Saturday, 22 February 2014

အိမ္လုပ္ပလာတာ.....

ဒီတပတ်ပိတ်ရက်လေးမှာလုပ်စားနိုင်ဖို့ လွယ်ကူမြန်ဆန်တဲ့ အိမ်လုပ် ပလာတာလေးရဲ့လုပ်နည်းလေးကိုပြောပြပါမယ်...



ဂျုံ နှစ်ခွက်၊ ကြက်ဥတစ်လုံး၊ ဆီ ခွက်တစ်ဝက်၊ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်၊ ရေလိုသလောက်နဲ့ နယ်ပေးပါ..။ မုန့်သားချောမွတ်လာတဲ့အထိနယ်ပေးရပါမယ်...။ (မုန့်ကိုအထပ်များများဖြစ်အောင်ဆီပိုထည့်နယ်လို့ရပါတယ်)

ရလာတဲ့မုန့်သားကို ရေစိုဝတ်နဲ့နာရီဝက်အုပ်ပြီး နှပ်ထားပေးပါ...။

နာရီဝက်ကြာရင် မုန့်သားကိုထပ်နယ်ပေးပြီး ခုနှစ်ပိုင်းပိုင်းထားပါ...။ မုန့်အလုံးလေးတွေကို ဒလိမ့်နဲ့ ပါးနိုင်သမျှပါးအောင်လှိမ့်ပေးပါ...။
 ဆိုင်မှာလို ပါးလွှာနေအောင်ရိုက်မယ့်နေရာမရှိရင် ဒီလိုနည်းလေးနဲ့အိမ်မှာပလာတာလုပ်လို့ရပါတယ် ဂျုံမုန့်ပြားကိုပုံထဲကအတိုင်းလိတ်လိုက်ပါ

လိတ်ပြီးသားဂျုံကိုပြန်ခွေပေးပါ


ကြော်ခါနီးကျ ခွေထားတဲ့မုန့်သားကို ဒလိမ့်နဲ့ ပြားအောင်ပြန်လိမ့်ပြီးကြော်ပါလေ...

သကြားနဲ့ဖြူးစားစား အာလူးဟင်း ပဲဟင်းနဲ့ပဲစားစား ကြိုက်ရာနဲ့စားသုံးနိုင်ပါတယ်

ကျွန်မက သကြားထက်နို့ဆီဆမ်းစားရတာကြိုက်တယ်...
 မြန်မာဆိုတော့ မြန်မာလက်ဖက်ရည်ကြိုက်တာပေါ့ ရွိုင်ရယ်တီးမစ်နဲ့သောက်ပါတယ်...

.....Happy Weekend.....

မိုးငွေ့

Thursday, 20 February 2014

ကျွန်မ၏ကော်ဖီခွက်နှင့် မောင်၏မျက်နှာစာမျက်နှာ.....



 
ကျွန်မအလုပ်သည် ရုံးထိုင်ဖြစ်၍ ကွန်ပြူတာ အင်တာနက်တို့ ဂျီမေးလ် ဖေ့ဘုတ်တို့နှင့်မစိမ်းပါ…။ သို့သော် တောက်လျှောက်ဈေးကွက်ဆင်းသော အလုပ်လုပ်ခဲ့ရသည့်မောင်သည် ယခုအလုပ်မှာ ခရီးမများရတော့ဘဲ တနေရာတည်းမှာ အငြိမ်ထိုင်လုပ်ရသည့် ရုံးထိုင်အလုပ်ဖြစ်၍ မောင်နှင့်ကွန်ပြူတာ အွန်လိုင်းတို့မှာ တပူးတွဲထဲဖြစ်လာတော့သည်…။ ကျွန်မကတော့ အွန်လိုင်းပါးဝနေပြီဖြစ်သူမို့ ဒီနေရာမှာ မောင့်ကိုအစစအရာရာ ဆရာမကြီးလုပ်ခွင့်ရတော့သည်…။ မောင်က ဒါဘယ်လိုဝင်ရလည်း ဘယ်လိုတင်ရလဲ စသဖြင့် ကျွန်မ မှတဆင့် တစ်နေ့ကိုတစ်မျိုးနှစ်မျိုးသင်ယူပါသည်…။ ဉာဏ်ကောင်းသူမို့ မောင်ဟာ ဘယ်လောက်မှမသင်ယူရဘဲ တတ်လွယ်သူဖြစ်သည်…။ ခုဆိုလျှင် မောင်ဟာ မျက်နှာစာမျက်နှာကို တော်တော်လေးပင် သုံးတတ်နေပြီဖြစ်သည်…။

ကျွန်မတို့မိန်းမတွေလို မောင်ကတော့ ဟိုပုံကလေးတွေတင် ဒီစာလေးတွေရေးတော့မလုပ်ဘဲ… သူစိတ်ဝင်စားသော စာမျက်နှာများ သတင်းများကို အင်္ဂလိပ်စာအသုံးအနှုံးများကို လိုက်ခ်လုပ်ထားသည်…။ မနက်မိုးလင်းသည်နှင့် မျက်နှာမသစ်သေးဘဲ ဖုံးတစ်လုံးနှင့် ညက ဘယ်အသင်းက ဘယ်နှစ်ဂိုးသွင်းသွားသည် ဆိုသည့် ဘောလုံးသတင်းကို စတင်ဖတ်ပါတော့သည်…။ အဲဒါ မိုးလင်းတစ်ခါ မိုးချုပ်အိမ်ပြန်ရောက်လျှင်တစ်ခါ ကြည့်လွန်းလို့ ရေချိုးဖို့ကို မချိန်မလင့်အောင်မနည်းတွန်းနေရသည်…။ ကိုယ့်ဘာသာကို သင်ပေးလိုက်မိတာ မှားသွားပြီလားလို့ နောင်တရချင်ချင်ဖြစ်မိသည်..။

ဒီနေ့လည်း မောင်ကရုံးမှာ Supplier နိုင်ငံခြားသားတွေအလည်ရောက်လာပြီး လက်ဆောင်ပေးသွားလို့ဆိုပြီး ဖဘကနေကျွန်မကိုလှမ်းကြွားလေသည်..။ ဘာများရသလဲဆိုတော့ ကော်ဖီခွက်လေးတဲ့…။ ကော်ဖီကြိုက်သည့် ကျွန်မအတွက် ကော်ဖီခွက်လို့အသံကြားလိုက်သည်နှင့် လှုပ်လှုပ်ရွရွဖြစ်သွားသည်…။ ဒါနဲ့ မောင့်ကိုဆက်မေးရသည် ခွက်ကလေးက ဘာအရောင်လဲ ဘယ်လိုပုံမျိုးလေးလည်း အတော်ပဲ အဲဒီခွက်လေးနဲ့ ကော်ကော်သောက်ရမယ်လို့ ကျွန်မက ဝမ်းသာအားရပြန်ပြောလိုက်သောအခါမောင်က..“သောက်ပါ အဲဒါသည်းလေးအတွက်ပဲလေ..” တဲ့…။ ကြည့်စမ်း ဖဘသုံးပြီး မောင်အဲလိုတွေသုံးနှုံးခေါ်ဝေါ်တတ်နေပြီ…။ ကျွန်မက အနီရောင်အသည်းလေးကိုင်ထားသည့် အဖြူရောင်မွှေးပွခွေးရုပ် စတစ်ကာလေးပြန်ပို့လိုက်သည်…။ တီးတိုင်းမ်ဆို မောင်နှင့်ကျွန်မ အဲလိုပဲ ဖဘက စတစ်ကာလေးတွေကို အပြန်လှန်ပို့နေကျ…။ အိမ်ထောင်သက်ငါးနှစ်ကျော် ကလေးလည်းမရှိသည့် ကျွန်မတို့နှစ်ယောက် ဖဘမှာ တစ်ယောက်ကို တစ်ယောက်ကလေးပြန်လုပ်တမ်း ကစားနေကြသည်ဟု ဘေးနားမှာ တစ်စုံတစ်ယောက်သာတွေ့လျှင် ဝေဖန်ပြောဆိုခံရမည်မလွဲပါ..။ တစ်ချိန်ထဲမှာပဲ ဖဘဒီလောက်သုံးတတ်နေသောမောင့်ကို ကျွန်မတဆိတ်တော့ စိတ်မချချင်တော့…။

