ဒီနေ့မိုးရွာပုံက ယောက်ျားတစ်ယောက် ရှိုက်ကြီးတငင်ငိုနေပုံနဲ့တူတယ်….။ တစ်ကိုယ်လုံးတုန်ခါပြီး တအင့်အင့်နဲ့ ကျိတ်ကျိတ်ပြီး ဝမ်းပန်းတနည်း ရှိုက်ငင်နေတာမျိုး…။ ဘာဖြစ်လို့လဲဟင်… ဘာဖြစ်လို့ ဒီလောက်ငိုနေရသလဲလို့ ကိုယ်တိုးတိတ်တိတ်ကလေး မေးကြည့်မိတယ်…။ သူဘာမှပြန်မဖြေဘူး…။ ကိုယ့်လိုပဲ သူလဲ တစ်စုံတစ်ယောက်ကို လွမ်းနေလို့များလား…။ သူ့ကိုကြည့်ပြီး ကိုယ်ပါလွမ်းပြီး ငိုမိတယ်…။ ပြီးတော့ ပြူတင်းမှန်ကို လာထိမှန်တဲ့ မိုးစက်သံတွေက တစ်ယောက်ယောက် တံခါးလာခေါက်နေသလိုလို…။
ဒီမိုးတတွင်းလုံးမင်းနဲ့ပတ်သက်တဲ့ အလွမ်းတွေချည်းပြည့်နှက်နေတော့မှာပဲ….။ ကိုယ့်ရဲ့မိုးရာသီအလွမ်းတွေကရော ဘယ်တော့မှဆုံးမလဲ…။ ဟင့်အင်း အိန်ဂျယ်… မင်းကိုယ်နဲ့ လိုက်ပါနေသရွေ့တော့ မိုးကိုချစ်ပြီး မင်းကိုလွမ်းတဲ့ ကိုယ့်ရဲ့ မိုးရာသီအလွမ်းတွေဟာလဲ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး…။
မင်းလည်း မိုးအေးအေးမှာ ကွန်ပြူတာရှေ့ ကော်ဖီလေးတစ်ခွက်နဲ့ ကိုယ့်မိုးရာသီအလွမ်းလေးကိုဖတ်ပြီး ကိုယ့်ကိုသတိတရနဲ့တခါတခါပြုံးမိနေမလားပဲ….။ ကိုယ်ကတော့ ခုတလော မင်းနဲ့နီးနီးစပ်စပ်ရုပ်ချင်းဆင်တဲ့ မင်းသားပါတဲ့ ဇာတ်ကားလေးကိုကြည့်ရင်း မင်းကို လွမ်းနေတတ်သေးတာ…။ အင်းလေ… မိုးရွာလည်းလွမ်း နေပူလည်းလွမ်း သီချင်းနားထောင်လည်းလွမ်း ရုပ်ရှင်ကြည့်လည်းလွမ်းနဲ့….။ ဘယ်တော့မှမဆုံးနိုင်သော မင်းကိုလွမ်းခြင်းတွေ....နောက်ထပ် နောက်ထပ်....။
မိုးငွေ့
3 comments:
မိုးရာသီအလွမ်းတွေ မကြာခင်ရပ်တံ့သွားတော့မှာပါ မိုးငွေ့ရေ .. လွမ်းခွင့်ရှိတုန်းအစွမ်းကုန်လွမ်းနိုင်ပါစေ :)
မိုးလေးညို ပြီဆိုရင်ကို လွမ်းစရာကောင်းနေတော့တာပဲနော်...
ချစ်ခင်လျက်
သဒ္ဓါ
မိုးအေးအေးနဲ့ လွမ်းလို့ကောင်းနေတာလား
မမိုးငွတ်း)း)
Post a Comment