Friday, 21 January 2011

ခရမ်းချဉ်သီးငါးပိချက်နဲ့ ပဲပြားတန်ပူရာကြော်...












မနက်စောစောစီးစီး ညှော်မှာစိုးလို့ ငါးပိချက်ကိုလုံးချက်လိုက်တယ်... ။ ခရမ်းချဉ်သီး ကြက်သွန်နီတွေကို ပါးပါးလှီး ကြက်သွန်ဖြူကိုအပြားရိုက်နုတ်နုတ်စင်းထားတာကို ဒယ်ထဲထည့် ပဲဆီထည့် ငါးပိဖျော်ထားတာထည့်ပြီး မီးပေါ်ဒီတိုင်းတင်ထားလိုက်တယ်...။ ခရမ်းချဉ်သီးရေခြောက်ခါနီးကျ အပေါ့အငံမြည်း ငရုတ်သီးကုလားအော်နဲ့ နံနံပင်ပါးပါးလှီးထည့်ပြီ ခဏကြာရင် ပန်းကန်ထဲခူးထည့်လို့ရပြီ...။ တို့စရာတွေကတော့ အခါတိုင်းသခွားသီးနဲ့ပဲ စားနေကျမို့ တစ်မျိုးဆန်းအောင် ဂေါ်ဖီနဲ့ ပန်းပွင့်ရေနွေးဖျောတို့တယ်...။

ပဲပြားတုံးကို ပုံထဲကအတိုင်း မထူမပါးအရှည်လိုက်လှီးပြီး တန်ပူရာမှုန့် ဆားနဲ့ ငရုတ်ကောင်းဖြူးပြီး ပဲပြားမကြေအောင် အသာလေးနယ်ပေးပါ ...။ အလယ်အလတ်မီးနဲ့ ဆူပူပူမှာ ပဲပြားလေးတွေကို ထည့်ကြော်ပါ...။ ပဲပြားလေးတွေကြွပ်ရွလာရင် ဆယ်ထုတ်ပြီး ဆီစစ်စက္ကူခံထားတဲ့ ပန်းကန်ပြားမှာ စစ်ပြီးရင် ပဲငံပြာရည်အကြည် ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ဆော့နဲ့အဆင်သင့်တို့စားလို့ရပြီဗျ...။

ဒီပို့စ်ကို အဝေးကပြန်ရောက်လာတဲ့ မြန်မာ့အစားအစာနဲ့ဝေးနေတာကြာပြီဖြစ်တဲ့ “မိုးငွေ့နှင့်အတူ” ဖန်ဆင်းရှင်လေး အတွက် တင်ပေးလိုက်ပါတယ်...။


မိုးငွေ့


2 comments:

ညိမ်းနိုင် said...

စားချင်တယ်...။တလောက ကိုယ့်ဘာသာ ခရမ်းချဉ်သီး
ငပိချက် ချက်သေးတယ်...။ငပိမပါလို့လားမသိ ကောင်းဘူး
:(

rose said...

မမိုးငွေ့... တိုက်တိုက်ဆိုင်ဆိုင် ရို့စ်လည်း ဒီနေ့ ခရမ်းချဉ်သီး ငပိချက် ချက်တယ်၊ မုန်လာဥ ချဉ်ရည်ပာင်းလေးနဲ့ ကြက်သားပြုတ်ကြော်နဲ့ စားတယ်။ မမိုးငွေ့ ကြော်ထားတဲ့ ပဲပြားလေးက စားချင်စရာလေး။