တဖန် GSM ဖုန်းများကို ကဒ်ဖုန်းများသို့ပြောင်းလေရာ… မောင်က သူ့ဖုန်းလေးကို ရုံးမှသွားဆောင်ရသည်မှာ အလုပ်ရှုပ်ပါသည်ဟု ဆင်ခြေပေးလျက် ကဒ်ဖုန်းသို့ သူ့ဘာသာလေ့လာ ဖုန်းမက်ဆေ့လေးဖြင့် ကဒ်ဖုန်းပြောင်းလိုက်လေသည်…။ အမှန်တော့ တစ်လတစ်လဖုန်းခကုန်သည်ဟု ကျွန်မပွစိပွစိလုပ်သည်ကို မခံချင်စိတ်ဖြင့်ပြောင်းလိုက်ခြင်းလည်းဖြစ်သည်…။ ဖုန်းကိုရုံးမှဆောင်သည်မှာလည်း ကိုယ်တိုင်သွားဆောင်ရသည် မဟုတ်ပါ…။ ကျွန်မနာမည်နှင့် ဖွင့်ထားသော ဘဏ်စာရင်းမှ ဖုန်းအခွန်များကို လစဉ်ဘဏ်မှဝန်ဆောင်မှုဖြင့် ဆောင်ပေးခြင်းဖြစ်သည်..။ ထိုသို့ပြောင်းလိုက်သော အချိန်မှစ၍ မောင့်မှာ တစ်နာရီတစ်ကြိမ် ငွေလက်ကျန်ကို ဖွင့်ဖွင့်ကြည့်ရတာအမော…။ ထို့ပြင် တစ်သောင်းတန်ငွေကဒ်ထည့်ထားပြီး တစ်လနှင့်လောက်အောင်သုံးမည်ဟု ဟစ်ကြွေးကာ မနက်မိုးလင်းလျှင် အရင်လို ဖုန်းဖြင့် အွန်လိုင်းဝင် ဟိုကြည့်ဒီကြည့်သိပ်မလုပ်တော့သည်ကို သတိထားလိုက်မိသည်…။ တွေ့လား မောင်ဟာလေ ကပ်စေးနဲလေး..။

မောင်တို့ရုံးမှ လစဉ်ဖုန်းကဒ်ဖိုးပေးဆောင်ခြင်းမရှိသည်ကို သိနေသဖြင့် နောက်ဆုံးတော့လည်း ကျွန်မပဲမနေနိုင်မထိုင်နိုင် “ကဲပါလေ… မောင်ပုံမှန်အတိုင်းပဲ အွန်လိုင်းမှာ ကြည့်ချင်တာကြည့်ပါ မီ”တစ်လကိုတစ်သောင်းကဒ်တစ်ကဒ်ဖြည့်ပေးပါ့မယ်..”ဟုပြောလေမှ မျက်နှာလေး လင်းပလာတော့သည်။ မောင်က လစာများကို လမ်းစရိတ်နှင့် သုံးစရာနည်းနည်းပါးပါးယူထားသည်မှလွဲပြီး ကျန်ငွေများကို ကျွန်မဆီအကုန်အပ်ထားတတ်သည်…။ တခါတလေ ရုံးမှ ဟိုပွဲဒီပွဲများရှိလျှင် ဝတ်စရာများဝယ်ရန် ရှော့ပင်ထွက်လျှင်လည်း ကျွန်မကသာ မောင့်ဒီဇိုင်နာလုပ်ပေးရသည် ဝယ်ခြမ်းပေးရသည်…။

တအောင့်နေတော့ မောင်က ဖုန်းကဒ်ဖြည့်ပေးမည့် ကျွန်မကိုမျက်နှာလုပ်ကာ လက်ဆောင်ရထားသော လက်ကိုင်ပါသည့်ကြွေမတ်ခွက်အနက်လေးနှင့် ကျွန်မကြိုက်နှစ်သက်တတ်သောအရသာမျိုးဖြစ်သည့် ဆိမ့်ခါးလေးဖျော်ကာ ယူလာပေးသည်…။ ကော်ဖီခွက်လေးလှမ်းယူရင်း မောင့်ပါးကို အသည်းယားစွာ ဆွဲလိမ်လိုက်သည်..။ အသားဖြူတော့ မောင့်ပါးပြင်တွေ ပန်းရောင်သမ်းသွားသည်..။ “ အို… မောင် သိပ်နာသွားပြီလား ဟင်… ဥုံဖွ ဥုံဖွ” ပါးကိုလက်ဖဝါးနှင့်ပွတ်သပ်ကာ ရှုံ့မဲ့သွားသော မောင့်မျက်နှာဟာ ခုတော့လည်း အစ်မတစ်ယောက်ကို မုန့်ဖိုးရလို့ လာဖားနေသော မောင်ငယ်လေးနှင့်သာ တူနေတော့သည်…။

ဘယ်လောက်ချစ်စရာကောင်းသောလူလဲ…။ အငွေ့တထောင်းထောင်းထလျက်ရှိသော မောင်ဖျော်လာပေးသော ကော်ဖီနံ့လေးဟာ နှာဝသို့ ကလူကျီစယ်နေ၍ စိတ်မထိန်းနိုင်တော့ဘဲ ချက်ချင်း မော့သောက်ချင်လာတော့သည်…။ ကျွန်မကိုကြည့်ပြီး မောင်ကတစ်ချက်အသံထွက်ရယ်လျက်… ကျွန်မနားလာထိုင်ပြီး ကော်ဖီခွက်ကို ယူကာ မြန်မြန်အေးအောင် မှုတ်ပေးတော့သည်…။ ကျွန်မရဲ့မောင်က အဲသလိုကြင်နာတတ်သူလေး…။ ယုယတတ်သူလေး….။

“ရော့ ရပြီ…ခပ်နွေးနွေးလေးဖြစ်သွားပြီ ကော်ဖီသရဲမလေး သောက်တော့…” တဲ့..။

ကျွန်မဘေးမှာ ထိုင်နေသည့်မောင့်မျက်နှာလေးကို တဝကြည့်ရင်း ကော်ဖီခွက်လေးကို တကြိုက်ချင်းသောက်နေမိသည်…။

“ဘာကြည့်တာလဲ…လူကိုမမြင်ဖူးတာကျလို့” ..။

“ဘာလို့ကြည့်လဲ သိချင်လား…”

“အင်း…”


“လာခဲ့ ဒီနားကို….”

ကျွန်မနားကိုသူတိုးကပ်လာတော့…သူ့နားနားကို ခပ်တိုးတိုး ရွတ်လိုက်သည်..။

“ချစ်ဖို့ကောင်းလို့..”  မောင်က ဟက်ခနဲရယ်ရင်း ကျွန်မပခုံးကိုသိုင်းဖက်လိုက်ကာ ကျွန်မနဖူးပေါ်ဝဲကျနေသည့် ဆံစကိုငုံ့နမ်းလိုက်လေသည်…။
ကျွန်မတို့နှစ်ယောက်၏ ကော်ဖီခွက်နှင့် မျက်နှာစာမျက်နှာအဆုံးသတ်မှာ ချိုမြိန်သော မောင့်အနမ်းပွင့်များသာ ဖြစ်တော့သည်...။


မိုးငွေ့



Monday, 17 February 2014

အလွမ်းသင့်ပန်းချီ....




ကိုယ့်ကိုမောင်ထားသွားခဲ့တဲ့ တစ်နှစ်ကျော်ကာလဟာ သိပ်ကိုမြန်ဆန်လွန်းပါတယ် မျက်စိတမှိတ် လျှပ်တပြတ်လိုပါပဲ...။

ကိုယ့်စကားအသုံးနှုန်းကို မောင်ဖတ်မိရင်တော့ ခါးသီးတဲ့အပြုံးနဲ့ပြောလေမလားပဲ တကယ်တော့ ကိုယ်က ကျန်ရစ်ခဲ့သူမဟုတ်ဘဲ ထားရစ်ခဲ့သူပါ .....။

“ကိုယ်တို့ ဒီလိုလေးပဲဆက်နေသွားလည်းဖြစ်တာပဲ”လို့ ကိုယ်ပြောတုန်းက မောင့်မျက်ဝန်းတွေဆီက မျက်ရည်တချို့ စိမ့်အိုင်လာခဲ့တာ အံကိုတင်းတင်းကြိတ်ထားခဲ့တဲ့မောင့်မျက်နှာကို ကိုယ်ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...။ပြီးတော့ဘာမှဆက်မပြောတော့ဘဲ ကိုယ့်ကိုကျောခိုင်း လှည့်ထွက် သွားခဲ့တာ... ကိုယ်ဘယ်လိုတားတားမရတော့တာ...။

“ ဇော်...မိုးအရမ်းချုပ်နေပြီ မမ ကားငှားပေးမယ် တက်စီနဲ့ပဲအိမ်ပြန်နော်..”

မောင့်လက်မောင်းကိုကိုင်ထားတဲ့ ကိုယ့်လက်တွေကို မောင်ကခါချပစ်ခဲ့လိုက်တယ်...။

“မလိုပါဘူး မလိုပါဘူးဗျာ...ခင်ဗျားကားငှားပေးမှ ကျွန်တော်အိမ်ပြန်တတ်တာမဟုတ်ဘူး ကျွန်တော့်အိမ်ကို ကျွန်တော်လမ်းလျှောက်ပြန်မယ် ဘာကားမှငှားပေးစရာမလိုဘူး...”

မောင်နေတဲ့မြို့နယ်နဲ့ ကိုယ်တို့မြို့နယ်က ဧရိယာခြင်းဆက်စပ်တယ်ဆိုပေမယ့် လမ်းလျှောက်ပြန်ရတဲ့အထိတော့မနီးပါဘူး...။ တက်စီငှားပြန်ရင်တောင် ထောင့်ငါးရာ နှစ်ထောင်လောက်  ပေးရတဲ့နေရာပါ...။ 

အဲညတုန်းက မောင်ကိစ္စတစ်ခုခုကြောင့်နဲ့ စိတ်ညစ်ပြီး ကိုယ့်ဆီကို ညကိုးနာရီခွဲကျော် အချိန်ကြီးရောက်လာခဲ့တာ......။ အိမ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီးစကားပြော ကြရင်းကဖြစ်သွားတာ..။ မောင် ကိုယ့်ကို အကြိမ်ကြိမ် လက်ထပ်ခွင့်တောင်းထားခဲ့ပေမယ့် အင်းအဲမလုပ်တဲ့ ကိုယ့်ကို မောင်ကသူ့ကို မယုံကြည်လို့ အားကိုးနိုင်လောက်တဲ့ ယောက်ျားတစ်ယောက် မဟုတ်လို့ မမလောက်မတော်လို့လို့ အမျိုးမျိုးစွပ်စွဲခဲ့တယ်။ 

ခုတော့လဲ ကိုယ်တို့တွေ့ဆုံလာခဲ့တဲ့ သုံးနှစ်ကျော်မှာ ကိုယ်တစ်ယောက်တည်း တိတ်တဆိတ်ကလေးခေါ် တတ်တဲ့“မောင်”ဆိုတဲ့ အသုံးအနှုန်းကိုတောင်မှ မောင်က နားနဲ့စပ်စပ်မကြားခဲ့လိုက်ရဘူး...။ မောင့်ကို ကိုယ်ချစ်ပါတယ်....။ ဒါကိုလည်းမောင်အသိဆုံးပါ....။ ဒါပေမယ့်...မောင် ကိုယ်တို့နှစ်ယောက်ဟာ လက်ထပ်လိုက်ရတဲ့အထိ အသက်အရွယ်တွေက သိပ်ကိုကွာခြားလွန်းပါတယ်..။ ကိုယ့်ထက်အသက်ဆယ့်တစ်နှစ်လောက် ငယ်တဲ့ မောင့်ကို မောင့်အသိုင်းအဝိုင်းမှာရော ကိုယ့်အသိုင်းဝိုင်းမှာရော ကိုယ်ဘယ်လိုရင်ဆိုင်ရပါ့မလဲ......။ 

အချစ်မှာအကြောင်းပြချက်မလိုဘူးတဲ့ ကိုယ်ကြားဖူးတယ်မောင်……။ 
ဒါပေမယ့် ကိုယ့်အတွက်မဟုတ်ခဲ့ဘူး…။

“မမက ကျွန်တော့်ကို တကယ်ချစ်တာမှမဟုတ်ဘဲ ပတ်ဝန်းကျင်ကိုပဲဂရုစိုက်တာ ပတ်ဝန်းကျင်ကိုပဲ မမချစ်တာ...”


@@@@@


ကိုယ်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့ နှုတ်ကဖွင့် မပြောခဲ့ဖူးဘူး....။ ဒါပေမယ့် ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တွေရစ်ပတ်နွယ်ငင်နေကြတာဟာ အချစ်တစ်ခုလို့ အလိုလိုသိနားလည်နေကြတာပါ...။

မောင်နဲ့ကမ်းခြေမှာ ဆုံပြီး လအတော်ကြာကိုယ်တို့ရင်းနှီးသွားတဲ့အချိန်မှာ ကိုယ်တို့အွန်လိုင်းမှာ ကိုယ်ပိုင်ဘလော့လေးတစ်ခုဖွင့်ခဲ့ကြတယ်...။ အဲဒီဘလော့လေးဟာ မောင်နဲ့ကိုယ်တို့နှစ်ယောက်တည်းသာ သီးသန့်ဖတ်ခွင့်ရှိတဲ့ နေရာလေးပေါ့..။ တကယ်ဘလော့မှာ စာတိုစာစလေးတွေ ခံစားမှုလေးတွေ အက်ဆေးအပိုင်းစလေးတွေကိုရေးသူက ကိုယ်ပေါ့....။ မောင်ကစာဖတ်သူ သက်သက်...။ မောင်စာလာဝင်ဖတ်ရင်တော့ စီဘောက်လေးထဲမှာ တခုခုရေးသွားတတ်တယ်...။ ခုတော့ ကိုယ်တို့ဘလော့မှာ ဖတ်သူရေးသူကိုယ့်တစ်ယောက်တည်းပေါ့...။ စီဘောက်မှာ နောက်ဆုံး မောင်မှတ်ချက်ရေးခဲ့တဲ့ နေ့စွဲက လွန်ခဲ့တဲ့ ဆယ့်ရှစ်လလောက်ကနေ့စွဲ...။ အဲနောက်ပိုင်း မောင်ရောက်မလာခဲ့ဘူးပေါ့ ဟုတ်လား... ဒါမှမဟုတ် မောင်ဆိုင်းလန့်ရီတာ တစ်ယောက်အနေနဲ့ လာဖတ်ဖြစ်တယ်မဟုတ်လား...။

မောင်နဲ့စဆုံခဲ့တဲ့ကမ်းခြေကို နှစ်တိုင်း အဲဒီအချိန်မှာ ကိုယ်အရောက်သွားဖြစ်ခဲ့တယ်.....။ ခုတစ်ခါက လေးကြိမ်မြှောက်....။ မြူမှုန်ဝိုးတဝါး နေခြည်နုနု သောင်ပြင်ဖွေးဖွေးနဲ့ ရေလိုင်းပြာပြာတို့က သူ့တို့တာဝန်အတိုင်း အလိုက်သင့်လေးစီးမျောနေကြပေမယ့် အပြောင်းလဲကြီး ပြောင်းလဲသွားတာကတော့ ကိုယ်တို့ပေါ့...မောင်...။ မောင်နဲ့ပထမဆုံးဒီနေရာလေးမှာ ဆုံဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီနေရာလေးဆီကို ကိုယ်တစ်ယောက်ထဲ အထီးကျန်စွာ နှစ်စဉ်ရောက်လာခဲ့ပေမယ့် ဒီတစ်ခါရောက်ရှိခြင်းကတော့ ပိုပြီး နာကျင်ခံခက်လွန်းပါတယ်...။ ခါတိုင်းနှစ်တွေမှာ မောင်မပါပေမယ့် မောင့်အလွမ်းတွေနဲ့ ကိုယ်နွေးထွေးခွင့်ရှိသေးတယ်... မောင်အသံတွေကို ဖုန်းကတဆင့်ကြားခွင့်ရှိသေးတယ်...။ ခုနေ ကိုယ်ဖုန်းခေါ်လိုက်ရင် မောင်ဘယ်လိုပြန်ဆက်ဆံမလဲ... ကိုယ့်ကို နာကျည်းစွာပြောဆိုပြီး ဖုန်းချလိုက်မလား..။ ဒါမှမဟုတ် ကိုယ့်ကို သူစိမ်းဆန်ဆန်နဲ့ စကားပြန်ပြောလေမလား...။ ခုမှဘာလို့ဖုန်းဆက်ရလဲလို့ ကိုယ့်ကို စိတ်ကောက်ဖို့မေ့လျော့ပြီး အားမလိုအားမရ မကျေနပ်တဲ့လေသံနဲ့ ပြောမလား......။ 

အို...မောင့်ကို ကိုယ်စိတ်ကူးယဉ်ခွင့်တောင်မရှိတော့ဘူးလား...။

“ကျွန်တော် မမကို ချစ်တာ စိတ်ကူးယဉ်ဖို့သက်သက်မဟုတ်ဘူး... မမနဲ့အတူနေချင်တာ မမကို ဘဝဖော်အဖြစ်လက်ထပ်ချင်တာ..”...။ 

ဟုတ်တယ်မောင်...မောင်ပြောတာမှန်တယ် ကိုယ်ကသာ မောင့်ကို စိတ်ကူးသက်သက်နဲ့ချစ်ခဲ့တာ... တကယ့်လက်တွေ့မှာ ကိုယ်သတ္တိတွေရှိမနေခဲ့ဘူး...။ ဒါဟာ မောင့်အပေါ်ချစ်တဲ့ ကိုယ့်အချစ်တွေ အစစ်အမှန်မဟုတ်ဘူးလို့ မောင်ယုံမှား သံသယဖြစ်စရာပဲလေ...။ ဒါပေမယ့်မောင်ရယ်... ထားလိုက်ပါတော့..။ ကိုယ့်ခံစားမှုကို မောင်ဒီတစ်သက် ဘယ်တော့မှလည်း နားလည်နိုင်မှာ မဟုတ်ပါဘူး..။ မောင်နားလည်ဖို့လည်း ကိုယ်ဘယ်တော့မှ ကြိုးစားဖြစ်မှာ မဟုတ်တော့ဘူး.....။

မောင့်ကို ဖုန်းမဆက်ဖြစ်ပေမယ့် မောင့်ဆီ တစ်နှစ်ကို နှစ်ကြိမ်တော့ ကိုယ်ဖုန်းမက်ဆေ့ ပို့ဖြစ်ပါတယ်...။ မောင့်မွေးနေ့နဲ့ဒီဇင်ဘာ(၁)ရက်နေ့မှာလေ....။ နောက်ထပ်ရောက်လာမယ့် မောင့်မွေးနေ့တွေ ဒီဇင်ဘာ(၁)ရက်နေ့တွေကို ကိုယ်မက်ဆေ့ဆက်ပို့နေလို့ သင့်လျော်ပါဦးမလား…။ ကိုယ်နဲ့အချိန်အကြာကြီးဝေးကွာသွားပြီဖြစ်တဲ့ မောင့်ဘေးမှာ မောင့်ကိုနားလည်ခွင့်လွတ်တဲ့ နူးညံ့သိမ်မွေ့တဲ့
မောင့်ကိုချစ်တဲ့ မိန်းကလေးတစ်ယောက် ရှိမလာဘူးလို့ ဘယ်သူပြောနိုင်လဲ…။ အဲဒီအခါ ကိုယ်ပို့တဲ့မက်ဆေ့ချ်တွေဟာ မောင့်အတွက် မောင်တို့အတွက် အနှောက်ယှက်တစ်ခုဖြစ်သွားမှာ စိုးမိတယ်…။  မောင်နဲ့ပတ်သက်ပြီး ကိုယ်အလွမ်းပြေလုပ်နိုင်မယ့် အလုပ်တစ်ခု ထပ်ပြီးလျော့သွားပါလားလို့ တွေးမိတဲ့အခါ ရင်ထဲဆစ်ခနဲနာကျင်သွားရတယ်….။ ကိုယ့်အတွက် မောင့်ကို အလွမ်းဖြေစရာ ကိုယ့်ခံစားချက်တွေကို ချရေးဖြစ်နေတဲ့နေရာ ဘလော့တစ်ခုပဲ ကျန်ခဲ့တော့တယ်…။ ဒါလေးတစ်ခုတော့ ထာဝရတစ်သက်သာ လက်ဆောင်တစ်ခုအဖြစ် ထားခဲ့ပေးပါမောင်…။

ဒီနှစ်ကစပြီး ကိုယ် ….မောင့်ကို မက်ဆေ့ချ်တွေမပို့တော့ပါဘူး….။ ဒါပေမယ့်မောင်… ကိုယ်..မောင့်အပေါ်ဘယ်လောက်လွမ်းဆွတ်တသနေသလဲလို့ သိချင်တဲ့အခါ ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘလော့လေးဆီကိုလာခဲ့ပါ…..။ ကိုယ်မသိအောင်မောင်တိတ်တဆိတ်လာလည်နိုင်ပါတယ်။ ကိုယ့်ခံစားချက်တွေကို လာကြည့်နိုင်ပါတယ်….။ မျက်ရည်တွေနဲ့သီထားတဲ့ စကားလုံးတွေ အလွမ်းကဗျာတွေ ညွှတ်နူးကျွမ်းမြေ့စရာအက်ဆေးလေးတွေကို မောင်လာဖတ်လှည့်ပါ…..။ သူတို့ဟာ ကိုယ်တို့နှစ်ယောက်ရဲ့ အတိတ်ပန်းချီကားချပ်တစ်ချပ်ပါ….။ 

အထူးသဖြင့် ကိုယ့်အတွက် အလွမ်းဒဏ်တွေသင့်နေတဲ့ ပန်းချီကားလေးတစ်ချပ်ပါမောင်…….။


မိုးငွေ့

Tuesday, 11 February 2014

နွေဦး (၄) .....




တရံတခါဆီက ဖေဖော်ဝါရီလို့ပြန်တမ်းတရတာကလွဲလို့ ကိုယ့်မှာ စကားလုံးခြေရာတွေပဲချန်ထားနိုင်ခဲ့တာပါ...။ ဖေဖော်ဝါရီလရဲ့ လှပတဲ့နေ့တစ်ခုမှာ ဆုံမှတ်တစ်ခု အမှတ်တရရှိခဲ့တယ်....။ စိုင်းစိုင်းသီချင်းထဲကလို ဖေဖော်ဝါရီ ကိုးရက်တော့မဟုတ်ဘူးပေါ့...။

အဲဒီနေ့က သဲသောင်မွမွဖြူဖြူလေးပေါ်မှာ ကိုယ်လမ်းလျှောက်ခဲ့ဖူးတယ်......။
ရေပြာပြာလှိုင်းလုံးဖွေးဖွေးတွေကို ငေးမောကြည့်ခဲ့ဖူးတယ်...။
ကောင်းကင်ပြာပြာအုပ်မိုး နေခြည်နုနုအောက် အညိုရင့်ရောင်ဆံနွယ်တချို့...လေထဲလွင့်ဝဲနေခဲ့ကြလိမ့်မယ်..။
အမြင်အေးအေး အဖြူရောင်လွင့်လွင့်ကလေး ကိုယ့်ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့ဖူးတယ်..။ အဲဒီနေ့ ဖေဖော်ဝါရီဆယ့်နှစ်ရက်နေ့...စနေနေ့....။ သူအတောင်ပံတွေကို ဝှက်ထားခဲ့ပေမယ့် ကိုယ့်ရဲ့ အိန်ဂျယ်ဆိုတာ ကိုယ်အလိုလိုသိနေခဲ့တယ်...။ ကောင်းကင်ကနေ ဆင်းသက်လာခဲ့တဲ့ အိန်ဂျယ်ဆိုတာ ကိုယ်တစ်ယောက်တည်းပဲ သိခဲ့တယ်...။

သူ့မှာ ကြယ်ကလေးတွေလို လင်းလက်တဲ့မျက်ဝန်းတစ်စုံရှိတယ်... ထူထဲရွှန်းစိုတဲ့ နှုတ်ခမ်းတစ်စုံရှိတယ်...။ ချိုမြဝါညက်တဲ့ အသံလည်းရှိတယ်...။ အားအင်ပေးစွမ်းနိုင်တဲ့ နွေးထွေးတဲ့လက်တစ်စုံရှိတယ်...။ ဘယ်သူမှမမြင်နိုင်တဲ့ ကိုယ့်ကိုအမြဲအုပ်မိုးထားပေးတဲ့ အဖြူရောင်အတောင်ပံတွေရှိတယ်...။

တမ်းတရတာပဲရှိတာပါလေ.....။ တကယ်တော့ ကိုယ်ပြောခဲ့တဲ့ အရာတွေအားလုံးဟာ ဒဏ္ဍာရီထဲ ပုံပြင်ထဲက ဇာတ်လမ်းလေးဖြစ်နေပါပြီ.....။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေနဲ့... ဘယ်တော့မှ ပြန်ရောက်မလာတော့မယ့် မင်းကို တမ်းတလွမ်းဆွတ်ရတာဟာ..... ခါးသက်တဲ့ ကော်ဖီတစ်ခွက်ကိုသောက်ရတာနဲ့ ခပ်ဆင်ဆင်တူတယ်...။

ဘယ်တော့မှလဲ မရိုးအီနိုင်စွာ.... နွေဦးလေပြေက မြူခိုးတွေကြားထဲကနေ တိုးဝှေ့ပြီး ကိုယ့်ဆီကို တစ်နှစ်တစ်ကြိမ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာစမြဲပဲ.......။

ကိုယ်မမေ့ပါဘူး...... ကိုယ်ဘယ်တော့မှမမေ့ပါဘူး..........နွေဦးရယ်........။



မိုးငွေ့

Saturday, 8 February 2014

ပန်းရိုင်းလေးရဲ့ကော်ဖီခွက်.....





ကျွန်မတို့ ဒီလွင်ပြင်ကျယ်ကြီးမှာ လာလာထိုင်စကားပြောဖြစ်ကြတာကြာပြီ...။ ခုတလော သူအလုပ်ရှုပ်နေလို့ထင်ရဲ့... စမ်းချောင်းလေးရဲ့ တခါတရံခပ်ကြမ်းကြမ်းစီးဆင်းသံ တခါတရံနူးညံ့ညင်သာစွာ ရေသံလေးကြားရုံလောက်စီးဆင်းနေသံကို ကျွန်မတစ်ယောက်တည်း နားထောင်ခဲ့ရတာပါ...။ ကျွန်မတို့အတူထိုင်ဖြစ်တဲ့ ဒီမြက်ခင်းစိမ်းလွင်ပြင်ကြီးရဲ့ ဟိုးးအောက်ဖက် ခပ်စောက်စောက်မှာ စမ်းချောင်းလေးကစီးဆင်းနေတာ....။ မြက်ခင်းပြင်ပေါ်ထိုင်နေပေမယ့် ကျွန်မရဲ့ခြေထောက်နှစ်ဖက်စလုံး ကကမ်းအောက်မှာတွဲလောင်းချထားတော့...ကြည့်ရတာ အသည်းယားစရာပေါ့...။ စမ်းချောင်းလေးထဲဘာတွေ စီးမျောပါလာမလဲလို့ ကျွန်မကငုံ့ကြည့်မိတိုင်း သူက အသည်းယားစွာကျွန်မလက်ကိုကိုင်ထားမြဲ...။ 


“သတိထားပါ မနှင်းဆီ ...ခင်ဗျားသာပြုတ်ကျသွားရင် ကျွန်တော်ရင်ကျိုးရချည်ရဲ့”တဲ့...။ 


သူကဘာကြောင့် ကျွန်မပြုတ်ကျတာနဲ့ ရင်ကျိုးရတာလဲ...။ ကျွန်မဆိုတာ... သူ့အတွက် ပန်းတစ်ပွင့်မျှသာပဲလေ...။ ပန်းဆိုတာ အချိန်တန်ရင် ကြွေလွင့်ရမှာပဲ ညှိုးနွမ်းရမှာပဲမဟုတ်လား....။


“ကျွန်တော်က ကျွန်တော်သိပ်မြတ်နိုးတဲ့ နှင်းဆီတစ်ပွင့်ကို ဆူးစူးခံပြီး ဆုတ်ကိုင်ထားတာဗျ”တဲ့...။


သူမို့လက်အနာခံပြီး နှင်းဆီစူးခံကိုင်ထားတယ်လို့ ကျွန်မ မစာမနာတွေးပစ်လိုက်တယ်...။ ဒါက ကျွန်မဝသီပဲလေ...ကျွန်မကို မချစ်တတ်တဲ့ မိန်းမလို့ သမုတ်ချင်လဲဖြစ်တယ်...။

တခါတလေ သူဆုတ်ကိုင်ထားလို့ ပန်းကလေးမွှန်းကျပ်နေမှာပဲလို့ သူတွေးတတ်တန်ကောင်းပါရဲ့...။

ဆောင်းကုန်ခါနီး မြူခိုးခပ်ပါးပါးနဲ့ နေခြည်နုနုထိတွေ့ချိန်လေးမှာ ဒီနေရာဟာ သိပ်သာယာတာပဲ...။ သူသာ ကျွန်မဘေးမှာ ရှိနေရင် သိပ်သဘောကျမှာပဲလို့ မသိမသာ သူ့ကို သတိရမိသွားခဲ့တယ်...။ ဘာငှက်မှန်းမသိတဲ့ အဝါရောင်ငှက်ကလေးတွေလေးငါးကောင်လောက် ဟိုပျံဒီဝဲနဲ့ စိန်လိုက်တန်းကစားနေကြတယ်...။ 

စမ်းချောင်းစီးသံလေး ညင်သာလွန်းလို့ ကျွန်မတစ်ချက်ငုံ့ကြည့်လိုက်တယ်...။

အို...လှလိုက်တာ...။ စမ်းချောင်းထဲကို အဖြူရောင်ပန်းပွင့်လေးတွေ အများကြီးမျောလာကြတယ် ဘယ်သူကများကျဲလိုက်တာပါလိမ့်လို့ ကျွန်မစမ်းချောင်းစီးလာရာ လမ်းကြောင်းကို မျှော်ကြည့် လိုက်မိတယ်...။ အစိမ်းရင့်ရောင်အပင်ကြီးတွေ အုပ်ဆိုင်းထားလို့ ဘာမှမမြင်ရပါဘူး...။ ချောက်ကမ်းပါးအောက်ထိ ဆင်းပြီး ပန်းလေးတွေသွားဆယ်ရင်ကောင်းမလား...။ သူရှိရင်တော့ ကျွန်မကိုသွားခိုင်းမှာမဟုတ်ဘူး...။ ကံကောင်းရင် သူစိတ်ကောင်းဝင်ခဲ့ရင် သူကိုယ်တိုင် ပန်းကလေးတွေကို သွားဆယ်ပေးလိမ့်မယ်ထင်တယ်...။ နေပါဦး ကျွန်မက ဒီပန်းကလေးတွေကိုဆယ်ပြီး ဘာလုပ်မှာလဲ...။ ဘာလုပ်ရမယ်ဆိုတာမသိပေမယ့်.. ပန်းကလေးတွေ ဘယ်အထိစီးမျောပြီး ဘယ်လို ခရီးကြမ်းတွေနှင်နေမလဲဆိုတာ ကျွန်မစိုးရိမ်နေသလိုပဲ...။ ဒါဖြင့် ဆယ်ပြီး ကျွန်မလက်ထဲ တစ်ရက်ထဲနဲ့ပန်းကလေးတွေ ညိုးနွမ်းသွေ့ကုန်မှာပဲလေ....။ ဒီတိုင်းလေး သူ့အတိုင်းရေစီးအတိုင်းမျောပါပါစေလေ...လို့ ကျွန်မတစ်ယောက်တည်း သက်ပြင်းလေးချပြီး နေလိုက်တယ်...။






အဲချိန်မှာ ကျွန်မနောက်ကျောကနေ ‌ကော်ဖီနံ့လေးမွှေးပျံ့စွာရလိုက်တယ်...။ ကျွန်မလှည့်ကြည့်လိုက်ရမလား...။ ကျွန်မနောက်ကျောမှာ သူရောက်နေတာကို ကျွန်မမသိချင်ယောင်ဆောင်နေလိုက်ဦးမယ်...။ ကျွန်မနားကနေ ရက်တော်တော်ကြာပျောက်သွားလို့ ဒဏ်ခတ်တဲ့အနေနဲ့ပေါ့...။ 

ကျွန်မက မသိသလို လေတချက်ချွန်ပြီးနေလိုက်သေးတယ်...။ နောက်တော့ ကျွန်မရှေ့ကို ကော်ဖီခွက်လေးရောက်လာတယ်...။ အဖြူခံကြွေခွက်လုံးလုံးပေါ်မှာ နှင်းဆီပန်းခက်တွေနဲ့..။ ကျွန်မကိုသူက မနှင်းဆီလို့ခေါ်တတ်တဲ့အပြင် ကျွန်မနဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွကအစ နှင်းဆီပန်းပါတာလေးတွေကိုသုံးလေ့ရှိတယ်...။

ယောက်ျားတစ်ယောက်ဖြစ်ပါလျက်နဲ့သူက ရိုမန့်စ်တော့သိပ်ဆန်တယ်...။ ကျွန်မနဲ့ပတ်သက်တဲ့အခါမှပါလေ...။

တခြားချိန်မှာဆို သူဟာ ထင်ရာစိုင်းတတ်တဲ့ လူငယ်တစ်ယောက်လည်းဖြစ်ချင်ဖြစ်နေမှာပေါ့...။

အမြင့်ကြောက်တတ်တဲ့ သူက ကျွန်မဘေးမှာထိုင်လိုက်ပေမယ့် ကျွန်မလိုတော့ ကမ်းပါးအောက်ကိုခြေတွဲလဲချမထိုင်ပါဘူး......။ ကော်ဖီလေးတကြိုက်မော့ရင်း ကျွန်မရောသူရော စမ်းချောင်းတဖက်ကမ်းက မြက်ပြင်စိမ်းနဲ့မိုးပြာနုရောင်မိုးသားတို့ထိစပ်ရာ  မိုးကုတ်စက်ဝိုင်းဆီကို တိတ်တဆိတ် ငေးမောကြည့်နေကြတယ်...။ နောက်တော့သူက ကျွန်မကိုရည်ရွယ်ပြီး စပ်ထားခဲ့ဖူးတဲ့ နှင်းဆီကဗျာကိုးပုဒ်ထဲက ကျွန်မအနှစ်သက်ဆုံး တစ်ပုဒ်ဖြစ်တဲ့နံပါတ်(၉)တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုနေတယ်.....။

ကျွန်မဟာ ခုချိန်ထိ သူ့အတွက် အဆူးခက်တွေပြည့်နှက်နေတဲ့ နှင်းဆီပန်းရိုင်းလေးတစ်ပွင့်ဖြစ်နေဆဲလား..။

ဘာပဲဖြစ်ဖြစ်....ကျွန်မသူ့ရင်ထဲက ခံစားမှုတွေကို ကူးယူဖို့မကြိုးစားတော့သလို သူလဲသူ့လက်ထဲက နှင်းဆီပန်းတစ်ပွင့်ကို သူ့ကဗျာစာအုပ်ထဲမှာပဲ တစ်သက်လုံးသိမ်းဆည်းထားလိုက်မယ်ဆိုတာ သူမပြောဘဲ ကျွန်မအလိုလိုသိလိုက်ပါတယ်...။


မိုးငွေ့


Thursday, 6 February 2014

ကျွန်မချက်သော ကြက်ဆီထမင်း.....




ကြက်ဆီထမင်းက ဟိုးး ငယ်ငယ်ကတည်းက အဒေါ့်အိမ်ကိုအလည်လာခဲ့ဖူးတဲ့ ရှမ်းပြည်က အသိတစ်ယောက်ချက်ပြသွားတဲ့ နည်းလေးနဲ့ ပြန်ချက်ကြည့်တာပါ...။ အဒေါ်ချက်တာလဲကြည့်ထားဖူးလို့ အဲချက်နည်းလေးကလွယ်လည်းလွယ် စားလို့လည်းကောင်းတယ်..။ ကြက်ဆီထမင်းဆို ကြက်ကင်တွေ ကြက်ကြော်တွေနဲ့စားတာထက် ကြက်ပေါင်းနဲ့အဖြူတည်လေးစားတာကိုပိုကြိုက်တယ်...။ ကျွန်မက ကြက်ဆီထမင်းချက်တိုင်း cp ကြက်ကိုလုံးဝမသုံးပါဘူး...။ ဗမာကြက်ခပ်၀၀ အဆီများတာကိုရွေးဝယ်တယ်..။

ကြက်ဆီထမင်းချက်ရန်
အဆီများတဲ့ဗမာကြက် တစ်ကောင်
ဆန်(ကြိုက်ရာ)    4 ဗူး
ဂျင်း တစ်တက်
သကြား ထမင်းစားတစ်ဇွန်း
ဆားအနည်းငယ်
ဆီ အနည်းငယ်

တွဲဖက်စားရန်
သခွားသီးအသေး 3လုံး
နံနံပင်
မုန်လာဥနီ          1လုံး (မထည့်လဲရ)
ကြက်/ဘဲဥ         2လုံး (မထည့်လဲရ)
ခရမ်းချဉ်သီး        2လုံး(အလှဆင်ရန်)
ကြက်သွန်ဖြူ       5မွှာ
ငရုတ်သီးစိမ်း       3တောင့်

ပထမဦးစွာဆန်ကိုရေဆေးပြီး သေချာစစ်ထားတယ်...။ သန့်စင်ပြီးသား လေးစိပ်စိပ်ထားတဲ့ ကြက်တစ်ကောင်နဲ့အသဲမြစ်တွေကို ဂျင်းဓါးပြားရိုက်ထည့်ထားတဲ့ ရေဆူအိုးထဲထည့်ပြုတ်ထားမယ်...။ ဖယ်ထုတ်ထားတဲ့ ကြက်အဆီတွေကို အဆီထွက်လာအောင်ကြော်ပေးမယ်...။ ကြက်ဆီရရင် သကြားထည့် ဂျင်းဓါးပြားရိုက်ထည့်ပြီးမွှေးနေအောင်ကြော်မယ်...။ ညိုရောင်သန်းလာပြီဆို ရေစစ်ထားတဲ့ ဆန်ထည့်လှော်ပေးမယ်....။ ဆားနဲနဲ နဲ့ ထည့်မယ်..။ ဆန်ရေခြောက်သွားတာနဲ့ ပေါင်းအိုးထဲကို ဆန်ထည့်လိုက်ပါ..။ စောစောက ပြုတ်ထားတဲ့ကြက်သားတွေရရင် ဆယ်ထားပြီး အဲဒီကကြက်ပြုတ်ရည်နဲ့ ဆန်ကို ခါတိုင်းထမင်းချက်သလိုပဲ ကြက်ပြုတ်ရည်ထည့်ချက်မယ်...။ ကြက်သားပြုတ်တွေကို အရိုးနွင် အသဲမြစ်လှီးထား ကြက်ရိုးတွေအိုးထဲပြန်ထည့်ပြီး မုန်လာဥနီတုံးနဲ့ ကျန်မချိုင်ထည့်ပြုတ် အပေါ့ငံမြည်း သောက်ခါနီး ငရုတ်ကောင်းလေးဖြူးပေးပါ...။ 

အမှန်တကယ်တော့ သူနဲ့တွဲဖက်စားရမယ့်အချဉ်က ပဲငပိချဉ်ပါ..။ ရယ်ဒီမိတ်ပဲငါးပိပုလင်းထဲက ပဲငါးပိကို ကြက်သွန်ဖြူ ငရုတ်သီးစိမ်း နုတ်နုတ်စင်းကိုဆီသတ်ပြီး ပဲငါးပိထည့်ချက်ရတာမျိုးနဲ့ တွဲစားရတာပိုကောင်းပါတယ်...။ အခုက ပဲငါးပိဝယ်ထားတာအဆင်သင့်မရှိလို့ ဘိတ်ချဉ်ကိုပဲအလွယ်တကူလုပ်လိုက်ရပါတယ်...။ ဘိတ်ချဉ်က ကြက်သွန်ဖြူပါးပါးလှီး ငရုတ်သီးစိမ်းကို အစိမ်းလိုက်မထည့်ဘဲ နဲနဲကင်ပြီးမှထည့်ထားပါတယ်...။

ကြက်ဆီထမင်းရခါနီးကျ အထက်အောက်နဲနဲလှန်ပြီးမွှေပေးပါ ပြီးရင် ခဏပြန်နှပ်ပေးပါ...။ ကြက်ဆီအစစ်နဲ့ချက်တာမို့ မွှေးပျံ့ပြီး ဆန်ကောင်းကောင်းနဲ့ချက်ပါ ဒါမှ ဆန်လုံးတွကကော့ပြီး နူးအိနေမှာ..။ ထမင်းရပြီဆို ကြက်သားပြုတ်နဲ့ ကြက်ရိုးကျန်မဆိုင်ဟင်းချို သခွားသီး နံနံပင် ဘိတ်ချဉ်လေးနဲ့တွဲဖက်စားသုံးနိုင်ပါပြီ...။

မိုးငွေ့

Monday, 3 February 2014

Dare to Dream... Dare to Imagine....

 

2014 ရဲ့ ပထမဦးဆုံးတဂ်ပို့စ်ကို ဒီမနက်ဖဘဖွင့်လိုက်တော့ ညီမလေးရွှေဖြူရဲ့ note လေးကို ညီမအေရီရယ်သူက mention ပြန်လုပ်ထားတာတွေ့လို့သွားဖတ်လိုက်တာ... ရွှေဖြူဆိုတော့ ရုတ်တရက်ဘယ်သူမှန်းမသိလိုက်ဘူး...။ နောက်တော့မှ သူ့တိုင်းမ်လိုင်းမှာသွားကြည့်တော့မှပဲ ညီမ sweety snow မှန်းသိရတယ်..တကယ်တမ်းသူ့ဘလော့က My Green Life ပါ..။ ပြီးခဲ့တဲ့ ဘလော့ဂါဒေးတုန်းက ဘလော့ဂါအသစ်ကလေးတွေကိုမိတ်ဆက်တုန်းက ညီမလေး စနိုးပါတယ်...။ ကျေးဇူးပါညီမလေးရေ... တဂ်ပို့စ်လေးရေးခွင့်ရလို့လေ...။

ပထမဦးစွာ ခေါင်းစဉ်ပေးဖြစ်ပုံလေးပြောပြချင်ပါတယ်...။ ညီမစနိုးက 2014မှာ ဖြစ်ချင်တဲ့ အိပ်မက်မို့ Dreams လို့ပေးထားပုံရပါတယ်...။ ကိုယ်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုယ်တို့ရဲ့ ဆရာကြီး လူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာအတန်းတက်ခဲ့တုန်းက နေ့စဉ် ကျောက်သင်ပုန်းပေါ်မှာ ဆရာကြီးရေးထားတဲ့ စာသားတချို့ထဲက ဒီစာသားလေးကို ယနေ့တိုင် မှတ်မှတ်ရရလေးရှိနေတာပဲ..။ လူဆိုတာ အိပ်မက်မက်ရဲရတယ် စိတ်ကူးယဉ်ရဲရတယ်တဲ့...။ ကိုယ်က မိန်ရာသီဖွား အင်မတန် စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်...။ တစ်ခုခုလုပ်ရင် အမြဲ ရိုမန့်ဖြစ်မှကြိုက်တတ်တဲ့သူမျိုးပေါ့...။ အဲစိတ်ကူးတိုင်းကိုသာ အကောင်အထည်ဖော်နိုင်ရင် သဌေးဖြစ်လောက်ပါတယ်...။ 2014မှာတော့ ကိုယ့်စိတ်ကူးတွေ အကောင်ထည်ဖော်နိုင်အောင်ကြိုးစားနေပါတယ်..။

ပညာလိုအိုသည်မရှိဆိုသလို ...ကိုယ်တို့အသက်အရွယ်မှာ ပညာရေးနဲ့မသက်ဆိုင်တော့ဘူးလို့တော့ တထစ်ချမပြောစေချင်ပါဘူး..။ သင်တန်းတခုခု ကျောင်းတခုခုမတက်ဖြစ်တော့ပေမယ့်လည်း အွန်လိုင်းကနေ ကိုယ်လိုချင်နေတဲ့ကိုယ်သိချင်တဲ့ ဘာသာရပ်ကိုတော့ အချိန်ရရင်ရသလို လေ့လာဆည်းပူးနေပါတယ် ဒါဟာ ဘယ်တော့မှလည်း ဆုံးခန်းတိုင်မှာမဟုတ်ပါဘူး...။

မိသားစုအရေးကတော့ ပြည့်စုံနေပြီဆိုပေမယ့်လည်း တနေရာမဟုတ် တနေရာတော့လိုအပ်နေတတ်တာ မဟုတ်လား...။ မောင်နှမလေးယောက်မှာ ကိုယ်က အကြီးဆုံးမို့ အငယ်တွေရဲ့လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနေရဦးမှာပဲလေ...။ အဖေမရှိတော့ပေမယ့်လည်း အသက်ရှင်နေသေးတဲ့ အမေ့ကို ပြုစုရင်း မောင်နှမတွေကို ကြည့်ရှုရင်းနဲ့လည်း မိဘကျေးဇူးကိုဆပ်နေပါတယ်...။

စီးပွားရေးအနေနဲ့ကတော့ 2014 အစ ပြီးခဲ့တဲ့လကတည်းက ညီမတစ်ယောက်နဲ့စပ်တူ အသေးလေးတစ်ခုလုပ်ထားတယ်...။ အကျိုးအမြတ်ရဖို့ အချိန်စောင့်ရဦးမယ်...။ အဲဒီကတိုးပွားလာမှပဲ ကိုယ်တကယ်လုပ်ချင်တဲ့ စီးပွားရေးလေးကို လုပ်မယ်လို့ရည်ရွယ်ထားတယ်...။ ကိုယ်တကယ်လုပ်ချင်တာက စာအုပ်ဆိုင်လေးတွဲလျက်နဲ့ ကော်ဖီဆိုင်လေးဖွင့်ချင်တာ ...။ အဲဒီအိပ်မက်က လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်ကတည်းကပါ...။ ဒါပေမယ့် အကောင်ထည်ဖော်ဖို့ဆိုတာ အရင်းနှီးကြီးကြီးလိုတယ်လေ...။ ကိုယ်က်ာဖီဆိုင်အတွက်စိတ်ကူးထဲက  အိုင်ဒီယာတွေ အပြင်မှာသူများတွေ တော်တော်များများ ကော်ဖီဆိုင်တွေမှာတွေ့နေရပြီ...။ ခုချိန်ထိ ကိုယ်စိတ်ကူးယဉ်ရဲနေဆဲ အိပ်မက်မက်ရဲနေဆဲဆိုပါတော့...။

လူမှုရေးအနေနဲ့ကတော့ ဒီနှစ်ကစပြီး ဘလော့ဂ်ဂါတွေနဲ့ အပြင်မှာသိပ်မတွေ့တော့ဘူးလားလို့ (((ဟမ်)))..။
နောက်တာပါ...။ အဲလိုအပြင်မှာ ပြောပြောနေကြတာကြားလို့ပါ...။ ဘလော့ဂါတွေပြန်ရောက်တိုင်း ပင်တိုင်လာတွေ့တဲ့အထဲမှာ မိုးငွေ့က ထိပ်ဆုံးကဆိုပဲ... နာမည်ကြီးထမင်းငတ်ပါ...။ ဒါကြောင့် ကိုယ်နဲ့ သိပ်မသိကျွမ်းမခင်မင်တဲ့သူတွေကို မတွေ့တော့ဘူးလို့ဆုံးဖြတ်တာပါ...။ တခါတလေ ကိုယ်နဲ့လိုင်းပေါ်မှာလည်းမသိ အပြင်မှာလည်းမမြင်ဖူးပေမယ့် တခြားဘလော့ဂါ အစ်ကိုအစ်မတွေက ဘယ်သူဘယ်ဝှာရောက်နေပါတယ် ဆုံကြမယ်လို့ခေါ်တတ်တယ်လေ...။ အဲလိုလူမျိုးဆို ကိုယ်မတွေ့တော့ဘူး ကိုယ့်ညီအစ်မအရင်းတွေလိုချစ်ခင်တဲ့ သူတွေလောက်ပဲတွေ့ဖို့ စဉ်းစားထားပါတယ်..။ လူရွေးတယ်လို့မဆိုစေချင်ပါဘူး... တကယ်လို့ ကိုယ်တကယ်မအားလို့ မတွေ့ဖြစ်ခဲ့တဲ့ မောင်နှမများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့...။ သြော်.... တော်တော်ကြီးကျယ်တဲ့လူမှုရေးကိစ္စလို့ ဆိုကြဦးမလားပဲ..။ တကယ်တမ်း ကိုယ်က တစ်ယောက်တည်းနေရတာကိုနှစ်သက်တဲ့သူ...။ အသိုင်းအ၀ိုင်းအဖွဲ့အစည်းနဲ့ စိမ်းသူပါ...။

ဘာသာရေးဆိုလို့..... ကိုယ်သသေချာချာ မလုပ်ဖြစ်သေးဘူး...။ ဒါကြောင့် အပတ်စဉ် ကြာသပတေးနေ့တိုင်းဆွမ်းမပြတ်လောင်းနိုင်အောင် ကြိုးစားတယ်...။ ဒါတောင်ပြီးခဲ့တဲ့ပတ်က တရုတ်နှစ်ကူး သွားကူနေလို့ မလောင်းလိုက်ရပါဘူး..။ ရုံးကညီမတွေတော့ သစ်သီးလောင်းလှူလိုက်ပါတယ်ပြောတယ်...။ ကိုယ်မလှူနိုင်ပေမယ့် ကိုယ့်ရဲ့လုပ်လက်စအလုပ်ကလေး မပြတ်အောင် လက်ဆင့်ကမ်းလှူပေးတဲ့အတွက် တကယ်ဝမ်းသာပီတိဖြစ်မိပါတယ်...။ ဘာသာရေးကို လေးလေးနက်နက်လိုက်စားဖို့ စိတ်ကူးရှိတယ် ..။ ကိုယ့်မှာ စိတ်စွမ်းအင်တစ်ခုရှိတယ်...။ ရှေ့ကြိုဖြစ်မယ့်အရာကို အိပ်မက်မက်တတ်တယ် ပြီးရင် အိပ်မက်ထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်နေတာမျိုး...။ အဲဒီစွမ်းအားတက်လာအောင် ဘာသာရေးကိုသေချာလုပ်မှရမယ်...။ တရားထိုင်ရမယ် ကျင့်ရမယ်ပေါ့..။ ကိုယ်က ဒီလောကီထဲက မရုံးထွက်နိုင်သရွေ့တော့ ဝေးဦးမယ်ထင်တယ်...။ ငယ်တုန်းက ကိုယ့်မှာလေးဖက်နာလိုမျိုးအဆစ်မြစ် ကိုက်တာဖြစ်ဖူးတယ်...။ အဲဒါကို ကိုယ်တရားထိုင်ပြီးစိတ်နဲ့ကုခဲ့တာ ပျောက်သွားတယ်...။ ခုမှသာ တနေ့တနေ့ထိုင်လို့ အညောင်းမိပြီး အဲဒီရောဂါပြန်ဖြစ်ချင်နေတာ...။ ခုနေ အဲဒီတုန်းကလိုမျိုး စိတ်စွမ်းအားနဲ့ ကုလို့ပျောက်ပါဦးမလား...။

ဝါသနာတဲ့.....။ ဘာပြောစရာလိုသေးလဲ စာရေးတာလေ...။ ပြီးတော့ ချက်မယ်ပြုတ်မယ် ဒါကိုယ့်ဝါသနာပဲ။ ဒီမှာပဲကိုယ်စာရေးတော့မလား စာအုပ်မထုတ်တော့ဘူးလားလို့မေးမယ်...။ တကယ်ဆို ကိုယ့်အက်ဆေးတွေကို ကိုယ့်ရဲ့ အိန်ဂျယ်ကိုယ်တိုင် စာအုပ်ထုတ်ပါလားလို့ တောင်းဆိုဖူးခဲ့တယ်...။ ကိုယ်ထုတ်ဖြစ်မှာပါ.... တချိန်ချိန်မှာ အိန်ဂျယ့်အတွက် အမှတ်တရဖြစ်ဖို့ပေါ့....။

အချစ်ရေးတဲ့.......။ 
ကိုယ့်အသက်အရွယ်နဲ့ ဒီအကြောင်းအရာက မအပ်စပ်တော့ပါဘူး....။
ပြီးတော့ ရေးစရာလဲမရှိဘူးလေ...။ ဒါပေမယ့် ကိုယ်ကတော့ အချစ်အကြောင်းနုနုလှလှလေးတွေကို အခွင့်သင့်သလိုတော့ ရေးဖြစ်နေဦးမှာပါ...။

ဒီလောက်ပါပဲ တော်တော်တောင်ရှည်သွားပြီ...။ 2014 ရဲ့ပထမဦးဆုံးတဂ်ပို့စ်လေးကို တဂ်ပေးတဲ့ ညီမလေးစနိုးကို ကျေးဇူးအထူးပဲတင်ပါတယ်...း)  လဆန်းပိုင်းအလုပ်တွေများမလာခင် အမြန်ရေးလိုက်ပါတယ်...။

2014မှာ ကျန်တဲ့ ဘလော့မောင်နှမတွေအားလုံးလည်း ကိုယ်ဖြစ်ချင်သောဆန္ဒများ အကောင်ထည်ဖော်လုပ်နိုင်ပါစေလို့...ဆုမွန်တောင်းပေးလိုက်ပါတယ်...။

မိုးငွေ့



Saturday, 1 February 2014

မင်းမရှိတဲ့နောက်.....




ကိုယ်တို့ မနှစ်က ဆောင်းဦးပေါက်မှာနောက်ဆုံးတွေ့ခဲ့ကြတုန်းက “မမ ဆံပင်ကလဲ ဘာပုံကြီးမှန်းလည်း မသိဘူး”လို့ စတပ်အထပ်လေးတွေ ပခုံးကျော်ကျော်ညှပ်ထားတဲ့ကိုယ့်ကို မင်းက မနှစ်သက်တဲ့ဟန်နဲ့ ရှုံ့မဲ့မဲ့လေးပြောခဲ့တယ်…။

အခု ကိုယ့်ဆံပင်တွေ တော်တော်ရှည်နေပြီ အိန်ဂျယ်…။ အဲကတည်းက ကိုယ်လုံးဝမညှပ်ဘဲ အရှည်ထားခဲ့တာ..။ ကိုယ့်ရဲ့ဆံနွယ်ခွေတွေ ကျောလည်ကျော်ကျော်လောက် ရှည်နေကြပြီ…။ 

ခုတော့လည်း……….. 

ကိုယ့်ဆံနွယ်တွေကို လက်ချောင်းနဲ့ခွေပြီး ဆော့ကစားမယ့်သူ မင်းမရှိ…. 

ကိုယ့်နှုတ်ခမ်းထူထူတွေကို အသည်းယားလို့ လက်နဲ့တို့ကြည့် ကစားမယ့်သူ မင်းမရှိ….

ကိုယ့်မျက်တောင်ကော့ကော့တွေကို တမေ့တမော ငေးမောကြည့်မယ့်သူ မင်းမရှိ…..

ကြမ်းနေတတ်တဲ့ ကိုယ့်လက်ချောင်းတွေကို နူးညံ့သွားအောင် လက်လိမ်းခရင်မ်တွေနဲ့ စိတ်လက်ရှည်စွာ လိမ်းကျံဆုတ်နယ်ပေးမယ့်သူ မင်းမရှိ….

လမ်းလျှောက်တိုင်း ကိုယ့်ဘေးနားကနေ ကိုယ့်လက်တွေကို ဆုတ်ကိုင်အတူလျှောက်မယ့်သူ မင်းမရှိ….

ရုပ်ရှင်သွားကြည့်တဲ့အခါ ကိုယ့်ညာဖက်မှာ မှီတွယ်စရာ ပခုံးတစ်စုံမရှိ…..

ကော်ဖီဆိုင်ရောက်တဲ့အခါ ကိုယ့်ရှေ့ခုံမှာ ကော်ဖီတစ်ခွက်နဲ့အတူသောက်မယ့်သူ မင်းမရှိ…..

ကိုယ့်ဘေးမှာ မင်းမရှိတဲ့အခါ လောကကြီးဟာ ဘယ်လိုမှနေပျော်စရာမကောင်းခဲ့ဘူး…..။ ဒါပေမယ့်လည်း ဒီလိုပဲ လျှောက်လှမ်းရတာပါပဲလေ…ဘယ်တတ်နိုင်ပါ့မလဲ…….။ ကိုယ့်ဆီပြန်လာခဲ့ပါလို့ မင်းကို ကိုယ်မတမ်းတတော့ပါဘူး…..။ ကိုယ့်အတွက်နဲ့ မင်းစိတ်ပင်ပန်းစေမယ့် လုပ်ရပ်မျိုး ကိုယ်ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်လို့လေ….။ 

ရပါတယ် ကိုယ်နေတတ်ပါတယ်…….။ အလွမ်းတွေ ကော်ဖီတွေ အက်ဆေးတွေက ကိုယ့်ကို တစ်သက်သာလုံးအဖော်ပြုပေးသွားကြမှာပါ  မင်းမရှိလည်းပဲလေ…….။ 

“မမက ကျွန်တော်ဘေးမှာမရှိလည်းဘဲ ဘဝကိုတစ်ယောက်တည်း ဆက်လျှောက်ဖို့သတ္တိရှိနေတာပဲ… ကျွန်တော်က လူပိုတစ်ယောက်ပါ..”ဆိုတဲ့ မင်းစကားတွေက ကိုယ့်ရင်ဘတ်ကို ထွင်းဖောက်မြင်နိုင်နေပါလျက်နဲ့ ကိုယ့်ကို တမင်သက်သက်ပြောလိုက်မှန်း ကိုယ်သိပါတယ်…။ 

ကိုယ်က ဒဏ်ရာတွေကိုမှ ပွေ့ပိုက်ချင်သူလေ……။ အလွမ်းတွေကို ကော်ဖီလိုသောက်ချင်သူ….။ မျက်ရည်တွေကို စမ်းချောင်းတစ်ခုလို စီးဆင်းစေလိုသူ…..။

မင်းမရှိတဲ့နောက်……. မင်းကိုယ်ပွားလေးအဖြစ် ကိုယ့်စကားလုံးတွေကတော့ ဆက်လက်ရှင်သန်နေဆဲပါ…….။


မိုးငွေ့