Friday, 25 January 2013

စိတ်ဒဏ်ရာ.....






နံရံကပ်ထားသည့် တစ်ယောက်အိပ်ကုတင်တစ်လုံး …။ ကုတင်ခေါင်းရင်းဘေးတွင် ယိုးဒယားဖြစ် ရယ်ဒီမိတ်မှန်တင်ခုံတစ်ခု အဲဒီဘေးမှာမှ သစ်သားခုံပုလေးနဲ့သနပ်ခါးကျောက်ပြင်တစ်ခု တဖက်ခြမ်းကိုကန့်ထားတဲ့ ကျွန်းဗီဒိုတစ်ခု….။ ဒီအခန်းကျဉ်းကလေးက မီ့ရဲ့ ကမ္ဘာငယ်လေးတစ်ခုပါ…။ ဗီဒိုလေးနဲ့တွဲလျက်မှာ မီကြိုက်တဲ့ ပစ္စည်းပစ္စယသေးသေးမွှားမွှားတွေ မင်းသားမင်းသမီးတွေရဲ့ ပိုစတာတွေ ဓါတ်ပုံတွေကို အစီအရီထည့်ထားတယ်…။ သင်ဖြူးဖျာခင်းထားသည့် ကုတင်လေးဟာ မအိပ်ခင်မှာတော့ မီအတွက်စာကြည့်စားပွဲလေးလည်းဖြစ်သေးတယ်..။ မီ ဒီနေရာဒေသကို ရောက်နေတာ အသားကျနေပြီဖြစ်ပေမယ့် ခုချိန်ထိ အထီးကျန်နေသည်လို့ထင်မှတ်နေဆဲ….။ အဖေမရှိတော့ဘူးဆိုတဲ့ အသိက မီ ရဲ့စိတ်အားငယ်မှုဓါတ်ခံကိုပိုလို့တိုးစေခဲ့ပြန်တယ်…။ ကိုယ့်မိဘနဲ့ အထူးသဖြင့် အမေနဲ့ခွဲပြီး သူများအိမ်မှာလာနေရတာ ဘယ်သူမဆို ဝမ်းနည်းအားငယ်စိတ်တော့ ရှိတတ်ကြမှာပါပဲ…။ သူစိမ်းမဟုတ် အဒေါ်အရင်းခေါက်ခေါက်ပေမယ့်လည်း…အားငယ်တာက အားငယ်တာပဲလေ…။


ပိုဆိုးတာက အဒေါ်ကနွေးထွေးမှုရှိသလောက် သူ့သမီးတွေက အဲလိုမဟုတ်…..။ ဒါငါ့အိမ် ဒါငါ့နေရာ ငါဆိုတဲ့အတ္တတွေနဲ့ထိုးနှက်ခံရတော့ မီမပျော်တော့ဘူး….။ မီထက် အသက်အများကြီးငယ်တဲ့ တစ်ဝမ်းကွဲညီမက တခါတလေ မီကို ငါ့အိမ်ပေါ်ကဆင်းသွားဆိုတဲ့အထိပြောဖူးလို့ သူ့အမေ မီအဒေါ်က ကြက်မွှေးတံမြက်စည်းနဲ့ရိုက်ပြီးဆုံးမတတ်သည်…။ ဘယ်လိုပင်ဖြစ်စေ… စိတ်သန္ဓေတည်ပြီးသားသူတစ်ယောက်အနေနဲ့ သူ့ဗီဇစိတ်ကိုတော့ ဖျောက်မရပါဘူး…။ တခါက အဒေါ့်အသိ သားအမိနှစ်ယောက်အိမ်ကိုလာတည်းဖူးပါသည်…။ သူ့သားလေးက ဆယ်နှစ်အရွယ် ငါးတန်းကျောင်းသားလေးပါ…။ မီ့ညီမဝမ်းကွဲက အဲဒီတုန်းကသုံးလေးတန်းအရွယ်လောက်ပေါ့….။ အဲကောင်လေးနဲ့ မီနေတဲ့ထပ်ခိုးမှာဆော့ရင်း မီးပူကိုကိုယ့်အသားကိုတို့ပြီး ကောင်လေးက သူ့ကိုလုပ်ပါတယ်လို့ လီစယ်ပြောဆိုပြီး သူ့အမေကိုတိုင်တောလို့ ကောင်လေးအမေက သူ့သားကို ရိုက်နှက်ဆုံးမလိုက်ရသည်…။ မီ တော်တော်လည်းအံ့အားသင့်သွားခဲ့သည်..။ ဒီလိုလုပ်ကွက်မျိုးကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲကြည့်ခဲ့ဖူးတာကိုးး…။ ကောင်လေးကိုသနားလို့ မီသူ့ဒဏ်ရာကို ဆေးလိမ်းပေးလိုက်သေးသည်….။



