Tuesday, 29 May 2012
ကဗျာမဆန်တဲ့ ကဗျာဆရာ…..
ကျမလက်ဆောင်ပေးတဲ့ ပင်နီအကျီင်္ကိုသူဝတ်ထားပါတယ်…
ဆံပင်တွေက ထိုးထိုးထောင်ထောင်
နှုတ်ခမ်းမွှေးစစကို ရိတ်မထားဘူး
နေဒဏ်လေဒဏ်ကြောင့် အသားအရေက ညိုညစ်ညစ်
လက်ထဲမှာ ပန်းစည်းမပါဘူး
ကိုင်နေကျ ကင်မရာတစ်လုံးပဲပါတယ်
ထုံးစံအတိုင်း ကျမဘုရားရှိခိုးနေတဲ့ပုံလေးကို လှမ်းရိုက်ထားတယ်
ဆီမီးထွန်းပါလား ဓါတ်ပုံရိုက်ချင်လို့ပါတဲ့
အို…ကျမက သူ့မောဒယ်လ်ဖြစ်နေပြီလား
လေတွေအားကြီးတိုက်လို့ ဆီမီးထွန်းရတာမလွယ်ဘူး
သူ့ကင်မရာကို ကျမကိုင်ထားတယ်
သူကိုယ်တိုင်လေတိုက်နေတဲ့ကြားက
ဆီမီးဆယ်ခွက်ထွန်းညှိဖြစ်လိုက်တယ်…
ဒီတော့ ကျမဆီမီးထွန်းတဲ့ပုံ သူမရိုက်လိုက်ရဘူး…း)
ကျမသူ့ကိုထိုင်စောင့်နေကျ ကြာသပတေးဒေါင့်ရှေ့က အုတ်ခုံလေးမှာ ကျမတို့အတူထိုင်ဖြစ်တယ်…
သူ့ကင်မရာထဲကပုံတွေကို ကြည့်တယ်…
ဘုရားလှေကားကနေအတူဆင်းလာခဲ့ကြတယ်…
ကျမက အလာကတည်းက ဖိနပ်စီးမလာဘူး ခြေဗလာနဲ့လို့ပြောတော့
သူမျက်လုံးပြူးပြီးလှည့်ကြည့်တယ်…..
မဟုတ်ပါဘူး ပန်းဆိုင်မှာထားခဲ့တယ်မဟုတ်လားတဲ့…..။
ဘုရားကနေ ကော်ဖီဆိုင်လေးဆီကို လမ်းလျှောက်ကြတယ်
တော်တော်လှမ်းပေမယ့် လမ်းလျှောက်ရင်း စကားပြောကြမယ်လေ…
ကျမလက်ကို သူတွဲမလျှောက်ပါဘူး…(မိုးငွေ့စိတ်ကူးယဉ်ပြီးရေးထားတဲ့စာထဲကလို)
ကော်ဖီဆိုင်လေးမှာ… သစ်ပင်တစ်ပင်နားက နေရာလေးကို ရွေးထိုင်လိုက်ကြတယ်
ကင်မရာလေးထုတ်ပြီး မြေမှာကပ်ပေါက်နေတဲ့ ဂမုန်းရွက်လိုလိုအရွက်ကို ကင်မရာနဲ့ရိုက်နေတယ်….
ကော်ဖီဆိုင်လေးကို အုပ်မိုးထားတဲ့ ကုက္ကိုပင်ကြီးကို ရိုက်တယ်…။
ဟိုအကြောင်းဒီအကြောင်းတွေပြောကြတယ်…..
သူ့မျက်လုံးတွေထဲမှာ ကဗျာဆန်တာဘာမှမတွေ့ရဘူး…
လျှပ်စီးတွေလက်တယ် မိုးတွေထစ်ချုန်းတယ်…လေးပြင်းတွေတိုက်ခတ်တယ်…။
မိုးလေးတစ်ပေါက်နှစ်ပေါက်ရွာချလာတယ်..။
ကျမတို့ အိမ်ပြန်ဖို့ပြင်ကြတယ်…..
အငှားကားလေးကိုတားလိုက်တယ်…
ကားပေါ်မှာ ကျမကို သူလက်ဆောင်လေးနှစ်ခုထုတ်ပေးတယ်
ဂျပန်ကြောင်ရုပ်နဲ့သော့ချိပ်ကလေးရယ် ကြောင်ရုပ်လေးပါတဲ့ မှန်ကလေးရယ်…
တော်တော် ကဗျာမဆန်တဲ့ ကဗျာဆရာ…..
တကယ်ဆို…..
ကျမကို သူ့လက်ရေးလေးနဲ့
စက္ကူစုတ်လေးပေါ်မှာ ကဗျာတစ်ပုဒ်ဖြစ်ဖြစ် ရေးပေးလိုက်ရင် ဘယ်လောက်ကောင်းမလဲ…
ခုတော့………….ဟင့်
ဂွတ်နိုက်……….
နက်ဖြန်လေယာဉ်ကွင်းအစောကြီးဆင်းရမယ်မဟုတ်လား..
ကောင်းသောခရီးဖြစ်ပါစေ…..။
မိုးငွေ့
Monday, 28 May 2012
အီနောနီးမတ်စ်သို့...........
စာတွေမရေးဖြစ်သေးလို့ ပုံလေးတွေကို အပျင်းပြေကြည့်ဖို့ တင်ထားပါတယ်.....။ သများ....လူစိတ်ဝင်စားအောင် လုပ်တာ ဟုတ်ရပါဘူးဟယ်...နော်... အီနောနီးမတ်စ်...း)
မီးတို့ရဲ့ ဟုမ်းဆွိဟုမ်း
မိုင်ခရေးဇီး “ဂျူး”
Her World မဂ္ဂဇင်းစာအုပ်တွေကြိုက်လို့
မီးမီးစုထားတဲ့ အနုပညာမြင်ကွင်း 2005, 2006, 2007 ထုတ်မဂ္ဂဇင်းတွေ
စာအုပ်စင်
အဟတ်.... ရှော့ပင်ထွက်ရန်အဆင်သင့်
ကျမအကြိုက်ဆုံးပါပဲရှင်
  အညိုစင်လေးခြေထောက်လေးက
  လှသနော်
ညောင်းထှာ
ချစ်ခင်ရပါသောမောင်တစ်ယောက်ကပေးသောလက်ဆောင် အလည်ကကြောင်ကလေးကိုကြည့် မိုက်ကန်းကန်းနဲ့ အကြည့်ကး)
အဲ.....ဘာကြီးလဲ
လမ်း
သာမီးရဲ့ရုံးလွယ်အိတ်ကလေးနဲ့ လက်ဖက်ခြောက်ဗူး...
Thursday, 24 May 2012
နှင်းဆီည.....
