ခံစားမှုဉပဒေသ(၁)
လုပ်ဆောင်မှုတိုင်းမှာ တူညီစွာ တန်ပြန်တုံ့ပြန်တဲ့ ခံစားချက်ရှိတယ်....။
ခင်ဗျားမျက်နှာကို ကျနော် လက်သီးနဲ့ ထိုးလိုက်တယ် ဆိုပါစို့...။ ဘာအကြောင်းပြချက်မှမရှိဘူးနော်...။ ထိုးချင်လို့ထိုးတာ...။
ခင်ဗျား မသိစိတ်က ဘယ်လိုတုံ့ပြန်မလဲ တစ်ခုခု ပြန်လုပ်ဖို့ ကြိုးစားမှာပေါ့...။ ကိုယ်ထိလက်ရောက် ပြန်ထိုးမလား နှုတ်နဲ့ပဲ ပက်ပက်စက်စက် ဆဲမလား ဒါမှမဟုတ် ရဲတိုင်မလား...။
ဘယ်လိုတုံ့ပြန်သည်ဖြစ်စေ ခင်ဗျားစိတ်ထဲမှာ ကျနော်နဲ့ပတ်သက်ပြီး မကောင်းတဲ့ ခံစားမှုတွေ စုံပြုံလျှံကျလာမှာ သေချာတယ်...။ ဘာမှမလုပ်ဘဲ ဘလိုင်းကြီး အထိုးခံရတာကိုး...။ အကျိုးအကြောင်း မရှိဘဲ ခင်ဗျားနဲ့မထိုက်တန်ဘဲ အလကားသက်သက် နာကျင်အောင် အလုပ်ခံလိုက်ရတဲ့အတွက် ခင်ဗျားနဲ့ ကျနော့်ကြားမှာ မတရားမှုဆိုတဲ့ ခံစားချက်ပေါက်ဖွားလာတယ်...။ တစ်နည်းအားဖြင့် ပြောရင် ခင်ဗျားနဲ့ ကျနော့်ကြားမှာ အမှန်/အမှားကွာဟမှုဆိုတဲ့ အရာတစ်ခုဝင်လာတယ်...။ တစ်ယောက်ကတော့ မှန်တဲ့သူ ကိုယ်ကျင့်တရားကောင်းတဲ့သူ နောက်တစ်ယောက်ကတော့ အကျင့်မကောင်းတဲ့ လူယုတ်မာ...။ ဘယ်သူက ကောင်းတဲ့သူလဲ ဘယ်သူက မကောင်းတဲ့သူလဲ ဆိုတဲ့ ခံယူချက်တွေ ကွာဟသွားတာ...။
နာကျင်မှုကြောင့် ဒီလိုကွာဟမှုတွေ ဖြစ်လာတယ်...။ လူတွေကြားမှာပဲ ဖြစ်တတ်တာမဟုတ်ဘူးနော်...။ ခွေးကိုက်ခံရရင်လည်း ခင်ဗျားစိတ်ထဲမှာ အဲဒီခွေးကို အပြစ်ပေးချင်လာတာပဲ...။ စားပွဲခုံ ခြေထောက်ကို ခြေမနဲ့ဝင်တိုက်မိရင်ရော ဘာလုပ်သလဲ...။ စားပွဲကို ပိတ်ကန်ရင်ကန် မကန်ရင် ပိတ်အော်ပစ်တာပေါ့...။ ရေကြီးလို့ ခင်ဗျားအိမ်တစ်ခုလုံး မြှုပ်သွားရင်ရော စိတ်ဓါတ်တွေကျပြီး ဘုရားသခင်ကို အပြစ်တင်မယ်...။ ဘုရားသခင်တင်မကဘူး စင်္ကြာဝဠာတစ်ခုလုံးကိုရော လူ့ဘဝ ဆိုတာကြီးကိုပါ အကုန်ဆွဲထည့်ပစ်ပြီး ဒေါသတွေ ထွက်တော့တာ...။
