
အချိန်က ညဆယ်နာရီ ဆယ်မိနစ်… ။ ဗိုက်အရမ်းဆာလာလို့ ခေါက်ဆွဲပြုတ်တစ်ခွက်ကိုသောက်ရင်းက အကြောင်းအရင်းမရှိ ရင်ထဲဝမ်းနည်း စို့နင့်လာသလိုလို ခံစားမှုမျိုး….။ ဒီလို ခံစားမှုမျိုး ကိုယ့်ဆီရောက်မလာတော့တာ နှစ်ပေါင်းများစွာရှိနေပြီပဲ…။ မညီမျှတဲ့ ညီမျှခြင်းတစ်ခုကို အတင်းဆွဲညှိယူလို့မရတာမျိုး… ရင်ထဲတစ်ဆို့ဆို့နဲ့….။
ရစ်ပတ်တွယ်ငင်ခြင်းဆိုတဲ့ ဒီအမျှင်တန်းတွေ…. ကိုယ်ဆီထပ်မရောက်လာပါနဲ့တော့….။ ကိုယ့်အရွယ် ကိုယ့်ရဲ့ ရင့်ကျက်မှုနဲ့ ခံနိုင်ရည်ရှိတယ် ဆိုပေမယ့်လေ….။ တခါတလေ လောကနိယာမတရားကို အချိန်တွေ အသက်အရွယ်တွေက အလွယ်တကူ ချိုးဖေါက်ပစ်တတ်တာမျိုးလဲရှိတာကိုး…။ အဲဒီလိုတွင်းနက်ထဲကို ခုန်ဆင်းဖို့အထိတော့ ကိုယ့်အသိဉာဏ်တွေက ကိုယ့်ကို မိုက်မဲခွင့်မပြုပါဘူး….။ ခေါက်ဆွဲပြုတ်က သံပုရာသီးညှစ်တာနည်းနည်းများသွားလို့ ချဉ်သွားတယ်…။ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မခံစားမိဖို့ ကိုယ့်ကိုသတိပေးသလိုပါပဲ…။
ကမ္ဘာပေါ်မှာ စိတ်ကူးအယဉ်ဆုံးလူတွေဟာ စာရေးဆရာတွေလား….။ စိတ်ကူးကမ္ဘာထဲ ပျော်မွေ့ပါများတော့ လက်တွေ့ဘဝရဲ့ တန်ပြန်မှုကို ခံနိုင်ရည်မရှိတတ်ကြဘူးတဲ့…။ ခုတလော မီးဖိုချောင်လက် မလှည့်ဖြစ်ဘူး…။ ခံစားချက်တွေများနေတယ်…။ မဖြစ်ဘူး… အလုပ်ကို ထမင်းဗူး ပြန်ထည့်မှပါ…။ အပြင်စာတွေကညစ်ပတ်တယ်…။ စီပိုးတွေကလည်း အဖြစ်များနေတယ်…။ အသက်ကိုဉာဏ်စောင့်၏တဲ့…။ နောက်ဘဝအတွက် ဘာကောင်းမှုကုသိုလ်မှ မလုပ်ရသေးဘဲ လောကကြီးထဲကနေတော့ ပစ္စလက်ခတ်ထွက်မသွားချင်သေးဘူး…။ ကိုယ့်မှာ တွယ်တာစရာတွေက ခပ်များများရယ်…။ ကိုယ့်စာတွေ… ကိုယ့်ပိတ်သတ်တွေ… အဲဒါတွေက ကိုယ့်ဝိဉာဉ်ရပ်တည်နေဖို့ မရှိမဖြစ်တွေလေ…။
ပြီးတော့ ဧရိယာပြင်ပရောက်နေတဲ့ သူနဲ့လည်း စကားသေချာမပြောဖြစ်သေးဘူး…။ ခုတလော အလုပ်များနေတယ်တော်တော်ပဲ…။ ထူးထူးဆန်းဆန်း ဖုန်းတောင်ဆက်ပြီး “ကိုယ်အလုပ်တွေအရမ်းရှုပ်နေတယ်”တဲ့…တုံးတိကြီးပြောတယ်…။ ကိုယ်လဲ “အိုကေလေ… ဒါဆိုလဲ မပြောတော့နဲ့ တာ့တာ” ဆိုပြီး ဖုန်းချပစ်လိုက်တယ်…။ အေးရော….။ အိမ်ကပေးစားမယ့် မိန်းမနဲ့လက်ထပ်ရတော့မယ်ဆိုပဲ….။ အင်းလေ အိမ်ကပေးစားမှ ရမယ့်အခြေအနေကိုးလို့… မခံချင်အောင်ပြောလိုက်တော့ တကယ်ပဲ ကိုယ့်သူငယ်ချင်းလေး ဆတ်ဆတ်ခါထိသွားတာ…။ ခုလဲ ခေါက်ဆွဲစားရင်း သီချင်းနားထောင်ရင်း သူနဲ့အလ္လာဘ သလ္လာဘများပြောမလားမှတ်တယ်…။ ဧရိယာပြင်ပတဲ့…။
မိုးငွေ့
2 comments:
ကိုယ်ချင်းစာနားလည်မိပါတယ်။ ရင်ထဲမှာ ခံစားမိပါတယ်။
ခင်မင်လေးစားလျက်
စိတ်ချမ်းမြေ့ပျော်ရွှင်အေးချမ်းပါစေ
Post a Comment