ဒီလိုနဲ့ မီနဲ့အတူ ညီမတစ်ဝမ်းကွဲလေးနောက်တစ်ယောက်ကျောင်းလာတက်ပါသည်…။ မီထက် အသက်သုံးနှစ်ငယ်တဲ့ အဲဒီညီမတစ်ဝမ်းကွဲနဲ့က မီငယ်ငယ်ကတည်းကခင်မင်တာမို့ တိုးတိုးဖော်ရသွားခဲ့သည်…။ အဒေါ့်သမီးရန်ကိုကာကွယ်ဖို့ အဖော်ရသွား အားရှိသွားသည်ပေါ့…။ နောက်ကွယ်မှာလဲ စင်ဒရဲလားပုံပြင်ထဲကလို အားဂလီးစစ္စတားလို့ သူ့ကိုခေါ်ကြသည်…။ ထုံးစံအတိုင်းပဲ မီနဲ့ ညီမဝမ်းကွဲကျောင်းအတူတက်ရင်း အိမ်အလုပ်ကူလုပ်ရင်းနဲ့နေလာခဲ့ပါသည်….။ အဲဒီအိမ်မှာ အိမ်အကူ ဟင်းချက် ကလေးထိန်းကအစ မမြဲပါဘူး…။ မမြဲဆို အဒေါ့်သမီးလက်ချက်နဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေကြတာလေ….။ တခါက အိမ်ဖော်အမကြီးတစ်ယောက်ကို အဒေါ့်သမီးက ပါးရိုက်ဖူးသည်။ မီတို့မှာ မခံမရပ်နိုင်လွန်းလို့ အဲဒီအစ်မရွာပြန်တော့ အောက်ထပ်တံခါးဝထိလိုက်ပြီး ဘယ်တော့မှပြန်မလာတော့နဲ့လို့ အသေအချာမှာလိုက်သေးသည်…။ မီတို့မှာ ဗလာစာအုပ်လေးနဲ့ အိမ်ဖော်တွေအရေအတွက်ကို မှတ်လိုက်တာ နှစ်ဘယ်လောက်မှမရှိဘူး စာမျက်နှာကိုပြည့်လို့လေ…။

ကျောင်းလာတက်သည့် မီညီမဝမ်းကွဲလေးက တစ်နေ့တော့ ရည်းစားကိစ္စနဲ့အတိုင်ခံရကာ့ သူ့အမေအကြီးအကျယ်ဆူလို့ ညကိုအိပ်ဆေးတွေအများကြီးပဲသောက်အိပ်လိုက်သည်…။ မီသူ့လိုစိတ်ညစ်အားငယ်ဖူးပါသည် ဒါပေမယ့် ခုလောက်ထိ ကိုယ့်ကိုယ်ကိုသတ်သေဖိုထိ မီသတ္တိမရှိခဲ့ဘူး….။ အိပ်ခါနီးထိ ညီမလေးကပြောသွားသေး “မနက်မိုးလင်းရင် သမီးမရှိတော့ဘူးနော် မမီ”တဲ့….။ မီကလည်း သူ့ကိုအဲလိုမလုပ်ဖို့ဘာလို့မတားခဲ့မိသလဲမသိဘူး….။ တစ်ယောက်အိပ်ကုတင် ကျဉ်းကျဉ်းကလေးမှာ ညီအစ်မနှစ်ယောက်အတူအိပ်ရတာ…။ မနက်လင်းတော့ နံရံဖက်လှည့်ပြီးကျောခိုင်းအိပ်နေတဲ့ ညီမနောက်ကျောကိုလက်နဲ့ကိုင်ကြည့်တော့ အေးစက်နေတာပဲ…။ မီတော်တော်တုန်လှုပ်သွားခဲ့သည်…။ ညီမလေး ညကပြောခဲ့သလို သူတကယ်သေနေပြီလားပေါ့…။ မီထိလိုက်လို့ သူက အီခနဲညည်းရင်းလှည့်လာပါတယ်…။ ဒီတော့မှ သူအသက်ရှိနေသေးတယ်ဆိုပြီး အပူလုံးကျသွားတော့သည်…။ 