ဒါတွေအားလုံးဟာ အမှန်/အမှား ကွာဟမှုတွေချည်းပဲ.....။ ကိုယ်ကြုံတွေ့လိုက်ရတာတွေက မဖြစ်သင့်ဘူး..။ ငါနဲ့မထိုက်ဘူး...။ ဒါကြောင့် အကောင်းအတိုင်းပြန်ဖြစ်သင့်တယ် ဆိုတဲ့ ခံယူချက်ပေါ့...။ နာကျင်စရာ တစ်ခုခုကြုံရတဲ့အခါ နာကျင်မှုနဲ့အတူ ဘယ်သူက မှားတယ် မှန်တယ် ပိုကောင်းတယ် ပိုဆိုးတယ်ဆိုတဲ့ ခံယူချက်တွေပါ အလိုလိုဝင်လာတယ်...။ ဒီလို ကွာဟမှုတွေ ကြုံတဲ့အခါ အရင်လို ပြန်ဖြစ်ဖို့ ချိန်ခွင်ကို ပြန်ညှိဖို့ ဆန္ဒတွေ ကျနော်တို့ စိတ်ကို ဖုံးလွှမ်းသွားတယ်...။ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတဲ့ မေးခွန်းနဲ့ချိန်ခွင်ကို ပြန်ညှိချင်တယ်...။ ခင်ဗျားရဲ့ မျက်နှာကို ကျနော် လက်သီးနဲ့ ထိုးလိုက်တဲ့အတွက် ကျနော့်ကို အပြစ်ပေးသင့်တယ်လို့ ခင်ဗျားစိတ်ထဲမှာ ခံစားရတယ်...။ ဒီခံစားမှုကြောင့် ခင်ဗျားစိတ်ထဲမှာ စိတ်တစ်ခုခု ဉပမာ ဒေါသစိတ်ဝင်လာမယ်...။ငါလာမှမလုပ်ဘဲ ဘာဖြစ်လို့ အထိုးခံရတာလဲ ငါ့ကို လူတွေက ဘာဖြစ်လို့ ကောင်းကောင်းမဆက်ဆံကြတာလဲ စတဲ့ခံစားချက်တွေလည်း ဝင်လာနိုင်တယ်...။ အဲဒီခံစားချက်တွေကနေ ဝမ်းနည်းစိတ် နားမလည်စိတ် ကိုယ့်ကိုယ်ကို သနားစိတ်တွေအဖြစ် အသွင်ပြောင်းသွားနိုင်တယ်...။
အမှန်အမှား ကွာဟမှုတွေ ကြုံရတဲ့အခါ ထိုက်တန်မှုဆိုတဲ့ မေးခွန်းကို မေးကြတယ်...။ ဖြစ်သွားတဲ့ အဖြစ်မပျက် ဖြစ်လာမယ့် အဖြစ်အပျက်ဟာ ငါနဲ့ သူနဲ့ထိုက်တန်တယ် မထိုက်တန်ဘူးဆိုပြီး ဆုံးဖြတ်ချက် တွေအလိုလိုချလိုက်မိတယ်...။ ဒီလူကတော့ ဟိုလူထက် ပိုမှန်တယ်/ ပိုမှားတယ်...။ ဒီအဖြစ်အပျက်က ဟိုအဖြစ်အပျက်ထက် ပိုကောင်းတယ်/ပိုဆိုးတယ် စသဖြင့် ဆုံးဖြတ်လာမယ်...။ ကျနော်တို့ရဲ့ တန်ဖိုးထားတဲ့ အရာမှန်သမျှ ခံယူချက်မှန်သမျှ ဒီကွာဟမှုတွေကြောင့် မွေးဖွားလာတာဖြစ်တယ်...။
အိုကေ...။ ခင်ဗျားကို ကျနော် လက်သီးနဲ့ထိုးမိတဲ့ အတွက် ပြန်ပြီး တောင်းပန်တယ်လို့ စဉ်းစားကြည့်ပါဦး ...။ ကျနော်က ပြောမယ်..." ဟာ...ဆောရီးဗျာ ကျနော် စိတ်မထိန်းနိုင်လို့ လုပ်လိုက်မိတာ...။ နောက်မလုပ်တော့ပါဘူး...။ တကယ် စိတ်မကောင်းပါဘူးဗျာ...။နောင်တရတယ် နောင်တရလို့ ခင်ဗျားအတွက် ကိတ်မုန့်ဖုတ်လာပေးတယ်...။ ရော့... ကိတ်မုန့်လေး စားကြည့်လိုက်...။ ဪ... ပြီးတော့ ဒီမှာ ဒေါ်လာတစ်ရာ...။ သက်သက်ထပ်ပေးတာ...။ ဒီလိုတောင်းပန်လိုက်တော့ ခင်ဗျား ကျေနပ်သွားတယ် ဆိုပါစို့....။ ကျနော်ပေးတဲ့ ဒေါ်လာတစ်ရာနဲ့ ကိတ်မုန့်တစ်လုံးကို ခင်ဗျား လက်ခံလိုက်တယ်...။ စိတ်ထဲမှာလည်း ကျေနပ်သွားတယ်...။ ဒါဆိုရင် ကျနော်နဲ့ ခင်ဗျားရဲ့ ကြားက ကွာဟမှုဟာ ပြန်စေ့သွားပြီ...။ ချိန်ခွင်ညီသွားပြီ...။ ကျေသွားပြီ ဆိုပါတော့...။
ဒီလို ချိန်ခွင်ညှိလိုက်တာ မျှော်လင့်ချက်ကို အသက်ပြန်သွင်းပေးတာပဲ...။ ခင်ဗျားအပြစ်လည်း မဟုတ်ဘူး...။ ကမ္ဘာကြီးရဲ့ အပြစ်လည်းမဟုတ်ဘူး...ဆိုတာကို လက်ခံနိုင်သွားတယ်...။ ကိုယ့်ကိုယ်ကို ပြန်ထိန်းနိုင်ပြီလို့လည်း ခံယူလို့ရသွားတယ်...။ လုပ်စရာရှိတာ ဆက်လုပ်လို့ရတယ်...။ ပြီးတော့ ဒေါ်လာတစ်ရာနဲ့ ကိတ်မုန့်တစ်လုံးလည်း ရသွားသေးတယ်...။ နောက်တစ်မျိုး ထပ်ပြောင်းပြီး စဉ်းစားကြည့်ရအောင်...။ ဒီတစ်ခါကျတော့ ခင်ဗျားကို ကျနော်က လက်သီးနဲ့ မထိုးဘူး...။ အိမ်အသစ်ကျပ်ချွတ်ကြီး တစ်လုံးဝယ်ပေးလိုက်တယ်...။ ဒါဆိုရင်လည်း ခင်ဗျားနဲ့ ကျနော့်ကြားမှာ ခံယူချက် ကွာဟမှုက ဖြစ်လာပြန်ပြီ...။ ဒါပေမယ့် စောစောကလို နာကျင်မှုချင်း ချိန်ခွင်ညှိတာမျိုးမဟုတ်တော့ဘူး...။ ဒီတစ်ခါကျတော့ ကျနော်ပေးလိုက်တဲ့ ပျော်ရွှင်မှုကို ခင်ဗျားဘက်ကလည်း ပြန်ပေးချင်လာတယ်...။ ကျနော့်ကိုဖက်ပြီး ကျေးဇူးတင်လိုက်တာဗျာ/ရှင် ဆိုပြီး အခါတစ်ရာလောက် ပြောရင်ပြောမယ်....။ လက်ဆောင်တစ်ခုခု ပြန်ပေးဖို့ ကြိုးစားမယ်...။ ဒါမှမဟုတ် ကျနော့် ကြောင်ကို တစ်သက်လုံး ထမင်းကျွေးပါရစေဆိုပြီး ခွင့်တောင်းမယ်...။
ဒါမှမဟုတ် ခင်ဗျား ကိုယ်စိတ်ကိုယ် အင်မတန်ထိန်းနိုင်တဲ့ သူဆိုရင် ကျနော်ပေးတဲ့ အိမ်ကို မယူဘူးလို့ငြင်းမယ်...။ ဒီအိမ်ကို ယူလိုက်ရင် ဖြစ်လာမယ့် ကွာဟချက်ကို ဘယ်တော့မှ ပြန်ညှိဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ သိလို့ ငြင်းလိုက်တာ...။ " ဟာ... မလုပ်ပါနဲ့ ဒါတော့ လက်မခံပါရစေနဲ့ ဘယ်လိုမှ မယူရက်လို့ပါ ပြန်ပေးနိုင်မှာလည်း မဟုတ်ဘူး" ဆိုပြီး ခေါင်းခါရင် ခါမယ်...။ မကောင်းတဲ့ ကွာဟမှုတွေသာမက ကောင်းတဲ့ ကွာဟမှုတွေဖြစ်တဲ့ အခါမှာလည်း ခင်ဗျားအနေနဲ့ ကျနော့်အပေါ်မှာ အကြွေးတင်သလို ဖြစ်လာတာပဲ...။ ဒီကွာဟမှုကိုတစ်နည်းနည်းနဲ့ စေ့ပေးဖို့ ကြိုးစားတော့မယ်...။ စိတ်ထဲမှာလည်း အရမ်းကိုကျေးဇူးတင်တဲ့ ခံစားချက်တွေ ဝင်လာမယ်...။ မျက်ရည်တွေဘာတွေတောင် ကျမိဦးမယ်...။
