" ဥပုသ်စောင့်ခြင်း ၏ အဓိပ္ပာယ် "
ဗုဒ္ဓဘာသာမှာ ဘာသာရေးကိစ္စတစ်ခုဖြစ်တဲ့ “ဥပုသ်စောင့်ခြင်း” ဆိုတာ ရှိတယ်...။ ဘာသာရေးကျင့်စဉ်တစ်ခုအနေနဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီးဆိုရင် ဥပုသ်စောင့်ကြတယ်။
ဥပုသ်စောင့်တယ် ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ သုတ္တန်တွေကနေ ထုတ်နှုတ်ပြီး ရှင်းပြမယ် ။ ဗုဒ္ဓ မြတ်စွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်သုံးခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့ လိုအပ်တယ်။
မိရိုးဖလာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီး စောင့်ရာကနေ ဥပုသ်စောင့်တယ်လို့ သိနေကြသော်လည်း ဥပုသ် စောင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်၊ ဥပုသ်ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကစပြီး အလေးအနက် သိဖို့ လိုတယ်။
ဘာဖြစ်လို့တုန်း ဆိုလို့ရှိရင် ဥပုသ်စောင့်တယ် ဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာတင်မကဘူး ။ အခြားဘာသာတွေကလည်း ဥပုသ်စောင့်တယ်ဆိုတာ ရှိတယ်။ ဒီတော့ သူတို့ဥပုသ်နဲ့ ကိုယ့်ဥပုသ်အတူတူပဲလို့ ထင်နေတတ်ကြတယ်။
ဒါကြောင့် ဥပုသ်စောင့်ခြင်းရဲ့ အနှစ်သာရပိုင်းကိုကြည့်ရမယ်။ တစ်ခါတစ်ရံကျတော့ “အသံတူသော်လည်း အဆံမတူဘူး” ဆိုတာလို အနှစ်သာရပိုင်းမှာ ကွာခြားမှုတွေအများကြီး ရှိတတ်တယ်။ အခြားဘာသာဝင်တွေလည်း ဥပုသ်စောင့်တယ်။ သူတို့မှာလည်း သူတို့ရည်ရွယ်ချက်တွေနဲ့ ဥပုသ်စောင့်တယ်ဆိုတာ ရှိမယ်ပေါ့။
“ရက်သတ်မှတ်ပုံ”
ဥပုသ်စောင့်တာ ရှေးအစဉ်အလာအရ ပြောရမယ်ဆိုရင်လဆန်း၈ရက်၊ လဆုတ် ၈-ရက်၊ လပြည့်၊လကွယ်လို့တစ်လမှာလေး သီတင်းသတ်မှတ်ပြီး ဥပုသ်စောင့်လေ့ ရှိကြတယ်။ အဲဒီ တစ်လလေးသီတင်း ဥပုသ်စောင့်ရုံမျှ မကဘူး။ “ပဋိဇာဂရဥပုသ်” ဆိုတာ ရှိသေးတယ်။ အကြိုနဲ့ အပိုစောင့်တာ။ ဆိုပါစို့- ဥပုသ်နေ့ မရောက်ခင် တစ်ရက်က ကြိုပြီးတော့စောင့်တယ်။
ဥပုသ်ထွက် တစ်ရက် အပိုစောင့်တယ်။ အကြိုအပိုနှင့်တကွ ဆိုတော့ လဆန်း ၇ ရက်၊ လဆန်း၈ရက်၊လဆန်း၉ရက် သုံးရက်။ လပြည့်နေ့မှာဆိုရင် အဖိတ်နေ့၊လပြည့်နေ့၊လပြည့်ကျော် ၁-ရက် သုံးရက်။ ထို့အတူပဲ လပြည့်ကျော် ၈-ရက်မှာလှည်း သုံးရက်။
လကွယ်နေ့မှာလည်း သုံးရက်ဆိုတော့ တစ်လတစ်လမှာ၁၂ရက်စောင့်တာကို “ပဋိဇာဂရဥပုသ်” လို့ ခေါ်တယ်။ ရှေးသူတော်စင်တွေက အဲဒီလို ဥပုသ်ကို စောင့်လေ့ ရှိကြတယ်။ မြန်မာနိုင်ငံမှာလည်းပဲ ရှေ့ပိုင်းခေတ်ကာလတွေမှာ ဝါတွင်းကာလ ၃-လလုံးလုံး ဥပုသ်စောင့်တယ်ဆိုတာမျိုးတွေ လုပ်ကြတယ်။
ရှေးသူတော်စင်တွေ ဝါတွင်း ၃-လမှာ နေ့စဉ်နှင့်အမျှ သီလဆောက်ပြီးဥပုသ် စောင့်ကြတယ်။ “ပါဋိဟာရိယပက္ခဥပုသ်” တို့ ၊ “ပဋိဇာဂရဥပုသ်” တို့ – ဒီဥပုသ်တွေဟာ သာမန်ရက်မျှသာမကဘဲနဲ့ တိုးချဲ့ပြီးတော့ စောင့်တဲ့ဥပုသ်တွေ ဖြစ်တယ်။ ဒါက ရက်နဲ့ပတ်သက်ပြီး မှတ်ရမယ်။
ရှေးကထုံးစံ အနည်းဆုံးတော့ တစ်လ ၄သီတင်း ဥပုသ်စောင့်လေ့ ရှိကြတယ် ။ ဥပုသ်စောင့်တယ်ဆိုတာ ပုထုဇဉ်ပုဂ္ဂိုလ်တွေမှ ဥပုသ်စောင့်တာ မဟုတ်ဘူး ။ မြတ်စွာဘုရား လက်ထက်တော် အခါကာလတုန်းက သောတာပန်ဖြစ်တဲ့ ဝိသာခါ ကျောင်းအမကြီးတို့လို သောတ္တာပန်ပုဂ္ဂိုလ်တွေလည်းပဲ ဥပုသ်စောင့်တယ် ။ ဥပုသ်ကိစ္စကို မြတ်မြတ်နိုးနိုးထားပြီးတော့ သီတင်းနေ့ဆို ဥပုသ်စောင့်လေ့ရှိကြတယ် ။
“ဥပုသ် ဆိုတာ ဘာကို ပြောတာလဲ။”
ဥပုသ်ဆိုတဲ့ စကားလုံးက မြန်မာစကားစစ်စစ် မဟုတ်ဘူး။ပါဠိ “ဥပေါသထ” ဆိုတဲ့ စကားလုံးက လာတာ ။ “ဥပေါသထ” ဆိုတာ ပုဒ်ခွဲလိုက်တော့ “ဥပ” နဲ့ “ဝသထ” ။ “ဥပ” ဆိုတာ – ကျင့်စဉ်တစ်ရပ်နဲ့ ပြည့်စုံပြီး၊ “ဝသထ”- ကျင့်သုံးနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။
ဆိုပါစို့ ။ ရှစ်ပါးသီလ ဆောက်ဆည်ပြီးတော့ နေတယ်ဆိုတာ ကျင့်စဉ်တစ်ခု အဓိဋ္ဌာန်ပြီးတော့နေတာပဲ ။ ဒီဥပုသ်စောင့်တဲ့အတွင်းမှာ ဒီအင်္ဂါရှစ်ပါးထဲမှာပါတဲ့ အချက်အလက်တွေကို ရှောင်ကြဉ်မယ် ။ မလွန်ကျူးအောင်ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတဲ့မွန်မြတ်တဲ့စိတ်ထားနဲ့ဒီလိုစောင့်သုံးတာ။
ကိုယ်ကျင့်သီလနဲ့ ကျင့်သုံးနေထိုင်ခြင်းလို့ ဒီလိုအဓိပ္ပါယ် ရတယ်နော် ။ “ဥပေါသထ” ဆိုတဲ့ စကားလုံးကို မြန်မာမှုပြုလိုက်တော့ “ဥပုသ်” ဆိုတဲ့ စကားလုံး ဖြစ်လာတယ်။ ဥပုသ်ဆိုတဲ့စကားလုံးကို မှန်အောင် ရေးရမယ်ဆိုရင် အက္ခရာ “ဥ” ၊ ပစောက် တစ်ချောင်းငင် “ပု” နဲ့ “သ”ကလေး နောက်က သတ်ပြီးတော့ ရေးရတယ်။
“ဥပုသ်”
“ဥပုသ် စောင့်တယ်” ဆိုတာ ကိုယ်ကျင့်တရားတွေနဲ့ နေတာ ။ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို“ဥပုသ်” လို့ ခေါ်တယ် ။ “စောင့်တယ်” ဆိုတာ အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ ။ မကျိုး မပေါက် မပျောက် မကျားအောင်ထိန်းသိမ်းစောင့်ရှောက်တာ ။ ဒီလို အဓိပ္ပါယ် ရတယ် ။ ဒီတော့ နံနက်အချိန်မှာ ရှစ်ပါးသီလကိုခံယူဆောက်တည်လိုက်ကြတယ် ။ ဆောက်တည်တယ် ဆိုတာ ဒီအတိုင်း လိုက်နာမယ်လို့ စိတ်ကို ဒုန်းဒုန်းချပြီးတော့ သတ်မှတ်တာ ။
ဒီကနေ့ ဒီရက်မှာ ဒီအင်္ဂါရှစ်ပါးအတိုင်း ဒီစည်းကမ်းချက်အတိုင်း ငါလိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို စည်းကမ်းချပြီးတော့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး ချုပ်တည်းပြီးတော့ စောင့်စည်းတဲ့သဘောဖြစ်တယ်။
အဓိကအားဖြင့် ကာယကံနှင့် ဝစီကံ နှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်တဲ့သဘော ။ ဘာဖြစ်လို့ ဒီလို လုပ်ရတုန်းဆိုတော့ ကာယကံမှု၊ ဝစီကံမှု ဆိုတာ သာမန်အားဖြင့် နေလိုက်လို့ရှိရင် လွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်ကြတယ် ။ အဲဒီလွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်တာတွေကို မကျူးလွန်ရအောင်လို့ စည်းကမ်းချပြီးတော့ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ နေတာမျိုး၊ ဒီလိုဆိုလိုတာ ။
ဥပုသ်စောင့်သုံးခြင်းရဲ့ ရည်ရွယ်ချက်ကတော့-
လောဘတွေ လျော့ကျဖို့၊
ဒေါသတွေ လျော့ကျဖို့၊
မောဟတွေ လျော့ကျဖို့။
ဆိုလိုတာက အကုသိုလ်တွေ လျော့နည်းသွားပြီးတော့ ကုသိုလ်ဘက်က တိုးပွားအောင် အကျင့်တရားတစ်ခုကို ဒီနေ့၊ ဒီရက် အချိန်ကန့်သတ်ပြီးတော့ စောင့်သုံးကြတာ ။ အဲဒီလို စောင့်သုံးတဲ့ ဥပုသ်ရဲ့ အကျိုးကလည်းပဲ အင်မတန်မှ ကြီးမားတယ် ။ မှန်မှန်ကန်ကန်စောင့်သုံးလို့ ရှိရင် ရရှိအပ်တဲ့အကျိုးက အင်မတန်မှ ကြီးမားတယ်။
တခြားဘာသာတွေမှာလည်း သူတို့နည်း၊ သူတို့ဟန်နဲ့ ဥပုသ်စောင့်ကြတယ် ။ ဒါ့ကြောင့် ဥပုသ်လို့ ဆိုလိုက်တာနဲ့ အတူတူပဲလို့ ဒီလိုတော့ မအောက်မေ့နဲ့ ။
ဥပုသ်နေ့ဖြစ်လို့ စောင့်တာလား...
နတ်ပြည်လိုချင်လို့ စောင့်တာလား...
နိဗ္ဗာန်လိုချင်လို့ စောင့်တာလား...
ဘာရည်ရွယ်ချက်တွေ ရှိသေးလဲ..
ဥပုသ်သီလရဲ့အကျိုးကျေးဇူးကို
ဆင်ခြင်သုံးသပ်ပြီးတော့မှ
ဥပုသ်စောင့်တာဟာ...
ပိုပြီး အနှစ်သာရ ရှိတယ်ပေါ့။
ဒေါသနှိမ်ရန် ဥပုသ်စောင့်မယ်။
လောဘနှိမ်ရန် ဥပုသ်စောင့်မယ်။
မာနနှိမ်ရန် ဥပုသ်စောင့်မယ်။
အစရှိသည်ဖြင့်ပေါ့။
အကြောင်းပြုပြီး စောင့်တာပဲဖြစ်ဖြစ်
အဆာခံပြီး စောင့်တာပဲဖြစ်ဖြစ်
ပျော်စရာတွေကို စွန့်ခွာပြီး
စောင့်တာပဲဖြစ်ဖြစ်
သူတော်စင်တွေရဲ့
တကယ့် အရည်အချင်းတွေပါပဲ။
ဥပုသ်သီလ စောင့်ထိန်းခြင်းဟာ...
သူတော်စင်တွေရဲ့
အလေ့အထ တစ်ခုဖြစ်သည့်အတွက်ကြောင့်
မြတ်မြတ်နိုးနိုး ထိန်းသိမ်းစောင့်ရှောက်တဲ့
ဥပုသ်သီလဟာ...
သာသနာတော်နဲ့ ကြုံတွေ့ခိုက်
သာသနာတွင်း ဥပုသ်ဖြစ်လို့
သာသနာပမှာ စောင့်တဲ့
ဥပုသ်သီလထက် မြတ်ပါတယ်။
ယုံယုံကြည်ကြည် လေးလေးစားစား
တန်ဖိုးထားပြီး
ကုသိုလ်တရားဖြစ်ပွားအောင်
ကျင့်ကြံကြိုးကုတ်
ကြိုးစားအားထုတ်နိူင်ကြပါစေ။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏
#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်။
#ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ ပြု နိုင်ကြပါစေ။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment