ဒီသင်္ကြန်ပိတ်ရက်မှာ ပို့စ်များများတင်ဖို့အတွက် စာတွေရေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားခဲ့တာ...။ တကယ်တမ်း အင်တာနက်အဆင်မပြေတာနဲ့ ခေါင်းထဲ ဘာမှထွက်မလာတာနဲ့... ရေရေရာရာ ဘာမှမရေးဖြစ်ခဲ့ဘူး...။ ကျမ ဘလော့ဂ်လောကထဲရောက်တဲ့ သက်တမ်း တစ်နှစ်ကျော်ကာလမှာ... ရေးထားခဲ့သမျှပြန်ပြီး သုံးသပ်လေ့လာကြည့်တော့...ဘာမှသိပ်အားရစရာမရှိခဲ့ဘူး...။ ဘယ်လိုအားနည်းချက်တွေများရှိနေသလဲလို့ ပြန်စမ်းစစ်ကြည့်တော့... အဓိက ကကျမစာဖတ်သူတွေကို ဦးစားပေးလိုက်တာပါပဲ...။ ကျမ ဘလော့ဂ်ရေးတိုင်း နိုင်းနိုင်းစနေတို့လို ဘလော့ဂ်ဂါကြီးတွေကို သိပ်အားကျပြီး သူတို့လိုဖြစ်ချင်တာလဲပါခဲ့တယ်...။ ကိုယ့်စတိုင်နဲ့မဟုတ်ဘဲ သူများပုံစံကို ကူးချသလိုဖြစ်နေတယ်...။ ဥပမာဗျာ.... ကျမဘလော့ထဲကို ဝင်လာဖတ်ရင် မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရသလို ကဏ္ဍစုံစုံလင်လင်ပါစေချင်တယ်...။ ဘာသာပြန်၊ ဝတ္ထု၊ လူမှုရေးရာ၊ ဘာသာရေး၊ ဆောင်းပါး၊ ဟင်းချက်နည်း စသဖြင့် အစုံရေးချင်နေတယ်...။ ကိုယ့်ကိုယ်ကိုဘာကို အားသန်သလဲဆိုတာကို သတိမမူမိဘူး...။ အစုံတင်ချင်တာပဲရှိနေတယ်...။ “ပုံရိပ်များအခင်းအကျင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် ကျမအားနည်းချက်ကို ထင်ထင်ရှားရှား တွေ့မြင်ကြပါလိမ့်မယ်...။ ဓါတ်ပုံပညာပိုင်း ညံ့ဖျင်းတာရယ်... ဓါတ်ပုံတချို့ကိုဘာသာပြန်တာတွေမှာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်...။ ဒီတော့ ကျမဘာကို အားသန်သလဲ ကျမဘာကိုရေးချင်နေသလဲ... ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ကြည့်လိုက်တယ်...။ ကျမဘာကို ရေးချင်ပါလိမ့်..။ အဲဒါပဲ လူဆိုတာ မသေခင်အချိန်ထိတော့ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားဖို့လိုတယ်တဲ့...။ သေလွန်သွားသည်အထိ ကိုယ်ဘာဖြစ်ချင်မှန်းမသိ ဘာလိုချင်မှန်းမသိ ကိုယ့်ကိုယ်ကို ရှာမတွေ့တဲ့ သူတွေများ ဒုနဲ့ဒေးပါပဲ...။ အဲဒီစာရင်းထဲ ကျမပါမသွားချင်ဘူး အမှန်တိုင်းဝန်ခံရရင်...။ ဒီတော့ ပိတ်ရက်အတွင်းမှာ အလုပ်မရှိတော့ အိပ်လိုက်စားလိုက် တီဗီကြည့်လိုက်နဲ့ တစ်နေ့တော့ Movie 5 နဲ့ MRTV4 အစီအစဉ်တွေကြည့်ရင်း ဖြူဖြူကျော်သိန်း ရဲ့ အင်တာဗျူးလေးကို သွားကြည့်လိုက်မိတယ်..