ဒီလိုချိန်ခွင်ညှိချင်တဲ့ စိတ်အခံဟာ ကျနော်တို့တွေရဲ့ အတွင်းစိတ်ထဲမှာ နဂိုကတည်းက ပါလာပြီးသား...။ အဖြစ်အပျက်တွေ အပြုအမူတွေကို တုံ့ပြန်ချင်တဲ့ စိတ်ပေါ့...။ အဆိုးကို အဆိုးနဲ့ အကောင်းကို အကောင်းနဲ့ တုံ့ပြန်ချင်တယ်...။ ဒီလိုချိန်ခွင်ညှိဖို့ တွန်းအားပေးတာ ကျနော်တို့ရဲ့ခံစားချက်တွေပါပဲ...။ ဒါကြောင့် လုပ်ဆောင်မှုတိုင်းမှာ တူညီစွာ တန်ပြန်တုံ့ပြန်တဲ့ ခံစားချက်ရှိတယ်လို့ ပြောချင်တာ...။ ဒါ...ခံစားမှုဉပဒသ အမှတ်(၁)ပဲ...။
ဒီခံစားမှု ဉပဒေသ(၁)ဟာ ကျနော်တို့ ဘဝကို ထိန်းကျောင်းပေးနေတဲ့ အရာတစ်ခုပဲ....။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ခံစားတဲ့ ဉီးနှောက်က ဒီဉပဒေသအတိုင်း တစ်သေမတိမ်းလိုက်လုပ်နေတယ်...။ ရုပ်ရှင်သွားကြည့်တယ် ကြည့်လိုက်ရတဲ့ ဇာတ်ကားက စုတ်ပြတ်သတ်နေတယ်...။ ဒါဆိုရင် ခင်ဗျားစိတ်ထဲမှ ပျင်းလာမယ်...။ စိတ်ညစ်လာမယ်..။ စိတ်ပါဆိုးရင် ဆိုလာဦးမယ်...။ ပိုက်ဆံတောင် ပြန်တောင်းချင်လာမယ်...။ ဒါတွေအားလုံးက ခံစားတဲ့ ဦးနှောက်က တုံ့ပြန်နေတာတွေပဲ...။ ခင်ဗျား အမေက ခင်ဗျားမွေးနေ့ကို မေ့နေတယ်...။ အမေ့ကို ခြောက်လလောက် စကားမပြောဘဲ စိတ်ကောက်မယ်...။ ခင်ဗျားက အရွယ်ရောက်နေပြီးသားသူ ဖြစ်နေရင်တော့ အမေ့ကို စိတ်ကောက်ဘဲ ခင်ဗျား စိတ်မကောင်းဖြစ်သွားတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ရှင်းပြမယ်...။ ဒါလည်း ချိန်ခွင်ကို ပြန်ညှိနည်း တစ်မျိုးပဲ...။ ခင်ဗျား အရမ်းကြိုက်တဲ့ ဘောလုံးအသင်း ပိုးစိုးပက်စက် ရှုံးသွားတယ် နောက်ကို အဲဒီအသင်းကန်ရင် သွားမကြည့်တော့ဘူး...။ အားမပေးချင်တော့ဘူး ခင်ဗျားကိုယ်ခင်ဗျား ပုံဆွဲအရမ်းတော်မှန်း သတိထားမိသွားတယ် ဆိုပါစို့...။ အဲဒီလို သတိထားမိသွားတဲ့အတွက် ခံစားတဲ့ ကျေနပ်မှု အားရမှုကြောင့် ဒီပညာရပ်ကို ဆက်လေ့လာဖို့ အားစိုက်ချင်လာတယ်...။ ဒါလည်း တုံ့ပြန်မှုတစ်မျိုးပဲ....။ တကယ်လို့ ခင်ဗျား နေနေတဲ့ နိုင်ငံက တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်က မကောင်းဘူးဆိုရင် ဘယ်လိုဖြစ်မလဲ...။ နိုင်ငံနဲ့ခင်ဗျားနဲ့ကြားက ခံစားချက်ဆက်နွယ်မှုဟာ အားနည်းလာမယ်...။ တခြားပြည်သူတွေနဲ့ပါ ဖက်လဲတကင်း မလုပ်ချင်တော့ဘူး...။ ဒီလိုနိုင်ငံမျိုးမှာ နေရတဲ့အတွက် ခင်ဗျားအနေနဲ့ တစ်ခုခုတောင် ပြန်ရသင့်တယ်ဆိုပြီး ခံစားလာရတယ်...။
ဘယ်အတွေ့အကြုံမှာမဆို ဒီလို ချိန်ခွင်ညှိချင်တဲ့ ခံစားချက်ပါနေတယ်....။ ဝမ်းနည်းတယ်ဆိုတာ ဆုံးရှုံးသွားတဲ့ အရာနဲ့ ထပ်တူကျတဲ့ အရာကို ပြန်မရတော့လို့...။ စိတ်ဆိုးတယ်ဆိုတာ ဒေါသနဲ့ စိတ်လိုက်မာန်ပါချိန်ခွင်ညှိပစ်ချင်တဲ့ စိတ်ပဲ...။ ပျော်ရွှင်ခြင်းဆိုတာ နာကျင်မှုကနေ လွတ်မြောက်သွားလို့ရတဲ့ ခံစားချက်...။ ကိုယ်ခံစားသင့်လျက်သားနဲ့ မခံစားလိုက်ရတဲ့အခါတွေ ကျတော့ရော...ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မြင်လာတယ်...။ ဒါလည်း ချိန်ခွင်မညီသေးဘူးလို့ထင်တဲ့အမြင်တစ်မျိုးပဲ...။
လူတွေ ယုံကြည်ထားတဲ့ တရားမျှတမှုဆိုတာရဲ့ နောက်ကွယ်မှာလည်း ကွာဟချက်တွေကို တန်းညှိချင်တဲ့ ဆန္ဒပါနေတယ်...။ လူ့သမိုင်းအဆက်ဆက် ဉပဒေအမျိုးမျိုးမှာ ဒီလိုခံယူချက်ကို လက်ကိုင်ထားခဲ့ကြတယ်...။ ဟမ်မူရာဘီရဲ့ ကိုဓဉပဒေမှာ ဘယ်လိုပြောထားသလဲ...။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ပေးရမယ်...။ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပြန်ပေးစေ ဆိုပြီး ရေးထားတယ် မဟုတ်လား...။ "ကိုယ့်ကို မလုပ်စေချင်တဲ့ အရာကို သူများကိုလည်း သွားမလုပ်မိစေနဲ့..."လို့ သမ္မာကျမ်းစာမှာ ရေးထားတယ်...။ ဇီဝဗေဒပညာမှာလည်း အကျိုးတူကူညီခြင်း ဆိုတာရှိတယ်...။ ဆုံးဖြတ်ချက် အကျိုးဆက်တွေကို လေ့လာတဲ့ Game theory မှာကျတော့ သူပြသမျှ ပြန်ပြုစေ ဆိုတဲ့ အယူအဆရှိတယ်...။
ဉပဒေသ(၁)ကြောင့် ကိုယ့်ကျင့်တရား ဆိုတဲ့ အရာကို ကျနော်တို့ စိတ်ထဲမှာ ခံစားမိလာတယ်...။ ဘယ်အရာကတော့ တရားတယ် ဘယ်အရာကတော့ မတရားဘူး ဆိုပြီး မြင်တတ်လာတယ်...။ ဒါဟာ လူ့အသိုင်းအဝိုင်းယဉ်ကျေးမှုတိုင်းရဲ့ အုတ်မြစ်ပဲ...။ ပြီးတော့ ....ဒါဟာ... ခံစားတဲ့ဦးနှောက်ရဲ့ အသက်သွေးကြောလည်း ဖြစ်သေးတယ်...။ စဉ်းစားတဲ့ဦးနှောက်က မြင်တွေ့သမျှအရာတွေကို လေ့လာတယ် အချက်အလက်တွေနဲ့ နှိုင်းယှဉ်တယ်...။ သဘာဝကျမကျ ဆုံးဖြတ်တယ်...။ ပြီးတော့မှ ဗဟုသုတဆိုတဲ့ အရာကို ဖန်တီးပေးတယ်...။ ခံစားတဲ့ဦးနှောက်ကတော့ နာကျင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ခံယူချက်တွေကို ထုဆစ်ပေးတယ်...။ နာကျင်စေတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ဘက်မပါတဲ့ ကွာဟမှုတွေကို မကောင်းဘူး မလိုချင်ဘူး မဖြစ်သင့်ဘူးလို့ တံဆိပ်ကပ်တယ်...။ နာကျင်မှုကို ပြေလျော့စေတဲ့ သာယာမှုကိုပေးတဲ့ အတွေ့အကြုံတွေကိုတော့ အရမ်းသဘောကျတယ်..။ ပိုကောင်းတဲ့ အရာတွေ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေလို့ သတ်မှတ်လိုက်တယ်...။
နောက်တစ်မျိုး ပြောင်းတွေးလို့ရသေးတယ်...။
စဉ်းစားတဲ့ ဦးနှောက်က (တူညီမှု, ကွာခြားမှု, အကျိုး, အကြောင်း) စတဲ့အရာတွေကို ဘေးတိုက်ယှဉ်ပြီး မြင်တယ်...။ ခံစားတဲ့ဦးနှောက်ကျတော့(ပိုကောင်းတယ်/ပိုဆိုးတယ်၊ လိုချင်တယ်/မလိုချင်ဘူး ၊ ကိုယ်ကျင့်တရားကောင်းတယ်/ မကောင်းဘူး) စတဲ့အရာတွေကို အပေါ်အောက် ဒေါင်လိုက်စီးပြီးမြင်တယ်...။ စဉ်းစားတဲ့ ဦးနှောက်က ဘေးတိုက်ယှဉ်ပြီး ဆက်နွယ်မှုတွေကိုလေ့လာတယ်...။ ခံစားတဲ့ ဦးနှောက်က အားလုံးကို ဒေါင်လိုက်စီပြီး ဘယ်အရာ ပိုကောင်းတယ်ဆိုတာကိုပဲ ဆုံးဖြတ်တယ်...။ စဉ်းစားတဲ့ ဦးနှောက်က ဘာတွေဖြစ်နေသလဲဆိုတာကို ဆုံးဖြတ်ပြီး ခံစားတဲ့ ဦးနှောက်က ဘာဖြစ်သင့်သလဲဆိုတာကို ဆုံးဖြတ်တယ်...။
အတွေ့အကြုံတစ်ခု ကြုံရတိုင်း ခံစားတဲ့ဦးနှောက်က အဲဒီအတွေ့အကြုံကို တန်ဖိုး အနိမ့်/အမြင့် သတ်မှတ်ပေးတယ်..။ စာအုပ်စင်အကြီးကြီးတစ်ခုလိုပဲပေါ့...။ ဘဝရဲ့ အရေးအကြီးဆုံး၊ အကောင်းဆုံးသော အတွေ့အကြုံတွေကို အပေါ်ဆုံးအဆင့်မှာထားတယ်...။ (သူငယ်ချင်း ချစ်သူ မိသားစု အစားအသောက် စတာတွေပေါ့) မလိုချင်ဆုံး အတွေ့အကြုံတွေ (သေခြင်းတရား၊ အခွန်၊ စာမေးပွဲ) စတာတွေကိုတော့ အောက်ဆုံး အကန့်မှာ ချောင်ထိုးပစ်လိုက်တယ်...။ ပြီးတော့ ဘာဆက်လုပ်သလဲ...။ အပေါ်ဆုံး အဆင့်က အရာတွေနောက်ကိုပဲ ဆက်တိုက်လိုက်ဖို့ ကြိုးစားတော့တာပေါ့...။
ဒီတန်ဖိုး အနိမ့် အမြင့်တွေကို ဦးနှောက်နှစ်ခုစလုံးက မြင်ရတယ်...။ သိတယ်...။ ခံစားတဲ့ဦးနှောက်က ဘယ်အရာကို ဘယ်အကန့်မှာ ထားရမလဲဆိုတာ ဆုံးဖြတ်တယ်...။ စဉ်းစားတဲ့ဦးနှောက်ကတော့ စင်တစ်ခုလုံးကို သေချာကြည့်တယ်...။ ဘယ်တန်ဖိုးတွေနဲ့ ဘယ်တန်ဖိုးတွေကိုတော့ အတူတူထားသင့်တယ်...။ ဘာတွေကိုတော့ ခွဲထားသင့်တယ် ဆိုတာကို အကြံပေးတယ်...။ လိုအပ်ရင် အနိမ့် အမြင့် ပြန်စီဖို့ လမ်းပြတယ်...။ ရင့်ကျက်ခြင်းဆိုတာ ဒါပါပဲ...။ တန်ဖိုးတွေကို အကောင်းဆုံးဖြစ်အောင် စီတတ်လာတာပဲ...။
ဉပမာပြောပြမယ်...။ ကျနော့်မှာ သူငယ်ချင်း ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်...။ တစ်ခါတစ်လေကျရင် အင်မတန် ပွဲကြိုက်တယ်...။ တစ်ညလုံး ပါတီသွားတယ်...။ တစ်ခါတစ်လေကျရင် ပါတီမှာ တစ်ညလုံးနေပြီး မိုးလင်းတာနဲ့ အလုပ်ကိုဆက်သွားတယ်...။ တစ်ရေးမှ မအိပ်ဘူး...။ မနက်စောစောထရတာ သေကြာနေ့ညနေကြီး အပြင်မထွက်ဘဲ အိမ်မှာနေရတာ...ဒါတွေက လူပြိန်းတွေလုပ်တဲ့ အလုပ်တွေဆိုပြီး ယူဆတယ်...။ အဲဒီတော့ သူ့ရဲ့တန်ဖိုး အနိမ့်/အမြင့် စီထားပုံက ဒီလိုဖြစ်နေတယ်...။
၁. ပါတီအမိုက်စားတွေ
၂. မူးယစ်ဆေး
၃. အလုပ်
၄. အိပ်ချိန်
ဒီနံပါတ်တွေကို ကြည့်လိုက်တာနဲ့ ဘယ်လိုလူမျိုး ဖြစ်မယ်ဆိုတာ သိသာနေပြီ မဟုတ်လား...။ အိပ်မယ့်အစား အလုပ်ပဲလုပ်မယ်...။ အလုပ်လုပ်မယ့်အစား မူးယစ်ဆေးသုံးမယ် ပါတီသွားမယ် ...။ တီးလုံးသံကြားမှာ နေနေရရင်ပြီးရော ဘာဖြစ်ဖြစ်...။
ဒီလိုနဲ့ တစ်နေ့မှာ အဲဒီကောင်မလေး လူမှုကူညီရေးအဖွဲ့တစ်ခုမှာ အလုပ်ဝင်လုပ်ဖြစ်တယ်...။ ယာယီအလုပ်ပါ...။ ဆင်းရဲတဲ့ နိုင်ငံတွေက ကလေးတွေကို ကူညီပေးတဲ့အသင်း ...။ အဲဒီမှာ ကောင်မလေးရဲ့ ဘဝလုံးဝပြောင်းသွားတော့တာပဲ...။ သူ့ရဲ့အတွေ့အကြုံသစ်က ဘယ်လောက်တောင် ခွန်အားပြင်းသလဲဆိုရင် ကောင်မလေးရဲ့ တန်ဖိုးအနိမ့်/အမြင့်တွေပါ ပြောင်းသွားတယ်..။ သူ့တန်ဖိုးအသစ်တွေက ဒီလိုဖြစ်သွားတယ်..။
၁. ဒုက္ခရောက်နေတဲ့ ကလေးတွေကို ကယ်ဖို့
၂. အလုပ်
၃. အိပ်ချိန်
၄. ပါတီပွဲတွေ
