့် အဖြစ်ပျက်မျိုးကိုလည်း ဖန်တီးပေးတတ်သေး၏...။
“ပျို... မဆိုချင်ရင်လည်းငြင်းလိုက်လေ.... စောင့်နေတဲ့ သူကို အားနားစရာ”
ကျမဘယ်ထိတောင်တွေနေမိသလဲမသိ... ဟန်နီကလက်တို့ပြီး သတိပေးရသည်....။
“အင်း အင်း ရတယ် ဆိုပေးမယ်နော်....”
ကောင်းလေးက ခေါင်းညိတ်ပြပြီး “ကျေးဇူး” ဟုပြောကာ သူ့ဝိုင်းဆီပြန်သွားသည်...။
“ပျို တစ်ခုခုဖြစ်သွားသလိုပဲ ဆိုလို့ဖြစ်ရဲ့လား”
ဟန်နီကအဲလိုပဲ ကျမမျက်နှာရိပ်ကို အမြဲအကဲခတ်ပြီး အလွတ်ဖတ်တတ်နေသူ....။ မိုးယံကလဲ....
“ပျို တကယ်ရတယ်နော်....”
“အင်းပါ အေးဆေးပါ နင်တို့ကလဲ ငါဘာဖြစ်နေလို့လဲ”
“သားကတော့ မကြီးတစ်ခုခုဖြစ်နေတယ်လို့မြင်နေတယ်” စကားနည်းသည့် သားသားကပင် အသံထွက်လာသည်...။ ကျမတကယ်ပဲ ရုပ်ပျက်သွားလို့လား...။
“ ဟယ်...ကလေးလိုနေစမ်းပါ ငါဘာမှမဖြစ်ဘူး သွားဆိုမယ် ဒါပဲ...”
ကျမ စတိတ်စင်ဆီကို ခြေလှမ်းရုံရှိသေး ... လူငယ်တွေဝိုင်းက လက်ခုပ်သံတွေထွက်လာတော့ လန့်တောင်သွားသည်...။ အိုကေ... ကျမစိတ်တွေလွှင့်နေလို့ဖြစ်မည်...။ စိတ်တွေကို နည်းနည်းပြန်စုရမည်...။ ကျမမှတ်မိနေပါသေးသည်...။ အဲဒီသီချင်းအမ်ဘမ်စထွက်တုန်းကအချိန်။ သူခေါင်းမူးလို့ အနားယူတုန်း သူ့ကိုသီချင်းလေးတွေပို့ပေးခဲ့ဖူးသည်...။ အဲဒီထဲက ချမ်းချမ်းသီချင်းကို အကြိုက်ဆုံးလို့ သူပြောခဲ့ဖူးသည်..။ တကယ်တော့..... သူကမှ ကျမထက်အများကြီးအဆိုကောင်းသူပါ....။ ကျမအသံတွေမတုန်အောင် မနည်းစုစည်းရဦးမည်....။ ကျမသီချင်းလေးကိုစဆိုတော့ ဘယ်ကိုမှမကြည့်တော့....။ သီချင်းထဲကိုပဲ အာရုံစူးစိုက်ထားလိုက်သည်...။ တော်ပါသေးရဲ့... သီချင်းက အေးအေးဆေးဆေး ပြီးဆုံးသွားပါသည်...။ သီချင်းပြီးခါနီး သူကိုယ်တိုင်ကျမကို အဖြူရောင်နှင်းဆီတစ်ပွင့်လာပေးသွားသည်.... ပြီးတော့ စာရွက်ခေါက်လေးတစ်ခု...။
“အမကို ခင်ချင်ပါတယ်.... ကျနော့် ဖဘ နဲ့မေးလ်ကို အက်ပေးပါခင်ဗျာ” တဲ့....။ ကျမတစ်ချက်ပြုံးမိသွားသည်....။ တကယ်တော့ ကျမက သူ့ ဖဘနဲ့ ဂျီမေးလ်မှာ ရှိနေနှင့်ပြီးသားပဲလေ.......။ ကျမ ဘယ်သူဆိုတာကို သိသွားရင် ကျမကို ခုလိုသီချင်းတောင်းပါ့မလား......။ ကျောက်တောင်နံရံတစ်ခုကို အမုန်းမီးလျှံလို့ သူသတ်မှတ်ထားခဲ့တဲ့ ကျမက ဖောက်ခွဲပစ်ဖို့ မစွမ်းလောက်ပါဘူး....သေချာပါတယ်...။
မိုးငွေ့