အဒေါ့်သမီး နိုင်ငံခြားကိုကျောင်းသွားတက်တဲ့နေ့က မီတို့ညီအစ်မနှစ်ယောက် ဘယ်လောက်ထိပျော်သလဲဆို မိုးပျံပူဖေါင်းတွေအများကြီးဝယ်ပြီး မိုးပေါ်လွှတ်တဲ့အထိပါပဲ……။ ဒါကတော့ မီကြိတ်ခံစားခဲ့ရတဲ့ ငယ်ကစိတ်ဒဏ်ရာတချို့ပေါ့….။ ဆယ်တန်းအောင်ပြီးလို့ သင်တန်းတွေလျှောက်တက်ရတဲ့အချိန်မှာ…သင်တန်းအတူသွားအတူလာ ကားနဲ့ကြိုပို့တဲ့မီထက် အသက်ငါးနှစ်ငယ်တဲ့ သူငယ်ချင်းကောင်လေးနဲ့တွဲမိသွားသည်…။ မီတို့နှစ်ယောက်ကတကယ် သူငယ်ချင်းအဆင့်ပါပဲ…။ မီ ရည်းစားထားဖို့လည်း စိတ်မကူးမိပါဘူး…။ မီသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေရတာကိုပဲကြိုက်သည်…။ ဒါကို တစ်နေ့မီးဖိုချောင်အလုပ်ကူရင်း အဒေါ်ကပြောလာသည်…။ သူစိမ်းယောကျာၤးတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်တာ ကြာရင်မကောင်းကြောင်းကစပြီး… ဗိုက်တွေကြီးလာရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့အထိပြောဆိုလာပါသည်….။ မီ အဲဒီစကားကိုတော်တော်လည်း နာသွားခဲ့သည်…။ မီ ကိုယ့်ရဲ့စိတ်ထားနဲ့ ခင်မင်မှုကိုသိတာမို့ အဲလောက်ထိစွပ်စွဲလာခဲ့တဲ့ အဒေါ့်စကားကို တမြေ့မြေ့တွေးတိုင်း စိတ်မကောင်းဖြစ်ရသည်…။ မီ အကောင်းဖက်ကပြန်တွေးလိုက်ပါသည်…။ အော်…သူ့မလဲ ငါ့ကို သူ့သမီးမဟုတ်ဘဲ တာဝန်ယူကျွေးမွေးထားရတာ ကျောင်းထားပေးရတာလေ…. တစ်ခုခုဖြစ်လာခဲ့ရင် သူ့တာဝန်မကင်းလို့ သူစိတ်ပူပြီးဆူတာပါလို့ ဖြေသိမ့်လိုက်ပါသည်…။ 

ဘယ်လိုပဲဖြစ်ဖြစ် မီ မသိစိတ်ကနေ အမှတ်သည်းထားလိုက်တာကတော့… တချိန်ချိန်ကျ ရည်းစားသနံတောင်မရှိခဲ့တဲ့ မထားခဲ့ရတဲ့ငါ့ကို အိမ်ထောင်ချပေးဖို့လုပ်လာရင် စိန်တွေရွှေတွေပေါများကြွယ်ဝချမ်းသာနေပါစေ ဘယ်လိုလူမျိုးကိုမှ ငါလက်မခံဘူးလို့ ကိုယ့်ကိုယ်ကို ကျိန်စာတိုက်လိုက်ခြင်းပါပဲ….။ တကယ်လည်း မီခုချိန်ထိ ကိုယ့်ကျိန်စာကိုယ်သင့်နေဆဲပါပဲ…..။ ဒါပေမယ့် မီကျေနပ်သည်လေ….။ ခုဆို မီဆိုတဲ့မိန်းကလေးဟာ အချိန်ရှိသရွေ့သိမ်ငယ်နေတဲ့ လောကကြီးကိုအရှုံးပေးနေတတ်တဲ့ ခပ်ညံ့ညံ့မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူးလေ…..။ မီ ကိုယ့်မိသားစုမောင်နှမတွေနဲ့အတူနေနေရပြီ…။ ဒါကလဲ အဒေါ့်ကျေးဇူးတွေ မီတို့မှာ အများကြီးပါ….. ဘယ်တော့မှ ဆပ်မကုန်တဲ့ကျေးဇူးတွေပေါ့…..။ မီ ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရတယ်ဆိုပေမယ့် မိသားစုဝမ်းစာအတွက် မီအလုပ်လုပ်ခဲ့သည်……အချိန်ရရင် မီဝါသနာပါတဲ့ စာပေတွေဖတ်ရှူ ရေးသားရင်း အဖော်ပြုခဲ့သည်…။


မီဘဝမှာ စိတ်ဒဏ်ရာ နှစ်ခါရခဲ့ဖူးသည်…။ အဲဒီဒဏ်ရာရဲ့ အနာရွတ်ကိုမြင်တိုင်း ဘယ်တော့မှ မေ့ဖျောက်ပစ်လို့ရမှာမဟုတ်ပါဘူး…။ အော်…အဒေါ့်သမီးက ကြီးလာတော့ ငယ်တုန်းကလိုမဆိုးတော့ပါဘူး…။ နိုင်ငံရပ်ခြားမှာ သူများအိမ်မှာနေခဲ့ရတော့ ကိုယ်ချင်းစာတတ်သွားသလား လုပ်ခဲ့ဖူးတာတွေကို အကြွေးပြန်ဆပ်နေတာလားတော့မသိဘူး… ခုချိန်မှာတော့ ပရဟိတလုပ်ငန်းတွေကို အားပေးလုပ်ကိုင်တဲ့ သူတစ်ယောက်တောင်ဖြစ်နေပါပြီ….။  ရှိနေပြီးသား စိတ်သန္ဓေဆိုတာ ဖျောက်ဖျက်ပစ်ဖို့ခက်ပါတယ် သွေးထဲကပါလာပြီးသားလေ...။ စိတ်အခြေခံလည်းကောင်းခဲ့မယ်ဆိုရင်တော့ မိမိပြုခဲ့တာကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ အချိန်ဘယ်တော့မှနောက်မကျဘူးဆိုတာကို မီသိလိုက်ရပါပြီ…။

မိုးငွေ့

12 comments:

ညီလင်းသစ် said...

အဒေါ့်သမီး နိုင်ငံခြားကို ကျောင်းသွားတက်တဲ့နေ့မှာ မိုးပျံပူဖောင်းတွေ လွှတ်ပြီး ပျော်ရွှင်မှုကို ဖော်ကျူးခဲ့တဲ့ လုပ်ရပ်ကလေးကို အရမ်း သဘောကျသွားတယ်၊ နမိတ်ပုံတွေ အများကြီး ပါသလို ချစ်စရာလည်း ကောင်းတဲ့ အပြုအမူကလေး...၊း)

စိတ်ဒဏ်ရာတွေ ရခဲ့ပေမယ့် လောကအပေါ် အရွဲ့မတိုက်၊ မနာကျည်းဘဲ ကိုယ့်ကိုယ်ကို တည်ဆောက်ယူခဲ့တဲ့ မီဟာ တချို့တွေအတွက် အတူယူစရာပါ၊ ဒါနဲ့ စကားမစပ် ညီမမိုးရေ.. 'ရည်းစားသနံ' နော်..၊ စာရိုက်တာ မှားသွားတယ် ထင်တယ်..။

Cameron said...

ကျေးဇူးပါအစ်ကို ခုပဲပြင်လိုက်ပါပြီ..း)

မိုးနတ်ကြယ်စင် said...

စိတ်ဒဏ်ရာတဲ့လား မရယ်...
ဖတ်ပြီးတော့ တကယ်ပဲ စိတ်မသက်မသာဖြစ်ရတယ်
မီ့အတွက်ရော မီ့အဒေါ်သမီးအတွက်ပါ
အရှည်ကြီးတွေးနေမိတယ်...ဒါပေမဲ့ အဒေါ့်သမီးက
ကြီးတော့ မဆိုးတော့ဘူးဆိုလို့ ကျေနပ်မိတယ်
ဆိုးလို့လဲ မရတော့ဘူးလေ...ကိုယ့်အိမ်မှာ
အိမ်ကျယ်တွေက ရေခြားမြေခြားမှာတော့ အနှိမ်ခံရ
တတ်တယ်..အဲဒါ ၀ဋ်လည်တာဖြစ်မယ်နော်...:)
ဖတ်ပြီးတွေးစရာလေးတွေ သတိပြုစရာလေးတွေ
သင်ခန်းစာယူစရာလေးတွေ အများကြီးပဲရခဲ့တယ်
ကောင်းသောညပါ မ :)
ချစ်တဲ့...မိုးနတ်

စံပယ်ချို said...

မိဘနဲ့ခွဲနေတဲ့ သားသမီးတိုင်း စိတ်ဒဏ်ရာကတော့
အနည်းနဲ့အများရှိတတ်ကြတယ်နော်
ဂျက်လဲ ခွဲနေရဖူးတဲ့သူပါပဲ အဒေါ်သမီးလိမ္မာသွားတာကတော့
ကိုယ်ချင်းစာတတ်တာလဲဖြစ်နိုင်တယ်
ဘုရားသခင်က သူ့စိတ်ကိုပြောင်းလဲချိန်တန်လို့ပြောင်းလဲ
ပေးလိုက်တာလဲဖြစ်နိုင်တာပါပဲ
ဘာပဲဖြစ်ဖြစ် အဆုံးလေးက ကောင်းသွားခဲ့တာပဲနော်

သဒ္ဓါလှိုင်း said...

လူတစ်ယောက်ဟာ တစ်ချိန်ချိန်မှာ ကိုယ်ပြုမူခဲ့တာတွေကို သိမြင်ပြီး ပြုပြင်တတ်တာက တာဝန်ယူတတ်တဲ့သူအဖြစ် အသိအမှတ်ပြုလို့ ရတာပေါ့ နော် မမိုး။
ချစ်တဲ့
သဒ္ဓါ

San San Htun said...

စိတ်ဒဏ်ရာတွေကတော့ မိဘအိမ်နဲ့  ခွဲခွာရသူတိုင်း ရှိတယ်...အဒေါ့်သမီး အချိုးပြောင်းသွားတာလေးက ကောင်းတယ်...

ညိမ်းနိုင် said...

စိတ်ဒဏ်လေးတွေတော့ ကိုယ်စီရှိကြတာပါပဲ မမီရယ်....
အဲ....မမီးရယ်..... :))))))

Han Kyi said...

ဖတ်နေရင်းနဲ့ အိပ်ဆေးသောက်တဲ့ တစ်ယောက် သေသွားမလား စိုးရိမ်နေမိတယ်...အနှီလိုသာ သေသွားခဲ့ရင် ဘေးကတစ်ယောက်မှာ စိတ်ဒဏ်ရာရဖို့ ကျိန်းသေနေပြီ...အကြောင်းအရာကောင်းကောင်းမှာ မိုးငွေ့ရဲ့ စကားပြေချောချောမွေ့မွေ့နဲ့ဆိုတော့ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ပို့စ်ပါပဲ...

သို့ပေမင့်...
ဖြစ်နိုင်ရင် “ ယောင်္ကျား ” ဆိုတဲ့ သတ်ပုံကြီးတော့ ပြင်စေ့ချင်တယ်...ဘာကြောင့်လဲဆိုတော့ ဦးဟန်ကြည် ရေးခဲ့ဖူးသလို “ ယောင်ဝါးဝါးဖြစ်နေသော ကျား ” ဆိုတဲ့ အနက်ပေါ်နေလို့...“ ယောက်ျား ” ဆိုတဲ့ သတ်ပုံမှန်လေး ပြောင်းရေးမယ်ဆိုရင် ပို့စ်တွေ ပုံမှန်တင်နေတဲ့ ဘလော့ဂါတစ်ယောက်အနေနဲ့ ပိုပြီးပြည့်စုံသွားမယ်လို့ ထင်ပါရဲ့...

ကျေးဇူး...

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖတ်ရင်းနဲ့ စိတ်ထဲမကောင်းဘူး .. ဘာဖြစ်ဖြစ် ကြံ့ကြံ့ခံပြီး ကျောာ်ဖြတ်ခဲ့တဲ့ မီ့ကို သိပ်သဘောကျတယ်.. စိတ်လျော့ စိတ်ပျော့ပြီး လွယ်လွယ် အရှုံးပေးသွားတဲ့ မိးကလေးတွေကို အားမရပါဘူး မိုးငွေ့ရယ်

Cameron said...

ဟုတ်ကဲ့ပါဆရာဟန်...ညီမအဲဒီယောက်ျားဆိုတဲ့စာလုံးပေါင်းကို နောက်ပို့စ်တွေကျရင် သတိထားပြင်ဆင်ပါ့မယ် ကျေးဇူးပါ...။

Yoemyaykya said...

မီ့ရဲ့ သိမ်ငယ်တဲ့ စိတ်လေးကို ဖမ်းဆုပ်ခံစားမိတယ်။

မယ့်ကိုး said...

စာလေးကြိုက်လိုက်တာ မ။ တိုတိုလေးပေမယ့် တော်တော်ကောင်းပါတယ်။