အဲဒီမှာ သူ့ရဲ့ ပါတီပွဲတွေက အရင်လောက် ပျော်ဖို့မကောင်းတော့ဘူး ...။ မျက်လှည့်ပြလိုက်သလို မန်းမှုတ်လိုက်သလို ချက်ချင်း ပြောင်းလဲသွားတယ်...။ ဘာဖြစ်လို့လဲ ...။ ပါတီပွဲတွေက သူ့ရဲ့နံပါတ်(၁)တန်ဖိုးကို ထိခိုက်လာပြီလေ...။ ပါတီတက်ဖို့ထက် အလုပ်လုပ်ဖို့ ပိုအရေးကြီးလာတယ်...။ ညဘက်တွေဆိုရင်လည်း အိမ်မှာ နားချင်လာတယ်...။ အရက်မသောက်ဖြစ်တော့ဘူး...။ မူးယစ်ဆေးအတွက်လည်း အချိန်မပေးနိုင်တော့ဘူး....။ အိပ်ရေးလည်း ဝအောင်အိပ်ဖြစ်လာတယ်...။ အိပ်ရေးဝမှ ကမ္ဘာကို ကယ်တင်လို့ရမယ်မဟုတ်လား...။
သူ့ရဲ့ အရင်တုန်းက သူငယ်ချင်းတွေကတော့ သူ့ကိုကြည့်ပြီး သနားကြတာပေါ့ ...။ အရင်က တန်ဖိုးအဟောင်းတွေနဲ့ပဲ ယှဉ်ပြီး ဆုံးဖြတ်နေကြတာကိုး...။ ကြည့်ပါဦး ပါတီမမကြီး အခုတော့ အစောကြီး အိပ်ရာဝ၍်နေရရှာတယ် မနက်စောစောထပြီး အလုပ်သွားနေရရှာတယ် ပိတ်ရက်တွေမှာတောင် အရက်မသောက်ရရှာဘူး ဘာညာပေါ့...။
ဒါပေမယ့် တကယ်တမ်းကျတော့ တန်ဖိုးအနိမ့်/အမြင့် အဆင့်တွေပြောင်းသွားလို့ ခင်ဗျားမှာ ဘာမှ ဆုံးရှုံးမသွားဘူးရယ်...။ အလုပ်အတွက် ပါတီပွဲတွေကို ကျောခိုင်းလိုက်တာမဟုတ်ဘူး...။ သူ့အတွက် ပါတီသွားရတာဟာ ပျော်ဖို့ကို မကောင်းတော့တာ...။ ပျော်ဖို့ကောင်းတယ်ဆိုတာ ပျော်ရွှင်ခြင်းဆိုတာ ကျနော်တို့ရဲ့ တန်ဖိုးတွေပေါ်မှာ အခြေတည်ပြီး ဖြစ်ပေါ်လာတာ... တစ်စုံတစ်ရာကို တန်ဖိုးမထားတော့ဘူးဆိုတာ အရင်လို ပျော်ရွှင်မှုတွေမရနိုင်တော့လို့...။ ဒီတော့ ဒါကို မလုပ်ရလို့ ဘာမှ ဆုံးရှုံးမသွားဘူး....။ နောက်ပြန်လှည့်ကြည့်မိတဲ့အခါ "ငါအဲဒီတုန်းက ဘာလို့များ ဒါကြီးကို အချိန်ကုန်ခံပြီး လုပ်ခဲ့မိပါလိမ့် ဘာမှမဟုတ်တာတွေအတွက် ဘာလို့ ဒီလောက်အပင်ပန်းခံခဲ့သလဲ စဉ်းစားလို့မရဘူး...။ အရေးပါတာလည်း မဟုတ်ဘူး ဆိုပြီးတောင် ခံစားမိလာတတ်တယ်...။ ဒီလိုပြန်တွေးပြီး နာကျင်ရတာ ရှက်ရတာ နှမြောရတာ အင်မတန်ကောင်းပါတယ်..။ ဒါတွေဟာ ရင့်ကျက်လာခြင်းရဲ့ သက်သေတွေပဲဖြစ်တယ်...။ မျှော်လင့်ချက်တွေပြည့်သွားလို့ရလာတဲ့ ဘေးထွက်ပစ္စည်းတွေပဲ....။
__________________
Revolution will prevail
မိုးငွေ့