အဲဒီညက…. သူကိုစောင့်နေရလို့ ကျမစူစူအောင့်အောင့်နဲ့အုတ်ခုံနိမ့်နိမ့်လေးမှာထိုင်နေခဲ့တာ…..။ ဘုရားဖူးလာတဲ့ သူတွေတိုင်းက ကျမရှေ့ကဖြတ်ဖြတ်သွားပြီး ကြည့်သွားကြတယ်…။ ကျမဘာပုံပေါက်နေလို့လဲ ဒီလိုပဲ ကျမဘေးမှာ ထိုင်နေတဲ့သူတွေဖြင့်အများကြီးကို….။ ကျမဆီကို အရိပ်တစ်ခုနီးကပ်လာနေပြီဆိုတာ ကျမမကြည့်ပေမယ့် မြင်ကွင်းရဲ့ ဘယ်ဖက်ဒေါင့်ကနေ တရိပ်ရိပ်နဲ့နီးကပ်လာနေတာကို ခံစားသိရှိနေရတယ်…။
“ကိုယ့်ကိုစောင့်ရတာကြာလို့ စိတ်ကောက်နေတာမဟုတ်လား ဟိုးး အဝေးကတည်းကမြင်နေရတယ် နှုတ်ခမ်းစူနေတာ…”
စောစောက လည်ပင်းမှာ တစ်နေတဲ့ ဒေါသခါးခါးတွေကို မြိုချပစ်ရင်း ကျမအရှေ့ဘယ်ဖက်မှာ မတ်တပ်ရပ်နေတဲ့သူ့ အကျီၤလက်ရှည်အဖျားကို ဆွဲပြီးထလိုက်တယ်….။ သူက ကျမကို ပြုံးစစနဲ့ကြည့်နေတုန်း…..။
မပြည့်သေးတဲ့လက တိမ်တိုက်ကြားကနေအလင်းရောင်ကို ထိုးဖောက်လင်းနေတယ်….။ ကြယ်ကလေးတွေကို ကျမမရှာမိတော့ဘူး….။
ကျမဘုရားရှိခိုးတော့ သူက စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးတယ်……။
အဲဒီညရဲ့ လရောင်ခပ်မှိန်မှိန်က ကျမတို့ ညစာအတူစားတဲ့ စာပွဲလေးဆီကိုတော့ မီးမောင်းလေးတစ်ခုလို သိသိသာသာဖြာကျနေခဲ့တယ်…..။ ဆိုင်ရဲ့ အပြင်ဒေါင့်ဆုံးစားပွဲကလေးဘေးမှာ အလှစိုက်ဝါးပင်လေးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ဝါးရွက်တွေကြားက ဖြာဆင်းကျလာတဲ့ လရောင်က သူ့လက်ပေါ်မှာတည့်တည့်ပဲ…..။
သူနဲ့အတူရှိနေချိန်မှာ ပလက်ဖောင်းပေါ်ကလမ်းသွားလမ်းလာတွေ လမ်းမပေါ်ကကားသံတွေကအစ အသံတွေ တိုးလျ အရုပ်တွေမှိန်ဖျော့သွားကြပြီး… ကျမမြင်ကွင်းအာရုံထဲမှာ သူတစ်ယောက်တည်းသာ ထင်ရှားကြည်လင်စွာပေါ်လွင်နေတယ်….။
ကျမတို့စကားတွေအများကြီးပြောခဲ့ကြတယ်….။ ဒီကမ္ဘာမှာ ချစ်သူနှစ်ဦးဆုံတွေချိန်မှာ အနာဂတ်အကြောင်း မပြောသူတွေ မရှိဘူးလို့ ထင်ပါတယ်….။ ဒါပေမယ့် ကျမတို့ နှစ်ယောက်ကတော့ အနာဂတ်အကြောင်းကို မပြောကြဘူး….။ ဘာကြောင့်လဲဆိုတော့ ကျမတို့နှစ်ယောက်မှာ အနာဂတ်ဆိုတာ မရှိလို့ပဲဖြစ်တယ်…။
မြောက်ပြန်လေအဝှေ့မှာ ဖွာလန်ကျဲသွားတဲ့ သူ့ဆံပင်တွေကို ကျမသပ်ပေးချင်စိတ်ပေါ်လာတယ်..။ ကျမအတွေးကိုပဲသူသိသွားလို့လားမသိ မျက်နှာတခြမ်းအုပ်သွားတဲ့ ကျမဆံနွယ်တွေကိုသာသူ သပ်သင်ပေးလိုက်တယ်….။
ဒီလိုနဲ့ ကျမတို့စကားပြောနေရင်းနဲ့ “လူဖြစ်ရတာ ဒုက္ခတစ်ခုပါ ကျမတော့ လူမဖြစ်ချင်ပါဘူးလို့” ညည်းလိုက်မိတော့ သူက ဒါဖြင့် လူမဖြစ်ချင်ရင် ဘာဖြစ်ချင်လဲ တိရစ္ဆာန်ထဲမှာဆို ဘာဖြစ်ချင်လဲ ဆင်လား ကျားလား ငှက်ကလေးလား တဲ့…။ ကျမက တိရစ္ဆာန်တော့မဖြစ်ချင်ပါဘူး… ပန်းပဲဖြစ်ချင်တာလို့ဖြေတော့…။
ကဲ…ဘာပန်းဖြစ်ချင်တာလဲ တဲ့…။
“နှင်းဆီပန်း”လို့… ကျမဖြေလိုက်တယ်…။
“တကယ်” … သူအံ့သြသွားပုံပါပဲ…။
“တကယ်ပေါ့ နှင်းဆီပန်းလေး တစ်ပွင့်ဖြစ်ချင်တယ်”
လရောင်အောက်မှာ သူ့မျက်ဝန်းတွေတောက်ပလာပြီး တဖြေးဖြေးပြုံးလာတယ်…။
“ ဘာအရောင်နှင်းဆီပန်းဖြစ်ချင်လဲ” လို့ သူကဆက်မေးတယ်….။ ကြည့်စမ်း ကျမဖြစ်ချင်တာကို သူကတကယ်စိတ်ဝင်တစားဖြစ်ပုံများ…။
“ပန်းနုရောင်”…
“တကယ်ပြောနေတာလား” လို့သူကသေချာအောင်ထပ်မေးတယ်…။
ကျမခေါင်းသာ ညိတ်ပြလိုက်မိတယ်….။ ဟုတ်တယ် ကျမနှင်းဆီပန်းတွေထဲမှာ ပန်းနုရောင်နှင်းဆီတွေကို အချစ်ဆုံး..။ သူက ကိုယ်ကိုကိုင်းပြီး ကျမရှေ့နားကို တိုးတိုးကလေး ကပ်ပြောလိုက်တယ်…။
“ဒါဖြင့် မင်း..ဆန္ဒပြည့်အောင် ကိုယ်ကူညီနိုင်ပါလိမ့်မယ်” တဲ့….။
သူနောက်နေတယ်လို့ပဲထင်ရပေမယ့် သူ့မျက်နှာမှာ နောက်ပြောင်လိုတဲ့ အမူအရာမျိုးမတွေ့ရ…။ နွေးထွေးတဲ့ အပြုံးသာတွေ့ရတယ်…။ ပြီးတော့ ပြောသေးတယ် …
“တခြားနှင်းဆီပန်းအရောင်တွေဖြစ်ချင်ရင်တော့ ကိုယ်လဲ မတတ်နိုင်ဘူး ပန်းနုရောင်နှင်းဆီပန်းလေးဖြစ်ဖို့တော့ ကိုယ်တာဝန်ယူပါတယ်” တဲ့…။
“တကယ်ပြောနေတာလား…ဘယ်တော့ဖြစ်ခွင့်ရှိမှာလဲဟင်”
“ဒီညပဲ ဟုတ်တယ် ဒီညမှာပဲ မင်း ပန်းနုရောင်နှင်းဆီဖြစ်ခွင့်ရမယ်”
“မင်းတခြားမှာ ပန်းနုရောင်နှင်းဆီဖြစ်ခွင့်မရဘူး ကိုယ့်အိမ်မှာပဲ ဖြစ်ခွင့်ရှိတယ် ကြားလား..ဒါကြောင့် မင်းကိုယ့်အိမ်ကိုလိုက်ခဲ့ရမယ်” …။
အဲဒါဘာအဓိပါယ်ပါလိမ့်…။ ကျမရင်ထဲ နွေးခနဲတုန်ရီလှုပ်ရှားသွားတယ်…။ သူကမ်းပေးတဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း ခပ်သဲ့သဲ့ပြုံးနေမိတယ်…။
သူ့အခန်းက သိပ်မကျယ်လှပါဘူး….။ ပရိဘောဂပစ္စည်းသိပ်များများစားစားမရှိ…. ။ အိပ်ခန်းဖွဲ့ထားတဲ့နံရံဖြူဖြူတစ်ခုဆီကို သူလျှောက်သွားလိုက်တယ်…။ နောက်တော့ သူက မီးကိုမှိန်ဖျော့ချလိုက်တယ်…….။ ပရိုဂျက်တာစက်ကလေးကနေ အလင်းတန်းက နံရံဖြူဖြူပေါ်ကိုကျသွားတယ်…။
အိုးးး ပန်းနုရောင်နှင်းဆီပန်းခင်းကြီး လှလိုက်တာ……။ ကျမတစ်သက်မှာ ဒီလောက်များတဲ့ ကျယ်ပြန့်တဲ့ ပန်းနုရောင်နှင်းဆီခင်းကြီးကို မမြင်ဖူးခဲ့တာသေချာပါတယ်….။ တကယ်ကိုယ်တိုင် နှင်းဆီဥယျာဉ်ကြီးထဲ ကို ရောက်သွားသလိုခံစားလိုက်ရတယ်…..။
မွှေးပျံ့ထုံသင်းတဲ့ နှင်းဆီရနံ့လေးတွေကိုတောင်ရလာသလိုလို…။
ကြည့်ပါဦး လိပ်ပြာတစ်ကောင်ပျံဝဲလာပြီ……။ အတောင်ပံမှာအဝါဖျော့နဲ့အနက်စပ်ကျားလေး….။
“ပန်းခင်းလေးဆီကိုတော့ ရောက်ပါပြီ မင်းကဘယ်ပန်းပွင့်ကလေးလဲ” သူက ကျမဘေးကနေ အဲလိုမေးလိုက်တော့မှ ဟုတ်ပါရဲ့ ပန်းနုရောင်နှင်းဆီလေးဖြစ်နေတဲ့ ကျမက ဘယ်မှာလဲ… ကျမနှင်းဆီအဖူး အငုံ အပွင့်တွေကြားထဲကိုယ့်ကိုယ်ကိုရှာကြည့်လိုက်တယ်…။
ဟော…တွေ့ပြီ….ဟို…အပွင့်ကြီးကြီးနှင်းဆီရဲ့ အနောက်က ဖူးပွင့်ခါနီးပန်းနုရောင်နှင်းဆီလေး……။
ကျမ သူ့ကိုလက်ညိုးထိုးပြလိုက်တယ်……။ တဆက်တည်းမှာပဲ စောစောက လိပ်ပြာကလေး ဘယ်အပွင့်မှာ နားမလဲလို့ စိတ်ဝင်တစားကြည့်လိုက်တယ်….။ ကြည့်စမ်း သူက လည်တယ် အကြီးဆုံးနဲ့အလှဆုံးနှင်းဆီပန်းပေါ်မှာ နားလိုက်တယ်……။
ကျမသိချင်စိတ်နဲ့….
“အဲဒီလိပ်ပြာလေးက ခုနကရွေးထားတဲ့အပွင့်လေးပေါ်ကိုနားမှာလားဟင်… ဒါရှင်ကိုယ်တိုင်သွားရိုက်ထားတာဆိုတော့ နားမနား ရှင်ကြိုသိနေမှာပေါ့”
“ကိုယ်မမှတ်မိတော့ဘူး..”
“ဟင်…”
ကျမ နည်းနည်း စိတ်ကထိကအောက်ဖြစ်သွားတယ်..။ လိပ်ပြာလေးကိုလဲ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိတယ်…။ လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံဟာ ဒီလောက်ခမ်းနားစွာ ကြည့်ကောင်းနေလိမ့်မယ်လို့ ဟိုတုန်းက ကျမဘာကြောင့် သတိမထားခဲ့မိပါလိမ့်…။ အဲဒီအတောင်ပံတွေရဲ့ ထိတို့လှုပ်ခတ်မှုကို မခံစားရရင် ပန်းတစ်ပွင့်ရဲ့ အလှဟာ ဘယ်လိုများ အဓိပါယ်ရှိနိုင်ပါ့မလဲ…။
“မင်းက လာစေချင်လို့လား”
ကျမ ခေါင်းညိတ်လိုက်တယ်…။ သူရယ်မောလိုက်မယ်လို့ ကျမထင်ခဲ့ပေမယ့် သူ့ရယ်သံကိုမကြားရဘူး..။ သူပြုံးနေလိမ့်မလားမသိ..။
“မင်းလာစေချင်ရင် သူလာမှာပေါ့”
ဖြစ်နိုင်ပါ့မလားကွယ်…။ သူ့မှာ ရွေးစရာပန်းတွေ အလှဆုံးပန်းတွေမှအများကြီး။ ကျမရုတ်တရက်ဝမ်းနည်း အားငယ်မိသွားတယ်…။ သူခံစားမိသွားလေမလား…။ ကျမ စိုးရိမ်စိတ်ကလေးဖြစ်နေချိန်မှာပဲ လိပ်ပြာကလေးက ကျမဆီကိုတကယ်ရောက်လာခဲ့ပါတယ်…။ ကျမပျော်သွားသလား…။ ပျော်တယ်ဆိုတာထက် ရန်ခုန်စွာ မိန်းမောသွားတာပါ…။
သူကိုယ်တိုင်ရိုက်ယူထားတဲ့ပန်းခင်းလေးကို ကြည့်အပြီးမှာ…ကျမကို သူလိမ္မော်ရည်တစ်ခွက်နဲ့ ဧည့်ခံပါတယ်…။ ကျမလက်ကောက်ဝတ်ကနာရီကိုတချက်ကြည့်လိုက်တယ်….။ မိုးချုပ်လှပြီ ကျမအိမ်ပြန်ရတော့မယ်…..။
“ကိုယ်ပြန်ပို့ပေးပါ့မယ်”
သူကျမထိုင်တဲ့ ကြိမ်ခုံဝိုင်းလေးရှေ့မှာ ဒူးထောက်ချလိုက်။ ကျမလက်ထဲက ဖန်ခွက်အလွတ်ကလေးကို ယူပြီး အနောက်ဖက်စားပွဲဝိုင်းပေါ်ကိုလှမ်းတင်လိုက်တယ်...။ သူမျက်နှာနဲ့ ကျမနီးနီးကပ်ကပ်လေးဖြစ်သွားတယ်....။ ကျမမျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်နေတဲ့သူ့အကြည့်ထဲမှ ဆွဲငင်မှုတစ်ခုခုပျော်ဝင်နေတယ်….။
“မင်းမျက်လုံးတွေက သိပ်အင်အားကြီးတာပဲ.. အဲဒီမျက်လုံးတွေ အနည်ထိုင်ပြီး ကြည်လင်နေပြီးသား ရေပြင်တစ်ခုကို ဂယက်ထပြီး နောက်ကျိသွားအောင် မွှေနှောက်ပစ်နိုင်တယ်…၊ ငြိမ်နေတဲ့ သစ်ပင်တစ်ပင်ကို လှုပ်ခတ်သွားအောင် ခါယမ်းပစ်နိုင်တယ်.. အဲဒါမင်းသိရဲ့လားဟင်”
ကျမတစ်ချက်ရယ်ပြီး ကိုယ်ကိုကျုံ့ပစ်လိုက်မိတယ်…။
“ဒါဆို မကြည့်နဲ့တော့ပေါ့”
“မရတော့ဘူးလေ…နောက်ကျသွားပြီ”
သူ့အပြုံးက မသေမသပ် တစ်ခုခုစွန်းထင်နေသလိုလို….။ ကျမ သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အသာတွန်းလိုက်တော့ ကြမ်းပြင်ပေါ်သူထိုင်လျက်လေးဖြစ်သွားတယ်...။ ကျမတံခါးဝဆီကို လျှောက်သွားလိုက်တော့တယ်…။
လက ကျမတို့နှစ်ယောက်စီးလာတဲ့ ကားကလေးနောက်ကနေ မမြင်ရပေမယ့် တရိပ်ရိပ်ထပ်ကျပ်လိုက်ပါလာခဲ့တယ်…..။
ကျမကို သူအိမ်ရှေ့ထိလိုက်ပို့ခဲ့တယ်…။ ဆောင်းညကတိတ်ဆိတ်အေးချမ်းလို့….အိမ်ရှေ့ချုံပင်ကလေးက အဖြူရောင်ပန်းပွင့်တွေ ပင်လုံးကျွတ်ပွင့်နေကြတယ်….။
ဂွတ်နိုက်... ဒီညလေးအတွက် ကျေးဇူးတင်ပါတယ် မောင်....။
မိုးငွေ့
ဝန်ခံချက်။ ။ ဆရာမဂျူးရဲ့ “ချစ်သူရေးသောကျွန်မ၏ည” စာအုပ်ကိုပြန်ဖတ်ပြီး ကျမစိတ်ကူးလေးနဲ့ ရီမစ်လုပ်ပြီးရေးထားပါတယ်....။
Wednesday, 23 May 2012
ပန်းကလေးရဲ့ ဥယျာဉ်မှူး.....
မိုးရာသီစပြီလား……
ညနေတုန်းက မိုးတွေသည်းလို့ လေတွေကြမ်းလို့……. ရှေ့တော်ပြေး ခဲပုတ်ရောင်တိမ်ညိုတွေနဲ့ မိုးချိန်းသံတဂျိန်းဂျိန်းနဲ့ လျှပ်ပန်းလျှပ်နွယ်တွေကလည်း လင်းခနဲလက်ခနဲနဲ့……။
သူ့ကို သတိရစိတ်တွေက နင့်နင့်သည်းသည်း……..။
ခုတလောဘာကြောင့်မှန်းမိသိ တခုခုဖြစ်တာနဲ့ ၀မ်းနည်းစိတ်တွေက ၀င်ဝင်လာပြီး သူ့ကိုအနားမှာရှိစေချင်တဲ့ စိတ်ကတဖွားဖွားပေါ်လာတတ်တယ်…..။
သူရှိနေရင် အနည်းဆုံးကျမကို နှစ်သိမ့်ပေးနိုင်မှာ….။ ပြီးတော့ ကျမတစ်ခုခုဖြစ်ရင်လဲ မကြောက်ဖို့ ကျမခေါင်းကိုက်နေရင်လဲ ဆေးသောက်ဖို့ ဗိုက်အောင့်နေရင်လဲ အစားမှန်မှန်စားဖို့ သတိပေးနေတတ်တာ ဂရုတစိုက်လေးပြောပေးနေတတ်တဲ့သူ့ကို လွမ်းတတ်လာတယ်…..။
တကယ်တော့ …ကျမတို့က တမြေတည်းတမိုးတည်းအောက်မှာ အတူရှိနေသူတွေပါ…….။ ဒါပေမယ့် ဟိုးအရင် မိုင်ရာနဲ့ချီဝေးတုန်းကချိန်တွေလောက် မနီးကြတော့ဘူးလို့ခံစားမိတယ်……။
ဟိုနေ့က သူနဲ့တခါတွေ့သေးတော့ သူပြန်သွားရတော့မယ်လို့သိလိုက်ရတယ်…..။ ကျမ၀မ်းနည်းရမှာလား ၀မ်းသာရမှာလားတောင်မသိတော့ဘူး……။ ကျမတို့နှစ်ယောက်က ဒီလိုပဲ အကြောင်းဖန်လာလို့ဖြစ်မှာပါလို့ သူပြောသေးတယ်….။ သူအဲလိုပြောတော့ ကျမနဲနဲပျော်သွားတယ်…….။ သူပြန်သွားရင် ကျမ သူနဲ့ပိုနီးသွားပြီလို့ခံစားလိုက်ရလို့လေ……။
ပြီးတော့ သူနှလုံးသားနဲ့စိုက်ပျိုးထားခဲ့တဲ့ ပန်းပွင့်လေးတွေကို ကျမမြင်ရတော့မှာလေ…..။ ပန်းလေးတွေ ရနံ့သင်းပျံ့လို့ လှပနေရောပေါ့…..။ သူ့ဥယျာဉ်ခြံလေးဆီကိုတော့ ကျမမရောက်ဖြစ်တာကြာပြီ…….။ ဥယျာဉ်မှူးလေးပြန်အလာကို ပန်းကလေးတွေလည်းမျှော်နေရတာ မောလှရောပေါ့….။
သူနဲ့စကားပြောကြတုန်းက ကျမမှာလိုက်သေးတယ်…. ကျမကိုသတိရရင် ကျမအတွက် ပန်းလှလှလေးတွေခူးပေးနော်လို့ဆိုတော့ သူကပြုံးတယ်…..။ သူ့လက်ထဲက ပန်းစည်းလှလှကလေးကို သူပြန်မသွားခင် ကျမစိတ်ကူးယဉ်ကြည့်နေခဲ့ပြီးပြီ….။
နှလုံးသားနီနီလေးကို ဖန်ပုလင်းထဲထည့်ချိတ်ဆွဲထားတဲ့ ဥယျာဉ်ခြံလေးရဲ့ ဂိတ်ဝလေးဆီကိုတောင်ကျမ ခြေမလှမ်းမိတာ ကြာရောပေါ့….။ ကျမလက်ကိုတွဲချိတ်ပြီး ပန်းလေးတွေကြားမှာ သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ အလှဆုံးပန်းကလေးတစ်ပွင့်နဲ့ ကျမဆံနွယ်မှာပန်ဆင်ပေးခွင့်ရချင်တယ်လို့ ပန်းကလေးတွေကဆင့် ကျမကိုသူပြောခဲ့ဖူးတယ်….။
သူကတော့ ပန်းတွေကြားမှာ အိပ်မက်ကိုအသက်သွင်းနေသူတစ်ယောက်ပေါ့……။ ကျမကတော့ပန်းလေးတွေကိုချစ်တတ်ပြီး သူ့လိုတော့ ပြုစုစိုက်ပျိုးဖို့ထိ ပါရမီမပါဘူး….။ ဘာပဲဖြစ်ဖြစ် သူကတော့ စကားလုံးလှလှလေးတွေနဲ့ သူ့ရင်ခုန်သံကို တိုးတိတ်မှုမရှိစေတဲ့ ကျမကိုသူ့ပန်းလေးတွေနဲ့အတူယှဉ်တွဲလေ့ရှိတယ်…….။
စိတ်ကူးနဲ့တင် ပန်းလေးတွေရဲ့ သင်းရနံ့လေးကိုရနေပြီ…. အေးမြတဲ့ မိုးသက်လေရနံ့နဲ့အတူပေါ့……။
မိုးငွေ့
Monday, 21 May 2012
အိန်ဂျယ်ရဲ့ သီအိုရီ.....
ကိုယ်....။ ။
မင်္ဂလာပါ........သတိရလို့နှုတ်ဆက်လိုက်တာပါ..း)
အိန်ဂျယ်....။ ။ ဟုတ်ကဲ့ မကြီး
ကိုယ်....။ ။း) ကျေးဇူး
အိန်ဂျယ်....။ ။ အလုပ်ရှိလို့နော် နောက်မှ ပြောမယ် မကြီး.....BYE
အိန်ဂျယ်....။ ။ GOD BLESS U
ကိုယ်....။ ။ thks...
ဖဘမှာ တခဏလေးဆုံဖြစ်တုန်းနှုတ်ဆက်ရတာပါ....။ အကြောင်းသိဘော်ဘော်တစ်ယောက်ကမေးတယ် အိန်ဂျယ်နဲ့ဆုံတော့ ပျော်နေတာပေါ့နော်တဲ့..။ အစပိုင်းပျော် အလွမ်းနဲ့ဆုံးပေါ့ကွယ် လို့ဖြေလိုက်တော့ သူကသဘောကျသွားတယ်...။ ဟုတ်တယ်လေ ဒါက အိန်ဂျယ်ရဲ့ သီအိုရီဖြစ်နေပြီ...။ ကိုယ့်ကို အပျော်လေးတွေသယ်ဆောင်လာပေးတယ် ပြီးတော့ အလွမ်းတွေထားခဲ့ပြီး ပြန်ထွက်သွားတယ်...။
အိန်ဂျယ့်စီးရီးတွဲ ဘယ်တော့ပြီးဆုံးမလဲတဲ့...။ အိန်ဂျယ်ကိုယ်နဲ့လိုက်ပါသရွေ့ပေါ့...။ ဟင့်အင်းမဟုတ်သေးဘူး ထင်တယ်...။ အိန်ဂျယ်က ကိုယ်နဲ့လိုက်ပါသူဟုတ်နိုင်ပါ့မလား.... ကိုယ်ကသာ အိန်ဂျယ့်အပါးက လိုက်ပါသူ ဖြစ်မယ်ထင်တယ်...။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့...
