Friday, 11 August 2023

မျှော်လင့်ခြင်းဖတ်စာ.....(၁)

 



ချမ်းမြေ့ဝင်းဘာသာပြန်တဲ့ Mark Manson ရဲ့ A Book About Hope ကို ဝယ်ထားတာကြာပြီ ၂၀၁၉ ကတည်းက အဲစာအုပ်ကို သူငယ်ချင်းတစ်ယောက်ငှားပေးလိုက်တာ ကျမဆီ ပြန်ရောက်တာသိပ်မကြာသေးဘူး အဲဒါလေးခုရက်ပိုင်း ဆက်တိုက်ဖတ်နေတာ ထုံးစံအတိုင်းကျမက စာဖတ်နှေးတော့ တစ်ပိုင်းဆီဖြေးဖြေးပဲဖတ်တယ်...။ တကယ်တမ်း ဒီစာအုပ်ဟာ ကျမဖတ်ဖူးထားတဲ့ Mark Manson ရဲ့ ပထမစာအုပ်တော့မဟုတ်ဘူး ကျမ သူ့စာအုပ်ကို ချမ်းမြေ့ဝင်းဘာသာပြန်တဲ့ "Everything's F*cked" "ဂရုမစိုက်ခြင်းအနုပညာ"ကိုအရင်ဖတ်ထားဖူးပြီးသား....။ ကျမ အဲစာအုပ်ဖတ်ပြီးတုန်းက ပို့စ်မရေးဖြစ်ခဲ့ဘူး....။ ဒီတစ်အုပ်က ဂရုမစိုက်ခြင်းအနုပညာရဲ့ နောက်ဆက်တွဲလို့လည်းပြောလို့ရသလို ဘာမှမဆိုင်ဘူးလို့လည်းပြောလို့ရတယ်...။ 

"A Book About Hope" မျှော်လင့်ခြင်းဖတ်စာမှာ Mark Manson ပြောချင်တဲ့ အဓိကအကြောင်းအရာနှစ်ခုက "စဉ်းစားတဲ့ဉီးနှောက်" နဲ့ "ခံစားတဲ့ဉီးနှောက်" ပါပဲ....။ အဲဒါလေးကို ဉပမာ သာဓကတွေနဲ့ ချဲ့သွားတာပါပဲ..။ စိတ်ဝင်းစားစရာကောင်းတဲ့ Mark Mansonရဲ့ ပွင့်လင်းတဲ့အတွေးအခေါ်လေးတွေမို့ ဒီစာအုပ်ထဲက ကျမသဘောကျတဲ့အပိုင်းတွေကိုပဲ ရေးပြသွားမှာပါ တကယ်က တစ်အုပ်လုံးကောင်းတယ်...။ အင်္ဂလိပ်လိုတော်တော်များများဖတ်ဖူးကြပါလိမ့်မယ် ကျမ ညီမတစ်ယောက်ဆို အင်္ဂလိပ်လိုရော မြန်မာဘာသာပြန်ပါ နှစ်အုပ်လုံးဖတ်တာ...။ ချမ်းမြေ့ဝင်းက Mark Mamson ရဲ့ ခပ်သွက်သွက်အရေးအသားတွေ သရော်တဲ့လေသံတွေ အတွေးအခေါ်ဟောင်းတွေကို မှန်ပြောင်းအသစ်နဲ့ ထောက်ကြည့်တာတွေ မူလအာဘော်ကိုတစ်ထပ်တည်းကျလောက်အောင် ပျင်းစရာမကောင်းတဲ့ စကားလုံးတွေကိုရွေးချယ်ပြီး ဘာသာပြန်ထားတာကို သဘောကျတယ်...။ ဒီစာအုပ်မှာ အပိုင်းနှစ်ပိုင်းခွဲပြီးရေးထားပါတယ် အပိုင်း(၁)မှာ အခန်း(၅)ခန်းပါဝင်ပြီး အပိုင်း(၂)မှာတော့ (၄)ခန်းပါပါတယ်...။

ကျမကတော့ ကျမနှစ်သက်တဲ့ စာပိုဒ်တချို့နဲ့အပိုင်းတွေကိုပဲရွေးချယ်ရေးပြသွားမှာဖြစ်ပါတယ်...။ ပြီးတော့ ဘာသာပြန်သူရဲ့ အမှာကိုလည်း အောက်မှာ နည်းနည်းရေးပြချင်ပါတယ်....။

" နည်းပညာ တိုးတက်လာတာနဲ့အမျှ လူနေမှုဘဝက အရင်ထက် အဆပေါင်းများစွာ ပိုပြီး သက်တောင့်သက်သာဖြစ်လာတယ်... လူတွေလည်း ပိုပြီးထိလွယ်ရှလွယ်ဖြစ်လာတယ်... ခံနိုင်ရည်နည်းလာတယ် ဒုက္ခကို ပြေးမတွေ့ရဲတော့ဘူး လူတွေရဲ့ မျှော်လင့်ချက်ကလည်း အရင်ခေတ်တွေတုန်းကလောက် မခိုင်မာတော့ဘူး လေတိုးရင်တောင် ယိမ်းချင်လာတယ် ဒီတော့ စိတ်ဓါတ်တွေပိုခိုင်မာလာအောင် ပိုတည်မြဲလာအောင် ဘယ်လိုလုပ်မလဲ မျှော်လင့်ချက်ဆိုတာကို အသည်းအသန် ဖက်တွယ်မနေတော့ဘဲ လွှတ်ချထားခဲ့ရင်ရော မျှော်လင့်ချက်မရှိရင်လည်း ဘဝကို တည်ငြိမ်စွာဖြတ်သန်းလို့ရသေးတယ်လို့ မူရင်းစာရေးသူက ယူဆတယ်...။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ရှေ့ဆက်မလဲ မမြင်ရတဲ့ အမှောင်ထဲကို ရဲရဲဝံ့ဝံ့ဘယ်လို တိုးဝင်မလဲ နာကျင်ခြင်းဆီကနေ ထွက်ပြေးနေတာကို ရပ်ပြီး လူဖြစ်ရတဲ့ဒုက္ခကို ဘယ်လိုရင်ဆိုင်ကြမလဲ ဒီမေးခွန်းတွေရဲ့ အဖြေတစ်ပိုင်းတစ်စကို ဒီစာအုပ်ဖတ်ပြီးသွားတဲ့အခါ သိနိုင်မယ်...။  ဒီစာအုပ်ဟာ ပျော်ရွှင်/အောင်မြင်/ကြီးပွားရေးစာအုပ်မဟုတ်ဘူး ဘဝကို ပိုလွယ်သွားအောင် ကူညီပေးမယ့်နည်းလမ်းတွေ မပါဘူး နာကျင်မှုတွေလျော့သွားအောင် စွမ်းဆောင်မပေးနိုင်ဘူး ပိုပြီးရဲရင့်လာအောင်ပဲ အားပေးနိုင်မယ် ဒုက္ခကို ပိုနားလည်လာအောင်ပဲ ရှင်းပြပေးနိုင်မယ်...။ ရောက်မလာသေးတဲ့ အချိန်တွေကို ကြိုတွေးပြီး မောနေမယ့်အစား လက်ရှိအခြေအနေမှာ အကောင်းဆုံးနေဖို့ လမ်းပြပေးတဲ့ စာအုပ်ပါပဲ..." လို့ ဘာသာပြန်သူချမ်းမြေ့ဝင်းက အမှာရေးပါတယ်...။






အပိုင်း(၁)မျှော်လင့်ခြင်း....


မသိချင်တဲ့အမှန်တရား


            ဉရောပ အလယ်ပိုင်း တောနယ်လေးတစ်ခု...။
            မြေနေရာ ခပ်သေးသေးတစ်ကွက်...။

    ဒီနေရာကို ဗဟိုတည်ပြီး  ကမ္ဘာသမိုင်းရဲ့အဆိုးဆုံး အမှောင်မိုက်ဆုံး မကောင်းဆိုးဝါး တစ်ကောင်ဟာ သန္ဓေတည်လာတယ်...။ နောက်ထပ် လေးနှစ်အတွင်းမှာ ဒီမြေကွက်သေးသေးလေးပေါ်မှာ လူ ၁၃ သိန်းလောက်ဟာ စနစ်တကျ စိမ်ပြေနပြေ ကျွန်ပြုခံရတော့မယ်...။ အနှိပ်စက်ခံရတော့မယ် အသတ်ခံရတော့မယ် ဒီအဖြစ်ဆိုးကို တားမယ့်သူ မရှိဘူး အာခံမယ့်သူ တော်လှန်မယ့်သူလည်းမရှိ...။

              လူတစ်ယောက်က လွဲရင်....။

    ကျနော်အခုပြောမယ့် ဇာတ်လမ်းဟာ အဖတ်ဆယ်မရအောင် စုတ်ပြတ်သတ်နေတဲ့ ဇာတ်လမ်းတစ်ခု စောင်ခြုံနွေးနွေးထဲ အင်တာနက်လေးသုံးပြီး ဇိမ်ကျနေကြတဲ့ ကျနော်တို့ ဒီခေတ်ကာလသားတွေအတွက် အိပ်မက်မက်ကြည့်လို့တောင် မရနိုင်တဲ့ ဇာတ်လမ်းမျိုး....။

    ဝီတိုးပီလက်ခီဟာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲ ခိုးမဝင်ခင်ကတည်းက စစ်သူရဲကောင်းတစ်ယောက်ဖြစ်နေပြီးသား...။ ပိုလန်-ဆိုဗီယက်စစ်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ဆုတံဆိပ်တွေလည်းအများကြီး ရခဲ့ပြီးပြီ...။ လူတွေက ကွန်မြူနစ်ဆိုတာကို ဘာမှန်းသေသေချာချာမသိခင်ကတည်းက ပီလက်ခီက ကွန်မြူနစ်တွေနဲ့ နပန်းလုံးနေခဲ့တာ...။ စစ်ပြီးသွားတော့ သူပိုလန်တောနယ်ပိုင်းကို ပြောင်းလာတယ်..။ ကျောင်းဆရာမနဲ့အိမ်ထောင်ကျတယ်...။ ကလေးနှစ်ယောက်ရတယ်..။ ပီလက်ခီက မြင်းစီးရတာကို ဝါသနာပါတယ်...။ ဦးထုပ်လှလှတွေကြိုက်တယ်... ဆေးပြင်းလိပ် သောက်တယ် သူ့ဘဝက ရိုးတယ် ရှင်းတယ် အေးဆေးပေါ့...။

        အဲဒီမှာ ဟစ်တလာဆိုတဲ့ ပြဿနာကြီးပေါ်လာတယ်...။ ပိုလန်တစ်နိုင်ငံလုံး ဘာမှ မလုပ်ရသေးခင်မှာ နာဇီတပ်တွေက ပိုလန်တစ်ဝက်လောက်ကို သိမ်းပစ်လိုက်ပြီ...။ တစ်လကျော်ကျော် အချိန်လေးတွင်းမှာ တစ်နိုင်ငံလုံး နာဇီလက်အောက် ရောက်သွားရော...။ စစ်ပွဲရယ်လို့လည်း မည်မည်ရရမတိုက်လိုက်ရပါဘူး...။ မမျှမတကြီး မဟုတ်လား...။ နာဇီတွေက အနောက်ဖက်ကနေ ဝင်လာတယ်...။ ဆိုဗီယက်တွေက အရှေ့ဖက်ကနေ ရောက်လာတယ်...။ နံရံနဲ့ ကျောက်တုံးကြားမှာ ညှပ်ပြီး သေရသလိုပဲ...။ ကမ္ဘာကိုသိမ်းချင်တဲ့ နံရံနဲ့ တစ်နိုင်ငံလုံးကို မျိုးပြုတ်သွားအောင် ဖြုတ်ချတဲ့ ကျောက်တုံးဆိုပါတော့...။ ဘယ်သူက ကျောက်တုံး ဘယ်သူက နံရံလည်း ကျနော်လည်း မပြောတတ်ဘူး...။

        အစောပိုင်းတုန်းက  ဆိုဗီယက်တွေဟာ နာဇီတွေထက် အများကြီးပိုဆိုးခဲ့တာ...။ သူများအစိုးရကို ဖြုတ်ချပြီး ကိုယ့်ဝါဒကို အတင်းသိပ်ထည့်ဖို့ ဆိုရင် ဆိုဗီယက်တွေက ဆရာတစ်ဆူပဲလေ...။ နာဇီတွေက အဲဒီအချိန်တုန်းက အပျိုရည်မပျက်သေးတဲ့ အာဏာရှင် တက်သစ်စလေးတွေလေ..(ဟစ်တလာနှုတ်ခမ်းမွှေးကိုကြည့်ရင် သိသာပါတယ်) စစ်ဖြစ်ပြီးမကြာခင် ဆိုဗီယက်တွေ ပိုလန်လူမျိုး တစ်သန်းလောက်ကို နိုင်ငံအရှေ့ဖက်ကို ပို့ပစ်လိုက်တယ်...။ ခဏလေးရပ်ပြီး စဉ်းစားကြည့်....။ လူတစ်သန်း လူဦးတစ်သန်း နေ့ချင်းညချင်း ပျောက်သွားတာ...။ တချို့ကိုတော့ နှစ်ပေါင်းများစွာကြာတော့မှ အစုလိုက်အပြုံလိုက် မြေမြှုပ်ထားတာတွေ ပြန်ဖော်တွေ့တယ်...။ ဒီကနေ့အထိရှာမတွေ့တော့တဲ့သူတွေလည်း အများကြီးပဲ...။

    အဲဒီစစ်ပွဲမှာ ပီလက်ခီဝင်တိုက်ခဲ့တယ်...။ ဂျာမန်တွေနဲ့လည်း ချတယ်.။ ဆိုဗီယက်တွေကိုလည်း တိုက်တယ်...။ မနိုင်ဘဲ ရှုံးသွားတော့ သူနဲ့  သူ့တွဲဖက် ပိုလန်စစ်ဗိုလ်တွေ ပေါင်းပြီးတော့ မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲလိုက်တယ်..။ ပိုလန်လျှို့ဝှက်တပ်ဖွဲ့ဆိုပြီး နာမည်ပေးလိုက်တယ်...။ ၁၉၄၀ နွေဦးမှာ ပိုလန်လျှို့ဝှက်တပ်ဖွဲ့ဆီကို သတင်းတစ်ခုရောက်လာတယ်...။ ပိုလန်တောင်ပိုင်း မြို့လေးတစ်ခုရဲ့ အပြင်နားမှာ ဂျမာန်စစ်တပ်က အကျဉ်းထောင်အကြီးကြီးတစ်ခု ဆောက်နေတယ်ဆိုတဲ့ သတင်း...။ ထောင်နာမည်က အော့ဇ်ဝစ်ချ်...။ ၁၉၄၀ နွေရာသီရောက်တော့ ပိုလန်တော်လှန်ရေးသမားတွေ စစ်သားတွေ စစ်ဗိုလ်တွေ ထောင်နဲ့ချီပြီး ပျောက်ကုန်ကြတယ်...။ ဆိုဗီယက်တွေ ပိုလန်နောက်ပိုင်းကို လုပ်ချင်သလိုလုပ်နေကြတဲ့ အချိန်မှာ အရှေ့ပိုင်းမှာ သူတို့ထက်ဆိုးတဲ့ မကောင်းဆိုးဝါးတစ်ကောင် ပေါ်လာနေပြီလား ပိုလန်လူမျိုးတွေ အစုလိုက်အပြုံလိုက် အဖမ်းခံနေရပြီလား ဆိုတာကို ပိုလန် တော်လှန်ရေးအဖွဲ့တွေက  မသင်္ကာစပြုလာတယ်...။ အော့ဇ်ဝစ်ချ်ဆိုတဲ့ မြို့ငယ်တစ်မြို့စာလောက်ကြီးတဲ့ အကျဉ်းထောင်ဟာ ဒီကိစ္စမှာအဓိကလက်သည် ဖြစ်နိုင်တယ်ဆိုပြီး ပီလက်ခီနဲ့ သူ့အဖွဲ့သားတွေက ကောက်ချက်ချတယ်...။

        အဲဒီမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲ ခိုးဝင်ဖို့ ပီလက်ခီက ဆုံးဖြတ်လိုက်တယ်...။ အဖမ်းခံလိုက်တယ် ထောင်ထဲရောက်မှ စစ်အကျဉ်းသားတွေနဲ့ ပူးပေါင်းပြီး ထောင်လှန်မယ် တိုက်ထွက်မယ်ပေါ့...။ ပီလက်ခီရဲ့ စစ်ဆင်ရေးက တကယ်တော့ ကြွက်သတ်ဆေး တစ်ပုလင်းလုံးမော့သောက်တာနဲ့ သိပ်မကွာဘူး..။ သေဖို့လုံးဝသေချာနေတာကိုး...။ သူ့အထက်လူကြီးတွေကလည်း သူ့ကို မင်းရူးနေလားဆိုပြီး တားတယ်....။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ပိုပိုပြီးဆိုးလာတယ်...။ အထက်ပိုင်းက အရေးပါတဲ့ ပိုလန်လူမျိုးတွေပါ ထောင်နဲ့ချီပြီး ပျောက်ချင်းမလှပျောက်ကုန်တယ်...။ အော့ဇ်ဝစ်ချ်ဟာ မဟာမိတ်တွေအတွက် သတင်းအမှောင်ကွက်တစ်ကွက် ဖြစ်လာတယ်..။ ဘာဖြစ်နေမှန်းလဲမသိ ဘာလုပ်ရမှန်းလည်းမသိတော့ နောက်ဆုံး ပီလက်ခီရဲ့ အထက်အရာရှိတွေလည်း လက်လျှော့ပြီး သူ့ရဲ့ စီမံကိန်းကို ခွင့်ပြုလိုက်ရတော့တယ်...။
 
        ဒီလိုနဲ့ ဝါဆောမြို့ရဲ့ တစ်နေရာမှာ ပီလက်ခီဟာ ညမထွက်ရအမိန့်ကို တမင်ဖီဆန်ပြီး ဂျာမန်စစ်သားတွေ လာဖမ်းအောင်လုပ်တယ်...။ ပီလက်ခီကို ဖမ်းပြီး မကြာခင်မှာပဲ အော့ဇ်ဝစ်ချ်ကိုပို့လိုက်တယ်...။ နာဇီ အကျဉ်းစခန်းထဲ ကို စိတ်ပါလက်ပါ ဝင်သွားတာဆိုလို့ ကမ္ဘာ့သမိုင်းမှာ ပီလက်ခီ တစ်ယောက်ပဲရှိမယ်...။ ထောင်ထဲလည်းရောက်ရော အထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပီလက်ခီ ထင်ထားတာထက် အများကြီး ပိုဆိုးနေတယ်...။ ထောင်သားတွေကို အကျိုးအကြောင်းမရှိဘဲ သတ်နေတာ...။ တန်းစီခိုင်းတယ်...။ ညီအောင်မစီရင်သတ်တယ်...။ ခြေလက်တွေ ငြိမ်ငြိမ်မနေရင် သတ်တယ်...။ မတ်မတ်မရပ်ရင် သတ်တယ်...။ ခိုင်းတဲ့အလုပ်တွေကလည်း ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်းတွေ...။ နားချိန်လည်းမရှိ ဘာမှမဓိပ္ပါယ်မရှိတဲ့ အကျိုးမရှိတဲ့အလုပ်လည်းလုပ်ခိုင်းလိုလုပ်ခိုင်း.....။ မသေမချင်း ညှဉ်းသတ်နေတာပါပဲ...။ ပီလက်ခီရောက်ပြီး တစ်လလောက် အချိန်အတွင်းမှာ သူ့အဆောင်ထဲမှာ ရှိတဲ လူတွေရဲ့ သုံးပုံတစ်ပုံ သေကုန်ပြီ....။ ပင်ပန်းပြီး ဖျားလို့ သေတဲ့သူတွေရှိသလို ပစ်သတ်ခံရတာလည်း မနည်းဘူး...။ ဒီလောက် ဖြစ်ပျက်နေတာတောင်မှ ကျနော်တို့ရဲ့ စူပါဏဟီရိုး ပီလက်ခီဟာ ထောင်ထဲမှာ လျှို့ဝှက်တပ်ဖွဲ့တစ်ခု မရမကဖွဲ့တယ်...။ ၁၉၄၀ လောက်မှာ လျှို့ဝှက်တပ်ဖွဲ့ကတော်တော်လေး အကောင်အထည်အပေါ်နေပြီ...။

        ပီလက်ခီဆိုတဲ့ မဟာလူသားဟာ မယုံနိုင်စရာပါပဲ...။ အဝတ်လျှော်ခြင်းတွေထဲ စာရွက်တွေဖွက်သယ်ပြီး ထောင်တွင်းသတင်းကွန်ရက်ကို ဘယ်လိုဖန်တီးလိုက်သလဲ...။ ခိုးထားတဲ့  ဓာတ်ခဲတွေ ပစ္စည်းအတိုအစတွေသုံးပြီး ဝါဆောမှာရှိတဲ့ ပိုလန်လျှို့ဝှက်တပ်ဖွဲ့ဆီကို သတင်းတွေ ဘယ်လိုပို့သလဲ ထောင်ထဲကို အစားအသောက်တွေ ဆေးဝါးတွေ အဝတ်အစားတွေဘယ်လို ခိုးသယ်သလဲ မျှော်လင့်ချက် တစ်စက်တောင်မရှိတော့ဘဲ ခန်းခြောက်နေတဲ့ အော့ဇ်ဝစ်ချ်လိုနေရာမှာ လူ့အသက်တွေကို ဘယ်လိုကယ်ခဲ့သလဲ...။ နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ပီလက်ခီဟာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲ နေနေရင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုလုံးကို ရုပ်လုံးပေါ်လာတဲ့အထိ တည်ထောင်နိုင်ခဲ့တယ်...။ သူရဲ့ တပ်ဖွဲ့ထဲမှာ ရာထူးအပြည့်အစုံရှိတယ်...။ ထောက်/ပို့တပ်တွေရှိတယ်...။ ရိက္ခာအဝင်အထွက် လမ်းကြောင်းတွေလည်း ရှိတယ်...။ အပြင်လောကနဲ့ ဆက်သွယ်ဖို့ ဆက်သွယ်ရေး စနစ်တွေလည်းရှိတယ် ဒါတွေရှိနေတာကို နာဇီတွေ ရိပ်တောင်မရိပ်မိဘူး....။ ပီလက်ခီရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထောင်ထဲမှာပဲ တော်လှန်ရေး အကြီးကြီးလုပ်ဖို့ပေါ့...။ အပြင်က အပေါင်းအပါတွေလည်း ဝင်ကူမယ်ဆိုရင် ထောင်ထဲကနေ တိုက်ထွက်ဖို့ ဖြစ်နိုင်မယ်လို့ ပီလက်ခီက ယုံတယ်...။ ထောင်စောင့်ဦးရေကလည်း အဲဒီလောက် များများစားစားမရှိဘူး...။ ပြီးတော့ ထောင်ထဲရောက်နေတဲ့ ပိုလန်စစ်သားတွေက သေချာလေ့ကျင့်ထားတဲ့ ပြောက်ကျားစစ်သည်တွေ...။ ဒီအကြံအစည်တွေ အကုန်လုံးကို ပီလက်ခီ ဝါဆောကို လှမ်းအကြောင်းကြားတယ်...။ အခွင့်ကောင်းကိုလပေါင်းများစွာ ထိုင်စောင့်နေတယ်...။

    အဲဒီအချိန်မှာ အော့ဇီဝစ်ချ်ကို ဂျူးတွေ စပြီးရောက်လာတော့တာပဲ...။ စစချင်းတော့ ဘတ်စ်ကားတွေနဲ့ ရောက်လာတယ်...။ ပြီးတော့ ရထားတွဲလိုက်တွေ ရောက်ချလာတယ်..။ ဒုက္ခတောထဲကို ထောင်နဲ့သောင်းနဲ့ချီပြီး လှိမ့်ဝင်လာကြတာ...။ ရောက်လာတဲ့ ဂျူးတွေမှာ ပိုင်ဆိုင်မှုတွေလည်း ဘာမှမရှိတော့ဘူး...။ ရေချိုးခန်းလို့ နာမည်တပ်ထားတဲ့အဆိပ်ငွေ့ပေးခန်းတွေထဲကို  အတင်းထိုးထည့်ခံရတယ်...။ အစုလိုက် အပြုံလိုက် အဆိပ်ငွေ့ပေးပြီး သတ်ပစ်တယ်...။ ပြီးတော့ အလောင်းတွေကို စုပုံပြီးတော့ မီးရှို့တယ်....။

    ပီလက်ခီ အပြင်ကို သတင်းပို့နေတဲ့ စီမံကိန်းတွေကလည်း ကမောက်ကမတွေဖြစ်ကုန်တယ်....။ ထောင်ထဲမှာ နေ့စဉ်နေ့တိုင်း လူထောင်ပေါင်းများစွာ အသတ်ခံနေရတာကိုး...။ အသတ်ခံရတာ ဂျူးလူမျိုးတွေများတယ်...။‌ သေတဲ့လူဦးရေတွေပေါင်းလိုက်ရင် သန်းချီလိမ့်မယ်...။ အော့ဇီဝစ်ချ်ကို ဝင်တိုက်ဖို့ ပိုလန်လျှို့ဝှက်တပ်ဖွဲ့ကို ပီလက်ခီအသနားခံတယ်...။ ထောင်ကို ဝင်မတိုက်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ အဆိပ်ငွေ့ခန်းတွေကို ဗုံးကျဲချပေးဖို့တောင်းပန်တယ်...။ ပိုလန်လျှို့ဝှက်တပ်ဖွဲ့တွေက ပီလက်ခီ အသနားခံစာတွေကို မရဘူး မဟုတ်ဘူး ရတယ်...။ ဒါပေမယ့် ပိုပိုသာသာတွေပြောနေတာလို့ပဲထင်ကြတယ်...။ ဒီလောက်ဆိုးတဲ့ အခြေအနေဆိုတာ မရှိနိုင်ဘူး မဖြစ်နိုင်ဘူးလို့ပဲ ထင်နေကြတာကိုး....။

    နာဇီတွေရဲ့ ငရဲခန်းအကြောင်း ကမ္ဘာကို ပထမဆုံးအသိပေးခဲ့တာ ပီလက်ခီပဲ...။ ပိုလန်တော်လှန်ရေးတပ်ဖွဲ့တွေတင်သာမက ဗြိတိန်မှာ ပုန်းရှောင်နေတဲ့ ပိုလန်အစိုးရတပ်ဖွဲ့အထိ ပီလက်ခီရဲ့ သတင်းပို့ချက်တွေ ရောက်သွားတယ်...။ ပြီးတော့ လန်ဒန်မှာရှိတဲ့ မဟာမိတ်တွေဆီကို သတင်းထပ်ရောက်တယ်...။ နောက်ဆုံးမှာ အိုင်စင်ဟောင်ဝါ နဲ့ ဝင်စတန်ချာချီတို့ရဲ့ လက်ထဲအထိ သတင်းတွေရောက်သွားတယ်...။ အကုန်လုံးက ပီလက်ခီဆိုတဲ့ အကောင် အလကားအပိုတွေ လျှောက်ပြောနေတာပါလို့ ဆုံးဖြတ်လိုက်ကြတယ်...။

    ၁၉၄၃ ရောက်တော့ ပီလက်ခီတစ်ယောက် စိတ်လျှော့လိုက်တယ်...။ သူမျှော်လင့်နေတဲ့ တော်လှန်ရေးတို့ ထောင်ဖောက်ပြီး ထွက်ပြေးဖို့တို့ ဆိုတာ ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာတယ်...။ ပိုလန်လျှို့ဝှက်တပ်ဖွဲ့လည်း လာကယ်မှာ မဟုတ်သလို အမေရိကန်တွေလည်း မလာတော့ဘူး...။ အင်္ဂလိပ်တွေလည်း ရောက်လာမှာမဟုတ်ဘူး....။ လာမယ့်လာ ဆိုဗီယက်တွေပဲရောက်လာမှာ...။ အဲဒါဆို နာဇီထက်တောင်ပိုဆိုးလိမ့်မယ် ထောင်ထဲမှာ ဆက်နေဖို့ မဖြစ်တော့ဘူး ထွက်ပြေးမှ ဖြစ်တော့မယ်လို့ ပီလက်ခီ ဆုံးဖြတ်လိုက်တယ်...။ သူထွက်ပြေးသွားတာတော့ လွယ်လွယ်လေးရယ်... ပီလက်ခီ ဖြစ်နေလို့လည်း လွယ်သယောင်ဖြစ်နေတာ နေမှာပါ....။ ဖျားချင်ယောင်ဆောင်လိုက်တယ်...။ ဆေးရုံကဆရာဝန်တွေနဲ့ တွေ့တော့ သူအလုပ်ဆင်းရမယ့်နေရာကိုလွှဲပြောလိုက်တယ်....။ ပေါင်မုန့်ဖုတ်စက်ရုံမှာ ညဘက် အလုပ်ဆင်းမှာဆိုပြီး ညာလိုက်တယ်...။ ပေါင်မုန့်ဖုတ်ရုံက ထောင်အစွန်း မြစ်ကမ်းနားမှာလေ ဆေးရုံကဆင်းတော့ မုန့်ဖုတ်ရုံကို တန်းသွားတယ် ည ၂ နာရီအထိ အလုပ်လုပ်တယ်...။ အဲဒါပြီးတော့ တယ်လီဖုန်းကြိုးကိုဖြတ် နောက်တံခါးကိုကလန့်ဖွင့် ခိုးလာတဲ့ အရပ်ဝတ်တွေကို ပြန်ဝတ် နောက်က လှမ်းပစ်နေတဲ့ သေနတ်ကျည်ဆံကိုရှောင် မြစ်ဘက်ကို တစ်မိုင်လောက် ဆက်ပြီးပြေး ကြယ်တွေကိုကြည့် လမ်းရှာပြီး မြို့ဘက်ကို ပြန်ရုံပဲ...။

    ဒီနေ့ခေတ် ကျနော်တို့ရဲ့ ကမ္ဘာဟာ တော်တော် ဘဝပျက်နေပြီ နာဇီခေတ်တုန်းကလောက်မဆိုးပေမယ့် တော်တော်လေးကိုဆိုးနေတယ်....။ ပီလက်ခီရဲ့ ဇာတ်လမ်းမျိုးတွေဟာ ကျနော်တို့အတွက် ခွန်အားဖြစ်စေတယ်...။ မျှော်လင့်ချက် အရောင်သမ်းစေတယ်...။ "အဲဒီတုန်းက အခြေအနေက ဒီ့ထက်အများကြီးဆိုးခဲ့တာပဲ...။ အဲဒါတောင်မှ ပီလက်ခီလိုလူက ရအောင် ကျော်ဖြတ်ခဲ့တာပဲ...။ ငါရော အခုတလော ဘာလုပ်ပြီးပြီလဲ ဆိုပြီး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ချင်လာတယ်...။ အခုခေတ်လို ဆိုရှယ်မီဒီယာ အင်စတာဂရမ် နဲ့ တွစ်တာကြားမှာ အလုပ်ရှုပ်နေတဲ့ ကျနော်တို့လို လူသားတွေအတွက် ဒီမေးခွန်းဟာ မေးလည်းမေးချင်စရာပဲလေ...။ ကိုယ်အခုနေနေရတဲ့ ဘဝကို အဝေးကနေပြန်ကြည့်လိုက်ရင် ပီလက်ခီလို သူရဲကောင်းတွေ ကမ္ဘာကို ကယ်တင်နေတဲ့ အချိန်မှာ ကျနော်တို့က ကိုယ့်အခန်း အဲယားကွန်း မအေးတာလောက်ကို ပြဿနာလုပ်နေကြတယ်...။

    ပီလက်ခီ ဇာတ်လမ်းဟာ ကျနော်ကြားဖူးသမျှတွေထဲမှာတော့ သူရဲကောင်း အဆန်ဆုံးဇာတ်လမ်းတစ်ခုပဲ...။ ဘာဖြစ်လို့လဲဆိုတော့ သူရဲကောင်းဆန်ခြင်းဟာ သတ္တိရှိခြင်းတစ်ခုတည်းမဟုတ်ဘူး...။ လိမ္မာကျွမ်းကျင်ခြင်းလည်း မဟုတ်ဘူး...။ သတ္တိနဲ့ဉာဏ်ပညာဟာ တစ်ခါတစ်လေမှာ သူရဲကောင်းမဆန်စွာ အသုံးချခံရတတ်တယ်...။ တကယ်တမ်းကျတော့ သူရဲကောင်းဆန်ခြင်းဆိုတာ မျှော်လင့်ချက် တစ်စက်မှမကျန်တော့တဲ့ အချိန်မှာတောင် မျှော်လင့်ခြင်းကို အသက်သွင်းပေးနိုင်တာ ပိန်းပိတ်အောင်မှောင်နေတဲ့ နေရာကို အလင်းရောင်ယူလာပေးတာ...။ ပိုကောင်းတဲ့ ကမ္ဘာတစ်ခုတည်ဆောက်နိုင်တယ်ဆိုတာကို မြင်အောင်ပြပေးတာ...။ ကျနော်တို့စိတ်ကူးထဲမှာရှိတဲ့ ပိုကောင်းတဲ့နေရာ မဟုတ်ဘူးနော်...။ ရှိလို့ ရှိမှန်းတောင် မသိသေးတဲ့ ကမ္ဘာအသစ်တွေဆီကို ခေါ်ဆောင်သွားပေးနိုင်တာမျိုး...။ စုတ်ပြတ်သတ်နေတဲ့ အခြေအနေတွေမှာတောင် ပြန်ထနိုင်အောင် ထူပေးတာမျိုး....။    

   သတ္တိဆိုတာ မထူးဆန်းဘူး ဇွဲဆိုတာဟာလည်းမထူးဆန်းဘူး ဒါပေမယ့် သူရဲကောင်းတွေရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာ ဒဿနတွေပါနေတယ်...။ သူရဲကောင်းတွေမှာ ဘာကြောင့်ပါလိမ့်ဆိုတဲ့ ခမ်းနားတဲ့ မေးခွန်းတစ်ခု ကပ်ပါလာတယ်...။ ဘာနဲ့တွေ့တွေ့ မတုန်လှုပ်တဲ့ ယုံကြည်ချက်တစ်ခုပါဝင်နေတယ်...။ ဒါကြောင့်လည်း ကျနော်တို့ရဲ့ ဒီနေ့ခေတ်ယဉ်ကျေးမှုတွေမှာ သူရဲကောင်းတွေကို မက်မောတမ်းတနေကြတာ...။ အရမ်းအဖြစ်ဆိုးနေလို့ သူရဲကောင်းကို မျှော်နေတာမဟုတ်ဘူး အရင်ခေတ်လူသားတွေ အရှိန်နဲ့တွန်းပေးခဲ့တဲ့ "ဘာကြောင့်" ဆိုတဲ့မေးခွန်းဟာ အခုခေတ်မှာ တိမ်ကောစပြုလာလို့ပဲ...။

    ကျနော်တို့ အခုခေတ်လူသားတွေ လိုနေတဲ့ အရာဟာ ငြိမ်းချမ်းသာယာရေးတစ်ခုတည်းမဟုတ်တော့ဘူး.....။ လျှပ်စစ်ကားအသစ်တွေလည်းမဟုတ်ဘူး.... နည်းပညာအသစ်တွေလည်းမဟုတ်ဘူး.... ကျနော်တို့လိုအပ်နေတဲ့ အရာဟာ လက်တစ်ကမ်းမှာ လွတ်လုလွတ်ခင်ဖြစ်နေပြီ....။ ကျနော်တို့ လိုအပ်နေတဲ့ အရာဟာ မျှော်လင့်ချင်း ဆိုတဲ့အရာ....။

    စစ်ပွဲတွေ မျိုးပြုန်းအောင် သုတ်သင်ပစ်တာတွေ အနှိပ်စက်ခံရတာတွေ နှစ်နဲ့ချီအောင် မြင်တွေ့ခံစားခဲ့ရပေမယ့် ပီလက်ခီရဲ့ မျှော်လင့်ချက်ဟာ သေမသွားဘူး...။ သူ့နိုင်ငံကိုလည်း ဆုံးရှုံးလိုက်ရတယ်...။ မိတ်ဆွေ သူငယ်ချင်းမရှိတော့ဘူး...။ ပြီးတော့ သူ့အသက်တောင် ဆုံးရှုံးလုနီးနီးဖြစ်ခဲ့ပေမယ့် မျှော်လင့်ချက်ကိုတော့ လက်ထဲမှာ ဆုပ်ထားတုန်းပဲ...။ စစ်ပွဲပြီးတဲ့အချိန် ဆိုဗီယက်လက်အောက်ကို ပြန်ရောက်သွားတဲ့ အချိန်တွေမှာလည်း ပိုလန်နိုင်ငံ လွတ်လပ်ရေးအတွက် မျှော်လင့်ချက် ကို ဆက်ပြီး မီးမွေးထားခဲ့တယ်...။ သူရဲ့သားတွေ သမီးတွေ ငြိမ်းငြိမ်းချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်နေရဖို့အတွက် ဆက်ပြီးမျှော်လင့်တယ်...။ လူအသက်တွေကို နည်းနည်းပဲဖြစ်ဖြစ် ကယ်တင်ချင်တယ် ဖေးမချင်တယ်....။

    စစ်ပြီးစတော့ ပီလက်ခီ ဝါဆောကိုပြန်တယ် သူလျှိုအလုပ်ကို ဆက်လုပ်တယ်...။ ဒီတစ်ခါတော့ နာဇီတွေကို ထောက်လှမ်းတာမဟုတ်တော့ဘူး ကွန်မြူနစ်ပါတီကို ထောက်လှမ်းတာဖြစ်သွားပြီ...။ ဆိုဗီယက်တွေက ပိုလန်အစိုးရထဲကို ဝင်ခြယ်လှယ်ပြီး ရွေးကောက်ပွဲကို ကြိုးဆွဲတာတွေကို ပီလက်ခီ အရင်ဆုံးသိတာပဲ...။ အနောက်နိုင်ငံတွေကို ဒီသတင်းကို ပထမဆုံး ပေးခဲ့တာလည်း သူပဲ....။

    ဒီတစ်ခါတော့ သူ့ကိုမိသွားတယ်...။ အဖမ်းခံရတော့မယ် အီတလီဘက်ကို ထွက်ပြေးမလား ဆိုပြီး သူ့ကို ကြိုသတိပေးကြပါတယ်...။ ဒါပေမယ့် ပီလက်ခီက ဟင့်အင်းလို့ပဲဖြေတယ်...။ ပိုလန်နိုင်ငံမှာပဲ ပိုလန်နိုင်ငံသားတစ်ယောက်အနေနဲ့ပဲ သေမယ်လို့ ဆုံးဖြတ်တယ်...။ လွတ်လပ်တဲ့ ပိုလန်နိုင်ငံဖြစ်ရမည် ဆိုတဲ့ မျှော်လင့်ချက်ကြောင့်သာ ပီလက်ခီတစ်ယောက် ဒီလောက်ရှင်သန်နိုင်တာ...။ အဲဒီ မျှော်လင့်ချက် မရှိရင် သူဟာ ဘာမှမဟုတ်တဲ့သူတစ်ဦးဖြစ်သွားမှာပဲ...။

    ဒါပေမယ့် ဒီ မျှော်လင့်ချက် ကြောင့်ပဲ သူ့ရဲ့ နောက်ဆုံးအချိန်လည်း ရောက်လာတယ်...။ ၁၉၄၇ မှာ ကွန်မြူနစ်တွေ ပီလက်ခီကို ဖမ်းမိသွားတယ်...။ မိပြီးတာနဲ့ ချက်ချင်းနှိပ်စက်တော့တာပဲ...။ တစ်နှစ်လောက် နှိပ်စက်ခံရတယ်...။ ပီလက်ခီက သူနှိပ်စက်ခံရတဲ့ အကြောင်းတွေ သူ့မိန်းမကို ပြန်ပြောပြတယ်...။ "အော့ဇ်ဝစ်ချ်မှာ ခံခဲ့ရတာတွေဟာ ကွန်မြူနစ်တွေ နှိပ်စက်တာနဲ့ ယှဉ်လိုက်ရင် စာမဖွဲ့လောက်ပါဘူး" တဲ့...။ ဘယ်လောက်ပဲ နှိပ်စက်ခံရပေမယ့် ဘာမှပြောမပြဘဲ ဘူးခံငြင်းနိုင်ခဲ့တယ်...။ နောက်ဆုံး ကွန်မြူနစ်တွေလည်း ပီလက်ခီကို နှိပ်စက်ရတာ ပင်ပန်းလာတယ်...။ ဘာမှလည်းမေးလို့ရမှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်...။ ပီလက်ခီကို စံနမူနာအဖြစ်ထားပြီး အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်...။ ၁၉၄၈ မှာ ပီလက်ခီကို ခုံရုံးတင်ပြီး ပြစ်မှုပေါင်းများစွားနဲ့စွဲချက်တင်တယ်... စာရွက်စာတမ်းအတုလုပ်မှု ညမထွက်ရအမိန့်ကိုဖီဆန်မှု သူလျှိုအမှု သစ္စာဖောက်မှု စသဖြင့် အစုံပဲ....(အမလေး ငါတို့တိုင်းပြည်ကဟာကျနေတာပဲ)...မပြောင်းလဲသေးသော အရင်ခေတ်ဆိုဗီယက် အခုရုရှားတွေ.....။

    နောက်တစ်လလောက်နေတော့ ပီလက်ခီကို အပြစ်ရှိတယ်ဆိုပြီး သေဒဏ်ချလိုက်တယ်...။ အမိန်ချတဲ့နေ့မှာ ပီလက်ခီကို စကားပြောခွင့်ပေးတယ် ပီလက်ခီကပြောတယ် သူဟာ ပိုလန်နိုင်ငံနဲ့ လူမျိုးပေါ်မှာ အမြဲသစ္စာစောင့်သိခဲ့သူ ဖြစ်တယ်...။ ပိုလန်လူမျိုးတွေကို သူတစ်စက်ကလေးမှ ဒုက္ခမပေးခဲ့ဘူး...။ ဒါကြောင့်လည်း ဘာကိုမှ နောင်တမရဘူးတဲ့...။ နောက်ဆုံးစကားတစ်ခွန်းနဲ့ သူ့စကားကို အဆုံးသတ်လိုက်တယ်...။ "သေတဲ့အခါမှာ ကြောက်နေမယ့်အစား ပျော်ပျော်ရွှင်ရွှင်သေနိုင်အောင် ကျနော့်ဘဝကို ကျနော် နေခဲ့ပြီးပြီ..." ဒီထက်ပိုပြီး ရဲရင့်ပြတ်သားတဲ့ စကားမျိုး ကျနော်တော့မကြားဖူးဘူး ခင်ဗျားတို့လည်း ကြားဖူးမယ်မထင်ဘူး...။
            
            
            

_________________________________




ဒါဟာ ပိုလန်နိုင်ငံသား တော်လှန်ရေးသမား ပီလက်ခီနဲ့ပတ်သက်တဲ့ "မျှော်လင့်ချက်"  အကြောင်းအရာတချို့...။ ကျမ နောက်ထပ်အပိုင်းတွေဆက်ရေးပြသွားပါဦးမယ်....။ အရင်တုန်းက အော့ဇ်ဝစ်ချ် အကျဉ်းထောင်နဲ့ပတ်သက်ပြီး ကျမ ရုပ်ရှင်တစ်ကားကြည့်ဖူးတယ် ဒီဖက်ခေတ်မှာရှိတဲ့ အထက်တန်းလွှာလူတန်းစားတွေ  စိတ်အပန်းဖြေ စိတ်ထွက်ပေါက်ရဖို့သက်သက် အဲဒီအကျဉ်းထောင်ဟောင်းနေရာကို အသုံးပြု ငွေကြေးပေးပြီးလူလာသတ်ကြတာ အဲကားလေးနာမည် မမှတ်မိတော့လို့...။ 

လူတစ်ယောက်အသိပညာတိုးဖို့ စာဖတ်ပါ စာဖတ်ပါ စာများများဖတ်ပါလို့ တိုက်တွန်းချက်တစ်ခုမှာ အဲဒီလို အသိပညာတိုးတက်ဖို့ အတွေးအခေါ်အမြော်အမြင်ရှိဖို့က ၅၀ရာခိုင်နှုန်းလောက်ပဲအထောက်အကူပြုနိုင်တယ် ကျန် ၅၀ ကတော့ အဲဒီလူတစ်ဦးတစ်ယောက်မှာရှိတဲ့ မျိုးဗီဇ, စဉ်းစားတတ်တဲ့ဦးနှောက်နဲ့ ခံစားတတ်တဲ့ဦးနှောက်တို့ စည်းချက်ညီညီလုပ်ဆောင်နိုင်မှုနဲ့ ပိုသက်ဆိုင်တယ်လို့ ကျမတစ်ယောက်ထဲစဉ်းစားချက်နဲ့ ယူဆတယ်...။ အဲဒီလူဖတ်လိုက်တဲ့ စာထဲကရတဲ့ အယူအဆအတွေးအခေါ်ကို လက်ခံတဲ့နေရာမှာ $ တလွဲဖြစ်မနေဖို့ပဲလိုတယ်....။




___________________
Revolution will prevail
မိုးငွေ့



No comments: