Thursday, 17 August 2023

မျှော်လင့်ခြင်းဖတ်စာ.....(၂)

 



စိတ်ပျက်စရာကောင်းလာတဲ့ လောကကြီးနဲ့ဒီနေ့ကမ္ဘာအတွက် Mark Manson ရဲ့ ဘွင်းဘွင်းရှင်းရှင်း ထင်မြင်ယူဆချက်တွေကို ကျမဒီအပိုင်းမှာ ဆက်ရေးပြပါဦးမယ်...။


__________________________


လူတော်တော်များများ သဘောမပေါက်ကြသေးတာတစ်ခုရှိတယ်...။ ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဟာ ဝမ်းနည်းခြင်းမဟုတ်ဘူး....။ ဒေါသစိတ်လည်း မဟုတ်ဘူး....။ ဝမ်းနည်းနေရင် စိတ်ဆိုးနေရင် တစ်ခုခုကို ဂရုစိုက်နေသေးလို့ တွယ်တာနေသေးလို့ ကိုယ့်အတွက် တစ်ခုခုဟာ အရေးပါနေသေးတယ်...။ မျှော်လင့်ချက်ရှိသေးတယ်...။ တကယ်တမ်း ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက်ဟာ မျှော်လင့်ချက်ကင်းမဲ့ခြင်းဖြစ်တယ်...။ မျှော်လင့်ချက်ကင်းမဲ့ခြင်းဟာ အရာအားလုံးကို ငြင်းပယ်လိုက်တာ သေမထူး နေမထူးစိတ်ဝင်သွားတာ...။ ဘာမှမထူးတော့ဘူး ငါ့သူငယ်ချင်းရဲ့ မိန်းမနဲ့ဖောက်ပြန်လည်း ဘာဖြစ်လဲ တွေ့သမျှလူ လက်သီးနဲ့ထိုးလိုက်ရင်ရော ဘာဖြစ်လဲ ငါ့ဘဝမှာ ဒီ့ထက်ဆိုးစရာ ဘာကျန်သေးလို့လဲ အဆုံးအစမရှိတဲ့ ဟင်းလင်းပြင်ထဲမှာ ငါဟာ ဘာမှအရေးမပါဘူး လို့ ခံယူလိုက်တော့ ဘာကိုမှဂရုမစိုက်တော့ဘူး ဒီလိုမဖြစ်ဖို့ ဘာလိုသလဲ မျှော်လင့်ချက်ဆိုတဲ့အရာလိုတယ်..။ ဒါကြောင့်လည်း မျှော်လင့်ခြင်းဟာ အသက်လို အရေးကြီးတာ...။

    စိတ်ချောက်ချားတဲ့ ရောဂါတွေ စိတ်ကျရောဂါတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်နေတာဟာလည်း မျှော်လင့်ချက်ကင်းမဲ့ခြင်းပဲ...။ ဒါအပိုပြောတာမဟုတ်ဘူး...။ အနာဂတ်ဟာ အဓိပ္ပါယ်မရှိတော့ဘူးလို့ ယူဆလိုက်မှသာ စိတ်ကျရောဂါဖြစ်လာတာလေ...။ ကယောင်ကတမ်းဖြစ်တာ အစွဲအလမ်ကြီးတာ ဒီရောဂါတွေကျ မျှော်လင့်ချက် အတုအယောင်တွေကို အတင်းဖန်တီးယူရင်း ဖြစ်လာတာတွေ...။ 

    မျှော်လင့်ချက်မဲ့တဲ့ ဘဝမျိုး ရောက်မသွားအောင် ရှောင်ဖို့အရေးဟာ ကျနော်တို့ဉီးနှောက်ရဲ့ အရေးအပါဆုံး အလုပ်ဖြစ်လာတယ်...။ ကိုယ့်ကိုယ်ကို နားလည်ခြင်းတွေ ပတ်ဝန်းကျင်အပေါ်မှာထားတဲ့ ခံယူချက်တွေ အားလုံးဟာလည်း မျှော်လင့်ချက်ကို ထိန်းထားနိုင်ဖို့ တည်ဆောက်ထားတဲ့ အရာတွေဖြစ်လာတယ်...။ မျှော်လင့်ခြင်းအတွက် အသက်ပေးဖို့ အသင့်ဖြစ်လာကြတယ်...။ ကိုယ့်အတွက်ပိုအရေးပါတဲ့အရာဟာ ကိုယ့်ရဲ့မျှော်လင့်ချက်တွေပဲ...။ မျှော်လင့်ချက်မရှိရင် ယုံကြည်သမျှဟာတွေဟာ အလဟသပဲမဟုတ်လား...။

    အနာဂတ်ကို မျှော်မှန်းနိုင်ဖို့ဆိုတာလည်း အင်မတန်ခက်တယ်...။ အမှားအမှန်ဆိုတာလည်း ကိုယ့်သာသာကိုယ် ဆုံးဖြတ်ရတာလည်း မလွယ်လှဘူး...။ ဒါကြောင့်လည်း ဘာသာတရားဟာ ခိုလှုံစရာ နေရာတစ်ခုဖြစ်လာတာ..။ ဘာသာတရား ကိုင်းရှိုင်းတဲ့သူတွေမှာ စိတ်ကျရောဂါဖြစ်နှုန်း နည်းသလို ကိုယ့်ကိုယ်ကို သတ်သေနှုန်းလည်း သိသိသာသာ လျော့ကျသွားတယ်...။ ဘာသာတရားကို လက်ကိုင်ထားလိုက်တော့ ဘဝရဲ့ အမှန်တရားကို ရင်ဆိုင်ရတဲ့အခါ ပိုပြီး အားရှိလာကြတာ...။

    တချို့လူတွေရဲ့ သူတို့အနာဂတ်မျှော်လင့်ချက်က သူတို့သားသမီးအပေါ်မှာ အခြေခံတည်ဆောက်ထားတယ်...။ တချို့ကျတော့ သဘာဝပတ်ဝန်းကျင်ကို ကယ်တင်ဖို့ဆိုပြီး မျှော်လင့်တယ်...(အဲလိုလူမျိုးကိုတွေ့ဖူးတယ်)...။ တချို့က ပိုက်ဆံတွေ အများကြီးရှာပြီး ကိုယ်ပိုင်ရွက်လှေတစ်စင်းနဲ့ ရွက်လွှင့်ချင်တယ်..။ တချို့ကတော့ နောက်တစ်ပတ် ဂေါက်ရိုက်တဲ့အခါ အရင်တစ်ပတ်ထက် အမှတ်ပိုတက်လာရင် တော်ပြီ...။ ကျနော်တို့ သတိထားမိသည်ဖြစ်စေ မသိကျိုးကျွန်ပြုသည်ဖြစ်စေ ဒီလို မျှော်လင့်ချက် တွန်းအားတွေဟာ ကျနော်တို့ကိုယ်ထဲမှာ ကိန်းအောင်နေပြီးသား...။ ဘာသာရေးကို အားထားပြီး မျှော်လင့်ချက်ကို ရှင်သန်အောင်လုပ်တာပဲဖြစ်ဖြစ်... သိပ္ပံနည်းကျ လက်တွေ့သီအိုရီတွေကိုသုံးပြီး မျှော်လင့်တာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ရလဒ်တွေကတော့ အတူတူပါပဲ...။ ဘယ်နည်းပဲသုံးသုံး ခင်ဗျားမှာ နောက်ဆုံး ယုံကြည်သွားတာနှစ်ခုရှိတယ်...။

(၁) အနာဂတ်ဟာ အခုထက် ပိုကောင်းလာလိမ့်မယ်...။ ဒါမှမဟုတ် ဒုက္ခတွေ အခုထက်တော့ လျော့ပါးသွားမယ်...။

(၂) အဲဒီ အနာဂတ်ဆီကို သွားလို့ရတဲ့ လမ်းတစ်ခုရှိကိုရှိတယ်...။ 

ကျနော်တို့ ဘဝတွေရဲ့ ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာသောအချိန်တွေဟာလည်း ဒီလို အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ချက်ပန်းတိုင်တွေနဲ့ ပြည့်နေတာပဲ...။ သေဆုံးမသွားအောင် အဆက်မပြတ် ချကျွေးနေတဲ့ အားဆေးတွေပဲ...။

    ကျနော်အခုပြောနေတာတွေက Nihilism(သုညဝါဒ)နဲ့တူနေတယ်ဆိုပြီး အထင်မလွှဲပါနဲ့...။ သုညဝါဒဆိုတာ ဘဝဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးလို့ ခံယူတဲ့ဝါဒပါ....။ ဒီစာအုပ်ဟာ သုညဝါဒကို အားပေးအားမြှောက်လုပ်ပေးမယ့် စာအုပ်မဟုတ်ဘူး...။ အဲဒီဝါဒကို ဆန့်ကျင်တဲ့ စာအုပ်ဖြစ်တယ်...။ ဒါပေမယ့် အဲဒီဝါဒကို ဆန့်ကျင်ဖို့ဆိုတာ ဒီဝါဒကို သေသေချာချာနားလည်ဖို့တော့လိုတယ်...။ ဖြစ်တည်မှု ပြဿနာ ဆိုတာကို နားလည်အောင် လေ့လာဖို့လိုတယ်...။ ရင်ဆိုင်ဖို့လိုတယ်...။ ပြီးတော့မှသာ မျှော်လင့်ခြင်းဆိုတဲ့ အလင်းဆီကို တစ်လှမ်းချင်းသွားရမှာ...။ ဖျတ်ခနဲ လင်းရုံလင်းလာတဲ့ မျှော်လင့်ခြင်းမျိုးနဲ့တော့ မလုံလောက်ဘူးပေါ့...။ ရေရှည်တည်တံ့မယ့် ယိုင်လဲမသွားတဲ့ ခွန်အားကြီးတဲ့ သဘာဝကျတဲ့ လူသားဆန်တဲ့ မျှော်လင့်ခြင်းမျိုး...။ နောက်ဆုံး နေ့ရက်တွေအထိ ကျေးဇူးတင်စွာနဲ့ ကျေနပ်စွာနဲ့ အသက်ရှင်ခွင့်ပေးမယ့် မျှော်လင့်ခြင်းမျိုး ဖြစ်တယ်...။