အိန်ဂျယ်က ကိုယ်ရေးတဲ့စာစုလေးတွေကို တိတ်တဆိတ်လာဖတ်ပြီး လိုက်ပါစီးမျောသူ..... ကိုယ်ကတော့ ကိုယ့်စိတ်ဝိညာဉ်တွေကို အိန်ဂျယ့်အနားစေပါး လွင့်မျောသူ။
အဆင်ပြေပါစေ အိန်ဂျယ် အစစ အရာရာအတွက်ပေါ့...။
မိုးငွေ့
Saturday, 19 May 2012
ကဗျာဆရာ ခရီးသွားနေသည်.....
ရာသီဥတုက ပူလိုက်အေးလိုက် မိုးတွေရွာချင်ရွာချလိုက်နဲ့...ဒီလိုပဲ လမ်းတွေက ကွေ့လိုက်ကောက်လိုက် ကြမ်းလိုက် ဖြောင့်စင်းလိုက်နဲ့ သူ့ဘ၀နဲ့ ခပ်ဆင်ဆင်တူတယ်လို့တွေးမိသွားတယ်...။
သူပြန်ရောက်ကတည်းက ဦးတည်ရာမဲ့ လေလွင့်နေခဲ့တာ....။ လုပ်ချင်တာလုပ်တယ် သွားချင်တာ သွားပစ်လိုက်တယ်...။ ပင်ပန်းခဲ့သမျှ လူရော စိတ်ပါ လွှတ်ချလိုက်တာ.......။
တောင်စဉ်တောင်တန်းတွေ သစ်ပင်ပန်းမံတွေ ရေမြေတွေကတော့ အရင်အတိုင်း မပြောင်းမလဲတည်နေဆဲ.....။ ဒီလမ်းတွေ ဒီမြေတွေကို သူပြန်နင်းခွင့်ရတာ.....ဒီမိသားစု မောင်နှမတွေနဲ့ သူပြန်ဆုံခွင့်ရတာကိုပဲ ၀မ်းသာမိပါတယ်....။ တဆက်တည်းမှာလဲ မရေရာတဲ့ အတွေးစတွေက အနာဂတ်အတွက် ပြင်ဆင်မှုတွေကို တွန်းထိုး ခိုင်းစေနေပြန်တယ်...။
ဒီကြားထဲ ခပ်နွေးနွေးဖြစ်နေဆဲ နှလုံးသားလေးကလဲ.... အလွမ်းတွေကို အုံဖွဲ့စုစည်းထားသေးတယ်....။ သူ့ကို ပြုစားသွားတဲ့ ကဝေပျိုမကို ပြန်မြင်ယောင်ပြီး ပြုံးမိသွားသေး...။ သူ့ဘယ်ဖက်အိပ်ကပ်ထဲမှာ ကဗျာတွေ ခမ်းခြောက်နေတာကြာပေါ့...။ ကဝေပျိုမကတော့ သူကို ကဗျာလေးတွေပေးပါလို့ အိပ်မက်ထဲ မကြာခဏလာလာပြီး လက်ဖြန့်တောင်းတတ်လွန်းလို့ သူလည်း အားနာလာပြီ....။
အမှန်တော့ သူပြန်ရောက်လာခြင်းက ရှေ့ဆက်ဖို့ ခရီးကို တထောက်ဝင်နားခြင်းသာဖြစ်ကြောင်း သူသဘောပေါက်တယ်..။ မွေးဖွားလာတာနဲ့တပြိုင်နက်လူတွေဟာ ဘ၀ရဲ့နေ၀င်ချိန်ဆီကို ခရီးနှင်နေကြရတာ...။
မကြာခင် လာလမ်းအတိုင်းသူပြန်သွားရတော့မယ်....။ ဒီတစ်ခါတော့ ပင်လယ်ပြာကြီးက သူ့ကိုခေါ်သွားပါရစေတဲ့။ သူခေါင်းညိတ်လိုက်မိတယ်...။ သူ့အတွက် အတွေ့အကြုံသစ်ရတာပေါ့...။ လတ်ဆတ်တဲ့ စိမ်းပြာရောင်ပင်လယ်ပြင်ကြီးကို ဖြတ်တိုက်လာမယ့် လေတွေကိုသူရှူရှိုက်ရဦးမယ်...။
တောအုပ်စိမ်းစိမ်းတွေကိုလဲ သူဖြတ်ကျော်ရဦးမယ်...။ ကြမ်းတမ်းတဲ့ ခရီးကို သူနှင်ရဦးမယ်...။
ဟိုင်းးး....
မြို့ကလေးကို စတွေ့တာနဲ့ လက်ပြနှုတ်ဆက်ရမယ်...။ သူရင်ခုန်နေမိမှာသေချာတယ်.....။ သူ့အိပ်မက်တွေကို အသက်သွင်းပေးမယ့်နေရာလေးတစ်ခုလို့ သူယုံကြည်ပြီး ပြန်လာခဲ့ခြင်းပါ....။ အလုပ်သစ်ကလေးမှာ အဆင်ပြေချောမွေ့ပါစေလို့ သူဆုတောင်းရင်း မြို့ကလေးထဲကို ဘောင်းဘီအိပ်လေးနှိုက်ပြီး လွယ်အိတ်တစ်လုံးနဲ့ ခပ်ကြွားကြွားလေးဝင်သွားလိုက်မယ်....။ ပြီးတော့.....လေလိုင်းကတဆင့် သူ့ရဲ့ ကဝေပျိုမကို ပြန်ဆုံရတော့မှာကို ကြိုတင်တွေးဆရင်း ဘယ်ဖက်ရင်အုံကို ယောင်ရမ်းပြီး လက်နဲ့ ဖိမိမယ်ထင်ပါရဲ့....။
မိုးငွေ့
Friday, 18 May 2012
ကျွန်မ၏မနက်စာ.....
မီးမီးကြိုက်ကြိုက် မနက်စာလေး
ဘိုစာထဲမှာဆို အီတလီစာအကြိုက်ဆုံး
အဟီးး .. ဒါမယ့် သိပ်မချက်တတ်ဘူး...
စပါ့ဂတီချက်နည်းက ထွေထွေထူးထူးပြောပြစရာမလိုတော့ဘူးထင်တယ် အားလုံးသိနေကြပါပြီ... ။ အိမ်ရှင်မဘလော့ဂါတွေလည်း ခနခနတင်တတ်တဲ့ပို့်စ်လေးမဟုတ်လား...။ အရင်တုန်းက ဒီမှာ တစ်ခါတင်ဖူးတယ် အဲဒီတုန်းကချက်တာ အမယ်ဒီလောက်စုံဘူးထင်ပါတယ်...။ ခုက ဗီတီယိုလေးကြည့်ပြီး ထည့်မယ့် အစာပလာတွေ နဲနဲပိုစုံလာတယ်...ဒါတောင် အော်ရီးဂန်းနိုး နဲ့ ပါစလေ ဆိုတဲ့ အီတလီ ဟင်းခတ်တွေ မရခဲ့လို့... ဒီဖက်မြေနီကုန်းစီးတီမတ်မှာက အဲဒါတွေမစုံဘူး...။ ဓမ္မာစေတီလမ်းက မားကတ်ပလေ့စ်ကို မသွားချင်တော့လို့ ပါစတာပေ့စ်ပုလင်းထဲလဲဒီအမွှေးအကြိုင်တွေပါပြီးသားပဲဆိုပြီး နေလိုက်တာ...။ ချိစ်လဲ ပါ့စတာချိစ်ပဲရခဲ့တာ...အမျှင်ခြစ်ထားပြီးသားလေးအထုပ်နဲ့လာတာ...။ တကယ်ဆို စပါ့ဂတီပေါ်ကို ဖြူးစားဖို့က ပါမဆင်ချိစ် အမှုန့်လေးရရင်ပိုကောင်းတာ... ခုတော့ရှိတဲ့ ချိစ်လေးဖြူးပြီး မိုက်ခရိုဝေ့ထဲ စက္ကန့်လေးဆယ်လောက်လှည့်လိုက်တယ်...။
အမဲသားက သိပ်မလတ်လို့ ၀က်သားကြိတ်ပြီးသား 100ဂရမ်ဝယ်ခဲ့တယ်
သုံးထပ်သားအပါးလွှာထားတာကို နှစ်ပြားလှီးထားတယ်...
ခရမ်းချဉ်သီးအနှစ်တစ်ခွက် ကြက်သွန်ဖြူ နီနုတ်နုတ်စင်းတစ်ခွက်
ပါစတာပေ့စ် သံလွင်ဆီနဲ့ ဟင်းချက်ဝိုင်နီ
ကြက်သွန်ဖြူနီကို သံလွင်ဆီလေးပူရင် ထည့်ကြော်...မွှေးလာရင် ၀က်သုံးထပ်သားလှီးထားတာ ထည့်ကြော် နှစ်မိနစ်လောက်မွှေပေးနေ...ပြီးရင် ၀က်သားစင်းထားတာထည့် သုံးမိနစ်လောက်ထပ်မွှေ ခရမ်းချဉ်သီးအနှစ်ထည့် ဆားနဲနဲထည့် ဆက်မွှေပေးနေ....ပြီးတော့မှ ပါစတာပေ့စ်ကို အဲဒီပုလင်းရဲ့ သုံးပုံတစ်ပုံလောက်ခပ်ထည့် ၀ိုင်နီဟင်းခတ်ဇွန်း သုံးဇွန်းစာထည့်လိုက်... အဆက်မပြတ်မွှေ ရေနွေးလေးနဲနဲထည့်ပြီးနှပ်ထား...။ အမှန်တော့ မုန့်ဖုတ်စက်ရှိရင် အဲဒီအိုးလိုက်ကို မပြီး မုန့်ဖုတ်စက်ထဲမှာ bake လုပ်လိုက်ရင် အိုကေပြီ...။ စပါဂတီလေးပွဲစာရပါပြီ....။
ဒီဂါးလစ်ဘရက်ကို ပီဇာကော်နာမှာစားကတည်းက ကြိုက်တာ
စမ်းလုပ်ကြည့်တာ မုန့်ဖုတ်စက်နဲ့မဟုတ်ဘဲ မိုင်ခရိုဝေ့ထဲထည့်တော့ မုန့်တွေက မာကုန်တယ် ဟင့်....
ကြက်သွန်ဖြူကို သံလွင်ဆီနဲ့ ဆီချက်လုပ်ထားတာ မုန့်ပေါ်ဆမ်း ချိစ်လေးဖြူးလိုက်တယ် ချိစ်နဲနဲ နည်းသွားတယ်နော် များရင်အမျှင်လိုက်လေးဖြစ်ပြီး သိပ်ကောင်းတယ်...
မိုးငွေ့
Wednesday, 16 May 2012
တိမ်မျှင်တစ်စ.....
ကော်ဖီဆိုင်လေး၏ အပြင်ဖက်ဝိုင်းမှ မင်းကိုထိုင်စောင့်ရင်း ပြိုးပြိုးပြက်ပြက်လင်းလင်းလက်လက်မီးရောင်များကို ငေးမောကြည့်နေခဲ့မိသည်...။ သည်ဆိုင်ကလေးအတွင်းဖက်မှာ ထွက်ပေါ်လာသော သီချင်းသံငြိမ့်ငြိမ့်ကလေးကို ကိုယ်အလွန်နှစ်သက်မိခြင်းမှာ အင်္ဂလိပ်သီချင်းဟောင်းလေးများဖြစ်သောကြောင့်ပင်ဖြစ်သည်....။
ကားမီးရောင်ခပ်စူးစူးကြောင့် မင်းကားဝင်လာပြီဟု လှည့်မကြည့်မိဘဲ အလိုလိုသိနေသည်.....။
ခဏအကြာမှာ ကားတံခါးဖွင့်သံ ပိတ်သံ ပြီးတော့ မင်းခြေသံ မမြင်ရပေမယ့် မင်းလှုပ်ရှားမှုကို ကိုယ်အလွတ်ရနေတတ်ပြီ.....။ မင်းအနားနီးလာလေ... မင်းကိုယ်က ရေမွှေးနံ့လေး သင်းပျံ့မွှေးကြိုင်လာလေလေ...။
မင်းကိုလှည့်မကြည့်သေးဘဲ ကိုယ်တစ်ချက်ပြုံးလိုက်မိသည်...။
ခဏနေတော့ အဖြူရောင်လေး လင်းခနဲ ကိုယ့်ရှေ့က စားပွဲလွတ်နေရာလေးကို လက်နဲ့တစ်ချက်ပုတ်ပြီး...
“တစ်ယောက်တည်းဘာတွေ ကျိတ်ပြုံးနေလဲ...... ခင်ဗျားနောက်ကျောကနေ ကျွန်တော်မြင်နေရတယ်နော်”
“ဘာမှ မဟုတ်ပါဘူးကွာ.... ပလပ်စ်ဝမ်းအကြောင်းတွေးမိသွားလို့”
ကိုယ်နဲ့မင်းချိန်းတိုင်း အမြဲတစေ တစ်နာရီနောက်ကျမှရောက်လာတတ်လို့ မင်းကို ပလပ်စ်ဝမ်းလို့ကိုယ်နာမည်ပေးထားခဲ့ဖူးသည်။
“ဘာမှပလပ်စ်မဝမ်းပါဘူးဗျာ... ကျွန်တော်အိမ်ကထွက်လာတော့ အတိအကျပဲ လမ်းမှာ ဒီလောက်ကားကြပ်တာ”
“တော်ပါ... ဆင်ခြေတွေကရိုးနေပြီ..... ဒီလောက်ကားကို ဒုံးပျံလိုမောင်းနေတာ ဘယ်လို နောက်ကျမလဲ အတိကျထွက်လာရင်....”
“ဟာဗျာ..ခင်ဗျားကလဲ အသက်ကြီးလာလို့လားမသိဘူး စကားသိပ်များလာတယ်.... ဗိုက်ဆာပြီ တစ်ခုခုမှာပေးဦး”
ကိုယ့်မျက်စောင်းကို မင်းက မသိကျိုးကျွန်ပြုပြီး စီးကရက်တစ်လိပ်ကိုထုတ်ပြီး မီးညှိနေသေးသည်...။
ကိုယ့်ကိုစိတ်လိုလျှင် မမဟုခေါ်တတ်ပြီး ခင်ဗျားနဲ့ ကျွန်တော်နဲ့သုံးနှုန်းပြောဆိုရတာကို မင်းက တော်တော်အာခံတွင်းတွေ့ပုံရသည်...။
တစ်လတစ်ကြိမ် မဟုတ်ရင် နှစ်လသုံးလနေမှတစ်ကြိမ်အပြင်မှာ တွေ့တတ်ပေမယ့် မင်းနဲ့ကိုယ်က အွန်လိုင်းမှာတော့ စကားအမြဲပြောတဲ့ သူငယ်ချင်းတွေ......။
မရိုးမအီနိုင်စွာ ကိုယ်တို့ဆုံတိုင်းမင်းစားတတ်နေကျ ယိုးဒယားကြက်သားကြာဇံသုပ်တစ်ပွဲနဲ့ ကြက်သားသီးစုံထမင်းတစ်ပွဲမှာပေးလိုက်သည်...။
“ဘာသောက်မလဲ ထုံးစံအတိုင်းပဲလား”
စားပွဲထိုးလေးရပ်စောင့်နေတုန်း မင်းက ကိုယ့်အမေးကို သောက်လက်စစီးကရက် နှုတ်ခမ်းမှာတေ့ရင်း ခေါင်းညိတ်ပြသည်...။
“တိုင်းဂါးတစ်လုံးပါပေးနော် မောင်လေး... အိုခေ ရပြီ အဲဒါပဲ”
မင်း စီးကရက်ဖွာနေချိန် ကိုယ် သောက်လက်စ ပဲကြာဇံအသားလုံးဟင်းချိုကို ဆက်သောက်နေလိုက်သည်...။
“မမ နဲနဲကျွေးဦးလေဟာ....ဒီမှာ ဗိုက်ဆာတဲ့သူကို အားမနာ”
ဒုတိယအကြိမ် ကိုယ့်မျက်စောင်း မင်းဆီဒိုင်းခနဲရောက်သွားသည်....။ ဟင်းချိုပန်းကန်ကို မင်းရှေ့တိုးပေးမည်လုပ်တော့...
“ခွံကျွေး... ဒီမှာလက်မအားဘူးလေ”
လက်ကြားထဲက စီးကရက်ကိုထောင်ပြပြီး မင်းကိုယ့်ကို သက်သက်ရစ်မှန်းကိုယ်သိသည်...။ ကြွေဇွန်းလေးထဲ အသားလုံးရော ကြာဇံဖတ်ပါပါအောင်ခပ်ပြီး ကလေးတစ်ယောက်လို ပါးစပ်ကလေးဟပြီးစောင့်နေသည့်မင်းကိုမြင်တော့ ကိုယ်ရယ်ချင်မိသွားသည်....။
“ဟာ...ခွံတော့လေ ဘာရယ်နေတာလဲ ဒီမှာ ပါးစပ်ဟထားရတာ ညောင်းနေပြီ”
“အဲလို ပါးစပ်ကြီးဟပြီးစောင့်နေတာကို ရယ်ချင်သွားလို့..... ခုနက ဖြတ်သွားတဲ့ ကလေးမလေးနှစ်ယောက်ပြုံးစေ့စေ့လုပ်သွားတယ် မင်းကို ကြည့်ပြီး”
“ဟာဗျာ....ပြုံးစေ့စေ့ပဲလုပ်လုပ် ပြုံးဖြဲဖြဲပဲလုပ်လုပ် ဗိုက်ဆာနေတာ ဟန်ဆောင်မနေနိုင်ပါဘူး”
တွေ့လား စားခါးနီး စွာတေးလုပ်လိုက်သေးသည် မင်းက....
ကိုယ်အဆင်သင့်ထည့်ပေးထားသည့် ရေခွက်ကို တကျိုက်မော့သောက်ပြီး...
“ဒါနဲ့စကားမစပ်...... ခင်ဗျားရေးတဲ့ “အိန်ဂျယ်”ဇာတ်လမ်းက ဘယ်တော့အဆုံးသတ်မှာလဲ...စီးရီးရှည်ကြီးဖြစ်နေပြီနော်....ပြီးတော့ ဖတ်တဲ့သူတွေကလဲ ကော်မန့်တွေလိုက်ပေးနိုင်ပါ့ဗျာ...”
အဲသည်ထဲတွင် မင်းကော်မန့်တွေ လက်ချိုးရေ၍ရသည။် အိန်ဂျယ်ဆိုသည့် ဇာတ်ကောင်ကို ရုပ်လုံးမဖော်မီအစပိုင်း ရှေ့ပြေးအက်ဆေးလေး တစ်ပုဒ်စ နှစ်ပုဒ်စမှာပဲတွေ့လိုက်ရပြီး...နောက်ပိုင်း အိန်ဂျယ်ပီပီပြင်ပြင်ဖြစ်လာသည့်နောက် မင်းသည် တိတ်တဆိတ်စာဖတ်သူ တစ်ယောက်မျှသာဖြစ်လာခဲ့သည်...။
ထူးဆန်းသည်မှာ ကိုယ်တို့တွေ ညစဉ်တိုင်းလိုလို အွန်လိုင်းတွင် တွေ့ဆုံဖြစ်ပေမယ့် အိန်ဂျယ် ဟူသည့် ဇာတ်ကောင် အကြောင်းမင်းတစ်ခွန်းတစ်လေမျှ မစပ်စုခဲ့ခြင်းပင်.....။ သည်တစ်ခါတော့ မင်း ဘာစိတ်ကူးပေါက်သွားသည်မသိ အိန်ဂျယ့်အကြောင်းစကားထဲထည့်ပြောလာသည်...။
“ဟ ဟ..... အိန်ဂျယ် ကိုယ်နဲ့လိုက်ပါနေသရွေ့ပေါ့”
“ဒါပဲနော် ခင်ဗျားဘာသာ စိတ်ကူးတွေယဉ်ပြီး အွန်လိုင်းမှာ ကျွန်တော်နဲ့စကားလာပြောရင် ယောင်ပြီး အိန်ဂျယ် အိန်ဂျယ်လို့ ခန ခနလာမခေါ်နဲ့....” တဲ့.....။
ဘာကြောင့်မှန်းမသိ မင်းအဲလိုပြောတော့ ကိုယ့်ရင်ထဲ အမည်ဖော်မရသည့် ဝေဒနာတစ်ခုစူးခနဲ နင့်ခနဲခံစားလိုက်ရသည်...။
ကိုယ်ခေါင်းငုံ့ပြီးတော့ပဲ ကုန်လုနီးကြာဇံဖတ်တွေကို ဇွန်းနှင့်မွှေနှောက်ဆယ်ယူနေမိသည်.....။
ကိုယ့်မျက်နှာရိပ်ကို မင်း ချက်ချင်းဖမ်းမိသွားသည်ထင်ရဲ့.....ချက်ချင်းစကားလမ်းပြောင်းလိုက်သည်...။
“ခုမှသတိထားမိတယ် ခင်ဗျားဒီညတယ်လှနေပါလား”
မင်းပြောမှ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်မိသည်.....။ ကိုယ်ဘာများထူးပြီး ပြင်ဆင်မိလို့တုန်း....။ ပုံမှန်ခါးတိုင်းဝတ်နေကျလေးပါပဲ.......။ ချစ်စရာကောင်းသော ကောင်မလေးပုံကာတွန်းရုပ်ကလေးရင်ဘတ်မှာပါသည့် ပန်းနုရောင်ဖျော့ဖျော့တီရှပ်ကလေးနှင့် အနက်ခံ၌ ပန်းရောင်အပျောက်ကလေးတွေပါသည့် ချည်လုံချည်လေးနဲ့ပါပဲ......။ အော်...ပိုသွားသည်ဆိုလို့ တလောက ရှေ့ာပင်းမောအသစ်ဖွင့်တော့ ဖွင့်ပွဲသွားရင်း ကိုယ့်ကို သတိရလို့ မင်းဝယ်လာပေးခဲ့သည့် အနက်ရောက်ပုတီးလုံးသေးသေးလေးများသီထားသည့် ဖန်စီဆွဲကြိုးရှည်ကြီးပင်ဖြစ်သည်...။
“ကြိုက်လား”
မင်းက အဆက်စပ်မရှိမေးတော့ ကိုယ်ကြောင်နနဖြစ်သွားရသည်.....။
“ကျွန်တော်ပေးတဲ့ ဆွဲကြိုးလေးကို ကြိုက်လားလို့မေးတာ”
“ကြိုက်ပါတယ်....”
ထိုချိန် ဟင်းပွဲများလာချ၍ စကားစပြတ်သွားလေသည်.....။
မင်းအနားက တစ်ခုံကိုတိုးထိုင်ပြီး မင်းထမင်းပန်းကန်ထဲမှ ဝါးတံလေးနှင့်သီထားသည် ကြက်သား ငရုတ်သီးပွ ခရမ်းချဉ်သီးနှင့် မှိုတို့ကို ကိုယ်စိတ်ရှည်စွာ တစ်ခုချင်း ဆွဲထုတ်ပေးလိုက်သည်...။
“သိုင့်စ်....... မမက အဲလိုချစ်ဖို့ကောင်းတာ”
ကိုယ်အသဲယားလို့ မင်းဆံပင်ခပ်ထူထူကို လက်နဲ့ဖွလိုက်သည်...။
“ဟာဗျာ ခင်ဗျားကလဲ ဘယ်လောက်ပြောပြောမမှတ်ဘူး ကျွန်တော့်ခေါင်းကိုမကိုင်နဲ့ မကြိုက်ဘူး”
“အိုခေ အိုခေ ကိုယ်မေ့သွားလို့ ဘွာတေး ဘွာတေး.... ကဲ စားတော့ ရပြီ.....”
ကောင်းကင်ပြင်မှာ တိမ်မျှင်စတွေ ရှုပ်ထွေးပြေးလွှားနေကြသည်။ မြို့ပြ၏ လပြည့်လက တိမ်တွေဖုံးလွှမ်းလို့ ......လေပြေးသွေးကလေးကတော့ ခပ်သော့သော့မြူးနေတော့သည်.......။
++++++++++++++++++++++++++
ထိုနေ့လေးကို ကိုယ်အမြဲမှတ်မှတ်ရရရှိနေခြင်းမှာ.....အလုပ်မှာ ကိုယ့်စိတ်ညစ်နေချိန် ထွက်ပေါက်အဖြစ် မင်းကားလေးနှင့် မြို့ပြင်ဖက်သို့ ကားလျှောက်မောင်းကြသော..... နေ့ကလေးတစ်နေ့ဖြစ်သည်...။ ညနေ ငါးနာရီခွဲ နေဝင်ချိန်ကလေး....။ မင်းက လှော်ကားဖက် အဝေးပြေးလမ်းမကြီးဘေးတွင် ကားကိုထိုးရပ်လိုက်သည်..။ လမ်းသည် အမြင့်တွင်တည်ရှိပြီး အောက်ဖက်တွင် အပင်အုပ်အုပ်များဖြင့် လျှိုမြောင်ကလေးဖြစ်နေသည်.....။ လမ်းတဖက်မှာတော့ မြေကမ်းပါး မတ်မတ်တစ်ခု.....။ ညနေအရောင်က ကောင်းကင်တွင် လိမ္မော်ရောင်တောက်လျက်.....။
မင်းက ကိုယ်ဘေးမှာ ကားကိုမှီလျက် ဝင်လုလုနေလုံးကြီးကို မမှိတ်မသုန်ရပ်ကြည့်နေသည်....။
ခဏကလေး ကိုယ့်မျက်စေ့အောက်မှာပဲ နေလုံးကြီးကွယ်ပျောက်သွားတော့ မြန်ဆန်လွန်းသည့် အချိန်အကြောင်းတွေးမိသွားသည်.....။ အချိန်များသည်သာ ကုန်ဆုံးလွယ်သည်..ကိုယ့်ကိုယ်ကိုတော့ ထူးထူးခြားခြား ပြောင်းလဲမလာဟုဆင်ခြင်လိုက်မိသည်...။
“ညကမလှဘူးလားဟင်...မမ ”
လိမ္မော်ရောင်တွေ မှိန်ဖျော့လို့ ကောင်းကင်က အရောင်ပြောင်းနေချိန်.... တိမ်တွေကတော့ ဟိုတစ ဒီတစ ပြေးလွှားနေဆဲ.....။ မင်းက ကောင်းကင်ကို ငေးမောရင်း ကိုယ့်ဖက်ကို လှည့်မကြည့်ဘဲမေးသည်...။
“အင်း သိပ်လှတာပဲ....”
“ကျေးဇူး အိန်ဂျယ်”ဟု ကိုယ်...မင်းမကြားအောင် ခပ်တိုးတိုးရွတ်လိုက်မိသည်.....။
သည့်နောက် မင်းလက်ဖဝါးခပ်နွေးနွေးနဲ့ ကိုယ့်ဘယ်ဖက်လက်ကိုခပ်ဖွဖွလေး လာဆုပ်ကိုင်လိုက်သည်.....။
“နောက်ဆို စိတ်ညစ်စရာရှိရင် တစ်ယောက်တည်း ကျိတ်နေမနေနဲ့... ကျွန်တော့်ဆီဖုန်းဆက် ကြားလား”
ခွန်အားတစ်ခု မင်းလက်မှတဆင့် ကိုယ့်လက်ဆီ.... ကိုယ့်နှလုံးသားဆီသို့ တမဟုတ်ချင်း ပျံ့နှံ့သွားတော့သည်...။
ပီတိဖြစ်မှု မျက်ရည်ကြည်တို့က သူ့အလိုလို ပါးပြင်ပေါ်လိမ့်ဆင်းကျလာသည်....။ ခပ်ပေပေနဲ့မသုပ်ပစ်ဘဲ ညအလှကိုသာဆက်ကြည့်နေလိုက်သည်.....။
“ကဲ....ဗိုက်လဲဆာလာပြီ ကျွန်တော့်အိမ်မှာ ဒါမှမဟုတ် ခင်ဗျားအိမ်မှာ ညစာတစ်ခုခုလုပ်စားရအောင်ဗျာ” ဟုပြောရင်း ကိုယ့်ဖက်လှည့်လာတော့...။
“ဟောဗျာ...... ဒီမျက်ရည်တွေကလဲ ကျပြန်ပြီ... စိတ်မညစ်နဲ့တော့ ကလေးလေး....” ဟုပြောကာ ကိုယ့်ပါးပြင်နှစ်ဖက်ကို လက်ဝါးနဲ့အုပ်ပြီး လက်မနှစ်ဖက်နဲ့ အသာအယာသုတ်ပေးသည်....။
မင်းက စိတ်လိုလက်ရ တခါတလေ ကိုယ့်ကို အဲလို ကလေးလေးဟုလည်းခေါ်တတ်သေးသည်......။
အိပ်တန်းပြန်ငှက်အုပ်တချို့ ကောင်းကင်မှာဆူညံစွာဝဲပျံလျက်ရှိ၏။ နက်ပြာရောင်ဖက်သို့ ပြောင်းလဲလာသော ကောင်းကင်ကြီး၌ ငွေမှင်ရောင်တဖိတ်ဖိတ်လက်သည့် လခြမ်းကလေးချိပ်ဆွဲချိန်တွင် ကိုယ်တို့ ကားကလေးသည် အဝေးပြေးလမ်းမှ မြို့တွင်းသို့ မောင်းနှင်နေလေတော့သည်...။
+++++++++++++++++++++++++++
တခါတခါ ကိုယ်တွေးကြည့်ဖူးသည်...။ ကိုယ်နဲ့မင်းဟာ သူငယ်ချင်းလား ချစ်သူရည်းစားတွေလား ရင်ဖွင့်ဖော်တွေလား.....။ အများအမြင်မှာတော့ ကိုယ်တို့နှစ်ယောက်ကို သမီးရည်းစားဟုထင်မြင်ယူဆကြမှာ မလွဲပေမယ့်...ကိုယ်တို့အတွက်တော့ အဖြူရောင်ကြိုးမျှင်ကလေးတစ်စနဲ့သာ ချည်နှောင်ထားသည့် တစ်ဦးကို တစ်ဦးနားလည်ကြသည့် ရင်ဖွင့်အဖော် မိတ်ဆွေကောင်းများသာဖြစ်သည်ဟု ဖွင့်ဆိုချင်ပါသည်...။ အဲသည် ချည်နှောင်ထားသည့် ကြိုးမျှင်တစ်စဟာ တိမ်မျှင်စ တစ်စမျှလို လွတ်လပ်ပေါ့ပါးသည်... အချိန်မရွေးလဲ လွင့်ပြယ်ပျောက်ဆုံးသွားနိုင်ပါသည်....။ လောကမှာ မမြဲခြင်းသဘောတရားကို အဘယ်ကြာင့်ဇောတကတက်၍ ဖမ်းဆုတ်ကိုင်ထားမည်နည်း...။
မိုးငွေ့