။ အင်တာဗျူးဝါးရဲ့မေးခွန်းတိုင်းက သိပ်ကောင်းသလို ဖြူဖြူကျော်သိန်းပြန်ဖြေနဲ့ အဖြေတွေကလဲ သိပ်ကိုလှပါတယ်..။ အမေရိကားမှာ တင်ဆက်တဲ့ Britney Spear ရဲ့ Concert ကိုသွားကြည့်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ အဆိုတော်ဘဝအကြောင်းတွေ ဘာစီးရီးတွေလုပ်နေသလဲ စတဲ့ အကြောင်းအရာတွေပါ...။ နောက် စင်ပေါ်မှာ တင်ဆက်ရတဲ့ Performer တွေဖြစ်တဲ့ အလျှောက် Performence အပိုင်းတွေနဲ့ ဖြူဖြူရဲ့ ထူးခြားတဲ့ costume design တွေအကြောင်းပေါ့...။ အနုပညာရှင်ဆိုတာ ကိုယ့်ဝိဉာဉ်မှာ ဆည်းပူးနေတဲ့ ကိုယ်ကျွမ်းကျင်ဝါသနာပါရာ တတ်မြောက်တဲ့ အနုပညာကို တွန့်ဆုတ်မှုမရှိ အတိုက်အခိုက် အခက်ခဲကြားက ရဲရဲဝံ့ဝံ့ချပြရမယ်....ဒါမှ အနုပညာရှင်ပီသမယ်။ အဲဒီမှာ ကျမကြိုက်တဲ့ စကားလေးတစ်ခုက ဖြူဖြူပြောသွားတာ “သူဟာပရိတ်သတ်အကြိုက်ကို ဘယ်တော့မှ ဦးစားမပေးဘူး...သူကြိုက်တာကိုပဲ သူလုပ်လိုက်တယ်... အဲဒီအပေါ်မှာ ပရိတ်သတ်နဲ့ သူနဲ့ ရင်ခုန်သံချင်း ထပ်တူညီသွားတယ်” ဆိုတာပဲ....။ ဒီလိုပဲ ကျမတို့ စာရေးသူ(စာရေးဝါသနာပါသူ) အနေနဲ့လည်း ကိုယ်အားသန်ရာ ရင်ဘတ်ထဲကထွက်လာတဲ့ ကိုယ်ရေးချင်တဲ့စာကိုပဲ ရေးချဖော်ပြသင့်ပါတယ်...။ မခင်ဦးမေရဲ့ review ဆိုတဲ့ပို့စ်မှာ ပြောသွားသလိုပေါ့ ကိုယ်စိတ်ချမ်းသာတာကိုပဲ ရေးတော့မယ် ... စာဖတ်သူတွေ ကြိုက်ကြိုက်မကြိုက်ကြိုက်...။ တစ်ခါတစ်ခါ ကွန်မန့်တွေမျှော်ရတာလဲ ကိုယ်ကိုယ်ကို ရှက်လာသလို...။ နိုင်းနိုင်းစနေဆိုရင် ဘာသာပြန်တွေပဲတင်လွန်းအားကြီးလို့ စာဖတ်သူတချို့ ပြစ်တင်ရှုံ့ချ တိုက်ခိုက်တာကို မကြာခဏလိုလိုခံရပါတယ်...။ သူပြောသလိုပဲ သူသည် ဘာသာပြန်ကိုပဲ အားသန်သည်... အခြား ကဗျာတွေ ခံစားမှုပိုင်းတွေကို သူမရေးတတ်ဘူး...။ အဲဒီလို အကြိမ်ကြိမ်ဝန်ခံထားခဲ့လည်းပဲ...ပြောခံနေရဆဲပါပဲ...။ ဒါကတော့ ဘလော့ဂ်ရေးသူ အတော်များများကြုံရတဲ့ ပြဿနာတစ်ခုပါပဲ...။ စီဘောက်မှာ မဟုတ်က ဟုတ်ကတွေလာရေးမယ်... ဆဲဆိုချင်ဆိုသွားမယ်... ခနဲ့တဲ့တဲ့ရေးသွားမယ်... အစုံပေါ့ဗျာ...။ တချို့ ကျမရဲ့သူငယ်ချင်း ကဗျာဆရာတွေဆို သူတို့ကဗျာတွေ အကူးချခံရတာတွေရှိသေးရဲ့...။ တကယ်တော့ ဘလော့ဂ်ဂါတွေဟာ စာရေးရတာကို အသေအကြေ ဝါသနာပါလွန်းလို့သာ အချိန်အကုန်ခံ ငွေကုန်ခံ လိုင်းမကောင်းရတဲ့ကြားထဲက (ကျမတို့မြန်မာပြည်ကဘလော့ဂ်ဂါတွေပြောပါတယ်)ညမိုးပဲချုပ်ချုပ် စွန့်စားပြီး ရေးနေကြရတာပါ...။ ရေးတယ်ဆိုတာကလဲ အလကားသက်သက် ကီးဘုတ်ပေါ် လက်ချောင်းလေးရောက်တာနဲ့ စာတွေ သူ့အလိုလို ထွက်လာတာမဟုတ်ဘူးလေ...။ ခေါင်းထဲက ထွက်လာတဲ့စာကို ထွက်လာတဲ့ အချိန်အခါနဲ့ ကိုယ် ကွန်ပျူတာရှေ့ရောက်တာနဲ့လည်း တိုက်ဆိုင်ဦးမှ....။ ကျမတို့ဆီမှာက လက်တော့ကိုယ်စီနဲ့ အင်တာနက်လိုင်းကို ဘုံးပေါလအော သုံးခွင့်ရကြတာမှမဟုတ်ဘဲ...။ အဲလေ...ပြောရင်းနဲ့ ဘယ်တွေရောက်ကုန်လည်းမသိဘူး...။ အတွေးတွေလည်းချော်ကုန်ပြီ...။ အော်...ပြောရဦးမယ်...ကျမ ဘလောက်ရေးတဲ့ သက်တမ်းတလျှောက်တော့ တဂ်ပို့စ်တစ်ခါမှ ရေးခိုင်းတာမခံရသေးဘူး...။ ကျေးဇူးတင်ရမှာပါ ကျမအဲဒါကို အကြောက်ဆုံးပဲ (သူများတွေကိုတော့ တဂ်ဖူးတယ်) ။ ဘာလို့လဲဆိုတော့ ကျမသူတို့ရေးခိုင်းတာ မရေးနိုင်မှာ သိပ်စိုးရိမ်ပါတယ်...။ အင်းးး...အတွေးစတွေဆွဲထုတ်တာ နဲနဲရှည်သွားတယ်...သီးခံပေးကြပါလို့ မပြောလိုတော့ပါဘူး...။ ကျမ ဒီနေ့ထိ ကိုယ်ဝါသနာပါရာ စာရေးခြင်းကို ခုလို ဘလော့ဂ်ပေါ်တင်နိုင်အောင် အကောင်ထည်ဖော် ဖန်တီးပေးခဲ့တဲ့ မော်စကိုက ကျမမောင်လေးကို ဘယ်တော့မှမမေ့ပါဘူး...။
မိုးငွေ့
4 comments:
ဒါပေါ့ အစ်မရာ ရင်ခုန်သံချင်း ထပ်တူညီသွားတယ်ဆို ကောင်းတာပေါ့ ...
ကောင်းတယ်ထင်တာ ဆက်လုပ် ...း)))
အားပေးနေမယ် ...
ကျေးဇူး...ကိုယ့်မှာ ဒီမောင်လေးတွေပဲ အားကိုးနေရတာ...
ခင်မင်စွာဖြင့်
မိုးငွေ့
ဒီပိုစ့်လေးကိုဖတ်ပြီး အတွေးတွေ ဆက်ပြီး ပွားသွားမိတယ်..
အရေးလဲ ကောင်းပါတယ် မိုးငွေ့ရေ..
ကိုယ်ကြိုက်တာလေးတွေကို ချရေးရင် စာဖတ်သူကို စေတနာထားလိုက်ရင် စာရေးသူတစ်ယောက်ရဲ့ တာဝန်ကျေတယ်လို့ ယူဆမိတာပါဘဲ.. ကိုယ်လဲ စိတ်ကျေနပ်သလို ဖတ်သူလဲ ကျေနပ်ရတာပေါ့နော်..
ခင်မင်စွာ
စေတနာသာ အဓိကပါ မမရယ် ..
ညီမလေးတို့ ကိုပဲကြည့်ပါလား ..
တစ်လိုင်းပဲ သွားလို့ ရတယ်...
မမလို စာဖတ်သူတွေအတွက်
ဗဟုသုတတွေ အများကြီး မပေးနိုင်ဘူးလေ ..
ဘာပဲဖြစ်ဖြစ် အားပေးနေတယ် ...
ခင်မင်စွာနဲ့ 
ပန်းခင်းလေး
Post a Comment