    လွယ်တော့ မလွယ်ဘူးဗျ....။ ဘယ်လွယ်ပါ့မလဲ အခု ၂၁ရာစုမှာဆို ပိုလို့တောင် ခက်သေးတယ်...။ လိုချင်တပ်မက်စိတ်တွေနဲ့ လူးလှိမ့်နေတဲ့ ဒီနေ့ခေတ်မှာ သန့်စင်တဲ့ မျှော်လင့်ခြင်းဟာ အသက်ငင်နေပြီ...။ အာဏာလိုချင်လို့ အာဏာရအောင် ကြိုးစားနေကြတယ်...။ အောင်မြင်အောင် ကြိုးစားနေကြတာ ဘာဖြစ်လို့လဲလို့‌ မေးလိုက်ရင် အောင်မြင်ချင်လို့ ဆိုပြီး ပြန်ဖြေနေကြတယ်..။ သာယာချင်လို့ သာယာမှုကို ရှာနေကြတယ်...။ ဘာကြောင့်ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ အရေးတယူ မမေးကြတော့ဘူး...။ မဖြေကြတော့ဘူး...။ အကြောင်းအရင်း မည်မည်ရရ မရှာတော့ဘူး...။ "လိုချင်လို့ ကြိုက်လို့" ဆိုတဲ့ အပေါ်ယံ အကြောင်းပြချက်တွေ အောက်မှာ မျှော်လင့်ခြင်းရဲ့ ဇစ်မြစ်ဟာ ပျောက်ဆုံးနေပြီ...။ ဒါကြောင့်လည်း လောကဟာ အရင်ထက် စိတ်ပျက်ဖို့ကောင်းလာတာ...။

    ကျနော်တို့ ဒီနေ့ခေတ်ဟာ အင်မတန်စိတ်ဝင်စားဖို့ကောင်းတယ်...။ ပစ္စည်းဉစ္စာပိုင်ဆိုင်မှုပိုင်းမှာ လူသားတွေအားလုံးဟာ အရင်နဲ့ယှဉ်လိုက်ရင် အများကြီး ပိုပြီး အဆင်ပြေနေကြပြီ....။ ဒါပေမယ့် အားလုံးနီးပါးရဲ့ စိတ်ထဲမှာ ငါတို့ကမ္ဘာကြီးဟာ ချောက်ကမ်းပါးအစွန်းမှာ ကျလုကျခင်  ဖြစ်နေပြီဆိုပြီး ခံစားနေရတယ်...။ ချမ်းသာတိုးတက်နေတဲ့ နိုင်ငံတွေမှာလည်း မျှော်လင့်ချက်မဲ့ခြင်းရဲ့ ဒဏ်ရာတွေ တွေ့နေရတယ်..။ တိုးတက်ခြင်းဝိရောဓိဆိုတာ ဒါပေါ့...။ ပိုပြီး တိုးတက်ပြည့်စုံလာလေလေ စိတ်ထဲမှာ ဂနာမငြိမ် ချောက်ချားလာလေလေ...။

    တစ်ချိန်ထဲမှာ အခြားပြဿနာတွေလည်း ထုနဲ့ ထည်နဲ့ ကြီးထွားလာနေတယ်...။ အဏုမြူဗုံးတွေကို ဖင်ခုထိုင်ထားတဲ့ အရူးတွေလည်းပေါ်လာတယ်...။ ကမ္ဘာတစ်ဝန်းမှာလည်း လက်ဝဲရော လက်ယာရော အစွန်းရောက်တွေ ပိုများလာတယ်...။ ကျနော်တို့ဟာ ကမ္ဘာ့သမိုင်းမှာ အဆင်အပြေဆုံး အလုံခြုံဆုံး အချမ်းသာဆုံးလို့ ပြောလို့ရတဲ့ ခေတ်ကာလမှာ နေထိုင်နေရပေမယ့် အရင်ထက်ပိုပြီး မျှော်လင့်ချက်တွေကင်းမဲ့နေကြတယ်...။ အခြေအနေတွေ ပိုကောင်းလာလေလေ ဆောက်တည်ရာမရ ဖြစ်လေလေ ဖြစ်နေကြတာ တိုးတက်ခြင်းဝိရောဓိဆိုတာဒါပေါ့....။



__________________
Revolution will prevail
မိုးငွေ့


No comments: