Monday, 20 October 2014

ကျိန်စာ.....



 


ကျွန်မကျွေးတဲ့ ပန်းသီးတစ်ဝက်ကို သူစားရတဲ့နေ့က သူ့နှလုံးသားဗုံသံတွေကို ကျွန်မကြားလိုက်ရတယ်…။ အဲဒီညက ဒီဇင်ဘာရဲ့ နောက်ဆုံးညလေးမှာပေါ့…။ ကျွန်မကောင်းကင်မှာ မီးရှူးမီးပန်းတွေရောင်စုံ ဖွားခနဲပေါက်ကုန်ကြတယ်…။ အဲဒီဆောင်းဟာ ကျွန်မ ဘဝမှာ မမြင်ဖူးတဲ့ နှင်းပွင့်တွေကို ဝေစေခဲ့တဲ့ ရာသီပေါ့…။

သူ့ဆံပင်ကောက်ကွေးကွေးလေးတွေကို ကျွန်မ စိတ်ကူးထဲ လက်ချောင်းနဲ့ခွေကြည့်နေမိခဲ့တယ်…။ သူ့အပါးအမြဲပါတတ်တဲ့ ကင်မရာထဲမှာ ကျွန်မနေရာယူချင်ခဲ့မိတယ်…။ ကျွန်မဘဝထဲကို တိတ်တဆိတ်စီးဆင်းနေခဲ့ဖူးတဲ့ အသံတိတ်ရေတံခွန်လေးဟာ သူပေါ့…။

ကျွန်မကို နှင်းဆီပန်းခင်းကြီးတစ်ခု သူဖန်းဆင်းပေးခဲ့တုန်းက ကျွန်မကိုယ်ကျွန်မ အိပ်မက်ထဲ ရောက်သွားခဲ့သလား အောက်မေ့ရတယ်…။ ကျွန်မဟာ သူ့ကဗျာတွေထဲက နှင်းဆီပွင့်တွေလည်း ဖြစ်တယ်တဲ့…။ သူမဝန်ခံခင်ကတည်းက ကျွန်မရိပ်မိခဲ့တာပါ…။ မတူညီတဲ့ ကောင်းကင်အောက်ကနေ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေမှာ ကျွန်မတို့ အလွမ်းတွေကို ချိပ်တွယ်ပေးခဲ့ဖူးကြတယ်…။

ဒီညမှ ကောင်းကင်က ပိုပြီးကြည်စင်သလိုပဲ…
ဒီညမှ လမင်းဝါဝါဟာ ပိုပြီးထိန်လင်းသလိုပဲ…
ဒီညမှ ကြယ်စင်တွေဟာ ပိုပြီးလင်းလက်သလိုပဲ…လို့ထင်မှတ်မှားစေတာဟာ… စွမ်းအားတရပ်ကြောင့်လို့ပြောရင် ရှင်တို့ယုံမလား…။ ဟုတ်တယ် အဲလိုစွမ်းအားမျိုး ကျွန်မကို သူပေးခဲ့ဖူးတယ်…။

ဝါးပင်တွေအောက်က လရောင်တွေပျောက်တိပျောက်ကျား သူ့လက်တွေပေါ်ဖြာကျနေချိန်မှာ ကျွန်မဟာ သူ့ကင်မရာထဲက ပုံလေးတွေကို စိတ်ဝင်တစားကြည့်နေ ခဲ့မိတယ်…။ သော့တွဲကလေးက ကြောင်ရုပ်ကလေးဟာ ကျွန်မရှေ့မှာ ပေကပ်ကပ်နဲ့ကြည့်နေတယ်…။ သူ့ကို ကျွန်မ ခုမှအပြင်မှာ တကယ်တွေ့ဖူးတော့တာ…။ သူကတကယ်ချစ်ဖို့ကောင်းတာပဲ..။

ကျွန်မသူ့ကို ထောပတ်သီးဖျော်ရည်တိုက်ခဲ့တဲ့ နေ့ခင်းတစ်ခုတုန်းက ကျွန်မရောက်ဖူးချင်ခဲ့တဲ့ သူ့ကင်မရာထဲကို ပထမဆုံးရောက်ခဲ့ရတယ်….။ အဲဒီနွေနေ့ခင်းဟာ ကျွန်မတို့နှစ်ယောက်အတွက်တော့ လေပြေအေးတွေတိုက်ခတ် ကျွန်မရင်ဖုံးအင်္ကျီက ခြူကြယ်သီးလေးတွေ လှုပ်ခတ်သွားခဲ့တဲ့နေ့ပေါ့…။

တခါတလေ ကျွန်မဟာ လူတစ်ယောက်အတွက်သိပ်လှပြီး စွဲလန်းနှစ်သက်မက်မောစရာ မိန်းမတစ်ယောက်ဖြစ်ချင်ဖြစ်ခဲ့မယ်…။ ဒါပေမယ့် လူတစ်ယောက်ဟာ ကျွန်မခံစားချက်တွေကို တစ်သက်တာလုံး ခိုးယူသိမ်းပိုက်သူဖြစ်မလာတာဟာ ကျွန်မအတွက် ကျိန်စာတစ်ခုလား…။

အဲခါမျိုးမှာ ကျွန်မဟာ သူ့အတွက် မထိုက်တန်တော့ဘူးလို့ကိုယ့်ကိုယ်ကိုမြင်လာခဲ့တယ်…။ ကျွန်မကိုယ်ကျွန်မ စုန်းကဝေတစ်ယောက်လို့ မြင်လာခဲ့မိတယ်…။ ကျွန်မကိုခွင့်လွှတ်ပါ…။ အရင်ဘဝတွေတုန်းက ကျွန်မဟာ ချစ်သူတွေကို ခွဲခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးလို့လား…။ ကျွန်မ..ဒီကျိန်စာက လွန်မြောက်ချင်လှပြီ…။ ဒါပေမယ့်လည်း ကျွန်မ နေသားတကျပျော်ပိုက်တတ်ခဲ့ပြီ…။


မိုးငွေ့



2 comments:

Phyu Lwin said...

ကျိန်စာက အမြန်ဆုံးလွတ်မြောက်ပါစေ :)

Aunty Tint said...

အခုဏကမန့်လိုက်တဲ့စာတွေ ပျောက်သွားလို့ ထပ်မန့်ခဲ့တယ်...
ခံစားဖွဲ့နွဲ့ရေးသားတဲ့စာသားလေးတွေ သိတ်လှတယ်။